Tuesday, July 10, 2012

ဖေဖေကျော်ကို ချစ်လိုက်ပါတဲ့ မောင်းမတွေရယ်



      
      မိုးကလည်း တကယ်ပါပဲ တိတ်…မတိတ်နိုင်ဘူး။ ဒီလိုသာ ဆက်တိုက်ရွာနေဦးမယ်ဆိုရင် ခက်…ခက်ရချည်ရဲ့။ ဘေးအိမ်က တီဗွီထဲက မိုးလေဝသကြေညာတာ ကြားလိုက်တယ်။ ဘင်္ဂလားပင်လယ်အော်မှာ မုန်တိုင်းက မထွက်သေးဘူးတဲ့။ အဲဒီမုန်တိုင်း မထွက်မချင်း မိုးသည်းထန်စွာ ရွာသွန်းဦးမယ်ဆိုပဲ။ အဲဒီမုန်တိုင်းထွက်မထွက်က အရေးမကြီးဘူး။ ကျုပ် အိမ်ထဲကနေ တစ်ဖဝါးမှ ထွက်မရတာ အရေးကြီးတယ်။ လက်ထဲမှာ ပိုက်ဆံနဲ့တူတာတောင် မရှိတော့ဘူး။
          ဖေဖေကျော်ရေ…ဘယ်လိုလုပ်ကြမလဲ…။
          မန္တလေးမိုးက အငြှိုးနဲ့ ရွာနေသလိုပဲ။ အိမ်လေးထဲလည်း ရေတွေချည်းပဲ။ ဒီကွပ်ပျစ်လေးပေါ်မှာ ထိုင်ရတာကိုက သလွန်ပေါ် ငုတ်တုတ်ထိုင်နေရသလို ညောင်းလှပြီ။ မနက်ဖြန် ဆွမ်းလောင်းဖို့လည်း ဆန်က မရှိ။ ဆန်လေးတော့ ရမှဖြစ်မယ် ဖေဖေကျော်…။ ဖေဖေကျော်တို့အတွက်လည်း တင်စရာ ဘာမှမရှိ၊ အလိုလို မျက်နှာတောင် ပူလာသလိုပဲ။ ကြက်ဥလေးဘာလေး ဖြစ်သလို ကြော်စားဖို့တောင် အဆင်မပြေတာ။ ဒီရက်အတွင်း ခက်ခဲသွားတာ အံ့သြစရာ။ မီးသွေးမီးဖိုလေးဆိုတာ ရေထဲမှာ  ချမ်းနေရှာရော့မယ်။ မီးဖိုဘောင်တွေကလည်း ဟိုတစ်ချပ် ဒီတစ်ချပ် ပြုတ်နေတာက ပြုတ်လို့။ မီးသွေးလေးတွေက ရေထဲမှာ ဟိုမှာပေါလော၊ ဒီမှာပေါလော။
          တချို့ မိုးရေယိုနေရာလေးတွေမှာ ဇလုံခံထားရတယ်။ မိုးများတာကြောင့် တစ်စက်စက်ကျသံ မဟုတ်တော့ဘဲ တဗြုန်းဗြုန်းမြည်သံ ကြားနေရတာက ဆိုင်းသံ ဗုံသံလိုပဲ။ ဗုံသံဆိုရင်တော့ ဖေဖေကျော့်ပွဲတွေကို သတိရပါ့။
          ငယ်ကတည်းက ဒီလို မြန်မာဆိုင်းသံ ဗုံသံများကြားရင် မနေနိုင်ဘူး။ "ပန်းဝါ" တို့က ထိပ်ဆုံးက ကွေးနေအောင် က,တာ။ မသင်ရပဲနဲ့ကို တတ်တာ။ ပွဲများရှိလို့ကတော့ ဘယ်လောက်ပဲ နေမကောင်းဖြစ်ဖြစ် ရအောင်သွားတာ။ မသွားလို့မဖြစ်ဘူးလေ ဖေကြီးပွဲကိုး…။
          ကျုပ်ကို ဖေကြီး စောင့်ရှောက်ထားလို့သာ ဒီဘဝအထိ ပန်းဝါ ရှိနေတာ။ နို့မဟုတ်ရင်တော့ ပန်းဝါ လူ့လောကထဲက ပျောက်တာ ကြာလှပေါ့။
          ပန်းဝါက တစ်ယောက်တည်းနေတာ။ တစ်ယောက်တည်းဆိုလို့ အသက်ကြီးကြီး အပျိုကြီးလို့ မထင်လိုက်လေနဲ့။ သား၊ သမီး၊ မြေးတွေ တစ်ပြုံကြီး။ အသက်က ခုနှစ်ဆယ်နီးနီး။ သူတို့တွေရှိလို့ စည်စည်ကားကားနဲ့ ပန်းဝါတစ်ယောက်ပြည့်စုံချမ်းသာနေတယ်လို့ ထင်မပစ်လိုက်ပါနဲ့။ သူတို့တွေနဲ့ ကျုပ်က ဘဝရေစက်အရသာ မိဘနဲ့ သားသမီး ဖြစ်လာကြတာ။ ဘုရားစူး မိဘနဲ့ သားသမီးပေါ့။ ကျုပ်က သူတို့ဆီက စားရဖို့၊ သောက်ရဖို့ ဘယ်တော့မှာ မမျှော်လင့်ပါဘူး။ သူတို့တွေကို မွေးလိုက်ရတာ ဝမ်းရေးစပ်တာပဲ အဖတ်တင်တယ်။ သူတို့အပေါ် ပါလာတဲ့ ဝဋ်ကြွေးကို ဆပ်လိုက်ရတာလို့ပဲ အောက်မေ့မိတယ်။
          ကျုပ်မှာ သားသမီးသုံးယောက်ရှီတယ်။ သားတစ်ယောက်၊ သမီးနှစ်ယောက်။ အကုန် အိမ်ထောင်သည်တွေချည်းပဲ။ သူတို့လား၊ အဆင်ပြေကြပါရဲ့တော်။ ဒါပေမဲ့ ကျုပ်ကိုတော့ မကြည်လင်ဘူးတော့်။ ကျုပ်က သူတို့ မကြိုက်တဲ့အလုပ်ကို လုပ်လို့တဲ့။
          ကျုပ်က ကိုယ့်ဟာကိုယ် ရှာဖွေစားသောက်နေရတာ သူတို့အမြင်ပဲ။ ဘယ်သူကများ အိမ်ဦးခန်းမှာ အမေဆိုပြီး ရှိခိုးဦးတင်ထားလို့လဲ။ ကျုပ်လုပ်တဲ့ အလုပ်ကလည်း သူတို့ကို ထိခိုက်လို့လား။ သူတို့ မကြိုက်တာတွေက များ…များနိုင်လွန်းတယ်။ ကျုပ် ဒီအလုပ်လေးမှ မလုပ်ရရင် ထမင်းတောင် နပ်မှန်အောင် စားရမှာမဟုတ်ဘူး။ ကျုပ်ကို ဖေဖေကျော်က စောင့်ရှောက်လို့သာ ပါးစပ်မပိတ်ရတဲ့အပြင် စုဆောင်းပြီးလှူနိုင်သေးတာ။ ရသမျှလေးနဲ့ မနက်တိုင်း ဆွမ်းလောင်းနိုင်တာကိုက ဖေဖေကျော့်ကျေးဇူးတွေနဲ့ မကင်းဘူး။ နောက်…ကျုပ်က ပုတီးစိပ်တယ်။ တရားလည်း ထိုင်တယ် ဆိုတော့ ဘုရားကလည်း မနေပါဘူး။ သားသမီးလုပ်စာ ထိုင်စားရမယ့် ကံဇာတာ ကျုပ်မှာ ပါမလာဘူး။ ကျုပ်ဗိုက်ထဲက ထွက်လာတယ်ဆိုပေမယ့် သူတို့စိတ်တွေနဲ့ ကျုပ်စိတ် ဘာမှမတူဘူး။
          နေကောင်းလား၊ အဆင်ပြေလားဆိုတာတောင် မေးဖော်ရတာ မဟုတ်ဘူး။ ကျုပ်ကို အခုနေတဲ့ ဒီအိမ်ရှင်က နေစရာနေရာမရှိလို့ လျှော့လျှော့ပေါ့ပေါ့ တစ်သောင်းနဲ့ ငှားပေးထားပြီး တစ်နေ့ကို ဟင်းတစ်ခွက် ပုံမှန်ပို့ပေးတယ်။ စားစရာအတွက်ကတော့ ဟိုကရောက်လာ၊ ဒီကရောက်လာတွေ များတယ်။ ကျုပ်ကို ခင်မင်တဲ့လူတွေက ပို့ပေးကြတာလေ။ အဲဒီထဲမှာ ကျုပ်သားသမီးတွေ မပါဘူး။
          နောက်ပြီး…ကျုပ်က ခြေက ဖွားတာဆိုတော့ ကျုပ်ရဲ့လက်ကို သဘောကျကြတဲ့သူတွေက သူတို့ဇက်ပေါ်၊ သူတို့လက်၊ သူတို့ခြေပေါ် ကျုပ်လက် ရောက်သွားတာနဲ့ ရော့ တစ်ထောင်၊ ရော့ နှစ်ထောင်ပဲ ဒါတင်ဘယ်ကဦးမတုံး ကန်တော့ပွဲတင်ချင်သူတွေက -
          "ဒေါ် ပန်းဝါ…ဝယ်စရာရှိတာ ဝယ်တင်လိုက်တော့နော်…ရော့ ငါးထောင်…
ဒါက ဒေါ်ပန်းဝါအတွက် တစ်ထောင်…သေချာ ဆုတောင်းပေးနော်…"
ဆိုပြီး ရက်ရောကြသေးတာ။
          တချို့ကတော့ -
          "မပန်းဝါ…လုပ်စမ်းပါဦးတော်…ကျွန်မသမီးမျက်နှာမှာ အနာတွေ ပေါက်နေတာ မန်းပေးစမ်းပါဦး…
ရော့…ရော့…မနက်ဆွမ်းလောင်းဖို့ တစ်ထောင်"
ဆိုတာမျိုး။
          လူမှုရေးကိစ္စတွေကျတော့ -
          "အမေကြီး ဒေါ်ပန်းဝါ…တောင်ဘက်အိမ်က ဒေါ်စိန်က လာခဲ့ပါဦးတဲ့…
အကြောတွေထိုးတက်နေလို့တဲ့…ဇက်ကြော ဆွဲပေးဦးတဲ့…"
ဆိုလို့ကတော့ အဲဒီနေ့အတွက် မနက်စာ၊ ညစာ မပူရတဲ့အပြင် ငွေစကြေးစလေးများလည်း ရတတ်သေးတာ။
"အမေကြီးရယ်…ကန်တော့ပွဲတင်ပေးပါဥိး…အိမ်ကလူကြီး မူမမှန် ဖြစ်နေတယ်…ဟိုတစ်ခါ ကိစ္စတုန်းကလည်း အမေကြီး လုပ်ပေးတာ အဆင်ပြေတယ်…အခုကိစ္စလေးလည်း ဖြစ်နိုင်သမျှ ခပ်မြန်မြန်လေး လုပ်ပေးပါဦး…ကန်တော့ပွဲအတွက် သုံးထောင်… အမေကြီးအတွက် နှစ်ထောင်ယူလိုက်နော်"
"ဒေါ်ပန်းဝါ ဒီနေ့ ဘယ်မှသွားမနေနဲ့…ကျွန်မတို့အိမ်မှာ အလှူလုပ်မှာ လူလိုနေလို့… လာကူလှည့်ပါဦး…"
အပြန်မှာတော့ ဆန်နှစ်ပြည်၊ ထဘီတစ်ကွင်းနဲ့ ငွေနှစ်ထောင် ပိုက်ပြန်လာရတာ။
ဒီလိုနဲ့ပဲ ရပ်ကွက်ပတ်ဝန်းကျင်မှာတော့ ကျုပ်ကို လက်ဆွဲပေါ့။ ကျုပ် သားသမီးတွေကသာ ကျုပ် အလုပ်ကို မနှစ်သက်နေကြတာ။ ကျုပ်ကိုတော့ ပတ်ဝန်းကျင်က လူတွေက တော်တော် အားကိုးအားထားပြုကြတယ်။ ကျုပ်ကတော့ နေကောင်းလို့ကတော့ နေရာမရွေး ဖင်ပေါ့တယ်။
          အဆင်လေးပြေတိုင်း ဖေဖေကျော့်ကိုလည်း အောက်မေ့၊ ကိုယ့်ဘက်ကလည်း ပြန်သိတတ်ရတာပေါ့လေ။ တချို့က ကျုပ်ကိုခေါ်တာ "နတ်ကတော်ကြီး" တဲ့။
          တစ်ခါက ကျုပ်သမီးအငယ်လာတာ၊ ဒီတုန်းက ကျုပ်က အိမ်ပြောင်းပြီးကာစ။ လမ်းထဲကလူကို သမီးအငယ်ကမေးတာ။ ဒေါ်ပန်းဝါအိမ် ဘယ်အိမ်လဲဆိုတာကို ဖြေတဲ့သူက …
          "သြော်…နတ်ကတော်ကြီးအိမ်လား…ဒီအိမ်ရဲ့ အနောက်ဘက်ကအိမ်"
လို့ပြောလိုက်တာကို စိတ်ဆိုးပြီး ကျုပ်အိမ် ဝင်မလာခဲ့တော့ဘူး။ နတ်ကတော် လုပ်တာ မကြိုက်လို့တဲ့လေ။
          သမီးအလတ်လာတုန်းကလည်း
"အမေ့အခန်းကလည်း အရုပ်တွေနဲ့ ပြည့်နေတာပဲ…စိတ်ပျက်စရာကြီး…ဖယ်လိုက်စမ်းပါ… သမီး နတ်ကတော်သမီး မဖြစ်ချင်ဘူး… အမေ့ကို ဒီအရုပ်တွေက ဘယ်လောက်များ အကျိုးပြုနေလို့လဲ… ဒီပြင်လူတွေက မသိလို့ မှားယွင်းပြီး ကိုးကွယ်နေပါစေ.. သမီးတို့ရဲ့ အမေကိုတော့ ကိုးကွယ်တာ မမှားစေချင်ဘူး"
          "အိုအေ…ကျုပ်အိမ်မှာ ကျုပ်ထားတာပဲ… ညည်းအိမ်မှာ ရှိနေတဲ့ အရုပ်တွေမှ မဟုတ်ဘဲ…"
          "အမေ့ပြောလိုက်ရင် ဒီလိုချည်းပဲ…တော်ပြီ မပြောတော့ဘူး"
ဆိုပြီး စိတ်ဆိုးဆိုးနဲ့ ပြန်သွားတာ အိမ်ကိုမလာတာတောင် ကြာလှပေါ့။
          ဟုတ်တယ်လေ… ကျုပ် ဒီလိုပဲ ပြောလိုက်တော့တယ်။ ဒီအကြောင်းတွေကို သူတို့ကို ရှင်းပြမနေနိုင်တော့ဘူး။ ရှင်းပြ ပြောပြလည်း ကျုပ်ကိုပဲ အပြစ်တင်ကြမှာပါပဲ။ သားအကြီးဆို ပိုဆိုးသေးတယ်။ ယောက်ျားလေးဆိုတော့ ပိုပြီး ယုံကြည်မှုမရှိတဲ့အပြင် ထင်ရာတွေ လျှောက်ပြောတော့ အိမ်ကို ပိုမလာစေချင်ဘူး။ တစ်ခါ သူ့သား ကျုပ်မြေးကို ခေါ်လာပါတယ်။ ဆော့လိုက်တာ လွန်ရော။ ကျုပ်စင်ပေါ်က မြင်းဖြူရှင်အရုပ်ကို ကစားချင်လို့ အော်အော်ငိုပြီး တောင်းတာ။ မရတော့ ကလေးပီပီ စိတ်ဆိုးပြီး တွေ့ရာတုတ်နဲ့ ရိုက်လိုက်တာ ကိုယ်တော်ကြီးတွေ စင်ပေါ်က ပြုတ်ကျပြီး ပဲ့တဲ့ဟာပဲ့၊ ကျိုးတဲ့ဟာကျိုး ဖြစ်ကုန်လို့ ပြန်လုပ်ရတဲ့အပြင် ကလေးမို့ အပြစ်တော်မယူပါနဲ့ဆိုပြီး ရွှေစိတ်တော် မကွက်အောင် တောင်းပန်လိုက်ရတာ လူကို မူးနောက်တဲ့အထိပဲ။
          ဖေဖေကျော် ရှိနေလို့သာပေါ့။ နို့မို့များ အဲဒီနေ့ကစပြီး မပန်းဝါတို့ ထမင်းငတ်ပြီ။ ဒါတောင် လေး,ငါးရက်လောက် လာဘ်ပိတ်သွားသေးတယ်။ အဟုတ်ပြောတာ၊ ကန်တော့ပွဲ ထိုးခိုင်းမယ့်သူ အရိပ်အယောင်တောင် မမြင်ရဘူး။ ခါတိုင်း ဒီလို ဘယ်ဟုတ်မတုံး။ မတတ်နိုင်ဘူးလေ ရှိတာလေးနဲ့ အဆင်ပြေအောင် ကြည့်စီစဉ်ရတာပေါ့။
          ကျုပ်က ကျုပ်ပါးစပ်ပေါက်ထက် မနက် ဆွမ်းလေးမပြတ် လောင်းလှူရရင်ပဲ ကျေနပ်ပါတယ်။ ခက်တာ မနက်ဆွမ်းလောင်းဖို့အတွက်တောင် ဆန်မရှိတော့ဘူး။ ကျုပ်လည်း စိတ်ညစ်သွားတယ်။ သူများဆီကိုလည်း အကူအညီမတောင်းချင်ဘူး။ စိတ်ညစ်ညစ်နဲ့ ကျုံးဘေး လမ်းလျှောက်ထွက်လာခဲ့တယ်။ မင်္ဂလာတံတားနားအရောက် ဖြူဖြူဝဝ အမျိုးသမီးတစ်ယောက် အုတ်ခုံကနေ အောက်ကို လှမ်းဆင်းလိုက်တာ ခြေထောက်ခေါက်လဲပြီး လဲကျသွားတယ်။ တစ်ယောက်တည်းဆိုတော့ တွဲမယ့်အဖော်လည်းမရှိ။ နာလို့ ထင်ပါရဲ့ မျက်နှာက ရှုံ့မဲ့နေတယ်။ ကျုပ်လည်း အမြန်သွားပြီး တွဲထူပေမယ့် အမျိုးသမီးက မထနိုင်ဘူး။ ဒါနဲ့ သူ့ခြေထောက်ကို ငုံ့ကြည့်လိုက်တော့ ခြေဆစ်ကြောကြီးက ချက်ချင်း ရောင်လာတာ တွေ့ရတယ်။ ကျုပ်က အကြောနားလည်တဲ့သူဆိုတော့ သူ့ခြေထောက်ကို ယာယီသက်သာအောင် လုပ်ပေးလိုက်ပါတယ်။ ဒါပေမဲ့ ထပ်တော့ နှိပ်ပေးရဦးမယ်။ ကျုပ် နှိပ်ပေးတာကို အဲဒီအမျိုးသမီးက ကျေးဇူးတွေတင်ပြီး ဘာလုပ်တာလဲ၊ ဘယ်မှာနေတာလဲနဲ့ စုံစိအောင် ကျုပ်ကို မေးတော့တာပဲ။ သူက "ဧရာဝတီ" ဆိုတဲ့ အမည်နဲ့ စားသောက်ဆိုင် ဖွင့်ထားတယ်ဆိုပဲ။ ချက်ချင်းပဲ သူ့အိတ်ကပ်ထဲ ပါလာတဲ့ ငွေ သုံးထောင် ကျုပ်ကိုပေးတယ်။ အကြောပြင်ပေးလိုက်တာကို သဘောကျလို့တဲ့ အမျိုးသမီးက နောက်နေ့ သူ့ဆိုင်လာခဲ့ဖို့ လိပ်စာပေးသွားသေးတယ်။
          ကျုပ်လက်ထဲ ပါလာတဲ့ ငွေသုံးထောင်လေးက မမျှော်လင့်ပဲ ရလာခဲ့တာ။ ကျုပ်က ကူညီတာပါဆိုပြီး ငြင်းပါသေးတယ်။ မရဘူး၊ လက်ထဲ ဇွတ်အတင်း ထိုးထည့်သွားတယ်။ စိတ်ထဲမှာ တစ်ထောင်လောက်ရရင် တော်ပြီဆိုပေမယ့် နှစ်ဆတောင် ရခဲ့တာလည်း ဖေဖေကျော့် ကျေးဇူးကြောင့်ပါပဲ။ မနက်ဖြန် ဆွမ်းလောင်းဖို့လည်း အဆင်ပြေသွားခဲ့တယ်။ အဲဒီ အမျိုးသမီး ဘယ်လောက်ခင်ဖို့ ကောင်းသလဲ။
          အဲဒီ စားသောက်ဆိုင်ပိုင်ရှင် အမျိုးသမီးဆီ နောက်နေ့ ကျုပ်သွားပြီး အကြောထုံးနေတာတွေ ဖြေပေးရတယ်။ ကုပ်ပိုးအကြောတွေ ဖွင့်ပေးရတယ်။ ခေါင်းထဲက ချွေးပုပ်တွေ ထုတ်ပေးရတယ်။ ကျုပ်ကို ကျေးဇူးတင်လွန်းလို့တဲ့ သူ့ စားသောက်ဆိုင်က ဟင်းလျာတွေနဲ့ စပါယ်ရှယ်ကျွေးတာပေါ့။ အမှန်တော့ မစားနိုင်ပါဘူး။ ကျုပ်စားတာက ကြောင်စာစားတာ။ အဲဒီအမျိုးသမီးက ကျုပ်သမီးအလတ်နဲ့ ရွယ်တူလောက် ရှိမယ်။ ကျုပ်ကိုလည်း လူကြီးသူမဆိုပြီး ရိုရိုသေသေရှိပါ့။ ပိုက်ဆံရှိတဲ့သူတွေများ ဒီလိုဆက်ဆံဖို့ ခဲယဉ်းပါ့နော့်။
          သူက ဖြူဖြူတုတ်တုတ်လေးဆိုတော့ ကျုပ်က မဖြူတုတ်လို့ ခေါ်ရင် သူက သဘောကျတတ်သေး။ သူ့နာမည်က မခင်ညိုဖြူတဲ့။ အသားက မညိုဘဲ ဖြူဆွတ်နေလို့ ကျုပ်ကတော့ ညိုဆိုတဲ့စာလုံးမပါဘဲ မခင်ဖြူ လို့ပဲ ခေါ်တယ်။
          သူက စီးပွားရေးလုပ်နေတာဆိုတော့ ကျုပ်အလုပ်အကြောင်းကို ကောင်းကောင်းနားလည်တယ်။ သူ့ရဲ့ ဆိုင်အတွက် တစ်ပတ်တစ်ခါ ကန်တော့ပွဲတင်တိုင်း ကျုပ်က အကုန်လုပ်ပေးရတယ်။ အရင်ကတော့ သူ့ဟာသူ တတ်သလောက် လုပ်တာပေါ့။ နောက်တော့ ကျုပ်ကပဲ အစအဆုံး လုပ်ပေးရတယ်။ ကျုပ်ပေးတာ သူ့ဆိုင် ပိုရောင်းကောင်းလာတယ်လို့ ပြောတာပဲ။ ကျုပ်ကို ထမင်းကျွေးသလို သုံးလေးထောင် အမြဲပေးတယ်။ ကြက်ဥတွေလည်း ပေးတတ်တယ်။ အဝတ်အစားလည်း ပေးတယ်။ သူနဲ့တွေ့တာ ဖေဖေကျော် မ,စမှု့ကြောင့်လို့ ကျုပ်က ယုံကြည်တယ်။ ဟုတ်တယ်…စဉ်းစားကြည့်လေ ကျုပ် အရမ်းစိတ်ညစ်ပြီး လက်ထဲ သုံးစရာမရှိတဲ့အချိန်မှာ ဘွားခနဲ သူနဲ့တွေ့တာကိုး။
          သူက ကျုပ်အလုပ်ကို အတော်စိတ်ဝင်စားတယ်။ ဒီအလုပ်ကို ဘယ်လိုက ဘယ်လိုလုပ်ဖြစ်သွားတာလဲလို့ ကျုပ်ကို မေးတယ်။ ကျုပ် အဖြစ်အပျက်ကို စီကာပတ်ကုံးပြောပြတော့ ဒီအလုပ်ကို သူသဘောကျတယ်တဲ့။ ကျုပ်အလုပ်ကို သဘောကျတယ်လို့ပြောတာ ဒီတစ်ခါပဲ ကြားဖူးတယ်။ ကျုပ် သားသမီးတွေနဲ့ ကွာပါ့။
"အမေကြီးရယ်… နတ်ကတော်ဆိုတိုင်းလည်း အထင်သေးစရာ မရှိပါဘူး… သူများပစ္စည်း ခိုးစားနေတာ၊ အလကားနေ တောင်းစားနေတာမှ မဟုတ်တာ… နတ်ကတော်လည်း နတ်ကတော် အလုပ် ရှိတာပဲ… ကိုယ်စားတဲ့ ထမင်း သန့်ရှင်းစင်ကြယ်နေဖို့ အရေးကြီးတယ်… အမေကြီး ခုလို နတ်ကတော်အလုပ်မလုပ်ရင် ဘယ်က ပိုက်ဆံ ပုံမှန်ရမလဲ"
"ဟုတ်ပါ့ မခင်ဖြူရယ်… ကျုပ်လည်း ဒီအလုပ်ကို လုပ်ချင်လွန်းလို့ လုပ်ခဲ့တာမှ မဟုတ်ဘဲ… ကျုပ်က နတ်အကြောင်း ဘာတစ်လုံးမှတောင် သိခဲ့တာ မဟုတ်ဘူး… ကံက ဒီလို ဒီလို လုပ်ရမယ်ဆိုတာကြီး သူ့ အလိုလို ပါလာပြီးသား"
ကျုပ်ရဲ့ နတ်ကတော်ဖြစ်ရခြင်းအကြောင်းကို ကျုပ် သားသမီးတွေကိုတောင် တစ်လုံးမှ ပြောမပြဖူးဘူး။ မခင်ဖြူကိုတော့ ပြောပြဖြစ်တယ်။ ပြောဖြစ်တယ်ဆိုတာကလည်း ပြောချင်စိတ်ရှိသလို မခင်ဖြူကို ကိုယ့်သားသမီးလို ချစ်ခင်တာလည်း ပါတာပေါ့။ ပြီးတော့ သူက အမေကို အချစ်ကြီးသူဆိုတာ တဖြည်းဖြည်း သိလာတယ်။ သူ့အမေက ရန်ကုန်မှာ။ သူက ရန်ကုန်မှာလည်း ဆိုင်ရှိတယ်။ မန္တလေးမှာ ဒုတိယဆိုင်အနေနဲ့ လာဖွင့်တာ။ အသက် လေးဆယ့်နှစ်နှစ်တဲ့။ အပျိုကြီးပဲ။ တကယ်တော့ သူနဲ့ ကျုပ်နဲ့က ရေစက်ရှိလို့ လာဆုံကြရတာ။ ဒါတော့ ကျုပ် ယုံတယ်။
သူက သမီးတွေနဲ့ အတူနေဖို့ ကျုပ်ကို ပြောတယ်။ ဟင်း…မပြောချင်ပါဘူး။ လွန်ခဲ့တဲ့… အဲ မနှစ်ကပေါ့ သမီးလတ်နဲ့ သွားနေဖူးပါတယ်။ ဒါကလည်း နေမကောင်း တော်တော်ဖြစ်လိုက်လို့၊ အရင်ငှားနေတဲ့ အိမ်ဟောင်းလေး နေရာကိုလ်း အိမ်ရှင်တွေက ပြင်တော့မယ်ဆိုလို့ လိုက်နေမိပါတယ်၊ စိတ်ဆင်းရဲတာပဲ အဖတ်တင်တယ်။ သိတတ်တဲ့သမီးမှ မဟုတ်တာ။ ကျုပ်ကလည်း စကားကို ဟန်ဆောင်ပြောတတ်တာ မဟုတ်တော့ ခက်သားလား။
ကိုယ်နေတဲ့ ကိုယ့်နေရာလေးကိုပဲ စိတ်ချမ်းသာတယ်။ သူတို့အိမ် သွားနေတော့ ကျုပ်စင်ပေါ်က အရုပ်တွေ ထန်းခေါက်တောင်းထဲ ရောက်ကုန်တယ်။ မျက်နှာချင်းဆိုင်တွေရော၊ အောက်ရောက်တဲ့ဟာကရောက်၊ အပေါ်ရောက်တဲ့ဟာကရောက်၊ တောင်းထဲကို စင်ပေါ်ကနေ စုပုံထည့်ထားရတာ။ သမီးအိမ်မှာ နေနေရတာဆိုတော့ ကျုပ်အိမ်မှာလို စင်ပေါ်တင်ထားလို့ ဘယ်ရပါ့မလဲ။ ဒီတော့ ဖေဖေကျော်တို့အားလုံး တောင်းထဲ တစ်လနီးပါး စိတ်မကောင်းစွာ သိပ်လိုက်ရတယ်။ အဲဒီတုန်းက ဖေဖေကျော်က အိပ်မက်ပေးတာပေါ့။ ခုလို သူတို့ကို ထားချင်သလိုထားတာ အားကြီး စိတ်ဆိုးတယ်တဲ့။ နားထဲလည်း မြင်းခွာသံတွေကို ကြားလားကြားရဲ့။
ကိုယ့်ဘက်က တာဝန်မကျေ လစ်ဟင်းမှုတွေ များလာတာကို သိအောင် သူတို့ သတိပေးနေပြီဆိုတော့ ကျုပ်အတွက် သီးသန့်နေရာတော့ ရအောင်ရှာမှဖြစ်တော့မယ်ဆိုတာကို သိလာတယ်။ အဲဒီလိုဖြစ်ပြီးနောက်ပိုင်း ကျုပ် ကျန်းမာရေးလည်း ဆိုးလာလိုက်တာ ရှိတဲ့ပစ္စည်းရောင်းပြီး ဆေးကုရတဲ့ အထိပဲ။ ဝတ်စရာ ထဘီနှစ်ကွင်းပဲ ကျန်တယ်။ အဟုတ်။ ဖေဖေကျော်တို့ ရက်စက်ချက်ကတော့ မပြောပါနဲ့တော့။
ဒါနဲ့ အမျိုးမျိုး တောင်းပန်ရတာပေါ့လေ။ ကိုယ်လုပ်ချင်လို့မှ မဟုတ်ဘဲ။ နောက်တော့ ကျုပ်ကိုလည်း အကြာကြီး ပစ်မထားပါဘူး။ နေစရာနေရာ ပေးလာတယ်။ ကျုပ်တို့ ရပ်ကွက်ထဲက ဒေါ်မိုးမိုးဆိုတဲ့ အမျိုးသမီးက သူ့အိမ်နောက်မှာ တဲလေးတစ်လုံးရှိတယ်။ ခြံကလည်းကျယ်တယ်။ အဲဒီမှာနေဖို့ ထားပေးတယ်။ အိမ်လခလည်း သက်သာတယ်။
ကျုပ်ရဲ့ ဖေကိုယ်တော်ကြီး၊ ကိုယ်တော်လေးတွေကို ဒီလို တောင်းထဲ စုပုံထည့်ထားတာ မြင်ရတော့ တောင်ပြုန်းပွဲတွေ၊ ရတနာ့ဂူပွဲတွေ သွားတာကို သတိရမိတယ်။ ဘယ်သူတွေပဲဖြစ်ဖြစ် အရင်ဦးဆုံး အဓိက လိုအပ်တာ နေရာပဲ။ သူတို့တွေအတွက် နေရာတွေ ပြင်တုန်းဆင်တုန်းမှာတော့ ဒီလိုပဲ တောင်းတွေထဲ ထိုးထိုးထောင်ထောင်၊ မှောက်လျက်တွေ၊ ပက်လက်တွေ ဖြစ်နေကြတာပဲ။ စင်ပေါ်မှာဆိုရင်တော့ အပေါ်ဆုံးက ဘယ်သူ၊ ပထမအဆင့်က ဘယ်သူ၊ အလယ်က ဘယ်သူနဲ့ သပ်သပ်ရပ်ရပ် ခံ့ခံ့ညားညားပေါ့လေ။
အဲဒီရက်တွေအတွင်းမှာတော့ အမွှေးနံ့သာပေါင်းစုံ၊ ပူဇော်ပသမှုပေါင်းစုံနဲ့ စခန်းကြီးကြီး ဂုဏ်တွေ ဟီးလို့ပေါ့။ ရောင်စုံ ရောင်စုံတွေ ဆိုတာ တဘက်ရောင်စုံ၊ ပဝါရောင်စုံ၊ မိတ်ကပ်ရောင်စုံ၊ ပန်းရောင်စုံ၊ အဝတ်အစား အရောင်စုံ…။ နတ်သဘင်ပွဲလည်းပြီးရော စင်ပေါ်မှာလို စခန်းမကြီးနိုင်တော့ဘူး။ တောင်းထဲကို ပလုံစီပြီး ရောက်ကုန်ကြတော့တာပဲ။ သူ့နေရာနဲ့သူ ပွဲသိမ်းကုန်ကြရတာပဲ။ ဒါက သဘာဝပဲဆိုတာ ကျုပ် လက်ခံပါတယ်။ ဒါပေမဲ့ ကျုပ်အိမ်က စင်ပေါ်မှာ တင့်တင့်တယ်တယ် ရှိနေတာကို သူ့အိမ်ရောက်လို့ လွှင့်ပစ်ဖို့ ကြိုးစားခဲ့တဲ့ သမီးလတ်ကိုတော့ စိတ်အဆိုးဆုံးပဲ။
သူ့အိမ်မှာနေလို့ သူပိုင်တယ်ဆိုပြီး အရုပ်တွေထည့်ထားတဲ့ တောင်းကြီးကို သူက ဖျောက်ပစ်ဖို့ လုပ်တယ်။ ကျုပ်တောင်းကြီး ပျောက်သွားတော့ ရှာလိုက်ရတာ။ ဒါတွေက ပျောက်သွားလို့ ဘယ်ဖြစ်မလဲ။ ကျုပ်ရဲ့ ထမင်းရှင်တွေ။ နောက်ဆုံး ကျုပ်တောင်းကြီးကို တွေ့လည်းတွေ့ရော အလတ်မကို စိတ်ဆိုးလွန်းလို့ နင့်အိမ်မှာ ဘယ်တော့မှ မနေဘူးဆိုပြီး ကိုယ့်ရပ်ကွက်ထဲကိုယ် ပြန်လာခဲ့တယ်။ ကိုယ့်အိမ်ခန်းလေးက သေးပေမယ့် သူတို့အတွက် တင့်တင့်တယ်တယ်လေး ရှိသေးတယ်။ ယုံကြည်တာ မယုံကြည်တာ ခဏထား၊ ကျုပ်အလုပ်ကို စော်ကားတဲ့ သားသမီးတွေကို စိတ်ပျက်မိတယ်။
(၂)
          ကျုပ်ဘဝကို ဖေဖေကျော်က တကယ်စောင့်ရှောက်နေတယ်ဆိုတာတွေ သူတို့သွားပြောရင် ရယ်မှာပေါ့။ ကျုပ်ကို စိတ်နှောက်နေတယ်လို့တောင် ပြောဦးမယ်။ တကယ်တော့ ကျုပ်ကလည်း လွယ်လွယ်ယုံကြည်တတ်တဲ့ အမျိုးအစားထဲမှာ မပါဘူး။ ကျုပ်သားသမီးတွေက မိဘကို မိဘမှန်း သိတတ်ကြတာ မဟုတ်ဘူး။ အဲဒီတော့ ဗုဒ္ဓဘာသာအရ မြတ်စွာဘုရားကလည်း ကျုပ်ကို သွယ်ဝိုက်ပြီး စောင့်ရှောက်တယ်လို့ ယုံကြည်တယ်။ ခုချိန်အထိ မယ်မယ်ရရ ဘာမှမလုပ်တတ်ဘူး။ ဒါပေမဲ့ ကျုပ် ထမင်းငတ်တဲ့နေ့ မရှိဖူးဘူး။ နည်းနည်းစီ လှူနေနိုင်တုန်း။ မနက်တိုင်း ဆွမ်းလောင်းလာတာ တစ်နှစ်ကျော်ပြီ။ တစ်ခါမှ မပျက်ကွက်ဖူးဘူး။
          ကျုပ် နတ်ကတော်လုပ်ဖို့ဆိုတာ စိတ်ကူးထဲတောင် လုံးဝမရှိဘူး။ ကလေးတွေကြီးမှ ဖြစ်တာပါ။ ကျုပ် ယောက်ျား ကိုမောင်လေးရှိရင် ဘာများပြောဦးမလဲမသိဘူး။ ယောက်ျားဆိုလို့ သူ့အကြောင်းလည်း ထည့်ပြောရဦးမယ်။ ခုတော့ သေရှာပါပြီ။ ကြာခဲ့ပြီပေါ့။ ကျုပ်တို့ခေတ်တွေတုန်းက မိဘစကားကို တသွေမတိမ်း နားထောင်ခဲ့ရတာ။ ကိုမောင်လေးနဲ့ ကျုပ်က သူငယ်ချင်းတွေပါ။ သူက လိုအပ်တဲ့အကူအညီရှိရင် အကုန်လုပ်ပေးတယ်။ စိတ်သဘောထားလည်း ကောင်းပါတယ်။ ဒါပေမဲ့ ကျုပ်တို့ နှစ်ယောက်က ချစ်သူတွေ မဟုတ်ကြပါဘူး။ သူငယ်ချင်းလိုပဲ သွားဟယ် လာဟယ်တော့ ရှိတာပေါ့။ ဒါကိုပဲ ရပ်ကွက်က အမြင်မတင့်တယ်ဘူးလေး ဘာလေးနဲ့ တိုင်တော့ အဖေက စိတ်ဆိုးပြီး ကျုပ်ကို ရိုက်တော့တာပဲ။ အဲဒီတုန်းက ကိစ္စကို မြင်ယောင်မိသေးတယ်။ ကျုပ်အဖေများ ကျုပ်ကို ဘယ်လို လင်ပေးစားခဲ့တယ်ဆိုတာလေ။
          "ပန်းဝါ"
          "ဟုတ်"
"မောင်လေးနဲ့ ဟိုသွား ဒီသွား သွားတာတွေကို ငါမကြိုက်ဘူး… ရပ်ကွက်ထဲကလည်း ပြောကုန်ကြပြီ… ငါတို့က အရှက်နဲ့ သိက္ခာနဲ့ နေတာ… နင့်ကြောင့် အရှက်ကွဲမခံနိုင်ူဘး… နင် မောင်လေးကို ယူတော့"
"ရှင်…အဖေ မဟုတ်ဘူး… သမီးတို့က သူငယ်ချင်းတွေမို့ ဒီအတိုင်း သွားတာပဲ.. ဘာမှမဟုတ်တာ မလုပ်ရပါဘူး"
"အေး…နင် စကားမရှည်နဲ့နော်… မောင်လေးကို ယူရမယ်… မောင်လေးကိုလည်း သွားခေါ်"
"အဖေ… ကျုပ် ယောက်ျားမယူချင်ဘူးဆို.. ဘာမှမဟုတ်ပါဘူးဆို"
"မိန်းမ… အခန်းထဲက ကြိမ်တုတ်ယူခဲ့စမ်း မြန်မြန်"
ဘေးမှာ မျက်နှာငယ်လေးနဲ့ ရပ်ကြည့်နေတဲ့ အမေ့ကို အဖေက ကြိမ်တုတ်ယူခိုင်းတော့ အမေ လန့်သွားတယ်။
"တော်…. ဘာလုပ်မလို့လဲ"
"မြန်မြန်သွားယူစမ်းပါ"
အမေလည်း ကျုပ်ကို တစ်ချက်ကြည့်ပြီး ကြောက်ကြောက်နဲ့ ယူလာတယ်။ အဖေ့လက်ထဲလည်း ကြိမ်တုတ်ရောက်ရော
"ပန်းဝါ…မောင်လေးကို ယူရမယ်…သူ့ကိုခေါ်လာခဲ့…"
"အဖေ…ရပ်ကွက်ထဲက လူတွေက ဘာမှမသိဘဲနဲ့ လျှောက်ပြောကြတာ ကိုမောင်လေးကို မေးကြည့် အဖေ… သူတို့ပြောသလို မဟုတ်ဘူး"
"အေး…ဘာပဲဖြစ်ဖြစ် သူများတွေ အပြောခံရတာကို ငါ ရှက်တယ်… သမီးတစ်ယောက်မွေးပြီး မထိန်းနိုင်ဘူးလားဆိုတဲ့ အပြောကို မခံနိုင်တာ"
"စိတ်ညစ်လိုက်တာ အဖေရာ… အဖေတို့ကြောင့် ခက်ပါတယ်"
"ဘာခက်တာလဲ"
"ရွှမ်း"
"အား"
အဖေ့ကြိမ်တုတ်က ကျုပ်ကျောပေါ် ကျလာတယ်။
"တော်ပြီ ဘာမှပြောမနေနဲ့ နင့်ကို ရိုက်ချင်နေတာ…ယူမှာလား မယူဘူးလား"
"မယူဘူး"
"အေး…မယူလို့ မရဘူး"
"ရွှမ်း"
"အား…အဖေ နာတယ်…ဆို"
"ကဲ…ကဲ…တော်ပါတော့ရှင်…ပန်းဝါ…သမီး အသားနာတယ်…ယူမယ်လို့ပြောလိုက်"
"ကျုပ်မှ မယူချင်တာ"
"ကဲ…ဆက်မပြောနဲ့တော့ ညည်းအဖေဒေါသ ပြေသေးတာ မဟုတ်ဘူး…ဆက်အရိုက်ခံနေရဦးမယ်"
"မင်း ရှေ့က ကာဆီးကာဆီးလုပ်မနေနဲ့… သူ့ကို ဒီအတိုင်း ဆက်မထားနိုင်ဘူး… မောင်လေးနဲ့ အမြန်ဆုံး ပေးစားမယ်… သူတို့ မိဘတွေကို မင်း သွားပြောချေ"
"ကျုပ်…ကျုပ်တို့က သမီးရှင်လေ… သွားပြောလို့ ဖြစ်ပါ့မလား"
"သွားမပြောရင် ဘယ်လိုလုပ် သူတို့က သိမှာလဲ… ဒီညနေ သွားပြော… ငါက ပြောဆိုပြော"
"ဟုတ်…ဟုတ် သွားပြောလိုက်မယ်"
အမေလည်း ကျုပ်ကို အိပ်ခန်းထဲ ခေါ်လာခဲ့တယ်။ အရိုက်ခံရတဲ့ အရှိုးရာကို ဆေးထည့်ပေးပြီး အမေ့ပါးစပ်ကလည်း ညည်းအဖေနဲ့တော့ ခက်ကိုခက်ပါတယ်လို့ ပြောပေမယ့် အဖေ့ဆန္ဒကို မဆန့်ကျင်ရဲခဲ့ဘူး။
ညနေ အမေက သွားခေါ်တော့ ကိုမောင်လေးက ကုတ်ချောင်း ကုတ်ချောင်းနဲ့ ပါလာတယ်။ အရင် ကျောင်းဆရာလုပ်ဖူးတဲ့ အဖေက လက်သံကလည်း ပြောင်တယ်၊ စကားပြောတာကလည်း ပြတ်တယ်။ လမ်းမှာ အမေက ကိုမောင်လေးကို အကုန်ပြောပြပြီးပြီပေါ့။ အိမ်ကိုလည်းရောက်ရော အဖေက ဘယ်လိုပတ်သက်လဲဆိုတာ တစ်ခွန်းမှ မမေးတော့ဘဲ ယူကြဖို့ကိစ္စကိုပဲ ပြောခဲ့တယ်။ နောက်ဆုံး ကိုမောင်လေးကလည်း တစ်ခွန်းမငြင်းရဲဘူး။ ဟုတ်ကဲ့ ယူပါ့မယ် ဆိုပြီး ဖြစ်သွားတယ်။
နောက် ကိုမောင်လေး မိဘအိမ်ကို အဖေကိုယ်တိုင်သွားတယ်။ ဒီကြားထဲ ကိုမောင်လေးနဲ့ ကျုပ် တွေ့လည်းမတွေ့ရဘူး။ ဆွေးနွေးပြောဆိုခွင့်တောင် မရှိဘူး။ လူကြီးတွေ အားလုံးစီစဉ်တယ်။ မင်္ဂလာကိစ္စ ချက်ချင်းဖြစ်လာတယ်။ ကိုမောင်လေးနဲ့ ကျုပ် မင်္ဂလာပွဲနေ့ကျမှ တွေ့ရတော့တယ်။ ကျုပ်က သူတို့အိမ် လိုက်နေရတယ်။ မင်္ဂလာဦးညကျမှ ဒီကိစ္စကို ကျုပ်နဲ့ ကိုမောင်လေး ပြောဖြစ်ကြတယ်။ ကျုပ်နဲ့ ကိုမောင်လေး ကြားမှာ ချစ်ခြင်း၊ မချစ်ခြင်း မရှိတော့ဘဲ သူငယ်ချင်းသံယောဇဉ်နဲ့ လင်မယားဖြစ်သွားတယ်ပေါ့။
ကျုပ်နှလုံးသားက ဘာမှမခံစားရသေးခင် ငယ်ငယ်ရွယ်ရွယ်နဲ့ အိမ်ထောင်ကျ သားသမီးမွေး ဖြစ်သွားတော့တယ်။ သားတစ်ယောက်၊ သမီးနှစ်ယောက်။ နောက်ပိုင်း ကိုမောင်လေးက အရက်သောက်တတ်လာတယ်။ မနက်လင်းကတည်းက အရက်သောက်၊ အချိန်ပြည့်သောက်။ ကျုပ်ကိုလည်း ဂရုမစိုက်၊ သားသမီးတွေလည်း ဂရုမပြုနဲ့။ အတိုချုံ့ပြောရရင် အိမ်ထောင်ရေးလည်း အဆင်မပြေတော့ဘဲ ကွဲပြီး မကြာခင်မှာပဲ အရက်ကြောင့် အိပ်ရာထဲလဲ လေဖြတ်ပြီး ဆုံးသွားခဲ့တယ်။ ကလေးသုံးယောက်နဲ့ ကျုပ်ကို အဖေတို့က ခေါ်ကျွေးထားတာပေါ့။ ကျုပ်က အဖေတို့ကို အပြစ်တင်တာပဲ။ ကျုပ်မှ ယောက်ျားရ ကံမကောင်းခဲ့တာ။ အဖေတို့နဲ့ ဒီလိုပဲ အိမ်အလုပ် ဝိုင်းကူရင်း၊ အဖေက ပိုးထိပြီး ဆုံးသလို၊ အမေကလည်း မကြာပါဘူး၊ အဖေ ရုတ်တရက် ဘာရောဂါမှမရှိဘဲ ပိုးထိဆုံးတာဆိုတော့ အမေက စိတ်ထိခိုက်ပြီး ရောဂါတွေ တစ်ခုပြီးတစ်ခု ဖြစ်နေတော့တာပဲ။ စိတ်ဓာတ်ကျတာလည်း ပါမှာပေါ့။
မိဘတွေ ထားခဲ့တဲ့ ပစ္စည်းလေးတွေကို ထုခွဲရင်းနှီးပြီး ကလေးသုံးယောက်ကို အရွယ်ရောက်တဲ့အထိ ရှာဖွေကျွေးမွေး ပညာသင်ပေးရတာပေါ့။ ကလေးသုံးယောက်စရိတ်က နည်းမှမနည်းဘဲ။ ကျုပ်လည်း ဆုံးခန်းတိုင်အောင် ကျောင်းမနေခဲ့ရဘူး။ ဒီတော့ ကိုယ့်သားသမီးတွေကိုလည်း ပညာတတ် ဖြစ်စေချင်တယ်။

(၃)
ကလေးတွေ ပညာရေးအတွက် လက်ထဲမှာ ငွေက မရှိတစ်လှည့် ရှိတစ်လှည့်ပဲ။ အဲဒီအချိန်ကစပြီး ကျုပ် ထူးဆန်းတဲ့ အိပ်မက်တွေကို မက်လာတော့တာပဲ။ အိပ်မက်ထဲမှာ ကျုပ် လူတစ်ယောက်ကို အမြဲမက်လာတယ်။ နောက်ပြီး ကျုပ် အပြင်မှာ တစ်ခါမှ မမြင်ဖူးတဲ့ အရုပ်တွေ၊ တစ်ခါမှ မကြားဖူးတဲ့ စကားပြောသံတွေ၊ ကြိုကြိုသိတဲ့ နိမိတ်ပုံရိပ်တွေ၊ မွှေးလွန်းတဲ့ ရနံ့တွေက အိပ်မက်လိုလို အပြင်မှာလိုလို ဖြစ်နေတယ်။
လူကြီးကတော့ အိပ်မက်ထဲ အမြဲပါတာပဲ။ သူ့ကို အိပ်မက်မက်ပြီးရင် ကျုပ် ကံကောင်းတတ်လာတယ်ဆိုတာ တဖြည်းဖြည်းနဲ့ သတိထားမိလာတယ်။ ဘာမှန်းလဲ လုံးဝမသိဘူး။ တစ်ခါတလေ အိပ်မက်ထဲမှာ ဘာလုပ်၊ ဘယ်သွားနဲ့တောင် ပြောတတ်သေးတယ်။
အိပ်မက်ထဲက လူက ကျုပ်အိပ်ရင် အမြဲဘေးနားကနေ ပြုံးပြုံးလေး ထိုင်ကြည့်နေတတ်တယ်။ ပထမတော့ ကျုပ်လည်း ကြက်သီးတွေထပြီး ကြောက်တာပေါ့။ နောက် အမြဲတွေ့နေရတော့ မကြောက်တော့ဘူး။ အဲဒီအချိန်တွေတုန်းက အရမ်းကျပ်တည်း ဒုက္ခရောက်ဆုံး အချိန်တွေပေါ့။ သားသမီးသုံးယောက် တာဝန်က ကျုပ် ပခုံးပေါ် အလေးတင်ထားသလို ပိနေတယ်။
ဒီလိုနဲ့ ကျုပ် တစ်ခါမှ မရောက်ဖူးတဲ့နေရာကို ရောက်ဖို့ဖြစ်လာတယ်။ ကျုပ် သူငယ်ချင်းတစ်ယောက်က ပွဲတော်တစ်ခုမှာ သူနဲ့အတူ ထမင်းဟင်း ရက်ရှည်ချက်ပေးဖို့ အကူအညီတောင်းတာ။ ပိုက်ဆံလည်း ရမှာပေါ့လေ။ မန္တလေးနဲ့ နီးတဲ့ တောင်ပြုန်းပွဲမှာတဲ့။ ကလေးတစ်ယောက်ကို ခေါ်သွားလိုက်တယ်။ နှစ်ယောက်ကိုတော့ ဘေးအိမ် အကူအညီတောင်းပြီး ထားခဲ့ရတယ်။ ပိုက်ဆံလိုချင်တာကိုး။
အဲဒီပွဲကို လိုက်သွားတော့ ကျုပ် တော်တော်ပျော်တယ်။ ဆိုင်းသံဗုံသံကြားရင် ကျုပ်က မနေနိုင်ဘူး။ တစ်နေ့ တစ်နေ့ ချက်လိုက် ပြုတ်လိုက်ရတာလည်း အစားကောင်းတွေချည်းပဲ။ ကျုပ်အတွက်လည်း ငေးစရာတွေ ပေါတယ်။ နတ်နန်းဆိုလား အဲဒီမှာ ပြင်ဆင်ထားတာတွေတွေ့တော့ ကျုပ် ပါးစပ်ဟအောင် အံ့သြသွားတယ်။ စင်တွေပေါ်မှာ လှလှပပနဲ့ အရုပ်တွေက ကျုပ်အိပ်မက်ထဲကအတိုင်း ချွတ်စွတ်ပါပဲ။ ကျုပ် သေချာလိုက်ကြည့်မိတယ်။ စိတ်ထဲမှာ တလှပ်လှပ်နဲ့ကို အံ့အားသင့်နေတာ။ တကယ်မှ တကယ်ပဲ အိပ်မက်ထဲက အတိုင်းကို အပြင်မှာ မြင်နေရတာ။
ဆိုင်းဝိုင်းအကြီးကြီးတွေ တဗြုန်းဗြုန်း၊ သီချင်းသံတွေက တစ်ခါ ကြားလိုက်တာနဲ့ အကုန်မှတ်မိပြီး ကျုပ် အကုန်လိုက်ဆိုနိုင်လို့ သူငယ်ချင်းတောင် အံ့သြရတယ်။ ကျုပ် က,တာတွေ၊ ဆိုတာတွေကို နေ့တိုင်းကြည့်တယ်။ ညဆို ပိုကြည့်လို့ကောင်းသေး။ ကျုပ်အကြိုက်ဆုံး သီချင်းက ကိုကြီးကျော်ပေါ့။ နီမက စ,ပေးရင် ကျုပ်က ဆိုတာပဲ။
'ကိုကြီးကျော် xx ကိုကြီးကျော် xx တို့ ကိုကြီးကျော်
ထူးလည်းထူးတယ် မူးလည်းမူးတယ် တို့ ကိုကြီးကျော်
အရက်သမားမှန်ရင်လေ ယှဉ်ပြိုင်ကာ သောက်လိုက်ချင်တယ်
ကြက်သမားမှန်ရင်လေ ယှဉ်ပြိုင်ကာ တိုက်လိုက်ချင်တယ်
ကြက်ကြော် အရက်ဖော် အမြည်းတွေက စုံပါသနော်
ကျော် xx ကျော် xx ကျော် xx ကျော်
ပုလင်းကိုကိုင်ဆွဲ မူးတဲ့ ကိုကြီးကျော်
xxxxxxxxxxxx ကိုကြီးကျော် ကိုကြီးကျော်
ကျောင်းဒကာကြီး ဖေဖေကျော် xx
မြို့တိုင်းမှာဆိုရင် ကိုကြီးကျော်ကို တ,ကြပါသနော်
ရပ်တိုင်းမှာဆိုရင် ကိုကြီးကျော်ကို တ,ကြပါသနော်
ကျော် xx ကျော် xx ကျော် xx ကျော်
မြင်းညိုကြီးလည်းစီးတဲ့ ကိုကြီးကျော် xx '
ကျုပ်က ကိုကြီးကျော်သီချင်းကို ခုလို အာပေါင်အာရင်းသန်သန်နဲ့ဆိုပြရင် သူငယ်ချင်း နီမက သိပ်သဘောကျတယ်။
တစ်နေ့ တစ်နေ့ စားစရာကလည်း ပေါ၊ ပိုက်ဆံလည်း ရတယ်။ ကျုပ် တသက်မှာ ဒီလောက် တစ်ခါမှ မပျော်ဖူးဘူး။ ဆိုင်းသံကြားရင် ထမင်းဟင်းချက်ရင်း လိုက်ဆို,လိုက်က မိတော့တာပဲ။ သူငယ်ချင်းကိုလည်း ကျေးဇူးတင်တာပေါ့။ ဘယ်မှာပဲပွဲရှိရှိ ခေါ်စမ်းပါလို့ ပြောထားရတယ်။ ကျုပ် မသိတာတွေကို မေးတော့ သူငယ်ချင်းက အကုန်ပြောပြ ရှင်းပြတယ်။ ဒီပွဲအကြောင်းတွေ သိရတော့ ထူးလည်းထူးဆန်းသလို၊ စိတ်ညစ်တာ တစ်စက်မရှိပဲ ပျော်မွေ့နေတယ်လို့ စိတ်ထဲမှာ ခံစားရတယ်။
နောက်တစ်ရက် ထမင်းဟင်းချက်ပြီး ရေချိုးသန့်စင်ဖို့အသွား ကျုပ်ရှေ့နှစ်လှမ်းစာအကွာလောက်မှာ ဝင်းခနဲ လက်ခနဲနဲ့ ရွှေဆွဲကြိုးတစ်ကုံးကို ကျုပ် တွေ့ရတယ်။ ကျုပ် ဘေးဘီကို ကြည့်သေးတယ်။ ဘယ်သူများ ပြုတ်ကျကျန်ခဲ့တာလဲပေါ့။ ဒီလောက် လူသွားလူလာမပြတ်တဲ့ ပွဲတော်ရက်မှာ ဒီဆွဲကြိုးကို ဘယ်သူမှ မမြင်ကြဘူးလား။ တကယ်ဆို မြင်ကြရမှာ။ ဘာနဲ့မှလည်း ဖုံးအုပ်မနေဘူး။ ကျုပ်ဖြင့် အံ့ရော…။
ပိုအံ့သြတာက ညအိပ်တော့ ဟိုလူ အိပ်မက်ထဲ ရောက်လာပြီး "ရွှေဆွဲကြိုးကို လည်မှာ ဆွဲထားလိုက်ပါ နှမတော်" တဲ့။
ကျုပ်လည်း မနက်ရောက်တော့ ပိုက်ဆံအိတ်အသေးလေးထဲ ထည့်ထားတဲ့ဆွဲကြိုးကို ထုတ်ဆွဲလိုက်တယ်။ ညကျ နတ်နန်းသွားပြီး တိုးဝှေ့ကြည့်တယ်။ ကျုပ်တို့ကိုခေါ်လာတဲ့ နတ်အမေကြီးက မုန့်ဖိုးတွေ ပေးသလို၊ နောက်အခါ ဘယ်ပွဲရှိရှိ ခေါ်မယ်တဲ့။ ပွဲပြီးသွားတော့ ကျုပ်ကိုလည်း ဘယ်သူမှ မရှိတဲ့အချိန် က,ဖို့ပြောလို့ သူတို့ပေးဝတ်တဲ့ အဝတ်အစားတွေ၊ ပန်းတွေနဲ့ က,ရသေးတယ်။ တော်တော်ပျော်တယ်။
***
ထူးခြားစွာခံစားမိတာ အဲဒီပွဲက စတာပဲ။ အဲဒီမှာ နတ်ကတော်၊ နတ်ပုံတော်၊ နတ်ဓလေ့၊ နတ်သီချင်း၊ နတ်ချော့တေး၊ နတ်ကို ဆက်သတာတွေ သိလာတာပေါ့။
ပွဲတော်ပြီးသွားတော့ ကျုပ်ရင်ထဲမှာ တစ်ခုခုကို ခွဲခွာသွားရသလို လွမ်းလွမ်းဆွေးဆွေးကြီး ကျန်ရစ်ခဲ့တယ်။ ရင်ထဲမှာ တင်းကျပ်ပြီး စို့နစ်နစ်ကြီး။ အခုတွေး အခု အဲဒီခံစားမှုကို မမေ့ဘူး။ ကျုပ် သူငယ်ချင်း နီမက ပစ္စည်းသိမ်းနေတဲ့ကျုပ်ကို နောက်နှစ်တွေလည်း လာရမှာပါအေလို့ ပြောတယ်။
ဒီလိုနဲ့ မန္တလေးပြန်ရောက်လို့ မကြာခင်မှာပဲ နီမ ရောက်လာတယ်။
"ပန်းဝါ နင့်ကို အမေသောင်းက တွေ့ချင်လို့တဲ့…"
ကျုပ်တို့က ထမင်းဟင်းချက်ဖို့ ပွဲကို ခေါ်သွားတဲ့သူ။ သူများတွေ ခေါ်တာတော့ နတ်အမေကြီးတဲ့။ သူက သဘောကောင်းတယ်။ ကျုပ်လက်ထဲ သုံးစရာမရှိတဲ့အချိန် ပွဲကိုခေါ်သွားတဲ့အပြင် သုံးဖို့ ပိုက်ဆံလည်း ပေးတယ်ဆိုတော့ အမေသောင်းက ကျုပ်ကျေးဇူးရှင်ပါပဲ။ သူ ဘာပဲ အကူအညီတောင်းတောင်း ကျုပ်က လုပ်ပေးဖို့ အဆင်သင့်ပဲ။ ဒါနဲ့ နီမက အတူသွားလိုက်တယ်။ အမေသောင်းက ကျုပ်ကို ထားခဲ့ဖို့ နီမကို ပြောတယ်။ နီမ ပြန်သွားတော့ အမေသောင်းက ကျုပ်ကို ကြက်ကြော်ခိုင်းတယ်။ ပွဲမှာတုန်းကလို ကြော်တဲ့။
အားလုံးပြီးတော့ အမေသောင်းက ရေနွေးကြမ်းတစ်ခွက်ငှဲ့ရင်း ကြက်ကြော်ကိုစားတယ်။ ကျုပ်ကိုလည်း ကျွေးပေါ့။ ပြီးတော့
"ဟဲ့ ပန်းဝါ… ကလေးမ… နင့်ကို ကိုကြီးကျော် ချစ်နေတာ သိလား"
"အမေသောင်း…ဘာလဲ"
"နင့်ကို ကိုကြီးကျော်က ချစ်ခင်နှစ်သက်နေတာကို ပြောတာ… ဒါကြောင့် ပခန်းပွဲ ခေါ်သွားမယ်"
"အမေသောင်း… ကျွန်မ ဘာလုပ်ရမှာလဲ… ကိုကြီးကျော်ဆိုတာ…"
"ပခန်းမင်း ကိုကြီးကျော်ကို ပြောတာ… နင် မသိမှာစိုးလို့ ခေါ်ပြောတာ… မဟုတ်တာလုပ်မိရင် ဒုက္ခရောက်မှာစိုးလို့… သူ မကြိုက်တာ လုပ်မိရင် စိတ်ဆိုးပြီး ဒုက္ခရော်တတ်တယ်… အခု ဒီနတ်အမေနဲ့ တွေ့တာ ကံကောင်းတယ်မှတ်… ပန်းဝါ လုပ်ရမှာတွေ အားလုံးပြောပြမယ်… ဒီအတိုင်းနေရင် ဒုက္ခရောက်နိုင်တယ်"
အမေသောင်း ပြောနေတာတွေ သေချာမသိပေမယ့် စိတ်ထဲမှာ တစ်မျိုးပဲ။ အမေသောင်းက လက်ခံရမယ်တဲ့။ ရေစင်သောက်ရမယ်တဲ့ ။ ရေစင်ဆိုတာ ကိုကြီးကျော်ရဲ့ ချစ်ခင်နှစ်သက်မှုကို လက်ခံတဲ့သဘောနဲ့ ကတိထားပြီး တိုင်တည်ထားတဲ့ ရေစင်တဲ့။ ကျုပ် မသောက်ချင်လို့ ငြင်းကြည့်သေးတယ်။ ဒါပေမဲ့ အမေသောင်းကို ကြောက်တာကြောင့် လက်ခံပြီး ရေစင်သောက်ခဲ့လိုက်တယ်။ နောက်ပြီး အမေသောင်းက ပြောသေးတယ်။ ကျုပ်ကို ပညာသင်ပေးမယ်၊ နတ်ပညာနဲ့ ရှာစားတဲ့။ ဒါမျိုးအလုပ်တွေက လူတိုင်း လုပ်လို့မရသလို၊ လူတိုင်းကိုလည်း သင်ပေးလို့ မရဘူးတဲ့။ ကျုပ်ကိုတော့ ကိုကြီးကျော်က ချစ်ခင်နေလို့ သင်ပေးတာတဲ့။ ကိုကြီးကျော်က စောင့်ရှောက်နေတာမို့ 'တ' လိုက်ရင် တစ်ခွန်းပဲတဲ့။ စိတ်မပျော်ရွှင်တာတွေ၊ အခက်အခဲတွေ့နေတာတွေဆို အမြဲပြေလည်သွားတယ် မဟုတ်လားတဲ့။
နောက်တော့ အမေသောင်းစကားကို နားထောင်ရတယ်။ သူ မသိတာ ဘာမှမလုပ်ရဲဘူး။
အမေသောင်းက ကျုပ်ကို နတ်ကောက်တယ်လို့ ပြောတော့ နတ်ကတော်ဖြစ်တော့မှာပေါ့ဆိုပြီး တောင်ပြုန်းသွားတုန်းက နတ်ကတော်တွေကို မှတ်မိသေးတယ်။ စိတ်ထဲမှာ နတ်ကတော်ဆိုတာ အသက်ကြီးကြီး မိန်းမကြီးတွေ ရှိုးတွေအပြည့်၊ ဂိုက်အပြည့်။ တချို့ကလည်း သနပ်ခါးတွေ၊ ပန်းတွေနဲ့။ တချို့ဆို ပါးရေတောင် တွန့်နေပြီ။ ဟွန်း… သူတို့လိုကြီးတော့ မဖြစ်ချင်ပေါင်။
"အမေသောင်း ကျုပ်ကို ဘာဖြစ်လို့ နတ်က ကောက်တာလဲ"
"ဟဲ့… ကောင်မလေး… နတ်က လူတိုင်းကို မကောက်ဘူး… နင်က လိပ်ပြာလှလို့ ကောက်တာ"
ဟင်း… အမေသောင်းပြောတာတွေ တစ်ခုမှ နားမလည်တော့ဘူး။
"တချို့က လူက မလှဘူး… လိပ်ပြာကလှတယ်…ညည်းလေးက လူရော လိပ်ပြာရော လှလို့ကောက်တာ"
          ဒါဆို အမေသောင်းက ဘာလှတာလဲလို့ မေးချင်ပေမယ့် မမေးရဲဘူး။ အမေသောင်းက လူမလှဘူး။ လိပ်ပြာလှတယ်ထင်တယ်။
          အမေသောင်းက ကြွေအံစာချတာလည်း ကျုပ်ကို သင်ပေးတယ်။ ကျုပ်ကိုလည်း ခဏခဏ စမ်းသပ်တယ်။ နောက်ပိုင်း သူ့ဆီ လာမေးတဲ့သူတွေကို ကျုပ်ကပဲ ကြွေအံစာ ချပေးရတယ်။ ကျုပ်စိတ်ထဲ ထင်ပြီး ပြောလိုက်တိုင်းလည်း အကုန်မှန်နေတော့တာပဲ။
          အမေသောင်းဆီကို လာတဲ့သူတွေက ပိုက်ဆံအကုန်ခံတယ်။ မြေ အရောင်းအဝယ်၊ ကားအရောင်းအဝယ်အတွက် ပန်တော်ပန်းဆက်၊ ဘောင်းတော်ဆက်၊ ဝတ်လဲတော်ဆက်အတွက် ဘယ်လောက်နဲ့…။ လူတွေရဲ့ ယုံကြည်မှုကလည်း အံ့သြစရာပဲ။
          အမေသောင်းက ကျုပ်ကို ပွဲတော်ကြီးကို ခေါ်သွားမယ်တဲ့။ သူ ပြောပြတဲ့ တပေါင်းလကနေ ပထမဦးဆုံး ကျင်းပတဲ့ပွဲက ပခန်းမင်းကျော်စွာပွဲ၊ ဒုတိယကအမေကြီးပွဲလို့ခေါ်တဲ့ အနောက်ကတော်ကြီး အမေရေယဉ်ပွဲ၊ တတိယက အလုံဘိုးတော်ကြီးရဲ့ပွဲတဲ့။ ပွဲရက်အရှည်ဆုံးက ပခန်းမင်း ဦးမင်းကျော်လို့ခေါ်တဲ့ မင်းကျော်စွာရဲ့ပွဲတဲ့။ အဲဒီပွဲကို ပခန်းမြို့နဲ့ မျက်နှာချင်းဆိုင် ချင်းတွင်း အရှေ့ဘက်ကမ်းက ရွှေကူနီဘုရား၊ ထန်းတောရွာမှာ ကျင်းပကြတယ်တဲ့။
          အမေသောင်းက ပြောသေးတယ်။ ပခန်းပွဲက နတ်ကတော်တွေအတွက် အရေးကြီးဆုံး ဦးစားပေးရဆုံးနေ့တွေဖြစ်ပြီး အထက်တန်းကျကျ၊ အဆင့်ရှိရှိနတ်ကတော်ဖြစ်ဖို့ဆိုရင် ဒီပခန်းပွဲကို မသွားလို့မရဘူး။ ဒါမှလည်း နတ်ကတော်အစစ်ဖြစ်မယ်တဲ့။ ဘယ်လိုပဲဖြစ်ဖြစ် နတ်ကတော်တွေ၊ မိန်းမလျာတွေတွေ့ရင် ပျော်တာပဲ။ သူတို့တွေ စကားပြောတာ၊ အမူအရာ၊ ယောင်တတ်တာ၊ မထိတထိ ကလက်တက်တက် ဟန်ပိုတဲ့ ပုံစံတွေက အတော့်ကို သဘောကျစရာ ကောင်းတယ်။ အမေသောင်းပြောပြတဲ့ နတ်ကန္နားတီးရာမှာ တီးရတဲ့ နတ်ဆိုင်းတွေအကြောင်း၊ အစဉ်အလာတီးရိုးတွေအကြောင်း၊ အိမ်တွင်း(၇)ပါး နတ်ကြီးပင့်အတီးတွေကို ကျုပ်ဖြင့် သိပ်တော့မသိပါဘူး။
          ပခန်းပွဲကို နီမနဲ့ကျုပ်ကို အမေသောင်းက ခေါ်သွားတယ်။ လမ်းမှာ ကျုပ် စပ်စုသမျှကို အမေသောင်းက ပြောပြတယ်။ ဒါပေမဲ့ အမေသောင်းပြောတဲ့ အမေရေယဉ်ကောက်တယ်ဆိုတာတော့ ကျုပ်က နားမလည်လို့ ထပ်မေးကြည့်တယ်။
          "အမေသောင်း…အမေရေယဉ်က ယောက်ျားတွေကို ကောက်တာလား… သူက မိန်းမဆိုတော့…"
"အေးပေါ့… ဒါပေမဲ့ သားအဖြစ်ကောက်တာပေါ့…သူကအပျိုကြီးဆိုတော့ လင်တော်ဖို့အတွက်တော့ ယောက်ျားတွေကို ဘယ်ကောက်ပါ့မလဲ… မငွေတောင်ကလည်း ယောက်ျားတွေကို ကောက်တယ်လေ…"
ဟင်း…အမေသောင်းပြောတဲ့အထဲ မငွေတောင်ဆိုတာ တစ်ယောက်တိုးလာပြန်တယ်။
"မငွေတောင်ဆိုတာ ဘယ်သူလဲ အမေသောင်းရဲ့…"
"အေးပါအေ…ရှင်းပြပါ့မယ်…ညည်းကို ကျုပ်က ပြောမပြလို့မဖြစ်ဘူး… ညည်းကို ကောက်ထားတဲ့ ကိုကြီးကျော်ရဲ့ သမီးရည်းစားမက လင်မယားလည်းမကျ ဖြစ်ခဲ့တဲ့ မိန်းမပေါ့…သူက အလုံသူ ဘုရင့်သမီး…ကိုကြီးကျော်က ပခန်းမှာနေတာ…မငွေတောင်နဲ့က ကြိုက်လျက်တန်းလန်း…ပုပ္ပားမှာ စားသောက်ရင်း ထန်းရေသည် မဘို့မယ်နဲ့ ကြိုက်သွားရော…ဒါနဲ့ ပုပ္ပားကနေ မောင်ကြီးကျော် မပြန်နိုင်ဖြစ်သွားတယ်…မငွေတောင်က လိုက်ခေါ်တယ်…ခေါ်လို့မရခဲ့ဘူး…မငွေတောင်က စိတ်ဆိုးပြီး 'နင်တောင် ယူသေးတာ ငါလည်း ဆံပင်အစေ့၊ လင်အစေ့ယူမယ်ဟေ့… မင်းက ၁ဝယောက်ကောက်ရင် ငါက အယောက် ၁ဝဝ ကောက်မယ်ဟေ့…' ဆိုပြီး ဌာနေကို ပြန်လာခဲ့တယ်… အဲဒီမှာ ကိုကြီးကျော်နဲ့လည်း ကွဲသွားတာပေါ့…နတ်တွေက လင်မယူ၊ မယားမယူသူတွေကိုတော့ ပိုချစ်တယ်လို့ ပြောကြတာပဲ… နတ်ကတော်တွေက လင်ယူကြသေးတာကိုး…ပန်းဝါ ညည်းလည်း လင်ထပ်မယူနဲ့တော့နော်"
"အာ…အမေသောင်းကလည်း မယူပါဘူး"
ကျုပ်မျက်နှာတွေတောင် ရဲပူသွားသလိုပဲ။
"ဟဲ့…အကောင်းပြောတာ…အရှင်ကျော်က သိပ်စိတ်ထက်တယ်…သူ့ကို မထီမဲ့မြင်မပြုနဲ့ အလှူရေစက် လက်နဲ့မကွာလည်း ရှိရတယ်…ဖေဖေကျော်က မ,ပြီဆိုရင်လည်း သိမ်းမကုန်အောင် မ,တယ်…ချပြီဆိုရင်လည်း ကုန်းကောက်စရာမရှိအောင် ချတတ်တယ်…၊ ဟဲ့…ကြားလား…"
"ဟုတ်…အမေသောင်း"
ပခန်းပွဲက စည်ကားလွန်းလှတယ်။ သိုးဆောင်းမိဖုရားကြီးဆိုတာလည်း တွေ့ရတယ်။ ဆိုင်းသံ၊ ဗုံသံတွေနဲ့ ရှိသမျှ နတ်တွေ အကုန်ပူး။ ထန်းရည်ခါးတွေလည်းတိုက်၊ ပွဲတင်တာတွေလည်း လုပ်ကြရတယ်။ ဒီလိုနဲ့ အမေသောင်း မ,စမှုကြောင့် လေးကျွန်းမောင်မောင် နတ်နန်းကိုလည်း ရောက်ခဲ့တယ်။ အဲဒီနတ်နန်းက ဆယ်သက်ရွာမှာ ရှိတယ်။ ပခန်းမင်းရဲ့ နတ်ကွန်း ထန်းတောနဲ့ လေးငါးမိုင်မက ဝေးတယ်။ တကယ်တော့ နတ်ကွန်း၊ နတ်နန်းနဲ့ တခမ်းတနား ခေါ်ကြတာပါ။ သစ်သားဇရပ်၊ ခြေတံရှည်၊ ကပ်မိုးအဆောက်အဦတစ်ခု။ အဲဒါ လေးကျွန်းမောင်မောင် နတ်နန်းတဲ့။ ပွဲကာလဆိုတော့ ဆက်သ,ထားတဲ့ ပန်းတွေ၊ အဝတ်အစား တောက်တောက်ပြောင်ပြောင်နဲ့ နတ်ပုံတော်တွေလည်း တွေ့ရတယ်။ ကြမ်းပြင်မှာတော့ နတ်ထိန်းကြီးက ထိုင်လို့။ အဲဒီနတ်ထိန်းနဲ့ အမေသောင်းက စကားတွေပြောပြီး ကျုပ်တို့က မုန့်တွေ အများကြီးစားရတယ်။ အမေသောင်းက နတ်နန်းအောက်မှာ လာတောင်းတဲ့ ကလေးတွေကို ဘီစကစ်တွေ၊ ချိုချဉ်တွေ အများကြီးဝေပေးတယ်။ နတ်ထိန်းကြီးကို မေးကြည့်တော့ သူ နတ်ထိန်းလုပ်တာ အဲဒီမှာ အနှစ်နှစ်ဆယ်ကျော်ပြီတဲ့။ ပွဲတော်ရက်အတွင်းမှာ ငွေဝင်ပေမယ့် ပွဲအခါမဟုတ်ရင် ကန်တော့ပွဲပဲ ရသတဲ့။
စိတ်ထဲမှာ နတ်ထိန်းဖြစ်ရတာ ပုံမှန်မဟုတ်ပါလားလို့ အောက်မေ့မိတယ်။ အသက်ခုနှစ်ဆယ်ကျော် အဘိုးကြီးက ကျက်သရောတော့ရှိတယ်။ ကျုပ်က သိချင်တာနဲ့
"အဘ … လေးကျွန်းမောင်မောင်ဆိုတာ ဘယ်သူလဲဟင်…"
"အင်းဝ ဒုတိယမင်းခေါင်ရဲ့သား မင်းလှိုင်က မွေးတာ…ဆယ့်ခုနှစ်နှစ်သားလောက်မှာ ရွှေနန်းကျော့ရှင်နဲ့ ဘထွေးတော်စစ်တိုက်တော့ စစ်ပွဲကျတယ်… အလောင်းကို မယ်တော့်လက်က ယူမျှောလိုက်တော့ ဘိုးဘိုးအောင်က ကယ်ပြီး မောင်မောင်ကို လူအတိုင်း မထားတော့ပဲ နတ်အဖြစ်ပဲ ထားစေခဲ့တယ်လို့ အသက်ကြီးသူတွေက တစ်ဆင့် ပြောပြကြတယ်"
          နတ်ထိန်းကြီးကို မေးကြည့်တော့မှ ကျုပ်မသိတဲ့နာမည်တွေ ထပ်ကြားရပြန်တယ်။ နီမက ခေါင်းကုတ်နေတယ်။ သူလည်း ဘာမှနားလည်ပုံမရဘူး။ အမေသောင်းကိုလည်း တတွတ်တွတ်နဲ့ မေးလို့မဖြစ်ဘူး။ အဲဒီတုန်းက တွေးနေတာက လူတွေ ဘာဖြစ်လို့ နတ်တွေ ဖြစ်ဖြစ်သွားလဲဆိုပြီး…။
***
          အခုတော့ ကျုပ်ရဲ့ စားဝတ်နေရေး၊ ကလေးတွေရှေ့ရေးအတွက်တော့ အမေသောင်း နတ်ကတော်ကြီးက ကျုပ်ရဲ့ ကျေးဇူးရှင်ဖြစ်ခဲ့တယ်။ ပခန်းပွဲက ပြန်လာပြီးနောက် ဒက်ထိတွေ့ရသမျှတွေဟာ တကယ့်ကို အိပ်မက်လိုလို၊ တကယ်လိုလိုအတိုင်း အပြင်မှာ တကယ်လက်တွေ့မြင်ရတာတွေက ကျုပ်အတွက် အံ့သြစရာပဲ။ နောက်ပြီး အဲဒီကအပြန် ကျုပ် လာဘ်တွေရွှင်လာလိုက်တာဆိုတာ မပြောပါနဲ့တော့။
          ဒီလိုနဲ့ အမေသောင်းဆီ တပည့်ခံ၊ သူသင်ပေးတာ လက်ခံပြီး နတ်ကတော်ဘဝကို စားဝတ်နေရေးအရရော၊ ကံကြမ္မာအရရော ရောက်ခဲ့တာပဲ။ ကျုပ်သားသမီးတွေက ဒါတွေကို ဘယ်လိုလုပ်သိမှာလဲ။
          တကယ်တော့ ကျုပ်တစ်ယောက်ပဲ သိတဲ့ အဖြစ်အပျက်တွေက အံ့သြစရာတွေဆိုတာ ကိုယ်တိုင်သိတယ်။ လက်ထဲ ငွေမရှိရင် ရှာကျန်ရောက်လာသလို၊ ကျုပ်သွားမယ့်လမ်းမှာ အန္တရာယ်ရှိတယ်ဆိုရင် ဘယ်လောက်သွားဖို့ ဆုံးဖြတ်ထား ဆုံးဖြတ်ထား ရှာကျန်ပျက်တာပဲ။ တစ်ခါတလေ လူတစ်ယောက်က ကျုပ်ကို ခပ်ပြုံးပြုံးကြည့်နေသလို၊ ခပ်ဆွေးဆွေးကြည့်နေသလိုလည်း ခံစားရတယ်။ တစ်ခါတလေ မသိတဲ့လူတွေက ကျုပ်အိမ်ကို အိမ်တိုင်ရာရောက် လာစကားပြောတယ်။ သွားစေချင်တဲ့နေရာဆို သွားခိုင်းသလို၊ မသွားစေချင်တဲ့နေရာဆို အဖျက်တွေ တွေ့ရတယ်။
          ဒီလိုနဲ့ကျုပ်ကလည်း အလုပ်မရှိ၊ ဝင်ငွေမရှိဆိုတော့ အမေသောင်းဆီမှာ ပညာသင်ယူရင်း နေခဲ့တယ်။ အမေသောင်းက စည်းကမ်းရှိတယ်။ တန်ရာတန်ကြေးပဲ ပညာခယူတယ်။ ကျုပ်က ခြေကဖွားတာဆိုတော့ ကျုပ် ဘယ်နေရာနှိပ်ပေးပေး အမေသောင်းက သဘောကျတတ်တယ်။ သိတဲ့သူတွေ လာလာခေါ်ရင်လည်း ကျုပ်က လိုက်နှိပ်ပေးတယ်။ အဲဒီအခါ ကလေးမုန့်ဖိုး ရတာပေါ့။ ဒါပေမဲ့ အမေသောင်းက ပြောတယ် -
"ပန်းဝါ…ညည်းက နတ်ကတော်ပဲ လုပ်ရမှာပါအေ… သားသမီးဆီကတော့ လုံးဝမမျှော်လင့်နဲ့…သာသမီးဆီက စားရဖို့ ကံဇာတာမပါဘူး…သားသမီးတွေကလည်း ညည်းကို မွေးထားတဲ့ မအေဆိုပြီး စောင့်ရှောက်ရကောင်းမှန်း မသိကြဘူးတဲ့"
အမေသောင်းက အဲဒီလို ကျုပ်ကို နတ်ဟောတယ်။ တကယ်လည်း ဟုတ်ခဲ့တာပဲ။ အမေသောင်းပေးတဲ့ ပညာနဲ့ပဲရှာစားခဲ့တာ အခုချိန်ထိပဲ။
အမေသောင်းက ညည်း မင်္ဂလာဆောင်တုန်းက ဘယ်လိုခံစားရလဲ။ ပျော်နေလားလို့ မေးတော့ ကျုပ် ခေါင်းရမ်းမိတယ်။ လုံးဝပျော်မနေပါဘူး။ ပျော်မနေတဲ့အပြင် အလှတွေပြင်နေတုန်းမှာပဲ ရင်ထဲ ဘာကိုဝမ်းနည်းမှန်းမသိ၊ အလိုလို ဝမ်းနည်းလာပြီး မျက်ရည်တွေ တောက်တောက်ကျလာတော့တာပါပဲ။ တကယ်တော့ ယောက်ျားယူရလို့ ဝမ်းနည်းစိတ်ညစ်တာလည်း မဟုတ်။ ဘာမှန်းကို ကိုယ့်ကိုယ်ကိုယ်မသိနိုင်ဘဲ ရင်ထဲမှာ တစ်ခုခုကို ဝမ်းနည်းနေမိတာပဲ သိတယ်။
အမေသောင်းကို ပြောပြတော့ သူက ခပ်ပြုံးပြုံးရယ်တယ်။
နတ်ကတော် အလုပ်လုပ်ပေမယ့် သင့်လျော်တဲ့ စေတနာငွေကြေးကိုပဲ ကျုပ် စည်းကမ်းရှိရှိယူပါတယ်။ အမေသောင်းကလည်း ပြောထားတယ်။ ဖေဖေကျော် မကြိုက်တာသာ မလုပ်မိစေနဲ့၊ နင် လုံးဝ ထမင်းမငတ်စေရဘူးတဲ့။ လှူတောင်လှူနိုင်ဦးမယ်တဲ့။ ခုတော့ အမေသောင်း မရှိတော့ပါဘူး။
ဒီလိုနဲ့ ကျုပ် မရွေးချယ်ခဲ့တဲ့ နတ်ကတော်ဘဝဟာ ကျုပ်ဘဝ ဖြစ်လာခဲ့တာပါပဲ။
(၄)
ဟော…မိုးနည်းနည်းစဲပြီ။ နေလေး ပွင့်လာပြီ။ ကျုပ် အတွေးနယ်ဆန့်လိုက်တာ အိပ်မပျော်ဘဲ မျက်လုံးတွေ မှေးစင်းသွားတဲ့အထိပဲ။ ဗိုက်ထဲက တကျုတ်ကျုတ်မြည်နေပြီ။ နေမွန်းတည့်ဆိုတော့ ဆယ့်နှစ်နာရီတော့ ကျော်လောက်ပြီ။
ကျုပ် မခင်ဖြူကို သတိရမိတယ်။ သူက အကူအညီလိုရင်ပြောလို့ ပြောထားတယ်။ ပိုက်ဆံ ငါးထောင်လောက် သွားချေးရင် ကောင်းမလားလို့ စဉ်းစားမိတယ်။ မတတ်နိုင်ဘူး၊ သွားမှဖြစ်မယ့် အခြေအနေပဲ။ ရှေ့ရက်တွေတုန်းကလည်း ဘယ်သူကမှမခေါ်၊ ကန်တော့ပွဲလည်းမတင်ရဆိုတော့ ပိုက်ဆံမရှိ။ ဒီလိုအချိန်ကျမှ မိုးက အဆက်မပြတ်ရွာ၊ ဒီကြားထဲ မုန်တိုင်းဝင်မယ်ဆိုတော့ ရင်တမမနဲ့။ တော်သေးတယ်၊ လေကမကြီးလို့။ ကျောက်ဖြူဘက်ကတော့ မုန်တိုင်းတိုက်မယ်ဆိုပဲ။ ကျုပ်လည်း ဟိုဘက်အိမ်က တီဗွီအကျယ်ကြီးဖွင့်လို့သာ ကြားရတာ။
ကဲ…တွေးမနေတော့ဘူး။ ကွပ်ပျစ်ကအဆင်း ရေထဲ မျောနေတဲ့ ဖိနပ်ကို ဘယ်တစ်ရန်၊ ညာတစ်ရန် ကောက်ပြီး ထဘီကို တိုတိုဝတ် ထွက်လာခဲ့တယ်။
"ဒေါ်ပန်းဝါ… ဘယ်သွားဦးမလို့လဲ…ရေထဲ ချော်လဲနေဦးမယ်"
အရှေ့အိမ်က ဒေါ်မိုးမိုးယောက်ျားက အိမ်ပေါ်ကနေ လှမ်းအော်တယ်။
"ဒီနားလေးပါ"
ကျုပ်ထွက်လာပြီး လမ်းမရောက်တော့ ရေတွေက ဖွေးနေတာပဲ။ စားသောက်ဆိုင်နဲ့က သိပ်မဝေးလို့ တော်သေးတယ်။ မခင်ဖြူများ ခရီးသွားနေမလား။ ကျုပ် တွေးနေဆဲမှာပဲ ကားအဖြူလေးတစ်စင်း ဘေးက ကပ်ဖြတ်သွားတယ်။ ကားထဲ ဖျက်ခနဲကြည့်လိုက်တော့ ရှေ့ခန်းက သမီးအငယ်နဲ့ တူသလားလို့ ကြည့်နေတုန်းမှာပဲ အဲဒီကားက ကျုပ်သွားမယ့် ဧရာဝတီ စားသောက်ဆိုင်ရှေ့ ရပ်လိုက်တယ်။
ဟုတ်ပ…။ ဆင်းလာတာ ကျုပ်သမီးနဲ့ ကျုပ်သမက်ပဲ။ နောက်ခန်းထဲမှာ ကျုပ် မြေးမလေးတောင် ပါသေး။ ခြေလှမ်းတွေကို သုံးလှမ်းလောက် မြန်မြန်လှမ်းပြီးမှ ချက်ချင်း ပြန်နှေးသွားတယ်။ နောက်ခန်းထဲက ဧည့်သည်ဖြစ်ပုံရတဲ့ အမျိုးသားတစ်ဦး ဆင်းလာသေးတယ်။ သူတို့ စားသောက်ဆိုင်ကို လာစားတာထင်ပါရဲ့။ ကျုပ်ခြေလှမ်းတေါကို တမင်နှေးထားလိုက်ပြီး သူတို့ စားသောက်ဆိုင်ထဲ ဝင်သွားတာ တော်တော်ကြာမှ ဆိုင်ရှေ့ကပတ်ပြီး အနောက်ဘက် မီးဖိုဆောင်ဆီ တန်းဝင်လာခဲ့တယ်။ စားသောက်ဆိုင်က ဝန်ထမ်းတွေနဲ့လည်း ခင်နေပြီမို့ ကျုပ်ကိုလည်း မြင်ရော -
"ဟာ…အမေကြီး…မိုးရွာကြီးထဲ ဘယ်ကနေရောက်လာတာတုံး"
"ဒီကိုပဲ လာတာ"
"အစ်မနဲ့တွေ့ဖို့လား"
"ဟုတ်တယ်"
ဆိုင်က ဖြူဖြူဝဝ စာရေးမလေးက အံ့သြတကြီး ဆီးမေးတယ်။
"အမေကြီးက ထီးကိုင်ပြီး ထီးမဆောင်းခဲ့ဘူးလား…အင်္ကျီတွေတောင် စိုလို့…"
"ဟုတ်ပ… ကျုပ်လည်း မေ့သွားတယ် ထင်ပါ့"
ဟုတ်တယ်။ လမ်းမှာ ထီးဖွင့်ဖို့ မေ့သွားတယ်။ မိုးက ဖွဲဖွဲတော့ ကျနေသေးတယ်။ စာရေးမလေးက အိမ်ပေါ်ထပ် တက်သွားပြီး ပြန်ဆင်းလာတယ်။
"အမေကြီး…အစ်မက အပေါ်တက်ခဲ့ပါတဲ့… အမေကြီး ကြာဆံကြော်လား… ခေါက်ဆွဲကြော်လား…တစ်ခုခု လုပ်လိုက်မယ်နော်"
"အေး…အေး…အဆင်ပြေတာသာ လုပ်ပါ"
သူတို့က ကျွေးနေကျမို့ ဒီတစ်ခါတော့ ဗိုက်ဆာနေတာနဲ့ ငြင်းမနေတော့ဘူး။ စားသောက်ခန်းအဆောင်ဘက်ကို လိုက်ကာစလေး အသာဆွဲဟကြည့်လိုက်တော့ သမီးငယ်တို့ လင်မယား မိသားစုကို တွေ့ရတယ်။
"အမေကြီး…ဘာချောင်းကြည့်နေတာလဲ…"
"အဲ…"
"သြော်…သူများ မိသားစုကိုကြည့်ပြီး အားကျနေတာမလား…ဒါမှမဟုတ် မိုးအေးအေးနဲ့ ပြန်လွမ်းနေတာလား"
"အဲ…မဟုတ်ပါဘူး…အမေကြီးမှာ အားကျစရာ မရှိပါဘူး…ကဲ ကဲ အမေကြီး အပေါ်တက်လိုက်ဦးမယ်"
စားပွဲထိုးလေးက ခင်လို့စ,တာ ဆိုပေမယ့် ကျုပ်စိတ်ထဲ မလုံမလဲဖြစ်သွားတယ်။ အပေါ်ထပ်ရောက်တော့ မခင်ဖြူက အိပ်ခန်းထဲ လှဲနေရာက ထွက်လာပြီး -
"အမေကြီး ဒီနေ့ အားလို့လား…အတော်ပဲ လက်ဆစ်တွေ ကိုက်နေတာနဲ့ ခေါ်ခိုင်းမလို့ မိုးရွာနေတာနဲ့…"
ဒီလိုပဲ ကျုပ်က အားရင် ဘယ်မှသွားစရာမရှိတော့ သူ့ဆိုင်ကို လာလည်နေကျ။
"လှဲလိုက်…လှဲလိုက်…မိုးအေးတော့ အကြောတွေ လေးနေပြီမလား…"
မခင်ဖြူရဲ့ လက်ဆစ်လေးတွေကို ဆေးလိမ်းပေးရင်း စဉ်းစားနေမိတယ်။ မခင်ဖြူကို ဘယ်လိုပြောရမလဲ။ စိတ်တွေက လူးလာခတ်နေသလို၊ ကျုပ် တစ်သက် သူများဆီက ပိုက်ဆံမချေးဖူးတာကြောင့် မခင်ဖြူကို ငွေငါးထောင်ချေးဖို့ ထုတ်ပြောရမှာ အတော်ဝန်လေးနေမိတဲ့အဖြစ်။ တကယ်ဆို ကျုပ်အဖြစ်က ရယ်စရာအကောင်းသား။ ဒီဆိုင်ထဲမှာ ကိုယ့်သမီးအရင်းတစ်ယောက်လုံး ရှိနေတာကို။ ဟင့်အင်း…ကျုပ် သူစိမ်းဆီပဲ မျက်နှာအငယ်ခံလိုက်မယ်၊ သူတို့ဆီကတော့ မတောင်းချင်၊ မချေးချင်ပါဘူး။ ဆယ့်ငါးမိနစ်လောက် နှိပ်ပြီးတော့ -
"အမေကြီး တော်ပြီ တော်ပြီ…ကျွန်မလည်း အလုပ်တွေ ရှိသေးလို့…အောက်မှာ တစ်ခုခုစားသွား"
"ဟုတ်…, မခင်ဖြူ အမေကြီး ပြောစရာရှိလို့…"
"သြော်…ပြောလေ…ရပါတယ်"
မခင်ဖြူက ကျုပ်ကို ကြည့်နေဆဲ ကျုပ် နှုတ်ခမ်းလှုပ်ရုံလေးပဲ အသံထွက်နိုင်တယ်။
"မခင်ဖြူကို အမေကြီး အကူအညီတစ်ခုလောက် တောင်းချင်လို့ပါ…ဟိုလေ…ဟို…အမေကြီးကို ငွေငါးထောင်လောက် ခဏချေးပေးပါလား…ဒီရက်တွေမှာ ငွေကျပ်နေလို့…"
"သြော်…ဘာများလဲလို့…ရပါတယ်…ရော့…ချေးလည်းချေးမနေဘူး…ငွေတစ်သောင်း ယူသွားလိုက်… အမေကြီးကို ပေးတာ…ပြန်ပေးစရာမလိုဘူး… အောက်မှာ ကြက်ဥငါးလုံးနဲ့ ဆန်နှစ်ပြည် ထည့်ပေးလိုက်ဖို့ ပြောလိုက်မယ်… မနေ့ကမှ ဆန်တစ်အိတ် လက်ဆောင်ရထားတာ… ဖွေးသန့်နေတာပဲ"
"ဟို…ငါးထောင်ဆို ရပါပြီ"
"ကဲ…အမေကြီး ဘာမှပြောမနေနဲ့… မိုးတွေလည်း မည်းလာပြီ မိုးမိနေဦးမယ်"
"ဟုတ် ဟုတ်…ကျေးဇူးပဲ မခင်ဖြူ"
ကျုပ် အောက်ကို ဆင်းခဲ့တယ်။ ငွေတစ်သောင်းကို အင်္ကျီအိတ်ထဲထည့်ရင်း အောက်မှာ အဆင်သင့်ပြင်ထားတဲ့ ခေါက်ဆွဲကြော်ကို ဗိုက်ဆာဆာနဲ့ အဝစားလိုက်ရင်း ကျေးဇူးရှင် မခင်ဖြူကို မေတ္တာပို့သမိတယ်။ ဒါကြောင့် ပြောပါတယ်၊ ဖေဖေကျော်က ကျုပ်ကို ပစ်မထားပါဘူးလို့။ စိတ်ထဲမှာ ဖေဖေကျော်ရေ…ဆန်လေးတော့ ရမှဖြစ်မယ်လို့ အကြိမ်ကြိမ်တလိုက်တာ ကြက်ဥငါးလုံးနဲ့ ဆန်က ကိုယ့်ရှေ့မှာ အဆင်သင့်။ မနက် ဆွမ်းအတွက် အဆင်ပြေသွားပြီ။
သမီးငယ်များ ရှိဦးမလားလို့ လိုက်ကာလေးကြားက အသာလှမ်းကြည့်မိတယ်။ ရှိသေးတယ်။ စားပွဲဝိုင်းမှာ စားဖွယ်အစုံအလင်နဲ့။ ကျုပ် မြေးမလေးကလည်း တူကို မကိုင်တတ် ကိုင်တတ်နဲ့ ခေါက်ဆွဲတွေကို အမျှင်လိုက်ပါအောင် စားနေပါ့။
တစ်ချက်ကြည့်ပြီး ပြန်ထွက်ခဲ့တယ်။ ဆိုင်ရှေ့မှာ ရပ်ထားတဲ့ သမီးငယ်တို့ ကားနောက်ခန်းထဲမှာ မြင်လိုက်ရတာ ပန်းသီးတွေ၊ မုန့်ပုံးနဲ့ အခြားပစ္စည်းတွေ။ တစ်ယောက်ယောက်ကိုများ သွားကန်တော့မလို့လား။ သူ့ယောက်ျားက ဟိုတလေဆီကပဲ ရာထူးတက်တယ်လို့ကြားတယ်။
ကျုပ်လက်ထဲမှာ ဆန်နှစ်ပြည်အိတ်နဲ့ ကြက်ဥငါးလုံး အိတ်လေးကို သေချာဆုပ်ကိုင်ရင်း၊ လက်တစ်ဖက်က ထဘီကို ခြေသလုံး အလယ်လောက်ရောက်အောင် မ,လိုက်တယ်။ လမ်းမမှာ ရေတွေက ဖွေးလို့။
ကျုပ် ဘယ်သားသမီးဆီကမှ တစ်ကြိမ်တစ်ခါ လက်ဖြန့်မတောင်းခဲ့ဖူးပါဘူး။ ကျုပ်ဘဝမှာ ကျုပ်ကိုယ် ကျုပ်တောင် မသိလိုက်ဘဲ ဖြစ်လာခဲ့တဲ့ နတ်ကတော် ဆိုတာကြီးကြောင့်ပဲ ဒီနေ့ ဒီအချိန်ထိ ကျုပ် ထမင်းနပ်မှန်အောင် စားနေရတာပဲကြည့်…။ အဲဒါ ဖေဖေကျော် ကျုပ်ကို စောင့်ရှောက်နေလို့ပေါ့။
***
ကျုပ် အိမ်အပေါက်ဝလည်းရောက်ရော -
"ဗျို့…ဒေါ်ပန်းဝါ…ခုမှ ဘယ်ကပြန်လာတာလဲ"
"စားသောက်ဆိုင်က ပြန်လာတာ"
"သြော်…ဒေါ်ပန်းဝါတို့များ မိုးအေးလို့ ချက်မစားဘဲ စားသောက်ဆိုင် သွားစားတယ်ပေါ့"
"အေး…ဟုတ်တယ်ဟေ့"
ပျော်တတ်တဲ့ ဒေါ်မိုးမိုးယောက်ျားက လှမ်းနောက်တယ်။ ကျုပ်ဗိုက်ကတော့ တင်းကားလို့နေပြီ။ မိုးကလည်း မနက်ဖြန် ဆက်ရွာဦးမယ် ထင်ပါရဲ့။ ရတယ်။ ရွာချင်လည်း ရွာပလေ့စေတော့။ ဖေဖေကျော့်တန်ခိုးနဲ့ နှစ်ဆတိုးလာတဲ့ငွေ လက်ထဲရှိနေပြီပဲ။ ဘုရားတင် ပွဲတင်လေးတော့ လုပ်ရဦးမှာပေါ့။
ဗိုက်ကလည်း လေး၊ ပုတီးလေးစိပ်မလို့ စိတ်ကူးတုန်း
"အမေကြီး ဒေါ်ပန်းဝါ ရှိလား…"
"ဟေ…ရှိတယ် ရှိတယ်…ဖိုးကျော်လားဟေ့…ဝင်ခဲ့လေ"
"ခုနက လာသေးတယ်…အမေကြီးမရှိလို့…ဒေါ်ရွှေတင်တို့ လာသွားတယ်…ဒီ တနင်္ဂနွေကို ခါတိုင်းလိုပဲ ပွဲအစုံ တင်ပေးပါတဲ့…မိုးရွာနေလို့ ပြန်မလာတော့ဘူးတဲ့… ပွဲနှစ်ပွဲအတွက် ငွေတစ်သောင်း ပေးသွားတယ်… အဆင်ပြေသလို ကြည့်လုပ်ပြီး ကျန်တာ အမေကြီးအတွက် ယူလိုက်တဲ့… ဒါက အမေကြီး မနက် ဆွမ်းလောင်းဖို့တဲ့ ဆန်နှစ်ပြည်"
"အေး အေး…စိတ်ချ စိတ်ချ…ကျေးဇူးပဲ ဖိုးကျော်ရေ…"
လက်ထဲမှာ ဖိုးကျော်ပေးသွားတဲ့ တစ်ထောင်တန်အသစ်လေးများ၊ ဖြူဖွေးနေတဲ့ ပလတ်စတစ်အိတ်ထဲက ဆန်စေ့များ။
ကျုပ် ဝမ်းသာသွားတယ်။ မျက်ရည်ဝဲဝဲနဲ့တောင် စိုက်ကြည့်နေမိတဲ့အဖြစ်။ မနက်တုန်းကနဲ့များ ကွာလိုက်တာ။
ကဲ…ကျုပ် မပြောဘူးလား…
ဖေဖေကျော်က ကျုပ်ကို ပစ်မထားပါဘူးလို့….။
စောင့်ရှောက်ပါတယ်လို့…။

 ချောအိမာန် (မန္တလေး)
ခွာပြာသင်း (မန္တလေး ဝတ္ထုတိုများ စုစည်းမှု)







         

3 comments:

myothakoyin said...

Thanks for a nice surprise posting on this pretty unactive blog. (we wait and read , you see!) .

It is a well research and attractive presenting that enables the readers to hear, to see in a partucular perspective on this old, non-Buddhist and very complex subculture operating largely undisturbed all along our history. The main message, I guess, seem to be the Natkadaw's bumpy relationship with her modern inspired sons/daughters. The family intrigue is subtly touched but it effected the readers to be lingering on (continue to be pondering) It is a overused Mandalay colloquial (spoken) writing style.Yet this style suits here since it makes the Natkadaw's life comes alive, her emotions come ours and her voices umistakenly heard.

Any advice where can one living abroad get/buy your books?

regards
myotthakoyin

သဒ္ဓါလှိုင်း said...

ဖတ်လို့ကောင်းလိုက်တာ မရယ်.။ ဖတ်ရင်း မျောသွားလိုက်တာ မျက်လုံးထဲမှာလည်း မြင်ယောင်နေတဲ့အထိ စာရေးကောင်းလိုက်တာ..။
ချမ်းမြေ့ပျော်ရွှင်ပါစေ မ..။
ခင်မင်လေးစားလျက်
သဒ္ဓါ

kg said...

ဆရာမရေ စာကောင်းတပုဒ်ပါ...
ဝတ္ထုရှည်ဖြစ်မယ်လို့ထင်ပါတယ်...
အခုနောက်ပိုင်း ဆရာမ ပို့စ်တင်တာ အတော်ကျဲတယ်လို့ထင်ပါတယ်..
အီးမေးလ်လိပ်စာသိပါရစေ...
ဆက်သွယ်ချင်ပါတယ်။
ဒီစာမူကို ဘာကြောင့်ရေးဖြစ်တယ်ဆိုတာပါ တင်ပေးရင် ပိုကောင်းမယ်ထင်ပါတယ်။