Friday, November 30, 2012

ဝမ်းနည်းတတ်သူရဲ့ အပြုံး







Happy Birthday မာမီ။ ဒီကနေ့ မာမီရဲ့ ၉၇ နှစ်မြောက် မွေးနေ့ပေါ့။ ကျွန်မ နှုတ်မဆက်ခင် ကပဲ ကျွန်မ အဘိုး(ဒယ်ဒီ) ၉၃ နှစ်က အပြုံးချိုချို၊ အနမ်းဖွဖွနဲ့ အိပ်ရာထဲမှာတင် နှုတ်ဆက်ပြီးပြီ ဆိုတာ ကျွန်မ သိတယ်။
မာမီ့ကို စတီးလ် ၀ှီးချဲလေးပေါ် ၀ိုင်းတင်ပေးပြီး ထမင်းစားခန်းထဲကို ခေါ်ခဲ့တယ်။ ဒီနေ့ မာမီ့မွေးနေ့ဆိုတာ သိလားဆိုတော့ မာမီက ခေါင်းညိတ်တယ်။ ညာလက်နဲ့ ညာခြေက လေဖြတ်ပြီး မသန်တာကြောင့် မျက်နှာသစ်ရင် ဘယ်လက်နဲ့ သစ်တယ်။ ပါးစပ်ထဲက သွားတုကြီးကိုတော့ မနက်ရောက်မှပဲ ဖြုတ်ဖြုတ် ဆေးပေးရတယ်။

ညကို ချွတ်ထားရင် မနေတတ်လို့တဲ့။ မျက်နှာသစ်ပြီး ဘိုကေ ဆံပင်လေးကို ၀ှီးချဲ နောက်အိတ်ထဲမှာ ထည့်ထားတဲ့ ဘီးနဲ့ ထုတ်ဖြီးပေးလိုက်တယ်။ မနေ့ညနေက ၀ယ်ထားတဲ့ မွေးနေ့ ကိတ်လေးကို ထုတ်ပြီး Happy Birthday လို့ ပြောပြီး ကိတ်မုန့်လေးကို စခွဲလိုက်တယ်။ မာမီ့ကို ချောင်းဆိုးမှာ စိုးလို့ ခရင်မ်တွေ မကျွေးဘူး။ မာမီက မနက်တိုင်း လက်ဖက်ရည် တစ်ခွက်၊ ကြက်ဥတစ်လုံးနဲ့ ပေါင်မုန့်တစ်ချပ်၊ ထမင်းရည် တစ်ပန်းကန် သောက်ပါတယ်။

အစာအိမ်နဲ့ နှလုံးဆေးလေးကို ပန်းကန်လေးထဲထည့် ရေတစ်ခွက် ချပေးထားရတာ နေ့စဉ်ပေါ့။ အသက် ၈၀ ကျော် နှစ်ပိုင်းကတည်းက ကျန်းမာရေး ယိမ်းယိုင်စ ပြုလာတဲ့ မာမီဟာ ဂရုစိုက်ရင်း ကြားကပဲ ခြေထောက် ကျိုးဖူးသလို မကြာခင်မှာ လက်လည်း ကျိုးဖူးတယ်။ အအေးမိ လေဖြတ်သွားတော့ မသန်ရာကနေ ပြန်ကောင်းလာတော့ ကုလားထိုင် ကနေ ပြုတ်ကျလို့ ခြေထောက်တစ်ခါ အဆစ်လွဲ သွားပြန်တယ်။ အဲဒီကနေ လမ်းမလျှောက်နိုင် ဖြစ်သွားပြီး အစာအိမ် သွေးကြောပေါက် ရောဂါကို အကြီးအကျယ် ခံစားရပြီး ဆေးရုံကို တစ်နှစ်တစ်ကြိမ်နှုန်း တက်ရပါတယ်။ တစ်ခါတစ်ခါ ဆေးခန်းတက်ရင် ဆယ်သိန်းနီးနီး ရှင်းရပါတယ်။မာမီရဲ့ ပင်မရောဂါက အစာအိမ်နဲ့ သွေးတိုးရောဂါ ဖြစ်ပြီး မနှစ်က ဆေးရုံတက်လိုက်ရတုန်းကတော့ ဆရာဝန်ကြီးတွေ ကိုယ်တိုင် အတော်ကို ခေါင်းခဲစေမယ့် ရောဂါပါ ပါလာပါတယ်။ နှလုံး ဆရာဝန်၊ အစာအိမ် ဆရာဝန်၊ ခွဲစိတ်ဆရာဝန် သုံးယောက်ညှပ် ကုရပြီး ဆေးရုံနှစ်ခါ ပြန်တက် လိုက်ရ တယ်။ ဆရာဝန်ကြီးတွေ ခေါင်းခဲသလို ကျွန်မတို့လည်း အတော့်ကို စိတ်ဆင်း ရဲခဲ့ရတယ်။ အသက်အရွယ်က အရမ်း စကားပြောတဲ့ အတွက် ၉၇ နှစ် လူနာကို ကုသရတာ အတော်လေး ဦးနှောက် စားရပါတယ်။

ကံကြမ္မာက ဒီတစ်ခါတော့ မာမီ့ကို လက်လွှတ် လိုက်ရပြီ ထင်ပါရဲ့လို့ တွေးထားမိတယ်။ ဒါပေမယ့်လည်း ထုတ်မပြောရဲ၊ မေးတဲ့ ဗေဒင်တိုင်းက လည်းမကောင်း နဲ့၊ ယတြာတွေ တတ်နိုင်သလောက် လုပ်ရင်း အတော်လေး ပြင်းပြင်းထန်ထန် ကြားက လွတ်မြောက်ခဲ့တယ်။ မာမီ့ရဲ့ညတိုင်း ညည်းသံတွေကို မကြား ရက်နိုင်လွန်းလို့ စိတ်မကောင်း ဖြစ်ခဲ့ကြရတဲ့ ရက်တွေကို လွန်မြောက်လာ တော့ အတိုင်းမသိ ၀မ်းသာမိ တယ်။ အခုဆိုရင် နေကောင်းလှချည်ရဲ့ မဟုတ်ပေမယ့် သူမှာ နာတာ ကျင်တာ မရှိ တော့ရင်ကို ၀မ်းသာလှပြီ။ မာမီ့ရဲ့ သီလကြောင့် စိတ် မလွတ် သူငယ် မပြန်ပေမယ့် သူ အရမ်း မေ့တတ်နေပြီ။ ကျွန်မ အလုပ်က ပြန်လာတိုင်း ကျွန်မကို ကျွန်မလို့ မထင် တော့ဘဲ ကျွန်မ ပြန်မလာသေး ဘူးလားလို့ မေးတတ်တယ်။

မာမီက သတိရရင် တော့ အိပ်ရာနိုးလို့ ဘယ်သူမှ လာမခေါ်သေးရင် ပုတီးလေး စိတ်နေတတ်တယ်။ စိတ်လွန်းလို့ ပြောင်နေတဲ့ ပုတီး လေးကို ကျွန်မတို့တွေက သဘော ကျကြတယ်။ နဂိုက မာမီ့ ခန္ဓာကိုယ် ၀၀ကြီးဟာ အခု ဆေးရုံတွေ ခဏခဏ တက်ရတော့ တစ်ဝက်လောက်ပဲ ကျန် တော့တယ်။ ဒါပေမယ့် သူက ဒီလို ပိန်တာကို သဘောကျကြောင်း ကျွန်မကို ပြောတယ်။ လမ်းမလျှောက်နိုင် တဲ့ မာမီ့ကို“မ”ရတော့ အဆင် ပြေတာပေါ့တဲ့။ မာမီက ရေမွှေးနဲ့ သနပ်ခါးကို ကြိုက်တယ်။ သရဖီ ၀တ်ဆံလေးတွေ ထည့်သွေးတဲ့ သနပ်ခါးရယ်၊ ကရမက်တွေနဲ့ တစ်ကိုယ်လုံး မွှေးကြိုင် ဖွေးနေရင် မြင်သူ တိုင်းက မာမီကို ချစ်ကြတယ်။ ခေါင်းမှာလည်း စပယ်ပန်း၊ ခရေပန်းကုံးတွေ ကို အကုံးလိုက် ပန်ပေးရင် လည်း သဘောကျတယ်။
သနပ်ခါး ကျွန်မ လိမ်းပေးရင် သိပ်ညီလေ့ မရှိဘဲ မလှ တတ်တာမို့ မာမီကိုယ်တိုင် ဘယ်လက်နဲ့ ပွတ်လိမ်းတတ်တယ်။ ခြောက်သွားရင် သူ့မျက်နှာ ဖွေးဖွေးညီညီ မွှေးမွှေးကို ကျွန်မက အားရပါးရ နမ်းပစ်တတ်တယ်။

မာမီက အနေအေးသူ တစ်ယောက်မို့ စာအုပ်လေး တစ်အုပ်နဲ့ မျက်မှန်လေးတပ် ပေးထားရင် အစအဆုံး အခေါက်ပေါင်းများစွာ လှန် ကြည့်နေတော့တယ်။ အစက မာမီ မေ့တတ်သွားတာ မရိပ်မိဘူး။ ကျွန်မ ၀တ္ထုပါတဲ့ မဂ္ဂဇင်းကို အရင်ဦးဆုံးပေး ဖတ်ပြီးတိုင်း မဖတ်ရသေးဘူး၊ မကြည့်ရသေးဘူးလို့ အတင်းငြင်းဆို တတ်တယ်။ နောက်မှ သတိ မေ့တတ်နေပြီ ဆိုတာ သိလိုက်တယ်။ ဖတ် ပြီးရင်လည်း အစကနေ အဆုံး ဘာမှန်းကို မသိတော့ ဘူး။ ဒီအသက်အရွယ်မှာ ဒီ လောက်ပဲဖြစ်တာ အများကြီး တော်ပါသေးတယ်။ တချို့ဆို အတော့်ကို စိတ်လွတ်ကိုယ်လွတ် သူငယ်ပြန်ကုန်ပြီ။

အရင်ကများဆို မိုးကုတ် ၀ိပဿနာမှာ တရား ထိုင်ခဲ့တာ။ သူစွဲစွဲလမ်းလမ်း ဖတ်ခဲ့တဲ့ စာအုပ်တွေကများ စွာ၊ ဂျာနယ်ကျော်မမလေးနဲ့ ခင်နှင်းယုကို အကြိုက်ဆုံး ဖြစ်သလို အိပ်ခါနီးတိုင်း စာအုပ်တစ်အုပ် ဖတ်ပြီးမှ အိပ်လေ့ရှိတယ်။ မီးထွန်းထားတော့ ကျွန်မလည်း အမှောင်ထဲမှာ ကျင့်သား မရတော့ဘဲ အလင်းထဲမှာ အိပ်တတ်တဲ့ အကျင့်က ကျင့်သား ရသွားခဲ့ တယ်။ ကျွန်မနဲ့ မာမီအိပ်တဲ့ ခုတင်အောက်က သံသေတ္တာထဲမှာ မာမီ ဖတ်လေ့ရှိတဲ့ စာအုပ်အဟောင်းတွေ ရှိတယ်။ ကျွန်မကတော့ နေ့လယ်က ကိုယ်ဆွဲထားတဲ့ ဗလာ စာအုပ်ထဲက မိန်းကလေး ပန်းချီလေးများကို ကြည့်ရင်း စားမြုံ့ပြန်နေမိတယ်။

မာမီက ပုံဆွဲတာ ၀ါသနာပါတဲ့ ကျွန်မကို ရောင် စုံခဲတံဘူးနဲ့ ဆေးဘူး၊ စုတ်တံ လေးတွေ ၀ယ်ပေး တတ်ပါ တယ်။ စာကျက်ရင်း ပန်းချီ ဆွဲရင်တော့ မာမီလုံးဝ မကြိုက်ပါဘူး။ ကျောင်းသွား ခါနီး ခြေဆုံး ခေါင်းဆုံး သနပ်ခါးလိမ်းပေးပြီး ရင် ဘတ်ကို စမူဆာပုံ လက်ကိုင် ပ၀ါ ချိတ်ပေးလိုက်ပြီဆိုရင် ကျွန်မ ကျောင်းသွားရတော့ မယ်။ ကျောင်းဆင်းလို့ အခန်းပေါက်ဝမှာ မာမီ့ကို မတွေ့ရင် ကျွန်မက ၀မ်းနည်း တတ်ပြန်ရော။ ဒါပေမယ့် မာမီက ကျွန်မကို ၀မ်းနည်း ချိန်တွေ အကြာကြီး ပေးမထားဘူး။

မာမီ လာမကြိုတဲ့ ကျောင်းဆင်းချိန် တစ်ရက်မှာ အိမ်ကို ၀မ်းနည်းစွာ အရဲစွန့်ပြီး လျှောက်ပြန်လာနိုင်တဲ့ ကျွန်မကို မာမီ အပါအ၀င် တစ်အိမ်လုံးက “ဟယ် ကလေးလေးက သူ့ဟာသူ ပြန်လာတတ်ပြီ၊ တော်လိုက် တာ”လို့ ပြောခံလိုက်ရတာကို က ကျွန်မကိုယ်ထဲ ကိုယ့်ကိုယ်ကို ယုံကြည်မှုနဲ့ သတ္တိ တွေ စီးမျော ၀င်စေခဲ့တယ်။ လမ်းမှာ ၀မ်းနည်းစိတ်လေး ရှိတာတောင် ဘယ်ပျောက် သွားမှန်းမသိ။ အခုလို ကိုယ့် အိမ်ပြန် လာနိုင်တာကိုက တစ်သက်မှာ အမှတ်တရ ကျွန်မအတွက် ဖြစ်စေခဲ့တယ်။

ညစဉ် ပြတင်းပေါက်ကို ခေါင်းထိုး အိပ်တတ်တဲ့ ကျွန်မဘက်ကလိုက်ကာကို မာမီ အမြဲဆွဲစေ့တယ်။ မာမီက ဆွဲစေ့လိုက်၊ ကျွန်မက ဆွဲဖွင့်လိုက်နဲ့ ညစဉ် အလုပ် ရှုပ်နေတတ်တယ်။ ကျွန်မကို အအေးပတ်မှာ စိုးနေပေမယ့် ကျွန်မကတော့ ပူအိုက်လွန်း နေတတ်တယ်။ မာမီ အပြင်က လပြည့်ကြီး ကြည့်ချင်လို့ ပါ၊ လိုက်ကာဖွင့်ပေးပါဆိုမှ တစ်ဝက်ဖွင့်ပေးတယ်။

ညတိုင်း ဘုရားစာ တစ်ပုဒ်တစ်ပုဒ် နှုတ်တိုက်သင်တယ်။ တစ်ခါမှ ဘုရားစာကို စာအုပ်ထဲကနေ အလွတ် မကျက်ဖူးဘူး။ မာမီ သင်ပေးတဲ့ ဘုရားစာတွေက နှုတ်ထဲစွဲ နေခဲ့တယ်။ အဲဒီ ဘုရားစာတွေ ကိုပဲ ကျွန်မ အခု အချိန်ထိ ရွတ်လေ့ရှိတယ်။ မာမီသင် ပေးတဲ့ ဂါထာ အတိုလေးတွေ အများကြီးပဲ။ ကျွန်မကို အမေ ကိုယ်ဝန်ရှိစဉ်ကတည်းက မာမီက တောင်းယူခဲ့တယ်လို့ အမေက ပြောပြဖူးတယ်။

မာမီ့လက်ထဲ ကျွန်မ ရောက်သွားချိန်မှာ ကျွန်မ အတွက် အင်္ကျီတွေ၊ ပေါင်ဒါ ဘူးတွေ လိုအပ်တဲ့ ပစ္စည်း မရှိ မဖြစ်စေရဘူးတဲ့။ ကျွန်မကို အလွန်အင်မတန် ဂရုစိုက်တဲ့ မာမီက ခြေဆုံး၊ ခေါင်းဆုံး ပြုပြင်ပေးသလို
“ထမင်းစားရင် ပလပ် ပလပ် မမြည်ရဘူး”

“လမ်းလျှောက်ရင်း ထမင်း မစားရဘူး။ သရဲ လိုက်တတ်တယ်”

“လမ်းလျှောက်ရင် ခြေဖနောင့်နဲ့ မချရဘူး။ တဒုန်း ဒုန်းမြည်ရင် ဆင်းရဲတတ် တယ်”

“အမြင်ကတ်တယ်ဆိုတဲ့ စကားကိုပဲ သုံးရမယ်။ အရှေ့က မသင့်လျော်တဲ့ စကားထည့် မပြောရဘူး”

“မိန်းကလေးဆိုတာ ချိုင်းချွေးနံ့ မထွက်ရဘူး၊ ကျောက်ချဉ် လိမ်းရတယ်”

“အိပ်ရာကို တတ်နိုင် သရွေ့ စောစောထရမယ်။ ဒါမှ ကိုယ့်ကိုယ်စောင့်နတ်က အစည်းအဝေးအမီတက်နိုင် မှာ။ သမီးက မနိုးလို့ သမီး ကိုယ်စောင့်နတ်က အစည်း အဝေးနောက်ကျရင် ဘုရား ဆီရောက်ရင် အပြစ်ဒဏ်ပေး ခံရတယ်။ သမီးနိုးမှ၊ မျက်နှာ သစ်ပြီးမှ သူက မြန်မြန် အစည်းအဝေး ရောက်မှာ။ ဒါကြောင့် ကိုယ်က ထတာ နောက်ကျရင် သမီးကိုယ် စောင့်နတ်က သမီးကို ပြန်အပြစ်ပေးလိမ့်မယ်။ ထထ မြန်မြန် မျက်နှာသစ်လိုက်”
“ဟင် ဟုတ်လား”

ကျွန်မလည်း မာမီ့ စကားကြောင့် လန့်ဖြန့်ပြီး မျက်နှာမြန်မြန် သစ်ရတယ်။ အဲဒီအကျင့်စွဲ တစ်ခုကို နားထဲ ရိုက်သွင်းလိုက်တော့ ကျွန်မ အိပ်ရာထတွေ နောက်မကျ တတ်တော့ဘူး။ ကြီးလာတော့ မာမီ ကျွန်မကို ညာပြောတယ် ဆိုတာ သိပေမယ့် ခုချိန်ထိ ကျွန်မ စိတ်တွေထဲ စွဲနေဆဲပဲ။ ခရစ်စမတ် နေ့တွေ ရောက်တိုင်းလည်း အင်္ကျီနီနီ နဲ့ နှုတ်ခမ်းမွေး ရှည်ရှည်ဖြူဖြူ ခရစ်စမတ် ဘိုးဘိုးကြီး ညကျ လာမယ်ဆိုတာ ကျွန်မသိ ထားတယ်။ ခုတင် ခြေရင်းမှာ ကျွန်မ ခြေအိတ်လေး တစ်ဖက်ကို ချည်ထားတယ်။ ခရစ် စမတ်ဘိုးဘိုးကြီးက လိမ္မာတဲ့ ကလေးဆိုရင် ပိုက်ဆံတွေ ထည့်ပေးလေ့ရှိပြီး မလိမ္မာရင် အမှိုက်တွေ ထည့်ပေးတယ်လို့ ပြောပြထားတယ်။ မနက် ရောက်တိုင်း ခြေအိတ်လေး ထဲ ဘာရှိနေမလဲ ဆိုတာ ရင်တုန်လေ့ရှိတယ်။ အပြင် ကနေ စမ်းကြည့်တော့ စက္ကူ မြည်သံလေးကြားရရင် ၀မ်းသာလေ့ရှိတယ်။ အဲဒီတုန်းက ခေါင်းပေါင်း ၁၀၀ိ-တန် ကြီးများကို နှစ်တိုင်း ပိုင်ဆိုင် ခွင့်ရခဲ့တယ်။ ဒါကို တကယ် ပဲ ခရစ်စမတ် ဘိုးဘိုးကြီးက လာထည့်တယ်လို့ပဲ ထင်ခဲ့ တယ်။ သူငယ်ချင်းတွေနဲ့ တောင် အငြင်းပွားခဲ့တဲ့ အထိပဲ။

ကြီးလာလို့ အမှန်သိ သွားတဲ့ အခါ ဒီအလေ့အထ လေးက ပျော်စရာတစ်ခု ဖြစ်တာမို့ ခုချိန်ထိ ခရစ်စမတ်နေ့ ရောက်ရင် ခုတင်တိုင်မှာ ခြေ အိတ်လေး ချည်ထားဆဲ။ အိမ်က ထည့်ဖို့ မေ့သွားရင် ခေါင်းအုံးအောက်မှာ တစ်ထောင်တန် ပိုက်ဆံရွက်လေး များကို တွေ့ရတယ်။ အိမ်မှာ ခရစ်စမတ် ဘိုးဘိုးကြီးက ကျွန်မ ဒယ်ဒီပေါ့။

မာမီက ချစ်ပေမယ့် တချို့နေရာတွေမှာ ပြင်းပြင်း ထန်ထန် အလိုလိုက်လေ့မရှိ ဘူး။ ကျွန်မ မာမီ့ကို စိတ် ဆိုးပြီး စကားမပြောချင်တဲ့ နေ့ရက် တစ်ရက်မှာ ပေါက် ကွဲသံစဉ်တွေကို ရေးပြီး ခံစားချက်တွေကို ဘူးလေး တစ်ဘူးထဲ ပိတ်လှောင်ထား ခဲ့တယ်။ အဲဒီထဲက စာကို မာမီက တွေ့သွားပြီး ဖတ် ကြည့်တဲ့အခါ စိတ်မဆိုးဘဲ မဆိုးဘူး အရေးအသား ကောင်းတယ်လို့ ချီးကျူး တော့ ကျွန်မက အံ့သြပြီး တကယ်လား ဟင်လို့ မာမီ့ ကို ပြန်မေးမိတယ်။
ဒီလိုနဲ့ ကျွန်မ အနားမှာ ရှိတဲ့ စာအုပ်တွေ ဖတ်ရင်း၊ ငှားရင်း ပိုးတွေက ဆွလာတော့ တစ်ယောက်တည်း ငြိမ်ငြိမ်ကုပ်ကုပ်နဲ့ စာတွေရေး နေမိတယ်။ ၀တ္ထုတိုတွေကို ဗလာစာအုပ် စာမျက်နှာပြင် တွေပေါ်မှာ စိတ်ကူးယဉ် ဇာတ်လမ်းတွေ ဖွဲ့နွဲ့မိတော့ တယ်။

ကျွန်မ ၀ါသနာကို တားမြစ်လေ့ မရှိဘဲ မာမီက အားပေးတယ်။ ဒယ်ဒီက အင်္ဂလိပ် ၀တ္ထုတွေပဲ ဖတ်တတ်ပေမယ့် နောက်ပိုင်း စာမျက်နှာပြင်ပေါ်ပါတဲ့ ကျွန်မ ၀တ္ထုတိုတွေကို ဖတ် တတ်သွားတယ်။ ကျွန်မ ၀ါသနာကို အထင်မြင်သေး ခြင်းမရှိသလို စာပေက လူတွေကို ဘယ်လောက်အကျိုး ပြုတယ်ဆိုတာကို သူ့တို့ သိထားတယ်။ ဒါကြောင့် ကျွန်မဟာ ခိုးကြောင်ခိုးဝှက် ရေးစရာမလိုဘဲ လွတ်လွတ် လပ်လပ် ရေးသားနိုင်တယ်။ ခုချိန်ထိအောင် စာကို သူတို့ ကောင်းမွန်စွာ ဖတ်နိုင်ကြ သေးတယ်။ မာမီကတော့ ဖတ်ပြီးရင် မေ့တယ်။ ဟို ကြည့်ဒီကြည့်ပဲ။ အရင်ကတော့ ကျွန်မ၀တ္ထုတိုင်းကို ဖတ်တယ်။

ကျွန်မက အခုချိန်ထိ သူတို့ စိတ်ချမ်းသာမှုကို ရှေး ရှုသလို ကျွန်မ စိတ်ချမ်းသာမှု ကိုလည်း သူတို့က ရှေးရှု တတ်တယ်။ သူတို့ကျွန်မကို ယုံကြည်သလို ကျွန်မလည်း သူတို့ကို ယုံကြည်မိတယ်။ ပြဿနာ တစ်စုံတစ်ခု အတွက် အိမ်တိုင်ရာရောက် ကျွန်မကို လာစော်ကားရင်တောင် သူတို့ ဘာမှ တုံ့ပြန်မှု မရှိဘဲ ကျွန်မကို ယုံကြည်တယ်။ ဒါကြောင့် ကျွန်မတို့ ကြားမှာ ဘာပြဿနာမှ မဖြစ်ခဲ့ကြဘူး။

အရင်က ပဋ္ဌာန်း အရှည်တွေ ရွတ်လေ့ရှိတဲ့ မာမီက အခု ၉၇ နှစ် အရွယ်မှာ အရဟံ ပုတီးလေးကိုပဲ စိတ်နေနိုင် တော့တယ်။ ဒယ်ဒီက မာမီ့ အတွက် အရဟံ ပုတီးကို နေ့တိုင်း စိတ်ပေးတယ်။ တရေးနိုးလည်း ထစိတ်တယ်။ မာမီက တစ္ဆေ၊ သရဲ မကြောက်တတ်ပေမယ့် မိုးချိန်းတာကိုတော့ အလွန် ကြောက်တတ်တယ်။ မိုးချိန်း ရင် သူ့နားမှာ တစ်ယောက်ယောက် နေပေးရတယ်။ မီရာ လက်ကို လှမ်းဆွဲပြီး ကိုင်ထားတတ်တယ်။

အရင်က အသက်ကြီး သွားတော့ မာမီတစ်ခုတင်၊ ဒယ်ဒီတစ်ခုတင် အိပ်ကြပေမယ့် အခု ပိုပိုအသက်ကြီး လာတော့ ခုတင်နှစ်ခုတင် ပူး ပေးလိုက်တယ်။ သူတို့အိပ်ရာ ၀င် အိပ်ရာထတွေမှာ အမှီလေးတွေ ကိုယ်စီနဲ့ ကြည်နူး စိတ်လေးတွေ ရှိစေချင်တယ်။ တစ်ခါတလေ အိပ်နေပေမယ့် တစ်ယောက်လက် တစ် ယောက် ကိုင်ထားကြမြဲဖြစ် တယ်။ မတွေ့ရင် တစ်ယောက်နဲ့ တစ်ယောက် မေးနေတတ် ကာ စိုးရိမ်ပူပန်မှုနဲ့ ယုယမှုတွေ၊ ဂရုစိုက်မှုတွေ ပိုလာတယ်လို့ ကျွန်မထင်တယ်။

တကယ်တော့ သူတို့ နှစ်ယောက်စလုံးရဲ့ အရွယ်တွေက အမှည့်လွန်အသီးတွေ ဖြစ်နေကြပြီး ဘယ်အချိန်မှာ ပြုတ်ကျလိမ့်မလဲ ဆိုတာ ရင် တမမ ရှိနေရသလို ဘယ်သွားသွား အလွန် နောက်ဆံ တင်းရတယ်။ သူတို့ ကျန်းမာရေး ကောင်းမှ စိတ်လွတ်ကိုယ်လွတ် သွားနိုင်တယ်။ ဒါ တောင် စိတ်မချ စိတ်တွေက အမြဲ ခိုအောင်းနေတယ်။ ကျွန်မက သူတို့ကို စိတ်မချ သလို သူတို့လည်း ကျွန်မ အပေါ် အပူပန် ကြီးတတ်တယ်။

အမှန်တော့ ကျွန်မစိတ် တွေကို ပြင်ဆင် ထားရမယ့် အချိန်ရောက်ပြီ ဆိုတာ သိပါတယ်။ ဒါပေမယ့် လောဘ ကြီးစွာ သူတို့ကို အသက် ရှည်စေချင်သေးတယ်။ သူတို့ ရဲ့ ၆၅ နှစ်မြောက် မင်္ဂလာကို စားသောက်ဆိုင် တစ်ဆိုင်မှာ ကျွန်မတို့ဝိုင်းဝန်း ကျင်းပပေး ခဲ့ကြတယ်။ ကျွန်မ ထိုရက်ကို မေ့နိုင်မယ် မထင်ပါ။ မထင် မှတ်ဘဲ ဒီပွဲကို ဒယ်ဒီနဲ့ မာမီ့ ရဲ့မိတ်ဆွေများ၊ ကျွန်မ မိတ်ဆွေများ တက်ရောက်ခဲ့ ကြပါတယ်။ အားလုံးက ၆၅ နှစ် မင်္ဂလာ သက်တမ်းကို အံ့သြ ချီးကျူး မဆုံးရှိကြတဲ့ အခါ သူတို့ နှစ်ယောက်လုံး မျက်နှာမှာ နုဖတ်လန်းဆန်း နေကြပါတယ်။

အိမ်ထဲမှာပဲ အမြဲနေရ တဲ့ မာမီဟာ အစားတွေ တစ်ခုပြီး တစ်ခုစားရင်း ပျော်ရွှင် နေပါတယ်။ ဒီနေ့ကနေ စပြီး အသက်တစ်ရာ အထိ အတူ နေကြဖို့ ကျွန်မတို့ ၀ိုင်း ဆုတောင်း ပေးခဲ့ကြပါတယ်။ အဲဒီနေ့ရဲ့ လန်းဆန်းလတ် ဆတ်မှုဟာ ဓာတ်ပုံလေးတွေ တွေ့ရသည် အထိ ပြောလို့ မပြီးနိုင်ဘဲ တသသရှိနေ တတ်ပါတယ်။

ကျွန်မတို့အတွက်က အပြင်မှာ ပျော်စရာတွေများ ပေမယ့် သူတို့အတွက်က စိတ်တစ်ခါ ကြည်နူးကျေနပ် ပီတိဖြစ်မှုဟာ သူတို့ကျန်းမာ ရေးကို အထောက်အကူပြု သလို သူတို့ခံစားမှုတွေ ပွင့် ထွက်ပေါ့ပေါ့လာစေတယ်။ ဒီလို အပြင်လူတွေနဲ့ ဆုံစည်း ရမှုဟာ တစ်ဦးပေါ်တစ်ဦး နွေးထွေးစေတယ်။ အရင်က ကျွန်မဟာ အင်မတန် ၀မ်းနည်းလွယ်သူ၊ စိတ်ပျော့သူဖြစ်တယ်။ ညစဉ် အိပ်တိုင်း မကြာခဏ လန့် လန့်အော်တတ်လို့ မာမီ့ရင်ခွင် ထဲမှာ ပွေ့ပိုက်ခံအိပ်ခဲ့ရပြီး မာမီ ရွတ်တဲ့ဥုံခံတဲ့ ဂါထာ ကြောင့် ကျွန်မရဲ့ လန့်တဲ့ ကိစ္စတွေ နောက်ပိုင်း လျော့ ပါးသွားတယ်။

ညစဉ် မာမီနဲ့အတူ အိပ်တိုင်း မာမီ့ လက်မောင်းပျော့ ပျော့အိအိလေးကို ကိုင်အိပ်တိုင်း မာမီများ မရှိတော့ရင် ဆိုတဲ့ အတွေးနဲ့ မျက်ရည် အကြိမ်ကြိမ် ကျဖူးတယ်။ ကျွန်မ စိတ်တွေက မာမီ့အပေါ် အားကိုးလွန်းခဲ့တယ်။ မာမီက ကျွန်မ တက္ကသိုလ် ကျောင်း သူကြီးဖြစ်တာမှ မြင်ရပါ့ မလား ဆိုပြီး စိတ်ပူဝမ်းနည်း တတ်သေးတယ်။ ခုချိန်ထိ ကျောင်းတွေပြီးဆုံးသည့်တိုင် အလုပ်တွေ လုပ်ရင်း၊ စာတွေ ရေးရင်း ပြုစုခွင့်ရတာကို ကျေနပ်မိတယ်။

အခု အသက်တွေကြီး လာတော့ သူတို့က ကျွန်မကို ပြန်အားကိုးသွားပြီ၊ ကျွန်မ လက်သည်းခြေသည်း ညှပ် ပေးဖူးတဲ့ မာမီ့ကို ကျွန်မက ခုပြန်ညှပ်ပေးရပြီ၊ ရှူးတည် တာ၊ နောက်ဖေးသွားတာတွေ ကအစ ကလေးလိုပြန်လုပ် ပေးရပြီ၊ ထမင်းနဲ့မုန့်တွေ၊ ဆေးတွေကိုယ်တိုင် ပါးစပ်ထဲ ထည့်ပေးရပြီ၊ ရေချိုး၊ ချေး တွန်းပေးရပြီ၊ အိပ်ရာပေါ်လှဲ သိပ်ပေးရပြီ၊ မာမီ့မျက်နှာ အပြောင်းအလဲကို အချိန်ရှိ သလို ကြည့်နေရပြီး အပြင် ခရီးထွက်ရင် ဖုန်းမကြာခဏ ဆက်ရပြီ၊ ချောင်းဆိုးနေ လား၊ ၀မ်းပျက်နေလား၊ ဗိုက် နာနေလား၊ သွေးတိုးနေလား၊ သွေးကျတာလား ဆိုတာတွေ၊ ဆံပင်ကိုလည်း ညှပ်တဲ့ သူကို အိမ်ခေါ် ညှပ်ပေးရတယ်။

တစ်ခါတလေ ၀ှီးချဲလေးပေါ် မှာ နေ့စဉ်နေ့တိုင်း ငြိမ်ငြိမ်လေး ထိုင်နေတတ်တဲ့ မာမီ့ကို ဘေးနားကနေ စကားသံ၊ ရယ်သံတွေ ထွက်အောင် ရယ်စရာတွေ ပြောပြရတာ၊ တစ်ခါတလေ မျက်နှာမရွှင် မျက်လုံးတွေ ၀မ်းနည်းရိပ် သန်းနေရင် ဘာတွေများ တွေးနေတာလဲ၊ ဘာတွေများ ၀မ်း နည်းနေတာလဲလို့ မကြာခဏ မေးရပြန်တယ်။

အသက် အရွယ်ကြီး လွန်းသူတွေမှာ သူ့အတွေးနဲ့ သူ ၀မ်းနည်းနေတာတွေ၊ စဉ်း စားစရာတွေ များပြား နေနိုင်တယ်။ စိတ်ထဲမှာ စဉ်းစားရင်း တွေးရင်းနဲ့ မျက်နှာပေါ် ၀မ်းနည်းရိပ်တွေ သန်းနေ တတ်တယ်။ တစ်ခါတလေ သူတို့ဘ၀ကြီးကို ငြီးငွေ့စွာ သူများ လုပ်ပေးမှ သွားရ၊ လာရတယ်ဆိုတဲ့ အတွေးမျိုး တွေ ၀င်လာပြီး ၀မ်းနည်း အားငယ်စိတ်နဲ့ ငါသေချင် တယ်လို့ စကားတွေ ထွက် လာလေ့ရှိတယ်။

အဲဒီလိုပြောလာရင် မာမီ့စိတ်ထဲ စိတ်တိုင်းမကျ မကျေနပ်တာတွေ များလာပြီ လို့ယူဆရတယ်။ လူကြီးတွေ ကြီးလာရင် ဒီလို အတွေးတွေ နဲ့ မကြာခဏ ၀မ်းနည်းတတ် တယ်။ သူတို့မှာ လုပ်စရာ မရှိ တစ်ယောက်တည်း ထိုင် ပြီးရင်းထိုင်၊ အိပ်ပြီးရင်း အိပ်နေရ၊ အခြားသူတွေကအလုပ် တွေ ကိုယ်စီနဲ့ဆိုတော့ ပျင်းရာကနေ ငြီးငွေ့လာတတ် တယ်။ သူတို့ကို ဂရုမစိုက် ကြဘူး အထင်နဲ့ ရင်ထဲဝမ်း နည်းစိတ်တွေ ကိန်းအောင်း လာတတ်ကြတာပေါ့။ အဲဒီလို အချိန်ဆို မာမီ့ကို ရယ်စရာလေးများ ပြောရင်း၊ ဓာတ်ပုံတွေ ပြရင်း နှစ်သိမ့် ပေးရတယ်။ အိပ်ခါနီးမှာ တရားခွေ ခပ်ပါးပါးလေး ဖွင့် ပေးပြီး မာမီ နှစ်ခြိုက်စွာ အိပ်ပျော်သွားတတ်တယ်။

ခုချိန်မှာ ၀မ်းနည်းတတ် သူဟာ ကျွန်မ မဟုတ်တော့ ဘူး။ ကျွန်မအတွက် လောက မှာ သတ္တိရှိစွာ မားမားမတ် မတ်လျှောက်လှမ်းနိုင်ဖို့ မာမီ တို့က ကျွန်မခြေလှမ်းတွေကို အနီးကပ် ပြင်ဆင်ပေးခဲ့ တယ်။ ကျွန်မကြိုက်တဲ့ လမ်းကိုပဲ ရွေးစေခဲ့တယ်။ အခုချိန်မှာတော့ မာမီ က ၀မ်းနည်းတတ်သူ ဖြစ်နေ ပြီ။ မာမီ ၀မ်းသာတတ်အောင် ကျွန်မ အစွမ်းကုန် ကြိုးစားနေ ရပါတယ်။ သူတို့လိုချင်တာ ရွှေ၊ ငွေ၊ ပိုက်ဆံတွေ မဟုတ်ဘူး။ ကျွန်မတို့ ပေးဆပ်တဲ့ နွေးထွေး ယုယတဲ့ အပြန်အလှန် ရင်ထဲက စီးဆင်းလာတဲ့ မေတ္တာတွေပါ။ အိမ်တံခါးဝမှာ ကျွန်မ ပြန်လာတာ မြင်တိုင်း သူတို့ ပြုံးတတ်တယ်။ ကျွန်မ အိမ်ပြန်နောက် ကျရင် ထမင်းစား စောင့်တတ် တယ်။ မျှော်နေတတ်တယ်။ အိမ်ပြန်လာတိုင်း ဦးဦး ဖျားဖျား နှုတ်ဆက် စေချင်တယ်။

တစ်ခါတလေ ကျွန်မလည်း ၀မ်းနည်းမိတာပဲ။ ကျွန်မ ချစ်ရသူတွေကို ခွဲခွာ ရဖို့ရက်တွေ တဖြည်းဖြည်း နီးလာပြီ ဆိုတဲ့ အတွေးနဲ့ စိတ် ထဲမှာ မပြင်ဆင် ထားလို့လည်း မရတော့ဘူး။ လူတိုင်း မလွဲ မသွေ သွားကြရမယ့်လမ်း မဟုတ်လား။ အဲဒီလို တွေးမိတိုင်း ၀မ်းနည်းမိတယ်။ ဒါပေမယ့်လည်း ကျွန်မ အိမ်ပြန်ရောက်တိုင်း သူတို့ အတွက် အပြုံးတစ်ခု အမြဲ ပါသလို သူတို့ကလည်း ကျွန်မကို အပြုံးတစ်ခု လက်ဆောင်အဖြစ် အမြဲပြန်ပေး လေ့ရှိပါတယ်။

စိတ်ထဲမှာ ၀မ်းနည်းတာတွေ ရှိလည်း အပြုံးကိုတော့ အမြဲ အပြန်အလှန် ပေးလေ့ ရှိခြင်းဟာ နွေးထွေးတဲ့ မေတ္တာတရား ရှိသူတိုင်း တစ်ယောက်ကို တစ်ယောက် စိတ်ချမ်းသာ စေချင်တဲ့ သင်္ကေတ တစ်ခု မဟုတ်ပါလား။

ချောအိမာန်၊မန္တလေး၊
(
ရွှေအမြုတေ မဂ္ဂဇင်း၊ အောက်တိုဘာလ ၂၀၁၀)

1 comment:

myotthakoyin said...

Endearingly written. Delightfully read.

(in this English winter all my personal guarding nats (kou saun nat) left me because they were always late for their meetings. Before leaving me they said: 'You stay too late reading cem(mdy) and so you can't get up early. We think you are crazy about her'. All I could say to them is: 'Yes, I think I am crazy about her'.)