Saturday, July 14, 2012

ခံတပ်နဲ့အား




ကျွန်မတစ်ယောက်တည်း လမ်းမကြီးဘေးမှ လမ်းလျှောက်ခဲ့တယ်။ ခရေပန်းနံ့နဲ့ ခပ်ဆင်ဆင်တူတဲ့ ရနံ့တစ်ခု နှာသီဖျားက တစ်ဆင့် တိုးဝှေ့ဝင်ရောက်လာတယ်။ ကျွန်မ ရောက်ရှိနေတဲ့နေရာက လူလေးငါးယောက် လက်ဆန့်တန်းပတ်စာကြီးမားတဲ့ ညောင်ပင်ကြီးသုံးပင်အောက် ကျွန်မ ခြေစုံရပ်လို့ နေမိတယ်။ နေအပူထဲကနေ အပင်အောက် ရောက်သွားတယ်ဆိုရင်ပဲ အေးမြတဲ့ ခံစားမှုက အနားမှာ လွှမ်းခြုံလာတယ်။ ညောင်ပင်ကြီးရဲ့ လက်တံတွေက ဆန့်တန်းလို့ အရင်နဲ့တခြားစီ။ အကိုင်း အခက်တွေဖြာဝေလို့။ အရင်က ဒီအပင်ကြီးအောက် မလာရဲပါ။ ဟုတ်တယ်။ လုံးဝမလာရဲခဲ့ဘူ။ အဲဒီတုန်းက ဒီအပင်ကြီးတွေရဲ့ အေးမြမှု အရိပ်အာဝါသနဲ့ အကျိုးပြုမှုကို မသိနိုင်ခဲ့။

ဒီအင်ကြီးမှာ ညောင်ပင်တစ္ဆေ ဝေလေလေတွေ ရှိခဲ့သလို၊ လပြည့်လကွယ်ညတွေရောက်တိုင်း ဒီအပင်ကြီးအောင် တစ္ဆေတွေ ပျော်မြူးသလို၊ ခြောက်ခံရလို့ ထွက်ပြေးသူတွေလည်းမနည်း။ ဒီအထဲမှာ အကြောက်တရားကင်းစင်အောင် ရိပ်သာနေကြသူတွေလည်း ဒီအပင်နားကဖြတ်ရင် ဆွဲခံရတယ်တဲ့။ အဲဒီအပင်ကြီးအောက်များ မဖွယ်မရာ မပြုမူနဲ့၊ မပြောနဲ့။ တစ်ခါတည်းကို ပူးဖြစ်တော့တာပဲတဲ့။ တစ်နေ့တစ်မျိုး ဇာတ်လမ်းများက ကျွန်မတို့လို ငယ်သေးတဲ့ကလေးတွေအတွက် အရှိန်တွေက တဖြည်းဖြည်းတက်လာပြီး လူစုစုဆို ဒီအကြောင်းအရာပြောဖို့ပဲ ချောင်းနေကြတာ။ မပြောဘဲလည်း မနေနိုင်ပြန်ဘူး။ ကိုယ်လည်း တကယ်မြင်ရတာမဟုတ်။ ဒါပေမဲ့လည်း ငယ်စဉ်ကတည်းက စွဲသွားစေတဲ့အရိပ်က တော်တော်နဲ့ဖျောက်လို့မရ။ ညောင်မုတ်ဆိတ်တွေ ရှည်လျားစွာကျနေတဲ့အရိပ်က ညဆိုရင် လျှာကြီးထုတ်ထားသယောင်ယောင်။ အဲဒီနားရောက်လို့ တစ်ယောက်ယောက်က စမပြေးနဲ့၊ အကုန်လုံး ခြေဖနောင့်နဲ့တင်ပါး တစ်သားတည်းကျအောင် ပြေးရတော့တာ။ တစ်ယောက်က အော်သံမပေးလိုက်နဲ့၊ အရာရာကို စူးစမ်းမကြည့်ဘဲ အကုန်လိုက်အော်ပြီး ပြေးကြတော့တာ။

အပင်အောက်မှာရှိတဲ့ ရုက္ခစိုးနတ်ကွန်းလေးတွေက အခုတော့ လေး၊ငါး၊ ခြောက်ခု မကတော့။ အရင်ကတော့ မရှိခဲ့။ နတ်ကွန်းလေးတွေရဲ့အောက်ခြေမှာတော့ အပင်တွေမရှိ။ သပ်သပ်ရပ်ရပ်လေးတော့ ရှိပေမယ့် တချို့ နတ်ကွန်းကျ ယိုင်ရွဲ့ရွဲ့။ ရိုးရာလေးတွေတော့ တင်ထား၊ ပသထားကြတာ တွေ့ရတယ်။

အခုလို ရိုးရာအပေါ် လူတွေရဲ့ အားသာချက်၊ အားနည်းချက်တွေ နေရာတိုင်းရှိနိုင်ပေမယ့် ကျွန်မတို့ လူမျိုးစုတွေဟာ ရိုးရာကို အင်မတန် ဂရုပြု အလေးထားကြတယ်။ အရင်က ဒီနတ်စင်၊ နတ်ကွန်းလေးတွေနဲ့ ပတ်သက်ပြီး လူကြီးတွေ ပြောပြခဲ့ဖူးတာ ကြားခဲ့ဖူးတယ်။

တစ်ခါက ရွာတစ်ရွာမှာ အမြဲလိုလိုဓားပြတိုက်ခံရတယ်။ လူဆိုး၊ သူခိုးတွေကလည်း ပေါများလှတယ်။ အဲဒီ ရွာထိပ်မှာ ရွာကိုစောင့်ရှောက်ဖို့ နတ်စင်၊ နတ်ကွန်းရှိတယ်။ ရွာလူဆိုးတွေက ရွာတစ်ရွာကို ဓားပြသွားတိုက်တော့မယ်ဆိုရင် အဲဒီရွာထိပ်က နတ်ကွန်းထဲ လက်နက်တွေ ထောင်ပြီးသွားပြကြတယ်။ ရိုးရာမုန့်တွေ ပူဇော်ပသကြတယ်။ နတ်ကွန်းသွားပြတဲ့ လက်နက်တွေထဲက လက်နက်တစ်ခုခုလဲသွားခဲ့ရင်၊ ထောင်ထားရာကလဲကျသွားခဲ့ရင် အဲဒီနေ့ လူဆိုးတွေ ဓားပြမတိုက်တော့ဘူး။ မအောင်မြင်ဘူးလို့ ယူဆရင်း အလုပ်မလုပ်ကြတော့ဘူး။ ဒီလိုကြမ်းတမ်းပြီး မကောင်းမှုပြုလုပ်နေတဲ့သူတွေအပေါ်တောင် ဒီနတ်ကွန်းလေးတစ်ခုက လွှမ်းမိုးပြီး သြဇာသက်ရောက်မှု ရှိခဲ့ကြတယ်။

ဒီ နတ်စင်၊ နတ်ကွန်းတွေကြောင့်ပဲလား။ အဲဒီနားက အပင်တွေ စိမ်းစိုနေတာတွေ့ရတယ်။ လူတော်တော်များများက အပင်အောက် အပေါ့အပါးသွားရမှာ ဝန်မလေးပေမယ့် နတ်ကွန်းရှိတဲ့ အပင်အောက်ကိုတော့ အပေါ့အပါး ဘယ်သူမှ မသွားရဲကြဘူး။ နတ်ကွန်းဟာ လူတွေကို တစ်နည်းတစ်ဖုံ စိတ်အာရုံကို ပြောင်းလဲစေသလို အတားအဆီး တစ်ခုဖြစ်စေတယ်။ ရှင်ကြီး၊ ရှင်လေး မမြင်ရပေမယ့် စိတ်တုံးတုံးချပြီး ပြီးစလွယ် သစ်ပင် မခုတ်ရဲကြဘူး။ တော်ရုံသစ်ပင်လောက်တော့ အဆီးအတားမရှိ ခုတ်ထွင်းရှင်းလင်းပြီး၊ မြေကွက်လပ်တွေဖြစ်၊ အဆောက်အအုံ တိုက်တာတွေ နေ့ချင်း ညချင်း ကူးပြောင်းလာကြ။ နာဂစ်ဖြစ်ပြီး သေကျေပျက်စီးသွားတဲ့ အပင်တွေ နှမြောစရာ။ အဲဒီ အပင်အမြစ်တွေကပဲ ကိုယ့်ဆီမှာတော့ ဒဏ်ရာအနာတရနဲ့ လူးလူးလှိမ့်လှိမ့်ခံရပေမယ့် တခြားတခြားသော နိုင်ငံနေရာဌာနတွေမှာတော့ ပြောင်လက်တောက်ပတဲ့ ဧည့်ခန်းဆောက်အသုံးအဆောင်များအဖြစ် နေရာယူလို့။ သြော်…. နှမြောစရာ… ကျွန်မတို့ဟာ နှမြောစရာ ဆိုတဲ့ စကားနဲ့များ နေသားကျနေပြီလား။

ကျွန်မလက်ဆောင်ရထားတဲ့ တရုတ်ပြည်ထုတ် ကြွေပန်းအိုးလေးတစ်အိုး ကျကွဲသွားတာ မနှမြောပေမယ့် မြေစဉ့်အိုးလေး မလှမပနဲ့ နှုတ်ခမ်းပဲ့သွားတာကို နှမြောနေမိတဲ့အဖြစ်။ မျက်စိတစ်ဆုံးမြင်ရတဲ့ တောင်ခေါင်းတုံးပေါ်က အပင်ပေါင်းများစွာကိုလည်း လှမ်းပြီး နှမြောလိုက်သေးတယ်။ မြေနီနီနဲ့ တောင်ခေါင်းတုံး၊ တစ်ဖက်က အပင်တွေနဲ့ စိမ်းစိုစိုတောင်ကုန်း။ ဘာမှ နှိုင်းယှဉ်လို့မရအောင် ကွာခြားနေခဲ့တယ်။ ဒီအတွက် ကျွန်မက နှမြောနေမိပြန်သည်။ ရုပ်ဆိုး အကျည်းတန်တာနဲ့ လှပပျိုမြစ်မှု ဘေးချင်းယှဉ်ကပ်လျှက်ချထားသလို။

ကျွန်မက ခုတော့ လတ်တလော ညောင်ပင်ကြီးအောက်မှာ အေးအေးဆေးဆေးထိုင်ရင်း ညောင်မုတ်ဆိတ်နဲ့ စကားပြောနေမိတယ်။ ရှည်လျားစွာတွဲလောင်းကျနေတဲ့ ညောင်မြစ်တွေကို အရင်တုန်းက မကြည့်ရဲခဲ့ဘူး။ ခုတော့ အရင်တုန်းကလို ကြောက်စိတ်လည်း မရှိတော့သလို ထွက်ပြေးဖို့လည်း မရည်ရွယ်ခဲ့ပါဘူး။ အပင်ကြီးအောက် နတ်ကွန်းတွေ စီစီရီရီနဲ့ရှိနေတဲ့ ဒီညောင်ပင်ကြီးတွေဟာ သက်တမ်းတွေ မနည်းတော့ဘူး။ ကျွန်မနဲ့ ဝေးကွာသွားတာ ကြာပေမယ့် ခုလိုအရင်ကထက်မက စိမ်းစိုမှုတွေနဲ့ တွေ့ရလို့ အံ့သြဝမ်းသာမိသေးတယ်။ ညောင်ပင်ဆိုရင် ရုက္ခစိုးရှိတယ်ဆိုတဲ့ အတားအဆီး အခြောက်အလှန့်တွေကြား၊ သူ့ရပ်တည်မှုနဲ့ သူ ရှင်သန်နေခဲ့တာကို ကျွန်မ သဘောပေါက်ခဲ့ပြီ။

တကယ်တော့ ရုက္ခစိုးတွေ၊ နတ်ကွန်းတွေရှိနေတာကိုက တစ်နည်းအားဖြင့် အပင်တွေအတွက် အကာအကွယ်တစ်ခုပါ။ အလုံခြုံဆုံးလို့တော့ မပြောနိုင်ပေမယ့် ပြီးစလွယ် အပင်ခုတ်ဖို့ဆိုတာတော့ မဖြစ်နိုင်ဘူးပေါ့။ နောက်ပြီး ဒီလို အပင်ကြီးမျိုးတွေဆိုရင် လူသားတွေအတွက် အောက်ဆီဂျင်ဟာ နှစ်ချီအသုံးဝင်နေပြီ။ ဒီလို နတ်ကွန်းလေးရှိနေတဲ့ အပင်တိုင်း အပင်ကြီးတွေဖြစ်ပြီး အခက်အလက်တွေ ဝေဆာစိမ်းစိုနေတာကို တွေ့ရတယ်။ တစ်ခုခုပြုပြင်ချင်ရင် တောင်းပန်ရ၊ နေရာရွှေ့ပေးရ၊ ပွဲတင်ရနဲ့ ကိုယ့်နတ်ကွန်းလေးတစ်ခုကို ပြုပြင်တည်ဆောက်ရင်း အပင်ကို အခက်မချိုး၊ အပင်အောက် သပ်သပ်ရပ်ရပ်လေးဖြစ်အောင် ပြုလုပ်ကြတယ်။ တချို့ မယုံကြည်သူများကတော့ အဝေးကနေ ခပ်ဝေးဝေးရှောင်သွားကြတယ်။ တချို့ကျတော့လည်း ကျွန်မတို့ ငယ်စဉ်ကလို မမြင်ရတဲ့ ရုက္ခစိုးကိုကြောက်လို့ အပင်ကို ကွေ့ပတ်ရှောင်ကြတယ်။ အရက်သမားများတောင် ဒီနေရာရောက်ရင် အသံကျယ်ကျယ် မပြောရဲတော့ဘူး။ တချို့ကလေးတွေလည်း ခုချိန်ထိ ညောင်ပင်တစ္ဆေအကြောင်းပြောကြတုန်း။ တစ်ယောက်လည်းလွှတ်ရင် ကွေ့ပတ်သွားကြတုန်း။ ညောင်ပင်အောက်ရောက်ရင် အလိုလို အသံတွေတိတ်ပြီး ဘုရားစာရွတ်သွားကြတုန်း။

သူတို့မေးကြည့်ရင် သရဲကို ကြောက်တာလား၊ ရုက္ခစိုးကြောက်တာလား၊ နတ်ကို ကြောက်တာလားဆိုတာ ရေရေရာရာမသိ။ တချို့ကတော့ အကုန်လုံးလို့ရောချပြီး သုံးခုစလုံး ဘာမှလည်း မမြင်ဖူးကြ။ အရွက်လေးတစ်ရွက်တောင် မခူးရဲကြ။ ညောင်သစ်ကိုင်းခြောက်လေးတောင် ထင်းစိုက်ဖို့မယူရဲကြဘူး။ ဒါကို ကျွန်မက ခုချိန်မှာ ဝမ်းသာနေနိုင်ခဲ့ပြီ။ တစ်ခုခုဆိုရင် အပင်ခုတ်ဖို့၊ ထင်းလုပ်ဖို့ စဉ်းစားနေသူတွေအတွက် အခွင့်အရေးမရနိုင်တော့။ ဘာပဲဖြစ်ဖြစ် သူတို့ကို ရုက္ခစိုးပြုစားမှာ ကြောက်သလို၊ နတ်ကိုင်ခံရမှာ၊ တစ်စုံတစ်ခုဖြစ်မှာကိုလည်း ကြောက်ရွံ့စိတ်ရှိနေသေးတယ်။ တစ်ဖက်ကကြည့်ရင် မကောင်းပေမယ့် တစ်ဖက်ကကြည့်ရင်လည်း သစ်ပင်ကြီးတွေအတွက် ဝမ်းသာကျေးဇူးတင်မိတယ်။

လမ်းတစ်လျှောက် သစ်ပင်ကြီးတွေ အောက်မှာ တွေ့ရတဲ့ နတ်စင်၊ နတ်ကွန်းလေးတွေက ဒယိမ်းဒယိုင်လေးတွေဖြစ်နေပြီး သစ်သားအဟောင်း၊ သစ်သားအဆွေးလေးတွေ ဖြစ်နေပေမယ့် အဲဒီ အရှိန်လေးတွေကပဲ ရှိနေသေးလို့လားမသိ။ သူတို့ ဘေးဘီအထက်မှာ စိမ်းစိုဝေဆာ၊ အုံ့ဆိုင်းနေတဲ့ သစ်ပင်ကြီးတွေကတော့ ခံ့ခံ့ထည်ထည်ရှိနေပါတယ်။ ဘယ်အပင်ကြီးမှ ရုက္ခစိုးရှိတယ်ဆိုတဲ့ ဆိုင်းဘုတ်မတပ်ထားပေမယ့် အပင်ကြီးရင် ရုက္ခစိုးရှိတယ်ဆိုတဲ့အရိပ်၊ အသိကြောင့် ဖယောင်းတိုင်၊ အမွှေးတိုင်၊ ပန်းတွေ ပူဇော်ပသနေတာတွေ ရှိနေပါသေးတယ်

အပင်ကြီးတွေမှာ သရဲ၊ ဘီလူး၊ ပြိတ္တာ တွေ မှီခိုနေထိုင်တယ်ဆိုတဲ့ အစွဲ၊ အသိတွေအစား ရုက္ခစိုးနဲ့ နတ်တွေရှိတယ်ဆိုတဲ့ အသိက လူတွေရဲ့စိတ်ကို ပိုဝင်ရောက်လာပြီး တော်ရုံနတ်ကွန်းကို မဖျက်ရဲသလို သစ်ပင်ကိုလည်း မခုတ်ရဲကြပါဘူး။ ဒါကြောင့် မြို့တစ်မြို့၊ နယ်မြို့တွေရဲ့သွားရာလမ်းတစ်လျှောက် အပင်ကြီးတွေ အောက်မှာ နတ်ကွန်းလေးတွေ စီစီရီရီရှိနေပါတယ်။ တချို့ နေရာ အပင်သေးရင်သေးသလို နတ်ကွန်းငယ်ငယ်လေးတွေ ရှိပါတယ်။ ရိုးရာအသိလေးတွေ၊ ရိုးရာဓလေ့လေးတွေ၊ ဆိုင်ရာပိုင်ရာလေးတွေ ပြုလုပ်ခြင်းအပေါ် ဘယ်သူမှ အနှောင့်အယှက်မပြုကြပါဘူး။ အဲဒီလို မပြုမူခြင်းကဘဲ အပင်တွေအတွက် ရှင်သန်ဖို့ အခွင့်အရေးတစ်ခုလို ဖြစ်လာပါတယ်။

ဒီတော့ ဘယ်လိုပဲဖြစ်ဖြစ် ခရီးသွားတိုင်း မြင်တွေ့နေကျဖြစ်တဲ့ အပင်ကြီးတွေပေါ်က ရုက္ခစိုးနဲ့ အပင်ကြီးတွေအောက်က နတ်ကွန်းလေးတွေကို ပြုလုပ်ပေးထားတဲ့အပေါ် စိတ်ထဲ ကျေးဇူးတင်မိပါသေးတယ်။ သူတို့လေးတွေရှိနေလို့ အပင်ကြီးတွေ နေသာထိုင်သာရှိနေတာကိုက မိမိတို့ သဘာဝပတ်ဝန်းကျင်အတွက် ခံတပ်နဲ့အားတစ်ခုပါပဲ…။


ချောအိမာန် (မန္တလေး)

ပေါ်ပြူလာဂျာနယ်

အတွဲ(၁၆)၊ အမှတ်(၂၂)၊

၅-၆-၂၀၁၂ အင်္ဂါနေ့။

2 comments:

myothakoyin said...

As a newly visited city boy, I first couldn't believe about those huge trees which, the local friends proudly said, can shelter (from...say, rains) about 50 'hle' (carts) easily. So they took me around Myottha, Innwa, TadarOo areas where many of those trees are. I was speechless to see those at least hundreds years old massive trees ( njaun? banyan tress?) with their strong akain akhe ( branches and twigs) so crowed and dense that each tree can be called a mini-forest. Hope they are still there.

Junemoe said...

ဟုတ်တယ် ဆရာမရေ...
လူတွေက ကြောက်စရာရှိမှ ကြောက်ကြတာ..
ကြောက်စရာမရှိရင် အကုန် လုပ်ရဲကြတယ်.. ဒါ သဘာဝပဲ ထင်ပါရဲ့...
ဘယ်လိုပဲဖြစ်ဖြစ် ခံတပ်ဆိုတဲ့ နတ်ကွန်းတွေရှိတော့ ညောင်ပင်ကြီးတွေအတွက်က အားတစ်ခုပါပဲဗျာ..

ခင်မင်လေးစားလျက်
ဂျွန်မိုး