Tuesday, September 25, 2012

အဲဒါ… မန္တလေး


 
"လူဆိုတာ ကိုယ်ကြိုက်ရာလမ်းကို ရွေးချယ်ကြပါတယ်။ ကိုယ်ကြိုက်တာလည်း လုပ်လို့ရအောင် အဘက်ဘက်က မျှတအောင် လုပ်နေရပါတယ်" လို့ဆိုတဲ့ သူမက ထိတ်ထိတ်ကြဲ စူပါမင်းသမီး မဖြစ်ခင်က နာမည် ဂုဏ်သိက္ခာ ကျဆင်းစေမှုရဲ့ ထိုးနှက်ချက် အများဆုံး ခံရသူပေါ့။ ခုတော့လည်း သူမက မန္တလေးတင်မက မြန်မာပြည်တစ်ပြည်လုံးရဲ့ ဆိုင်းဘုတ်တွေပေါ်မှာ ခပ်ပြုံးပြုံးလေး နေရာယူလျက်…။
            ကိုယ်သွားမယ့် လမ်းခရီးရဲ့ မြင်ကွင်းထဲ ရောက်လာတဲ့ ဘုတ်ပေါ်က သူမအပြုံးကြောင့် မီးပွိုင့်မှာ ခဏရပ်ရင်း သူမ ပြောတဲ့ စကားတစ်ချို့ကို သတိရမိတာပါ။ ခုတော့လည်း မယိုင်လဲစေတဲ့ စိတ်ဓာတ်ကပဲ အောင်မြင်မှုလမ်းမပေါ် ရောက်ပြီပေါ့။
            ၇၈ လမ်းကနေတည့်တည့် ဘူတာဘက် ချိုး၊ လမ်း ၃ဝ ထောင့်က ပစိဖိတ်ဟိုတယ်နဲ့ ဆိုင်ခန်း၊ တိုက်ခန်းတွေ တွေ့ရတိုင်း ဒီနေရာမှာ အရင်က ဘာတွေရှိခဲ့တယ်ဆိုတာ ချက်ချင်းမမှတ်မိ။ နောက်မှ မီးရထားဝန်ထမ်းတွေနေတဲ့ တန်းလျားပုံစံအိမ်တန်းရှည်ကြီး၊ အဲဒီဝန်ထမ်းအိမ်ရာတွေကို ဖျက်ပြီး ၇၇ လမ်းမှာ ငါးထပ်ဆောက်ပြီး နေရာပေးထားတာ။ ပထမနေရာ ရတနာပုံဈေးသစ်ကြီး ဖြစ်လာသလို၊ အပေါ်ထပ်မှာ Sky Walk ဆိုပြီး အတော်ထင်ရှားခဲ့။ ခုတော့ တတိယမျိုးဆက်သစ်ဖြစ်စေမယ့် ယခင် ရတနာပုံဈေးဟောင်းနေရာမှာ နိုင်ငံတကာ အဆင့်မီ Diamond Plaza လို့ခေါ်မယ့် ခေတ်မီတာတွေ အကုန်ပါမယ့် Shopping Center နဲ့ အခြား Center တွေပါမယ့် Plaza ကြီး ပေါ်ပေါက်လာဦးမည်။ သူ ပေါ်လာရင်တော့ Great Wall နဲ့ 78 က မျက်တောင်လေးတွေ မှေးဆင်းသွားမလား။ Blazon က ပုံမှန်လို့ ယူဆလို့ရပြီး 'ရွှေဖြူ' လေးကိုတော့ အတော့်ကို လမ်းကြုံမှ ဝင်တတ်တဲ့သူ များပေမယ့် သူ့ဖောက်သည်နဲ့သူ ရှိနေသယောင်…။
            "ဝှီး…ဝေါ"
            "ဟာ..ဘယ်လိုမောင်းသွားတာလဲ…သေ……"
            ဘေးနားက မီးခိုးတအူအူ ဆိုင်ကယ်ကော့လန်ပျံတစ်စီး ဖြတ်ကျော်တက်သွားလို့ လမ်းဘေးက လမ်းကူးမယ့်သူတွေ လန့်ပြီး ဆဲဆိုသံတွေ ညံသွားတယ်။ သူတို့ဆိုင်ကယ်က မီးခိုးနဲ့ အိပ်ဇောသံများ လမ်းမပေါ် တဘုန်းဘုန်း တဒိုင်းဒိုင်းနဲ့ ကျန်ရစ်ခဲ့တယ်။
            ဒီလမ်းမပေါ်မှာ သူတို့ ဆိုင်ကယ်တစ်စီးတည်းရှိတဲ့အတိုင်း နောက်ကကုန်းပြီး ခါးကိုဖက်သွားသူရဲ့ အင်္ကျီက လေမှာ တလွင့်လွင့်။ ဘောင်းဘီတိုကျပ်ကျပ်က ပေါင်အဖွေးသား၊ အင်္ကျီက လက်ပြတ်။ ရှေ့က ကောင်လေးက ဘောင်းဘီရှည်၊ အင်္ကျီ လက်ရှည်နဲ့ဆိုတော့ ဆန့်ကျင်ဘက် ရသနှစ်ခုကို ပေါင်းစပ်ထားသလို သိပ်အဆီအငေါ်မတည့်ချင်။ ခုခေတ်က တည့်ချင်တည့်၊ မတည့်ချင်နေ။ ကိုယ်ဖြစ်ချင်တာကို ရအောင်လုပ်နေတဲ့ ခေတ်ဆိုတော့ ဒီမြို့ထဲကို စီးဝင်လာကြတဲ့ နေရာပေါင်းစုံ၊ ဒေသပေါင်းစုံ၊ စရိုက်၊ ယဉ်ကျေးမှု၊ ကိုးကွယ်မှု၊ လူနေမှုစနစ်သစ်တွေ အမျိုးစုံ၊ အသွေးစုံ၊ အရောင်စုံ၊ အကုန်စုံ…။
            "မန္တလေးကနော် ကျွန်တော် အရင်တစ်ခါလာတာနဲ့ကို မတူတော့ဘူး… အရမ်းခေတ်မီနေသလိုပဲ… နောက်ပြီး ကောင်မလေးတွေက အလှူအတန်း ရက်ရောတယ်နော်"
တဲ့။ သူ့ရဲ့ နောက်ဆက်တွဲစကားကြောင့် ဂုဏ်ယူရမလိုလို ဖြစ်နေတဲ့စိတ်တောင် ကသိကအောက် ဖြစ်သွားတယ်။
            သူပြောတဲ့ အလှူအတန်းဆိုတာ လှူတာတန်းတာမဟုတ်ဘဲ မျက်စိပါသူများ ခံစားနိုင်ကြပါစေဆိုတာမျိုး…။ အရင်က မန္တလေးသူတွေဆိုရင် ညိုညိုမည်းမည်း၊ ပုံတုံးတုံးတွေဆိုပြီး နှိပ်ကွပ်ချင်ကြပေမယ့် ခုတော့ ဖြူဖြူလန်းလန်း၊ လန်လန်တွေကို တွေ့ရလို့ အံ့သြသတဲ့။
            သီချင်းထဲက ညိုညိုစိုစို မန္တလေးသူအစစ်ကို ရှာချင်ရင် သိပ်ကို ခဲယဉ်းသွားပြီဆိုတာ ဟုတ်များဟုတ်နေမလား၊ အမေ လူထုဒေါ်အမာ စာအုပ်ထဲမှာတော့ ရှိမှာပါ။

           

    "မန္တလေးက လူတွေ ကျန်းမာရေးအတော်လိုက်စားတယ်နော်… အသက်ကြီးပိုင်းတွေဆိုရင် ကက်ဆက်နဲ့ လေ့ကျင့်ခန်းလုပ်ကြတယ်… သူတို့ အုပ်စုတွေက တစ်ယောက်နဲ့တစ်ယောက် Heart ကို ဂရုစိုက်ကြသလို… Help လည်းလုပ်ကြတယ်… စီးပွားရေး, လူမှုရေးကအစ တက်ကြွလန်းဆန်းနေတာပဲ… စိတ်ပျိုကိုယ်နုနဲ့ ရှင်သန်ပေါက်ရောက်ရာ နယ်မြေရဲ့ ရေခံ၊ မြေခံ ကောင်းမွန်မှု၊ ရိုင်းပင်းတဲ့စိတ်နဲ့ ပျော်ရွှင်ကျေနပ်နိုင်ကြတာ အတုယူစရာပေါ့လို့"
ဒီလိုမျိုးလည်း ကြားရရဲ့။
            မန္တလေးက လူတွေက ပွဲငတ်တယ်၊ ပွဲငတ်တယ်နဲ့ ပြောလေ့ရှိကြတယ်။ ပွဲငတ်တယ်ဆိုတာ အဆိုတော်၊ မင်းသား၊ မင်းသမီးတွေ လာဆိုတဲ့ ရှိုးပွဲတွေကို ပြောတာ ဖြစ်ပါတယ်။ အညာပွဲတွေအနေနဲ့ကတော့ ခြေချင်းလိမ်အောင် သွားရဖို့ များလွန်းလှပါတယ်။ မန္တလေးမြို့ဟာ မြန်မာနိုင်ငံမှာ ပွဲအများဆုံးမြို့လို့တောင် ဆိုနိုင်ပါတယ်။ ခုလိုအချိန်ဆို ရပ်ကွက်ဘုရားပွဲတွေ ကျင်းပဖို့ တာစူနေပြီပေါ့။ ဘယ်မြို့မှာမှ ဆင်တူမရှိနိုင်တဲ့ ဘုရားပွဲမုန့်တွေကို ဘုရားပွဲရာသီရောက်မှ စားကြရတယ်။ သီတင်းကျွတ်၊ တန်ဆောင်မုန်း၊ အောက်တိုဘာ၊ နိုဝင်ဘာလတွေက မန္တလေးကို လာလို့ အကောင်းဆုံးအ ချိန်တွေပေါ့။
            မန္တလေးရဲ့ ခေတ်မီလွန်းတဲ့ ပြယုဂ်တွေအပြင် အချို့နေရာတွေမှာ အညာဆန်၊ အညာဟန်တွေကို တွေ့ရဆဲပါ။ အငြိမ့်တွေ၊ ဇာတ်တွေ၊ ဒီရာသီမှာ များပြားပြီး Cat Walk တွေကတော့ ရာသီတိုင်းမှာ တွေ့နိုင်ပါတယ်။ မန္တလေးမှာ အရင်က ပရိုမိုးရှင်းတွေဆိုတာ သိပ်မှ ခေတ်မစားဘဲ။
            ဒီလိုရာသီမှာ ရပ်ကွက်တိုင်း အညာဓလေ့ ဘုံဆွမ်းလောင်းလှူပွဲကတော့ တစ်နှစ်ထက်တစ်နှစ် ပိုများပြားလာပြီး အိမ်တိုင်း တစ်ပိုင်တစ်နိုင် ဆွမ်းသပိတ်ယူ၊ နံနက်စောစော ဆွမ်းသပိတ်ကို ရပ်ကွက်က ဘုရားရှေ့တွေမှာ ကပ်လှူပူဇော်ကြရတယ်။ အနုပညာရသတွေနဲ့ ကပ်လှူကြတဲ့ သစ်သီးပန်း အနုပညာလက်ရာတွေကိုလည်း တခမ်းတနား တွေ့ကြရတယ်။ စာရေးတံမဲချပြီး ပစ္စည်းလှူတာတွေလည်း ရှိတယ်။
            လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၆ဝဝ ကျော်ကတည်းက မြတ်စွာဘုရားရှင် သပိတ်တော်ထဲကို ဆွမ်းလောင်းလှူခဲ့တဲ့ မြန်မာတို့ရဲ့ ဂုဏ်ယူစရာ ယဉ်ကျေးမှု အလေ့အထကို ကနေ့ခေတ်အထိ အစဉ်အလာတစ်ခုအဖြစ် သယ်ဆောင်ထားနိုင်ခဲ့တဲ့ မြန်မာတို့ရဲ့ ဂုဏ်ယူစရာ အကောင်းဆုံး ပြယုဂ်တစ်ခုဖြစ်ပါတယ်။
            မန္တလေးက အရင်နဲ့ မတူဘူး…မတူဘူးနဲ့ ပြောကြတာ အများဆုံး ကြားရပါတယ်။ မတူတော့တာတွေ အများကြီး ရှိနေသလို၊ တူတာလေးတွေလည်း ရှိနေပါသေးတယ်။
            "မန္တလေးတောင်ကြီးပဲ တူတာပါဗျာ… ကျန်တာတွေ ဘာတူတော့လို့လဲ"
လို့ မေးမယ့်သူတွေရှိသလို၊
            "ဒါတောင် မန္တလေးတောင်ကြီးက အရင်ကပိုပြီး စိမ်းစိုအုံ့ဆိုင်းနေသလားလို့…"
ဆိုတဲ့ အမြင်ရှိသူတွေလည်း ရှိနေမှာပါ။ နောက်ဆုံးတော့ ဘာပဲဖြစ်ဖြစ် နွေးထွေးတဲ့ ချစ်စရာ စေတနာတွေ ပေါကြွယ်ဝနေသေးတာ။ အဲဒါ မန္တလေးဆိုပြီး ဂုဏ်ယူစရာတွေ ရှိနေသေးတာကို လက်ဆင့်ကမ်း တန်ဖိုးထား သယ်ဆောင်ရမှာ ဖြစ်ပါတယ်။
            လက်ရှိမှာတော့ လမ်းမှာ ဆိုင်ကယ်အစီး ၅ဝ ဆိုရင် စက်ဘီး ၁ဝ စီး တွေ့ဖို့ ခဲယဉ်းသွားပြီ။ အရင်က စက်ဘီးလေးတွေ ကိုယ်စီနဲ့ မျက်စိတစ်ဆုံး ငေးလို့ ကောင်းပေမယ့် ခုတော့ အန္တရာယ်စက်ကွင်းက လွတ်ဖို့ ရှောင်ရှားနေကြရတယ်။ ဘာဆိုင်ကယ် ညာဆိုင်ကယ်တွေ နားမလည်ပေမယ့် မန္တလေးမှာ ဆိုင်ကယ်တွေ အမှန်တကယ် ပေါများလွန်းလှတယ်။ ဒါ့အပြင် ဆိုင်ကယ်ဘီးထောင်၊ ဆိုင်ကယ်သရဲ၊ ဆိုင်ကယ်သူခိုး၊ ဆိုင်ကယ်ရိုက်သူ၊ ဆိုင်ကယ်ပွဲစား၊ ဆိုင်ကယ်ကယ်ရီ၊ ဆိုင်ကယ်တစ်ပတ်ရိုက်၊ ဆိုင်ကယ်မျက်နှာမွဲ ဆိုင်ကယ်သူဌေး…တွေလည်း များလာသလို အင်ဂျင်တွေကလည်း လှိုပ်ထိပ်ခေါင်တင်တွေ…။
            မန္တလေးက လူတွေက ရွှေကြိုက်တယ်မဟုတ်လား…။
            ဆိုင်ကယ်နောက်ကနေ ဆွဲကြိုးတုတ်တုတ်ရှည်ရှည်တွေက ကိုယ့်အန္တရာယ်ကိုယ် ဖိတ်ခေါ်နေသလိုပဲ။ ဟိုမှာရိုက်၊ ဒီမှာလု၊ ဦးထုပ်မဆောင်းမိလို့ အက်ဆီးဒင့်၊ ဇက်သော့မခတ်မိလို့ ပါသွားပြီ၊ ဆိုင်ကယ်လုချင်လို့ လူကို ရိုက်သွားတာ၊ လမ်းပေါ်မှာ ဆိုင်ကယ် ချိန်းပြတ်သွားလို့ နောက်ကားက ဝင်ကျုံးသွားတယ်၊ ဆိုင်ကယ်အဝိုင်း ဖြုတ်ခံလိုက်ရလို့… နဲ့ မရိုးနိုင်အောင် ကြားနေရဆဲ။
            လပြည့်ညရဲ့ တဖျပ်ဖျပ်ကွန့်မြူးလှပတဲ့ ပွဲတော်ည…။
            ခရစ္စမတ်ည၊ နယူးရီးယားည၊ Valentine ည၊ ကာရာအိုကေည၊ ကျောက်တော်ကြီးပွဲည၊ ဘုရားပွဲတော်ညများ၊ ရှိုးပွဲညများ…။ ရင်ခုန်သံ စည်းချက်ညီညီလား၊ စည်းချက်မညီတဲ့ ရင်ခုန်သံတွေလား လမ်းမပေါ်က ကားတွေပေါ်မှာ တေးသွားတွေ ပေါက်ကွဲလွင့်စင် ပျံ့နှံ့လို့…။
            မန္တလေးရဲ့ အနှစ်သာရကတော့ ရုပ်ရှင်ရိုက်တမ်း ကစားလို့နေတယ်။ မန္တလေးရဲ့ ရင်ခုန်သံက ဘယ်လိုနေမလဲ ကျွန်မပင် အတိအကျမသိ။ အနုပညာဆန်တဲ့ လက်ချောင်းများက သမိုင်းကျန်ရစ်အောင် တွင်စေခဲ့တဲ့ ဒီမြို့ကိုတော့ အရင်အတိုင်း အိပ်မက်မက်ခွင့်ရချင်ရင်…
            အိပ်ပျော်မှ ဖြစ်မှာလား…
            စာဖတ်မှ ဖြစ်မှာလား…
            မျှော်လင့်ချက်ကို အသက်သွင်းဖို့…
            မျှော်လင့်ချက်မပြည့်မီ သေဆုံးပြီး…
            အောင်မြင်မှုကို တေးသီ…
            စားသုံးသွားသူတွေ…
            အထင်ကရ ICon တွေ…
            မန္တလေးမှာ အသက်ပြန်ဝင်နေပြီဆိုရင်…
            'အဲဒါ… မန္တလေး' လားလို့ တအံ့တသြ ရေရွတ်မိလိမ့်မယ်ထင်…။


ချောအိမာန် (မန္တလေး)
Memory မိုးစက်များ…မှ

Thursday, September 6, 2012

မိုင်တိုင်လေးများ






(၁)

ကျွန်မ ခရီးတစ်ခုကို သွားနေပါတယ်။

အဲဒီခရီးတစ်ခုရဲ့ သွားရာလမ်းအစဟာ ကြည်နူးဝမ်းသာမှုနဲ့ သွားတာလား။ ပျော်ရွှင်စရာများဆီသို့ သွားတာလား။ စိုးရိမ်ထိတ်လန့်မှုနဲ့ သွားတာလား။ ကြေကွဲခြင်းနဲ့ သွားတာလား။ တသိမ့်သိမ့်ခုန်ပြီး စိတ်လှုပ်ရှားမှုလေးနဲ့ သွားနေတာလား။ နောင်တ,တရားတို့ကို ပိုက်ပြီး သွားနေတာလား။ တစ်ခုခုကို ပေးဆပ်ဖို့ သွားတာလား။ သေချာတာကတော့ အကြောင်းတစ်စုံတစ်ရာကြောင့် စိတ်ခံစားမှုနဲ့ သွားနေတာတော့ သေချာလှတယ်။

ကျွန်မ ခရီးသွားခြင်းကို နှစ်မြို့တယ်။ ခရီးတွေနှင့်အတူ နေပစ်ချင်တယ်။ သို့သော် ခရီးက ကျွန်မ သွားချင်တိုင်း သွားလို့မရပါ။ လှမ်းချင်တိုင်းလည်း လှမ်းမရပါ။ လူဟာ သူ့အချိန်တန်မှ ရောက်ရစမြဲပါ။ သွားရစမြဲပါ။ သို့သော် ခရီးလေးတွေကိုတော့ ကျွန်မ ချစ်တယ်။ ခရီးနဲ့အတူ သွားခဲ့ဖူးတဲ့ ခရီးစဉ်တိုင်း ပျော်မွေ့ရစမြဲ။

ကျွန်မတို့ လူသားတွေအားလုံး ဘဝခရီးစဉ်တွေကို နေ့စဉ် ချောမွေ့စွာ ကြမ်းတမ်းစွာ ဖြတ်သန်းနေရဆဲ၊ အားယူနေရဆဲ။ ရပ်တည်နိုင်ဖို့ ခံတပ်တွေ ရှာနေရဆဲ။ သူ့အတွေးနဲ့သူ၊ သူ့ယုံကြည်ချက်နှင့်သူတို့…။

ကျွန်မ ခရီးသွားတိုင်း ငယ်စဉ်ကတည်းက မှတ်သားခဲ့ဖူးတာတွေ၊ စိတ်ကူးမိတာတွေ ရှိခဲ့ဖူးတယ်။ ကျွန်မနှင့်အတူ ပါလာသောသူများက ကားပေါ်မှာ စကားပြော၊ နေကြာစေ့ဝါး၊ ဘုရားစာရွတ်၊ သီချင်းနားထောင် အမျိုးမျိုးပင်။ ကျွန်မ နားထဲမှာ သီချင်းသံ ခပ်ဝါးဝါးတော့ ကြားဆဲ။ အသိတို့က မပီပြင်၊ ကြားတော့ ကြားနေရရုံပါပဲ။ ကျွန်မ ကားပြတင်းပေါက်ကနေ အပြင်ကို ငေးနေမိတယ်။ ပထမတော့ စိတ်ဝင်တစားမဟုတ်သေးပေမယ့်လည်း ထပ်ကာ ထပ်ကာ ကြည့်နေမိတာက… ကျွန်မတို့ကားလေးကို ရှေ့ကနေ လက်လှမ်းပြပြီး တားတော့မယ့် သဏ္ဍာန်ယောင်ယောင်။ ထို့အတူ လှစ်ခနဲ ကားလေးက ကျော်သွားပြီး ကျန်ခဲ့စဉ်မှာ လက်ကလေးပြပြီး နှုတ်ဆက်နေသယောင် သူ့ရဲ့ မူရင်းနေရာလေးမှာ ကျန်ခဲ့ပြီး…။

ဟော… ကျွန်မတို့ကားလေးဟာ သွယ်ကာဝိုက်ကာနဲ့ လာစဉ် ရှေ့နားမှာ ဘွားခနဲ သူ့ကို ပြန်တွေ့ပြန်ပြီ။ ဒီတစ်ခါတော့ သူ့ကို တွေ့တွေ့ချင်းမှာပဲ ဘွားခနဲ တွေ့လိုက်ရလို့ ကျွန်မ စိတ်ထဲ လှိုက်ခနဲ…။ ကားကလေးက ခဏလေးအတွင်းမှာ သူ့ကို လက်ပြနှုတ်ဆက်ခဲ့ပြီ။ သူ့ကိုယ်မှာ ရေးထားတဲ့ နံပါတ်လေးက တဖြည်းဖြည်း အရေအတွက် လျော့လာပြီကို သတိထားမိလာတယ်။ ဒီလိုနဲ့ ကျွန်မ မျှော်လင့်ဆဲ။ ဘယ်နေရာများ ထပ်တွေ့ရမလဲလို့ မသိစိတ်က လိုက်ရှာနေမိသလိုပင်။ ကျွန်မ ပေါင်ပေါ်မှာ လမ်းမှာဖတ်ဖို့ စာအုပ်တစ်အုပ် ယူလာခဲ့ပေမယ့် မလှန်ဖြစ်သေးပါ။ ကားသွားရင်း စာအုပ်ဖတ်ရင်လည်း မူးမှာစိုးရတယ်။

လက်ရှိ စိတ်ဝင်စားနေမိတာကတော့ သူ့ကို ဘယ်နားမှာများ ထပ်တွေ့ဦးမလဲ ဆိုတာပါ။ မြေပြန့်ခရီးစဉ်တွေမှာတော့ အခုလိုမဟုတ်ဘဲ သူ့ကို ထင်ထင်ရှားရှား တွေ့မြင်ရပါတယ်။ တောင်ပေါ် ခရီးစဉ်တွေက ပိုပြီး စိတ်လှုပ်ရှားဖွယ်။ အကာအကွယ်တွေရဲ့ကြားမှာ သူ ပုန်းနေတာကို မိအောင် ရှာရသလိုပဲ။ စ,အတက်ကနေ တွေ့ခဲ့ရတဲ့ ပထမဦးဆုံး ဆုံစည်းခဲ့ရတဲ့သူဟာ ဘာနဲ့တူပါလိမ့်လို့ ကျွန်မ တွေးနေမိတော့ သူဟာ ကျွန်မတို့ရဲ့ ပထမဦးဆုံး ဆွေမျိုးမိတ်ဆွေ သူငယ်ချင်းတွေ ဖြစ်လိမ့်မယ်။

ရှေ့က ဆိုင်တွေ၊ အပင်တွေ များစွာကို ဖြတ်ကျော်ပြီး ကျွန်မ ရှာနေတဲ့ သူ့ကို ချိုင့်ဝှမ်းခပ်နိမ့်နိမ့်လေးထဲမှာ တွေ့လိုက်ရတယ်။ သူ့ရဲ့ အောက်ခြေမှာ ဝါးရွက်ခြောက်တွေ ခပ်များများ ပုံနေတာ တွေ့ရမှုကြောင့် သူ့ကို လွယ်ကူစွာ တွေ့နိုင်ဖို့ မလွယ်။ ချိုင့်ဝှမ်းလေးထဲက သူ့ကို ရုတ်ခနဲ မြင်လိုက်ရချိန်မှာ ရှေ့ကနေ ဝါးရုံပင်တွေ ကွယ်သွားခဲ့ပြီး ကားမှန်ကနေ နောက်ပြန်ကြည့်ပေမယ့် သူ့ကို ကျွန်မ မမြင်ရတော့ဘူး။ လုံးဝ ကွယ်သွားခဲ့ပြီ။ ဆေးသားတွေ ပြယ်လွင့်နေတဲ့ သူ့ရဲ့ ထိပ်ပိုင်းလေးကိုသာ ဖျတ်ခနဲ မြင်လိုက်ရတာမို့ ဘာကိုမှ သေသေချာချာ မသဲကွဲတော့ဘူး။

ကျွန်မက ကားပေါ်မှာ အခြားသူများနဲ့ မရောထွေးဘဲ သီးသန့် အကြောင်းအရာတစ်ခုကို စိတ်ဝင်စားနေမိတယ်။ ကျွန်မ လမ်းမှာ တွေ့မြင်ခဲ့တာ ရိုးရိုးမိုင်တိုင် အမှတ်အသားတွေပါ။ အသွားလမ်းဆိုရင် တိုးသွားပြီး အပြန်လမ်းမှာဆိုရင် လျော့သွားတယ်။ ဖာလုံဂဏန်းလေးမှ မိုင်အဖြစ် တဖြည်းဖြည်း တိုးသွားပြီး မိုင်တိုင်လေးတွေမှာ ရေးထိုးထားတဲ့ ဂဏန်း အမှတ်အသားလေးတွေ၊ တချို့မိုင်တိုင်တွေက သိသိသာသာ ထင်ထင်ရှားရှား၊ တချို့မိုင်တိုင်လေးများက မှုန်ပြပြ…။

တစ်ခါတစ်ရံ အနီအစင်း တွေ့ရသလို၊ တစ်ခါတလေ ကိုယ်မှာ အမည်းစင်း ဆေးရောင်တွေ ခြယ်ထားတယ်။




(၂)

ဒီမိုင်တိုင်လေးတွေကို ကျွန်မ သဘောကျတယ်။

ကျွန်မ ထပ်ပြီး စဉ်းစားကြည့်တယ်။ ကျွန်မ ခရီးတစ်ဝက်ကျော်ကို ဖြတ်သန်းပြီးချိန်မှာ ကျွန်မ တွေ့ဆုံခဲ့ရတဲ့ မိုင်တိုင်တွေ မနည်းပါ။ လမ်းမှာ သူတို့ကို ရှာဖွေခဲ့မိတယ်။ တွေ့ပြန်တော့လည်း ခဏလေး နှုတ်ဆက်ပြီး ကျန်ခဲ့ပြန်တယ်။ ရှေ့လာမယ့် မိုင်တိုင်တွေဆီ မျှော်လင့်မိပြန်တယ်။ သူတို့ကို တစ်ခါ ကျော်သွားပြန်တယ်။

တောတွေ တောင်တွေ မကြည့်မိတော့ဘဲ စိတ်ထဲကို ရောက်လာတဲ့ မိုင်တိုင်ပေါင်းများစွာဟာ ကျွန်မ ဘဝလိုပဲ။ ကျွန်မ အခု အသက်(၃ဝ)ကျော်ဆိုတော့ မိုင်တိုင်ပေါင်း သုံးဆယ်ကျော်ကို ကျော်ဖြတ်ပြီးပြီပေါ့။ အဲဒီလို တွေးမိတဲ့အပြင် ကျွန်မနဲ့ ဆုံခဲ့တဲ့ မိုင်တိုင်၊ ကျွန်မ ချန်ထားပစ်ခဲ့ရတဲ့ မိုင်တိုင်တွေ…။

မထားချင်ပါသော်လည်း မဖြစ်မနေ ထားပစ်ခဲ့တဲ့ မိုင်တိုင်။ ဒီမိုင်တိုင်လေးတွေဟာ ကျွန်မတို့တွေရဲ့ ဘဝပတ်ဝန်းကျင်များနဲ့ နီးစပ်လှတယ်။ မိုင်တိုင်လေးတွေက သင်ခန်းစာပေးသလို ဆုံးမချင်လည်း ဆုံးမပါလိမ့်မယ်။ ကျွန်မ စိတ်ထဲ ရောက်လာတဲ့ မိုင်တိုင်တွေကတော့ စကားပြောနေကြတယ်။ သူတို့ဟာ ယိုင်နဲ့နဲ့ မိုင်တိုင်များတော့ မဟုတ်ပေ။ ကျွန်မ ပြောခဲ့သလို ပထမဦးဆုံးတွေ့တဲ့ မိုင်တိုင်ဟာ ပထမဦးဆုံး မိတ်ဆွေများနဲ့ သူငယ်ချင်းများ…။ ဒီလိုနဲ့ ကျောင်းသူ၊ ကျောင်းသားဘဝတွေကို ကျော်ဖြတ်လာတာ နှစ်တွေ မနည်းပေါ့။ ကျောင်းနေစဉ်မှာ တူပေမယ့် ကျောင်းကထွက်ချိန်မှာတော့ ဘယ်လိုမှ မတူနိုင်တော့။ ဝေးကွာသွားကြပြီ။ သူတို့ဟာ ကျွန်မတို့ရဲ့ ဒုတိယ မှတ်တိုင်၊ တတိယမှတ်တိုင်လောက် ဖြစ်မယ်။ ဒီ သူငယ်ချင်းတွေကို အချိန်အခါအရ ကျွန်မတို့ လက်ပြခဲ့ရပြီ။ သူတို့လည်း သူတို့ ခရီးနှင့်သူတို့…။

အခန့်မသင့် အဆင်မချောတဲ့ ဆွေမျိုးသားချင်းများဟာလည်း သွေးနီးပေမယ့် အတွေးမနီးတဲ့အတွက် ကျွန်မတို့ဘဝထဲမှာ ထားပစ်ခဲ့ရတာတွေလည်း ရှိကောင်းရှိနိုင်ပါတယ်။ ပြန်တွေ့ကြပေမယ့် သူ့ဘက်က အားငယ်သိမ်ငယ်မှု တွေကြောင့် နှုတ်မဆက်ဘဲ လက်ပြကျန်ရစ်ခဲ့ကြသူများလည်း တွေ့ရဦးမှာပါ။ ချိုင့်ဝှမ်းထဲက မိုင်တိုင်လေးကို အမှိုက်တွေ ဖုံးလွှမ်းနေသလို အပြစ်တွေ ဖုံးလွှမ်းနေတဲ့ မိတ်ဆွေ၊ သူငယ်ချင်းတွေဆိုရင်လည်း ကိုယ်တိုင်က လက်တွဲဖြုတ် ချန်ခဲ့ရတာတွေလည်း ရှိနိုင်မှာပါ။

လူတိုင်းဟာ လမ်းဆုံ၊ လမ်းခွ၊ လမ်းခွဲတွေကို ရောက်ရစမြဲမို့ အဲဒီလို ရောက်လာတိုင်း တစ်ခါတလေ ဘာမှ စဉ်းစားချိန်တောင် မရှိလိုက်ဘဲ လမ်းတစ်လမ်းကို ရွေးချယ်ရတာတွေလည်း ရှိပါတယ်။ ရှေ့လာမယ့် မိုင်တိုင်ပေါင်းများစွာဟာ ကိုယ့်ကို ကြိုဆိုမှာလား၊ မကြိုဆိုဘူးလားဆိုတာ မသိနိုင်ပါ။ ကျွန်မတို့တွေ အတွေးထဲမှာတော့ လက်တွဲရန်လည်း အဆင်သင့် လက်တွဲဖြုတ်ရန်လည်း အဆင်သင့်ဆိုတာမျိုး ပြင်ဆင်ထားသင့်တယ်။

ကျွန်မ ခရီးသွားနေပါတယ်။ ကျွန်မတို့ဟာ ငယ်ဘဝတွေကို ဖြတ်သန်း၊ မျှော်လင့်တာတွေ တွေ့ရသလို၊ မမျှော်လင့်ခဲ့တာတွေလည်း အများကြီး။ ဘဝမှာ အစစ်ဆေးခံ မှတ်ကျောက်တင် နေ့ရက်များ၊ စိန်ခေါ်မှုဆိုတဲ့ စွမ်းရည်စစ်ဆေးခြင်းကလည်း ခံနိုင်ရည်အင်အားကို လောကဝန်းကျင်က သံကို မီးပေးပြီး အသားကို လာကပ်ခံရသလို။

ဘဝထဲက မိုင်တိုင်တွေဟာ အဝေးကနေ လှမ်းမြင်ရပြီး ဖွေးဖွေးပြောင်ပြောင်နဲ့ ဆေးရောင်အခြယ်အသကောင်းပြီး ထင်သာမြင်သာရှိတဲ့ မိုင်တိုင်တွေရှိသလို၊ ဝမ်းသာအားရ လက်လှမ်းပြစဉ်မှာပဲ ရုတ်တရက် ကိုယ့်ရှေ့ကနေ ပျောက်ဆုံးသွားပြီး မထင်မှတ်စရာနဲ့ ကျန်နေခဲ့တာတွေလည်း အများကြီးပေါ့။

လူတစ်ဦးရဲ့ အပြုအမူနဲ့ စိတ်ဓာတ်ကသာ အရာအားလုံးကို ခွဲခြားပြီး အနေအထားတွေ ခြားနားကုန်ကြခြင်းပင်။ စာရေးဆရာကြီးတစ်ဦးပြောသလို ပြေးနေတဲ့ လူရဲ့မျက်နှာဟာ မိုးရေစက်တွေ ပိုအပက်ခံရတယ် ဆိုသလိုပါပဲ။ ပက်မှန်ခံရတဲ့ မိုးစက် မိုးပေါက်တွေကြားကနေ အမှတ်မထင် မိုင်တိုင်သစ်တွေ တွေ့ရသလို ဆုံစည်းရန် မကြုံ၊ ရေစက်ကုန်သွားတဲ့ မိုင်တိုင်များကိုလည်း ကျွန်မတို့ဘဝမှာ ထားပစ်ခဲ့ရတာပါပဲ။

ဘဝဟာ တိုက်ပွဲတစ်ခု ဆိုတဲ့အတိုင်း အဲဒီတိုက်ပွဲတွေနဲ့ ဆုံတိုင်း ယူတတ်တဲ့ ကျွန်မ ဦးနှောက်ကို ကျေးဇူးတင်မိတယ်။ စိတ်ကို တွန်းအားဖြစ်စေမယ့် အသိတစ်ချက်နဲ့ အင်အားကို မခံယူတတ်၊ မမြင်တတ်ခဲ့ရင် အဲဒီအင်အားတွေနဲ့ ရှေ့ဆက်သွားရမယ့် မျှော်မှန်းချက်တွေ ရနိုင်မှာမဟုတ်ပါ။ Life is a struggle for existence… တဲ့။ ဘဝဆိုတာ ရှင်သန်ရေးအတွက် ရုန်းကန်နေမှုပါ။ ထိုစာသားက ရိုးရှင်းလွန်းတယ်။ ဒါကြောင့်ပဲ ကျွန်မ နှစ်သက်မိတယ်။


(၃)

ခရီးတွေသွားတိုင်း ကားပြတင်းအပြင်ကို ကြည့်ရင်း တွေးမိတဲ့ မိုင်တိုင်လေးတွေဟာ ကျွန်မတို့ ဘဝတွေနဲ့ ထူးခြားစွာ တိုက်ဆိုင်လို့ နေပါတယ်။ တစ်နေ့ထက်တစ်နေ့ ကျွန်မအတွက် ဘာအရေးကြီးဆုံးလဲလို့ တွေးမိတော့ အချိန်မဖြုန်းဘဲ အချိန်ကို သုံချင်နေမိပြီ။ စာရေးတိုင်း ပရိသတ်ကို ဘာများပေးနိုင်မလဲ ဆိုတာ "တစ်" အချက်ဖြစ်နေပြီး စာမရေးသည့်တိုင် စိတ်ကူးနှင့် ကြံစည်တွေးတောခြင်းမှာလည်း အချိန်သုံးစွဲမှုပင်။ ငယ်စဉ်ကတည်းက ကိုယ်နဲ့ အမှန်တကယ် လက်တွဲရမယ့် မိုင်တိုင်ဟာ စာရေးဆရာမဘဝဆိုတာ သေချာမသိခဲ့ပေမယ့် ငါ ဘာဖြစ်ချင်တာလဲလို့ အဖြေထုတ်မိတိုင်း စာရေးဆရာမဘဝကိုသာ ရောင့်ရဲစွာ တောင့်တနေမိတတ်တယ်။

တကယ် စာရေးဆရာမဘဝ ရပြန်တော့ ကျွန်မတို့ ထိတွေ့ရတဲ့ ပတ်ဝန်းကျင်ထဲက ရံဖန်ရံခါ တွေ့ရတတ်တဲ့ ဒိတ်ဒိတ်ကြဲ စီးပွားရေးလုပ်ငန်းရှင်ဟာ ကျွန်မနဲ့ မိတ်ဆက်ပေးတိုင်း "စာရေးဆရာမ၊ စာရေးတယ်" ဆိုတာနဲ့ ထိုသူ ကျွန်မကို ကြည့်တဲ့မျက်လုံးတွေဟာ မှေးမှိန် ဖျော့တော့သွားတယ်။ အံ့သြသလို ပုံစံလည်း ရှိနေခဲ့တယ်။ သူတို့ ပတ်ဝန်းကျင်မှာ စာရေးတယ်ဆိုတာ ပိုက်ဆံမရသလို၊ အထင်ကြီးစရာမဟုတ်လို့ သတ်မှတ်ပုံရပါတယ်။ ငွေပိုပို လျှံလျှံ မရှိနိုင်သလို၊ အလုပ်တစ်ခုလို့ မမြင်တဲ့ ရောင့်ရဲခြင်းနဲ့ ယှဉ်တွဲနေတဲ့ စာရေးဆရာမ ဘဝဟာ သူတို့အတွက် ပိုပြီး အံ့သြစရာ ကောင်းနေမယ်ဆိုတာ ရိပ်မိခဲ့တယ်။

စာရေးသူတစ်ယောက်ရဲ့ တန်ဖိုးကို ဘယ်လို အကဲဖြတ်သလဲဆိုတော့ ကျွန်မလည်း ကောင်းစွာ မသိပေ။ ကျွန်မကတော့ စာရေးသူတစ်ဦး ဖြစ်ခြင်းဟာ လုပ်ချင်တာလုပ်ရသလို လုပ်သင့်တာလည်း လုပ်ရတယ်လို့ ထင်မိတယ်။ လုပ်ချင်တာနဲ့ လုပ်သင့်တာမှာ အချိန်ကာလ သိပ်မကွာဟဖို့ လိုလိမ့်မယ်လို့လည်း ထင်ပါတယ်။ ကျွန်မတို့ ဘဝမှာ ကိုယ်နှစ်သက်တဲ့ ရသတစ်ခုအပေါ် မက်မက်မောမောစိတ်နဲ့ တစ်ဦးနဲ့တစ်ဦး Sharing လုပ်နိုင်ပြီး ကျေနပ်စရာကောင်းနေနိုင်သေးတယ်။ ထိုသူတွေက ရသဆိုတာ ဘာလဲလို့ မေးခွန်းပြန်မထုတ်ရင်တောင် မိမိအတွက် ကံကောင်းခြင်းတစ်မျိုးပဲ။

ကိုယ့်ဘဝ ရည်ရွယ်ချက်အတွက် မိုင်တိုင်ပေါင်းများစွာကို ကျော်ဖြတ်ရင်း ချန်ထားခဲ့ရတဲ့ မိုင်တိုင်တွေ၊ ဆက်ပြီး လက်တွဲရမယ့် မိုင်တိုင်တွေအားလုံးဟာ ကျွန်မတို့ ဘဝကြီးနှင့် ထပ်တူထပ်မျှ လိုက်ပါနေဦးမှာပဲ။

လူတစ်ဦးရဲ့ ဘဝဟာ မရုန်းကန်ရပဲနဲ့တော့ ဘဝအစစ်ကို မရနိုင်။ Life Style အစစ်ကို မရနိုင်။ ရခဲ့ရင်လည်း အတုသာ ဖြစ်ပေလိမ့်မည်။ လူရယ်လို့ ဖြစ်လာပြီးရင် နေထိုင်မှု အရသာ အစစ်အမှန်ကို တွေ့ဖို့ လိုအပ်တယ်။

ပတ်ဝန်းကျင်က လူတစ်ဦးရဲ့ အဖြစ်အပျက်က ကျွန်မတို့ လောကကြီးမှာ လူတွေ ဘယ်လို နေထိုင် ပြုမူနေကြသလဲဆိုတာ လှောင်ပြောင်လိုက်သလိုပင်။ နေ့စဉ် ငယ်စဉ်ကတည်းက သူ့ဘဝမှာ ချမ်းသာချင်လို့ လူတန်းစေ့နေနိုင်ဖို့ ရုန်းကန်ကြိုးစားခဲ့ရတယ်။ နေ့ နေ့မှန်းမသိ၊ ည ညမှန်းမသိ။ သူ့အတွေး၊ သူ့ အိပ်မက်ပေါင်းများစွာဟာ ဘယ်အချိန်မက်မက် ပိုက်ဆံရှိဖို့၊ ပိုက်ဆံချမ်းသာဖို့ပါပဲ။ သူ့အနာဂတ်အတွက် သူ့အိပ်မက်တွေ အကောင်အထည်ဖော်ဖို့ လိုအပ်ပါတယ်။ သူ့ကို မှီခိုနေတဲ့ သူ့မိသားစု၊ သူ့အရေး၊ သူ့အတွေးနဲ့ လုံးလည်လိုက်နေတယ်။

ကံတရားနဲ့ သူ့ကြိုးစားမှု ပေါင်းစပ်လိုက်တော့ သူ့အိပ်မက်တွေ အစစ်ဖြစ်လာခဲ့တယ်။ သူ မျှော်မှန်းတဲ့ သူ့အနာဂတ် ရည်မှန်းချက်တွေအတိုင်း အကောင်အထည် ဖော်နိုင်ခဲ့တယ်။ တစ်ခုပြီးတစ်ခု၊ တစ်နေရာပြီးတစ်နေရာ သူ့လုပ်ငန်းအောင်မြင်မှုကြောင့် သူ့အလုပ်မှာ ဝန်ထမ်းတွေလည်း ရာချီလာတယ်။ သူ့ အဲဒီအချိန်မှာ လက်ညှိုးညွှန်ရာ ဖြစ်စေပဲ။ သူ သတိမထားမိတာ တစ်ခုက လက်ရှိ ရှိနေတဲ့ အသက်ထက် အိုစာသွားခြင်းပဲ။ နောက်ဆုံး သူ့လုပ်ငန်းတွေဟာ မြန်မာပြည်မှာသာမက အခြားနိုင်ငံတွေအထိပါ တိုးချဲ့လာနိုင်တယ်။

တစ်နေ့ တစ်နေ့ ပြောလိုက်ရတဲ့ ဖုန်း၊ သုံးလိုက်ရတဲ့ ကွန်ပျူတာ၊ အကောင်းဆုံး ကိုယ်ပိုင်ကားကိုတောင် ရီမုတ်နဲ့ ဖွင့်ရတယ်။ အချိန်ကုန်မှာကို သူ သိပ်ကြောက်တယ်။ နေ့ရှိသရွေ့ ဂဏန်းတွေနဲ့ အမြဲတမ်း နပန်းလုံး၊ ကိန်းဂဏန်းတွေ အကြောင်း အမြဲပြောနေရပြီး လွတ်လပ်ခြင်းအရသာဆိုတာ သူ့မျက်နှာမှာ တစိုးတစိမှ ရှာဖွေ မတွေ့နိုင်ဘူး။ သူနဲ့ အချိန် ခဏလေး တွေ့စဉ်မှာပဲ သူ့လို အလုပ်တွေကို အခုအချိန်မှာ ထ,မလုပ်ရင် တစ်ခုခုဖြစ်တော့မယ့် အတိုင်း။ သူ့ ဘဝအတွက် မိုင်တိုင်ကြီးကို ရဲတိုက်ကြီးသဖွယ် ခမ်းခမ်းနားနား တည်ဆောက်ထားတယ်။ ဆောက်ပြီးတော့လည်း မပြီးသေး။ ဒီထက်မက ပြည့်စုံဖို့၊ ပိုလျှံဖို့ အတောမသတ် မရပ်မနား သူ ပြေးနေခဲ့တယ်။ အချိန်ရှိသရွေ့ ပြေးနေခဲ့တယ်။

ဒီလိုနဲ့ သူ့ဘဝ ရဲတိုက်ကြီးဟာ ဘယ်လိုမှ မျှော်လင့်မထားတဲ့ အချိုးအကွေ့တစ်ခုမှာ အတိတ်က ရိုက်ချက်ကြောင့်လား၊ ကြမ်းတမ်းစွာ စိတ်မကောင်းစရာပေါင်းများစွာနဲ့ ရုတ်တရက် သေဆုံးသွားခဲ့တယ်။ သူလိုလူအတွက် ဘယ်လိုမှ ထင်မှတ်ထားစရာအကြောင်းမဟုတ်။ နေ့ချင်းညချင်း သူ ပျောက်ကွယ်သွားတယ်။


(၄)

ကျွန်မ ဆက်စဉ်းစားနေမိတယ်။

သူဟာ ကျွန်မတို့ ဘဝကို ထင်ထင်ရှားရှား ပြသသွားတယ်။ လွင်တီးခေါင်မှာ မားမားမတ်မတ် ဖွေးဖွေးဖြူဖြူ ပြောင်လက်တောက်ပနေတဲ့ အဝေးကနေ လှမ်းမြင်နိုင်တဲ့ မိုင်တိုင်တစ်ခု။ သူ့ဘဝမှာ ကြိုးစားတည်ဆောက်ခဲ့ရတဲ့ ဧရာမ ရဲတိုက်ကြီးဟာ သူ့ဘဝအတွက် ဘယ်လောက် အရေးပါခဲ့သလဲ…။

ပိုက်ဆံရှာရင်း ချွေးသုတ်ဖို့တောင် သူ သတိမထားနိုင်ခဲ့။ ကျွန်မ စိတ်ထဲ သူ့ကြိုးစားမှု ပြယုဂ်တွေဖြစ်တဲ့ နန်းတော်ကြီးတမျှ ခမ်းနားသော တိုက်အိမ်တွေ၊ သူ့ ဦးနှောက်တွေ၊ ရင်းနှီးမြှုပ်နှံခဲ့ရတဲ့ ကုမ္ပဏီတွေ၊ သူ့ဘဝအတွက် အာမခံကောင်းကောင်း ထား,ထားတဲ့ ရှယ်ယာတွေ၊ လုပ်ငန်းတွေ၊ ပစ္စည်းဥစ္စာပေါင်းများစွာ ဒါတွေအားလုံးကို ဘာမှ အားမကျခဲ့ပါ။ ကျွန်မ သူ့နေရာလေးမှာ ဝင်ခံစားမိနေတာက သူဟာ လူ့ဘဝရဲ့ အနှစ်သာရကို တွေ့ထိသွားပါရဲ့လား ဆိုတာကိုပါ။

သူ ဖတ်ချင်တဲ့ အင်မတန် ရသမြောက်လှပါတယ်၊ ကောင်းလှပါတယ်ဆိုတဲ့ ဝတ္ထုလေးတစ်ပုဒ်ကို အေးအေးလူလူ ဖတ်ဖူးသွားရဲ့လား။ သိပ်ကို စူးရှပြီး ရင်ထဲကို ထိစေတဲ့ ကဗျာလေးတစ်ပုဒ်ကိုရော သူ အရသာရှိရှိ ဖတ်သွားရရဲ့လား။ သိပ်ကို အတုယူစရာကောင်းတဲ့ သိမ်မွေ့နက်နဲတဲ့ အက်ဆေးလေးတစ်ပုဒ်ကိုရော ဖတ်ခွင့်မှ ကြုံလိုက်ရရဲ့လား။

မသေချာ…၊ ဘာမှမသေချာ။ "ရသ" အကြောင်းတွေကို အရသာရှိစွာ သူ့ ပတ်ဝန်းကျင် တစ်စုံတစ်ယောက်နဲ့ မျှဝေ ခံစားခွင့် ရခဲ့ရဲ့လား။ ဒါလည်း မသေချာ။

သူ့ဘဝဟာ ငွေရှာဖို့ အရေးတွေနဲ့ ပင်လယ်မှာ လက်ပစ်ကူး ကုန်ဆုံးခဲ့ရတယ်။

ဒီအတွက် သူ ဝမ်းနည်းမနည်း မသိပေမယ့် ကျွန်မ သူ့အတွက် ဝမ်းနည်းခဲ့ဖူးတယ်။ သူ့ဘဝရဲ့ အနှစ်သာရကို သူ့ဘဝ သက်တမ်းတစ်လျှောက် ရမသွားခဲ့ပေ။ သူ့နေရာမှာ သူ့အတွက် ဆွေးဆွေးမြေ့မြေ့ ခံစားမိပြီး တွေးမနေမိတာ ထိုအချက်လေးပင်။ အချိန်ကြာမြင့်လာတာနဲ့အမျှ သူ့ပတ်ဝန်းကျင်၊ သူ့မိတ်ဆွေ၊ သူငယ်ချင်းတွေစိတ်ထဲမှာ သူ့အကြောင်း တစ်စ…တစ်စတော့ မှေးမှိန်သွားပါလိမ့်မယ်။

တကယ်တော့ သူဟာ ကျွန်မဘဝဟာ မြင်တွေ့ခွင့်ရခဲ့တဲ့ မိုင်တိုင်များစွာထဲက မိုင်တိုင်လေးတစ်ခုပါပဲ။

ချောအိမာန် (မန္တလေး)

MEMORY မိုးစက်များ စာအုပ်မှ