Tuesday, October 23, 2012

ရေခပ်လမ်း


 

          အညာရဲ့ အပူရှိန်အောက်မှာ အိမ်ထဲ၊ ရုံးထဲ အပြင်မထွက်ဘဲ ရေအေးအေးလေးကို တစ်ခွက်ပြီး တစ်ခွက်သောက်ရင်း အနားယူချင်နေမိပြီ။ ထွက်သမျှ မဂ္ဂဇင်းတွေကို လှန်လှောကြည့်မိတော့ စာအုပ်ထဲက ကောင်မလေးတွေလည်း အပူကို အန်တုလို့ အပူကြောက်လို့များလား… ပေါင်ရင်းတိုတို၊ ရင်ချင်းအပ် မေးဖျားအပ်၊ ဂန္ထဝင်ပုံရိပ်များကို တစ်ရွက်ပြီးတစ်ရွက် လှန်လို့ ပိုပြီး ပူသထက်ပူလာသလို… သူငယ်ချင်းဆိုင်က ဒီနှစ် ပေါင်တိုဘောင်းဘီတွေပဲ အရောင်းလိုက်တယ်တဲ့။


          မဂ္ဂဇင်းပုံတွေထက် အိမ်ကသောက်ရေအိုး အသစ်ထဲက ရေက ပိုအေးတယ်။ ခုခေတ်တော့ ပလပ်ထိုး၊ ရေသန့်သောက်နေချိန်မှာ မြန်မာရေအိုးလေးထဲက ရေအေးအေးကို ပိုနှစ်သက်နေမိတာ အမှန်။ မြန်မာ့ရိုးရာ မြေရေအိုးထဲက ရေကို သောက်ရတာ ပိုအကြိုက်တွေ့နေမိတယ်။ ရိုးရာဆိုတာ ဘယ်နေရာ ဘယ်လူမျိုးမှာပဲဖြစ်ဖြစ် မပျောက်ဆုံးသင့်ပါဘူး။ ရိုးရာ အကြောင်းတွေးမိတော့ ရိုးရာ… ရိုးရာ ဘယ်နားမှာ ကျန်သေးလဲ၊ ဘယ်နားမှာ ရှိသေးလဲလို့ မျှော်လင့်မိတယ်။


          စာရေးဖို့ အတွေးတို့နဲ့ မှိန်းနေတုန်း ဖိတ်စာတစ်စောင် ရောက်လို့လာတယ်။ A4 တစ်မျက်နှာမက ကြီးပြီး ရှည်တဲ့ စာရွက်ကြီးပေါ်က အလှူဖိတ်စာကြီးကို ကြည့်ပြီး အံ့သြသွားတယ်။ ရှင်ပြု၊ နားသ အလှူတော်မင်္ဂလာ အယောက်ခုနှစ်ဆယ်၊ ရွှေဘို၊ ခင်ဦးမြို့နယ်ထဲက မြို့သစ်ကျေးရွာထဲမှာ အလှူ့ဒါယိကာမက သုံးတန်းကတည်းက သူငယ်ချင်း။ တစ်ညအိပ် နှစ်ရက်ခရီးစဉ် ရွာအလှူပွဲကြီးကို သူငယ်ချင်းတွေနဲ့ အတူသွားခဲ့တယ်။ နယ်လမ်း ခရီးကတော့ မြို့နဲ့ ဘာမှမဆိုင်။ လမ်းတစ်လျှောက် သစ်ပင်တွေကို တွေ့ရတော့ ဦးကံချွန်တို့နဲ့ တန့်ဆည် စာပေဟောပြောပွဲသွားတာကို သတိရမိသေးတယ်။ ဘေးဘီဝဲယာ ထန်းပင်၊ လယ်ကွင်းတွေကို ဖြတ်သန်း၊ မူးမြစ်ကြောတစ်လျှောက် ရေစီးသန်လှတယ်။ ရှုခင်းကောင်းတာတွေ့တိုင်း လမ်းမပေါ်မှာ တဖျပ်ဖျပ်။


          ကျပ်ပိတ်လှောင်နေတဲ့ မြို့ပြလူသားတွေအတွက် သဘာဝလေအေးနဲ့ ပတ်ဝန်းကျင်က စိတ်အာဟာရကို ပြည့်ဝလန်းဆန်းစေတယ်။ နေရင်းထိုင်ရင်း အသက်ရှူကျပ်နေတဲ့ လူသားတွေအတွက် မူးမြစ်ကို ဖြတ်သန်းတိုက်ခတ်လာတဲ့ လေနုအေးက အေးစေတာကြောင့် ကားအဲကွန်းလေးကို ခဏပိတ်ပြီး မှန်တံခါးကိုဖွင့် မူးမြစ်ကို ဖြတ်သန်းတိုက်ခတ်လာတဲ့ လေကို တစ်ဝရှူမိတယ်။ အဆုတ်က လေသန့်ကို မျှော်လင့်နေတာကြာပြီ။ အုပ်စုလိုက် ငှက်တွေ တရုတ်ရုတ် ပျံသန်း ထွက်ခွာသွားကြတယ်။ အရင်က စက်မပါ လက်နှင့်ပဲ အားကိုးခဲ့တဲ့ မူးမြစ်က ရှည်လျားလွန်းလို့ ဘယ်နားဆုံးမလဲ တငေးငေးရှိခဲ့တယ်။ ချန်ထားခဲ့တဲ့ အလောင်းမင်းတရားကြီး ဦးအောင်ဇေယျကို စိတ်နဲ့ ထပ်မံ ဦးညွတ်ရင်း… မူးမြစ်ဘေးက ကားလမ်းပေါ်… တရိပ်ရိပ်။


          ဒီမူးမြစ်ဟာ အရင်က မူးမြစ်နဲ့ တူရဲ့လားလို့ စဉ်းစားခန်းဝင်မိတော့ ကျွန်မတစ်ယောက်တည်း အဖြေပေးမိတယ်… မတူတော့ဘူး။ အရင်က နုပျိုလတ်ဆတ်ခြင်းတွေ ရှိမယ်… ပန်းဗေဒါပင်တသိုက်နဲ့ ပျော်မွေ့၊ ပျော်ရွှင်စွာ ခရီးဆက်ရင်း ခုတော့ အသက်ကြီးနေပါပြီ။ အသက်ကြီးခြင်းနဲ့အတူ တိုက်စားသွားလို့ မြေအောက်ကြမ်းပြင်တွေ မမြင်ရပေမဲ့ ဒဏ်ရာအနာတရ ကျန်ခဲ့နေနိုင်သေးတယ်။ သူ့ကို အားကိုးတဲ့သူတွေရော၊ အားမကိုးတဲ့သူတွေရော တွေ့ခဲ့မှာပဲ။ ခုချိန်မှာတော့ သူဟာ ဣနြေ္ဒအပြည့်နဲ့ တည်ငြိမ်ရင့်ကျက်နေပါပြီ။ ငယ်ငယ်တုန်းကလို မဟုတ်တော့… ဒါက သဘာဝ တရားကြီးပဲလေ။ ဥသြ အော်မြည် ကုန်းဘောင်တည် ဆိုတဲ့ စကားအတိုင်း အလောင်းမင်းတရားကြီး တတိယမြန်မာနိုင်ငံတော်ကို တည်ထောင်ခဲ့တဲ့ ရွှေဘိုဆိုတဲ့ ငါးမည်ရမြို့ကြီးကို ရောက်ပြီပေါ့။ မြို့အဝင် အောင်မြေ၊ မြို့လယ်မှာ ရွှေတန်ဆာ၊ မြို့မြောက်ဘက်မှာ မြို့ထောင့်စေတီနဲ့ မဟာနန္ဒာကန်၊ မြေမြို့ရိုး၊ ကျုံးတို့ကိုကျော်၊ မြို့သစ်ကျေးရွာလေးအရောက် ရွာအဝင် မန်ကျည်း၊ ကုက္ကို၊ ထန်းပင်၊ ဥသြတွန်သံတွေက ကြိုဆိုလို့။ ရွာအဝင်ကွေ့ခါနီး လှည်းတစ်စီးက ကားရှေ့လမ်းက ဖြတ်အမောင်း ဖုန်လုံးကြီးက ကားရှေ့မှန်မှာ ဖုန်တဝေဝေ … ဒီ ဖုန်မှုန့်တွေကြားက အလှူ့ဒါယကာ လက်လှမ်းပြတော့ အားတက်စွာနဲ့ ရွာထဲရောက်ခဲ့ပြီပေါ့။ မြို့နဲ့ ကွာချင်တိုင်း ကွာခြားနေတဲ့ ဓလေ့တွေကြား၊ မန်ကျည်းရိပ်တွေကြား၊ ထမင်းရုံတွေကြား အားလုံးက အပြေးအလွှား…။


          အင်း  တောဓလေ့… တောအသံ… ရိုးရာ မုန့်လေးတွေကို မြင်တွေ့ရတော့ ကြည်နူးစရာ။ နေ့လယ် ထမင်းစားအပြီး တရေးလောက် မှေးခနဲ အိပ်ပျော်နေချိန်မှာ လိုက်နှိုးဆော်နေတဲ့ အသံတစ်သံ ကြားရတယ်။ ဒါ အလှူ့ဒါယကာ အသံဆိုတာ သိလိုက်တယ်။ ညနေပိုင်းမှာ ရေခပ်လမ်း ဗီဒီယိုရိုက်မှာမို့ ပါဝင်ကြဖို့ လော်စပီကာ အသေးနဲ့ လိုက်အော်နေတာပါ။ ကျွန်မလည်း အဲဒီ ဓလေ့လေးကို စိတ်ဝင်စားတာနဲ့ အိပ်ချင်နေတဲ့ မျက်လုံးကို အတင်းဖွင့်ပြီး လိုက်ခဲ့တယ်။ တချို့တော့ အိပ်ပျော်ပြီး ကျန်ရစ်တယ်။


        





 

        ရွာထဲက ပျိုဖြူတွေ ရေအိုးတွေနဲ့ ညနေ ရေခပ်ဆင်းကြတယ်။ မြို့သစ်ရွာထဲက မိန်းကလေးတွေ ပိတောက်ကန်ကြီးထဲက ရေကို ခပ်ခဲ့ကြရတယ်။ အနောက်ဘက်မှာ ပိတောက်ပင် ရှိလို့ ပိတောက်ကန်လို့ ခေါ်တယ် ပြောတာပဲ။ ရွှေကျောင်းရဲ့ တောင်ဘက်မှာရှိပြီး တောင်ဘက်ရွာကတော့ ကံကြီးကုန်းရွာတဲ့။ စိမ်းစိမ်းစိုစို လယ်ကွင်းတွေ၊ ထန်းပင်တွေကို မြင်ရတယ်။ အလှူမတိုင်ခင် ရေခပ်လမ်း ဓလေ့လုပ်တာ နာမည်ကြီးမို့ ရွာထဲ၊ ရွာနီးချုပ်စပ်က လူတွေကလေးတွေ လာကြည့်ကြတယ်။ ဗီဒီယို ကင်မရာဆရာတွေကလည်း သစ်ပင်ပေါ်တက်ရိုက်လိုက်၊ လယ်ကွင်းထဲ ဆင်းရိုက်လိုက်နဲ့ ရှုခင်းအလှနဲ့ လူအလှကို မှတ်တမ်းတင်ဖို့ အကျအန ချိန်သားကိုက် နေရာယူထားတယ်။ ဘေးက လော်စပီကာနဲ့ အော်ပြောတဲ့သူက တစ်ယောက်ချင်း ဖြည်းဖြည်းလျှောက်ခိုင်းတယ်။ တောသူ လုံမတွေရဲ့ ယဉ်ယဉ်ကျေးကျေး အလှကို တစ်ဝကြည့်ရှုနိုင်တယ်။ အလှူရှင်တွေ ဧည့်သည်တွေက နောက်ကလိုက်ရတယ်။ ရေခပ်ဆင်းကြတဲ့ လုံမပျိုတွေကို ဘုန်းကြီးကျောင်းအဝကနေ လက်ဖက်ကျွေးသလို၊ ဆေးလိပ်လည်းဝေ၊ ရေလည်း တိုက်ကြတယ်။


          ရွာထဲကို တန်းစီဝင်ခဲ့ပြီး ရွာလယ်က ဘုရားနားအရောက်မှာ ဗီဒီယိုဆရာက ကျွန်မကို ဓာတ်ပုံရိုက်ဖို့ ကပ်ပြောတယ်။ သူတို့ရွာရဲ့ ဓလေ့ကို ကြိုသိထားပေမဲ့ ရေခပ်ဆင်းတဲ့ မိန်းကလေးတွေကများလို့ ဒီထဲကတစ်ယောက်က ဘယ်သူဖြစ်မလဲဆိုတာ မခန့်မှန်းနိုင်၊ ဘယ်သူမှလည်း ကြိုမသိရ… ရေခပ်ခဲ့တဲ့ အိုးလေးတွေကိုယ်စီ ခေါင်းပေါ်ရွက်ထားတဲ့ မိန်းကလေးတွေထဲက တစ်ယောက်က ရေအိုးကို တမင်ခွဲချရမှာပါ။ ဒီလိုချ ခွဲဖို့အတွက် တိုးတိုးတိတ်တိတ် ရွေးချယ်သူကတော့ ရွာက အပျိုခေါင်းပါ။ အဲဒီ အပျိုခေါင်းက သူရွေးချယ်တဲ့ မိန်းကလေးကို ရေအိုးခွဲဖို့ တိုးတိုးတိတ်တိတ် ပြောထားပါတယ်။ ဒါကို ဘယ်သူမှ မသိရသလို အလှူရှင်လည်း မသိရပါဘူး။ ဒါကို မဲပေါက်တယ်လို့လည်း ခေါ်ဝေါ်ကြတယ်။ ကျွန်မလည်း စိတ်ဝင်တစားနဲ့ ဖုန်းကင်မရာလေးကို ချိန်ထားရသလို ဗီဒီယိုဆရာကလည်း အလှူပွဲကြီး တစ်ပွဲရဲ့အသက်လို ဖြစ်နေတဲ့ ရေခပ်လမ်း ရိုးရာဓလေ့ကို အမိအရရိုက်ဖို့အတွက် အသေအချာ ချိန်ထားပါတယ်။ မိန်းကလေးတွေကလည်း ငယ်ငယ်ရွယ်ရွယ် လှပသူလေးတွေမို့ ဘယ်သူဆိုတာ မှန်းရခက်ပါတယ်။ တစ်ရွာလုံးကလည်း ထိုကိစ္စကို စိတ်ဝင်စားကြတဲ့အတွက် လူကြီး၊ လူငယ် မကျန် စောင့်ကြည့်နေကြပါတယ်။








         သူတို့ ရေအိုးလေးတွေ ကိုယ်စီနဲ့ လမ်းလျှောက်လာကြပြီ - သိပ်မကြာမီမှာ လိမ္မော်ရောင်အကွက် ဝမ်းဆက်နဲ့ အသားဖြူ၊ ဆံကျစ် နှစ်ဖက်စီးလေးနဲ့ မိန်းကလေးရဲ့ ရေအိုးလေးက သူ့ခေါင်းပေါ်ကနေ ကျကွဲသွားပါတယ်။ ဒါကို ဗီဒီယိုဆရာရော ကျွန်မရော အမိရိုက်ယူလိုက်နိုင်ပါတယ်။


          ဒီဓလေ့လေးက ဒီမြို့သစ်ရွာမှာ ရှေးလွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက ရှိခဲ့တာပါ။ အဲဒီရေအိုးကို ချခွဲခွင့်ရတဲ့ မိန်းကလေးဟာ … ရွာရဲ့ အထင်ကရ စတားဖြစ်လာပြီး အဲဒီနှစ်အတွင်း အိမ်ထောင်ကျလေ့ ရှိတယ်လို့ ယူဆကြတယ်။ မိတ်ကပ်လည်း သိပ်အထူကြီးမပြင်ဘဲ နဂိုရုပ်လှပမှုနဲ့အတူ ကိုယ်ဟန် တင့်တယ်မှု၊ အဝတ်အစားကလည်း တောဓလေ့ မပျောက်စေဘဲ ဆံကျစ် နှစ်ဖက်လေးနဲ့ဆိုတော့ ရွာဓလေ့လေးနဲ့တူပြီး ရေခပ်ဆင်းတဲ့ ပုံစံလေးနဲ့ လိုက်ဖက်ညီတာကြောင့် ရေအိုးခွဲဖို့ အဲဒီမိန်းကလေးကို ရွေးလိုက်ရခြင်းဖြစ်တယ်လို့ အပျိုခေါင်းက ကျွန်မကို ရှင်းပြတယ်။ သူ့အရပ်နဲ့ သူ့ဇာတ်ရိုးရာဓလေ့လေးက ချစ်စရာကောင်းပါလားလို့ တွေးမိတယ်။ ဒါကို 'ရေခပ်လမ်း' လို့ သူတို့ရွာမှာ ခေါ်ဆိုကြတယ်။


          ဒီလိုဓလေ့နဲ့ ရိုးရာအလှ၊ ယဉ်ကျေးတဲ့အလှ၊ သဘာဝကျကျ အလှတွေကို မြို့ရဲ့ ဘယ်အလှနဲ့ နှိုင်းယှဉ် နှိုင်းယှဉ် ကြည်နူးပီတိနဲ့ ဂုဏ်ယူစရာကောင်းလှပါတယ်။
 




 
        ရွှေကျည်ဆံ ဆိုင်းဝိုင်းသံက ထူးခြားတဲ့ ဟာသအသောအနှောတွေနဲ့ ဆိုင်းဝိုင်းလက်သံကိုလည်း ကြားနေရတယ်။ ညပိုင်း ဧည့်ခံကျွေးမွေးရေး အစီအစဉ်တွေနဲ့အတူ ရွာလူထုက တဝါးဝါးပွဲကျရင်း ရွှေကျည်ဆံကို အားပေးနေကြတယ်။ မနက်ဖြန် မနက်ဆိုရင် ဘုန်းကြီးကျောင်းကနေ ရွာထဲ တစ်ပတ် အလှူလှည့်မှာဆိုတော့ အိပ်ချင်နေတဲ့ မျက်လုံးကို အနားပေးဖို့ ဆိုင်းသံတွေကြားမှာ အိပ်ပျော်အောင် ကြိုးစားရတော့တယ်။
          အလှူလှည့်ဖို့အတွက် နံနက်အစောကြီးကတည်းက တစ်ရွာလုံး ပြင်ဆင်နေကြတယ်။ အလှူဒါယကာနဲ့ အလှူဒါယိကာမက အပြာရောင်ဝမ်းဆက်နဲ့ မဏ္ဍပ်ထဲကနေ အပြုံးကိုယ်စီနဲ့ ကြိုဆိုလို့နေတယ်။ ဘုန်းကြီးကျောင်းထဲ ခြေကျင်လျှောက်သွားကြပြီး လူစုကြတယ်။ အကအဖွဲ့တွေ၊ ပုသိမ်ထီးကိုင် ပျိုမေတွေ၊ သင်္ကန်းကိုင် ပျိုမေတွေ၊ လှည်းယာဉ်တွေ၊ ရှင်ပြုနားသမယ့် ကလေးတွေ၊ တလက်လက် အဝတ်အစားများနဲ့ ဝေါထမ်းမယ့်သူတွေ၊ ပန်းအိုး ကိုယ်စီရွက်မယ့် အမျိုးသမီးတွေ၊ ဓာတ်ပုံတွေ တဖျပ်ဖျပ်နဲ့ ပျားပန်းခတ်လို့ နေတယ်။
          နှစ်ယောက်တစ်တွဲ တန်းစီရင်း ရွာထဲ သီချင်းသံ၊ ကက်ဆက်သံတွေနဲ့ စရင်းနောက်ရင်း တန်းစီ လှည့်ကြတယ်။ ဝေါထမ်းသူများကလည်း သျှိုးလိုက်ရင်း ပေါ့ပါးစွာ ပျော်ရွှင်နေကြပုံပဲ… အလှူ့အမရဲ့ ဖလားထဲမှာ စာအိတ်တွေနဲ့ သေချာထည့်လာတဲ့ ပိုက်ဆံတွေကို ရွာထဲက ရွှေကြိုးတားပြီး မုန့်ဖိုးတောင်းကြတယ်။ ရွာထဲက လှည့်တဲ့ထဲ မပါတဲ့သူများက အလှူဒါယကာ၊ အလှူဒါယိကာမများ ဝေခိုင်းထားတဲ့ လက်ဖက်၊ ဇွန်း၊ ပိုက်ဆံစတဲ့ ချစ်စရာကောင်းမွန်တဲ့ အပြုအမူများနဲ့ ဧည့်ခံကြတယ်။
          'ထမင်းရည်ချောင်းစီး မောင်းတီးအလှူ၊ အိမ်ကို ဆူးဆို့၊ လင်ကို လက်တို့၊ ခွေးကို အို့အို့' ဆိုတဲ့ ဆိုရိုးအတိုင်း မနက်ကတည်းက ထမင်းရုံထဲမှာ ထမင်းအလှူကြီးပေးနေပြီ။ ရွာအလှူ ထုံးစံအတိုင်း ဝက်သားဆီပြန်ချက်၊ ပဲနှပ်၊ ပဲတီချဉ်သုပ်၊ ငါးခြောက်အစိုချက်၊ မှန်ရောင်ဟင်းရည်၊ ငရုတ်သီးအမွကြော်၊ ဟင်းလျာတွေက အင်တိုက်အားတိုက် စားလို့လည်းကောင်းပါဘိ။ ဆန်ထွက်တဲ့နယ်မို့လားမသိ ဆန်ကလည်း စားလို့ကောင်းသလို တစ်နေကုန်ကျွေးနေတဲ့ အလှူကြီးကိုကြည့်ပြီး ပီတိဖြစ်ရပါတယ်။ နှစ်ရက်တိတိ ထမင်းကိုနေ့ရောညပါ ကျွေးနေပြီး … ဘယ်နှခါ လာစားစား၊ ဘယ်နှယောက် လာစားစား အဆင်ပြေလို့နေတယ်။
          သူတို့ရွာလှူကို မြင်ဖူးစေချင်လွန်းလို့ မကြာခဏ ဖုန်းဆက်ပြီးလိုက်ဖို့ပြောတဲ့ သူငယ်ချင်း အလှူဒါယကာနဲ့ အလှူ့အစ်မကိုလည်း ကျေးဇူးတင်မိပါတယ်။ ပထမတော့ အလှူလှည့်တဲ့ထဲ ခဏပဲလိုက်ပြီး လှည့်ပြန်မယ်လို့ စိတ်ကူးခဲ့ပေမဲ့ နောက်ပိုင်းတော့ ကျွန်မတို့တစ်ဖွဲ့လုံး မပြန်နိုင်ဖြစ်သွားတယ်။ ကြုံတောင့်ကြုံခဲမို့ ရွာထဲလည်း ရောက်ဖူးချင်တာလည်း ပါပါတယ်။ ကျွန်မတို့ရှေ့ ရွှေကြိုးတွေ ရောက်လာတဲ့အခါ ပိတ်မိပြီး ကျန်ခဲ့တဲ့သူတွေက မုန့်ဖိုးပြန်ပေးကြရပါတယ်။ ဝေါကြီးပေါ် ယောက်ျားလေးသူငယ်ချင်း ထမ်းတင်ကြပြီး မကြတယ်။ သူ့ကို အောက်ချစေချင်ရင် ပိုက်ဆံနဲ့ ပြန်ရွေးရတယ်။ အပေါ်မှာ ကိုးရိုးကားယားနဲ့ ပါသွားကြသူတွေက ဝေါကို ချစေချင်ရင် ဝေါထမ်းတဲ့သူတွေကို ပိုက်ဆံပေးကြရတယ်။ ထမင်းဟင်းချက် အိုးသူကြီးတွေကလည်း ယောက်မရှည်ကိုယ်စီနဲ့ အလှူ့ဒါယကာတွေရှေ့မှာ ဒယ်အိုးကြီးထားပြီး တားကြတယ်။ ဖလားထဲက စာအိတ်လေးတွေ ကုန်သွားတော့ တစ်ရွာလုံးလည်း တစ်ပတ်ပတ်ပြီး သွားပါပြီ။
          သူတို့ရတဲ့ အလှူငွေတွေ မုန့်ဖိုးတွေအားလုံးကို ရွာကအသက်ကြီးရွယ်အိုတွေကို ပြန်လှူကြရတယ်။ အသက်(၁ဝဝ) ကျော် အဘွားကလည်း အိမ်ရှေ့မှာ ထွက်ကြည့်ရင်း ပီတိနဲ့ ကြည်နူးလို့။







           နယ်ပယ်တစ်ခုနဲ့တစ်ခု သုံးစွဲတဲ့ ဘာသာစကား၊ ဒေသသုံး ဒေသန္တရစကားတွေ မတူညီကြသလို၊ ဓလေ့ရိုးရာတွေလည်း မတူညီကြပေ။ ဒီအညာက စကားများဟာ တောင်ပေါ်သံတွေလို မဝဲ၊ မပေါ့ပေမဲ့ တချို့စကားများကိုတော့ နားမလည်လို့ ပြန်မေးရတယ်။ အလှူလှည့်ပြီး နွားလှည်းစီးတော့ လူတစ်ကိုယ်လုံး မြောက်နေတော့တယ်။ လက်နှစ်ဖက်လုံးလည်း မအားရ၊ ပြုတ်မကျအောင် ကိုင်ထားရသေးတယ်။ ကျွန်မတို့တွေက နွားလှည်းစီးကြရင်း ဘယ်ဘက်ကနွား၊ ညာဘက်ကနွားလို့ပဲ ခေါ်ဝေါ်ကြပေမဲ့ … သူတို့ကတော့ ဘယ်ဘက်ကနွားကို 'အတိုင်နွား'၊ ညာဘက်ကနွားကို 'အလှည့်နွား' လို့ခေါ်ပြီး ဘယ်တိုင်၊ ညာလှည့်လို့ ရှင်းပြကြတယ်။ လှည်းယာဉ်၊ မန်ကျည်းပင်၊ ထန်းပင်၊ ချိုးနှစ်ကောင်၊ ထနောင်းပင်၊ မူးမြစ်စတဲ့ အကြောင်းတွေကိုပြောရင် အောက်သူ၊ အောက်သားတို့ရဲ့ နှလုံးသားကိုတော့ လွယ်ကူစွာ ထိခိုက်စေမှာ မဟုတ်ပါဘူး။ အလောင်းမင်းတရားကြီး ဦးအောင်ဇေယျရဲ့ ရွှေဘိုမြို့၊ ခင်ဦးနယ်အတွင်းက မြို့သစ်ရွာထဲမှာရှိတဲ့ အလှူကြီးကတော့ ကျွန်မတို့ပြန်မယ့် နေ့လယ်မှာပင် … ဘိသိက်သွန်းနေပြီ။ အလှူ့ဒါယကာက ပဉ္စင်းခံမည်။ ပျော်ရင် ပျော်သလောက် နေမဲ့ပုံ။ ခုတော့ အပြုံးကိုယ်စီနဲ့ လက်ပြရင်း…


          အပြန်လမ်းမှာတော့ အနားယူခြင်း ပြည့်မြောက်ခဲ့တဲ့ ခရီးတစ်ခု။ Relax ရဲ့အရသာ၊ အရုဏ်ဦး အုန်းမောင်းခေါက်သံ၊ သနပ်ခါးရနံ့၊ ညတွေရဲ့ ဂီတ၊ ဝီရိယရှိတဲ့ နေမင်းက အပြုံးတို့ဖြင့် နိုးထစေလို့…။ အညာရဲ့ သီချင်းလေးတစ်ပုဒ် ရင်ခွင်ထဲကို တိုးဝှေ့ဝင်လာခဲ့တယ်။ တစ်စုံတစ်ရာ မျှော်လင့်ခြင်းမပါ။ ရေခပ်လမ်းက ကျစ်ဆံမြီးနှစ်ဖက်နဲ့ ရေအိုးကွဲ(ခွဲ)တဲ့ မြို့သစ်သူလေး…၊ ဘဝအမောတွေကို တစ်ခါတစ်ရံ ကျွန်မတို့တွေ အားလုံး … လွှင့်ပစ်ဖို့ … အမှန်တကယ် လိုအပ်တယ်ဆိုတာ ခရီးတစ်ခေါက်ထွက်တိုင်း ပိုသိရပါတယ်။ အပြုံးကိုယ်စီ၊ မျက်ရည်ဝေသီနေတဲ့ အလှူ့ဒါယကာနဲ့ အလှူ့အစ်မစုံတွဲ … ကျွန်မတို့ ကားထွက်သွားရာကို လက်ပြလို့။


ချောအိမာန် (မန္တလေး)

Perfect Magazine, October, 2012

1 comment:

myotthakoyin said...

Reading cem(mdy) makes one feels like sitting right beside a talkative friend who would talk her many stories as long as there is 'yei-ou' (water pot) and one is happy to listen. I was happy to hear about her joyous accounts of anyar ahlu pwe(alms-offering celebrations in upcountry town) in the heart of our historic land. Her detailed description of the landscape and its people are so alive that one feels as if he was there in the pwe. I once saw 'hpoun gyi byan' pwe (monastery abbot' s funeral) during my donlaba monk (temporary monk)stay in Myottha (near Innwa/TatarOo). The whole celebration lasted about a week and everybody involved. One sayalay (thilashin) from our monastery led the special cry group (ngo chinn cha) organised by the town's yorgi girls.
And, I know that ridding on hle(bullock cart) is easier said than done (it is tricky). Knowing that I come from the city, our driver(hle saya) showed off how fast his hle can go and he drove it so fast. I was feeling sorry for the cows. Your piece brings back my fond memories of the place I often dream about. Thank you.