Friday, August 3, 2012

ဝဋ်အစွန်


(၁)

မထင်မှတ်ဘဲနဲ့ အိပ်ရာပေါ် နေရင်းထိုင်ရင်း ရင်တွေ လှုပ်ခါလာတယ်…

ခေါင်းတွေလည်း ချာလည်မူးလိုက် နောက်တောက်တောက်ဖြစ်လိုက်နဲ့…

ကိုယ်လက်တွေကတော့ မပြောပါနဲ့တော့၊ ရက်ပေါင်း သုံးဆယ်ရှိရင် သုံးဆယ်စလုံးကိုက်ပြီး လေးလံနေတာ နေလို့လည်းမကောင်းဘူး…အိပ်ရာထဲလဲပြီး ခေါင်းကလည်း မထောင်နိုင်ဖြစ်တာကြာခဲ့ပြီပေါ့… ကျုပ်ခေါင်းအုံးဆိုတာ ချွေးရွှဲလို့ မာပြီး ဝါကျင်ညစ်နွမ်းနေပြီ…

"မကြည်"

လေသံထွက်ရုံခေါ်မိတယ်။ ကျုပ်နားမှာ မရှိဘူး…

ဒီမိန်းမ ဘယ်သွားနေပါလိမ့်။

ဆီးတွေ ဒီအတိုင်းထွက်ကျနေလို့ အောက်ခင်းတွေလည်း ရွှဲနေပြီ။ ခါတိုင်းဆို မကြည်လာလဲပေးနေကျ ခု ဘယ်သွားနေပါလိမ့်… အင်း… မဟုတ်မှလွဲရော ဒီမိန်းမ ယတြာသွားချေနေပြီထင်တယ်… ကျုပ်အတွက်ဆိုပြီး ရွာက စွမ်းပေ့ဆိုတဲ့ ဆရာတွေလည်းခေါ်မေးပြီးပြီ၊ အနောက်ရွာက ဆရာတွေလည်း ကုန်ပြီ… ဟိုတစ်နေ့ကတော့ … လမိုင်းကုန်းရွာမှ စွမ်းတဲ့ ဆရာတစ်ယောက်ဆီ သွားမယ်ပြောတာပဲ… လမိုင်းကပ်အောင်တဲ့…

ဆရာတွေ ပေးတဲ့ ယတြာတွေလုပ်တာလည်း စုံနေပြီ… သူက တစ်ခုပြီးတစ်ခု လုပ်နေတာ အရေးမကြီးဘူး၊ ကျုပ်က သွေးပျက်နေပြီ.. ဟိုတစ်နေ့က မန်ကျည်းပင်စည်ခွထဲ ငှက်ပျောပွဲတင်ရမယ်ဆိုလို့ အတက်ကောင်းတာ ခြေချော်ကျလို့ သူ့ခြေထောက်ကြီး ယောင်လို့ ကိုင်းလို့… မကြည် ဖြစ်သွားရင် မလွယ်ဘူး… ကျုပ်ကို ဘယ်သူက ပြုစုမှာလဲ… ဆရာစုံ ယတြာစုံနဲ့ အရင်က ဒီလိုဖြစ်ရင် သူလုပ်တာနဲ့ အံဝင်ခွင်ကျဖြစ်ပြီး ပျောက်ပျောက်သွားတယ် ဓာတ်တွေ ယတြာတွေကို မယုံကြည်ပေမယ့်… မကြည်လုပ်ပေးရင် မကြာခင် ပျောက်သွားတော့ ကျုပ်လည်း ဘာမှ မပြောဖြစ်တော့ဘူး…

ဒီတစ်ခါတော့ သွေးရိုးသားရိုးမှ ဟုတ်ရဲ့လားလို့တောင် ကိုယ့်ကိုယ်ကိုယ် ထင်မိတယ်… တော်တော်နဲ့ မပျောက်နိုင်တဲ့ ရောဂါစွဲကြီးလို ဖြစ်နေတယ်… နောက်ဆုံးတော့ အိပ်ရာထဲ ဘုံးဘုံးလဲတော့တာပဲ… မကြည်လည်း တတ်နိုင်သမျှ ကုပေးတယ် မထူးဘူး ဖြစ်နေတယ်… ဒါကြောင့် ကျုပ်က သွေးရိုးသားရိုးမှ ဟုတ်ရဲ့လားလို့ တွေးမိတာ။ မဟုတ်ရင် ကျုပ်ရောဂါက ပျောက်ကိုပျောက်ရတော့မှာ ဟင်း… သက်ပြင်းမောကိုချရင်း ဟိုတစ်နေ့က အိမ်ကိုလာသွားတဲ့ ချက်စူတို့ဆီက စကားသံ သဲ့သဲ့ကို ပြန်ကြားမိတယ်။

မကြည် ကျုပ်မိန်းမ အကြောင်းပေါ့။ ရွာတောင်ပိုင်းက တိုးခတို့အိမ်မှာ မကြာခဏ အဝင်အထွက်များနေတယ်တဲ့ ဒီစကားကို သူတို့ ကျုပ်ရှေ့မှာ ဘာကြောင့် မကြားတကြား ပြောသွားရတာလဲ… အဲဒီ တိုးခဆိုတဲ့ကောင်က လက်သံပြောင်သလို သူ့အစ်မကိုလည်း ကျုပ်က ကြည့်ရတာ မဟုတ်ဘူး… တစ်ရွာလုံးမှာ အစွာဆုံးဖြစ်လို့ စီခနဲဆို သူတို့မောင်နှမနှစ်ယောက်ပဲ… ကျုပ်နဲ့ တစ်ခါက အကြီးအကျယ် ဖိုက်ခဲ့ကြဖူးတယ်… ဒီရွာမှာ နောက်မှ ရောက်လာပြီး သူတို့မိသားစု နေရာလိုချင်တာ… ကျုပ်နဲ့ကတော့ ဘယ်လိုမှ မျက်နှာချင်းဆိုင်လို့တောင် မရတော့ဘူး… ဒီလိုဖြစ်ခဲ့တာကိုလည်း မကြည်သိတယ်… အဲဒါကို ဘာဖြစ်လို့ သူက ကျုပ် မသိအောင် အဲဒီအိမ်သွားရတာလဲ… ဒါကို ကျုပ် မကျေနပ်တာ… လာပလေ့စေဦး.. ဒီမိန်းမ မှတ်လောက်အောင် လုပ်ထားမှ … ကျုပ်က အိပ်ရာထဲလဲနေတာနဲ့ ဒီ မိန်းမ ဖောက်ပြန်ချင်ပြီလား…

အား… ကျုပ် ခေါင်းတွေ ပိုမူးကိုက်လာပြီ… ကိုယ့်အနံကိုယ်တောင် နှာခေါင်းရှုံ့မိနေပြီ… မကြည် မကြည် ကျုပ်မင်းအပေါ် တစ်ရွာလုံးနဲ့တစ်ယောက် ကောင်းခဲ့တာတောင် မင်း ငါ့အပေါ်မှာ မကောင်းပါလား… မင်းလို တစ်လင်သေမုဆိုးမကို ငါက ခေါင်းပေါ်တင်ပြီး ယူခဲ့ရတာက… အဲဒီတုန်းက မင်းကို တစ်ရွာလုံး ဘယ်သူမှ အဖက်လုပ်တဲ့သူမရှိဘူး မဟုတ်လား…

မျက်နှာငယ်နဲ့ အားကိုးရာမရှိလို့ ကျုပ် သနားလို့ ယူလိုက်တာ ကျုပ် မကြည်ကို ယူလိုက်ပြိးမှ ရွာက ကာလသားတွေ ဘယ်သူမှ မထိရဲ မကပ်ရဲတော့တာ… နို့မဟုတ်ရင် မကြည်ကို အတည်မယူချင်ဘဲ အရချိုင်ချင်တဲ့ ကောင်တွေက အများသား… ဒါလည်း မကြည် သိတယ်…

ဒီ တိုးခဆိုတဲ့ကောင်က ဘာကောင်လဲ… ငါက အခု အိပ်ရာထဲလဲနေပေမယ့် ငါ့ရဲ့ လက်ကိုင်ဓားတွေ အများကြီးရှိတယ်ဆိုတာ မသိလေရော့သလား ချက်စူတို့အုပ်စုက နှစ်ခါ မခိုင်းရဘူး… ကျုပ်အတွက်ဆို လာခဲ့ပဲ ဘာဖြစ်နေဖြစ်နေ ဂရုစိုက်တဲ့ကောင်တွေ မဟုတ်ဘူး… ဒီကောင်တွေ စားစရာမရှိရင် ကျုပ်ပဲ ကျွေးထားရတာ… တစ်ရွာလုံးကလည်း သူတို့ကို ကျုပ်လူဆိုပြီး ချဉ်ဖတ်ဖြစ်နေတာ…ဝေါ့…ရင်တွေလည်း မကောင်းဘူး… အန်ချင်လာတယ်…ထွေးခံကလည်း အသင့််မထားဘူး…

"ဒေါက်"

ဟော ခြေသံကြားတယ်… ဒါ မကြည် ခြေသံ။

နီးစပ်ရာ သေတ္တာပေါ်က လက်နှိပ်ဓာတ်မီးကို လှမ်းယူလိုက်တယ်…

တံခါးဝမှာ မကြည် ပုံရိပ်လည်း ပေါ်လာရော အားကုန် လွှဲပေါက်ပစ်လိုက်တယ်…

"အား ဗုဒ္ဓေါ အမလေးတော့်"

မကြည်ရဲ့ အော်ကြီးဟစ်ကျယ်အသံက ခုနှစ်အိမ် ရှစ်အိမ်ကြားလောက်တယ်။

"တော် ကျုပ်ကို ဘာဖြစ်လို့ ပေါက်တာလဲ"

"ဒီမှာ… နင် လင်ငယ်နဲ့ အလေလိုက်နေတာလား… ငါ့နားမှာမရှိဘူး"

"အိုတော်… ကျုပ် ဘာကိစ္စ လင်ငယ်နဲ့နေရမှာလဲ ရှင် စကားကြည့်ပြော"

မကြည် ကြည့်ရတာလည်း ရှူးရှူးရှဲရှဲနဲ့ ဒေါသတွေ လှိမ့်ပိန့်ထွက်လာသလိုပဲ…

မကြည်က ထဘီပြင်ဝတ်ရင်း အခန်းထဲ ခြေဆောင့်ပြီး ဝင်လာတယ်…

"တော်… ကျုပ်ကို ဘာပြောတာလဲ"

"မင်း… မင်း ဟိုကောင် တိုးခအိမ်က ပြန်လာတာမဟုတ်လား"

"အို ရှင်"

"ဒီမယ် တိုးခနဲ့ နင့်လင်ရဲ့ ရန်ပွဲကို သိထားရက်နဲ့ နောက်သွားရဲသွားကြည့် သတ်ပစ်လိုက်မယ်… ငါ ကုတင်ပေါ်မှာ လဲနေပေမယ့် ငါ့ရဲ့လက်တွေ အများကြီးရှိတယ်… ပြီးတော့ မင်း ယတြာတွေက ဒီတစ်ခါမစွမ်းဘဲ ဘာလို့ ချာနေရတာလဲ"

"ဒီမယ် ရှင်ဒီရောဂါတွေကို ပျောက်ချင်တယ် မဟုတ်လား… အဲဒါ တစ်နည်းပဲ ကျန်တော့တယ်… ရှင်ကုချင်လည်းကု မကုချင်လည်းနေ"

"ဘာလဲ ပြောစမ်း"

"ရှင့်ရောဂါပြတာ ဆရာစုံနေပြီ လက်ခါကြတာချည်းပဲ… ကိုတိုးခအိမ်မှာ မြို့က သူ့ဦးလေးဆရာ ရောက်နေတယ်ဆိုလို့ သွားတိုင်ပင်တာ… သူက ကုပေးနိုင်တယ် ကုမယ်ဆိုရင် ရှင် ကတိတော့ ပေးရလိမ့်မယ်"

"ဘာ… တိုးခ ဦးလေးတစ်ယောက်ပဲ ငါ့ ရောဂါကို ကုနိုင်သလား… ရာဇဝင်ရိုင်းလိုက်တာ တခြားဆရာ ရှာစမ်းပါဦး"

"မရှိတော့ဘူး… သူကလည်း ရှင့်ကိုကုဖို့ ကြည်ကြည်ဖြူဖြူ လက်ခံတာ မဟုတ်ဘူး… ရှင့်အကြောင်းက တစ်ရွာလုံးသိဆိုတော့။ ပြီးတော့ သူ့တူတိုးခကို ရှင်ရိုက်ထားသေးတယ်လေ"

"တော်စမ်း ငါ့ဘက်ကမပါဘဲ… ထွီ"

"ရှင် အဲဒါကြောင့် ခက်တာပေါ့… မကုချင်လည်းနေ ကျွန်မ တတ်နိုင်သမျှ ယတြာလုပ်ပေးတာလည်း ကုန်နေပြီ ဟူး… မောတယ်"

ပြောပြောဆိုဆို မကြည် အခန်းထဲ ဝင်သွားတယ်…

ပြန်တွက်ကြည့်ရင် တစ်ရွာလုံးအပေါ် ကျုပ် မကောင်းခဲ့တာ မှန်ပါတယ် ဒါပေမယ့် ပြန်မတွေးချင်တော့ဘူး မိုက်မှတော့ အဆုံးစွန်ထိ မိုက်ဖို့ပဲ စဉ်းစားထားတယ်… ကျုပ်ကို မွေးတော့ သားဦးစနေမို့ အမေက စိုးရိမ်ခဲ့တယ်တဲ့… အမေ စိုးရိမ်တာထက် ပိုလွန်ပြီး ကျုပ်က ပိုမကောင်းခဲ့ဘူး… ဒါတွေဟာ မွေးကတည်းက ပါလာတဲ့ ကျုပ်အတွက် ပြဌာန်းချက်တွေလို့ပဲ… အဖေကပြောတယ်… မင်းအတိတ်ဘဝက ကံလေးကောင်းနေလို့သာ သူတောင်းစားမဖြစ်တာ သူတောင်းစားဖြစ်ရင်တောင် မင်းလုပ်ပုံနဲ့ ဘယ်သူမှ ပိုက်ဆံတစ်ပြား ထည့်မှာမဟုတ်ဘူးတဲ့။ အမေက အဖေ့ကို အဲဒီလောက်ထိ ချိုးချိုးဖဲ့ဖဲ့မပြောဖို့ ပြောတယ်…

ကျုပ်မှာ အတိတ်တွေ အနာဂတ်တွေ ပစ္စုပ္ပန်ဆိုတာတွေ မရှိဘူး မတွေးဘူး… လုပ်ချင်တာတစ်ခုပဲ တွေးတယ်။ အဲဒီစိတ်ဟာ အဓိကပဲ မဟုတ်ဘူးလား… ကျုပ် ဘဝမှာ မလုပ်ချင်ဘဲ လုပ်ခဲ့ရတာ တစ်ခုမှ မရှိဘူး… မကြည်ကို ယူတုန်းကလည်း အမေတို့က သဘောမတူဘူး ယူတာပဲ… ဘာဖြစ်လဲ နောက်ဆုံး ဘယ်လိုပုံ ဘယ်နည်းနဲ့ပဲဖြစ်ဖြစ် ကိုယ်ရဖို့ အရေးကြီးတယ်… မကြည် ကြောက်နေတာကို ခိုးပြေးလိုက်တာ ပြီးရော…

ရွာမှာ လူတွေက ဇာတ်ရှုပ်တွေ အတော်လုပ်ကြတယ်… လူငယ်တွေစု သူတို့ကိုယ်သူတို့ ဘာထင်လဲ မသိဘူး… ရွာတိုးတက်ဖို့ စာသင်ကျောင်းဆောက်ဖို့ ကလေးတွေအတွက် ဆေးခန်းဖွင့်ဖို့၊ ရေကန်တူးဖို့၊ ရွာသန့်ရှင်းရေးလုပ်ဖို့နဲ့ အိုး ရှုပ်နေတာပဲ… ဟို တိုးခတို့ မောင်နှမနှစ်ယောက် ဟိုပါ ဒီပါ နေရာရချင်နေတာ ဒီ အလုပ်တွေက သူတို့ မလုပ်လည်း ဖြစ်သွားမှာပဲ… ကျုပ် အဲဒီလို သေချာလုပ်နေတဲ့ အလုပ်ပုံစံတွေကို မကြိုက်တာ…

ကျုပ်ကတော့ ဘာတွေဖြစ်လာမလဲလို့ အဝေးကနေ ကြည့်နေမိတယ်… သူတို့နဲ့ ကျုပ်က တစ်လမ်းစီ… ကျုပ် ဘယ်တုန်းကမှ ဂရုမစိုက်ဘူး… ခုချိန်ကျမှ ဒူးထောက်ပြီး ကျုပ် အရှုံးပေးရမယ်ဆိုရင် ဘထန် ဘာဖြစ်သွားမလဲ…ဟား…ဟား… ငါမကုဘူး… ဒီအတိုင်း သေချင်သေပလေ့စေ… အဲဒါ ဘထန် မာနပဲကွ…

စိတ်ထဲမှာ တင်းပြီး အားမာန်အပြည့်နဲ့ ပြောနေပေမယ့် မည်းပုပ်ရောင်ကိုင်းနေတဲ့ ခြေထောက်တွေဟာ အပ်ကို မီးရှို့ပြီး ထိုးနေသလို တဆစ်ဆစ် နာလွန်းလှတယ်…။ အရင်ရက်က ခြေသည်းတွေ တစ်ချောင်းပြီးတစ်ချောင်း ပုပ်ရောင်လိုက်လာတယ်… မကြည်က ဆေးရုံတင်မယ်တဲ့ ကျုပ် ခေါင်းခါလိုကတယ်… အသည်းဆတ်ဆတ်ခါ နာကျင်ကိုက်ခဲတဲ့ ဒဏ်ရာတွေဟာ ကျုပ် တစ်သက်မှာ မခံစားဖူးခဲ့တဲ့ နာကျင်မှုပဲ…

အရင်က တောထဲ အမဲလိုက်သွားရင်း ဝက်စံကုတ်ခံရတုန်းက လက်မောင်းသားတွေဆိုတာ မြင်မကောင်းအောင် အဖတ်လိုက်လန်ထွက်သွားတယ်… အရိုးကိုပါ မြင်နေရတယ်… အဲဒီ အသားဖတ်ကို ပြန်ကပ်ရင်း အိမ်ကို သွေးစက်လက်နဲ့ ပြန်လာခဲ့တယ် အိမ်ရောက်မှ သတိလစ်သွားခဲ့တယ်…

အဲဒီ ဒဏ်ရာဟာ ကျုပ်ဘဝမှာ အပြင်းထန်ဆုံးလို့ အောက်မေ့ခဲ့တာ…ခုခံစားရတာကို ဘယ်မီလိမ့်မလဲ… ချက်စူတို့က စသလို နောက်သလိုနဲ့ ကျုပ်ကို ပြောသွားကြတယ်…

"ကိုဘထန် ခင်ဗျားက တောထဲမှာတုန်းက ကြွက်တွေ ဖားတွေ ဂဏန်းတွေ မွေးပြီးကာစ ဝက်ပေါက်တွေကို ခြေထောက်တွေချည်း ဖြတ်ဖြတ်စားတာလေ ခင်ဗျားကတော့ အရိုးနဲ့ဆို ပိုကောင်းတယ်ဆိုပြီး ခြေထောက်တွေချည်း မီးဖုတ်စားတာ အဲဒါ ခင်ဗျား ဝဋ်လည်တာနေမှာတဲ့"

သွားစမ်းပါ သူဖြစ်ချင်လို့ ဖြစ်တဲ့ကိစ္စကိုများ ဝဋ်တဲ့၊ ဝဋ်ဆိုတာ ကျုပ်ဘဝမှာ မရှိဘူး။ နားလည်းမလည်ဘူး…။ အမေရှိတုန်းက ဒီဝဋ်အကြောင်းကို နားကြားပြင်းကပ်အောင်ပြောတယ်။ ကျုပ် ငယ်စဉ်က အိမ်ဘေးက ဦးဖိုးကုလား ကြက်တွေသတ်ပြီး ခိုးလာတာ အမေသိသွားလို့ ဆူတယ်… သိပ်မကြာဘူး ကျုပ်တို့အိမ်က မွေးထားတဲ့ ဘဲတွေ တစ်ကောင်ပြီး တစ်ကောင် ပျောက်ပါလေရော အစရှာလို့ မရတော့ဘူး… အဲဒါကို အမေက နင့်ကြောင့် ဝဋ်လည်တာ ငါ့ဘဲတွေ ပျောက်ကုန်ပြီ ဘယ်သူခိုးသတ်စားလဲ မသိဘူးဆိုပြီး အော်အော်ငိုတော့တာပဲ… အဲဒါ ကျွန်တော့်ကြောင့် ဝဋ်လည်တာတဲ့…



ကိစ္စတစ်ခုဖြစ်တိုင်း ဆုံးရှုံးတိုင်း အဲဒီဝဋ်၊ ဝဋ်နဲ့ ပြောကြတာ ဘာမှန်းကိုမသိဘူး… တကယ်လို့ အဲဒီလိုဖြစ်တဲ့ ကိစ္စတိုင်းသာ ဝဋ်ကြောင့် ပြန်ဖြစ်တယ်ဆိုရင် ကျုပ်အခု ဟိုကောင် တိုးခကို သတ်ပစ်ချင်တယ် ဝဋ်ပြန်လည်ချင်လို့ သူ့ကို သတ်လိုက်ရင် ကျုပ်ကို သတ်တဲ့သူပေါ်လာမှာ ဒါမှမဟုတ် ဒီအတိုင်း သေချင်လည်း သေမှာပေါ့ ဒီဝေဒနာကြီးကို မခံစားနိုင်တော့ဘူး။ သေချင်ပြီ… ပြီးတော့ ရွာထဲမှာ ပြောနေကြတဲ့ ဘထန် ဝဋ်လည်တာဆိုတဲ့ စကားကို မခံစားချင်ဆုံးပဲ… ကျုပ် သေချင်ပြီ… တိုးခလည်းသေ ကျုပ်လည်းသေ အဲဒါဆို ဝဋ်လည်စရာမရှိတော့ဘူး… တိုးခ ကျန်ခဲ့ရင်လည်း ကျုပ် ဝဋ်လည်နေဦးမှာ…၊ တိုးခ ကျုပ်ကြောင့် သေတယ်ဆိုတာ သိသွားရင် သူ့အမေနဲ့ဆွေမျိုးတွေ နေမှာမဟုတ်ဘူး ဘထန်ကို လာသတ်ကြမှာပဲ…

တွေးရင်း အကြံတစ်ခု ရသွားတယ်…

(၂)

ချက်စူ မျက်လုံးမယုံနိုင်အောင် ပြူးကျယ်ဝိုင်းစက်သွားတယ်။ ကျုပ်ကို ဘာမှပြန်မပြော ရေငုံနှုတ်ပိတ်နေပေမယ့် တစ်ခုခု ပြန်ပြောချင်နေပုံရတယ်…

ထန်းရေ ရွာကတည်းက လူနိုင်လိုဖြစ်လာတဲ့ ချက်စူကို ကျုပ် မျက်လုံးနဲ့ အသာပင့်ကြည့်လိုက်တယ်ဆိုရင်ပဲ ချက်စူ အားလုံးကို သဘောပေါက်သွားတယ်…

မကြည် အခန်းထဲဝင်လာတော့ ချက်စူကို မျက်ရိပ်ပြပြီး ပြန်ခိုင်းလိုက်တယ်။

မကြည်က လုပ်စရာရှိတာ လုပ်ပေးပြီး အောက်က ထင်းပုံတွေ သွားရွှေ့လိုက်ဦးမယ်၊ ညမိုးမရွာမလား မသိဘူးဆိုပြီး အောက်ဆင်းသွားတယ်…

အဲဒီညက တကယ် မိုးရွာခဲ့တယ် ရွာတာမှ သဲသဲမဲမဲပဲ… ရွာထဲမှာ ခွေးတွေဆိုတာ ဟောင်လိုက်၊ အူလိုက်နဲ့ ကျုပ် အိပ်မပျော်ဘူး လည်ချောင်းထဲ ယားလာလို့ ချောင်းဟန့်လိုက်တာ ချွဲသလိပ်နဲ့ သွေးစလေးတွေ ပါလာတယ်… ပြတင်းပေါက် အပြင်က ဝင်လာတဲ့လေတွေက အေးစိမ့်နေတယ်၊ မိုးပေါက်သံတွေက ကြီးလွန်းလို့ အိမ်အောက်စဉ့်အိုးဖုံးပေါ်ကျတဲ့ အသံက တတောက်တောက်နဲ့…

ရေနံဆီ မီးခွက်ကို ယူပြီး ခုနထွေးလိုက်တာကို သေချာပြန်ကြည့်လိုက်တယ် ချွေးသုပ်အဝတ်ထဲမှာ ဟုတ်တယ်… သွေးစတွေ၊ အင်း မကြည်တော့ မပြောတော့ပါဘူး… ဒီ သွေးစတွေ မြင်တော့ ကျုပ် ဖျက်ခနဲ သတိရလိုက်တယ်…

ကျုပ် ချက်စူကို ပြောလိုက်တဲ့စကား…

အိုး ရင်ထဲမှာရော ခေါင်းထဲမှာရော မူးဝေနောက်ကျသွားတယ်… ရင်တွေတလှပ်လှပ် ခုန်လာတယ်… ကျုပ် ကျုပ် ဘာတွေလုပ်မိနေပါလိမ့်။

အတွေးနဲ့တင် တစ်ကိုယ်လုံး ကြက်သီးတဖျန်းဖျန်းထရင်း… ကြောက်စိတ်တွေ ဝင်လာတယ်… ကျုပ် ကြောက်လာတယ်… အိုး ကျုပ်ဘာဖြစ်လို့ ကြောက်ရမှာလဲ… ဘထန်ပဲ ကျုပ် ဘဝမှာ တစ်ခါမှ ကြောက်တယ်ဆိုတာ မရှိဖူးဘူး…

စိတ်တင်းလိုက်ပေမယ့် ဒူးတွေက အနည်းငယ် တုန်နေသလိုပဲ… ပြတင်းပေါက်ကနေ လျှပ်စီးရောင် လင်းခနဲ အလက်မှာ တစ်ကိုယ်လုံးပျာအောင် ကြောက်ပြီး ထိတ်လန့်တုန်လှုပ်သွားတယ်။ မိုးခြိမ်းသံတွေကလည်း ဆက်တိုက်ဆိုသလိုပဲ။

တိုးခ…တိုးခ ကို လျှပ်စီးရောင်နဲ့အတူ မြင်လိုက်ရတယ်… သူ့မျက်နှာသွေးတွေနဲ့လား၊ မလာပါနဲ့၊ ကျုပ်နားကို မလာနဲ့၊ ပြတင်းပေါက်ကနေ ကျုပ်နားကို တရွေ့ရွေ့ဝင်လာတယ်… ကျုပ် ရင်တွေ ထိန်းမရအောင် တုန်လှုပ်လာတယ်…

"မကြည်…မကြည်"

မကြားဘူး… ကျုပ်မိန်းမ အိပ်မောကျနေပြီ…

"လုပ်ပါကွာ ထစမ်းပါ ချက်စူကို ခေါ်ပေးစမ်းပါ… အခုချက်ချင်း ခေါ်ပေးစမ်းပါ မဖြစ်ဘူး မကြည်"

ကျုပ်ပြောတာကို မကြည် မကြားဘူး တုတ်တုတ်မှမလှုပ်ဘူး...

မကြည် မကြည်ကိုသာ အာခေါင်တွေ ကွဲမတတ် တွင်တွင်ခေါ်နေမိတယ်…

(၃)

မကြည်က တရှုံ့ရှုံ့ ငိုနေတယ်…

"ညက အအေးပတ်သွားလား မသိပါဘူး… မနက်နိုးတော့ သူ့တစ်ကိုယ်လုံး အေးစက်တောင့်တင်းနေပြီ"

ရွာက လူတချို့ အိမ်ပေါ်မှာ ရောက်နေကြပြီ… ကျုပ်ကို အားလုံးဝိုင်းဝန်းပြင်ဆင်ပေးနေကြတယ်… ကျုပ် မျှော်နေတဲ့သူက ပေါ်မလာသေးဘူး…

ကျုပ်သေပြီဆိုတဲ့ သတင်းကြားတော့ တချို့ကတော့ ဝမ်းသာကြမှာပဲ…

သူတို့ပြောတာ ကျုပ် ကြားနေရတယ်… ဘာတဲ့…

ဝဋ်ကြွေးကုန်သွားတာပေါ့တဲ့…

ကျုပ် ဝဋ်ကြွေးတွေ ကုန်ဦးမှာမဟုတ်ဘူး…

ရွာလူကြီးနဲ့အတူ ကျုပ် အမြင်တတ်တဲ့ ရွာထဲက လူငယ်တစ်စုရောက်လာကြတယ်…

အံမယ် သူတို့က အင်္ကျီဆင်တူ ပုဆိုးဆင်တူလေးတွေနဲ့။

ကျုပ်နားကို ရောက်လာကြတယ်… ပြီးတော့ ကျုပ် မယုံနိုင်တဲ့ အဖြစ်ပါပဲ အဲဒီလူငယ်တစ်စုက ကျုပ်ရဲ့ နံဟောင်နေတဲ့ ခန္ဓာကိုယ်ကြီးကို ရေချိုးပေးဖို့ မရွံမရှာ လုပ်ပေးကြတယ်…

သူတို့ ကျုပ် ခန္ဓာကိုယ်ကို မ,လိုက်တော့ အိမ်ပေါ်ရောက်နေတဲ့ ရွာထဲကလူတွေအားလုံးေ​ဝါ့ဆိုပြီး မနေနိုင်ဘဲ ထိုးအန်ကြတော့တာပဲ…။ ကျုပ်ကို သယ်မလုပ်ပေးနေတဲ့ ကောင်လေးတွေ မျက်နှာတစ်ချက် မမဲ့ဘူး… အင်း ကျုပ်ခန္ဓာကိုယ်က ရိပါး စုတ်ပြတ်နေပြီ… ညှီဟောက်ဟောက်ကျသွားတဲ့ အရည်တွေကို မကြည်က အဝတ်နဲ့ လိုက်သုတ်တယ်…

စိတ်ထဲမှာ အတော့်ကို မကောင်းသွားဘူး… ဒီကလေးတွေကိုကြည့်ပြီး အံ့သြလွန်းလို့… ဘထန် ဒီတစ်ခါတော့ မဟန်နိုင်တော့ဘူး… မျက်ရည်တောင် စို့လာမိတယ်… သေသွားတဲ့ဘဝမှာတောင် ကောင်းနေပါသေးလား… အင်း ကျုပ်စိုးရိမ်ပြီး စိတ်မောနေတာ တစ်ခုရှိသေးတယ်… ချက်စူကို မတွေ့ပါလား… ဘုရားသကြားမလို့ ချက်စူ ဘာမှမလုပ်ခဲ့မိပါစေနဲ့… ကျုပ် ပါးစပ်က ပထမဦးဆုံး ဘုရားတလိုက်မိတယ်…

ကျုပ်ကို ရေမိုးချိုး ခုတင်ပေါ်မှာ သပ်သပ်ရပ်ရပ် ဝတ်ဆင်ပေးပြီး လုပ်စရာရှိတာတွေကို ဆက်လုပ်ကြတယ်။ မကြည်က အသုဘသင်္ဂြိုဟ်စရိတ်မရှိလို့ ဆိုပြီး ငွေလိုက်ချေးတယ်… ဟုတ်သားပဲ မကြည်မှာ အပိုမရှိနိုင်ဘူး ဘယ်လိုလုပ်မလဲ…

"ကိုဘထန်… ကိုဘထန်"

ဟော ချက်စူ လာပြီ ဒီကောင်…ဒီကောင်…

"ဟကောင် ချက်စူ ထော့နင်း ထော့နင်းနဲ့ ခြေထောက်မှာလည်း ပတ်တီးကြီးနဲ့ ဘယ်လိုဖြစ်လာတာလဲ"

ရွာလူကြီးက ချက်စူကို လှမ်းမေးလိုက်တယ်… ဒါလည်း ကျုပ်သိချင်နေတဲ့ ကိစ္စပဲ-

"ညက မိုးရွာထဲ…လျှောက်သွားမိရင်း တွင်းထဲပြုတ်ကျလို့ ခြေထောက် အရိုးအက်သွားတယ်… ညတွင်းချင်း ဆေးရုံပြေးရတာ… အဲဒါ အိမ်ပြန်ရောက်ရောက်ချင်း သိလို့ ပြေးလာတာ"

"အေး သတိထားဟေ့ မင်းက ညကြီးမင်းကြီး ဘယ်တွင်းထဲ ပြုတ်ကျတာလဲ"

"ကိုတိုးခတို့ အိမ်နားက ကျင်းအကြီးကြီးထဲ"

"ဟုတ်တယ် အဲဒါ တိုးခက ရွာက အမှိုက်သရိုက်တွေအားလုံး စုပုံထည့်ဖို့ ဟိုတစ်နေ့ကမှ တူးလိုက်ကြတာ မင်းကမှ မသိဘဲကိုး"

"ဟုတ်တယ် မသိဘူး"

အင်း ဒါဆိုရင်တော့ ချက်စူ ဘာမှမလုပ်ခဲ့လောက်ဘူး ထင်ပါရဲ့။ ချက်စူက စိတ်မကောင်းတဲ့မျက်နှာနဲ့ ကျုပ်ကို လာကြည့်တယ်… သူ့မျက်နှာက သူ တာဝန်မကျေလို့ ကျုပ်ကို ကြိတ်ပြီး တောင်းပန်နေတဲ့ပုံစံ၊ ကျုပ်က ချက်စူ ဘာမှမလုပ်ဖြစ်ခဲ့တာကို ဝမ်းသာနေတာ.. .ကျုပ် ချက်စူကိုပြောလိုက်တာ တိုးခခေါင်းကို ဖြတ်ခဲ့ဖို့ သူ့ လည်ချောင်းသွေးကို ကျုပ်မြင်ရမှ ကျေနပ်မယ်ဆိုပြီး၊ ကျုပ် အိမ်မှာ လူတွေ စုံနေကြတယ်… အံ့သြစရာပဲ ကျုပ်လို လူတစ်ယောက်ကို လာမေးကြတာ…ကျုပ်ထင်တာက ကျုပ်သေရင် မကြည်နဲ့ ချက်စူတို့ပဲ ရှိနေလိမ့်မယ်လို့…

မကြည်က ရေနွေးကြမ်းအိုး ချပေးတယ်…

ဒီအချိန်မှာပဲ… ကျုပ် ဘယ်လိုမှ ထင်မထားတဲ့ တိုးခကို အိမ်ပေါ်တက်လာတာ တွေ့လိုက်ရတယ်။ သူ ဘာလာလုပ်တာလဲ… ဟော… မကြည်ကို သူရှာနေတာ…။ မကြည် နင့်လင်က သေပြီးခါစ ပက်လက်ကြီးပဲ ရှိသေးတယ်…ကျုပ် စိတ်နည်းနည်းတိုသွားတယ်…

မကြည်က တိုးခကို နေရာပေးတယ်…

သူတို့နှစ်ယောက် စကားတွေပြောနေကြတယ် အားပေးနှစ်သိမ့်နေတာလား မသိဘူး… ဟော မကြည်လက်ထဲကို ဘာလေးလဲ မသိဘူး ပေးတယ်… မကြည်က ချုံးပွဲချငိုပါလေရော… ခဏနေတော့ တိုးခပြန်သွားတယ်… လူလည်း နည်းနည်းစဲပါးသွားကြတယ်… မကြည်က ကျုပ်နားလာရင်း…

"ကိုဘထန် ရှင်ကတော့လေ ဘာမှသိမှာမဟုတ်ဘူး… ဒီမှာ ကိုတိုးခက ရှင့်ရဲ့ အသုဘစရိတ်အတွက် ငွေးငါးသောင်းတောင် လာပေးသွားတယ် ငွေငါးသောင်းတောင် ရှင့်ရဲ့ နောက်ဆုံးခရီးလေးကို မလုပ်ပေးနိုင်လို့ ကျုပ် စိတ်ဆင်းရဲနေတာ။ ရှင် ကိုတိုးခကို ခွင့်လွှတ်လိုက်ပါရှင်… ရှင် ခွင့်မလွှတ်နိုင်ရင် နောက်ဘဝအထိ ကိုတိုးခရဲ့ ဝဋ်ကြွေးတွေကို ရှင် ဆပ်နေရလိမ့်မယ်… ခွင့်လွှတ်လိုက်ပါရှင်၊ ကိုတိုးခကလည်း ရှင့်အပေါ် ဘာမှ အမုန်းမထားပါဘူးရှင်… လူကောင်းတစ်ယောက်ပါ… ကျုပ်ပြောနေတာတွေကို ရှင် ကြားနိုင်ပါစေ သိနိုင်ပါစေလို့ ဆုတောင်းပါတယ်"

ပြောလည်းပြော ငိုလည်းငိုနဲ့ မကြည် ကျုပ် အနားမှာ ဒူးထောက်ရက်လေး…

ဘထန်ဆိုတဲ့ ကျုပ် လူမိုက်ကြီး၊ ဘဝနဲ့ချီပြီး ယှဉ်ပြောလာသမျှ ဒီတစ်ခါတော့ မထောင်နိုင်တော့တဲ့ ကျုပ်ဇက်ကြီး ကျိုးကျသွားသလိုပဲ… ကျုပ်ဘဝ အသက်ရှင်စဉ်ကတည်းက မျက်ရည်တစ်စက်ကျဖို့ မပြောနဲ့ မျက်ရည်တောင် မဝိုင်းဖူးဘူး…

ခုတော့ ကျုပ် ကျုပ် မျက်ရည်တင်မကဘူး… ကျုပ်ရင်ထဲ အသည်းနှလုံးထဲက နာကျင်စွာ ငိုနေရပြီ မကြည်၊ ဒါဟာ ကျုပ်အတွက် မင်းတို့ပြောတဲ့ ဝဋ်လည်ခြင်းဆိုရင် ကျုပ် ကျေကျေနပ်နပ်ကြီး ခံယူပါတော့မယ်…

ဒီဝဋ်ကြွေးတွေ ကျေပါစေလို့ ဘယ်တော့မှ ဆုမတောင်းဘူး… အဆုံးစွန်ထိ ဝဋ်တွေလည်ပါစေကွာ။

ကျုပ် အသုဘကို တိုးခ ကုသိုလ်ကောင်းမှုအပါအဝင် ရွာကလူတွေ အားလုံးဝိုင်းဝန်းမှုကြောင့် အစစအရာရာ အဆင်ပြေသွားခဲ့တယ်… မကြည်လည်း စိတ်ချမ်းသာသွားတယ်…

အဲဒီနေ့က… ကျုပ်အိမ်ရှေ့က ညောင်ပင်ပေါ်မှာ ကျီးတွေ ငှက်တွေ ရုတ်ရုတ်သဲသဲ ဆူဆူညံညံ အသံတွေနဲ့ ထပြန်သွားကြတယ်…

ချောအိမာန် (မန္တလေး)

ကလျာမဂ္ဂဇင်း

အမှတ် (၃ဝ၉)၊ ဒီဇင်ဘာလ၊ ၂ဝ၁ဝ



1 comment:

myotthakoyin said...

An excellent contemplative writing of apprehension (than wei ga).