Tuesday, November 13, 2012

ရွှေဖြစ်ဖို့







၂၀၁၂ ဇွန်လထုတ် ရွှေအမြုတေ ကတော့ မြင့်မြတ် မျက်နှာဖုံး အတွင်း စာမျက်နှာ အဖွင့်မှာ အပြုံးပန်း တွေ ဝေဆာ နေတဲ့ ရွှေအမြုတေ ရဲ့ဆုပေးပွဲ ပုံရိပ် များက အားရ စရာ။
မှတ်တမ်းတင် ကင်မရာတွေရဲ့ လျှပ်တစ်ပြက် ပုံရိပ်တွေကို အမိအရ ပြေးကူး ရိုက်ချက် တွေကြောင့် စာမျက်နှာက တစ်ဆင့် စာဖတ် ပရိသတ် တွေဆီ ထပ်မံ ကူးစက် ခံစား စေရပါတယ်။
အဆင်ပြေပြေ ချောချော မွေ့မွေ့နဲ့ စာပေဆု ပေးပွဲကြီး အောင်မြင်စွာ ပြီးဆုံးသွားမှုနဲ့ အတူ ပဲ့ကိုင်ရှင် ဆရာ ဦးဝင်းငြိမ်းရဲ့ မွန်မြတ်လှတဲ့ မွေးနေ့ရက်ကို ဂုဏ်ယူစွာ လေးနက် ပီတိဖြစ်စွာ ဖြတ်သန်းခဲ့ ကြရပါတယ်။

ဒီပွဲကြီးထဲမှာ ရှိတဲ့သူတိုင်း ရင်ခုန်သံ ကိုယ်စီ၊ ဖြစ်ရပ် ကိုယ်စီနဲ့ တက်ရောက် ခဲ့ကြရမှာ မလွဲပါဘူး။ အနုပညာရှင်၊ စာပေ ပညာရှင်၊ စီးပွားရေး ပညာရှင်၊ အတတ် ပညာရှင်၊ ဖန်တီးမှု ပညာရှင် စုဝေးရာ ပွဲကြီးတစ်ပွဲမှာ တစ်ခါမှ မတက် ရောက်ဖူးလို့ ကတုန်ကယင် လာခဲ့ကြသူတွေ၊ သိမ်သိမ်ငယ်ငယ် လေးဖြစ်နေသူ တွေလည်း ရှိကြမှာပါ။ ရောက် ဖူးချင်လွန်းလို့ တွေ့ဖူးချင်လွန်း လို့ဆိုသူတွေ။ ရင်ခုန်သံ ကိုထပ်တူ ခံစားချင် သူတွေ။ ဒီနေ့ကိုသိလို့ အာရုံစိုက်နေ ကြသူတွေ။ မနှစ်က စာဖတ်သူ အကြိုက် ရွှေအသစ် ၀တ္ထုတို ဆုရတဲ့ လင်းယဉ်နွဲ့(မြို့သစ်ကလေး)ဟာ ဘီးတပ် ကုလားထိုင်နဲ့ ဒီပွဲကို ခက်ခဲ ပေါင်းစုံနဲ့ ချီတက်ခဲ့ ရတဲ့ အဝေးတစ် နေရာ က စာရေးသူတစ် ယောက်ပါ။ သူ့ရဲ့ လွမ်းနေ ရမည့် မေတစ်ည ကိုဖတ်ရတော့ သူ့အတွက် ပင်ပန်း ခက်ခဲမှု တွေကို စိတ်မကောင်း။ ဒါပေမဲ့လည်း စာရေးသူ တစ်ယောက်ရဲ့အားမာန်နဲ့ သူအရောက် လာနိုင်ခဲ့တယ်၊ ခန်းမ ထဲမှာသူ မျက်ရည်ဝဲခဲ့တယ်၊ ပီတိဖြစ်ခဲ့တယ်။

မျှော်လင့်တာတွေ အများကြီး ရှိသလို မမျှော်လင့် တာတွေလည်း အများကြီး တွေ့ရမှာပါ။ တစ်ဦးနဲ့ တစ်ဦး အကြိုက်၊ အတွေးအခေါ် သုံးသပ်ချက် တွေဟာ ထပ်တူကျတာ ရှိသလို ကွဲလွဲ နိုင်တာ တွေလည်း ရှိနိုင်ပါတယ်။ ဒီနှစ်ကတော့ ဆုရရှိသူ အမည် စာရင်းကို မနှစ်က ရရှိသူ တွေက ပြန်ပြီး ဖွင့်ဖောက် ကြေညာ ပေးပါတယ်။ အခမ်းအနားမှူး ညီမင်းညိုက ဆုပေးပွဲ မတိုင်မီက စာရေးဆရာ/ဆရာမများရဲ့ ဆုအဖြစ် ကိုယ့်အကြိုက် ရွေးချယ်ထား သူတွေရဲ့ နာမည် စာရင်းကို တစ်ယောက် ပြီးတိုင်း ကြေညာပေး တာဟာ စိတ်လှုပ်ရှားစေပြီး အာရုံပိုပြီး စူးစိုက် စေပါတယ်။

ကျွန်မလည်း မြူးဇစ် အသံတွေနဲ့ အတူ ဆုရမဲ့ သူများနဲ့ ထပ်တူ ရင်ခုန် နေမိပါတယ်။ Sky Net ကင်မရာ ကြီး ဘေးနားက နောက်ဆုံးဝိုင်းမှာ ထိုင်မိပါတယ်။ အဖွဲ့တွေ ကလည်း ဒီနားမှာ စုံနေတယ်။ ကျွန်မကတော့ ထုံးစံ အတိုင်း စောလာ ပေမဲ့လည်း အောက်ထပ်မှာ တောင်ကြီးက စပွန်ဆာ ပေးတဲ့ မနီနီအောင်ကို စောင့်နေရတယ်။ သူနဲ့ကိုယ်နဲ့ ကလည်း မမြင်ဖူးကြ။ ဆရာ ဦးဝင်းငြိမ်းက ဖုန်းဆက်တော့ ဟုတ်ကဲ့ မမြင်ဖူး ပေမဲ့ ကျွန်မတို့ပဲ ဖုန်းချိတ် ဆက်ပြီး ခေါ်ခဲ့ပါ မယ်ပေါ့။ သူကလည်း စာပေ ၀ါသနာ ပါသူမို့ တစ်ဆုကို တစ်သိန်း ခြောက်ဆုအတွက် ဂုဏ်ပြု ငွေပေးသူ၊ ဆုရသူတွေကို သူလည်း မြင်ချင်ပုံ၊ မနှစ်က တော့ မရှိလို့ မလာဖြစ်။ အောက်မှာပဲ စောင့်ရင်း စောင့်ရင်း။

ဟော ဆရာမ မစန္ဒာ၊ ဟော ဆရာမ မနှင်းဖွေး၊ ဆရာ ဦးမိုးသူ၊ ဘယ်သူ့ကိုမှ မနှုတ်ဆက် ဖြစ်တော့။ ဆရာမတွေကလည်း လမ်းလျှောက်တာ ခပ်မြန်မြန်၊ ဒီကို နှုတ်ဆက် လိုက်ရင် လည်း မမြင်ဖူးတဲ့ မနီနီအောင် ကိုလွတ် သွားမှာလည်း စိုးရသေး။

နောက်ဝင်လာ သူက နှစ်လွှာ ဆရာမ ကြည်မွေ့အိမ်နဲ့ ဆရာမ လဲ့ဝင်းကြည်(ချို) ဒီနှစ်ယောက် ကိုတော့ အပြေးအလွှား နှုတ်ဆက်လိုက် ရတယ်။ နောက်တစ်ယောက် ဆရာမ မီမိုး လှတပတနဲ့ ၀င်လာတော့ မမိုးရေ လုပ်ပါဦး၊ အပေါ်မှာ နေရာဦး ထားပါဦး၊ ဒီမှာစောင့် နေရလို့ပါ ဆိုတော့ သူက စိတ်ချ၊ စိတ်ချဆို ပြီး ဓာတ်လှေကားဆီ ခပ်သွက်သွက်။

နောက် မင်းဝေဟင်နဲ့ တွေ့တော့ သူကလည်း သူ့ဂျာနယ် အတွက်ဆိုပြီး ဓာတ်ပုံ သုံးပုံလောက် ဆက်တိုက်ရိုက် နေတုန်းမှာ မနီနီအောင်နဲ့ ကျွန်မ ဆုံသွားရတယ်။ သူရောက်လာမှ ကျွန်မ နဲ့အတူ အပေါ်ထပ် တက်ခဲ့ပြီး ဆရာ ဦးဝင်းငြိမ်းနဲ့ မိတ်ဆက်ပေးပြီး မသီတာ(စမ်းချောင်း)လက်ကို နေရာချ ပေးဖို့ အပ်ပြီးမှာ ကိုယ့်နေရာဆီ ရောက်တော့ လူက တော် တော်စုံ နေပါပြီ။ ထုံးစံအတိုင်း ဘယ်သူ တွေက ရှိတယ်၊ ဘယ်သူတွေက မရှိ ဘူး၊ ဘယ်သူထင်တယ်၊ ဘယ်ဝါထင် တယ်၊ သေချာတယ်၊ မသေချာဘူး၊ လောင်းမလား၊ အောင်မယ် ဒီနှစ်ငွေက တစ်ဦးကို ဆယ်သိန်း ကျော်နေပြီနော်။ သံစုံမြည် တီးဝိုင်း ထက်တောင် အသံတွေ က မည်နေသေးတယ်။ စပွန်ဆာတွေရဲ့ ကောင်းမှုတွေကြောင့် စာပေ မျိုးဆက်သစ်တွေ အတွက်လည်း အားတက်စရာ။

အသစ် အသစ်ဆိုလို့ မျိုးဆက်သစ် ဆုအတွက် ကတော့ ဘယ်တော့မှ များ များစားစား မဖိတ်။ ဒါကြောင့် တွေ့မိ တာက န၀ရတ်(ဂုဏ်ရူပ)၊ နန်းဧကရီရှင် မိန်းကလေး နှစ်ယောက်။ ကျွန်မတွေးနေ တုန်း နားနားလေး ရောက်လာတဲ့ အသံ တစ်ခုက အောင်ဖြိုးကျော်(ပခုက္ကူ) အသစ်တဲ့။ ဟုတ်လား။ သူက ဘယ်မှာ လဲ၊ ဘယ်ဝိုင်း မှာလဲ၊ နောက်ဆုံးတော့ ကျွန်မ ဘေးထိုင် နေတဲ့ အင်္ကျီအဖြူနဲ့ တစ် ယောက်တဲ့ ကောင်းရော။ ကျွန်မက သူ့ ဘေးထိုင်တာ မဟုတ်ဘူးနော်။ သူက ကျွန်မဘေးခုံ လာထိုင်တာ။ ခုမှပဲ သိတော့ သူ့ကို ဟိုဘက်ဝိုင်းက စာရေးဖော် တွေက လာစကားပြော။ ဒီပွဲမှာ အဟောင်းတွေ အတွက်က မဆန်းပေမဲ့ အသစ်တွေ အတွက်၊ တစ်ခါမှ မတက် ရောက်ဖူးသူတွေ အတွက်ကတော့ အဆန်းကြီးနဲ့  ရင်တုန်စရာကြီး။

အောင် ဖြိုးကျော်(ပခုက္ကူ) နဲ့ စကားပြောဖြစ် တော့ သူ့အတွက်လည်း တက်ဖို့တောင် မမျှော်လင့်ရဲ ခဲ့တဲ့ဒီပွဲကို ဆရာ ဦးဝင်းငြိမ်းရဲ့ ဖိတ်ကြားချက်နဲ့ မနည်းကြီးအား တင်းပြီး လာခဲ့ရတာပါ။ ဆုရလို့ ဖိတ် တာ မဟုတ်ဘူးနော်။ တော်လို့ ဖိတ်တာပါ လို့ ဆရာ ဦးဝင်းငြိမ်းက ပြောသတဲ့။ ဘယ်လိုပဲ ဖြစ်ဖြစ် ဆရာထံက အဲဒီလို ကြားရတာနဲ့ တင်ပျော်ပြီး အားတက်မိ ကြောင်းပြောရင်းနဲ့ ခန်းမထဲက စည်ကားမှု ကိုကြည့်ပြီး တစ်စုံ တစ်ခုကို စိုးရွံ့ နေသယောင် နောက်ဆုံး ဆုတွေ တစ်ဆု ပြီးတစ်ဆု ကြေညာ၊ လွဲတဲ့ ဆုကလွဲ၊ တည့်တဲ့ဆု ကတည့်ဆိုတော့ ကျွန်မတို့ ဘက်လှည့်ပြီး မျိုးဆက်သစ် လည်း လွဲသွားနိုင်တယ် နော်တဲ့။ သူ့ရှေ့မှာ စားစရာတွေက တစ်စက်မှ အရာမယွင်း ဘာမှစားခိုင်း လို့လည်းမရ။ ရေတောင် သောက်လို့ မရတော့ဘူး တဲ့။ သူ့ရဲ့တုန် လှုပ်မှုကို ထိန်းသိမ်း နေရတာမို့ အစာ လည်း မစားနိုင်၊ ရေလည်းမသောက် နိုင်၊ စင်ပေါ်ကိုသာ စူးစူးစိုက်စိုက် ကြည့် နေရင်း။

သေချာသလောက ဖြစ်နေတာမို့ ဆရာမ နှင်းဝေငြိမ်းကလည်း ကင်မရာ နဲ့ တဖျတ်ဖျတ်။ နောက်ဆုံး ဘယ်လိုမှ မလွဲခဲ့တဲ့ မျိုးဆက်သစ်ဆုဟာ အောင်ဖြိုး ကျော်(ပခုက္ကူ)ရဲ့ ရသစစ်စစ် ၀တ္ထုတိုက ခူးဆွတ် ခဲ့ပါတယ်။ ဆုကြေညာသွားတာ လည်း သေချာ ကြားပုံမပေါ်၊ အံ့သြမှင် တက်ရင်း မလှုပ်မယှက် ထိုင်နေတဲ့ ဆရာ အောင်ဖြိုးကျော်(ပခုက္ကူ)ကို မင်း ဝေဟင်တို့အုပ်စု ချိုင်းကနေ ၀ိုင်းမပြီး ထခိုင်းမှ ပါသွားတယ်။ သတိနဲ့စိတ် တစ်ခဏ လွတ်သွားတဲ့ ဆုရသူရဲ့ ရင်ခုန် ခံစားမှုကို ကိုယ်ချင်း စာပါတယ်။ ကျွန်မ တုန်းက ခံစားမှုကို ပြန်တွေးမိတော့ ပြုံး ချင်စရာ။ ဆုပေးမဲ့ သူထက် ဆုယူမဲ့သူက စင်ပေါ် အရင်ရောက် နေလို့ အခမ်း အနားမှူးက ပြောယူရတယ်။ ချက်ချင်း သိသာ ပြောင်းလဲခြင်း ကတော့ အဲဒီ ထရိတ်ဒါး ခန်းမ ထဲမှာပင် အယ်ဒီတာ များရဲ့စာမူ တောင်းခံ ရခြင်းပါပဲ။ အေး စက်နေတဲ့လက်ဟာ လက်ပေါင်းများ စွာရဲ့ ကြည်နူး ပီတိနဲ့ နှုတ်ဆက်ခြင်းကို အင်အားရှိစွာ ခံစားရ စေပါတယ်။ သူ လည်း ကျွန်မတို့တုန်း ကလိုပါပဲ။ မမျှော် လင့်ရဲ မျှော်လင့်ခြင်းနဲ့ ဆုကို ပိုက် လာတော့ အပြုံးပီတိတွေ ရစ်သန်းလို့၊ ဘာမှစားခိုင်း လို့မရတဲ့ သူက မျိုးဆက် သစ်ဆု ယူလာပြီး တော့လည်း နှုတ်ဆက် ရခြင်းများစွာနဲ့ မစားနိုင် ပြန်ပါဘူး။

ရွှေ အသစ် တစ်ယောက်ရဲ့အပြောကို ကျွန်မ မှတ်မိနေတာက သူ့ရွာမှာ စာဖတ်သူ သိပ်ကို ရှားပါးလွန်းတဲ့ အတွက် စာကြည့်တိုက်လေး ဖွင့်ချင်ခဲ့တာ နှစ်ပေါင်းများ စွာကြာခဲ့ပြီ အကောင်အထည် မဖော်နိုင်ဘူး။ အခုတော့ ကျွန်တော့်ဆန္ဒလေး ပြည့်ဝသွားပြီ။ ဒီဆုရတဲ့ ပိုက်ဆံနဲ့ စာကြည့်တိုက် ဖွင့်မယ်လို့ အားတက် သရော ပြောပြတဲ့ ရွှေအသစ် တစ်ယောက်ရဲ့ဆန္ဒကို အားပေးမိတယ်။ ဆရာ ဦးဝင်းငြိမ်း နဲ့အတူ ဒီဆုတွေရဲ့ ပံ့ပိုးသူ တွေလည်း ၀မ်းသာကြမှာပဲလို့ အောက်မေ့မိတယ်။ သူကတော့ ကျွန်မတို့ လှိုက်လှိုက်လှဲလှဲ ကြိုဆိုမှုကို အရမ်း ၀မ်းသာကြောင်း၊ မဟုတ်ရင် ဒီခန်းမကြီး ထဲကတောင် စိုးရွံ့စိတ်တွေနဲ့ ထွက်ပြေး သွားချင်ကြောင်း၊ စိတ်ထဲမှာ ဆုရခြင်း၊ မရခြင်းထက် ခုလို တွေ့ဆုံကြရတာကို ရင်ထဲ အရမ်း ၀မ်းသာကြောင်း ပီတိနဲ့ ပြောတယ်။

ဆုယူတဲ့ စင်မြင့်ပေါ်မှာ အပိုလုပ်တာ မဟုတ်ဘဲ ရင်ထဲက ဖြစ်ပေါ်လာတဲ့ ဆန္ဒနဲ့ ဆရာ ဦးဝင်းငြိမ်းကို ကျကျနန ထိုင်ကန်တော့ လိုက်တော့ မြင်ရသူတွေ အတွက် ရင်ထဲ ပိုကြည်နူး ချမ်းမြေ့စရာပါ။ မြန်မာပြည် အလယ် ပိုင်းနယ်လေး တစ်နယ်က လူတစ်ဦးကို စာရေးဆရာ တစ်ဦးအဖြစ် ရွှေက မွေးဖွားပေး ခဲ့ပြန်ပါပြီ။

ဒီနေရာမှာ ကျွန်မစာအုပ် မိတ်ဆက် ပွဲမှာ ဆရာ ဦးမျိုးမြင့်ညိမ်း ပြောတဲ့ စကားတစ်ခွန်းကို မှတ်မှတ် သားသား ဖြစ်မိပါတယ်။ “ကျွန်တော်တို့က စာမျက်နှာ ပေါ်နေရာ ပေးပြီးရင်ကို ဒီ စာရေးဆရာ၊ ဆရာမ ဘာတွေဆက် လုပ်နေပြီလဲဆိုတာ ရင်ခုန်စွာ စောင့် ကြည့်နေတာပါ” ဒါကလည်း အသေ အချာပါပဲ။

စာမျက်နှာပြင်ပေါ် ဖြတ်သန်းမှုကို တောင် စောင့်ကြည့် နေပါတယ် ဆိုရင် ရွှေက မွေးထုတ်တယ် လို့ပဲ ဆိုပါရစေ။ ဆုတံဆိပ် ပေးအပ်ပြီးတဲ့ အခါမှာလည်း ယုံကြည်မှုနဲ့ ဘယ်လောက်တောင် စောင့်ကြည့် နေမလဲဆို တာ ပိုလို့ စဉ်းစားမိပါတယ်။

ကျွန်မအတွေး ကတော့ ခရီးတစ်ခု ကို ဖြောင့်ဖြောင့်တန်းတန်း ဆက်သွားဖို့ အတွက် အရှိန်ပြင်းပြင်း မောင်းနှင်နေတဲ့ ရထားကြီး တစ်စင်းပေါ် လက်မှတ် ဖြတ်ပေးပြီး တင်ပေးလိုက် သလိုပါပဲ။ အဲဒီ ရထားကြီးပေါ်မှာ အစစ် အဆေးမရှိ ခုံနေရာ တစ်ခုမှာ ကျကျနန ထိုင်ပြီး လိုက်ပါ သွားရုံပါပဲ။ အဲဒီ ခုံတွေမှာ အခုဆိုရင် လိုက်ပါ လာသူတွေ မနည်းပေါ့။

ခရီးမဆုံးခင် သတ်မှတ်မှု မရှိတဲ့ ဘူတာတွေမှာ ခုန်ဆင်းပြီး လက်မှတ် ပျောက်သွားမှာ ကိုတော့ လက်မှတ်ဖြတ် ပေးသူတွေ မလိုလား ကြမှာအမှန်ပဲ ပေါ့။ ဆရာ အောင်ဖြိုးကျော်(ပခုက္ကူ) က ဆုရပြီး နောက်ပိုင်း ခံစားချက်လေး တွေကို အရှိအတိုင်း ဂျာနယ်၊ မဂ္ဂဇင်း စာမျက်နှာပေါ်မှာ ရေးသားလေ့ ရှိပါတယ်။ ၀တ္ထုတို မဟုတ်ပေမဲ့ အရေး အသား သွက်သွက်လေး တွေနဲ့မို့ ဖတ်ရတာ အဆင်ပြေ လှပါတယ်။

စက်တင်ဘာ ရွှေမှာတော့ မှတ် ကျောက်တင်ခံ ရွှေတို့ အားမာန် ဆောင်း ပါးဖတ်ရတော့ ဒီစာမျက်နှာ ပေါ်ကပဲ ဂုဏ်ယူမိပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ မြို့နဲ့ဝေးကွာ လှတဲ့ရွာလေးမှာ စာကြည့်တိုက်လေး ဖွင့်ဖြစ်ခဲ့ပြီ။ “ခံ့ခံ့ညားညား ရွှေအလင်းတန်း”တဲ့၊ ကျေးရွာအဆင့် စာကြည့်တိုက်လေး၊ ရွှေကလောင် ကလည်း အဲဒီ စာကြည့်တိုက် လေးမှာ ခံ့ခံ့ညားညား၊ အဲဒီ ရွာလေးမှာတော့ တကယ့်ကို ဂုဏ်ယူစရာ ဖြစ်ခဲ့မှာ သေချာ လှပါတယ်။ ဒီဆောင်းပါး လေးဖတ်ရတော့ ဒီဆုရတဲ့ ငွေနဲ့ ဖွင့်ချင်တဲ့ စာကြည့်တိုက် လေးကို အကောင်အထည် ဖော်ဖွင့် ဖြစ်နိုင်ခဲ့ပြီပဲဆိုပြီး အဝေးကနေ ၀မ်းသာ မိပါတယ်။

အဲဒီရွာလေးက ပြည်သူတွေ စာဖတ် လာဖို့၊ စာကြည့် တိုက်လေး ကိုလာဖို့ စောင့်ရှောက် ကြဖို့ ဆိုတာတော့ ဆရာ အောင်ဖြိုးကျော်(ပခုက္ကူ) ဆက် လက်ကြိုးစား လိမ့်မယ် ထင်ပါတယ်။ ရွှေဆုက ရတဲ့ အဖိုး မဖြတ် နိုင်တဲ့ ငွေကြေး တစ်စုံတစ်ရာနဲ့ အကောင်အထည် ဖော်နိုင်မှုဟာ သူတို့ ရင်တွင်းက အမှန် တကယ် ဆန္ဒတွေ ဖြစ်သလို စာပေနဲ့ ပတ်သက်ရာ ဆန္ဒတွေမို့ သူတို့ အနီးကပ် အပျော်တွေကို မျှဝေ ခံစားလို့ ရခဲ့ကြ ပါတယ်။

ကျွန်မတုန်းက ရောလို့ တွေးမိတော့ အပျော်တွေက အေးစက် မသွားသေး။ တွေးမိတိုင်း၊ ကြုံမိတိုင်း နွေးထွေးနေဆဲ၊ အမှတ်တရ တွေရှိသလို ရယ်စရာ တွေလည်း တွေ့ခဲ့ ရပါတယ်။ ၂၀၀၈ ခုနှစ်ရဲ့ ဆုကြေးငွေ သုံးသိန်း ဆိုတာက မနည်းလှ ပါဘူး။ မှတ်မှတ်ရရ ဖဲပြားလေးတွေနဲ့ ချည်ထားတဲ့ နှစ်သိန်း တစ်ထုပ်၊ တစ် သိန်းတစ်ထုပ်၊ ဆရာဆူဒိုနင် စာအုပ်တိုက်က ပါတ်ကား ဘောပင် တစ်ချောင်း။

အိမ်ရောက်ရောက်ချင်း နှစ်သိန်း ကို အဘိုး တစ်သိန်း၊ အဘွား တစ်သိန်း လက်ထဲ ပေးအပ်ခဲ့ပါတယ်။ အဲဒီငွေ အထုပ်လေးကို မသုံးရက်ဘဲ အချိန် တော်တော် ကြာတဲ့အထိ ဂုဏ်ယူစွာ အံဆွဲထဲ သိမ်းဆည်း ထားခဲ့ကြတယ်။

တဖြည်းဖြည်း ရှင်သန်ဖွံ့ဖြိုး လာတဲ့ ရွှေဆုပေးပွဲ ကြီးဟာ လွတ်လပ်စွာ၊ တောက်တောက် ပပနဲ့ ပိုမို အင်အားများ လာတာမို့ ပိုပြီးစည်ကား လာသလို မျိုးဆက်သစ် တွေအတွက် အင်အား အများဆုံး ရရှိနိုင်မဲ့ နေရာ တစ်ခုပါ။ ဒီအတွက် အဓိက ကျန်းမာဖွံ့ဖြိုး နေဖို့ အားတွေရော၊ ကံတရား တွေရော အများကြီး လိုအပ်ပါတယ်။

စာရေးတဲ့ အသစ်လေးတွေ အတွက် နှစ်ကြောင်းရေး တစ်ကြောင်း ခြစ် စာရေးသူ တွေရဲ့ အတွေ့အကြုံ၊ ခံစားချက်တွေက စိတ်ရှည်ဖို့၊ စိတ်ဓာတ် မကျဖို့၊ အချိန်ကြာကြာ စောင့်ရမှုကို ခေါင်းထဲ မထားဖို့ ကိုပဲ ဦးတည် ထားပါတယ်။ ရွှေဖြစ်စေမဲ့ ရွှေဝတ္ထုတို တစ်ပုဒ် ဖြစ်ဖို့ စိတ်ရှည်ရှည် ထားပြီး စာမူ ကောင်းတစ်ပုဒ် ရအောင် အထပ်ထပ် ရေးပြီးမှ ပို့သင့်ပါတယ်။ စာမူခ  ဆိုတဲ့ စိတ်ထက် စာမူ တစ်ပုဒ်ပါဖို့ စိတ်ဇော ထက်သန်ခြင်းနဲ့ ၀တ္ထုတိုတွေ၊ အက် ဆေးတွေ၊ ဆောင်းပါးတွေကို မွေးဖွားဖို့ စာတွေကို ဖတ်ခြင်းနဲ့ အားဖြစ်စေပါ တယ်။

ကျွန်မနှစ်သက်တဲ့ ကနေဒါ စာရေး ဆရာမ မာဂရက်အက်တ်ဝုဒ်ရဲ့ ကောက်နုတ်ချက်စာသားလေးကို ပြောရ မယ်ဆိုရင်-
“စာရေးတဲ့အခါ ရှင်ကြိုက်တဲ့ ဘာသာ စကားရယ်၊ ဘာရေးမလဲ ဆိုတာရယ်၊ ပြီးတော့ ရှင့်ဘ၀ တစ်စိတ် တစ်ဒေသရယ် အားလုံးပါ နေရမယ်။ ဒါပေမဲ့ ရှင်စာတွေ ဆက်ရေးလာမယ် ဆိုရင်တော့ အဲဒီလိုရေးသား နေတာတွေ နောက် ကောက်ကောက်ပါအောင် လိုက်ရေး ရတော့မယ်။ အဲဒီကျရင် ရှင်သွားဖို့ ဘယ်တော့မှ မရည်ရွယ်တဲ့ နေရာတွေ ရှင်ရောက်သွားမယ်။ ပြီးရင် ရှင်ဘယ် တုန်းကမှ မမြင်ခဲ့တဲ့ အရာတွေကို ဖော်ထုတ်ပြ လိမ့်မယ်လေ။        


ချောအိမာန်၊မန္တလေး၊
(ရွှေအမြုတေ မဂ္ဂဇင်း၊နိုဝင်ဘာလ ၂၀၁၂)

3 comments:

myotthakoyin said...

Just spoke on the phone with all my sayadaws: MyaSetkyar U Letkhana(in mdy) and Zaguy, Myottha sayadaws and all my Thilashin friends (sayagyi/sayalay), and happy to have learnt that they are all safe and well during the recent earthquakes. Hope cem(mdy) and all her family/friends are also safe and well.

လွတ်လပ်စွာ said...

မင်္ဂလာပါ ဆရာမ

လွတ်လပ်စွာ said...

မင်္ဂလာပါ ဆရာမ လာရောက်ခဲ့ပါတယ်။။။