Wednesday, August 8, 2012

ရမ္မက်ပိုက်ကွန်

၁။

'မတင်မြ ဆုံးသွားပြီတဲ့'

'ဘာရယ်၊ ဘယ်သူဆုံးတာ'

'မတင်မြ'

'ဟင်'

ကျွန်မ အမရဲ့ တိကျတဲ့ ဖြေသံတစ်ခုမှာ အံ့သြစွာနဲ့ 'မတင်မြ ဟုတ်လား' လို့ သေချာအောင် ရေရွတ်လိုက်မိတယ်။

နောက်ဆက်တွဲအနေနဲ့ 'မတင်မြက အကောင်းကြီးကနေ ဘယ်ကဘယ်လို ဆုံးသွားတာလဲ။ တကယ်တမ်းသေရမှာက မခင်မြ မဟုတ်လား' လို့ ကျွန်မ အမေးကို အစ်မက ဟင်းခနဲ့ သက်ပြင်းကို ပြင်းပြင်းချရင်း…

'အဲဒါပြောတာပေါ့အေ။ လူ့လောကဟာ ထင်ထားတာနဲ့ တခြားစီ ထူးခြားဆန်းကျယ်ပါတယ်လို့'

အို ကျွန်မဖြင့် အံ့သြလွန်းလို့ ပါးစပ်အဟောင်းသားနဲ့ ဖြစ်သွားခဲ့ရတယ်။ ခရီးလေးနှစ်ရက်ထွက်မိပါတယ်။ ပြန်လာတော့ ကြားတဲ့သတင်းစကားက ကိုယ်ထင်ထားတာနဲ့ တခြားစီ။ တကယ်တမ်းဆို မခင်မြ နဲ့ မတင်မြ ညီအစ်မနှစ်ယောက်မှာ မခင်မြက သေလူ။ အသက်ရှင်ဖို့ ကျားကုတ်ကျားခဲဆေးနဲ့ အသက်ဆက်နေရသူ။ မတင်မြက သူ့အစ်မ လူမမာကြီးကို ပြုစုနေရသူ။ မခင်မြက အပျိုကြီး သို့ပေမယ့် သူက သိုသိုသိပ်သိပ်နဲ့ စီးပွားရေးကောင်းခဲ့သူဆိုတော့ သူ့ခေတ် သူ့အခါ စီးပွားရေးကောင်းခဲ့သူဆိုတော့ လက်ဝယ်ပစ္စည်း၊ အတွင်းပစ္စည်းတွေ စုထားနိုင်သူ။ မခင်မြက အစာအိမ်ကင်ဆာလိုလို၊ အူမကြီးကင်ဆာလိုလိုနဲ့ ရောဂါနှစ်ခုကြား အသက်ဆက်ထားရသူ။ မတင်မြကတော့ သားသမီးနှစ်ယောက်နဲ့ လင်ယောက်ျား ရှာသမျှ ပိုက်ဆံတွေကို ခြစ်ခြုတ်ပြီး ကပ်စေးနှဲသူ၊ အစ်မထုတ်သမျှ ပိုက်ဆံထဲကနေ သူတို့မိသားစု စားဝတ်နေရေးကိုတောင် ပြေလည်အောင် ဖန်တီးနေသူ၊ ယောက်ျားက အစိုးရဝန်ထမ်းပေမယ့် လစာကောင်းနေရာကို ရရှိထားတယ်။ ဒါပေမယ့် မတင်မြက အထိန်းအသိမ်းနပ်ပြီး အပျိုကြီး မခင်မြဆီကပဲ ဆီရရ၊ ဆန်ရရ နူးနပ်ပြီး နေခဲ့တဲ့သူဆိုတာ အားလုံးအသိ၊ သူ့မိသားစုအပေါ်မှာ ကျသလောက် မခင်မြတစ်ဦးတည်းသော အစ်မထံမှ ရနိုင်သလောက် မီးဖိုချောင်စားရိတ်ကအစ မထုတ်ဘဲ စားနေသူ။ ယောက်ျားလုပ်သူက လူမိုက်လုပ်မခံဘဲ မိန်းမစကားနဲ့ပြီးနေပြီး၊ မခင်မြ အချစ်ပိုသော သူ၏ သားသမီးနှစ်ယောက်ကိုနှပ်ပြီး အဒေါ်အပျိုကြီးထံမှ ရနိုင်သလောက် ချူစားနေကြသူများသာ။

မခင်မြကလည်း သူ့ရဲ့ သားနဲ့သမီးကို သူ့သားမီးလို အချစ်ပိုပြီး ပြုစုယုယနေခဲ့တာ သိပ်မကြာခင်က မခင်မြ တရှောင်ရှောင်ဖြစ်လာပြီး ဆေးရုံ နှစ်ခါတက်လိုက်ရတယ်။ ဘေးပတ်ဝန်းကျင်ကတော့ မခင်မြကို မတင်မြ ပြုစုတာတွေအပေါ် အားမလို အားမရ ဖြစ်လာတယ်။ ပြရတဲ့ ဆရာဝန်တွေကလည်း တကယ့်အထူးကုသမားတော်တွေ မဟုတ်ဘဲ အပရိကပြနေသလောက်သာ ပြနေတော့၊ မခင်မြရောဂါ မသက်သာတော့။ ဘေးလူတွေကပြောလည်း မတင်မြက လက်မခံ။ သူ့အစ်မကို သူကိုယ်တိုင် အကောင်းဆုံးပြုလုပ်နေသယောင် အသံလွှင့်နေတတ်တယ်။

မိဘ လက်ထက်က အရှိကြီးမဟုတ်ပေမယ့် မခင်မြ ရှာဖွေထားတဲ့ စီးပွားဥစ္စာတွေက မနည်းမို့၊ မခင်မြ ရဲ့ ရှေ့အနာဂတ်အတွက် အထူးစိုးရိမ်ကြတယ်။ မတင်မြက ဒီကြားထဲ တစ်ခုခုလုပ်ခဲ့ရင်ဆိုတဲ့ အတွေးလည်း ပတ်ဝန်းကျင်က တွေးမိပုံပေါ်တယ်။

ဒီ ညီအစ်မနှစ်ယောက်ဟာ အရင်ကတည်းက ရုပ်ကလည်း တခြားစီ၊ စိတ်ဓာတ်ကလည်း တခြားစီဆိုတော့ ပတ်ဝန်းကျင်က သိပြီးသား။ ဒီတော့ အထူးတလည် ပြောစရာ မလိုတော့။ ဒီကြားထဲ မခင်မြရောဂါက ကင်ဆာလိုလိုဆိုတော့ ပိုဆိုးသွားတယ်။

မခင်မြ ကျန်းမာရေးအတော်ချူချာလာပြီး ဆေးရုံတက်ရတော့ မခင်မြကို သနားသူတွေက ဝိုင်းဝန်းအကြံပေးကြတယ်။ ဒါကို မတင်မြက ဆရာမကြီးလုပ်ပြီး သူကပဲ ဘယ်သူ့အကြံဥာဏ်မှမယူဘဲ ဆေးရုံတင်တယ်။ ပထမတစ်ခါ တင်တာ မသက်သာဘူး။ ဒုတိယတစ်ခါ ထပ်တင်ရတယ်။ ရောဂါအခြေအနေက ပိုဆိုးလာတယ်။ ရပ်ကွက်ထဲက မခင်မြကို သနားနေကြတယ်။ ဘာမှ မဖြစ်စေချင်ကြဘူး။ မခင်မြက စိတ်ကောင်းရှိပြီး ရပ်ရွာ သာရေး နာရေးကစ ရှေ့ဆုံးက ဦးဆောင်ပါဝင်ကူညီသူ မဟုတ်လား။

မခင်မြ ဆေးရုံတင်ရတယ် သတင်းကြားတော့ ရပ်ကွက်ထဲက ရွစိရွစိနဲ့ သွားမေးချင်လိုက်တာ လွန်လို့။ မတင်မြကြီးကို ရွံမုန်းကြီးဖြစ်လို့သာ ခြေတွန့်လက်တွန့် ဖြစ်နေကြတာ။ ညီအစ်မသာဖြစ်တာ မခင်မြက လူမှန်ဖြစ်ပြီး မတင်မြက သာကူးကြီးဆိုတာ လူတိုင်းသိထားကြတော့ ပိုဆိုးတာပေါ့။ မခင်မြ အခုလိုဖြစ်တော့ ဘယ်သူမှ စိတ်မကောင်းကြဘူး။ ကူညီချင်ကြတာ။ ဆေးရုံသွားမေးလို့ မတင်မြရှိရင် မေးတစ်ခွန်း၊ ဖြေတစ်ခွန်းနဲ့ ပြီးလာကြတာ။ အားလုံးက မခင်မြသာ ကျန်းမာလာပါစေ ဘာလုပ်ရလုပ်ရဆိုတာမျိုး၊ ရပ်ကွက်ထဲက အားလုံးစိတ်ထဲမှာ မခင်မြအစား မတင်မြကိုသာ ဖြစ်စေချင်ကြတာ။ ခုတော့ အားလုံးက အမြင်ကတ်နေတဲ့ ရပ်ရွာမုန်းတဲ့ ချဉ်စော်ကားသီးကြီးကတော့ ဒေါင်ဒေါင်မြည်ကြီး။ မခင်မြခမျာမှာတော့ ရောဂါကို ခါးစည်းခံရနေရတော့ ဘယ်သူက လက်ပိုက်ကြည့်နေနိုင်တော့မတုံး။

တစ်နေ့တစ်နေ့ မခင်မြမှာ ဒီရောဂါလာဖြစ်ရသလား။ မတင်မြ ဖြစ်လိုက်ပြီးရောဆိုတဲ့ မေတ္တာပို့စကားတွေက အပုံကြီး၊ မဖြစ်ခံနိုင်ရိုးလား။ မတင်မြရဲ့ ခေါင်းမာချက်၊ မာနမိုးထိတက်ခဲ့တဲ့အချိန်တွေက နည်းမှ မနည်းပဲ။ အဲဒီတော့ ရပ်ကွက်က လူတွေကလည်း သူ့ကို ချဉ်စော်ကားသီး ဖြစ်ကုန်တာပေါ့။

ဘာမှ ရပ်ရွာကောင်းကျိုးမပြုတဲ့ လူမချစ်တဲ့သူက ဒေါင်ဒေါင်မြည်ပြီး၊ ရပ်ရွာကောင်းကျိုးသယ်ပိုးနေတဲ့ မခင်မြကျ ကံကြမ္မာက ရက်စက်လိုက်တော့ လူတွေ မချိတင်ကဲ ဖြစ်ကုန်တာပေါ့။ ဝဋ်တွေခံနေရသလို မခင်မြ ခံစားနေရတော့ ဘေးလူတွေက ကူခံစားပေးချင်ကြတယ်။ သူ့ရောဂါတွေကို မျှဝေပြီး ယူချင်ကြတယ်။

အခု သူတို့နေတဲ့တိုက်ကြီးက မခင်မြ ငွေအများဆုံးပါပြီး ဝယ်ထားတဲ့တိုက်ကြီး။ သူတို့မိဘ လက်ထက်က အပေါင်ဆုံးထားတဲ့တိုက်ကြီးကို မခင်မြက သူ့ပိုက်ဆံနဲ့ပြန်ရွေးပြီး ဝယ်ထားတာ။ ဒီတော့ မခင်မြတိုက်လို့ပြောရင်လည်းရတယ်။

မတင်မြကတော့ မိဘတွေရှိစဉ်ကတည်းက ပါးစပ်တစ်ခုကလွဲပြီး ဘာမှမစိုက်ဘဲ ဒီကြားထဲ သူ့ယောက်ျားစီးပွားအတွက် မခင်မြဆီတောင် ပိုက်ဆံတွေချေးထားဖူးတယ်လို့ သိရတယ်။ ကလေးနှစ်ယောက် စားစရိတ်ကိုလည်း မခင်မြက ထုတ်ပေးတယ်လို့ သိရတယ်။ ယောက်ျားလုပ်သူက သူ့ကြည့်တော့ အေးသလိုလိုနဲ့ ဘယ်ထဲမှ ဝင်မပါသလိုလိုနဲ့ မိန်းမသြဇာကို နားထောင်ပြီး လူမိုက်မလုပ်တတ်သူ။ အနေအေးသလိုနဲ့ လည်သလို နေတတ်သူ။ နောက်ဆုံးတော့ မိန်းမကြိုးကိုင်ရာနောက်ကို မလှန်ဝံ့ဘဲနေတတ်သူအဖြစ် ပတ်ဝန်းကျင်ကသိထားတယ်။ ဒါပေမယ့် ပတ်ဝန်းကျင်ပေါင်းသင်းဆက်ဆံရေးမှာတော့ အပြစ်မရှိအောင် ရှောင်ကွင်းနိုင်သူအဖြစ် ချီးကျူးပေးရမယ့်သူ ဖြစ်တယ်။ ဒီအဖြစ်တွေကို သိနေတာကြောင့် ရပ်ကွက်ထဲက လုံးဝမကျေနပ်ကြဘူး။ ဒါကြောင့်ထင်ပါရဲ့ မတင်မြကြီး တစ်ခါ ဈေးကအပြန်လမ်းမှာ မူးလဲဖူးတယ်။ ဘယ်သူမှကူညီပြီး လိုက်ပို့မယ်သူ မရှိဘူး။

မခင်မြ တစ်ခုခုဖြစ်ပြီဟေ့ဆို အားလုံးက စီခနဲပဲ တန်းစီပြီးရောက်လာတာ။ ဒါ ဘယ်သူ့ကိုမှ အပြစ်ပြောဖို့ မရှိဘူး။ မေတ္တာဆိုတာ ရောင်ပြန်ဟပ်တာပါပဲ။ တစ်အူတုံ့ဆင်းပေမယ့် စိတ်ဓာတ်က ကွာသကိုး။

လူနာမေးဆိုပြီး မခင်မြဆီ မုန့်ထုပ်တွေနဲ့ သွားရင်တောင် မတင်မြက အအေးတစ်ခွက်၊ ကော်ဖီတစ်ခွက်တောင် တိုက်ဖော်မရဘူး။ ခြံကြီးကလည်းကျယ်တော့ ဝင်းတံခါးကြီးကလည်း အမြဲပိတ်ထားတာ။ မခင်မြနဲ့ သိပ်ခင်တဲ့အပေါင်းအသင်းတွေကတော့ မကြာခဏ သွားကြည့်တတ်ကြတယ်။ ပြန်လာတိုင်းလည်း သူတို့သယ်ဆောင်လာတဲ့ စကားတွေက ကျေနပ်အားရဖွယ်ရာ မရှိဘူး။ 'မခင်မြကို သနားလိုက်တာအေ။ ဒီလိုနဲ့ သွားတော့မှာပဲ။ ဘယ်လိုပဲ သူ့မှာ ခံစားနေရတဲ့ ရောဂါဆိုးရှိရှိ လူနာဆိုတာ အားပေးမှုလိုတာပဲ။ အခုတော့ မဟုတ်ပေါင်။ ခေါင်းရင်းမှာ ကြာနီကန် တရားခွေကြီးကိုဖွင့်ပြီး မမ စိတ်အေးအေးသာသွားနော်။ ဘာမှ နောက်ဆံမတင်းနဲ့၊ စိတ်ဖြောင့်ဖြောင့်သာသွားနဲ့၊ ရေရွတ်နေတာ၊ တကထဲ ပြောလိုက်ချင်တာ ပါးစပ်ကို ယားနေပြီ။ တရားအကြောင်းလည်း ဟန်ပြလုပ်နေတာ၊ ဘာမှလည်းတတ်တာ မဟုတ်ဘူး။ ကျွန်မတော့ ဘာပြောပြောဆိုပြီး ဒီနေ့ ရေမန်းပုလင်းတွေ ယူသွားတယ်။ နောက်ပြီး ဗောဇ္ဈင်သုတ်တွေ ရွတ်ပေးခဲ့တယ်။ မခင်မြက သတိရှိပါတယ်။ ပိန်ကျသွားတာကတော့ မြန်တယ်။ ကျွန်မက သမားတော်တစ်ယောက်ကို ပြောင်းပြစေချင်တာ။

မတင်မြ သားနဲ့သမီးလား။ အမလေး အမေတူတွေပေါ့တော်။ ဒီအဒေါ်အပျိုကြီးဆီက ရသလောက် ဖဲ့နေကြတာ။ လူမမာလည်းဖြစ်ရော ကိုယ်ဖိရင်ဖိ ပြုစုမယ့်သူ မရှိပါဘူး။ ဒါကြောင့် အသွင်မတူ အိမ်သူမဖြစ်ဘူးလို့ ပြောတာ။ မတင်မြ ယောက်ျားကလည်း စကားနည်းပေမယ့် ထွက်လာရင် သူ့မိန်းမနဲ့ တစ်လေသံတည်းလေ။

ဒီအမေ၊ ဒီအဖေက မွေးတဲ့ သားသမီး ဒီလိုပဲရှိတော့မပေါ့။ ထူးပြီး ကောင်းစရာရှိသေးလို့လား။ ယောဂီအဖွဲ့တွေကဆို တစ်နေ့တစ်နေ့ မခင်မြကို ဘယ်လိုလုပ်ပေးရမလဲပဲ စဉ်းစားနေကြတာ။ နောက်တစ်ပတ်လောက်ဆို ကြီးကြီးရောက်လာတော့မယ်တဲ့။ အော် ကြီးကြီးက သူတို့ ညီအစ်မနှစ်ယောက်ကို ငယ်စဉ်ကတည်းက ထိန်းပေးခဲ့တာ။ ကြီးကြီးကျ ကြောက်ကြတယ်။ အရင် သူတို့မိဘလက်ထက်ကတည်းက နှစ်အိမ့်တစ်အိမ် နေလာတာ။ နောက်မှ ပြောင်းသွားတာ။ ဒီအကြောင်းတွေကို ကြီးကြီးလည်း တစ်စွန်းတစ်စ သိပုံပေါ်တယ်။ သူကလည်း ငယ်ငယ်ကတည်းက ခင်ခင်မြလေးကို ပိုချစ်တာဆိုတော့ ကြည့်နေမှာ မဟုတ်ပါဘူး။'

ခင်ခင်မြဆိုတာ ကြီးကြီးက ခေါ်တာ။ ခင်မြထက်စာရင် ခင်ခင်မြဆိုတာလေးက ပိုခေါ်လို့ကောင်းလို့တဲ့။ အဲဒါ ငယ်စဉ်ကတည်းက။ ဒါကို ဟိုတစ်ယောက်က သူလည်း တင်တင်မြဆိုပြီး လုပ်သေးတာ။ သူ့ကိုတော့ ကြီးကြီးက တင်မြလို့ ခေါ်တာ များတယ်။

ကြီးကြီးကိုတော့ မတင်မြက ကြောက်တယ်။ တကယ်တမ်းဆိုရင် အားလုံးက မခင်မြကို အသက်ပိုရှည်စေချင်ကြတယ်။ တကယ်လို့ နောက်ဆုံးအချိန် ရောက်နေပြီဆိုရင်လည်း အခု မခင်မြ အသက်ရှင်အသိလေး ရှိနေချိန်မှာ သူ့ဘဝကူးကောင်းအောင် သံသရာပါအောင် ကုသိုလ်ကောင်းမှုတွေ လုပ်ပေးချင်ကြတယ်။ ဒီလိုချည်းပဲ မရတော့ဘူးဆိုပြီး ခုတင်ပေါ်မှာ တရားခွေဖွင့်ပြီး ထားတဲ့ ပုံစံမျိုးတော့ အားလုံးက မကြိုက်ချင်ကြဘူး။ နောက်ဆုံး ဘာမှ မလုပ်ဖြစ်ရင်တောင် ယတြာလေးနဲ့ အသက်ကူထောက်ပေးချင်ကြတယ်။ ဒါပေမယ့် အားလုံးရှေ့မှာ မတင်မြက အုတ်တံတိုင်းကြီးလိုကာထားတဲ့အတွက် ဘယ်လိုမှ မဝင်သာဘူးဖြစ်နေတယ်။ ဘယ်သူ့ကိုမှလည်း လာအအိပ်မခံဘူး။ သူတို့မိသားစုကပဲ အရမ်းကို ပြုစုပေးနေသလိုနဲ့။

နောက်ပြီး အားလုံးဟာ သက်ပြင်းကိုယ်စီချရင်း ကြီးကြီးကို စောင့်နေကြတယ်။ ကြီးကြီးက အသက်ခြောက်ဆယ်ကျော်၊ အားလုံးပေါ်မှာလည်း သြဇာရှိခဲ့သူဆိုတော့ အားကိုးကြတယ်။ ကြီးကြီးလာမယ်ဆိုတာ မတင်မြသိတော့ ဖုန်းဆက်ပြီးလှမ်းတားတယ်တဲ့။ အဓိကတော့ မလာစေချင်တာပေါ့။ သူပြောတာကတော့…

'ကြီးကြီးလည်း အသက်ကြီးပြီဆိုတော့ ပင်ပန်းပါတယ်။ မမလည်း ပြန်ကောင်းလာနိုင်စရာမရှိတော့ဘူးဆိုတော့ ကြီးကြီး မမကိုမြင်ရင် စိတ်ဆင်းရဲပြီး ရောဂါရနေမယ်' လို့ ပြောတယ်။

ကြီးကြီးက 'ငါ ခင်ခင်မြလေး ခုလိုဖြစ်တာကိုသိတာ နောက်ကျလို့ ယူကျုံးမရဖြစ်နေတာ။ သူသေရင်တောင် ငါ့လက်ပေါ်မှာပဲ သေစေချင်တယ်။ ခင်ခင်မြအတွက် နောက်ဆုံးအခြေအနေမှာ လာကိုလာရမယ်' လို့ ကြီးကြီးက ပြန်ပြောလိုက်တော့ ဘာမှ မတတ်နိုင်တော့ဘူး။

ရက်ပိုင်းအတွင်း ကြီးကြီးက ရောက်လာမှာ။ ရောက်လာရင်လည်း ဒီအိမ်မှာပဲနေမှာဆိုတော့ မတင်မြ ပျာနေပြီပေါ့။

ကြီးကြီးတို့က ဘာမဆို ချက်ဆိုနားခွက်ကမီးတောက်ပြီးသားလေ။ ရပ်ကွက်ထဲက ကြီးကြီးလာတော့မယ်ဆိုတော့ ကိုယ်ပိုင်သူရဲကောင်းစစ်သူကြီး ရောက်လာတော့မယ့်အတိုင်း အားတွေရှိလာကြတယ်။ အားလုံးကလည်း အကူအညီတောင်းဖို့ ဝိုင်းပြောဖို့ ဟန်ရေးတပြင်ပြင်ပေါ့။

ကြီးကြီး မရောက်ခင်တစ်ရက်မှာ မတင်မြ သားသမီးတွေကအစ အိမ်ကပ်နေပြီး သန့်ရှင်းရေး လုပ်နေကြတယ်တဲ့။ အားလုံးက သူတို့ တိုက်ကြီးရဲ့အရိပ်အခြည်ကိုပဲ သဲသဲမဲမဲ စောင့်ကြည့်နေကြတယ်။ ကြီးကြီးကတော့ ဘယ်သူ့ကိုမှ လာမကြိုခိုင်းဘဲ သူ့အိမ်ကားနဲ့ တိုက်ရိုက်တက်လာခဲ့တာ။ ကြီးကြီး အမျိုးသားက နာမည်ကြီးရှေ့နေ၊ ကြီးကြီးကတော့ သူ့သမီး ကုမ္ပဏီကို နောက်ကနေပံ့ပိုးပြီး အကြံဥာဏ်ပေးနေသူ။ ကြီးကြီးက ရောက်ရောက်ချင်း ဘယ်သူ့ကိုမှ နှုတ်မဆက်ဘဲ မခင်မြ အခန်းထဲကို တန်းသွားခဲ့တယ်။ အခန်းထဲက ခုတင်ပေါ်မှာ ဖြူဖတ်ဖြူလျော်ဖြစ်နေတဲ့ ခင်ခင်မြကိုလည်းတွေ့ရော ကြီးကြီး မျက်ရည်ကျရှာတယ်။

ခင်ခင်မြလေးကဆို ကြီးကြီးကိုလည်းတွေ့ရော ဖက်ပြီး ငိုတော့တာပဲ။ ကြီးကြီးရောက်လာတဲ့အတွက် အားလည်း ရှိသွားသလိုပဲ။ ကြီးကြီးကတော့ စိတ်ဓာတ်မကျအောင် အားပေးနှစ်သိမ့်တယ်။ မတင်မြကိုလည်းခေါ်ပြီး အခြေအနေကို အမှုစစ်သလို စစ်တော့တာပဲ။ ဒီတော့ မတင်မြ ဖြေတာတွေက လုံးလည်ချာလည်ရိုက်နေတယ်။ ဆရာဝန်ရဲ့ ဆေးမှတ်တမ်းနဲ့ ဘယ်လိုကုသထားတယ်ဆိုတာတွေ ကြီးကြီးသိတော့ အရမ်းစိတ်ဆိုးသွားတယ်။

'ကိုယ်လုပ်ချင်တာကို ဘယ်သူ့မှ မတိုင်ပင်ဘဲ လုပ်နေရသလား။ ငါ့ကို ဘာလို့အသိမပေးတာလဲ။ ဘာလို့ အကြောင်းမကြားတာလဲ' ဆိုတဲ့ ကြီးကြီးအသံတွေ ဟိန်းထွက်နေတယ်။

ဆရာပေါင်းစုံကို စမ်းတဝါးဝါးလျှောက်ပြထားပြီး ဘာမှတိကျတဲ့အဖြေလည်း ရမထားဘူး။ သမားတော်တစ်ယောက်မှ မပါဘဲ ကုသထားတာကိုကြည့်ပြီး ကြီးကြီးက ဒေါသဖြစ်လို့ မဆုံးဘူး ချက်ချင်းပဲ သူ့အသိကနေ ဆက်သွယ်ပြီး သမားတော်ကို အိမ်ပင့်ပြီး လိုအပ်တာတွေ အကုန်လုံး ကြီးကြီးက စီစဉ်ပစ်လိုက်တယ်။

နောက်တော့ မခင်မြ ရောဂါက ကင်ဆာတဲ့။ ဒါပေမယ့် အူရဲ့အပြင်ဘက်မှာဖြစ်နေလို့ မပျံ့အောင် ဖြတ်ထုတ်လို့ ရနိုင်တယ်တဲ့။ ဒီသတင်းကြားရတော့ ရပ်ကွက်ထဲက မခင်မြ အပေါင်းအသင်းတွေ ကျေနပ်ပြီး စိတ်သက်သာရာ ရသွားကြတယ်။ အားလုံးက ကြီးကြီးရဲ့ စီမံမှုအောက်မှာပဲ လိုက်နာကြရတယ်။ အားလုံးကလည်း ဆုတောင်းပေးနေကြတယ်။ လူတိုင်းဟာ တစ်နေ့နေ့မှာ ဒီလမ်း သွားရမှာဖြစ်ပေမယ့် မခင်မြ အတွက်ကတော့ စောလွန်းသေးတယ်လို့ ထင်တယ်။ မခင်မြသေရင် ပစ္စည်းတွေ အားလုံးနဲ့ တိုက်ကအစ မတင်မြ မိသားစုလက်ထဲ ရောက်သွားမှာ။ ဒါကို ဘယ်သူမှ မလိုလားကြဘူး။

အမှန်ဆို မခင်မြမှာ ဝမ်းကွဲတွေကနေ ပေါက်ပွားပြီး နယ်ဘက်မှာ ချို့ချို့တဲ့တဲ့နေရတဲ့ ဆွေမျိုးတွေ ရှိနေသေးပေမယ့် နဂိုကတည်းက အဆက်အစပ်မရှိတော့ မလာရင်း မလာရင်းနဲ့ ဝေးသွားကြတာ။ ဒီလိုဖြစ်အောင်လည်း မတင်မြကပဲ လုပ်ထားတာ။ သူ့အစ်မပစ္စည်းကို သူ့သားသမီးနှစ်ယောက်သာ ခံစားစေချင်တာ။ မခင်မြကတော့ ကျန်းမာရေးမကောင်းတဲ့ နောက်ပိုင်းကစပြီး စိတ်ဓာတ်တွေကျလာပုံပဲ။ အသက် ၄၈ နှစ်သာရှိသေးတဲ့ မခင်မြအတွက် သိပ်ကိုစောလွန်းသေးတယ်လေ။

သူတို့အိမ်ရဲ့ အခြေအနေကို ရင်မောစွာနဲ့ စောင့်ကြည့်၊ နားစွင့်နေတုန်းမှာပဲ မမျှော်လင့်တဲ့သတင်းက မတင်မြ ဆုံးသွားလို့တဲ့။ အားလုံးက တစ်ပြိုင်နက်တည်း ဟင် ဆိုပြီး ဖြစ်သွားကြတယ်။ ရပ်ကွက်ထဲက မခင်မြ ဆုံးရင် ဘာတွေလုပ်မယ်ဆိုတဲ့ အစီအစဉ်တွေ ဝတ်ရွတ်အဖွဲ့တွေနဲ့ ရပ်ကွက်ကလူတွေက စီစဉ်ပြီးထားပြီးပြီ။ မခင်မြရဲ့ နောက်ဆုံးခရီးကို အားလုံးက စည်စည်ကားကားနဲ့ ချောမွေ့စွာ လုပ်ဆောင်ပေးဖို့ ရည်ရွယ်ထားကြတယ်။ မခင်မြရဲ့ နောက်ဆုံးခရီးကို အားလုံးက စည်စည်ကားကားနဲ့ ချောမွေ့စွာ လုပ်ဆောင်ပေးဖို့ ရည်ရွယ်ထားကြတယ်။

ရပ်ကွက်ထဲက ဘုန်းကြီးကို သွားပင့်တော့ ဘုန်းကြီးက 'အော် မခင်မြ ဆုံးသွားရှာပြီလား' ဆိုပြီး ရေရွတ်နေပြီး 'မတင်မြ ဆုံးတာပါ' လို့ လျှောက်တော့ ဘုန်းကြီးတောင် မယုံနိုင်သလို ဖြစ်သွားတယ်။

'တင်မြ၊ တင်မြ အသက်ဥာဏ်စောင့်ဆိုတာ ဒါပဲ။ နေပူထဲကမှ ပြန်လာတာကို မကြာသေးဘူး။ ခေါင်းလျှော်လိုက်တာ ဦးနှောက်သွေးကြော ဒိုင်းခနဲပြတ်သွားတာ သတိကို ပြန်မလည်လာတော့ဘူး။ ခင်ခင်မြက သူ့ညီမအတွက် စိတ်မကောင်းဖြစ်နေရှာတယ်။ သူ့သားသမီးနှစ်ယောက်လား၊ အငယ်မကဆို အရူးတစ်ပိုင်းပေါ့။ အကောင်းကနေ ဖြစ်သွားတာဆိုတော့၊ အင်း ဘာမှ မှာဖို့နေနေသာသာ သူ့ဟာသူ သေတာတောင် သိလိုက်မှာ မဟုတ်ဘူး။ သူ့ယောက်ျားက ခရီးထွက်နေတာ မနက်ကပဲ ပြန်ရောက်လာပြီး သူ့မိန်းမအလောင်းကို ငူငူကြီးထိုင်ကြည့်နေတယ်။ မနေ့ကတောင် သူ့ယောက်ျားနဲ့ စကားပြောနေသေးတယ်။ ကြီးကြီးက အခု ခင်ခင်မြ အပါအဝင် အားလုံးကို နှစ်သိမ့်ပေးနေရတာပေါ့။

ကံဆိုတာ မမြင်ရတော့ ပိုကြောက်စရာကောင်းတယ်။ ဒါကြောင့် အသက်ရှိစဉ်မှာ ကိုယ့်ရဲ့ရပိုင်ခွင့်တွေကို ကိုယ်ပိုင်တယ်ထင်ပြီး လုပ်ကြ၊ ကိုယ်ရပိုင်ခွင့် မဟုတ်ရင်လည်း ရလိုဇောနဲ့ လုပ်ကြ၊ နောက်ဆုံးတော့ ကိုယ့်ဟာကိုယ်တောင် ဘာမှန်းမသိဘဲ အဆုံးသတ်လိုက်ကြရတယ်'

ကြီးကြီးက ဒီစကားတွေကို အပေါ်ယံပြောတာမဟုတ်ဘဲ တွေးတွေးဆဆနဲ့ သေချာပြောနေတာကို အားလုံးက ခံစားနားလည်ကြတယ်။ ကြီးကြီးဟာ အခြားသူတွေထက် ပိုပြီးစိစစ်သေချာ နားလည်နိုင်သူမို့ အားလုံးဟာ ကြီးကြီးစကားကို ဘာမေးခွန်းမှ ပြန်မပြောဘဲ ခေါင်းညိတ် နားထောင်နေကြတယ်။

တချို့က မခင်မြဘေးမှာ အားပေးစကားပြောကြတယ်။ တချို့က ကလေးနှစ်ယောက်ကို နှစ်သိမ့်နေကြတယ်။

မတင်မြရဲ့ ချစ်လှစွာသော ခင်ပွန်းကတော့ မယုံနိုင်သလို၊ ခံပြင်းနေသလို၊ ကြေကွဲဆို့နင့်နေသလို ခံစားမှုပေါင်းစုံနဲ့ ဧည့်ခန်းထောင့်က သူ့မိန်းမ အလောင်းပြင်ထားတဲ့နားမှာ ထိုင်နေတယ်။

သူ့စိတ်ထဲမှာတော့ အရင်းနှီးဆုံးဖြစ်တဲ့ သူ့မိန်းမထဲက ဘာစကားမှ မကြားလိုက်ရခြင်းအတွက် ကြေကွဲနောင်တတွေ ရနေမှာတော့ အမှန်ပင်။


၂။


လျှပ်စစ်ရောင်ညမဟုတ်ပေမယ့် ကောင်းကင်ပေါ်က ကြယ်တာရာတွေနဲ့ ပြည့်နေတဲ့ လမင်းကြီးက ကမ္ဘာကြီးရဲ့ တချို့နေရာတွေကိုတော့ အေးချမ်းစေမှာပါ။

ကြီးကြီးက မခင်မြရဲ့ လက်ကလေးကို အသာကိုင်ပြီး နေကောင်းအောင်ကြိုးစားဖို့ပြောတယ်။ အခုလည်း ကျန်းမာရေးအခြေအနေက သိသာစွာ တိုးတက်နေပြီမို့ ကြီးကြီးမှာ လာရကျိုးနပ်သလို ဝမ်းသာနေရှာတယ်။ အနီးကပ်ပြုစုဖို့ ကြီးကြီးရဲ့ ဆွေမျိုးမကင်းတဲ့ နပ်စ်လေးကို ခေါ်ထားပေးတယ်။ အခုတော့ မခင်မြရဲ့ အပေါင်းအသင်းတွေ၊ ဝတ်ရွတ်အဖွဲ့တွေက အိပ်ရာထဲမှာ မနေစေဘဲ အပြင်ခေါ်ပြီး မခင်မြရဲ့ ကျန်းမာရေးကို သေချာစောင့်ရှောက်ကြတယ်။ အရင်နဲ့ တခြားစီဖြစ်လာတဲ့ မခင်မြကို အားလုံးက ကြည့်ရင်း ဝမ်းသာကြတယ်။

ကြီးကြီး မပြန်ခင် မခင်မြက သူပိုင်ပစ္စည်းတွေထဲက တစ်ဝက်လောက်ကို မိဘမဲ့ကလေးကျောင်းနဲ့ စာသင်ကျောင်းတွေအတွက် လှူလိုက်တော့ အားလုံးက သာဓုခေါ်ပြီး မခင်မြ ကျန်းမာရေးကို ဝိုင်းဆုတောင်းပေးကြတယ်။

ဒီအခြေအနေကို ပြန်ရောက်လာလိမ့်မယ်လို့ မထင်ဘဲ သူ့ကိုယ်သူ သေရက်ကို စောင့်နေခဲ့ရတဲ့ မခင်မြဟာလည်း သူ့ဘဝသူ မယုံနိုင်အောင် ဖြစ်ခဲ့ရတာပေါ့။

ကြီးကြီးက စာအိတ်အညိုကို ခင်ခင်မြလက်ထဲ ထည့်ပေးလိုက်တယ်။ ခင်ခင်မြက နားမလည်တဲ့ မျက်လုံးနဲ့ ကြီးကြီးကို ကြည့်တယ်။ စာအိတ်လေးကို ဖွင့်ကြည့်ပြီး ခင်ခင်မြက ကြီးကြီးကို မယုံနိုင်တဲ့ မျက်လုံးတွေနဲ့ ထပ်ကြည့်တယ်။ ကြီးကြီးက ဘာမှမပြော။

ခင်ခင်မြ အားလုံးကို သေချာဖတ်ရှုပြီး သိပြီးသွားချိန်မှာတော့ မျက်ရည်တွေ တပေါက်ပေါက်လိမ့်ဆင်းလာခဲ့တယ်။ ကြီးကြီးက ခင်ခင်မြ ခေါင်းကို ပွတ်သပ်ကိုင်တွယ်ရင်း ပခုံးကို နှစ်ချက်၊ သုံးချက် ပုတ်လိုက်တယ်။

အဲဒီညက ခင်ခင်မြ အိပ်မပျော်နိုင်ဘူးဆိုတာ ကြီးကြီးသိတယ်။ ဒါကြောင့်လည်း ကြီးကြီးက သေချာမအိပ်သေးဘဲ ခင်ခင်မြကို စောင်ပုံထဲကနေ ချောင်းချောင်းကြည့်နေတယ်။

တစ်ခန်းတည်း တစ်ယောက်တစ်ခုတင်စီ အိပ်ကြတာဆိုတော့ မီးမှောင်နေပေမယ့် ခင်ခင်မြရဲ့ အရိပ်ကို ပြတင်းပေါက်က ဝင်လာတဲ့ လအလင်းရောင် အရိပ်အောက်မှာ မြင်နေရတယ်။ ခင်ခင်မြက သူ့ရဲ့ ဘေးအံဆွဲထဲက တစ်စုံတစ်ရာကို လှမ်းယူလိုက်တယ်။ နေ့လယ်က ကြီးကြီးပေးထားတဲ့ စာအိတ်ပဲဖြစ်မှာ။ ခဏနေတော့မှ ခင်ခင်မြဆီက တအိအိနဲ့ အသံထွက်လာတယ်။ သြော် သူငိုနေပြီ..

'ဟင့် ဟင့် ဖြစ်ရလော ငါ့ညီမရယ်။ ဥစ္စာပစ္စည်းဆိုတာ မေတ္တာတရားလောက် တန်ဖိုးရှိပါဦးမလား။ အစ်မကို သေလူတစ်ယောက်အနေနဲ့တွက်ပြီး…'

ခင်ခင်မြ အသံက တိမ်ဝင်သွားတယ်။ ခပ်တိုးတိုးငိုသံနဲ့ ရောထွက်လာပြန်တယ်။

'အစ်မ တကယ်လို့ သေခါနီး ဘာမှသတိမရတော့တဲ့ အချိန်မှာ ဒီအိမ်တိုက်နဲ့ အတွင်းပစ္စည်းတွေကို လွှဲအပ်ပေးတယ်လို့ စာချုပ်မှာ အစ်မက ကယောင်ကတမ်းနဲ့ လက်မှတ်ထိုးပေးရမှာလား။ တစ်ဖက်က လက်ခံသူနေရာမှာ ငါ့ညီမက လက်မှတ်တောင် ထိုးပြီးနေပြီ။ ရှေ့နေတွေနဲ့တောင် စကားပြောပြီးနေပြီဆိုတော့ ကြိုတင်စီမံချက်တွေက ကြီးမားလှချည်လား။ အစ်မ လုံးဝ မသိခဲ့ရဘူး။ ငါ့ညီမအတွက် စိတ်မကောင်းဘူး။ အခုတော့ ဒီပစ္စည်းတွေကို လှည့်တောင်ကြည့်ဖို့ အချိန်တောင်မရခဲ့ဘူး မဟုတ်လား။ ဒီကိစ္စတွေကို လုပ်ဖို့ အစီအစဉ်တွေဆွဲဖို့ အတွေးတွေ၊ အချိန်တွေ၊ စိတ်ကူးတွေနဲ့ ရမ္မက်ပိုက်ကွန်ထဲမှာ ပိတ်မိနေခဲ့တဲ့ အချိန်တွေ အတော်ကြာခဲ့မှာပဲ။ နောက်ဆုံးရလဒ်က ငါ့ညီမ လုပ်ခဲ့တာတွေ တစ်ခုမှ မဟုတ်ခဲ့ဘူး။ အစ်မမှာ တူနဲ့တူမကို စောင့်ရှောက်ဖို့ တာဝန်ရှိပါတယ်။ ငါ့ညီမ ကျေနပ် ပျော်ရွှင်နိုင်ပါစေလို့ အစ်မ ဆုတောင်းပေးပါတယ်' ခဏအသံ တိတ်ဆိတ်သွားတယ်။ နောက်ဆုံး ခေါင်းအုံးပေါ်မှာ မျက်နှာအပ်ရင်း တသိမ့်သိမ့် ငိုရှိုက်ရင်း အိပ်ပျော်သွားပုံရတယ်။

ကြီးကြီးကတော့ မနက်ဖြန် ပြန်ရတော့မှာမို့ တစ်ရေးလောက်ကို ဇွတ်ကြိတ်မှိတ် အိပ်ပစ်လိုက်တယ်။

ဒီအချိန်ထိ အပြင်မှာ လရောင်က သာနေတုန်းပဲ…

ချောအိမာန် (မန္တလေး)

ရွှေအမြုတေ ရုပ်စုံမဂ္ဂဇင်း

အမှတ် ၂၃၈၊ စက်တင်ဘာ၊ ၂ဝဝ၉

1 comment:

myotthakoyin said...

Another 'than-wei-ga' teaching from cem(mdy) about the cause = greed (law-ba /yemet) and its inescapable a-ku-tho consequences (effects) = pai kun (net) is effortlessly (very skilfully) portrayed here. Such families do exist everywhere. People really do behave with lawba yemet everywhere. And they normally do end up their life badly and they are heading for 'dotgati' (a-pal-lay-per= 4 miserable locations). A short and subtle writing but its impact is powerful and the Dhamma message sending here is a very serious one indeed.