Thursday, June 4, 2015

ဖေဖော်ဝါရီကောင်းကင်



            ဖေဖော်ဝါရီ (၁၂)


            ဖေဖော်ဝါရီ (၁၃)


            ဖေဖော်ဝါရီ (၁၄)


            ဖေဖော်ဝါရီ(၁၃)ညကတည်းက ကမ်းခြေမှာ ခရုလေးတွေ လှုပ်လှုပ်လေးသွားနေသလို ကောင်လေး၊ ကောင်မလေးတွေလည်း လှုပ်လှုပ်လေး။ မြင်နိုင်တဲ့ ကံကြမ္မာလား၊ မမြင်နိုင်တဲ့ ကံကြမ္မာတွေလား။ ဘယ်လိုပဲဖြစ်ဖြစ် ၂ဝ၁၃ ဖေဖော်ဝါရီလကတော့ ၂ဝ၁၂ ဖေဖော်ဝါရီနှင့်မတူ လုံးဝခြားနားမှာတော့ အမှန်ပင်။ ဖေဖော်ဝါရီတွေ လေထဲမှာ ကခုန်နေမှာကို ကြိုမြင်ယောင်ပါသေးတယ်။ အေးစိမ့်နေတဲ့ ဖေဖော်ဝါရီမှာ ကြည်ပြာရောင်နှင်းစက်ထဲက ချောကလက်ရနံ့တွေ သင်းနေမလား။


            ဒီလိုနေ့တွေမှာ နက်ရှိုင်းခိုင်ခန့်စွာ အုတ်မြစ်ချထားခဲ့တဲ့ ချစ်ခြင်းအကြောင်းတွေ ဇာချဲ့မပြောတော့ပါ။ ကမ္ဘာဦးကျမ်းရဲ့ အဓိကဇာတ်ဝင်ခန်းက ချစ်ခြင်းထက် မေတ္တာတရားတွေကို ဦးစားပေးတယ်လို့ ထင်မိတယ်။ သေဒဏ်ပေးခံရခြင်းရဲ့ နောက်ကွယ်မှာတောင် ချစ်ခြင်းမေတ္တာတရားတွေကို အသက်ဝင်စေခဲ့တဲ့၊ ချစ်မြတ်နိုးခဲ့သူဆီကို From your Valentine ဆိုတဲ့ လက်မှတ်နဲ့ စာတစ်စောင် ရေးသားပေးပို့ခဲ့တဲ့ Saint Valentine ကို စိန့်(သူတော်စင်)ဘွဲ့ကို ပေးအပ်ခြင်းခံရတယ်။


            သူဟာ ချစ်ခြင်းကို အထူးအခွင့်အရေး ပေးစေချင်သူလေ။ ချစ်ကြသူတွေအားလုံးက သူ့ကို အမှတ်ရကြမှာ မလွဲပါဘဲ။ ကိုယ်ကတော့ အမှတ်ရခြင်း၊ မရခြင်းထက် ခေါင်းထဲရှိနေတဲ့ နေ့လေးတစ်နေ့ပါပဲ။ သေဒဏ်ခံလိုက်ရတဲ့သူအတွက် ကမ္ဘာပေါ်မှာရှိတဲ့ စုံတွဲအားလုံးက သူ့အတွက် နောင်ဘဝပေါင်းများစွာမှာ ချစ်တဲ့သူနဲ့ ဆုံစည်းခွင့်ရနိုင်ပါစေလို့ ဆုတောင်းပေးကြရင် ကောင်းမှာပဲ။


            ကိုယ်ကတော့ ဒီဖေဖော်ဝါရီကို တစ်ယောက်သောသူဆီက နှုတ်ဆက်စကားသံ ကြားရလိမ့်မယ်လို့တော့ မျှော်လင့်မိတယ်။ ချောကလက်လည်း မလိုချင်ဘူး။ ပန်းတွေလည်း မလိုချင်မိပါဘူး။ ချစ်ခြင်းတရားတွေဟာ ဒီလို (၁၄) ရက်တွေကို အမြဲတမ်း အတူတကွ ဖြတ်သန်းသွားနိုင်ဖို့ပဲ မျှော်လင့်မိတယ်။


            ၂ဝ၁၂ Valentine Day မှာ ကိုယ်ရောက်နေတာက ကိုရီးယားနိုင်ငံမှာ၊ သူတို့ဆီမှာက ဖေဖော်ဝါရီတစ်လတည်း ဆင်နွှဲတာမဟုတ်ဘူး။ အခြားလတွေမှာလည်း ထူးခြားတဲ့ အထိမ်းအမှတ်တွေနဲ့ ကျင်းပကြတယ်။ ပျော်စရာလည်းကောင်းပါတယ်။ ထူးခြားတာတစ်ခုက မြန်မာနိုင်ငံမှာလို အပြန်အလှန် ပေးကြတာမျိုးမဟုတ်ဘူး။ အဲဒီနေ့ဟာ မိန်းကလေးတွေအတွက် အခွင့်အရေးတစ်ရပ်နေ့လေ။ ကိုရီးယားမှာ မိန်းကလေးတွေက ယောက်ျားလေးကိုပေးပြီး ယောက်ျားလေးက ပြန်မပေးရဘူး။ ဖေဖော်ဝါရီ(၁၄)ရက် မနက်ကတည်းက မိန်းကလေးတွေက သူတို့ရဲ့ချစ်သူ ချစ်နေတဲ့ယောက်ျားလေးကို ချောကလက်တွေဘူးလိုက်၊ အထုပ်လိုက်တွေကို အဲဒီယောက်ျားလေးရဲ့ အိတ်ထဲ၊ စားပွဲခုံထဲထည့်ပြီး မသိအောင် ပေးလေ့ရှိတယ်။ အဲဒီလို မိန်းကလေးက ကိုယ်စိတ်ဝင်စားတဲ့ ယောက်ျားလေးကို ခိုးကြောင်ခိုးဝှက်ပေးရတယ်။ ဒါဟာ မိန်းကလေးတစ်ယောက်ရဲ့ အချစ်ကို အဲဒီ (၁၄) ရက်နေ့မှာ ထုတ်ဖော်ပြသခွင့်ရတယ်ပေါ့။


            ကိုယ်ကတော့ အဲဒီနိုင်ငံမှာ ဘယ်သူမှ မပေးခဲ့ပါဘူး။ ကိုယ့်ကိုလည်း ဘယ်သူမှ မပေးကြပါဘူး။ အဲဒီတုန်းက ကိုယ့်ရဲ့ချစ်သူက ဘယ်နားမှာ ရောက်နေမှန်းတောင် မသိဘူးနော်။ ရည်းစားမရှိတော့ နည်းနည်းတော့ မျက်နှာငယ်မိတာပေါ့။ ကိုယ့်မိတ်ဆွေတွေက စကြတာပေါ့။ ဘယ်ရမလဲ… မြန်မာနိုင်ငံမှာရှိတယ်လို့ ခပ်တည်တည်ကြွားလိုက်တယ်။ အဲဒီတုန်းက ချစ်သူရှိနေလို့ကတော့ ဓာတ်ပုံပို့ခိုင်းပြီးတော့ကို ကြွားလိုက်တယ်… သိလား။


            ဖေဖော်ဝါရီ(၁၄)ပြီးတော့ မတ်လ(၁၄)ရက်နေ့ ရောက်ရင် White Day ဆိုပြီး ယောက်ျားလေးတွေနေ့ဆိုပြီး ကျင်းပတယ်။ အဲဒီနေ့မှာ ယောက်ျားလေးတွေက သူတို့ချစ်သူ မိန်းကလေးတွေဆီကို လက်ဆောင်အဖြစ် ချိုချဉ်တွေပေးကြတယ်။ မိန်းကလေးတွေက ဘာမှပြန်မပေးကြဘူး။ ယောက်ျားလေးတွေရဲ့ ချစ်ရေးဆိုမှုကို ငြင်းပယ်ထားတဲ့ မိန်းကလေးကို White Day နေ့မှာ လက်ဆောင်ပေးပြီး သူ့ကိုချစ်နေဆဲပါဆိုပြီး သက်သေပြကြတယ်။ မိန်းကလေးက အဲဒီလက်ဆောင်ကို ငြင်းခွင့်မရှိဘူး။ မိန်းကလေး တော်တော်များများ ချိုချဉ်တွေ လက်ဆောင်ရကြတယ်။


            ကိုယ်တစ်ခု စဉ်းစားမိတယ်၊ မိန်းကလေးတွေဘက်ကကျ တန်ဖိုးကြီးမားတဲ့ ချောကလက်တွေပေးရပြီး သူတို့ဘက်ကကျတော့ ချိုချဉ်တဲ့။ ကိုယ့်လို ချိုချဉ်မကြိုက်သူဆို ဘယ့်နှယ်လုပ်မလဲ။ ကိုယ်တို့မိန်းကလေးဘက်က နစ်နာတယ်လို့ ထင်မိတယ်။ ကိုယ်ကသာ အဲဒီလိုတွေးတာပါ။ ဒီက ကိုရီးယားကောင်မလေးတွေက ချိုချဉ်တွေ တစုပ်စုပ် တကိုင်ကိုင်နဲ့ အမြင်တောင်ကပ်တယ်။ ချစ်သူကို ကြိုပြောထားမယ် ကိုယ်ကတော့ ချိုချဉ်ဆို လုံးဝနိုးနော်။


            ရယ်စရာကောင်းတာတစ်ခု ပြောပြဦးမယ်။ အမှန်တကယ် ကိုယ့်မှာ ချစ်သူမရှိဘူးဆိုတာ အဲဒီက ကိုယ့်မိတ်ဆွေ သူငယ်ချင်းတွေ သိသွားတယ်။ ကိုယ်ကလည်း လိမ်မှမလိမ်တတ်တာ။ White Day ပြီးလို့ ဧပြီ(၁၄)ဆိုရင် Black Day ဆိုပြီး လုပ်ကြတယ်။ ကိုယ်တို့ဆီမှာ ဧပြီဆိုရင် ပျော်မှပျော်ပဲ။ သင်္ကြန်သီချင်းသံတွေနဲ့ မြူးထူးလို့။ သူတို့ဆီမှာတော့ Black Day နေ့ဟာ အမှောင်တွေ ဖုံးလွှမ်းပြီး ပူဆွေးဝမ်းနည်းစရာတွေနဲ့ ပြည့်နှက်နေတဲ့နေ့တဲ့။


            ဝမ်းနည်းတဲ့သူတွေလည်း ရှိကြတယ်။ အဲဒီလူတွေအတွက် အထိမ်းအမှတ်ဆိုတော့ ကိုယ့်မှာ ဝမ်းနည်းပြီး စိတ်ထိခိုက်ခံစားနေရတာမှ မရှိဘဲ။ ဘာဝမ်းနည်းစရာမှ မရှိတာလို့ပြောတော့ ရှိတယ်တဲ့။


            ဒီဧပြီ(၁၄)ဟာ Valentine Day မှာ ချောကလက်မရကြတဲ့ ယောက်ျားလေးတွေ White Day တုန်းက ချိုချဉ်မရကြတဲ့ မိန်းကလေးတွေက ခံစားကြရပြီး အဲဒီဝမ်းနည်းခံစားမှုတွေကို ဖြေဖျောက်ဖို့ စားသောက်ဆိုင်တစ်ဆိုင်မှာ ဝမ်းနည်းခြင်းအထိမ်းအမှတ်ပွဲ လုပ်ကြတယ်။ သူတို့သွားစားရင် တစ်မျိုးပဲ စားရတယ်။ အဲဒါကတော့ ချစ်သူလည်း သိမှာပါ။ အမည်းရောင် ပဲခေါက်ဆွဲပေါ့။ ဝမ်းနည်းရင်၊ အသည်းကွဲရင် ပဲခေါက်ဆွဲကို အထိမ်းအမှတ်အနေနဲ့ စားကြတယ်။ အဲဒီနေ့အတွက် ဆိုင်တွေကလည်း သီးသန့်ပဲခေါက်ဆွဲကို အထိမ်းအမှတ်အနေနဲ့ စားကြတယ်။ တချို့ကလည်း ချောကလက်တွေ၊ ချိုချဉ်တွေ ရရဲ့သားနဲ့ စားချင်လို့ကို စားတာလည်း ရှိတယ်။ တချို့ကိုရီးယားမတွေဆို ပါးစပ်ကပြော မျက်ရည်လေး စမ်းစမ်းနဲ့စားပြီး အသည်းကွဲနေတာလည်း ရှိတယ်။


            ကိုယ်ကတော့ ချိုချဥမရတာနဲ့ဘဲ ဝမ်းလည်းမနည်းဘဲ အသည်းကွဲသူများစုစည်းရာ ပဲခေါက်ဆွဲဆိုင်ကို ကြွမြန်းရတယ်။ ခေါက်ဆွဲမည်းမည်းချိုချိုကြီးကို အရင်ကတည်းက မကြိုက်လို့ မစားတာကို အဲဒီနေ့မှာ နှစ်ပွဲကုန်အောင် စားရတယ်။ ဝမ်းနည်းလို့မဟုတ်ဘူး။ နောက်ထပ် ပဲခေါက်ဆွဲကလွဲရင် ဘာမှထပ်စားခွင့်မရှိလို့။ အဲဒီအတွက် ဝမ်းနည်းရတာ။ ချစ်သူကတော့ တစ်မျိုးကြီးပဲလို့ ထင်မှာပဲ။ နောက်ထပ် ရှိသေးတယ်။


            ကိုယ်နှစ်သက်တဲ့ နေ့လေ့တစ်နေ့ကတော့ မေ(၁၄) Rose Day ပေါ့။ ကိုယ်တို့ဆီမှာ မေဆိုရင် စပူလာပြီနော်။ ဒီမှာတော့ ခပ်အေးအေးနဲ့ အရမ်းနေလို့ကောင်းတယ်။ Rose Day က တော့ ရိုးရှင်းပါတယ်။ အဲဒီနေ့ရောက်ရင် နှင်းဆီတွေ အခင်းလိုက် ပြုတ်ပြီမှတ်။ ယောက်ျားလေး မိန်းကလေးတွေ နှင်းဆီပန်းတွေကို အပြန်အလှန်ပေးရသလို အရေအတွက်အလိုက် အချစ်သင်္ကေတ ဖော်ဆောင်ကြတယ်။ မြန်မာနိုင်ငံမှာက ဖေဖော်ဝါရီ(၁၄)မှာ ချောကလက်နဲ့တွဲပြီး နှင်းဆီပန်းပေးတယ်။ ဒီမှာတော့ Rose Day ကျမှ ပေးကြတယ်။ ပန်းဆိုတော့ မိန်းကလေးတွေ ပေးတာများတာပေါ့။


            ကိုယ့်ရဲ့အခန်းဖော်က Rose Day မှာ အသည်းပုံနှင်းဆီပန်းရတယ်။ နီရဲပြီး အတော်လှတယ်။ သူက ကိုယ့်ကို အားနာပုံရတယ်။ သူကအပြန် ကိုယ့်အတွက်ဆိုပြီး နှင်းဆီဖြူဖြူတွေ ဝယ်လာပေးတယ်။ အဲဒီကိုရီးယားမလေးက ကိုယ့်ဆို အတော်ချစ်ရှာပါတယ်။ သူ့ချစ်သူကလည်း ကိုရီးယားလူမျိုးပဲ။ သူကတော့ လတိုင်း လက်ဆောင်ရနေတော့ ကိုယ့်ကိုလည်း ရစေချင်လို့နေမှာပေါ့။ ကိုယ့်စားပွဲမှာ စာရေးနေချိန်မှာ သူက အဲဒီလက်ဆောင်တွေနဲ့ ကြည်နူးနေတတ်တယ်။


            Rose Day ပြီးလို့ ဇွန်(၁၄)ဆိုရင် Yellow Day ဆိုပြီး ရှိသေးတယ် ချစ်သူရဲ့။ သူတို့ဆီမှာ အတော်ကို Day တွေ များတာပဲနော်။ အဲဒီနေ့ကတော့ မထင်မရှားလေးပါ။ ချစ်သူ၊ သူငယ်ချင်းတွေ Teddy Bears (ဝက်ဝံ)ရုပ်လေးတွေကို လက်ဆောင်ပေးကြတယ်။ ကိုယ်ကတော့ အရုပ်စိတ်မဝင်စားတော့ သိပ်အာရုံမရဘူး။ ဒါပေမဲ့ အဲဒီအရုပ်လေးတွေ ဆိုင်တွေမှာ အရမ်းရောင်းရသလို ကောင်မလေးတွေရဲ့ လက်ထဲမှာလည်း ပွေ့ပိုက်ပြီးမြင်ရတယ်။ ကိုယ့်အခန်းဖော်ကတော့ အဲဒီဝက်ဝံရုပ်က ကြီးလွန်းလို့ ထားစရာနေရာတောင် မရှိဘူး။ လစဉ် အမှတ်တရတွေ ပေးနိုင်အောင် ကိုရီးယားလူမျိုးတွေ ဖန်တီးပေးထားတာနေမှာပေါ့ ချစ်သူ။


            ကိုယ့်ကိုတော့ ဝက်ဝံရုပ်ပေးမယ့်အတူတူ အသက်ရှိတဲ့ ခွေးလှလှလေးတစ်ကောင်ဆို တော်သေးနော်လို့ တွေးမိတယ်။ သြော်… ချစ်သူကိုပြောဖို့ တစ်ခုကျန်ခဲ့တယ်။ ကိုယ်ပြောရင် စိတ်တော့မဆိုးနဲ့ဦး။ ချစ်သူက စိတ်တော့မဆိုးတတ်ပါဘူး၊ သဝန်နည်းနည်းတိုတတ်လို့။ ဖေဖော်ဝါရီ(၁၄)မတိုင်ခင် ဇန်နဝါရီ(၁၄)မှာ Diary Day ကို အပြန်အလှန်ပေးကြတယ်။ ဒိုင်ယာရီစာအုပ်လေးကို ကိုယ်ရေးချင်တာရေး၊ ဆုတောင်းစာ၊ ရင်ဖွင့်စာ အားလုံး ဘာရေးရေးပေါ့။ လက်ဆောင်အဖြစ် ကိုယ်စိတ်ဝင်စားသူ ခင်မင်သူ အချင်းချင်း ပေးကြတယ်။


            ကိုယ်က စာရေးတာ ဝါသနာပါတော့ ဒိုင်ယာရီစာအုပ်လှလှလေးတွေ အများကြီးရှိတယ်။ အဲဒီနေ့မှာတော့ ထူးထူးခြားခြား ဒိုင်ယာရီစာအုပ်လေးတစ်အုပ် လက်ဆောင်ရတယ်။ စာအုပ်လေးပေါ်မှာ ချစ်စရာကောင်းတဲ့ ဘိုမရုပ်လေးနဲ့ ခွေးလေး၊ ရှဉ့်လေးပုံပါတယ်။ My Secret Diary Berry loveable လို့ စာအုပ်ပေါ်မှာပါတယ်။ စာအုပ်လေးက ပန်းရောင်လေးပေါ့။


            ပေးတဲ့သူက ကိုယ်တို့ရဲ့ မျက်စောင်းထိုးတိုက်က။ အဖေက မြန်မာ၊ အမေက ကိုရီးယား။ သူတို့ရဲ့သား အွန်ဂူဆိုတဲ့ ခင်မင်စရာကောင်းတဲ့ ယောက်ျားလေးဆီကပေါ့။ ပထမဦးဆုံးရတဲ့ ဒိုင်ယာရီစာအုပ် လက်ဆောင်ပေးသူပေါ့။ သူက မြန်မာစကားတော့ နည်းနည်းတတ်တယ်။ သင်လည်းသင်နေတယ်။ ကိုယ်တို့နဲ့က မျက်မှန်းတန်းမိရုံပါ။ အဲဒီလက်ဆောင် ကိုယ့်အတွက် ပေးထားခဲ့ပြီး အမေရိကန်ကို ကျောင်းသွားတက်တယ်။ အဲဒီနောက်ပိုင်း လုံးဝမတွေ့ပါဘူး။ ကိုယ့်အခန်းဖော်က ဒီကောင်လေး You ကို စိတ်ဝင်စားနေပြီထင်တယ်လို့ စတယ်။ ကိုယ် အံ့သြတာကလွဲပြီး ဘာခံစားမှုမှ မရှိပါဘူး။


            ဒီလိုနဲ့ ကိုယ်ရှေ့ကပြောခဲ့သလို ကိုရီးယားရဲ့ အမှတ်တရနေ့တွေကို ဖြတ်သန်းခဲ့ရတယ်။ အထီးကျန်သလို ခံစားရတဲ့နေ့တွေရှိသလို ပျော်စရာကောင်းတဲ့ နေ့ရက်တွေကိုလည်း ဖြတ်သန်းခွင့်ရခဲ့ပါတယ်။ ဒီလိုနဲ့ ၂ဝ၁၂ သြဂုတ်လမှာ ကိုယ်ပြန်ရတော့မယ်။ ကိုယ်ပျော်တာပေါ့နော်။ မိသားစုနဲ့ မြန်မာနိုင်ငံကိုလည်း လွမ်းပြီလေ။ ဇူလိုင်ရဲ့ နောက်ဆုံးအပတ်မှာ ကိုယ် Market က ပြန်လာတော့ သူ့အိမ်ရှေ့ကအဖြတ် သူနဲ့ ဆိုက်ဆိုက်မြိုက်မြိုက် တွေ့တယ်။


            သူက နှုတ်ဆက်ရင်း ပေးခဲ့တဲ့ ဒိုင်ယာရီလေး ရလား မေးတယ်။ ကိုယ်လည်း ရပါတယ်၊ ကျေးဇူးတင်ကြောင်း ပြောဖြစ်တယ်။ သူက ကိုယ့်ကို အိမ်ထဲလိုက်ခဲ့ဖို့ အတင်းခေါ်တယ်။ သူ့အဖေ၊အမေနဲ့လည်း မိတ်ဆက်ပေးတယ်။ အဖေက မြန်မာဆိုတော့ စကားပြောရတာ အရသာတွေ့တယ်။ ကိုယ့်ကို ထမင်းလာစားဖို့ ဖိတ်တယ်။ ကိုယ် မြန်မာနိုင်ငံ ပြန်မယ့်အကြောင်းတော့ မပြောဖြစ်ခဲ့ဘူး။ အွန်ဂူက ကိုယ့်ကိုကြည့်ရင်း ပျော်နေသလို ကိုယ့်ကိုလည်း သူဘာတွေ လုပ်ချင်ကြောင်း အနာဂတ် Plan တွေကို ပြောနေပြီလေ။ ကိုယ့်ကို ဒီမှာအမြဲနေမှာလို့ သူ ထင်နေပုံ့ရတယ်။ ကိုယ့်ကိုလည်း လိုက်ပို့ရင်း ရည်းစားရှိလားလို့ မေးတယ်။ မရှိပါဘူးလို့ ဖြေလိုက်တော့ သူ့မျက်ဝန်းလေးတွေ လင်းလက်သွားတာ တွေ့လိုက်တယ်။


            နောက်တစ်နေ့မှာ ကိုယ့်ဖို့လက်ဆောင်ဆိုပြီး ပါကင်ထုပ်ကြီးကို ဖွင့်ကြည့်လိုက်တော့ ကိုယ်ရော၊ အခန်းဖော်ရော တော်တော်အံ့သြသွားခဲ့ရပါတယ်။


            2012 Valentine Day အတွက်က ချောကလက်အကောင်းစား အထုပ်လေးတွေ


            2012 March 14 White Day ချိုချဉ်အထုပ်ဘူးတွေ


            2012 May 14 Rose Day အတွက် လှပတဲ့ နှင်းဆီနီကိုးပွင့်၊ နှင်းဆီတွေက အခြောက်လေးတွေ


            2012 June 14 Yellow Day အတွက် Teddy Bears ဝက်ဝံရုပ်


            သူပေးချင်ခဲ့ပေမယ့် ၂ဝ၁၂ ဇန်နဝါရီအတွက် ဒိုင်ယာရီစာအုပ်လေးပဲ ပေးခဲ့ရကြောင်း၊ ဒီနေ့တွေအတွက် ရည်ရွယ်ပြီး အမေရိကားမှာ ထုပ်ပိုးသိမ်းဆည်းထားကြောင်း၊ အခုပြန်ရောက်မှ ပိုပြီးပျော်ချင်လို့ ပေးတာဖြစ်ကြောင်း စာလေးတစ်စောင်နဲ့အတူ။


            ကိုယ် အွန်ဂူအတွက် စိတ်မကောင်း၊ ကိုယ်က နောက်နှစ်ရက်ဆို မြန်မာနိုင်ငံကို အပြီးပြန်ရတော့မှာလေ။ ဒါကြောင့် ဒီကြားထဲမှာ သူ့ကိုမတွေ့တော့ပါဘူး။ စိတ်မကောင်းဖြစ်သွားမှာစိုးလို့ပါ။ ကိုယ့်ရဲ့ ဒိုင်ယာရီစာအုပ်ထဲက တစ်အုပ်ကိုတော့ ခင်မင်မှုအမှတ်တရ အထိမ်းအမှတ်စာလေးရေး အခန်းဖော်ကိုပဲ ပေးခိုင်းခဲ့လိုက်တယ်။ သူ့လက်ဆောင်ပစ္စည်းတွေကို ကိုယ်ယူခဲ့ပါတယ်။ နှုတ်ဆက်မသွားတာကိုတော့ အွန်ဂူ ခံစားရလိမ့်မယ်ဆိုတာ သိပါတယ်။ လက်ဆောင်မရခဲ့လို့ဆိုပြီး ပဲခေါက်ဆွဲစားခဲ့ရတာကတော့ ကိုရီးယားရဲ့ တကယ့်အမှတ်တရပါပဲ။ အခန်းဖော်က အွန်ဂူကို သဘောကျတယ်။ စောစောသာ လက်ဆောင်တွေရရင် ကိုယ်မကြိုက်တဲ့ ပဲခေါက်ဆွဲတွေ အောင့်အည်းစားရမှာ မဟုတ်ဘူးလို့ စတယ်။ ချစ်သူရေ မျက်နှာပျက်မသွားနဲ့ဦး။ ကိုယ်က အွန်ဂူလို ဖြူဖြူနွဲ့နွဲ့ မိန်းမချောချောတာကို ရင်မခုန်ပါဘူး။ ယောက်ျားတစ်ယောက်ဆိုတာ ယောက်ျားပီသတဲ့ ဆွဲဆောင်မှုရှိမှလေ။ ဥပမာ - ချစ်သူလိုမျိုးပေါ့။ ကိုယ်က အခု လိပ်မျို၊ ပေါက်ပြားမျိုးဖြစ်နေပါပြီ။


            ၂ဝ၁၂ သြဂုတ်မှာ မြန်မာနိုင်ငံရောက်ခဲ့တယ်။ ၂ဝ၁၂ စက်တင်ဘာမှာ ချစ်သူနဲ့ ဆုံစည်းခွင့်ရခဲ့ပြီး အောက်တိုဘာမှာတော့ ကိုယ်တို့ နှစ်ဦးသဘောတူ ချစ်သူတွေဖြစ်ခဲ့ကြပြီ။ ၂ဝ၁၂ ဖေဖော်ဝါရီ(၁၄)မှာတော့ ကိုယ်ဟာ ပဲခေါက်ဆွဲကို စားစရာမလိုတော့ပါဘူး။


            ချစ်သူနဲ့အတူဆိုရင် အထိမ်းအမှတ်နေ့တွေ သီးသန့်ရှိစရာ မလိုပါဘူး။ နေ့တိုင်းမျာ သူ့အထိမ်းအမှတ်နဲ့သူ ချစ်သူနှစ်ဦးကြား အမုန်းတရားတွေမရှိဘဲ ပျော်စရာနီတိနဲ့ ဖြတ်သန်းနေဖို့ပဲ လိုအပ်ပါတယ်နော် ချစ်သူ။


            ချစ်သူနဲ့ကိုယ်နဲ့ကြား ဒီကနေ့ထက် မနက်ဖြန်နေ့တွေမျာ ပိုတိုးပြီးချစ်ဖို့ပဲ လိုပါတယ်။ ဒါကို ချစ်သူလည်း မကြာခဏပြောလေ့ရှိတယ်။ ချစ်သူနဲ့ လိုက်ဖက်တဲ့ဘဝမှာ အတူလျှောက်လှမ်းရင်း ဖေဖော်ဝါရီကောင်းကင်ကို ကြိုဆိုမိတယ်။ အမိုးပေါ်မှာ တိမ်ပြာပြာတွေနဲ့ ခြုံလွှမ်းထားတဲ့ ကောင်းကင်ဟာ ချစ်သူရဲ့ဆံစနဲ့ ပခုံးပေါ်ကနေ ရွေ့လျားနေတယ်။ ချစ်သူအပြုံးက ကိုယ့်ရင်ကို အေးမြစေတယ်။ ချစ်သူရဲ့လက်က ကိုယ့်ကို ခိုင်ခန့်ရဲရင့်စေတယ်။ ၂ဝ၁၃ ဖေဖော်ဝါရီဟာ ကိုယ်တို့နှစ်ယောက်ကို လှပစွာ ကြိုဆိုနေမှာတော့ သေချာပါတယ်။ ချစ်သူက လာမယ့် ဖေဖော်ဝါရီမှာ ဘယ်လိုကောက်ကြောင်းတွေနဲ့ ရေးဆွဲမလဲဆိုတာကို ကိုယ် ကြိုတင်ရင်ခုန်နေမိတယ်ဆိုတာကို မညာချင်ပါဘူး။


ချောအိမာန် (မန္တလေး)
Fashion Image (Feb, 2013)



6 comments:

myotthakoyin said...

Elated (at the prospect of reading long awaited your first article of 2013 on your blog) and eagerly read the title: February Sky - February 12, February 13, etc..., I thought you were going to write about the forthcoming Union Day and Bogyoke (General) Aung San's birth day. You obviously have an expert-knowledge of Korean pop-culture!

But in my positive view I can't help but admire an outstanding versatility of your writing skill (meaning you have more than one particular interest/subject matter or writing technique) and that indeed is a rare gift of a writer.

Anyway, Happy New Year! No , not tomorrow. I am saying this for year 1375 well before it actually comes, just in case you disappear again from your blog.

သဒ္ဓါလှိုင်း said...

ဖတ်ရင်း ရင်ခုန်ကြည်နူးလိုက်တာ...
နူးနူးညံ့ညံ့ ခံစားရတယ်.......
ခင်မင်လေးစားလျက်
သဒ္ဓါ

မြသွေးနီ said...

ချစ်သူနဲ့အတူဆိုရင် အထိမ်းအမှတ်နေ့တွေ သီးသန့်ရှိစရာ မလိုပါဘူး။ နေ့တိုင်းမျာ သူ့အထိမ်းအမှတ်နဲ့သူ ချစ်သူနှစ်ဦးကြား အမုန်းတရားတွေမရှိဘဲ ပျော်စရာနီတိနဲ့ ဖြတ်သန်းနေဖို့ပဲလိုအပ်ပါတယ်...

(မှန်ပါ့ရှင်)

ငြိမ်းစိုးဦး said...

ခေါက်ဆွဲစားပြီးတော့ အသည်းကွဲလွမ်းရတာ တကယ်မဟန်ပါ ...
ွဲ

Soe Winnaing said...

လာရောက်ဖတ်ရှုသွားပါတယ် ( ရည်းစားမရှိတော့ နည်းနည်းတော့ မျက်နှာငယ်မိတာပေါ့)အဲလိုစာလေးတွေလဲရှိနေသေးတာတွေ့တော့ တစ်မျိုးအားရှိသေးတယ် အဖော်ရှိသေးတယ်ဆိုပြီးပေါ့...

Soe Winnaing said...

လာရောက်ခံစားသွားခဲ့ပါတယ်...