Friday, November 30, 2012

ဝမ်းနည်းတတ်သူရဲ့ အပြုံး







Happy Birthday မာမီ။ ဒီကနေ့ မာမီရဲ့ ၉၇ နှစ်မြောက် မွေးနေ့ပေါ့။ ကျွန်မ နှုတ်မဆက်ခင် ကပဲ ကျွန်မ အဘိုး(ဒယ်ဒီ) ၉၃ နှစ်က အပြုံးချိုချို၊ အနမ်းဖွဖွနဲ့ အိပ်ရာထဲမှာတင် နှုတ်ဆက်ပြီးပြီ ဆိုတာ ကျွန်မ သိတယ်။
မာမီ့ကို စတီးလ် ၀ှီးချဲလေးပေါ် ၀ိုင်းတင်ပေးပြီး ထမင်းစားခန်းထဲကို ခေါ်ခဲ့တယ်။ ဒီနေ့ မာမီ့မွေးနေ့ဆိုတာ သိလားဆိုတော့ မာမီက ခေါင်းညိတ်တယ်။ ညာလက်နဲ့ ညာခြေက လေဖြတ်ပြီး မသန်တာကြောင့် မျက်နှာသစ်ရင် ဘယ်လက်နဲ့ သစ်တယ်။ ပါးစပ်ထဲက သွားတုကြီးကိုတော့ မနက်ရောက်မှပဲ ဖြုတ်ဖြုတ် ဆေးပေးရတယ်။

ညကို ချွတ်ထားရင် မနေတတ်လို့တဲ့။ မျက်နှာသစ်ပြီး ဘိုကေ ဆံပင်လေးကို ၀ှီးချဲ နောက်အိတ်ထဲမှာ ထည့်ထားတဲ့ ဘီးနဲ့ ထုတ်ဖြီးပေးလိုက်တယ်။ မနေ့ညနေက ၀ယ်ထားတဲ့ မွေးနေ့ ကိတ်လေးကို ထုတ်ပြီး Happy Birthday လို့ ပြောပြီး ကိတ်မုန့်လေးကို စခွဲလိုက်တယ်။ မာမီ့ကို ချောင်းဆိုးမှာ စိုးလို့ ခရင်မ်တွေ မကျွေးဘူး။ မာမီက မနက်တိုင်း လက်ဖက်ရည် တစ်ခွက်၊ ကြက်ဥတစ်လုံးနဲ့ ပေါင်မုန့်တစ်ချပ်၊ ထမင်းရည် တစ်ပန်းကန် သောက်ပါတယ်။

အစာအိမ်နဲ့ နှလုံးဆေးလေးကို ပန်းကန်လေးထဲထည့် ရေတစ်ခွက် ချပေးထားရတာ နေ့စဉ်ပေါ့။ အသက် ၈၀ ကျော် နှစ်ပိုင်းကတည်းက ကျန်းမာရေး ယိမ်းယိုင်စ ပြုလာတဲ့ မာမီဟာ ဂရုစိုက်ရင်း ကြားကပဲ ခြေထောက် ကျိုးဖူးသလို မကြာခင်မှာ လက်လည်း ကျိုးဖူးတယ်။ အအေးမိ လေဖြတ်သွားတော့ မသန်ရာကနေ ပြန်ကောင်းလာတော့ ကုလားထိုင် ကနေ ပြုတ်ကျလို့ ခြေထောက်တစ်ခါ အဆစ်လွဲ သွားပြန်တယ်။ အဲဒီကနေ လမ်းမလျှောက်နိုင် ဖြစ်သွားပြီး အစာအိမ် သွေးကြောပေါက် ရောဂါကို အကြီးအကျယ် ခံစားရပြီး ဆေးရုံကို တစ်နှစ်တစ်ကြိမ်နှုန်း တက်ရပါတယ်။ တစ်ခါတစ်ခါ ဆေးခန်းတက်ရင် ဆယ်သိန်းနီးနီး ရှင်းရပါတယ်။မာမီရဲ့ ပင်မရောဂါက အစာအိမ်နဲ့ သွေးတိုးရောဂါ ဖြစ်ပြီး မနှစ်က ဆေးရုံတက်လိုက်ရတုန်းကတော့ ဆရာဝန်ကြီးတွေ ကိုယ်တိုင် အတော်ကို ခေါင်းခဲစေမယ့် ရောဂါပါ ပါလာပါတယ်။ နှလုံး ဆရာဝန်၊ အစာအိမ် ဆရာဝန်၊ ခွဲစိတ်ဆရာဝန် သုံးယောက်ညှပ် ကုရပြီး ဆေးရုံနှစ်ခါ ပြန်တက် လိုက်ရ တယ်။ ဆရာဝန်ကြီးတွေ ခေါင်းခဲသလို ကျွန်မတို့လည်း အတော့်ကို စိတ်ဆင်း ရဲခဲ့ရတယ်။ အသက်အရွယ်က အရမ်း စကားပြောတဲ့ အတွက် ၉၇ နှစ် လူနာကို ကုသရတာ အတော်လေး ဦးနှောက် စားရပါတယ်။

ကံကြမ္မာက ဒီတစ်ခါတော့ မာမီ့ကို လက်လွှတ် လိုက်ရပြီ ထင်ပါရဲ့လို့ တွေးထားမိတယ်။ ဒါပေမယ့်လည်း ထုတ်မပြောရဲ၊ မေးတဲ့ ဗေဒင်တိုင်းက လည်းမကောင်း နဲ့၊ ယတြာတွေ တတ်နိုင်သလောက် လုပ်ရင်း အတော်လေး ပြင်းပြင်းထန်ထန် ကြားက လွတ်မြောက်ခဲ့တယ်။ မာမီ့ရဲ့ညတိုင်း ညည်းသံတွေကို မကြား ရက်နိုင်လွန်းလို့ စိတ်မကောင်း ဖြစ်ခဲ့ကြရတဲ့ ရက်တွေကို လွန်မြောက်လာ တော့ အတိုင်းမသိ ၀မ်းသာမိ တယ်။ အခုဆိုရင် နေကောင်းလှချည်ရဲ့ မဟုတ်ပေမယ့် သူမှာ နာတာ ကျင်တာ မရှိ တော့ရင်ကို ၀မ်းသာလှပြီ။ မာမီ့ရဲ့ သီလကြောင့် စိတ် မလွတ် သူငယ် မပြန်ပေမယ့် သူ အရမ်း မေ့တတ်နေပြီ။ ကျွန်မ အလုပ်က ပြန်လာတိုင်း ကျွန်မကို ကျွန်မလို့ မထင် တော့ဘဲ ကျွန်မ ပြန်မလာသေး ဘူးလားလို့ မေးတတ်တယ်။

မာမီက သတိရရင် တော့ အိပ်ရာနိုးလို့ ဘယ်သူမှ လာမခေါ်သေးရင် ပုတီးလေး စိတ်နေတတ်တယ်။ စိတ်လွန်းလို့ ပြောင်နေတဲ့ ပုတီး လေးကို ကျွန်မတို့တွေက သဘော ကျကြတယ်။ နဂိုက မာမီ့ ခန္ဓာကိုယ် ၀၀ကြီးဟာ အခု ဆေးရုံတွေ ခဏခဏ တက်ရတော့ တစ်ဝက်လောက်ပဲ ကျန် တော့တယ်။ ဒါပေမယ့် သူက ဒီလို ပိန်တာကို သဘောကျကြောင်း ကျွန်မကို ပြောတယ်။ လမ်းမလျှောက်နိုင် တဲ့ မာမီ့ကို“မ”ရတော့ အဆင် ပြေတာပေါ့တဲ့။ မာမီက ရေမွှေးနဲ့ သနပ်ခါးကို ကြိုက်တယ်။ သရဖီ ၀တ်ဆံလေးတွေ ထည့်သွေးတဲ့ သနပ်ခါးရယ်၊ ကရမက်တွေနဲ့ တစ်ကိုယ်လုံး မွှေးကြိုင် ဖွေးနေရင် မြင်သူ တိုင်းက မာမီကို ချစ်ကြတယ်။ ခေါင်းမှာလည်း စပယ်ပန်း၊ ခရေပန်းကုံးတွေ ကို အကုံးလိုက် ပန်ပေးရင် လည်း သဘောကျတယ်။
သနပ်ခါး ကျွန်မ လိမ်းပေးရင် သိပ်ညီလေ့ မရှိဘဲ မလှ တတ်တာမို့ မာမီကိုယ်တိုင် ဘယ်လက်နဲ့ ပွတ်လိမ်းတတ်တယ်။ ခြောက်သွားရင် သူ့မျက်နှာ ဖွေးဖွေးညီညီ မွှေးမွှေးကို ကျွန်မက အားရပါးရ နမ်းပစ်တတ်တယ်။

မာမီက အနေအေးသူ တစ်ယောက်မို့ စာအုပ်လေး တစ်အုပ်နဲ့ မျက်မှန်လေးတပ် ပေးထားရင် အစအဆုံး အခေါက်ပေါင်းများစွာ လှန် ကြည့်နေတော့တယ်။ အစက မာမီ မေ့တတ်သွားတာ မရိပ်မိဘူး။ ကျွန်မ ၀တ္ထုပါတဲ့ မဂ္ဂဇင်းကို အရင်ဦးဆုံးပေး ဖတ်ပြီးတိုင်း မဖတ်ရသေးဘူး၊ မကြည့်ရသေးဘူးလို့ အတင်းငြင်းဆို တတ်တယ်။ နောက်မှ သတိ မေ့တတ်နေပြီ ဆိုတာ သိလိုက်တယ်။ ဖတ် ပြီးရင်လည်း အစကနေ အဆုံး ဘာမှန်းကို မသိတော့ ဘူး။ ဒီအသက်အရွယ်မှာ ဒီ လောက်ပဲဖြစ်တာ အများကြီး တော်ပါသေးတယ်။ တချို့ဆို အတော့်ကို စိတ်လွတ်ကိုယ်လွတ် သူငယ်ပြန်ကုန်ပြီ။

အရင်ကများဆို မိုးကုတ် ၀ိပဿနာမှာ တရား ထိုင်ခဲ့တာ။ သူစွဲစွဲလမ်းလမ်း ဖတ်ခဲ့တဲ့ စာအုပ်တွေကများ စွာ၊ ဂျာနယ်ကျော်မမလေးနဲ့ ခင်နှင်းယုကို အကြိုက်ဆုံး ဖြစ်သလို အိပ်ခါနီးတိုင်း စာအုပ်တစ်အုပ် ဖတ်ပြီးမှ အိပ်လေ့ရှိတယ်။ မီးထွန်းထားတော့ ကျွန်မလည်း အမှောင်ထဲမှာ ကျင့်သား မရတော့ဘဲ အလင်းထဲမှာ အိပ်တတ်တဲ့ အကျင့်က ကျင့်သား ရသွားခဲ့ တယ်။ ကျွန်မနဲ့ မာမီအိပ်တဲ့ ခုတင်အောက်က သံသေတ္တာထဲမှာ မာမီ ဖတ်လေ့ရှိတဲ့ စာအုပ်အဟောင်းတွေ ရှိတယ်။ ကျွန်မကတော့ နေ့လယ်က ကိုယ်ဆွဲထားတဲ့ ဗလာ စာအုပ်ထဲက မိန်းကလေး ပန်းချီလေးများကို ကြည့်ရင်း စားမြုံ့ပြန်နေမိတယ်။

မာမီက ပုံဆွဲတာ ၀ါသနာပါတဲ့ ကျွန်မကို ရောင် စုံခဲတံဘူးနဲ့ ဆေးဘူး၊ စုတ်တံ လေးတွေ ၀ယ်ပေး တတ်ပါ တယ်။ စာကျက်ရင်း ပန်းချီ ဆွဲရင်တော့ မာမီလုံးဝ မကြိုက်ပါဘူး။ ကျောင်းသွား ခါနီး ခြေဆုံး ခေါင်းဆုံး သနပ်ခါးလိမ်းပေးပြီး ရင် ဘတ်ကို စမူဆာပုံ လက်ကိုင် ပ၀ါ ချိတ်ပေးလိုက်ပြီဆိုရင် ကျွန်မ ကျောင်းသွားရတော့ မယ်။ ကျောင်းဆင်းလို့ အခန်းပေါက်ဝမှာ မာမီ့ကို မတွေ့ရင် ကျွန်မက ၀မ်းနည်း တတ်ပြန်ရော။ ဒါပေမယ့် မာမီက ကျွန်မကို ၀မ်းနည်း ချိန်တွေ အကြာကြီး ပေးမထားဘူး။

မာမီ လာမကြိုတဲ့ ကျောင်းဆင်းချိန် တစ်ရက်မှာ အိမ်ကို ၀မ်းနည်းစွာ အရဲစွန့်ပြီး လျှောက်ပြန်လာနိုင်တဲ့ ကျွန်မကို မာမီ အပါအ၀င် တစ်အိမ်လုံးက “ဟယ် ကလေးလေးက သူ့ဟာသူ ပြန်လာတတ်ပြီ၊ တော်လိုက် တာ”လို့ ပြောခံလိုက်ရတာကို က ကျွန်မကိုယ်ထဲ ကိုယ့်ကိုယ်ကို ယုံကြည်မှုနဲ့ သတ္တိ တွေ စီးမျော ၀င်စေခဲ့တယ်။ လမ်းမှာ ၀မ်းနည်းစိတ်လေး ရှိတာတောင် ဘယ်ပျောက် သွားမှန်းမသိ။ အခုလို ကိုယ့် အိမ်ပြန် လာနိုင်တာကိုက တစ်သက်မှာ အမှတ်တရ ကျွန်မအတွက် ဖြစ်စေခဲ့တယ်။

ညစဉ် ပြတင်းပေါက်ကို ခေါင်းထိုး အိပ်တတ်တဲ့ ကျွန်မဘက်ကလိုက်ကာကို မာမီ အမြဲဆွဲစေ့တယ်။ မာမီက ဆွဲစေ့လိုက်၊ ကျွန်မက ဆွဲဖွင့်လိုက်နဲ့ ညစဉ် အလုပ် ရှုပ်နေတတ်တယ်။ ကျွန်မကို အအေးပတ်မှာ စိုးနေပေမယ့် ကျွန်မကတော့ ပူအိုက်လွန်း နေတတ်တယ်။ မာမီ အပြင်က လပြည့်ကြီး ကြည့်ချင်လို့ ပါ၊ လိုက်ကာဖွင့်ပေးပါဆိုမှ တစ်ဝက်ဖွင့်ပေးတယ်။

ညတိုင်း ဘုရားစာ တစ်ပုဒ်တစ်ပုဒ် နှုတ်တိုက်သင်တယ်။ တစ်ခါမှ ဘုရားစာကို စာအုပ်ထဲကနေ အလွတ် မကျက်ဖူးဘူး။ မာမီ သင်ပေးတဲ့ ဘုရားစာတွေက နှုတ်ထဲစွဲ နေခဲ့တယ်။ အဲဒီ ဘုရားစာတွေ ကိုပဲ ကျွန်မ အခု အချိန်ထိ ရွတ်လေ့ရှိတယ်။ မာမီသင် ပေးတဲ့ ဂါထာ အတိုလေးတွေ အများကြီးပဲ။ ကျွန်မကို အမေ ကိုယ်ဝန်ရှိစဉ်ကတည်းက မာမီက တောင်းယူခဲ့တယ်လို့ အမေက ပြောပြဖူးတယ်။

မာမီ့လက်ထဲ ကျွန်မ ရောက်သွားချိန်မှာ ကျွန်မ အတွက် အင်္ကျီတွေ၊ ပေါင်ဒါ ဘူးတွေ လိုအပ်တဲ့ ပစ္စည်း မရှိ မဖြစ်စေရဘူးတဲ့။ ကျွန်မကို အလွန်အင်မတန် ဂရုစိုက်တဲ့ မာမီက ခြေဆုံး၊ ခေါင်းဆုံး ပြုပြင်ပေးသလို
“ထမင်းစားရင် ပလပ် ပလပ် မမြည်ရဘူး”

“လမ်းလျှောက်ရင်း ထမင်း မစားရဘူး။ သရဲ လိုက်တတ်တယ်”

“လမ်းလျှောက်ရင် ခြေဖနောင့်နဲ့ မချရဘူး။ တဒုန်း ဒုန်းမြည်ရင် ဆင်းရဲတတ် တယ်”

“အမြင်ကတ်တယ်ဆိုတဲ့ စကားကိုပဲ သုံးရမယ်။ အရှေ့က မသင့်လျော်တဲ့ စကားထည့် မပြောရဘူး”

“မိန်းကလေးဆိုတာ ချိုင်းချွေးနံ့ မထွက်ရဘူး၊ ကျောက်ချဉ် လိမ်းရတယ်”

“အိပ်ရာကို တတ်နိုင် သရွေ့ စောစောထရမယ်။ ဒါမှ ကိုယ့်ကိုယ်စောင့်နတ်က အစည်းအဝေးအမီတက်နိုင် မှာ။ သမီးက မနိုးလို့ သမီး ကိုယ်စောင့်နတ်က အစည်း အဝေးနောက်ကျရင် ဘုရား ဆီရောက်ရင် အပြစ်ဒဏ်ပေး ခံရတယ်။ သမီးနိုးမှ၊ မျက်နှာ သစ်ပြီးမှ သူက မြန်မြန် အစည်းအဝေး ရောက်မှာ။ ဒါကြောင့် ကိုယ်က ထတာ နောက်ကျရင် သမီးကိုယ် စောင့်နတ်က သမီးကို ပြန်အပြစ်ပေးလိမ့်မယ်။ ထထ မြန်မြန် မျက်နှာသစ်လိုက်”
“ဟင် ဟုတ်လား”

ကျွန်မလည်း မာမီ့ စကားကြောင့် လန့်ဖြန့်ပြီး မျက်နှာမြန်မြန် သစ်ရတယ်။ အဲဒီအကျင့်စွဲ တစ်ခုကို နားထဲ ရိုက်သွင်းလိုက်တော့ ကျွန်မ အိပ်ရာထတွေ နောက်မကျ တတ်တော့ဘူး။ ကြီးလာတော့ မာမီ ကျွန်မကို ညာပြောတယ် ဆိုတာ သိပေမယ့် ခုချိန်ထိ ကျွန်မ စိတ်တွေထဲ စွဲနေဆဲပဲ။ ခရစ်စမတ် နေ့တွေ ရောက်တိုင်းလည်း အင်္ကျီနီနီ နဲ့ နှုတ်ခမ်းမွေး ရှည်ရှည်ဖြူဖြူ ခရစ်စမတ် ဘိုးဘိုးကြီး ညကျ လာမယ်ဆိုတာ ကျွန်မသိ ထားတယ်။ ခုတင် ခြေရင်းမှာ ကျွန်မ ခြေအိတ်လေး တစ်ဖက်ကို ချည်ထားတယ်။ ခရစ် စမတ်ဘိုးဘိုးကြီးက လိမ္မာတဲ့ ကလေးဆိုရင် ပိုက်ဆံတွေ ထည့်ပေးလေ့ရှိပြီး မလိမ္မာရင် အမှိုက်တွေ ထည့်ပေးတယ်လို့ ပြောပြထားတယ်။ မနက် ရောက်တိုင်း ခြေအိတ်လေး ထဲ ဘာရှိနေမလဲ ဆိုတာ ရင်တုန်လေ့ရှိတယ်။ အပြင် ကနေ စမ်းကြည့်တော့ စက္ကူ မြည်သံလေးကြားရရင် ၀မ်းသာလေ့ရှိတယ်။ အဲဒီတုန်းက ခေါင်းပေါင်း ၁၀၀ိ-တန် ကြီးများကို နှစ်တိုင်း ပိုင်ဆိုင် ခွင့်ရခဲ့တယ်။ ဒါကို တကယ် ပဲ ခရစ်စမတ် ဘိုးဘိုးကြီးက လာထည့်တယ်လို့ပဲ ထင်ခဲ့ တယ်။ သူငယ်ချင်းတွေနဲ့ တောင် အငြင်းပွားခဲ့တဲ့ အထိပဲ။

ကြီးလာလို့ အမှန်သိ သွားတဲ့ အခါ ဒီအလေ့အထ လေးက ပျော်စရာတစ်ခု ဖြစ်တာမို့ ခုချိန်ထိ ခရစ်စမတ်နေ့ ရောက်ရင် ခုတင်တိုင်မှာ ခြေ အိတ်လေး ချည်ထားဆဲ။ အိမ်က ထည့်ဖို့ မေ့သွားရင် ခေါင်းအုံးအောက်မှာ တစ်ထောင်တန် ပိုက်ဆံရွက်လေး များကို တွေ့ရတယ်။ အိမ်မှာ ခရစ်စမတ် ဘိုးဘိုးကြီးက ကျွန်မ ဒယ်ဒီပေါ့။

မာမီက ချစ်ပေမယ့် တချို့နေရာတွေမှာ ပြင်းပြင်း ထန်ထန် အလိုလိုက်လေ့မရှိ ဘူး။ ကျွန်မ မာမီ့ကို စိတ် ဆိုးပြီး စကားမပြောချင်တဲ့ နေ့ရက် တစ်ရက်မှာ ပေါက် ကွဲသံစဉ်တွေကို ရေးပြီး ခံစားချက်တွေကို ဘူးလေး တစ်ဘူးထဲ ပိတ်လှောင်ထား ခဲ့တယ်။ အဲဒီထဲက စာကို မာမီက တွေ့သွားပြီး ဖတ် ကြည့်တဲ့အခါ စိတ်မဆိုးဘဲ မဆိုးဘူး အရေးအသား ကောင်းတယ်လို့ ချီးကျူး တော့ ကျွန်မက အံ့သြပြီး တကယ်လား ဟင်လို့ မာမီ့ ကို ပြန်မေးမိတယ်။
ဒီလိုနဲ့ ကျွန်မ အနားမှာ ရှိတဲ့ စာအုပ်တွေ ဖတ်ရင်း၊ ငှားရင်း ပိုးတွေက ဆွလာတော့ တစ်ယောက်တည်း ငြိမ်ငြိမ်ကုပ်ကုပ်နဲ့ စာတွေရေး နေမိတယ်။ ၀တ္ထုတိုတွေကို ဗလာစာအုပ် စာမျက်နှာပြင် တွေပေါ်မှာ စိတ်ကူးယဉ် ဇာတ်လမ်းတွေ ဖွဲ့နွဲ့မိတော့ တယ်။

ကျွန်မ ၀ါသနာကို တားမြစ်လေ့ မရှိဘဲ မာမီက အားပေးတယ်။ ဒယ်ဒီက အင်္ဂလိပ် ၀တ္ထုတွေပဲ ဖတ်တတ်ပေမယ့် နောက်ပိုင်း စာမျက်နှာပြင်ပေါ်ပါတဲ့ ကျွန်မ ၀တ္ထုတိုတွေကို ဖတ် တတ်သွားတယ်။ ကျွန်မ ၀ါသနာကို အထင်မြင်သေး ခြင်းမရှိသလို စာပေက လူတွေကို ဘယ်လောက်အကျိုး ပြုတယ်ဆိုတာကို သူ့တို့ သိထားတယ်။ ဒါကြောင့် ကျွန်မဟာ ခိုးကြောင်ခိုးဝှက် ရေးစရာမလိုဘဲ လွတ်လွတ် လပ်လပ် ရေးသားနိုင်တယ်။ ခုချိန်ထိအောင် စာကို သူတို့ ကောင်းမွန်စွာ ဖတ်နိုင်ကြ သေးတယ်။ မာမီကတော့ ဖတ်ပြီးရင် မေ့တယ်။ ဟို ကြည့်ဒီကြည့်ပဲ။ အရင်ကတော့ ကျွန်မ၀တ္ထုတိုင်းကို ဖတ်တယ်။

ကျွန်မက အခုချိန်ထိ သူတို့ စိတ်ချမ်းသာမှုကို ရှေး ရှုသလို ကျွန်မ စိတ်ချမ်းသာမှု ကိုလည်း သူတို့က ရှေးရှု တတ်တယ်။ သူတို့ကျွန်မကို ယုံကြည်သလို ကျွန်မလည်း သူတို့ကို ယုံကြည်မိတယ်။ ပြဿနာ တစ်စုံတစ်ခု အတွက် အိမ်တိုင်ရာရောက် ကျွန်မကို လာစော်ကားရင်တောင် သူတို့ ဘာမှ တုံ့ပြန်မှု မရှိဘဲ ကျွန်မကို ယုံကြည်တယ်။ ဒါကြောင့် ကျွန်မတို့ ကြားမှာ ဘာပြဿနာမှ မဖြစ်ခဲ့ကြဘူး။

အရင်က ပဋ္ဌာန်း အရှည်တွေ ရွတ်လေ့ရှိတဲ့ မာမီက အခု ၉၇ နှစ် အရွယ်မှာ အရဟံ ပုတီးလေးကိုပဲ စိတ်နေနိုင် တော့တယ်။ ဒယ်ဒီက မာမီ့ အတွက် အရဟံ ပုတီးကို နေ့တိုင်း စိတ်ပေးတယ်။ တရေးနိုးလည်း ထစိတ်တယ်။ မာမီက တစ္ဆေ၊ သရဲ မကြောက်တတ်ပေမယ့် မိုးချိန်းတာကိုတော့ အလွန် ကြောက်တတ်တယ်။ မိုးချိန်း ရင် သူ့နားမှာ တစ်ယောက်ယောက် နေပေးရတယ်။ မီရာ လက်ကို လှမ်းဆွဲပြီး ကိုင်ထားတတ်တယ်။

အရင်က အသက်ကြီး သွားတော့ မာမီတစ်ခုတင်၊ ဒယ်ဒီတစ်ခုတင် အိပ်ကြပေမယ့် အခု ပိုပိုအသက်ကြီး လာတော့ ခုတင်နှစ်ခုတင် ပူး ပေးလိုက်တယ်။ သူတို့အိပ်ရာ ၀င် အိပ်ရာထတွေမှာ အမှီလေးတွေ ကိုယ်စီနဲ့ ကြည်နူး စိတ်လေးတွေ ရှိစေချင်တယ်။ တစ်ခါတလေ အိပ်နေပေမယ့် တစ်ယောက်လက် တစ် ယောက် ကိုင်ထားကြမြဲဖြစ် တယ်။ မတွေ့ရင် တစ်ယောက်နဲ့ တစ်ယောက် မေးနေတတ် ကာ စိုးရိမ်ပူပန်မှုနဲ့ ယုယမှုတွေ၊ ဂရုစိုက်မှုတွေ ပိုလာတယ်လို့ ကျွန်မထင်တယ်။

တကယ်တော့ သူတို့ နှစ်ယောက်စလုံးရဲ့ အရွယ်တွေက အမှည့်လွန်အသီးတွေ ဖြစ်နေကြပြီး ဘယ်အချိန်မှာ ပြုတ်ကျလိမ့်မလဲ ဆိုတာ ရင် တမမ ရှိနေရသလို ဘယ်သွားသွား အလွန် နောက်ဆံ တင်းရတယ်။ သူတို့ ကျန်းမာရေး ကောင်းမှ စိတ်လွတ်ကိုယ်လွတ် သွားနိုင်တယ်။ ဒါ တောင် စိတ်မချ စိတ်တွေက အမြဲ ခိုအောင်းနေတယ်။ ကျွန်မက သူတို့ကို စိတ်မချ သလို သူတို့လည်း ကျွန်မ အပေါ် အပူပန် ကြီးတတ်တယ်။

အမှန်တော့ ကျွန်မစိတ် တွေကို ပြင်ဆင် ထားရမယ့် အချိန်ရောက်ပြီ ဆိုတာ သိပါတယ်။ ဒါပေမယ့် လောဘ ကြီးစွာ သူတို့ကို အသက် ရှည်စေချင်သေးတယ်။ သူတို့ ရဲ့ ၆၅ နှစ်မြောက် မင်္ဂလာကို စားသောက်ဆိုင် တစ်ဆိုင်မှာ ကျွန်မတို့ဝိုင်းဝန်း ကျင်းပပေး ခဲ့ကြတယ်။ ကျွန်မ ထိုရက်ကို မေ့နိုင်မယ် မထင်ပါ။ မထင် မှတ်ဘဲ ဒီပွဲကို ဒယ်ဒီနဲ့ မာမီ့ ရဲ့မိတ်ဆွေများ၊ ကျွန်မ မိတ်ဆွေများ တက်ရောက်ခဲ့ ကြပါတယ်။ အားလုံးက ၆၅ နှစ် မင်္ဂလာ သက်တမ်းကို အံ့သြ ချီးကျူး မဆုံးရှိကြတဲ့ အခါ သူတို့ နှစ်ယောက်လုံး မျက်နှာမှာ နုဖတ်လန်းဆန်း နေကြပါတယ်။

အိမ်ထဲမှာပဲ အမြဲနေရ တဲ့ မာမီဟာ အစားတွေ တစ်ခုပြီး တစ်ခုစားရင်း ပျော်ရွှင် နေပါတယ်။ ဒီနေ့ကနေ စပြီး အသက်တစ်ရာ အထိ အတူ နေကြဖို့ ကျွန်မတို့ ၀ိုင်း ဆုတောင်း ပေးခဲ့ကြပါတယ်။ အဲဒီနေ့ရဲ့ လန်းဆန်းလတ် ဆတ်မှုဟာ ဓာတ်ပုံလေးတွေ တွေ့ရသည် အထိ ပြောလို့ မပြီးနိုင်ဘဲ တသသရှိနေ တတ်ပါတယ်။

ကျွန်မတို့အတွက်က အပြင်မှာ ပျော်စရာတွေများ ပေမယ့် သူတို့အတွက်က စိတ်တစ်ခါ ကြည်နူးကျေနပ် ပီတိဖြစ်မှုဟာ သူတို့ကျန်းမာ ရေးကို အထောက်အကူပြု သလို သူတို့ခံစားမှုတွေ ပွင့် ထွက်ပေါ့ပေါ့လာစေတယ်။ ဒီလို အပြင်လူတွေနဲ့ ဆုံစည်း ရမှုဟာ တစ်ဦးပေါ်တစ်ဦး နွေးထွေးစေတယ်။ အရင်က ကျွန်မဟာ အင်မတန် ၀မ်းနည်းလွယ်သူ၊ စိတ်ပျော့သူဖြစ်တယ်။ ညစဉ် အိပ်တိုင်း မကြာခဏ လန့် လန့်အော်တတ်လို့ မာမီ့ရင်ခွင် ထဲမှာ ပွေ့ပိုက်ခံအိပ်ခဲ့ရပြီး မာမီ ရွတ်တဲ့ဥုံခံတဲ့ ဂါထာ ကြောင့် ကျွန်မရဲ့ လန့်တဲ့ ကိစ္စတွေ နောက်ပိုင်း လျော့ ပါးသွားတယ်။

ညစဉ် မာမီနဲ့အတူ အိပ်တိုင်း မာမီ့ လက်မောင်းပျော့ ပျော့အိအိလေးကို ကိုင်အိပ်တိုင်း မာမီများ မရှိတော့ရင် ဆိုတဲ့ အတွေးနဲ့ မျက်ရည် အကြိမ်ကြိမ် ကျဖူးတယ်။ ကျွန်မ စိတ်တွေက မာမီ့အပေါ် အားကိုးလွန်းခဲ့တယ်။ မာမီက ကျွန်မ တက္ကသိုလ် ကျောင်း သူကြီးဖြစ်တာမှ မြင်ရပါ့ မလား ဆိုပြီး စိတ်ပူဝမ်းနည်း တတ်သေးတယ်။ ခုချိန်ထိ ကျောင်းတွေပြီးဆုံးသည့်တိုင် အလုပ်တွေ လုပ်ရင်း၊ စာတွေ ရေးရင်း ပြုစုခွင့်ရတာကို ကျေနပ်မိတယ်။

အခု အသက်တွေကြီး လာတော့ သူတို့က ကျွန်မကို ပြန်အားကိုးသွားပြီ၊ ကျွန်မ လက်သည်းခြေသည်း ညှပ် ပေးဖူးတဲ့ မာမီ့ကို ကျွန်မက ခုပြန်ညှပ်ပေးရပြီ၊ ရှူးတည် တာ၊ နောက်ဖေးသွားတာတွေ ကအစ ကလေးလိုပြန်လုပ် ပေးရပြီ၊ ထမင်းနဲ့မုန့်တွေ၊ ဆေးတွေကိုယ်တိုင် ပါးစပ်ထဲ ထည့်ပေးရပြီ၊ ရေချိုး၊ ချေး တွန်းပေးရပြီ၊ အိပ်ရာပေါ်လှဲ သိပ်ပေးရပြီ၊ မာမီ့မျက်နှာ အပြောင်းအလဲကို အချိန်ရှိ သလို ကြည့်နေရပြီး အပြင် ခရီးထွက်ရင် ဖုန်းမကြာခဏ ဆက်ရပြီ၊ ချောင်းဆိုးနေ လား၊ ၀မ်းပျက်နေလား၊ ဗိုက် နာနေလား၊ သွေးတိုးနေလား၊ သွေးကျတာလား ဆိုတာတွေ၊ ဆံပင်ကိုလည်း ညှပ်တဲ့ သူကို အိမ်ခေါ် ညှပ်ပေးရတယ်။

တစ်ခါတလေ ၀ှီးချဲလေးပေါ် မှာ နေ့စဉ်နေ့တိုင်း ငြိမ်ငြိမ်လေး ထိုင်နေတတ်တဲ့ မာမီ့ကို ဘေးနားကနေ စကားသံ၊ ရယ်သံတွေ ထွက်အောင် ရယ်စရာတွေ ပြောပြရတာ၊ တစ်ခါတလေ မျက်နှာမရွှင် မျက်လုံးတွေ ၀မ်းနည်းရိပ် သန်းနေရင် ဘာတွေများ တွေးနေတာလဲ၊ ဘာတွေများ ၀မ်း နည်းနေတာလဲလို့ မကြာခဏ မေးရပြန်တယ်။

အသက် အရွယ်ကြီး လွန်းသူတွေမှာ သူ့အတွေးနဲ့ သူ ၀မ်းနည်းနေတာတွေ၊ စဉ်း စားစရာတွေ များပြား နေနိုင်တယ်။ စိတ်ထဲမှာ စဉ်းစားရင်း တွေးရင်းနဲ့ မျက်နှာပေါ် ၀မ်းနည်းရိပ်တွေ သန်းနေ တတ်တယ်။ တစ်ခါတလေ သူတို့ဘ၀ကြီးကို ငြီးငွေ့စွာ သူများ လုပ်ပေးမှ သွားရ၊ လာရတယ်ဆိုတဲ့ အတွေးမျိုး တွေ ၀င်လာပြီး ၀မ်းနည်း အားငယ်စိတ်နဲ့ ငါသေချင် တယ်လို့ စကားတွေ ထွက် လာလေ့ရှိတယ်။

အဲဒီလိုပြောလာရင် မာမီ့စိတ်ထဲ စိတ်တိုင်းမကျ မကျေနပ်တာတွေ များလာပြီ လို့ယူဆရတယ်။ လူကြီးတွေ ကြီးလာရင် ဒီလို အတွေးတွေ နဲ့ မကြာခဏ ၀မ်းနည်းတတ် တယ်။ သူတို့မှာ လုပ်စရာ မရှိ တစ်ယောက်တည်း ထိုင် ပြီးရင်းထိုင်၊ အိပ်ပြီးရင်း အိပ်နေရ၊ အခြားသူတွေကအလုပ် တွေ ကိုယ်စီနဲ့ဆိုတော့ ပျင်းရာကနေ ငြီးငွေ့လာတတ် တယ်။ သူတို့ကို ဂရုမစိုက် ကြဘူး အထင်နဲ့ ရင်ထဲဝမ်း နည်းစိတ်တွေ ကိန်းအောင်း လာတတ်ကြတာပေါ့။ အဲဒီလို အချိန်ဆို မာမီ့ကို ရယ်စရာလေးများ ပြောရင်း၊ ဓာတ်ပုံတွေ ပြရင်း နှစ်သိမ့် ပေးရတယ်။ အိပ်ခါနီးမှာ တရားခွေ ခပ်ပါးပါးလေး ဖွင့် ပေးပြီး မာမီ နှစ်ခြိုက်စွာ အိပ်ပျော်သွားတတ်တယ်။

ခုချိန်မှာ ၀မ်းနည်းတတ် သူဟာ ကျွန်မ မဟုတ်တော့ ဘူး။ ကျွန်မအတွက် လောက မှာ သတ္တိရှိစွာ မားမားမတ် မတ်လျှောက်လှမ်းနိုင်ဖို့ မာမီ တို့က ကျွန်မခြေလှမ်းတွေကို အနီးကပ် ပြင်ဆင်ပေးခဲ့ တယ်။ ကျွန်မကြိုက်တဲ့ လမ်းကိုပဲ ရွေးစေခဲ့တယ်။ အခုချိန်မှာတော့ မာမီ က ၀မ်းနည်းတတ်သူ ဖြစ်နေ ပြီ။ မာမီ ၀မ်းသာတတ်အောင် ကျွန်မ အစွမ်းကုန် ကြိုးစားနေ ရပါတယ်။ သူတို့လိုချင်တာ ရွှေ၊ ငွေ၊ ပိုက်ဆံတွေ မဟုတ်ဘူး။ ကျွန်မတို့ ပေးဆပ်တဲ့ နွေးထွေး ယုယတဲ့ အပြန်အလှန် ရင်ထဲက စီးဆင်းလာတဲ့ မေတ္တာတွေပါ။ အိမ်တံခါးဝမှာ ကျွန်မ ပြန်လာတာ မြင်တိုင်း သူတို့ ပြုံးတတ်တယ်။ ကျွန်မ အိမ်ပြန်နောက် ကျရင် ထမင်းစား စောင့်တတ် တယ်။ မျှော်နေတတ်တယ်။ အိမ်ပြန်လာတိုင်း ဦးဦး ဖျားဖျား နှုတ်ဆက် စေချင်တယ်။

တစ်ခါတလေ ကျွန်မလည်း ၀မ်းနည်းမိတာပဲ။ ကျွန်မ ချစ်ရသူတွေကို ခွဲခွာ ရဖို့ရက်တွေ တဖြည်းဖြည်း နီးလာပြီ ဆိုတဲ့ အတွေးနဲ့ စိတ် ထဲမှာ မပြင်ဆင် ထားလို့လည်း မရတော့ဘူး။ လူတိုင်း မလွဲ မသွေ သွားကြရမယ့်လမ်း မဟုတ်လား။ အဲဒီလို တွေးမိတိုင်း ၀မ်းနည်းမိတယ်။ ဒါပေမယ့်လည်း ကျွန်မ အိမ်ပြန်ရောက်တိုင်း သူတို့ အတွက် အပြုံးတစ်ခု အမြဲ ပါသလို သူတို့ကလည်း ကျွန်မကို အပြုံးတစ်ခု လက်ဆောင်အဖြစ် အမြဲပြန်ပေး လေ့ရှိပါတယ်။

စိတ်ထဲမှာ ၀မ်းနည်းတာတွေ ရှိလည်း အပြုံးကိုတော့ အမြဲ အပြန်အလှန် ပေးလေ့ ရှိခြင်းဟာ နွေးထွေးတဲ့ မေတ္တာတရား ရှိသူတိုင်း တစ်ယောက်ကို တစ်ယောက် စိတ်ချမ်းသာ စေချင်တဲ့ သင်္ကေတ တစ်ခု မဟုတ်ပါလား။

ချောအိမာန်၊မန္တလေး၊
(
ရွှေအမြုတေ မဂ္ဂဇင်း၊ အောက်တိုဘာလ ၂၀၁၀)

Wednesday, November 21, 2012

အချစ် သီအိုရီ







ကျွန်မက အခန်းနံရံ လိုက်ကာ အကွယ်ကနေ ကော်ဖီ လေးခွက်ကို ဇွန်းသံ မမြည်အောင် ဖျော်ရင်း နားစိုက်ထောင် နေမိတယ်။
သကြား မထည့်နဲ့လို့ မှာထားတာမို့ နို့ဆီနည်းနည်း ထည့်မြည်း ကြည့်လိုက်တော့ အတော်ပင်။ ဘာပဲဖြစ်ဖြစ် မအကြိုက် ဖြစ်ဖို့ အရေးကြီးတယ်။

အပြင်က ဒီတစ်ခါ ဆွေးနွေး ပြောဆိုနေတဲ့ ခေါင်းစဉ်တွေက စိတ်ဝင်စား စရာ။ ကျွန်မလို အသက်နှစ်ဆယ် အရွယ်ထက် အသက်သုံး ဆယ်ကျော် မတို့လို အရွယ်ပြောတဲ့ စကားတွေက ပိုတိကျ သလို၊ ယုံကြည်မှု သံသယ ဖြစ်စရာ မရှိ သလိုပင်။ သူတို့ အရွယ်နဲ့၊ ရင့်ကျက်မှုနဲ့ အတွေ့အကြုံ လေ့လာမှု တွေက တစ်ခါတလေ သဘာဝနဲ့ ယှဉ်သလို တစ်ခါတစ်ရံ သမိုင်းဆန်နေ တတ်တယ်။ တစ်ခါ တစ်ခါတော့ ဖြစ်ရပ်မှန် တွေနဲ့ ထပ်တူညီ နေပြန်ရော။ ကျွန်မ အတွက်ကတော့ သူတို့အုပ်စု ဘာပြောပြော သဘောကျမိ နေတတ်တယ်။ ကျွန်မ မသိတာတွေ အများကြီး ပါသလို ကျွန်မ မမီ လိုက်တာတွေလည်း ပါဝင် နေတတ်တယ်။  မတို့ လေးယောက်လုံးက ဘွဲ့အသီးသီး ရရှိထားသူ တွေမို့ တန်ဖိုးမဲ့တဲ့ စကားတော့ မပြောကြ။

မ ကတော့ ကျွန်မ အစ်မလို ခင်မင်ရသူ ဖြစ်ပြီး မနဲ့ ပတ်သက်သမျှ စိတ်တိုင်းကျ လုပ်ပေးရတယ်။ မသူငယ်ချင်း များကလည်း သဘောကောင်းသူ။ မက အဖေ၊ အမေ အုပ်ထိန်းမှု အောက်မှာ ကြီးပြင်း ခဲ့သူမို့ အရာရာ စေ့စပ် သေချာတယ်။ မ အကြောင်းကို ကျွန်မ ကောင်းကောင်းတော့ မသိ။ ချစ်ခင် နှစ်လိုဖွယ် ကောင်းတဲ့ မအပါး မှာတော့ နှစ်သက်သူတွေ ပေါများ လိမ့်မယ်လို့တော့ ထင်တယ်။

ဒီနေ့ ပိုစိတ်ဝင် စားစရာ ကောင်းတဲ့ သူတို့ စကားတွေက နှလုံးသားနဲ့ သက်ဆိုင်တဲ့ အချစ်အကြောင်း တွေပေါ့။ ကျွန်မလည်း ရည်းစားမရှိ သေးပေမယ့် ဒါမျိုးတော့ စိတ်ဝင်စား တယ်လေ။ စိတ်ကူးထဲ မှာတော့ ချစ်သူ ထားမိနေတာ အကြိမ်ကြိမ်ပဲ။ ဟိန်းဝေယံလို ပုံစံမျိုး၊ မင်းမော်ကွန်း လေးလိုတစ်မျိုး၊ အမျိုးမျိုးပေါ့။ တကယ်တမ်းကျ ဘယ်ယောက်ျားလေးမှ ၀င့်တောင်မကြည့်ဘူး။

ကော်ဖီ ဗန်းကိုချ၊ မုန့်ကို ချပြီးတာနဲ့ မရဲ့နောက်က ဗီရိုလေးကို မှီရင်း တစ်ချောင်းထိုး ထိုးနေလိုက်တယ်။ မက သူ့အနားမှာ နေမှကြိုက်တယ်။ ခေါ်ရ လွယ်အောင်လေ။ ဒီတစ်ချောင်း ထိုးကလည်း သူသင်ပေး ထားတာ။ အခု သူတို့ ပြောနေတာက ဧည့်ခန်း စားပွဲပေါ်မှာ တင်ထားတဲ့ အလှပန်းအိုးထဲက နှင်းဆီတွေအကြောင်း။ ကျွန်မက အ၀ါလေးဝယ် မလို့ပါပဲ။ မနက်က မတွေ့ တော့တာနဲ့ နီရဲနေတဲ့ နှင်းဆီတွေ ၀ယ်လာလိုက်တာ။ သူတို့ ပြောမှပဲ နှင်းဆီဆိုတာ အဓိပ္ပာယ် အမျိုးမျိုး ရှိမှန်း သိရတယ်။ မတို့ထဲက နှင်းဆီ အကြောင်းကို အသိဆုံးက မေကသစ် ဆိုတဲ့တစ်ယောက်။ သူပြောတာနဲ့ နှင်းဆီအနီ ၀ယ်လာတဲ့ ကျွန်မကို မက နောက်ဝယ်ခိုင်း တော့မှာ မဟုတ်ဘူး။ သူ ပြောတာလည်း နားထောင် ကြည့်ပါဦး။

“နှင်းဆီတွေမှာ အဖြူ ရောင်က ပျိုမျစ်မှုကို ကိုယ်စားပြုတယ်။ နှင်းဆီ အ၀ါက အဖော်မွန် အပေါ် သစ္စာ စောင့်သိမှုကို ကိုယ်စားပြုတယ်။ ဒီလို နှင်းဆီ အနီရဲရဲ တွေက ဆန္ဒ ရမ္မက်ကို ကိုယ်စားပြုတယ်။ နောက်အနီကြီး မ၀ယ်နဲ့”
“အေး- နောက်တစ်ခါ မ၀ယ်တော့ဘူး” လို့ မက ထောက်ခံတယ်။

“နှင်းဆီတွေမှာ ထူးခြား လျှို့ဝှက်တဲ့ အဓိပ္ပါယ် နှစ်ခွ ထွက်တဲ့ သဘောတွေ ရှိတယ်ဟ”

“ဆိုစမ်းပါဦး”

“စိတ်ကူးယဉ်ဆန် သလို၊ မြင့်မြတ်သလို၊ ညစ်ညမ်းတာလည်း ဖြစ်နိုင်တယ်။ နှင်းဆီက သဘာဝ တရားရဲ့ ကျက်သရေ၊ ချစ်သူရဲ့ အလှအပ ခံစားမှု၊ လူသား တွေရဲ့ အချစ်အတွက်၊ ကတိ က၀တ်တွေ အတွက်လည်း ကိုယ်စားပြုတယ်”

“နှင်းဆီ ဥယျာဉ်မှူး နဲ့များ တွေ့ခဲ့လား မသိဘူး။ ဆက်လက် ရှင်းပါဦး”

“သြော်- ငါပြောတာကို မယုံလို့လား။ စိပ်ပုတီး ဘယ်ကပေါ် လာတာလဲ သိလား”

“ဟင့်အင်း”

အားလုံး ခေါင်းယမ်း လိုက်ကြတယ်။
“စိပ်ပုတီး Rosary  က Virgin Mary  ဆုတောင်းဝတ် ပြုရာ ဥယျာဉ်၊ ကောင်းကင် ဘုံရဲ့ နှင်းဆီလို့ အဓိပ္ပာယ် တင်စားကြတယ်။ လူသားတို့ ပျော်ရွှင် ခံစားနိုင်တဲ့ နှင်းဆီ ဥယျာဉ်ကြီး တစ်ခုတင်စား ရာကနေ စိပ်ပုတီး ပေါ်လာတယ်တဲ့။ နှင်းဆီရဲရဲ တစ်ပွင့်ဟာ လူရဲ့ စိတ်အာရုံကို အနိုးကြားဆုံး ဖြစ်တယ်။ ဒါကြောင့် ကလီယို ပါထရာက လေ မာ့ခ်အန်တော်နီကို နှင်းဆီ ပွင့်ဖတ်တွေ ခင်းကျင်းထားတဲ့ အခန်းထဲမှာ တွေ့ဆုံ ခဲ့တာပေါ့”

ဟုတ်တယ်။ အဲဒီကားကို ကျွန်မ ကြည့်ရတယ်။ ကလီယို ပါထရာ ဆိုတဲ့ မိန်းမက လှသလား မမေးနဲ့။ နှုတ်ခမ်းတွေနဲ့ မျက်လုံးတွေက အပြင်က လူကိုတောင် ဆွဲဆောင်နိုင်တယ်။ သူ့အလှနဲ့ တင်မကဘဲ အဲဒီ မင်းသားကို နှင်းဆီ နီရနံ့ ပွင့်ဖတ်တွေနဲ့ စည်းရုံးလိုက်တာ။ တော်တော်လှတယ်။

“ဒီပန်းတွေရဲ့ သင်္ကေတက ၁၉ ရာစုလောက်မှ ပိုထင် ရှားလာတာ။ ပွင့်ပွင့်လင်းလင်း ထုတ်မပြော နိုင်တဲ့ စိတ်ဇော ဆန္ဒတွေကို ပန်းတွေနဲ့ တင်စားကြတယ်။ အရင်က ဆိုရင် ကားကောင်းကောင်း တစ်စီးထက် နှင်းဆီပွင့် လှလှ နီရဲရဲ ကိုသာ မိန်းမတွေက ပိုတောင့်တ တတ်ကြတယ်တဲ့”

ဒီအဆိုကို မက ပြောတယ်။
“ဒီခေတ်တော့ ဟုတ်ပါ့ မလားဟယ်”

“ဒါတော့ ကိုယ်ကိုယ်တိုင် မေးကြည့်ပေါ့”

“ဘာပဲပြောပြော စိန့် ဗယ်လင်တိုင်း ဒေးကြောင့် နှင်းဆီတွေ ပိုရောင်းရတယ် ဆိုလည်း မမှားပါဘူး”

သူတို့ထဲက နှင်းဖွေးစက် ဆိုတဲ့ တစ်ယောက်က ဗယ်လင်တိုင်း ဒေးကို ဂုဏ်ပြုချင်ပုံ။
“နှင်းက မနှစ်က ဘယ်က ပို့လိုက်မှန်း မသိတဲ့ Forget me not ပန်းတွေ၊ ကတ်တွေ ရခဲ့တာ ဆိုတော့ ဒီနှစ်လည်း....”

“တော်ပါဟာ ရင်မခုန် ပါဘူး။ ဘယ်သူမှန်းမှ မသိတာ”

“တစ်နေ့တော့ သိလာအောင် ကိုယ်ယောင်ထွက်ပြ မှာပေါ့”

“ဘိုးတော်ဘုရား လူဝင်စားတဲ့ နေ့လား ဟား ဟား”

“တချို့ အချစ်တွေက တစ်ကိုယ်ကောင်း ဆန်လွန်းပါတယ်။ သူတို့ကပဲ သိကျန်တဲ့ ဘက်က ဘာမှ မသိရဘူး”

“အေးလေ၊ ခုလို လျှို့ဝှက်ကတ်တွေ၊ ပန်းတွေ ပို့ရအောင် အသက်ဆယ့် ခြောက်၊ ဆယ့်ခွန်တွေလည်း မဟုတ်”

“၀တ္ထု တစ်ပုဒ်ထဲမှာ လေ၊ ကောင်လေးက ကောင်မလေးကို ရည်းစားစကား ပြောတာ “ကျွန်တော့်ရဲ့ အချစ်ဟာ တစ်ကိုယ်ကောင်း ဆန်လွန်း လှပါတယ်။ အတ္တကြီးလွန်း လှပါတယ်။ အချစ် မရှိရင် အသက်ပင် မရှူနိုင် တော့ပါ”တဲ့။

“ကောင်မလေးက “အသက်မရှူ နိုင်တော့ရင် သင်္ချိုင်းကုန်း သွားသေလိုက် ပါလားဟဲ့ ”တဲ့။ တချို့က စိတ်ထဲက မပါလည်း အဲဒီလို အပိုတွေ ပြောတတ်ကြတယ်။ အကောင်းဆုံး ချစ်ပုံ ချစ်နည်းက နှစ်ဦးနှစ်ဖက် တစ်ယောက်ကို တစ်ယောက်လို အပ်နေရမယ်။ ဖေးမ နေရမယ်။ ကာကွယ် စောင့်ရှောက်ပြီး အပေးအယူ မျှရမယ်။ ကာကွယ် စောင့်ရှောက်ပေးတဲ့ အချစ်ဟာ မိဘ အချစ်နဲ့ တူတယ်။ လင်သား အဖြစ်နဲ့ ဆက်ဆံပေမယ့် အမျိုးသမီး တွေဟာ ကာကွယ်စောင့် ရှောက်ခံ ဘ၀ နေရာမှာ နေသင့်တယ်။ အပြန်အလှန် ဆိုပေမယ့် တို့မိန်းမသား တွေရဲ့စိတ်က လုံခြုံမှုကို ပိုလိုလား သလို မိဘ အချစ်နဲ့ ချစ်နိုင်မယ့် သူကို ပိုလိုလား တယ်လေ”

အင်ကြင်းဖူး ဆိုတဲ့ တစ်ယောက်က ယုံယုံ ကြည်ကြည်နဲ့ သူခံယူတဲ့ အဓိပ္ပာယ်ကို ဖွင့်လှစ်ပြီ။ အချစ် နိယာမ တွေက တဖြည်းဖြည်းနဲ့ ပိုလို့ နက်ရှိုင်းလာမယ် ထင်တယ်။ နောက်မှာ ထမင်းအိုး တည်ထားတာမို့ မီးခလုတ်ကို အမြန်ပြေး ပိတ်လိုက်ရတယ်။ အချစ် အကြောင်းတွေ ပြောနေ ကြပေမယ့် သူတို့တစ် ယောက်မှ အိမ်ထောင်မပြု ကြသေးပါဘူး။ ဒါပေမဲ့ သူတို့ ပြောတာတွေက ဟုတ်နေ သလိုပဲ။

“အချစ်ရဲ့ အစ နှလုံးခုန်မှု အစတွေက ထင်ယောင်ထင်မှားတွေ ဖြစ်တာ များတယ်”

“ဘယ်နှခါ လောက်များ ထင်ယောင်ထင်မှား ဖြစ်ပြီး သွားပြီလဲ မရဲ့”

“ဆယ့်ငါးယောက်၊ စတာပါဟာ၊ အမြင်ရှင်းရှင်း ချစ်နိုင်တဲ့ အချစ်မျိုး ကသာ တာရှည်ခံပြီး ခိုင်မြဲတဲ့ အတွေ့ အကြုံကို ရရှိလိမ့်မယ်လို့ ငါ ထင်တယ်။ နောက်ပြီး ငါ တစ်ခု ပြောမယ်နော်၊ မှန်လား၊ မှားလား မသိဘူး။ ငါ့ ပတ်ဝန်းကျင် အတွေ့အကြုံ အရပါ။ ငါ့အဒေါ်က သူယောက်ျားကို အရမ်းချစ် တယ်ကွာ။ သူ့ယောက်ျား ဆုံးပြီး နောက်ပိုင်း တစ်ကိုယ်တည်း ငြီးငွေ့လာမှုဟာ သိစိတ်နဲ့ ဖြစ်စေ၊ မသိစိတ်နဲ့ ဖြစ်စေ ငြီးငွေ့မှုက လွတ်မြောက်ဖို့ တခြား ယောက်ျားသား တစ်ဦးအပေါ် စိတ်ယိုင် စေဖို့ အများဆုံး တွန်းပို့တယ်။ အရမ်းချစ်စိတ် ပြင်းထန်တဲ့ သူတွေ ဘေးနားက ချစ်သူ ဒါမှမဟုတ် ယောက်ျားမရှိ တော့တဲ့အခါ ဝေဒနာ တွေက သူများထက် ပိုခံစား ရတယ်။ အဲ့ဒါဟာ တခြားလူ အပေါ်  ချစ်မိခြင်းရဲ့ အကြောင်းပြချက် တစ်စိတ် တစ်ပိုင်းပေါ့။ ဒါကြောင့် ငြီးငွေ့မှု ဆိုတာ ပျိုပျိုအိုအို လူတိုင်း ရှိနိုင်တဲ့ အရာ။ အဲဒီလို ရှိလာလည်း ကိုယ့်ဘ၀ကိုယ် ရှင်သန် အောင်မြင်အောင် နေထိုင်နည်းလည်း လေ့ကျင့်ထားဖို့ လိုမယ်နော်”

ကျွန်မကို မက လက်ဖက် သုပ်ပေးဖို့ တောင်းဆို လိုက်တာကြောင့် ကျွန်မ အလယ်ခန်းကို ပြန်ဝင် လာရတယ်။ ရေခဲသေတ္တာ ထဲက နှပ်ပြီးသား လက်ဖက်၊ ချင်း၊ ခရမ်းချဉ်သီး လှီး၊ ငရုတ်သီး စိမ်းပါးပါးလှီး၊ ပုစွန်ခြောက် ထည့်၊ ဒီလို လက်ဖက်သုပ် ခိုင်းရင် စကားဝိုင်းက ပိုကြာတော့မယ်။ ရေနွေးကြမ်းပါ တစ်ခါတည်း ခပ်သွားလိုက်မှ။

“လူတိုင်းတော့ ကြီးကြီး ငယ်ငယ် စိတ်ကူးထဲက အမျိုးသား ပုံရိပ်၊ အမျိုးသမီး ပုံရိပ်ဆိုတာ ရှိတာပဲလေ။ အဲဒီလို စိတ်ကူးထဲက ပုံရိပ်ကို အပြင်မှာ တွေ့အောင်ရှာပြီး ရအောင် ယူနိုင်ဖို့ ဆိုတာ ယုံကြည် ထားသလောက် တကယ် စင်စစ်ကျ မလွယ်ကူ ပါဘူး။ အဲဒီလို ကြိုတွက်ထားလို့ မရပေမယ့် အဲဒီလို စိတ်ကူးတွေတော့ လူတိုင်းရှိ ကြတယ်”

ဟုတ်ပါရဲ့၊ မအင်ကြင်း ပြောတာမှန်တယ်။ ကျွန်မဆို စိတ်ကူး ယဉ်ထားတဲ့ အမျိုးသား ပုံရိပ်တွေ များမှများပဲ။ ဒါပေမဲ့ လက်တွေ့ကျ ကျွန်မတို့ရဲ့ တစ်ခြံကျော်က မုန့်တိုက်မှာ အလုပ်လုပ်တဲ့ အသားညိုညို ပုပုလုံးလုံး မျက်လုံးပြူးပြူး လေးနဲ့ ကောင်လေးကို တွေ့ရင် ရင်ခုန် နေမိတယ်။ အဲဒီလို ပုံစံက ကျွန်မ စိတ်ကူးထဲက ပုံရိပ်လည်း မဟုတ်ဘူး။ စိတ်ကူးထဲက အသားဖြူဖြူ၊ အရပ်ရှည်ရှည် ရုပ်ချောချောပေါ့။

“မသိတဲ့ ဒဏ္ဍာရီ တစ်ခု ပြောပြဦးမယ်။ အမလေး လက်ဖက်ကလည်း စပ်လိုက်တာ။ မိထု၊ ကောင်မလေး၊ ငရုတ်သီးတွေ အများကြီး ထည့်လိုက်လား”

“ဆယ်တောင့်တည်းပါ မမ။ ဒီငရုတ်က စပ်လို့ ထင်ပါရဲ့”

“ဟပ်ချိုး”

မက တကယ် ငရုတ်သီး မိသွားပြီ။ ဟပ်ချိုးချေပြီး နှာရည်တောင် ထွက်လာတယ်။ နားထောင်ချင်ပါ တယ်ဆိုမှ ဒဏ္ဍာရီ ထဲက ငရုတ်သီးနဲ့ လာတွေ့နေတယ်။ မက တစ်ရှူး တစ်ရွက်နဲ့ နှာရည်သုတ်ရင်း-
“စားကြ၊ ငါတော့ ပူစပ် သွားတာပဲ။ ငရုတ်တွေက မစပ်တာ များတယ်။ ဒီ ငရုတ်ကျမှ ငရုတ် စစ်စစ်နဲ့ လာတိုး နေတယ်”

“ကောင်းပါတယ်။ ငါတို့တော့ ကြိုက်တယ်”

“ဒဏ္ဍာရီ ပုံပြင်က ဘယ်ရောက်သွားပြီလဲ ဆက်ပြောလေ”

“အေး- ငရုတ်သီးနဲ့ တွေ့တာနဲ့ ငါတောင် မေ့သွားပြီ။ ပန်းပုဆရာ ပစ်မေလီ ယန်က အမျိုးသမီး တွေက စပြီး မြှူဆွယ်တာတွေ၊ လျှပ်ပေါ် လော်လည် တာတွေကို မကြိုက်ဘူး။ သူနေထိုင်တဲ့ အရပ် စိုက်ပရပ်က အဲဒီ အမျိုး သမီးတွေကို မနှစ်သက်လို့ တစ်သက်လုံး လက်မထပ် တော့ဘူးလို့ ဆုံးဖြတ်လိုက်တယ်။ သူ့ရဲ့ စိတ်ကူးပုံရိပ် ထဲက အမျိုးသမီး တွေဟာ ဒီလိုလျှပ်ပေါ် လော်လီတဲ့ အမျိုး သမီးတွေ မဟုတ်ဘူး။ အဲဒါကြောင့် ပစ်မေလီယန် က သူ့စိတ်ကူး ထဲက အတိုင်း အမျိုးသမီး ဆင်စွယ်ရုပ် လှလှလေး ထုလိုက်တယ်။ လက်ရာက ကောင်းလွန်းလို့ အဲဒီ အရုပ်လေးက အရမ်းလှပ ချောမောတယ်။ သူ့လက်ရာ အရုပ်လေးကို ကြည့်ရင်း ကြည့်ရင်း ချစ်ခင်စွဲလမ်းမိ သွားတယ်။ အဲဒီလို သက်မဲ့ အရုပ်ကို ချစ်ခင်စွဲမက်နေ တာကို ရောမရဲ့ အချစ်နတ် သမီး Nenus ကသိပြီး ပစ်မေ လီယန်အပေါ်မှာ ကရုဏာ သက်ဝင်လာတယ်။ ဒါ ကြောင့် သက်မဲ့ အရုပ်ကို အသက်သွင်းပေး လိုက်တယ်။ ပန်းပုဆရာ ပစ်မေ လီယန်ဟာ အလွန် ကံကောင်းတဲ့ ဒဏ္ဍာရီထဲက လူသား တစ်ဦးပေါ့။ အပြင်မှာတော့ ဒီလို မဖြစ်နိုင် ကြတော့ ကိုယ့်စိတ်နဲ့ အနီးဆုံး လူသားများကို ရှာဖွေကြတာ ပေါ့”

မပြောတဲ့ ပန်းပုဆရာ ပစ်မေ လီယန်ဆိုတာ ကံကောင်း လိုက်တာလို့ ကျွန်မ တွေးမိတယ်။ အဲဒီ နတ်သမီးက ကျွန်မ စိတ်ထဲက ချစ်သူ ပုံရိပ်ကို သိပြီး အပြင်မှာ ဖန်တီးပေးရင် ကောင်းမှာပဲ။ ဒါဆို သေချာပေါက် ချောချောလှလှ လေးဖြစ်မှာ သေချာတယ်။

“ဟဲ့-မိထု၊ ဘာတွေစဉ်းစား နေတာလဲ၊ ရေနွေး ထည့်ပေးဦး”

“သြော်- ဟုတ်ကဲ့မမ”

ရေနွေးက ပူနေတာ အဆင်သင့် ရှိလို့ တော်သေးတယ်။ မဟုတ်ရင် တည်နေ ရဦးမှာ။ အ၀တ် လျှော်စရာ တွေက ရေချိုးခန်း ထဲမှာ မလျှော် ရသေးဘူး။ ရေနွေး ဓာတ်ဘူး ပြန်ချပေးပြီး ထိုးလက်စကို ပြန်ကိုင်လိုက်တယ်။ လက်ဖက် ပန်းကန်က ပြောင်တော့မယ်။

မမေကသစ်က လက်ဖက် တစ်ဇွန်းကို စားရင်း-
“ဟဲ့- ငါဟို တစ်ပတ်က ကန်တော်ကြီးမှာ စုံတွဲတစ်တွဲ တွေ့ဖူးတယ်။ ချစ်သူရည်းစား ဘ၀ပဲ ရှိသေးတယ်နော်။ ရန်ဖြစ်ပြီး ကောင်လေးက လက်လွန် သလိုဖြစ်ပြီး ကောင်မလေးက ရေထဲပြုတ် ကျသွားတယ်။ အနားက အကြော်ဆိုင်က လူတွေ ဆယ်ပေးရတယ်။ ကုန်းပေါ်လည်း ရောက်ရော အဲဒီကောင်လေး ပါးကို ဗြောင်းခနဲ မြည်အောင် ရိုက်တော့တာပဲ”

“ကျီစားသန် သွားတာ နေမှာပေါ့”

“ချစ်သူ အချင်းချင်းမှာ ရန်ဖြစ်တာ၊ ဟာသပြောတာ၊ ကျီစားတာတွေ ရှိသင့်ပေမယ့် လက်လွန် ခြေလွန်ဖြစ် တာတော့ မကောင်းဘူးပေါ့”

မက သူ့အမြင်ကို ပြောတယ်။ ဟုတ်တာပေါ့လို့ ကျွန်မလည်း စိတ်ထဲက ထောက်ခံမိတယ်။
“ချစ်သူ အချင်းချင်း ရန်ဖြစ်တာက အချစ်သစ်ကို တည်ဆောက် ဖန်တီး ယူခြင်းနဲ့ တူတယ်တဲ့”

မနှင်းဖွေးစက် ပြောတာ တစ်မျိုး ကြီးပါလား။ ရန်ဖြစ်တာက ဘယ်လိုအချစ် သစ်ကို ဖန်တီး ယူမှာလဲ။ ဒီအပျိုကြီး အတွေး အခေါ်က တစ်မျိုးပါလား။ ကျွန်မတို့ ရွာမှာဆို ချစ်သူ အချင်းချင်း ရန်ဖြစ်လို့ ရုံးရောက်ဂါတ်ရောက်၊ တုတ်တွေ၊ ဓားတွေ နဲ့ သတ်ပွဲတွေတောင် ဖြစ်လို့။ ဒီလို ဖြစ်ကုန်တော့ နောက်အချစ်သစ် တစ်ခု ရတယ်လို့ ပြောပုံရတယ်။ နောက်မိန်းမ၊ နောက်ယောက်ျားတွေ ယူကြတဲ့ လင်မယား တွေတောင် ရှိသေးတယ်။

“ငါဖတ်ဖူးတာ ပြောတာပါ။ ရန်ဖြစ်ခြင်းက ရုပ်ဖျက်ထားတဲ့ အချစ် ပလူးမှုတဲ့”

“အံမယ် ငါမကြားဖူးပေါင် ဒီစာဆိုကို”

“ဟုတ်တယ်၊ တစ်ယောက်နဲ့ တစ်ယောက် ရန်ဖြစ် ပြီးကြရင် စိတ်ကောက် စိတ်ဆိုးကြတယ် မဟုတ်လား။ အဲဒီလို ဖြစ်ကြရင် ချော့ကြရ၊ တောင်းပန် ကြရနဲ့ ဟိုမူလ အစ ကို ပြန်ပြီး ပြောရနဲ့ ပြန်ဖန်တီး ကြရတယ်။ မူလ အခြေအနေ ရောက်အောင်ပေါ့။ အဲဒီလို ရန်ဖြစ် ကြရင်းနဲ့ အော်ကြ၊ ပြောကြ၊ နှစ်ဖက်စလုံး ခံစားကြတဲ့ ဝေဒနာတွေ ပေါက်ကွဲကြနဲ့ အားလုံး ပြီးသွားရင် တစ်ယောက်နား တစ်ယောက် ပြန်ကပ်ဖို့ လက်ကလေး ပြန်ကိုင်၊ ပြန်ထိခွင့် ရဖို့ ပြန်ကြိုးစား ရတာကိုက ပျော်စရာ ပီတိဖြစ်လာပြီး အပေးအယူ မျှလာတဲ့ အချိန်လောက် ဘ၀မှာ ပျော်မွေ့စရာ ကောင်းတာ မရှိဘူးတဲ့။ ဒါကြောင့် ချစ်သူတွေကြား၊ လင်နဲ့ မယားကြားမှာ နောက်ပြောင် ကျီစယ်ရန်ဖြစ်မှုတွေ ရှိသင့်တယ်။ ဒါတွေဟာ အေးစက် နေတဲ့ အရာတွေကိုတောင် အသစ်ဖြစ်ပြီး ပြန်လည် နွေး ထွေး သွားနိုင်တယ်တဲ့”

“အဲဒါတော့ ဟုတ်လိမ့် မယ်။ ရန်ဖြစ်လေ ပိုချစ်လေ တဲ့”

“ငါတို့ အိမ်နားက မိန်း မဆို ရန်ဖြစ်တိုင်း ရိုက်ခံရ တာပဲ။ ဒါလည်း...”

“ချစ်တာပဲ မဟုတ်လား”

အင်ကြင်းဖူး စကားကို မက ထောက်ခံပေးရင်း သဘောကျစွာ ရယ်တယ်။
“ရန်ဖြစ်တာကို ခံနိုင် ရည်မရှိဘူး ဆိုရင် နှလုံးသား ရေးရာကိစ္စ၊ ရင်ခုန်တာတွေ ပေါ်လာဖို့ မရှိသလို တစ် ယောက်နဲ့ တစ်ယောက် ပြန်လည် သင့်မြတ်ဖို့ ကြိုးပမ်းရတဲ့ အရသာ ကိုလည်း ခံစားရမှာ မဟုတ်ဘူး။ ဒါကြောင့် အချစ်ဆိုတာ ရန်ဖြစ်လေလေ စွဲမြဲစွာ ကြာရှည် ခံလေတဲ့”

ရန်ဖြစ်ပြီးရင် ပိုချစ်လား၊ မချစ်လားတော့ မသိဘူး။ အရင်ရွာမှာ တုန်းက ရည်းစားနဲ့ ရန်ဖြစ်ကြပြီး မခေါ်ကြတာ သုံးရက်တောင် မနေနိုင်ဘူး။ ကျွန်မက စိတ်ဆိုး၊ သူကလာချော့။ စိတ်ဆိုးပြေအောင် ဟိုဟာပေး၊ ဒီဟာပေး။ ခုနက သူတို့ ပြောသလို ခုမှ ရည်းစားကို ပြန်ပိုးပန်း ရသလို အလိုလိုက် ဆိုတော့ ပျော်စရာပေါ့။ အင်းခုတော့လည်း ပြောရင်းနဲ့တောင် သတိရ လာပြီ။
“ချစ်သူနှစ်ဦး လက်ထပ် လိုက်ပြီးရင် ကိုယ်လိုချင်တဲ့ ပန်းတိုင်ကို ရောက်သွားပြီလို့ ထင်ကြတယ်”

“မဟုတ်ဘူးလား”

“ပန်းတိုင် တစ်ဝက်တော့ ပြောလို့ရတယ်။ ချစ်သူ အချင်းချင်း လက်ထပ်ကြ ပြီးတဲ့နောက်မှာ စိန်ခေါ်မှုတွေ၊ စွန့်စားမှုတွေ၊ ချစ်ခြင်းတွေက ဆုံးခန်းတိုင်အောင် ရောက်သွားတာ မဟုတ်ဘူး”

“အချစ် ဒဿနိက ပညာရှင် ကျနေတာပဲ။ ငါ ကြားဖူးတာ ကတော့ လက်ထပ် ပြီးကြရင် အဆင် မပြေမှု တွေက တံခါးခေါက် လာရင် အချစ်တွေက ပြတင်း ပေါက်ကနေ ခုန်ထွက်သွား ကြတယ်ဆို”

“အဲဒီ အချက်က သာတူညီမျှ စိတ်မရှိတဲ့ သူတွေ အတွက် မှန်ချင် မှန်လိမ့်မယ်။ စဉ်းစားကြည့်လေ။ မိသားစု ဖြစ်သွားပြီ ဆိုမှတော့ အဆင် မပြေခြင်း၊ ပြေခြင်းဟာ ဒီ အိမ်ထဲမှာ ရှိတဲ့ လူတွေနဲ့ အားလုံးဆိုင်တယ်။ အတူဖြေ ရှင်းရမယ်။ အဲဒီလို မဟုတ်ဘဲ မင်းတစ်ခွန်း၊ ငါတစ်ခွန်းနဲ့ ဖြစ်ကြတဲ့ အခါ သူတို့ အရင်တုန်းက ချစ်လှပါတယ် ဆိုတဲ့ အချစ်တွေက ဓာတ်လှေကားနဲ့ ဆင်းပြေးတာ။ ပြတင်းပေါက်က ခုန်ထွက်တာ။ ဒီထက် မြန်ချင်ရင် အငွေ့ပြန် သွားတာတို့ ဖြစ်ပြီး စိတ်ညစ်တာထက် ဆိုးတဲ့ စိတ်ကုန်တဲ့ အဆင့်တွေရောက် သွားတာပေါ့”

“နှင်း ပြောနေပုံက သူ့ အတွေ့ အကြုံကို ပြောနေတာ ကျနေတာပဲ”

“အဲဒီတော့ ဒီနည်းလမ်း တွေကို ဘယ်လို ကာကွယ်ရ မှာလဲ”

“အင်ကြင်းက လက်ထပ်မယ့်သူ ရှိတယ်ဆိုတော့ သေချာမှတ်ထား”

“ဟုတ်ကဲ့ ဆရာမ”

“မပြောင်နဲ့၊ သူက အချစ် ဖလော်ဆော်ဖီ ဆရာမ”

“ခေတ်သစ် စိတ်ပညာ ရှင်တွေက လူတစ်ယောက်ရဲ့ အပြင် ပုံသဏ္ဌာန်ကို မကြည့်ခိုင်းဘဲ လူတစ်ယောက်ရဲ့ အတွင်းစိတ် သန္တာန်ကိုသာ ပိုပြီး အလေးအနက် ထားစေ ချင်ကြတယ်။ တာရှည် ခိုင်မြဲတဲ့ အချစ် အိမ်ထောင်ရေးမှာ စံတွေ ရှိခဲ့တယ်။ စံတွေချပေး ထားခဲ့တယ်။ အဲဒီလို တာရှည် ခိုင်မြဲတဲ့ အချစ်ဆိုတာ စိတ်ကူးယဉ်တဲ့ အချစ်မျိုး မပါဘူး။ တူညီတဲ့ စိတ်ဝင်စားမှု၊ လိုအပ်မှုက တူညီ နေရမယ်။ တစ်ဦးအပေါ် တစ်ဦး ၀န်တိုစိတ် ကင်းရမယ်။ အပြန်အလှန် လေးစားမှု ရှိရမယ်။ ဒါ့အပြင် ပိုအရေးကြီး တာက တစ်ဦးနဲ့ တစ်ဦးမှာ သီးသန့် ရှိနေတဲ့ အရည်အချင်း အရည် အသွေးကို လေးစား လက်ခံတတ်ဖို့ လိုတယ်။ အဲဒီ အရည်အချင်း တွေအပြင် တကယ့် ချစ်စိတ်နဲ့ ချစ်ခဲ့ကြတဲ့ သူနှစ်ဦးမှာ နူးညံ့ သိမ်မွေ့မှု ရှိတယ်။ အဲဒီအချက် တွေကို ပေါင်းစပ် ထားနိုင်မှ တာရှည် ခိုင်မြဲတဲ့ အချစ်ဖြစ် လိမ့်မယ်။

တချို့ကျ လက်ထပ် အတူ နေပြီးမှ သိရတဲ့ ကြမ်းတမ်းတဲ့ ပါးစပ်အပြော အဆို တွေကြောင့်၊ အပြု အမူတွေကြောင့် ဒီမိန်းမ၊ ဒီယောက်ျားကို ချစ်ခဲ့တာ ဟုတ်မှဟုတ်ပါ့ မလားဆိုတာ ပြန်စဉ်းစားခန်း ၀င်ကြတယ်။ ပြန်တောင် အမ်းလိုက် ချင်တယ်တို့ ဘာတို့ ဖြစ်ကုန်ကြရော”

“ကဲ- တို့ထဲက ပထမ ဦးဆုံး လက်ထပ်မယ့် အင်ကြင်းလည်း တာရှည်ခိုင် မြဲတဲ့ အချစ်နဲ့ ဘ၀ တစ်ခုကို ပျော်ရွှင်စွာ တည်ဆောက်နိုင် ပါစေလို့ မတို့က ဆုတောင်း ပေးပါတယ်”

“ပေးတဲ့ဆုနဲ့ ပြည့်ပါစေ ပေါ့”

စကားဝိုင်းလည်း ပြီးရော ကျွန်မလည်း သိမ်းစရာ ရှိတာသိမ်းပြီး ရေချိုးခန်းထဲ အ၀တ်လျှော်ဖို့ ၀င်ခဲ့တယ်။ အ၀တ်တွေကို ဆပ်ပြာမှုန့် စိမ်ပြီး စဉ်းစား နေမိတယ်။ သူတို့ အချစ် အကြောင်းကို သိသလောက် ဘာလို့ အပျိုကြီးတွေ ဖြစ်နေတာလဲ။ တစ်ယောက်ကတော့ စွံတော့မယ်တဲ့။ သူတို့ရုပ်လည်း မဆိုးကြ၊ ပညာလည်း တော်ရက်နဲ့။

“အ၀တ်တွေကို မြန်မြန်လျှော်တော့၊ သူများစကား ပြောတာတွေ နားထောင်ပြီး ကိုယ့်အလုပ်ကို မြန်မြန်ပြီး အောင်လုပ်၊ ကြားလား”

“ဟုတ်ကဲ့ မမ”

အပြင်က မ အသံ ကြောင့် စဉ်းစားနေတဲ့ အချစ် သီအိုရီတွေ ချက်ချင်း အငွေ့ ပြန်သွားသလို ဖြစ်သွားတယ်။ ရေချိုးခန်းထဲ စဉ်းစားချိန် မရ တော့ဘဲ အ၀တ်တွေကို တဗုန်းဗုန်း တဒိုင်းဒိုင်းနဲ့ လျှော်လိုက်ရတော့တယ်။

ချောအိမာန်၊မန္တလေး၊
(ရွှေအမြုတေ မဂ္ဂဇင်း၊ဇန်န၀ါရီလ ၂၀၁၂)

Tuesday, November 13, 2012

ရွှေဖြစ်ဖို့







၂၀၁၂ ဇွန်လထုတ် ရွှေအမြုတေ ကတော့ မြင့်မြတ် မျက်နှာဖုံး အတွင်း စာမျက်နှာ အဖွင့်မှာ အပြုံးပန်း တွေ ဝေဆာ နေတဲ့ ရွှေအမြုတေ ရဲ့ဆုပေးပွဲ ပုံရိပ် များက အားရ စရာ။
မှတ်တမ်းတင် ကင်မရာတွေရဲ့ လျှပ်တစ်ပြက် ပုံရိပ်တွေကို အမိအရ ပြေးကူး ရိုက်ချက် တွေကြောင့် စာမျက်နှာက တစ်ဆင့် စာဖတ် ပရိသတ် တွေဆီ ထပ်မံ ကူးစက် ခံစား စေရပါတယ်။
အဆင်ပြေပြေ ချောချော မွေ့မွေ့နဲ့ စာပေဆု ပေးပွဲကြီး အောင်မြင်စွာ ပြီးဆုံးသွားမှုနဲ့ အတူ ပဲ့ကိုင်ရှင် ဆရာ ဦးဝင်းငြိမ်းရဲ့ မွန်မြတ်လှတဲ့ မွေးနေ့ရက်ကို ဂုဏ်ယူစွာ လေးနက် ပီတိဖြစ်စွာ ဖြတ်သန်းခဲ့ ကြရပါတယ်။

ဒီပွဲကြီးထဲမှာ ရှိတဲ့သူတိုင်း ရင်ခုန်သံ ကိုယ်စီ၊ ဖြစ်ရပ် ကိုယ်စီနဲ့ တက်ရောက် ခဲ့ကြရမှာ မလွဲပါဘူး။ အနုပညာရှင်၊ စာပေ ပညာရှင်၊ စီးပွားရေး ပညာရှင်၊ အတတ် ပညာရှင်၊ ဖန်တီးမှု ပညာရှင် စုဝေးရာ ပွဲကြီးတစ်ပွဲမှာ တစ်ခါမှ မတက် ရောက်ဖူးလို့ ကတုန်ကယင် လာခဲ့ကြသူတွေ၊ သိမ်သိမ်ငယ်ငယ် လေးဖြစ်နေသူ တွေလည်း ရှိကြမှာပါ။ ရောက် ဖူးချင်လွန်းလို့ တွေ့ဖူးချင်လွန်း လို့ဆိုသူတွေ။ ရင်ခုန်သံ ကိုထပ်တူ ခံစားချင် သူတွေ။ ဒီနေ့ကိုသိလို့ အာရုံစိုက်နေ ကြသူတွေ။ မနှစ်က စာဖတ်သူ အကြိုက် ရွှေအသစ် ၀တ္ထုတို ဆုရတဲ့ လင်းယဉ်နွဲ့(မြို့သစ်ကလေး)ဟာ ဘီးတပ် ကုလားထိုင်နဲ့ ဒီပွဲကို ခက်ခဲ ပေါင်းစုံနဲ့ ချီတက်ခဲ့ ရတဲ့ အဝေးတစ် နေရာ က စာရေးသူတစ် ယောက်ပါ။ သူ့ရဲ့ လွမ်းနေ ရမည့် မေတစ်ည ကိုဖတ်ရတော့ သူ့အတွက် ပင်ပန်း ခက်ခဲမှု တွေကို စိတ်မကောင်း။ ဒါပေမဲ့လည်း စာရေးသူ တစ်ယောက်ရဲ့အားမာန်နဲ့ သူအရောက် လာနိုင်ခဲ့တယ်၊ ခန်းမ ထဲမှာသူ မျက်ရည်ဝဲခဲ့တယ်၊ ပီတိဖြစ်ခဲ့တယ်။

မျှော်လင့်တာတွေ အများကြီး ရှိသလို မမျှော်လင့် တာတွေလည်း အများကြီး တွေ့ရမှာပါ။ တစ်ဦးနဲ့ တစ်ဦး အကြိုက်၊ အတွေးအခေါ် သုံးသပ်ချက် တွေဟာ ထပ်တူကျတာ ရှိသလို ကွဲလွဲ နိုင်တာ တွေလည်း ရှိနိုင်ပါတယ်။ ဒီနှစ်ကတော့ ဆုရရှိသူ အမည် စာရင်းကို မနှစ်က ရရှိသူ တွေက ပြန်ပြီး ဖွင့်ဖောက် ကြေညာ ပေးပါတယ်။ အခမ်းအနားမှူး ညီမင်းညိုက ဆုပေးပွဲ မတိုင်မီက စာရေးဆရာ/ဆရာမများရဲ့ ဆုအဖြစ် ကိုယ့်အကြိုက် ရွေးချယ်ထား သူတွေရဲ့ နာမည် စာရင်းကို တစ်ယောက် ပြီးတိုင်း ကြေညာပေး တာဟာ စိတ်လှုပ်ရှားစေပြီး အာရုံပိုပြီး စူးစိုက် စေပါတယ်။

ကျွန်မလည်း မြူးဇစ် အသံတွေနဲ့ အတူ ဆုရမဲ့ သူများနဲ့ ထပ်တူ ရင်ခုန် နေမိပါတယ်။ Sky Net ကင်မရာ ကြီး ဘေးနားက နောက်ဆုံးဝိုင်းမှာ ထိုင်မိပါတယ်။ အဖွဲ့တွေ ကလည်း ဒီနားမှာ စုံနေတယ်။ ကျွန်မကတော့ ထုံးစံ အတိုင်း စောလာ ပေမဲ့လည်း အောက်ထပ်မှာ တောင်ကြီးက စပွန်ဆာ ပေးတဲ့ မနီနီအောင်ကို စောင့်နေရတယ်။ သူနဲ့ကိုယ်နဲ့ ကလည်း မမြင်ဖူးကြ။ ဆရာ ဦးဝင်းငြိမ်းက ဖုန်းဆက်တော့ ဟုတ်ကဲ့ မမြင်ဖူး ပေမဲ့ ကျွန်မတို့ပဲ ဖုန်းချိတ် ဆက်ပြီး ခေါ်ခဲ့ပါ မယ်ပေါ့။ သူကလည်း စာပေ ၀ါသနာ ပါသူမို့ တစ်ဆုကို တစ်သိန်း ခြောက်ဆုအတွက် ဂုဏ်ပြု ငွေပေးသူ၊ ဆုရသူတွေကို သူလည်း မြင်ချင်ပုံ၊ မနှစ်က တော့ မရှိလို့ မလာဖြစ်။ အောက်မှာပဲ စောင့်ရင်း စောင့်ရင်း။

ဟော ဆရာမ မစန္ဒာ၊ ဟော ဆရာမ မနှင်းဖွေး၊ ဆရာ ဦးမိုးသူ၊ ဘယ်သူ့ကိုမှ မနှုတ်ဆက် ဖြစ်တော့။ ဆရာမတွေကလည်း လမ်းလျှောက်တာ ခပ်မြန်မြန်၊ ဒီကို နှုတ်ဆက် လိုက်ရင် လည်း မမြင်ဖူးတဲ့ မနီနီအောင် ကိုလွတ် သွားမှာလည်း စိုးရသေး။

နောက်ဝင်လာ သူက နှစ်လွှာ ဆရာမ ကြည်မွေ့အိမ်နဲ့ ဆရာမ လဲ့ဝင်းကြည်(ချို) ဒီနှစ်ယောက် ကိုတော့ အပြေးအလွှား နှုတ်ဆက်လိုက် ရတယ်။ နောက်တစ်ယောက် ဆရာမ မီမိုး လှတပတနဲ့ ၀င်လာတော့ မမိုးရေ လုပ်ပါဦး၊ အပေါ်မှာ နေရာဦး ထားပါဦး၊ ဒီမှာစောင့် နေရလို့ပါ ဆိုတော့ သူက စိတ်ချ၊ စိတ်ချဆို ပြီး ဓာတ်လှေကားဆီ ခပ်သွက်သွက်။

နောက် မင်းဝေဟင်နဲ့ တွေ့တော့ သူကလည်း သူ့ဂျာနယ် အတွက်ဆိုပြီး ဓာတ်ပုံ သုံးပုံလောက် ဆက်တိုက်ရိုက် နေတုန်းမှာ မနီနီအောင်နဲ့ ကျွန်မ ဆုံသွားရတယ်။ သူရောက်လာမှ ကျွန်မ နဲ့အတူ အပေါ်ထပ် တက်ခဲ့ပြီး ဆရာ ဦးဝင်းငြိမ်းနဲ့ မိတ်ဆက်ပေးပြီး မသီတာ(စမ်းချောင်း)လက်ကို နေရာချ ပေးဖို့ အပ်ပြီးမှာ ကိုယ့်နေရာဆီ ရောက်တော့ လူက တော် တော်စုံ နေပါပြီ။ ထုံးစံအတိုင်း ဘယ်သူ တွေက ရှိတယ်၊ ဘယ်သူတွေက မရှိ ဘူး၊ ဘယ်သူထင်တယ်၊ ဘယ်ဝါထင် တယ်၊ သေချာတယ်၊ မသေချာဘူး၊ လောင်းမလား၊ အောင်မယ် ဒီနှစ်ငွေက တစ်ဦးကို ဆယ်သိန်း ကျော်နေပြီနော်။ သံစုံမြည် တီးဝိုင်း ထက်တောင် အသံတွေ က မည်နေသေးတယ်။ စပွန်ဆာတွေရဲ့ ကောင်းမှုတွေကြောင့် စာပေ မျိုးဆက်သစ်တွေ အတွက်လည်း အားတက်စရာ။

အသစ် အသစ်ဆိုလို့ မျိုးဆက်သစ် ဆုအတွက် ကတော့ ဘယ်တော့မှ များ များစားစား မဖိတ်။ ဒါကြောင့် တွေ့မိ တာက န၀ရတ်(ဂုဏ်ရူပ)၊ နန်းဧကရီရှင် မိန်းကလေး နှစ်ယောက်။ ကျွန်မတွေးနေ တုန်း နားနားလေး ရောက်လာတဲ့ အသံ တစ်ခုက အောင်ဖြိုးကျော်(ပခုက္ကူ) အသစ်တဲ့။ ဟုတ်လား။ သူက ဘယ်မှာ လဲ၊ ဘယ်ဝိုင်း မှာလဲ၊ နောက်ဆုံးတော့ ကျွန်မ ဘေးထိုင် နေတဲ့ အင်္ကျီအဖြူနဲ့ တစ် ယောက်တဲ့ ကောင်းရော။ ကျွန်မက သူ့ ဘေးထိုင်တာ မဟုတ်ဘူးနော်။ သူက ကျွန်မဘေးခုံ လာထိုင်တာ။ ခုမှပဲ သိတော့ သူ့ကို ဟိုဘက်ဝိုင်းက စာရေးဖော် တွေက လာစကားပြော။ ဒီပွဲမှာ အဟောင်းတွေ အတွက်က မဆန်းပေမဲ့ အသစ်တွေ အတွက်၊ တစ်ခါမှ မတက် ရောက်ဖူးသူတွေ အတွက်ကတော့ အဆန်းကြီးနဲ့  ရင်တုန်စရာကြီး။

အောင် ဖြိုးကျော်(ပခုက္ကူ) နဲ့ စကားပြောဖြစ် တော့ သူ့အတွက်လည်း တက်ဖို့တောင် မမျှော်လင့်ရဲ ခဲ့တဲ့ဒီပွဲကို ဆရာ ဦးဝင်းငြိမ်းရဲ့ ဖိတ်ကြားချက်နဲ့ မနည်းကြီးအား တင်းပြီး လာခဲ့ရတာပါ။ ဆုရလို့ ဖိတ် တာ မဟုတ်ဘူးနော်။ တော်လို့ ဖိတ်တာပါ လို့ ဆရာ ဦးဝင်းငြိမ်းက ပြောသတဲ့။ ဘယ်လိုပဲ ဖြစ်ဖြစ် ဆရာထံက အဲဒီလို ကြားရတာနဲ့ တင်ပျော်ပြီး အားတက်မိ ကြောင်းပြောရင်းနဲ့ ခန်းမထဲက စည်ကားမှု ကိုကြည့်ပြီး တစ်စုံ တစ်ခုကို စိုးရွံ့ နေသယောင် နောက်ဆုံး ဆုတွေ တစ်ဆု ပြီးတစ်ဆု ကြေညာ၊ လွဲတဲ့ ဆုကလွဲ၊ တည့်တဲ့ဆု ကတည့်ဆိုတော့ ကျွန်မတို့ ဘက်လှည့်ပြီး မျိုးဆက်သစ် လည်း လွဲသွားနိုင်တယ် နော်တဲ့။ သူ့ရှေ့မှာ စားစရာတွေက တစ်စက်မှ အရာမယွင်း ဘာမှစားခိုင်း လို့လည်းမရ။ ရေတောင် သောက်လို့ မရတော့ဘူး တဲ့။ သူ့ရဲ့တုန် လှုပ်မှုကို ထိန်းသိမ်း နေရတာမို့ အစာ လည်း မစားနိုင်၊ ရေလည်းမသောက် နိုင်၊ စင်ပေါ်ကိုသာ စူးစူးစိုက်စိုက် ကြည့် နေရင်း။

သေချာသလောက ဖြစ်နေတာမို့ ဆရာမ နှင်းဝေငြိမ်းကလည်း ကင်မရာ နဲ့ တဖျတ်ဖျတ်။ နောက်ဆုံး ဘယ်လိုမှ မလွဲခဲ့တဲ့ မျိုးဆက်သစ်ဆုဟာ အောင်ဖြိုး ကျော်(ပခုက္ကူ)ရဲ့ ရသစစ်စစ် ၀တ္ထုတိုက ခူးဆွတ် ခဲ့ပါတယ်။ ဆုကြေညာသွားတာ လည်း သေချာ ကြားပုံမပေါ်၊ အံ့သြမှင် တက်ရင်း မလှုပ်မယှက် ထိုင်နေတဲ့ ဆရာ အောင်ဖြိုးကျော်(ပခုက္ကူ)ကို မင်း ဝေဟင်တို့အုပ်စု ချိုင်းကနေ ၀ိုင်းမပြီး ထခိုင်းမှ ပါသွားတယ်။ သတိနဲ့စိတ် တစ်ခဏ လွတ်သွားတဲ့ ဆုရသူရဲ့ ရင်ခုန် ခံစားမှုကို ကိုယ်ချင်း စာပါတယ်။ ကျွန်မ တုန်းက ခံစားမှုကို ပြန်တွေးမိတော့ ပြုံး ချင်စရာ။ ဆုပေးမဲ့ သူထက် ဆုယူမဲ့သူက စင်ပေါ် အရင်ရောက် နေလို့ အခမ်း အနားမှူးက ပြောယူရတယ်။ ချက်ချင်း သိသာ ပြောင်းလဲခြင်း ကတော့ အဲဒီ ထရိတ်ဒါး ခန်းမ ထဲမှာပင် အယ်ဒီတာ များရဲ့စာမူ တောင်းခံ ရခြင်းပါပဲ။ အေး စက်နေတဲ့လက်ဟာ လက်ပေါင်းများ စွာရဲ့ ကြည်နူး ပီတိနဲ့ နှုတ်ဆက်ခြင်းကို အင်အားရှိစွာ ခံစားရ စေပါတယ်။ သူ လည်း ကျွန်မတို့တုန်း ကလိုပါပဲ။ မမျှော် လင့်ရဲ မျှော်လင့်ခြင်းနဲ့ ဆုကို ပိုက် လာတော့ အပြုံးပီတိတွေ ရစ်သန်းလို့၊ ဘာမှစားခိုင်း လို့မရတဲ့ သူက မျိုးဆက် သစ်ဆု ယူလာပြီး တော့လည်း နှုတ်ဆက် ရခြင်းများစွာနဲ့ မစားနိုင် ပြန်ပါဘူး။

ရွှေ အသစ် တစ်ယောက်ရဲ့အပြောကို ကျွန်မ မှတ်မိနေတာက သူ့ရွာမှာ စာဖတ်သူ သိပ်ကို ရှားပါးလွန်းတဲ့ အတွက် စာကြည့်တိုက်လေး ဖွင့်ချင်ခဲ့တာ နှစ်ပေါင်းများ စွာကြာခဲ့ပြီ အကောင်အထည် မဖော်နိုင်ဘူး။ အခုတော့ ကျွန်တော့်ဆန္ဒလေး ပြည့်ဝသွားပြီ။ ဒီဆုရတဲ့ ပိုက်ဆံနဲ့ စာကြည့်တိုက် ဖွင့်မယ်လို့ အားတက် သရော ပြောပြတဲ့ ရွှေအသစ် တစ်ယောက်ရဲ့ဆန္ဒကို အားပေးမိတယ်။ ဆရာ ဦးဝင်းငြိမ်း နဲ့အတူ ဒီဆုတွေရဲ့ ပံ့ပိုးသူ တွေလည်း ၀မ်းသာကြမှာပဲလို့ အောက်မေ့မိတယ်။ သူကတော့ ကျွန်မတို့ လှိုက်လှိုက်လှဲလှဲ ကြိုဆိုမှုကို အရမ်း ၀မ်းသာကြောင်း၊ မဟုတ်ရင် ဒီခန်းမကြီး ထဲကတောင် စိုးရွံ့စိတ်တွေနဲ့ ထွက်ပြေး သွားချင်ကြောင်း၊ စိတ်ထဲမှာ ဆုရခြင်း၊ မရခြင်းထက် ခုလို တွေ့ဆုံကြရတာကို ရင်ထဲ အရမ်း ၀မ်းသာကြောင်း ပီတိနဲ့ ပြောတယ်။

ဆုယူတဲ့ စင်မြင့်ပေါ်မှာ အပိုလုပ်တာ မဟုတ်ဘဲ ရင်ထဲက ဖြစ်ပေါ်လာတဲ့ ဆန္ဒနဲ့ ဆရာ ဦးဝင်းငြိမ်းကို ကျကျနန ထိုင်ကန်တော့ လိုက်တော့ မြင်ရသူတွေ အတွက် ရင်ထဲ ပိုကြည်နူး ချမ်းမြေ့စရာပါ။ မြန်မာပြည် အလယ် ပိုင်းနယ်လေး တစ်နယ်က လူတစ်ဦးကို စာရေးဆရာ တစ်ဦးအဖြစ် ရွှေက မွေးဖွားပေး ခဲ့ပြန်ပါပြီ။

ဒီနေရာမှာ ကျွန်မစာအုပ် မိတ်ဆက် ပွဲမှာ ဆရာ ဦးမျိုးမြင့်ညိမ်း ပြောတဲ့ စကားတစ်ခွန်းကို မှတ်မှတ် သားသား ဖြစ်မိပါတယ်။ “ကျွန်တော်တို့က စာမျက်နှာ ပေါ်နေရာ ပေးပြီးရင်ကို ဒီ စာရေးဆရာ၊ ဆရာမ ဘာတွေဆက် လုပ်နေပြီလဲဆိုတာ ရင်ခုန်စွာ စောင့် ကြည့်နေတာပါ” ဒါကလည်း အသေ အချာပါပဲ။

စာမျက်နှာပြင်ပေါ် ဖြတ်သန်းမှုကို တောင် စောင့်ကြည့် နေပါတယ် ဆိုရင် ရွှေက မွေးထုတ်တယ် လို့ပဲ ဆိုပါရစေ။ ဆုတံဆိပ် ပေးအပ်ပြီးတဲ့ အခါမှာလည်း ယုံကြည်မှုနဲ့ ဘယ်လောက်တောင် စောင့်ကြည့် နေမလဲဆို တာ ပိုလို့ စဉ်းစားမိပါတယ်။

ကျွန်မအတွေး ကတော့ ခရီးတစ်ခု ကို ဖြောင့်ဖြောင့်တန်းတန်း ဆက်သွားဖို့ အတွက် အရှိန်ပြင်းပြင်း မောင်းနှင်နေတဲ့ ရထားကြီး တစ်စင်းပေါ် လက်မှတ် ဖြတ်ပေးပြီး တင်ပေးလိုက် သလိုပါပဲ။ အဲဒီ ရထားကြီးပေါ်မှာ အစစ် အဆေးမရှိ ခုံနေရာ တစ်ခုမှာ ကျကျနန ထိုင်ပြီး လိုက်ပါ သွားရုံပါပဲ။ အဲဒီ ခုံတွေမှာ အခုဆိုရင် လိုက်ပါ လာသူတွေ မနည်းပေါ့။

ခရီးမဆုံးခင် သတ်မှတ်မှု မရှိတဲ့ ဘူတာတွေမှာ ခုန်ဆင်းပြီး လက်မှတ် ပျောက်သွားမှာ ကိုတော့ လက်မှတ်ဖြတ် ပေးသူတွေ မလိုလား ကြမှာအမှန်ပဲ ပေါ့။ ဆရာ အောင်ဖြိုးကျော်(ပခုက္ကူ) က ဆုရပြီး နောက်ပိုင်း ခံစားချက်လေး တွေကို အရှိအတိုင်း ဂျာနယ်၊ မဂ္ဂဇင်း စာမျက်နှာပေါ်မှာ ရေးသားလေ့ ရှိပါတယ်။ ၀တ္ထုတို မဟုတ်ပေမဲ့ အရေး အသား သွက်သွက်လေး တွေနဲ့မို့ ဖတ်ရတာ အဆင်ပြေ လှပါတယ်။

စက်တင်ဘာ ရွှေမှာတော့ မှတ် ကျောက်တင်ခံ ရွှေတို့ အားမာန် ဆောင်း ပါးဖတ်ရတော့ ဒီစာမျက်နှာ ပေါ်ကပဲ ဂုဏ်ယူမိပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ မြို့နဲ့ဝေးကွာ လှတဲ့ရွာလေးမှာ စာကြည့်တိုက်လေး ဖွင့်ဖြစ်ခဲ့ပြီ။ “ခံ့ခံ့ညားညား ရွှေအလင်းတန်း”တဲ့၊ ကျေးရွာအဆင့် စာကြည့်တိုက်လေး၊ ရွှေကလောင် ကလည်း အဲဒီ စာကြည့်တိုက် လေးမှာ ခံ့ခံ့ညားညား၊ အဲဒီ ရွာလေးမှာတော့ တကယ့်ကို ဂုဏ်ယူစရာ ဖြစ်ခဲ့မှာ သေချာ လှပါတယ်။ ဒီဆောင်းပါး လေးဖတ်ရတော့ ဒီဆုရတဲ့ ငွေနဲ့ ဖွင့်ချင်တဲ့ စာကြည့်တိုက် လေးကို အကောင်အထည် ဖော်ဖွင့် ဖြစ်နိုင်ခဲ့ပြီပဲဆိုပြီး အဝေးကနေ ၀မ်းသာ မိပါတယ်။

အဲဒီရွာလေးက ပြည်သူတွေ စာဖတ် လာဖို့၊ စာကြည့် တိုက်လေး ကိုလာဖို့ စောင့်ရှောက် ကြဖို့ ဆိုတာတော့ ဆရာ အောင်ဖြိုးကျော်(ပခုက္ကူ) ဆက် လက်ကြိုးစား လိမ့်မယ် ထင်ပါတယ်။ ရွှေဆုက ရတဲ့ အဖိုး မဖြတ် နိုင်တဲ့ ငွေကြေး တစ်စုံတစ်ရာနဲ့ အကောင်အထည် ဖော်နိုင်မှုဟာ သူတို့ ရင်တွင်းက အမှန် တကယ် ဆန္ဒတွေ ဖြစ်သလို စာပေနဲ့ ပတ်သက်ရာ ဆန္ဒတွေမို့ သူတို့ အနီးကပ် အပျော်တွေကို မျှဝေ ခံစားလို့ ရခဲ့ကြ ပါတယ်။

ကျွန်မတုန်းက ရောလို့ တွေးမိတော့ အပျော်တွေက အေးစက် မသွားသေး။ တွေးမိတိုင်း၊ ကြုံမိတိုင်း နွေးထွေးနေဆဲ၊ အမှတ်တရ တွေရှိသလို ရယ်စရာ တွေလည်း တွေ့ခဲ့ ရပါတယ်။ ၂၀၀၈ ခုနှစ်ရဲ့ ဆုကြေးငွေ သုံးသိန်း ဆိုတာက မနည်းလှ ပါဘူး။ မှတ်မှတ်ရရ ဖဲပြားလေးတွေနဲ့ ချည်ထားတဲ့ နှစ်သိန်း တစ်ထုပ်၊ တစ် သိန်းတစ်ထုပ်၊ ဆရာဆူဒိုနင် စာအုပ်တိုက်က ပါတ်ကား ဘောပင် တစ်ချောင်း။

အိမ်ရောက်ရောက်ချင်း နှစ်သိန်း ကို အဘိုး တစ်သိန်း၊ အဘွား တစ်သိန်း လက်ထဲ ပေးအပ်ခဲ့ပါတယ်။ အဲဒီငွေ အထုပ်လေးကို မသုံးရက်ဘဲ အချိန် တော်တော် ကြာတဲ့အထိ ဂုဏ်ယူစွာ အံဆွဲထဲ သိမ်းဆည်း ထားခဲ့ကြတယ်။

တဖြည်းဖြည်း ရှင်သန်ဖွံ့ဖြိုး လာတဲ့ ရွှေဆုပေးပွဲ ကြီးဟာ လွတ်လပ်စွာ၊ တောက်တောက် ပပနဲ့ ပိုမို အင်အားများ လာတာမို့ ပိုပြီးစည်ကား လာသလို မျိုးဆက်သစ် တွေအတွက် အင်အား အများဆုံး ရရှိနိုင်မဲ့ နေရာ တစ်ခုပါ။ ဒီအတွက် အဓိက ကျန်းမာဖွံ့ဖြိုး နေဖို့ အားတွေရော၊ ကံတရား တွေရော အများကြီး လိုအပ်ပါတယ်။

စာရေးတဲ့ အသစ်လေးတွေ အတွက် နှစ်ကြောင်းရေး တစ်ကြောင်း ခြစ် စာရေးသူ တွေရဲ့ အတွေ့အကြုံ၊ ခံစားချက်တွေက စိတ်ရှည်ဖို့၊ စိတ်ဓာတ် မကျဖို့၊ အချိန်ကြာကြာ စောင့်ရမှုကို ခေါင်းထဲ မထားဖို့ ကိုပဲ ဦးတည် ထားပါတယ်။ ရွှေဖြစ်စေမဲ့ ရွှေဝတ္ထုတို တစ်ပုဒ် ဖြစ်ဖို့ စိတ်ရှည်ရှည် ထားပြီး စာမူ ကောင်းတစ်ပုဒ် ရအောင် အထပ်ထပ် ရေးပြီးမှ ပို့သင့်ပါတယ်။ စာမူခ  ဆိုတဲ့ စိတ်ထက် စာမူ တစ်ပုဒ်ပါဖို့ စိတ်ဇော ထက်သန်ခြင်းနဲ့ ၀တ္ထုတိုတွေ၊ အက် ဆေးတွေ၊ ဆောင်းပါးတွေကို မွေးဖွားဖို့ စာတွေကို ဖတ်ခြင်းနဲ့ အားဖြစ်စေပါ တယ်။

ကျွန်မနှစ်သက်တဲ့ ကနေဒါ စာရေး ဆရာမ မာဂရက်အက်တ်ဝုဒ်ရဲ့ ကောက်နုတ်ချက်စာသားလေးကို ပြောရ မယ်ဆိုရင်-
“စာရေးတဲ့အခါ ရှင်ကြိုက်တဲ့ ဘာသာ စကားရယ်၊ ဘာရေးမလဲ ဆိုတာရယ်၊ ပြီးတော့ ရှင့်ဘ၀ တစ်စိတ် တစ်ဒေသရယ် အားလုံးပါ နေရမယ်။ ဒါပေမဲ့ ရှင်စာတွေ ဆက်ရေးလာမယ် ဆိုရင်တော့ အဲဒီလိုရေးသား နေတာတွေ နောက် ကောက်ကောက်ပါအောင် လိုက်ရေး ရတော့မယ်။ အဲဒီကျရင် ရှင်သွားဖို့ ဘယ်တော့မှ မရည်ရွယ်တဲ့ နေရာတွေ ရှင်ရောက်သွားမယ်။ ပြီးရင် ရှင်ဘယ် တုန်းကမှ မမြင်ခဲ့တဲ့ အရာတွေကို ဖော်ထုတ်ပြ လိမ့်မယ်လေ။        


ချောအိမာန်၊မန္တလေး၊
(ရွှေအမြုတေ မဂ္ဂဇင်း၊နိုဝင်ဘာလ ၂၀၁၂)