Wednesday, December 12, 2012

ပစ္စုပ္ပန် နေရာ



ငါ ဒီအလုပ်ကို နားလိုက်တော့မယ် ဆိုတော့ သူငယ်ချင်းက ကျွန်တော့်ကို ဘာမေးခွန်းမှ မမေးတော့ဘဲ ကျွန်တော့် ခန္ဓာကိုယ် တစ်ခုလုံး ကျုံ့ဝင် သွားအောင် စူးရဲတဲ့ အကြည့်နဲ့ ကြည့်တယ်။ သူငယ်ချင်းရဲ့ အကြည့်ထဲမှာ ဒေါသတွေ ခံပြင်း တာတွေ ကရုဏာတွေ အကုန် ရောယှက် နေတယ်လို့ ကျွန်တော်ထင်မိတယ်။ သူက ကျွန်တော်ကို ကြည့်တဲ့ မျက်လုံးအစုံကို ဆတ်ခနဲ့ လွှဲပြီး သူ့ရဲ့ ညာဘက်လက်က ကျွန်တော့် ပုခုံးဆီကို မပြင်းတပြင်း ကျရောက်စေခဲ့တယ်။ တစ်ဆက်တည်းမှာပဲ နှုတ်ခမ်းကို ကိုက်လိုက်ပြီး တောက်တစ်ချက် ခေါက်လိုက်တယ်။ “မင်းတော်တော် အသုံးမကျတဲ့ကောင်” သူငယ်ချင်းထဲက ထွက်လာတဲ့ စကားလုံးက ကျွန်တော့်ရင်ကို ပိတ်မှန်လာတယ်။ နာပြီးသား ရင်ခွင် တစ်ခုဟာ ဒီထက်နာစရာ မရှိတော့ပေ မယ့် ပစ်ပေါက်ခံရသူတိုင်း စူးခနဲတော့ အောင့်စမြဲပဲ။

“မင်း အကြောင်းအရင်းက ထုံးစံ အတိုင်းပဲလား”

သူငယ်ချင်းက ကျွန်တော် အလုပ်နားချင်တဲ့ ကိစ္စကို ဘာကြောင့်လဲဆိုတာ အရင်ကတည်းကသိခဲ့တယ်။ ခုလည်း အဲဒီလို အကြောင်းကြောင့်ပဲလို့ သူထင်တယ်။ ဒီတစ်ခါတော့ ကိုယ့်ခံစား ချက်တင်မကပါဘူး။
“နေပါဦး။ ဒီအလုပ် နားပြီး မင်းဘာလုပ်မှာလဲ။ မင်းမှာ စုမိဆောင်းမိတော့ ရှိမှာပဲ။ ငါသိတယ်။ ဒါပေမယ့် ဒီအလုပ်ဟာ မင်း အတွက် ဂုဏ်ငယ်တယ်ဆိုတဲ့ အတွေးကို ဖျောက်လိုက်ပါ”

“မဟုတ်ဘူး သူငယ်ချင်း။ ဂုဏ်ငယ်တယ်လို့ ထင်ရင် အစကတည်းက ရွေးခဲ့မှာတောင် မဟုတ်ဘူး။ အခု ဘာကြောင့်လဲဆိုရင် ငါ့သားလေးကြောင့်။ ငါ့အတွက် ဂုဏ်မရှိတာ ဘာမှ မဖြစ်ပေမယ့် ငါ့သားလေး အတွက်တော့ ဂုဏ်ရှိချင်တယ်။ သူ အရွယ်လေး ရောက်လာပြီ။ ရှက်တတ်လာပြီ”

“မင်း ဘာတွေ တွေးနေတာလဲ။ လောကမှာ အလုပ် မလုပ်ဘဲ အလကား နေတဲ့သူသာ ရှက်စရာ ကောင်းတာ။ အလုပ် ဟူသမျှ ဂုဏ်ရှိစွပါကွာ”

“ဒါတော့ ဒါပေါ့။ ဒါ ပေမယ့် ငါ့သားမျက်နှာကို ကြည့်ရတော့မယ်။ အခု အချိန်မှာ ငါ့သားအတွက် လိုတဲ့ ပိုက်ဆံကို ရှာပေးနိုင်ပေမယ့် ငါ့သားလေး စိတ်ဆင်းရဲနေ မှာကိုတော့ မလိုလားဘူးကွာ”

“ဒီအလုပ်နဲ့ ထမင်းစား၊ ဒီအလုပ်နဲ့ ကျောင်းထားလာတာ၊ မင်းသား အတွက်ကြောင့် ဆိုရင် ငါ ဒီကောင်ကို ဆုံးမမယ်”

သူငယ်ချင်းက ကျွန်တော့်သားကို သူ့လက် ပေါ်ကြီးပြင်းလာတာမို့ အမြဲ ဆုံးမခဲ့ဖူးတယ်။ အရင်တုန်း က ကလေးဘ၀နဲ့ မတူဘူး လေ။ အဲဒီတုန်းကတော့ သား ဟာ မင်းပြောသမျှခေါင်းညိတ် ခဲ့တယ်။ အခု သူ့အသက် ဆယ့်ရှစ်နှစ်ရှိပြီ။ အတောင် ပံတွေပေါက်ပြီ။ ကောင်း ကောင်း ပျံတတ်နေပြီ။ ပြီး တော့ သားမှာ ချစ်တတ်တဲ့ အသည်းနှလုံးလည်း ရှိနေပြီ။ ငယ်တုန်းက ငါ့သားကို ဒီလို အရွယ်လေး ရောက်လာဖို့ မျှော် လင့်လိုက်ရတာ။ အခုတော့ လည်းမျက်စိရှေ့တင် နေ့ချင်း ညချင်း ကြီးထွားပြီး အံ့သြစရာ အတောင်ပံတွေနဲ့ လေဟာနယ်မှာ ပျံသန်းဖို့ အတောင်ပံတွေ ရိုက်ခတ်သံ ကြားနေရသလိုပဲ။

ဒီအချိန်မှာ ငါ့အလုပ် အပေါ် ဘယ်တုန်းကမှ မတွေးဖူးတဲ့ငါ ခုတွေးခဲ့ရပြီ။ ဒီအလုပ်ဟာ ငါ့ရဲ့ဝမ်းရေးကို ချောင်လည်စေခဲ့တာ မှန်ပေ မယ့် လူတွေရဲ့ ဥပေက္ခာ တရားကိုလည်း သိသိသာသာ ရလိုက်တယ်။ မျက်နှာချင်းဆိုင် တွေ့တာတောင် မျက်နှာ လှည့်သွားတဲ့ သူတွေ ရှိသလို စားပွဲတစ်ဝိုင်းတည်း မထိုင်ဝံ့သူတွေလည်း ရှိခဲ့တယ်။ ငါ့မှာ အကောင်းစား ရှူးဖိနပ် မရှိဘူး။ အင်္ကျီ၊ ဘောင်းဘီ ကောင်းကောင်း မရှိဘူး။ လိုမှ မလိုအပ်ဘဲ။ ငါ့လက်တွေကလည်း ညစ် ပတ်ကြမ်းတမ်းနေတယ်။ ဘ၀မှာ ငါ့ထက် ကံနိမ့်ပြီး ဆိုးနေတဲ့ သူတွေ အများကြီးပါ။ သူများတွေကို ကိုယ်ချင်း စာမိပေမယ့် ငါ့ဘ၀ကို ကိုယ်ချင်းစာဖို့ သူတို့ နားမလည်ပါ ဘူး။ တစ်ချိန်က ငါ့ရဲ့ကိုယ်ပိုင် တက္ကစီကားပေါ် လိုက်စီးပြီး ပိုက်ဆံ မယူခဲ့ဘဲ လိုက်ပို့ ခဲ့တဲ့ ငါ့မျက်နှာကို မမေ့ လောက်ဘူးလို့တော့ ထင်ပါ တယ်။ ခုတော့ နှုတ်ဆက်ရမှာ ငါက မရှက်ပါဘူး။ သူတို့က ရှက်လို့ ထင်ပါရဲ့ကွာ။ မီးပွိုင့်မှာ တွေ့ကြတာ သိသိသာသာ လှည့်သွားကြတယ်။ ရပါတယ်။ လောကဆိုတာ အနိမ့် အမြင့် ရှိတတ်ကြစမြဲပဲ။ ဒါတွေကိုလည်း ငါ ဥပေက္ခာ ပြုနိုင်ပါတယ်။ တစ်ခုပါပဲ။ ငါ့သားမျက်နှာ ကြည့်ရတော့မယ်။

“ငါ့သား မျက်နှာပျက် သွားတယ်ကွာ”

ကျွန်တော့်ရဲ့လေသံကြောင့် သူငယ်ချင်းက ပိုစိတ်တိုသွားပုံရတယ်။
“မျက်နှာ ပျက်ရအောင် မင်းက သူများအိမ်က ပစ္စည်း ခိုးနေတာ မို့လို့လား”

“ဒါတော့ ဒါပေါ့ကွာ။ ငါ့သားက အသိစိတ် မရှိလို့ တော့ မဟုတ်ပါဘူး။ သူက လူငယ်ပဲလေ”

ကျွန်တော့် သူငယ်ချင်း ခေါင်းတညိတ်ညိတ်နဲ့ ဘာမှ မပြောဘဲ ပြန်သွားခဲ့တယ်။ ကျွန်တော် တစ်ယောက်တည်း ကြိတ်ဝမ်းနည်းခဲ့ရတယ်။
အဲဒီနေ့က သားနဲ့အိမ်ကို ပါလာတဲ့ သူ့သူငယ်ချင်း အသစ်ကလေးတွေထဲမှာ ရုပ်ရည်သန့်သန့်နဲ့ မျက်နှာစိမ်း ကောင်လေးတစ်ယောက်ပါ လာတယ်။ အဲဒီကောင်လေးကလည်း ဆေးကျောင်းကပဲ။ သူငယ်ချင်း အသစ်ကလေးရဲ့ အဖေက ဆရာဝန်။ သားစိတ် ၀င်စားနေတဲ့ကောင်မလေးရဲ့ အဖေက ရှေ့နေ။ သားက ကျွန်တော်နဲ့ မိတ်ဆက်ပေးဖို့ မ၀င့်မရဲ ဖြစ်နေပုံရတယ်။ သားနှုတ်ခမ်းတွေက ဒါ ကျွန်တော့် အဖေဆိုပြီး လမ်းခု လတ်မှာ ရပ်တန့်သွားတယ်။ သားသူငယ်ချင်း ကောင်လေးက ကြောင်အမ်းအမ်းလေး ဖြစ်နေပုံပဲ။ ကျွန်တော်လည်း အလုပ်ကိစ္စ အကြောင်းပြပြီး အိမ်ပြင်ထွက်ပြီး အချိန်ဖြုန်း နေလိုက်တယ်။

ကောင်မလေးကိုရော သားက ဘယ်လို ပြောထားလဲ။ ဘယ်လောက်ပဲ ကျွန်တော့် အလုပ်က ကိုယ့်အတွက် ဖြူစင်ပါတယ် ပြောပြော ဆရာဝန် လောင်းလျာလေးဖြစ်မယ့် သားအတွက် စိတ်ထဲမှာ များစွာ ပူပန်ခဲ့မိတယ်။ ငယ် စဉ်ကတည်းက အမေလို အနီးကပ်သွန်သင်ခဲ့ပေမယ့် ကြီးလာတော့ သူတို့သဘောနဲ့ သူတို့ လျှောက်လှမ်းချင်ကြပြီ။ သူတို့အတွေး၊ သူတို့ အရေးတွေကို လိုက်လို့ပင် မမီနိုင်ခဲ့တော့။ သူတို့လိုတဲ့ ပိုက်ဆံ၊ ကျောင်းစရိတ်၊ ကျူရှင်စရိတ်တွေ အတွက် ဒီအလုပ်က အများကြီး ထောက်ပံ့ ပေးနိုင်ခဲ့တယ်။ အဲဒီအတွက် ဒီအလုပ်ကြီး အပေါ် အပြစ်မမြင်မိသလို သစ္စာရှိချင်တယ်။ ဒါပေမယ့် သားဘ၀ အတွက် ကျွန်တော် စဉ်းစားရတော့မယ်။ ကြို စဉ်းစားထားတာပါ။ နောက် သားက အဲဒီ ရှေ့နေရဲ့ သမီးနဲ့ ချစ်မိသွားရင် မပြောနိုင်ဘူး။ ကျွန်တော် ထင်တာကတော့ သား စိတ်ဝင်စားနေပြီ။ ကောင်မလေးကလည်း အိမ်ကို အ၀င်အထွက် ရှိလာပြီ။ သားပြောတဲ့ အထဲမှာ စကားစလေး တွေပါလာပြီ။ ကျွန်တော့်ကို သားက ဒီအလုပ် မလုပ် စေချင်တဲ့ သဘော။

ညအိပ်တိုင်း သက်ပြင်း မောကို ခဏခဏချမိတယ်။ ဘာအလုပ်ပြောင်းရင်ကောင်း မလဲဆိုတာ ချက်ချင်းတော့ ခေါင်းထဲက မထွက်ဘူး။ အရင်က ကျွန်တော့်ကိုယ်ပိုင် ကားလေးကို တမ်းတမိ တယ်။ အခုချိန်မှာတော့ ပြန် ၀ယ်နိုင်လောက်အောင်ထိ လက်ထဲမှာငွေက မပြေလည် ဘူး။ သားအမေ ကင်ဆာ ရောဂါရဲ့စရိတ်က ကျွန်တော့် ရဲ့စလွန်းကားလေး လက် လွတ်လိုက်ရတယ်။ ဒီရောဂါ ရဲ့ထုံးစံအတိုင်း တရိရိနဲ့ပြောင် တာ မဟုတ်ဘူး။ အင်တိုက် အားတိုက်ပြောင်တော့တာပဲ။ အခုထက်မက ချောင်လည် နေတဲ့စီးပွားရေးလည်း သွား တာပါပဲ။ ဒီတုန်းက သား လေးက ခပ်ငယ်ငယ် ဆယ် နှစ်သားကလေး။

သူ့အမေရဲ့ ရောဂါအကြောင်း ဘယ်နား လည်လိမ့်မလဲ။ သားအမေက သူများလို နာတာရှည်ကြီးဖြစ် ပြီး အရမ်းတော့ မခံစားခဲ့ရ ပါဘူး။ ကျွန်တော်အတော့်ကို အကျပ်အတည်းဖြစ်ချိန်မှာ ဆုံးပါးသွားခဲ့တယ်။ သား အမေကို ရင်ထဲမှာနှမြောလိုက် တာ မပြောပါနဲ့တော့။ သူ့ခန္ဓာ ကိုယ် ရိပါးပါးနဲ့ ဆံပင်မရှိ တော့တဲ့ သားအမေကို ခုတင်ပေါ်မှာ အသက်လေး ရှူတယ် ဆိုရုံလေး ရှူနေတာကို မြင်ရတာနဲ့တင် ကျေနပ်ခဲ့ရတာ။ နှစ်နဲ့ချီ ပြုစုပေးနေခဲ့တဲ့ ကျွန်တော့်ကို သားအမေက ကြည့်ရင်း သနားနေခဲ့တယ်။ သားအမေက သူများကို ဒုက္ခ မပေးချင်တဲ့ မိန်းမ။ သူကပဲ သူများကို လုပ်ပေးချင်တယ်။ ကူညီပေးချင်တယ်။ စိတ်ကောင်းလည်း အင်မတန်ရှိ တယ်။ အဲဒီလို အပြစ်ကင်းတဲ့ သား အမေကိုမှ ဒီရောဂါက ဘာလို့ဝင်ရောက် ဖျက်ဆီး ချင်ရတာလဲဆိုပြီး စိတ်ထဲမှာ နာကျင်လိုက်တာ။

ဘ၀ပေး ကုသိုလ်ကံလို့ ပြောရရင် သားအမေက ဒီ ဘ၀မှာတော့ စိတ်သဘောထား ရော ကိုယ်ကျင့်သိက္ခာပါ ကောင်းတာပါ။ သူ့အတိတ် ဘ၀ရဲ့ ကုသိုလ်ကံနည်းလှ လို့သာ စောစောစီးစီး ထွက် ခွာသွားခဲ့ရတာ။ သေချာတာ တစ်ခုက နောင်သံသရာမှာ သားအမေရဲ့ဘ၀ဟာ လှပမှာ ပါ။

၂။
သားရဲ့နောင်ရေး ပညာတတ်ဖြစ်ရေး အတွက် ကျွန်တော် လက်ခံရရှိတဲ့ အလုပ် တစ်ခုကို စွန့်စား လုပ်လိုက်တယ်။ အရင်က ကိုယ်ပိုင် ကားတက္ကစီလေး မောင်းနေရာ ကနေ ဘ၀ပေး အခြေအနေ အရ စည်ပင် သာယာက သူငယ်ချင်း အခု ကျွန်တော့်ရဲ့သူငယ်ချင်း ပေါ့။ သူရှာပေးတဲ့ မိလ္လာစုပ်တဲ့ ကားပြာကြီးကို မောင်းတာပေါ့။ ဒီအလုပ်ကို စလုပ်တုန်းက အစမ်းပေါ့။ နောက်တော့ ငွေကြေးလေး အဆင်ပြေတာနဲ့ ဆက်လုပ်ဖြစ်သွားတာ။ လူတွေများ ပြောပါတယ်။ ကိုယ့် ဗိုက်ထဲက ထွက်လာတဲ့ဟာ မို့လို့ပဲ ရွံတတ်လိုက်ကြတာ။ နှာခေါင်းကလည်း အင်မတန် ရှုံ့ချင်ကြတယ်။ ကျွန်တော် ဂရုမစိုက်ခဲ့ပါဘူး။ ရှိစုမဲ့စု ဆွေမျိုးလေးတွေက အရင်က ဘယ်အလှူ၊ ဘယ်မင်္ဂလာ ဆောင်သွားသွား ကျွန်တော့် ကားကို အလကား မတ်တင်း ဆွဲချင်ကြတာ။ အခုတော့ မိလ္လာ ကားမောင်းတဲ့သူဖြစ်သွားတော့ မသိချင် ဟန်ဆောင်ပြီး စကားတောင် ဟဟ မပြော ချင်ကြတော့ဘူး။ မိတ်ဆွေ တွေကလည်း မီးပွိုင့်မှာ လမ်း ကြုံလို့တွေ့ရင်တောင် သိသိ သာသာ လွှဲသွားကြတယ်။ ကျွန်တော့် ခုသူငယ်ချင်း တစ်ယောက်ပဲ ကျွန်တော့်ကို စာနာ နားလည်ခဲ့တယ်။ သူက ကျွန်တော့်ကို ဘယ်နေရာတွေ့တွေ့ ချီးစ်ဆိုပြီး အော်အော် ခေါ်တယ်။

တစ်နေ့တစ်နေ့ ဖုန်းဆက်ခေါ်တဲ့ အိမ်တွေကိုသွား ညစ်ပတ်တာတွေ ကိုယ့်ကြောင့် သန့်ရှင်း သွားတာကို ကိုယ်တိုင် မုဒိတာယူနေမိ တယ်။ ကျွန်တော့်ခေါင်းထဲ မှာ သားကိုပညာတတ်စေချင် တယ်။ ဒါဟာ သားအမေရဲ့ ဆန္ဒလည်းဖြစ်တယ်။ ဒီတော့ ကြိုးစားခဲ့တယ်။ အနှိမ်ခံခဲ့ရ တယ်။ ပတ်ဝန်းကျင်ကို ဥပေက္ခာပြုနိုင်ခဲ့တယ်။ သား က ပညာရေးမှာတော်တော့ ဆေးကျောင်းရဖို့ ဆေးတက် ခွင့်ရဖို့ အခက်အခဲတွေ၊ ကျူရှင် စရိတ်တွေ တန်းတူ ပေးနိုင်အောင် အလုပ်တွေ ပိုလုပ်ရတယ်။ ဒါတွေ သားကို မသိစေချင်ဘူး။ အသိလည်း မခံခဲ့ဘူး။ ကျွန်တော့်မှာ ဘယ်မိဘကမှပေးမယ့် အမွေ ဆိုတာ မရှိဘူး။ ရတဲ့ငွေကြေး လေးနဲ့ပဲ လင်မယား နှစ်ယောက်ဘ၀ကို ထုဆစ် လာခဲ့ ရတာ။

သားလေးက ငယ်တုန်း ကတော့ ဒါတွေ ဘယ်သိမလဲ။ အရွယ်လေးရလာတော့ သူ ဘာမှမပြောပေမယ့် သား အမူအရာတွေက ကျွန်တော့် အလုပ်ကို မကြိုက်ချင်တော့ ဘူး။ ပြီးတော့ သားမှာ ရင် ခုန်တတ်လာပြီဆိုတော့ ပိုဆိုးတာပေါ့။ သူငယ်ချင်းတွေ ကြားမှာ သူ့အဖေဟာ သူများလို ဆရာဝန်ကြီး၊ ရှေ့နေ အရာ ရှိကြီး။ ဒါမျိုးတွေ မိတ်ဆက် ပေးချင်မှာပေါ့။ ခု ကျွန်တော်က ဘွဲ့လည်း မရခဲ့ဘူး။ မိလ္လာ ကားမောင်းတာကို ဘယ်မိတ်ဆက်ပေးချင်မှာလဲ။ သားခံစားချက်ကို ကျွန်တော် နားလည်ပါတယ်။ သား မိန်းကလေးကိုလည်း အပြော ရခက်နေမယ်ဆိုတာ သိ တယ်။ ကျွန်တော် စဉ်းစားတယ်။ ဒီလကုန်ပြီးရင် အလုပ် ထွက်လိုက်တော့မယ်။ သူငယ်ချင်းကတော့ စိတ်ဆိုး သွားပုံရတယ်။ မတတ်နိုင်ဘူး သူငယ်ချင်း။ တစ်နေ့ကျရင် မင်းလည်း နားလည်လာမှာပါ။

သားကိုလည်း ပြောလိုက်တယ်။ သားမျက်နှာလေး ၀င်းခနဲ တောက်ပ ကြည်လင်သွားတာကို သေသေချာချာ မြင်လိုက်ရတယ်။ တစ်ခွန်းတော့ မေးတယ်။ အဖေ ဘာလုပ်မှာလဲတဲ့။ အလုပ် မရှားပါဘူး သားရယ်လို့ ကျွန်တော်ပြန်ပြောတော့ စိတ်ချပါ အဖေ၊ ကျွန်တော်ဆရာ ၀န်ဖြစ်အောင် ကြိုးစားမှာပါတဲ့။ သားဆီကစကားကို ကြားရတာ ကျွန်တော် မျက်ရည်လည်အောင် ၀မ်းသာမိပါတယ်။ ဒါပေမယ့် သားက အခုမှ ပထမနှစ် ဆေးကျောင်း တက်ခါစပဲ ရှိသေးတယ်။ ဒီကြားထဲမှာ ကျွန်တော် ဘယ်လောက်ကြိုးစားရမလဲဆိုတာ ကျွန်တော်ပဲ သိတယ်။ သားလိုတာ ဖြည့်ဆည်းဖို့ ကျွန်တော့် မှာ တာဝန်အပြည့်ရှိတယ်။

အလုပ်မထွက်ခင် ဒီ အလုပ် အပေါ်မှာ ကျွန်တော် ဖိကြိုးစားတယ်။ တစ်နေ့ တစ်နေ့ ဖုန်းဆက်ခေါ်မယ့် အသံကိုပဲ မျှော်နေမိတယ်။ နောက်ဆိုရင် လေးဘီးကား ငှားပြီးမောင်းဖို့ အရင် စဉ်းစားမိတယ်။ ကားမောင်းလာသူ ဆိုတော့ ကားပဲမောင်းချင် တယ်။ တခြားအလုပ်ကို လည်း တစ်ကစပြီးလုပ်တတ် မှာ မဟုတ်တာသေချာတယ်။ အခုတစ်လော အလိုလိုချွေတာ ဖြစ်နေတယ်။ လက်ဖက်ရည် တစ်ခွက်လောက်သာ ဗိုက်ထဲ အာဟာရအဖြစ် ပြီးနေပြီ။ ဗိုက်ထဲ ဆာလောင်ရင် ထွက်လာတတ်တဲ့ တဂွီဂွီမြည်နေမယ့် ဆာလောင်ခြင်း ဝေဒနာကို မေ့ထားခဲ့တယ်။ ည အတွေးတွေက များပြီး အိပ်ရေး ပျက်တာကြောင့် မျက်လုံးတွေ ကျိန်းစပ်နေတယ်။ ထိုနည်းတူ ကျွန်တော့်သား စာမေးပွဲကလည်း နီးလာပြီ။ သားမျက်နှာလည်း မျက်တွင်း ဟောက်ဟောက်၊ မျက်ထောင့် နီနီ၊ ပါးချောင်၊ နားချောင်တောင် ကျနေပြီ။ ဆေးကျောင်းသားတွေ စာမေးပွဲ နီးရင် တစ်လလောက်တော့ မအိပ်မနေ ဒုက္ခခံရတယ်တဲ့။ သူတို့ သူငယ်ချင်း အချင်းချင်း လည်း ဇွမ်ဘီအလောင်းကောင် ဆိုပြီး စကြတယ်တဲ့။ သားကို ဇွမ်ဘီဆိုတာ ဘာလဲလို့ ကျွန်တော်မေးတော့ နိုင်ငံခြားမှာ လူတစ်ယောက်ဟာ လုံးဝ မအိပ်ဘဲ ဘယ်လောက်ရက် ကြာကြာနေနိုင်လဲလို့ စံချိန် တင်တော့ နာရီပေါင်း ၂၆၂ နာရီ ၁၁ ရက်ကြာတယ်တဲ့။

အဲဒီ အစမ်းသပ်ခံ လူသား တွေဟာ မအိပ်ရတာ ရက်ကြာတော့ Zombi (ဇွမ်ဘီ) အလောင်းကောင်တွေလို ဖြစ်လာတယ်။ မျက်နှာတွေက ကြောင်စီစီ၊ ဖွေးတေးတေး၊ သွေးစုပ် ခံထားရသလိုပေါ့။ သူတို့တွေ စိတ်တွေက ကြောင်တောင်တောင်ဖြစ် ကုန်တာပေါ့လို့ သားက ရှင်း ပြတော့ ကျွန်တော်ဖြင့် ရယ် လိုက်ရတာ။ သားလည်း ဇွမ်ဘီဖြစ်နေပြီလို့ ပြောရင်း တဟက်ဟက် ရယ်ရင်း ပြောတတ်သေးတယ်။

သားလေးက အရမ်း ကြိုးစားတယ်။ ညကျွန်တော် နိုးရင် သူ့အခန်းလေးထဲမှာ မီးလင်းနေတာ တွေ့ရတယ်။ ခုတစ်လော သားနဲ့ကျွန်တော် စကားပြောတောင် နည်းနေ တယ်။ စာကြည့်နေတဲ့သားကို အနှောင့်အယှက် မပေးချင် တာနဲ့ တစ်ယောက်တည်း နေဖြစ်တာများတယ်။

၃။
ဒီနေ့ အိမ်တစ်အိမ်က ခေါ်လို့ ကျွန်တော် ရောက်နေတယ်။ သူတို့အိမ်က မိန်းကလေးအဆောင်မို့ တခြားအိမ်တွေထက် ပိုပြီး အမှိုက်များတယ်။ ရေတွေကို စက်နဲ့ ခုတ်တင်ခိုင်းပြီး ရေအများကြီး သုံးရတယ်။ ပိုက်တွေထဲမှာ ခဏခဏ ပိတ်ဆို့ တာတွေဖြစ်တယ်။ ကျွန်တော် က အိမ်အပြင်နားကခုံမှာ ထိုင်စောင့်နေတုန်း အိမ်ထဲက အသံတွေက ကျွန်တော့်နားထဲ စီးဝင်လာတယ်။ သူတို့ ပြောတာ ဘယ်သူ့ အကြောင်းလဲ။ အတွေးတွေနဲ့ ရင်ပူလာတယ်။ သူတို့ အချင်းချင်းပြော နေကြတာကသားအကြောင်း။ တိုးနိုင်၊ တိုးနိုင်။ ဟာ သား သူတို့ပြောနေတာ တကယ်လား။ ကျွန်တော် နားမလည်ဘူး။ ဒါပေမယ့် သေချာ ဆက်နားထောင်မိတယ်။ ဒီအိမ်ဟာ သားသူငယ်ချင်း တစ်ယောက် အိမ်ဆိုတာ သိလိုက်တယ်။

“ငါ မနေ့က တိုးနိုင်နဲ့ တွေ့တယ်။ သေချာတယ်။ ဒီကောင် ဂေါက်သွားပြီ။ သူ့ ကိုယ်သူလည်း ဇွမ်ဘီလို့ပြော နေတယ်။ မျက်နှာကလည်း ခပ်တည်တည်ကြီး။ မျက်လုံး ကလည်း ကြောင်စီစီနဲ့။ ငါနဲ့ ဆေးကျောင်းရှေ့က လက် ဖက်ရည်ဆိုင်မှာခဏနေတော့ အိမ်သာသွားမယ် ဆိုပြီး ထသွားတယ်။ ပြန်မလာတာ ကြာလို့ ငါလိုက်သွားတော့ အိမ်သာထဲလည်း ရှာမတွေ့ ဘူး။ ငါလိုက်ရှာရင်းနဲ့ ကျောင်းထဲ ရောက်သွားတယ်”

ကျွန်တော် ရင်တွေ တုန်လှုပ်လာတယ်။ အဲဒီ ကောင်လေးက ဖုန်းလာလို့စကား ခေတ္တရပ်သွားတယ်။ ချက်ချင်း ကောင်လေးဆီသွားပြီး မေးပစ်လိုက်ချင်တယ်။
“ဟဲ့ ပြောစမ်းပါဦး။ တိုးနိုင်က ဘယ်ရောက်သွားလဲ”

“ငါတို့စာသင်ခန်းမ ဘေးက အခန်းလွတ်တစ်ခန်း ရှိသေးတယ်လေ။ သိတယ် မဟုတ်လား။ အဲဒီအခန်းထဲ ရောက်နေတာ။ ငါလည်း တော်တော်အံ့သြသွားတယ်။ သူက လူနာ တစ်ယောက်ကို ပြောသလိုမျိုး အေအိုင်ဒီ အက်စ်ရောဂါ၊ အသည်းရောင် ရောဂါ၊ နောက် X-Rayအကြောင်းတွေ၊ အစာအိမ် အူလမ်းကြောင်းအကြောင်း၊ ဆေးရုံ၊ အထူးကုဆေးခန်း အကြောင်းတွေရော စုံလို့ပြော နေတာ။ နောက်တစ်ခုက သူ့ ပတ်ဝန်းကျင်မှာ ဘာမှမရှိ တာကို အရှိလုပ်ပြီး ပုံသဏ္ဌာန် ဟန်ပန်တွေလည်း လုပ်ပြတယ်။ ငါသူ့ဆီ သွားပြီး သတိ ပေးတော့ ငါ့ကိုကြောင်တောင် တောင်နဲ့ကြည့်ပြီး ငါလူနာ တွေကို ရှင်းပြနေတာတဲ့”

“တစ်ခဏအတွင်းမှာ သူ့ကိုယ်သူ အလက်ဇန္ဒား ဖလင်မင်းဖြစ်လိုက်၊ ဒေါက် တာရွန်ဂျင်ဖြစ်လိုက်နဲ့ ငါသူ့ ကို စာမေးပွဲနီးလို့ စိတ်ပူနေ တယ်။ လက်ဖက်ရည်ဆိုင် ပြန်ရောက်တော့ နည်းနည်း ပြန်သတိရလာတယ်။ ဒီ ကောင် မဟုတ်တဲ့ဟာတွေ များ သုံးမိနေပြီလား”

ကျွန်တော့်သားကို သူတို့ စိတ်ပူတဲ့ မေးခွန်းတွေ မေးနေ ကြပြီ။ သားကိုလည်း ကျွန်တော် မေးရဦးမယ်။ တိုးနိုင်ဟာ ဦးသားပါလို့ပြော ပြီး ဒီကလေးတွေကို အကူ အညီ တောင်းရမလား။ သား အခုအိမ်မှာ ဘာလုပ်နေပြီလဲ။ သားပြောတဲ့ သားလည်း ဇွမ်ဘီဖြစ်နေပြီဆိုတဲ့ စကားကို နားထဲက မထွက်။ ဒီအတိုင်း ဆို ကျွန်တော်ရင် ကျိုးရလိမ့်မယ်။ အလုပ်ကို အမြန်ပြီးအောင် လုပ်မိတယ်။ သား သူငယ်ချင်းက အိမ်ထဲက ထွက်လာတယ်။ သူတို့တွေ မမှတ်မိအောင် ဦးထုပ်ကို ခပ် ငိုက်ငိုက်ဆောင်းထားလိုက် တယ်။

“ဦးလေး အဲဒါတွေကို လက်နဲ့ ဒီအတိုင်း မလုပ်နဲ့လေ”

သားသူငယ်ချင်း ကောင်လေးက ကျွန်တော့်ကို လှမ်းပြောတယ်။ မိလ’ာပိုက် ထဲမှာ တစ်နေတဲ့အစအနတွေ ကို လက်နဲ့ဒီအတိုင်း ယူထုတ် ပစ်နေတဲ့ ကျွန်တော့်ကို သူတို့ လှမ်းတားတယ်။ ကျွန်တော့် ရင်ထဲမှာလည်း အမှိုက် သရိုက်တွေ တစ်နေသလို ခံစားနေရတယ်။
“ဦး ဒီအတိုင်းကိုင်ဖို့ မသင့်တော်ဘူး။ ဒါတွေက အဆိပ်တွေ၊ လက်သည်းထဲ ပိုးပါသွားရင် မလွယ်ဘူး။ ပြီးရင် နှာခေါင်းကိုလည်း အုပ်ထားရမှာ။ ဒီလို အညစ် အကြေးက ၀င်လာတဲ့ပိုးက ပိုဆိုးတယ်”

ကောင်လေးက ဆရာ ၀န်လောင်းပီပီ ကျွန်တော့်ကို လမ်းညွှန်တယ်။ ပြီးတော့ သူ့ အိမ်ထဲကနေ ပလတ်စတစ် လက်အိတ်ပေးတယ်။
“ဦးလေး ဒါနဲ့ အမြဲသုံးပါ။ ဒီအဆိပ်တွေ လက်သည်းကြားထဲကနေ ဗိုက်ထဲဝင်ရင် မကောင်းဘူး။ နောက်ပြီး ဒီလိုကိုင်ဖို့လည်း မသင့်တော်ဘူး”

“ကျေးဇူးပါပဲ”

ကျွန်တော် အလုပ်တွေကို လက်စသတ်ပြီး သား သူငယ်ချင်း အိမ်ကနေ အမြန် ပြန်လာဖြစ်တယ်။ ဘယ်လို လုပ်ရမလဲဆိုတာ ဝေခွဲဆုံး ဖြတ်လို့ မရနိုင်သေးဘူး။ ဆရာဝန်ဆီ ခေါ်သွားရမလား။ ဘာမှ လွန်လွန်ကျွံကျွံ မဖြစ်ပါ စေနဲ့လို့ ဆုတောင်းမိတယ်။ ကျွန်တော် အသက်ရှူ ရ ကျပ်သလို ခံစားရတယ်။ ဘီးနင်းလာတဲ့ ခြေထောက်တွေ ဟာလည်း မသယ်ချင်အောင် ဖြစ်နေတယ်။ နောက်လမ်းပေါ်ကို အရှိန်အဟုန်နဲ့ကျလာတဲ့ ဘဲတစ်ကောင်ရဲ့ဝမ်းထဲက ကလီစာတွေကိုမြင်လိုက်ရ သလို ကြမ်းပြင်မှာ ဘွတ်ဖိနပ် များ၊ ယောက်ျားစီး ဖိနပ်များ၊ ဗလာမဲ့ ခြေအစုံ၊ ကျွန်တော့်ထံ အပြေးအလွှား ရောက်လာသလို သူတို့ အပြစ်တင် ညည်းညူ သံတွေက ဝေါဟာရ မကွဲပြားလို့ ဘာမှ နားမလည်လိုက် ဘူး။ ကျွန်တော့် အတွေးတွေ လက်ခနဲ တစ်ချက် ပြက်သွားတယ်။ တစ်နေရာမှာ တစ်ခုခုတော့ အမှားအယွင်း ရှိနေပြီ။ ဦးနှောက်ကမကြည်လင်တော့ သလို ပြတ်သားခြင်းမရှိ။

ဟုတ်ပြီ။ ကျွန်တော့်မှာ သေချာပေါက် အမှားအယွင်း တစ်ခု ရှိသွားပြီ။ ဒါဘာကြောင့် မှားယွင်းသွားတာလဲ။ သေချာ သိသွားချိန်မှာတော့ကျွန်တော် သွေးပျက်အောင် ချောက်ချား သွားခဲ့ပြီ။ သားဘာတွေလုပ် နေသလဲ။ သွားချင်တဲ့ ဇောတွေက သိပ်များပြီး လူက ရှေ့မရောက်။ ၀မ်းဗိုက်နေရာ က မခံရပ်နိုင်အောင် အောင့်နေသလို ခံစားရတယ်။ သြော် မနက်စာမှ ကောင်းကောင်း မရှိဘဲကိုး။ ခေါင်းတွေလည်း မူးနေတယ်။ မျက်လုံးတွေ လည်းပြာမိုက်နေတယ်။ ဒီလို နဲ့ အားတွေ တင်းရင်း သားဆီ ရောက်အောင် သွားခဲ့တယ်။

သားက အိမ်မှာ ရှိမနေဘူး။ အိမ်တံခါးကြီးလည်း ဟောင်းလောင်း ပွင့်လို့၊ သား သူငယ်ချင်းတွေများ ခေါ်သွား သလား။ သူတို့ပြောသလို စိတ်ကယောက်ကယက်နဲ့ လျှောက်များ သွားနေလား။ သားအခန်းထဲမှာလည်း မတွေ့။ စာအုပ်တွေကတော့ စားပွဲပေါ်မှာ၊ အိပ်ရာပေါ်မှာ အကုန်ပြန့်ကြဲနေတယ်။ စိတ် ပူတဲ့ ဒီဂရီတွေက သားကို မတွေ့တော့ ပိုမြင့်တက်လာ တယ်။ အိမ်ရှေ့ပြန်ထွက်လာတော့ သားကို ဖျတ်ခနဲတွေ့ လိုက်တယ်။ သူ့ သူငယ်ချင်း ဆိုင်ကယ်နောက်က ခွလိုက် သွားတယ်။ ပြေးလိုက်ပေမယ့် မမီတော့ဘူး။ ဒါနဲ့ ရပ် ကွက်ထဲက ဦးသိန်းဆိုင်ကယ် နောက်ကနေ ကပ်ပြီး သား နောက်လိုက်ခဲ့ရတယ်။

မောလိုက်တာ။ ရင်ထဲ မှာလည်း ဟာနေတယ်။ သူ တို့ဆိုင်ကယ်နောက်က မျက်ခြည်မပြတ် လိုက်ချင်ပေမယ့် ဦးသိန်းက တခြားလမ်းကွေ့ သွားတော့ မရတော့ဘူး။ သူ့ ဆိုင်ကယ်နောက်က ဆင်းပြီး အပြေးလိုက်ရတော့တယ်။ ဒါ တောင် သားတို့စီးတဲ့ ဆိုင်ကယ်က အရှိန်နှေး သွားလို့ မီ တာ။ ဟော သားက ဆေးရုံ လာတာကိုး။ ဆေးရုံဝင်းထဲ ကွေ့ဝင်တဲ့ လမ်းကနေ ၀င်သွားတော့ သားနောက်ကို ဇောနဲ့ လိုက်ခဲ့တာကြောင့် ကျွန်တော်လည်း တော်တော်မောနေ တယ်။ ဆေးရုံကို ဘာလာ လုပ်တာပါလိမ့်။

ဆေးရုံကို သူငယ်ချင်းတွေလည်း မပါဘူး။ သား သူငယ်ချင်းတွေ ပြောသလို ဆေးရုံလာပြီးဘုရား၊ ဘုရား။ တွေးရင်း ခေါင်းတွေ ပိုမူး နောက်လာတယ်။ ပြီးတော့ ပိုပြီးမှောင်သထက် မှောင်မိုက် ပြီး တစ်ကိုယ်လုံး အားမရှိ တော့သလို ခံစားရင်း နုံးခွေ ကျသွားတယ်။

၎။
နားထဲမှာ အသံ တိုးတိုးလေး ကြားနေရတယ်။ နား နားကို ကပ်ပြီး ခေါ်နေတဲ့အသံ လေးပေါ့။ ဟုတ်ပြီ။ စူးစူး စိုက်စိုက်လေး နားထောင် ကြည့်လိုက်တော့ “အဖေ” တဲ့။ ဒါ သားအသံပဲ။ လေးကန်နေတဲ့ မျက်လုံးတွေကို အားယူ ဖွင့်ကြည့်လိုက်တဲ့ အချိန်မှာ ကျွန်တော့် မျက်နှာနဲ့ အနီးဆုံးမှာ သားမျက်နှာ။ အို သားမျက်လုံးမှာ မျက်ရည် တွေနဲ့ပါလား။

ကျွန်တော့်နားမှာ မျက်နှာတော်တော်များများ ၀ိုင်းအုံနေတာကိုတွေ့ရတယ်။ ဆရာဝန်တွေလည်းပါတယ်။ ကျွန်တော့်ကို ဘာလို့ဝိုင်းအုံ ကြည့်နေပါလိမ့်။ ကျွန်တော် ဆေးရုံကိုရောက်နေတာလား။ မျက်လုံးကို အသာမှိတ် ပြီး စဉ်းစားကြည့်တော့မှ ကျွန်တော် နောက်ဆုံး သတိရမိတဲ့ အချိန်ဟာ ကြောက်ခမန်း လိလိပါပဲ။ သားဆီကို သွားဖို့ ဇောနဲ့အပြန် စည်ပင်မှာကား ထားပြီး ဘီးနဲ့ပြန်လာတာ လမ်းလေးခွမှာ တစ်ဖက်က ၀င်လာတဲ့ ဒိုင်နာကားကြီးကြီး မျက်လုံးတွေ ပြာထွက်သွားတယ်။ ရင်ခေါင်းတွေ၊ ခြေထောက်တွေ တစ်ကိုယ်လုံး နာကျင်သွားခဲ့တယ်။ ဟုတ်ပြီ။ ကျွန်တော့်ဆီကို ကားကြီးတစ်စီး တည့်တည့် ကြီး လူတခြား၊ ဘီးတခြား ပါပဲ။ ဟူး လေကို ဖြည်း ညင်းစွာ ပါးစပ်က မှုတ်ထုတ် လိုက်တယ်။ ခေါင်းကလည်း နည်းနည်း နာနေသေးတယ်။

အင်း ကျွန်တော်ဖြစ်တာ အရေးမကြီးဘူး။ သား ဘာမှမဖြစ်ဖို့ အရေးကြီးတယ်။ မျက်လုံးတွေကို ဒုတိယအကြိမ် အတော် အားယူပြီး ဖွင့်မိတယ်။ ကျွန်တော် သားမျက်နှာကို မြင်ချင်တယ်။ မျက်လုံး ဖွင့် ကြည့်တော့ စိုးရိမ်စိတ်တွေနဲ့ မျက်ရည်တွေဝဲပြီး ကြည့်နေတဲ့ သားကို တွေ့ရတယ်။
သားကလည်း သတ္တိ နည်းလိုက်တာ။ အဖေ ဘယ်လို သင်ထားလဲ။ သား မျက်လုံးတွေ ကြောင်စီစီဖြစ် နေသလား အဖေကြည့်ချင် တယ်။ ဇွမ်ဘီလိုတော့ အဖြစ် မခံနိုင်ဘူး သားရေ။ အဖေ့ကို ကြည့်နေတဲ့သား မျက်ဝန်းတွေ ပုံမှန်ဖြစ်ရဲ့လား။

“အဖေ”

“သက်သာလား။ သတိ ကောင်းကောင်းရရဲ့လား။ စိတ်ပူ လိုက်ရတာ အဖေရာ”

သားကို ကျွန်တော် ခေါင်းညိတ် ပြလိုက်တယ်။ အခုတော့လည်း သား မျက်လုံးတွေ ပုံမှန်လိုပါပဲ။    “အဖေ ဘယ်ခြေ ထောက်အရိုးအက်သွားတယ်။ ကျောက်ပတ်တီး စီးထားတယ်။ တော်သေးတာပေါ့ ကျိုးမ သွားလို့။ အဖေ့ဘီးလေးက ခွေတွေ ကောက်သွားတယ်။ ဘီးက အရေးမကြီးပါဘူး။ အဖေ ခေါင်းနည်းနည်း ခိုက်မိ သွားလို့ စိတ်ပူရတာ။ အဲဒီ လူက လိုတာတွေ အကုန်လိုက် လုပ်ပေးတယ်။ ခုနကမှ ပြန်သွားတာ လာကြည့်ဦး မယ်တဲ့”
အင်း အခုလို ကျတော့လည်း ငါ့သားပြောနေတဲ့ စကားတွေက ပုံမှန်လိုပါပဲ လား။

“အဖေ တကယ်ရော သက်သာရဲ့လား။ သားကို ရော မှတ်မိလား”

“မှတ်မိပါတယ် ငါ့သား ရာ။ နေဦး အဖေ ခေါင်းထဲမှာ မရှင်းနေတာ တစ်ခု ရှိတယ်။ အဖေ ဘယ်လိုဖြစ်သွားတာ လဲ။ ငါ့သားနောက်ကို အဖေ လိုက်ခဲ့သေးသလိုပဲ”

“အဖေ့ကို လမ်းမှာ ကား တိုက်မိတာ တွေ့လို့ဆိုပြီး သား သူငယ်ချင်းက ဖုန်းလှမ်း ဆက်တာ။ ဆေးရုံကို သား ရောက်လာတော့ အဖေ သတိ မရခဲ့ဘူး”

အဲဒါဆို ဘယ်လိုလုပ်ပြီး သားနောက်ကို လိုက်လာ ပါလိမ့်။ သေချာပါတယ်။ သားဆေးရုံထဲဝင်သွားတာ မြင်လိုက်သေးတာပဲ။ အိုး စဉ်းစားရင်း ရှုပ်ယှက်ခတ် သွားတယ်။
“အဖေ ဘာတွေ စဉ်းစားနေတာလဲ။ ဘာမှ မစဉ်းစားနဲ့။ ခေါင်းကိုက် လာဦးမယ်။ မှိန်းနေလိုက်ပါလား”

သားပြောလို့သာ မှိန်းနေ လိုက်ပေမယ့် မှတ်မိနေတာ ကတော့ ရုပ်ရှင်ပြကွက်တွေ လိုပါပဲ။ အိမ်ထဲတောင် ၀င်ခဲ့ သေးတာပဲ။ အဲ ဦးသိန်းတော့ သိမှာပဲ။ သူ့ဆိုင်ကယ် နောက်ကနေ သားနောက်ကို အမီ လိုက်လာခဲ့တာ။ နောက် ဆေးရုံနားမှာ အားလုံးမှောင် မိုက်သွားတယ်။ လဲကျသွားသလိုပဲ။ နောက် ခုပြန် သတိရတော့ ဆေးရုံပေါ် ကိုယ်တိုင် ရောက်နေတယ်။ ဒါဆို သား က ဆေးရုံထဲက ကျွန်တော့် ကိုလာကြည့်တာလား။ သား နောက်က ကျွန်တော်ကလိုက် ကြည့်တာပဲ။ ကျွန်တော်က ဘာလို့ နေရာ နှစ်နေရာမှာ ရှိတာလဲ။ ကျွန်တော် ဆေးရုံပေါ် ရောက်တုန်းများ သတိ မရခင် ဇောနဲ့စိတ်တွေ လျှောက် လွင့်သွားတာလား။ ဘုရား၊ ဘုရား။ ကြောက်စရာ ကောင်းလိုက်တာ။ ကျွန်တော့် အတွေးတွေ တရစပ် ရှုပ်ထွေးလာ တယ်။ နေ့လယ် တစ်ရေးအိပ် ပျော်သွားပြီးမှ စိတ်တွေ ပိုလန်းဆန်းလာတယ်။ ညနေ ရောက်တော့ သားသူငယ်ချင်း ဆေးကျောင်းသား၊ ဆေး ကျောင်းသူလေးတွေ အများ ကြီးပဲ လာကြည့်ကြတယ်။ ဆေးရုံက ဆရာဝန်တွေက လည်း သားရဲ့ဆရာတွေဆို တော့ ဂရုစိုက်ကြတယ်။ ဆရာတို့ ပြောပုံအရ သားလေး က အရမ်း တော်တာပဲတဲ့။ စာမေးပွဲ အောင်မှာ သေချာပါတယ်လို့ ရဲရဲကြီး အာမခံပေး နေကြတယ်။ ဘယ်လိုဖြစ်ဖြစ် စိတ်ထဲမှာတော့ သားကို စိတ်ပူနေတုန်းပဲ။

ညနေ သားသူငယ်ချင်း တွေ ဓာတ်စာတွေနဲ့အတူ ရောက်လာတော့ ကျွန်တော် အံ့သြသွားတယ်။ သား သူငယ်ချင်း ဟိုအိမ်က ကောင်လေးလည်း ပါတယ်။ ကောင်လေးကလည်း ကျွန်တော့်ကို မြင်မြင်ချင်း မှတ်မိတယ်။ ဦးလေးတဲ့။ ကျွန်တော် သားရှေ့ဆိုတော့ ဘယ်လို မျက်နှာထားရမှန်း မသိဘူး။ ကောင်လေး ကတော့ ၀မ်းသာအားရနဲ့ နှုတ်ဆက်တယ်။ တိုးနိုင် အဖေမှန်း မသိဘူးတဲ့။ ပြီးတော့ သူက ကျွန်တော့် အလုပ်နဲ့ ပတ်သက် ပြီး အထင်သေးသံ တစ်ခွန်း မှမပါဘဲ စိတ်ဝင်တစား ပြောတယ်။ ကျွန်တော့်ကိုလည်း နှာခေါင်းပိတ်တွေ၊ လက်အိတ် တွေဝယ်ပေးဦးမယ့်အကြောင်း၊ ဒီအလုပ်ကို မရွံမရှာ စိတ်ပါ လက်ပါလုပ်နေတဲ့ ကျွန်တော့်ကို အံ့သြ ချီးကျူးကြောင်း ပြောတော့ သားမျက်နှာကို လှမ်းကြည့်မိတယ်။ သား မျက်နှာမှာ ဘာအရိပ်မှ မရှိ သလို သူ့သူငယ်ချင်းပြောတာ ကို စိတ်ဝင်တစားနဲ့နားထောင် နေတယ်။

အဲဒီကလေးကို သား အကြောင်းမေးပြီး အဖြစ် အပျက်တွေကို ပြန်ပြောပြ တော့ သားက သဘောကျစွာ ရယ်တယ်။ သားကကျွန်တော့် ပခုံးကိုကိုင်ရင်း...
“အဖေ သားက စာမတော်ဘဲ ဆေးကျောင်း ရောက်ခဲ့တဲ့သူ မဟုတ်ပါဘူး။ သူငယ်တန်းကတည်းက အဆင့်တစ် ပဲချိတ်တာ အဖေသိပါတယ်။ ဒီကောင်တွေကို ရူးကြောင်ကြောင်ပုံစံ လုပ်ပြတာ အဟုတ် ထင်သွားတာ။ ကျွန်တော် နောက်တတ်တာ အဖေသိရဲ့ သားနဲ့။ အဲဒီနေ့က ဒီကောင် သားကိုကြည့်ပြီး ကြောက်နေ တာ ရယ်ရတယ်”

“အေး မင်းကြပ်ကြပ် နောက်။ ငါကလည်းအဟုတ် ထင်ပြီးပြောတာ၊ တိုက်တိုက် ဆိုင်ဆိုင် ဦးလေးက ကြားပြီး စိတ်ပူပြီးပြန်တော့ ခုလိုဖြစ် ကုန်တာပေါ့။ အဲဒါ မင်း ကြောင့် ဇွမ်ဘီ”

“အဖေ စိတ်မပူပါနဲ့။ သားဘာမှ မဖြစ်ဘူး။ ဘာ ဇွမ်ဘီမှလည်း မဖြစ်ဘူး။ စာ မေးပွဲလည်း ဖြေနိုင်မှာ။ ဆရာဝန်ကြီးတွေ ပြောသွားတာ အဖေကြားတယ် မဟုတ် လား။ လတ်တလောတော့ အဖေ နားနေရဦးမယ်။ ခြေထောက် ကောင်းသွားမှ အဖေ စိတ်ချမ်းသာတဲ့ အလုပ်ကို ဆက်လုပ်ပေါ့။ သားတစ်ယောက်ဖြစ်တဲ့ ကျွန်တော်က အဖေ့ အလုပ်ကို ဟိုကောင်လောက်တောင် ဂရုမစိုက်မိဘူး။ သားကို ခွင့်လွှတ်ပါ”

သားမျက်နှာလေး ကြည်လင်နေတာ မြင်ရတော့ ကျွန်တော် ၀မ်းသာသွားတယ်။ ဒီနောက်ပိုင်းမှာတော့ သားနဲ့ ကျွန်တော့်နဲ့ကြား လိုရာ ပုံသွင်းယူလို့ ရနိုင်ပြီး နွေးထွေး လုံခြုံတဲ့ ရက်စွဲများကိုရစေ ခဲ့တယ်။ လောကကြီးဟာ တစ်ခါတလေ ကိုယ်တိုင်ရွေးချယ် လို့မရဘဲ သူ့နေရာနဲ့သူ အံဝင်ခွင်ကျ နေရာချထားပေးတာကို ကျွန်တော် ကျေနပ်မိပါတယ်။ အဲဒီ ကိုယ်ရောက်နေတဲ့နေရာ ပေါ် ဘာမှ စောဒက တက်ခွင့် မရှိသလို လက်ရှိ ပစ္စုပ္ပန်နေရာဟာ ကျွန်တော့်အတွက် အကောင်းဆုံးပဲဆိုတာ သား ရော၊ ကျွန်တော်ရော လက်ခံ လိုက်တယ်။


ချောအိမာန် (မန္တလေး)
ရွှေအမြုတေ မဂ္ဂဇင်း၊ ဖေဖေါ်ဝါရီ ၂ဝ၁ဝ

1 comment:

myotthakoyin said...

လောကကြီးဟာ တစ်ခါတလေ ကိုယ်တိုင်ရွေးချယ် လို့မရဘဲ သူ့နေရာနဲ့သူ အံဝင်ခွင်ကျ နေရာချထားပေးတာကို ကျွန်တော် ကျေနပ်မိပါတယ်။ အဲဒီ ကိုယ်ရောက်နေတဲ့နေရာ ပေါ် ဘာမှ စောဒက တက်ခွင့် မရှိသလို လက်ရှိ ပစ္စုပ္ပန်နေရာဟာ ကျွန်တော့်အတွက် အကောင်းဆုံးပဲ I often have had this attitude about my own present place(situation) and I do not have any complain either. Still, I some times feel unknown something is missing, that something is incomplete, I feel I was kind of waiting or expecting for that unknown something to happen, to come into me. One tries to fully live with the present moment , yet one can't help but also have forlorn hopes. You see, your writings often seem to have presented a certain 'da tha na'(philosophy) that I find deeply attracting.