Monday, July 30, 2012

တောင်တက်သမား သင်ခန်းစာ



သူ့အသက် ၃ဝကျော်။ ကိုယ်ခန္ဓာက ဖွံ့ဖွံ့ထွားထွား။ အသားဖြူဖြူ ဆံပင်ရှည်ရှည်၊ ရုပ်ဖြောင့်ဖြောင့် ခန္ဓာကိုယ် ပေါ့ပါးသွက်လက်မှုက အကောင်တစ်ကောင်နဲ့တူတယ်။ သူ့ရဲ့ လက်တွေ ခြေတွေမှာ ဆူးမပါ။ ကုပ်ကပ်ဖက်တွယ်စရာ ဘာမှမပါ။ ရယ်ရွှင်သောမျက်နှာပေးရှိတဲ့သူဟာ တောင်တက်သမားတစ်ဦး…။ သူဟာ အစွမ်းကုန်စိန်ခေါ်နည်းတွေနဲ့ နိုင်ငံတကာတောင်တွေကို တက်ခဲ့တာ မနည်းတော့၊ တောင်တွေကို တက်ရတာ ပျော်မြူးစိတ်ရှိနေသလို ပေါ့ပါးသွက်လက်နေတယ်။ အခက်အခဲဆုံးတောင်ပေါင်းများစွာဟာလည်း သူ့ရဲ့ ခြေဖဝါးအောက်လှပစွာ ရောက်ခဲ့ပြီးပြီ။ သူ ဒီတစ်ခါတက်ပြမယ့်တောင် က ပေတစ်ထောင်ကျော် အမြင့်ရှိတဲ့တောင်။ တက်ပြရုံတင်မကဘဲ တောင်ပေါ်ကနေ ကြိုးနဲ့ အလွတ်ခုန်ဆင်းမယ်။ ဘယ်လောက် စွန့်စားမှုဆိုတာ ပြောဖွယ်ရာမရှိတော့။

ပေတစ်ထောင်ကျော်တောင်ကြီးကို သာမန်တောင်တက်အဖွဲ့တွေတက်ရင် နှစ်နာရီကျော်ကြာပါတယ်။ အဲဒီတောင်ကို သူက ခြောက်မိနစ်ကျော်နဲ့ တောင်ထိပ်ပေါ်ရောက်အောင် တက်နိုင်ခဲ့သူ။ ဒီတော့ လည်း တောင်တွေကို သူ့ကိုယ်ထဲမှာရှိတဲ့ စိန်ခေါ်မှုက ကြီးလာတယ်။ ဒီဂရီပိုမြင့်လာ တယ်။ တောင်ထိပ် နဲ့ဘေးပတ်လည်ဝန်းကျင်မှာ သူ့ရဲ့ စတန့်စွန့်စားခန်းကို မှတ်တမ်းတင်ဖို့ ချိန်ထားတဲ့ ကင်မရာပေါင်းများစွာ ကလည်း အသင့်ရှိနေတယ်။ အောက်ဘက်ကိုကြည့်ရင် တောင်အောက်ခြေကို မမြင်နိုင်ဘဲ ထင်းရှူးပင် ထိပ်များစွာကိုပဲ ချွန်မြနေတာ တွေ့ရတယ်။ နေရာယူမှန်ဖို့ကလည်း အရေးကြီးသေးတာမို့ ခုန်ချရင် မရိုက်မိအောင် ထင်းရှူးပင်ထိပ်ဖျားတွေနဲ့ ဝေးလောက်တဲ့နေရာကို သူကရွေးချယ်တယ်။ သူ့ရဲ့စွန့်စားမှုအတွက် လူပေါင်းများစွာ ရင်ခုန်နေကြတယ်။ အဖြေနဲ့ ရလဒ်က မသေချာနိုင်။ တစ်ခုခုမလွဲချော်ဖို့ သုံးကြိမ်သုံးခါ စစ်ဆေးတယ်။ ခန္ဓာကိုယ်မှာ ပတ်ထားတဲ့ ကြိုးများကိုစစ်၊ မျက်မှန်ကိုတပ်တယ်။ အောက်ဘက်မှာ အသည်းယားစရာကောင်းလှတဲ့ မှောင်မည်းမည်းဖြစ်နေတဲ့ချောက်ကြီး… အပင်ဖျားတွေက ထိုးထိုးထောင်ထောင်၊ သူက တောင်နဲ့ ဝေးတဲ့နေရာကို ခန္ဓာကိုယ်ကို ချိန်ဆပြီးခုန်ရမယ်။ တောင်နဲ့နီးသွားရင် ရိုက်မိပြီး အရိုးတခြား၊ အသားတခြား ဖြစ်သွားမယ်။



တိုင်မင်ကိုက် ခုန်ချဖို့အတွက် ပထမဦးဆုံးအကြိမ်ဆိုတော့ စိတ်လှုပ်ရှားနေတာတွေ သူ့မျက်နှာမှာ တွေ့ရတယ်။ လက်တွေ၊ ခြေတွေ၊ စိတ်တွေကို စုစည်းပြီး အားလုံးသေချာပြီဆိုတော့ သူ ခုန်ချလိုက် တယ်။ တောင်ထိပ်ပေါ်က လူတွေ ဝိုးဆိုသော အော်သံများ နဲ့အတူ သူ့ရဲ့စွန့်စားခန်းက အားရပါးရ အောင်ပွဲခံသွားပါတယ်။ စံချိန်တင် တောင်တက်သမားတစ်ယောက်ရဲ့ မှတ်တမ်းထဲမှာ ဝင်သွားပြီး ချီးမွမ်းထောပနာ ဂုဏ်ပြုမှုများကို သူ ခံစားရတယ်။

လူသားတွေဟာ မဆုံးတဲ့ စိန်ခေါ်မှုတွေကို ခုံမင်နှစ်သက်တယ်ဆိုတာကို သူ့လုပ်ရပ်က သက်သေပြခဲ့တယ်။ ဒီတောင်ကြီးကို သူငယ်နှပ်စားလေးလို့ အထင်ရောက်သွားနိုင်သလို၊ မဖြစ်နိုင်ဘူး ထင်တာတွေ ဖြစ်လာတဲ့အခါ လူ့ရဲ့ စိတ်နှလုံးသား စိန်ခေါ်မှုက အစိုးမရပြန်ဘူး။ ဒီတောင်ကြီးရဲ့ စိန်ခေါ်မှုကို သူက အောင်ပွဲခံလိုက်ပြီး နောက်တစ်ကြိမ်သူက တစ်လှည့်ပြန်စိန်ခေါ်တယ်။ ဒီလို စိန်ခေါ်မှုဟာ သူ့အတွက် မှားတယ်လို့ မဆိုနိုင်ပေမယ့် ဒုတိယအကြိမ်ဟာ ကိုယ့်အတွက် ဘယ်လောက်ကံကောင်းစေနိုင်သလဲဆိုတာ သတိပြုဖို့လိုပါတယ်။ ပထမတစ်ခေါက်က မယုံရဲ ယုံရဲနဲ့ စိတ်က ဒီထဲမှာ အပြည့်။ ရချင်လည်းရမယ်။ မရချင်လည်း မရနိုင်ဘူးဆိုတဲ့ စိတ်အခံနဲ့ သတ္တိနဲ့ စွန့်စားမှုက အားအပြည့်။ ဒုတိယတစ်ကြိမ်မှာတော့ ပထမအကြိမ်မှာ အောင်မြင်စွာ ခုန်ပြီးပြီဖြစ်တဲ့အတွက် အနည်းငယ်ပေါ့နေတဲ့စိတ်။ ဒီတောင်ကြီးကို မြင်တဲ့ အမြင်မှာတောင် ခပ်သေးသေး၊ ဘာမှမဟုတ်ပါဘူးဆိုတဲ့ သဘောလေးတွေနဲ့ စစ်ဆေးမှုမှာလည်း ပထမ တစ်ခါလောက် စိတ်မလှုပ်ရှားတော့။ သူ့ကိုရိုက်ဖို့ ဘာကင်မရာမှလည်း မရှိ၊ တောင်ထိပ်ပေါ်မှာ စောင့်ပေးမှာက သူ့အစ်ကို တစ်ဦးတည်း။



ခုန်ချပြီး နှစ်စက္ကန့်အတွင်းမှာ ကျွိဆိုတဲ့ ရှည်လျားတဲ့ အသံကြီးကိုကြားလိုက်ရတယ်။ သေချာတာတစ်ခုက အမှားအယွင်း တစ်စုံတစ်ရာ ရှိသွားပြီ။ တောင်တက်သမားဟာ ဟိုးအောက်ထဲမှာ အရိုးနဲ့ အသားတောင် ရှာမရအောင် ဝိဥာဉ်ပျောက်ခဲ့ပြီ။ ကြိုးနဲ့တောင်စွန်းနဲ့ တိုက်ပွတ်မိပြီး ကြိုးပြတ်သွားတယ်လို့ သူတို့ယူဆတယ်။ ဆယ့်နှစ်နှစ်သမီးလေးကို ထားခဲ့ပြီး သူ့ခြေဖဝါးအောက်ရောက်ပြီလို့ အနိုင်ယူခဲ့သူက နောက်ဆုံးတောင် ရဲ့ခြေဖဝါးအောက်ကို မရှုမလှရောက်သွားခဲ့ပြီ။



ဒါကို ရူးသွပ်တယ်။ အရူးထတယ်လို့ ခေါ်မလား။ ပထမတစ်ကြိမ်ကံကောင်းသွားတိုင်း ဒုတိယအကြိမ်ဟာ ကံကောင်းမယ်လို့ အတတ်ပြောလို့မရ။ ပထမအကြိမ်မှာ ဆုံးရှုံးခဲ့ရင် နည်းနည်းတော်သေးတယ်။ ဖြစ်နိုင်၊ မဖြစ်နိုင်ဆိုတာ ဘယ်သူမှ မပြောနိုင်။ လူအများရှေ့မှာ ဒုတိယအကြိမ်ကတော့ သဘာဝရဲ့ စိန်ခေါ်မှုကို အထင်သေးလွန်းရာ ကျနေသလို။ နောက်ဆုံးတော့ ရလဒ်က ဆုံးရှုံးခြင်းဖြစ်ပြီး ပထမအကြိမ်နဲ့ အနိုင်မပိုင်းနိုင်တဲ့လူရဲ့စိတ်က အံ့သြစရာဖြစ်လို့နေတယ်။

လူတွေဟာ စိန်ခေါ်မှု မှန်သမျှကို ရဲရင့်စွာ တုံ့ပြန်တတ်ကြတယ်။ ဒါပေမဲ့ စိန်ခေါ်မှုတိုင်းကို တုံ့ပြန်ဖို့မလိုသလို၊ တုံ့ပြန်တိုင်းလည်း အကျိုးရှိမှာ မဟုတ်ပေ။

တောင်တက်သမားရဲ့ စိန်ခေါ်မှုဟာ လိုက်လျောညီထွေစွာ တုံ့ပြန်မှုမဟုတ်ပေ။ ဒါကြောင့် စွန့်စားမှုတွေကို ရဲဝံ့စွာပြုလုပ်လေ့ရှိတဲ့ တောင်တက်သမားတွေရဲ့ စိတ်ကူးတွေကို စိတ်ဝင်စားမိတယ်။


(၂)

တိုက်ဆိုင်စွာပဲ စာရေးဆရာကြူးနှစ်ရဲ့ "တောင်တက်သမားတို့အကြောင်း" ဝတ္ထုတိုလေးက ကျွန်မရဲ့ အာဟာရကို ပြည့်စေတယ်။ ကျွန်မပြန်ပြီး ရှယ်ယာလုပ်ကြည့်ချင်တယ်။ ဝတ္ထုထဲက အတွေးစကားတွေက လူသားတွေရဲ့ သဘာဝတ္ထလျှို့ဝှက်ချက်တွေကို တစ်ခုပြီးတစ်ခု ဖော်ထုတ်ဖွင့်ချပေးတယ်ဆိုပါစို့။

စကားဝိုင်းတစ်ခုမှာ တွေးခေါ်ပညာရှင်ဆန်သော နာမည်ကျော် ပန်းချီဆရာ တစ်ဦးနဲ့ စကားဝိုင်းမှာ တောင်တက်ကြတာနဲ့ပတ်သက်လို့

"ကမ္ဘာမြေပြင်မှာ တောင်ကုန်း၊ တောင်တန်း၊ တောင်ထွတ်၊ တောင်ထိပ်တွေ တစ်ပုံကြီးနော်၊ သဘာဝအတိုင်းဖြစ်တည်နေတာဖြစ်ဖြစ်၊ အနန္တတန်ခိုးတော်ရှင်တွေ ဖန်ဆင်းတာပဲဖြစ်ဖြစ်၊ တောင်တွေဟာ သူတို့ဘာသာ မတုန်လှုပ်၊ ခံ့ခံ့ညားညား၊ အေးအေးဆေးဆေးနေကြတာပါ။ အဲဒါကို လူတွေက တောင်ထိပ်တွေအပေါ်ရောက်အောင် သက်စွန့်ဆံဖျား ကြိုးစားပမ်းစား သွားတတ်ကြတယ်။ တောင်ထိပ်ရောက်တော့ (ငါရောက်ခဲ့တယ်) ဆိုတဲ့ အသိပေးကြော်ငြာမှုမျိုးနဲ့ အလံကလေးတစ်ခု စိုက်တယ်။ ကမ္ဘာ့အမြင့်ဆုံး (၂၉ဝ၂၈) ပေ မြင့်တဲ့ ဧဝရက်တောင်ထိပ်မှာဆိုရင် အဲဒီလို အလံလေးတွေ မနည်းတော့ဘူး။ အဲဒီလိုတောင်ထိပ်ကို တက်ရင်း လမ်းခုလတ်မှာ မတော်တဆ ခြေချော်လက်ချော်လိမ့်ကျ သေပွဲဝင်ကြတဲ့ တောင်တက်သမားရဲ့ အရိုးတွေ ဖွေးဖွေးလှုပ်နေတယ်။ လူတွေ တောင်တက်တာနဲ့ပတ်သက်လို့ မိတ်ဆွေ ဘယ်လိုထင်သလဲ"

"'ဒီလို ဖြစ်နိုင်တယ်ဗျ။ တချို့ လူတွေအတွက် တောင်တွေဟာ ကိုးကွယ်စရာ နတ်ဘုရားကြီးတွေနဲ့ တူတယ်။ တချို့အတွက်တော့ အာရုံခံစားစရာ သဘာဝလက်ဆောင်လို့ ထင်တယ်။ တချို့အတွက်တော့ ရိက္ခာဘဏ်တိုက်ကြီးနဲ့တူတယ်။ တချို့အတွက်ကတော့ သူတို့ရဲ့ ဇွဲနဲ့စွမ်းပကားကို စိန်ခေါ်နေကြတဲ့ ပြိုင်ဘက်နဲ့ တူနေတော့ (မင်းကို ငါ အနိုင်ယူပြမယ်။) ဒီတောင်ဟာ ငါ့ခြေဖဝါးအောက်ရောက်စေရမယ်ဆိုပြီး တောင်တွေကို သွားတက်ကြတော့တာပဲ။ ဟိမဝန္တာတောင်တန်းကြီးတောင် လူ့ခြေဖဝါး အောက်ရောက်နေပါပြီပေါ့။

ပြီးတော့ ကြည့်ဦးဗျ။ ကမ္ဘာမှာ သမုဒ္ဒရာကြီးတွေ အကျယ်ဆုံး၊ အနက်ဆုံး ပစိဖိတ်သမုဒ္ဒရာကြီးကို သူ့ဘာသာမထားဘဲ။ ဟိုးအောက်ခြေရောက်အောင် ရေဆင်း ငုပ်ကြတယ်။ ထောင်ပေါင်းများစွာ ကျယ်တဲ့ ရေပြင်ကျယ်ကြီးကို ရွက်လှေကလေးတစ်စီးနဲ့ တစ်ယောက်တည်း ဖြတ်ကြတယ်။ တချို့လည်း မုန်တိုင်းမိပြီး ရေအောင်သင်္ချိုင်းမှာ လဲလျောင်းရတယ်"

"လူဆိုတာ စိတ်ကူးယဉ်တတ်ရတယ်။ ဒါပေမဲ့ အကန့်အသတ်နဲ့ စိတ်ကူးယဉ်ခြင်းမျိုးပဲ ဖြစ်သင့်တယ်။ ယုတ္တိနယ်ပယ်ထဲက ကျော်မထွက်တဲ့ စိတ်ကူးယဉ်မှုမျိုးပေါ့။ စိတ်ကူးမယဉ်နဲ့ ရူးလိမ့်မယ်ဆိုတဲ့ စကားဟာ နလပိန်းတုံးဆန်ဆန် တားမြစ်သူတွေရဲ့စကား၊ လူဟာ စိတ်ကူး Idea သက်သက်နဲ့ လောကကို အလှဆင်နိုင်မှာမဟုတ်ဘူး။ စိတ်ကူးယဉ်ခြင်း Imagination ကို အသုံပြုမှ လောကကို အလှဆင်နိုင်လိမ့်မယ်။ စိတ်ကူးယဉ်တတ်သူကလည်း သတ္တလောကမှာ လူသာတစ်မျိုးသား ရှိတယ်။ လကမ္ဘာကိုကြည့် စိတ်ကူးယဉ်ကြ၊ သမုဒ္ဒရာရဲ့ အနက်ရှိုင်းဆုံးမှာ ဘာရှိမလဲလို့ စိတ်ကူးယဉ်ကြရင်းနဲ့ သူတို့တွေ အဲဒီနေရာကို အရောက်သွားနိုင်ခဲ့ကြတယ်"

"လူသားတွေဟာ လျှို့ဝှက်ချက် စိန်ခေါ်မှုတွေကို တွေ့ထိစမ်းသပ်၊ ဖေါ်ထုတ်ခဲ့ကြတယ်။ သဘာဝရဲ့ သူ့ဟာသူရှိနေတဲ့ စိန်ခေါ်မှုတွေကို မတုံ့မဆိုင်း ရင်ဆိုင်ကြတယ်။ ဒီနေရာမှာ အရေးကြီးတာ လူသားတွေအကြားမှာ အယူအဆတွေ ကွဲပြားခြားနားလာတယ်။ တချို့ လူသားတွေဟာ သဘာဝတ္ထအတွင်း နေထိုင်ရှင်သန်တဲ့သူဖြစ်လို့။ လိုက်လျောညီထွေဖြစ်စေကြတယ်။ တချို့ကတော့ သဘာဝကို နဖားကြိုးထိုးပြီး အောင်နိုင်စိုးမိုးရမယ် လို့ မှတ်ယူကြတယ်။ အဲဒီလို လူတွေဟာ ကြံစည်အားထုတ်ရင်းနဲ့ အမှားမှား အယွင်းယွင်းတွေ ဖြစ်လာကြတယ်။

လူတိုင်းဟာ စိတ်ကူးယဉ်တတ်ရမယ်။ သို့သော် ကန့်သတ်မဲ့ စိတ်ကူးယဉ်ခြင်းမျိုး မဖြစ်စေရ။ စိတ်ကူးနဲ့ အားထုတ်ကြရမယ်။ အခိုးအငွေ့တွေကို အစိုင်အခဲဖြစ်အောင် ဖန်တီးပြီး အရိပ်ကို အကောင်ဖြစ်အောင် မှန်ကန်တဲ့ နည်းလမ်းနဲ့ ဖန်တီးနိုင်ရပါမယ်"

စာရေးဆရာ ကြူးနှစ်က တောင်တက်သမားတို့ရဲ့ လူ့စိတ် အနန္တကို ဖွင့်ဖောက်ထားပါတယ်။

တောင်တက်သမားရဲ့ အသက်ဝိဥာဉ်ဆုံးရှုံးမှုမှာ လွန်ကဲစွာ စိတ်ကူးယဉ်မှုနဲ့ သဘာဝတ္ထနဲ့ လိုက်လျောညီစွာ မနေတတ်မှုတို့ကြောင့် ကြီးမားစွာ ဆုံးရှုံးခြင်းပင်။

စိန်ခေါ်မှုကို ဘယ်လိုနေရာမှာပဲဖြစ်ဖြစ် ပထမတစ်ချီတော့ ကိုယ်ဘာလဲ၊ ဘယ်လိုလဲဆိုတာ ပြသင့်ပေမယ့် ဒုတိယအကြိမ်နဲ့ နောက်အကြိမ်များမှာ မတုံ့ပြန်သင့်ပါ။ ဘာကြောင့်လဲ။ စိန်ခေါ်မှုတိုင်းမှာ ကိုယ့်အပေါ် အကျိုးသက်ရောက်မှု မရှိနိုင်ပါ။ အရူးက စိန်ခေါ်တိုင်း မတုံ့ပြန်သင့်သလို ခွေးဟောင်တိုင်း ထကြည့်ရင်လည်း ကိုယ်ပဲ အိပ်ရေးပျက်မှာဖြစ်ပါတယ်။ ကိုယ်နဲ့ ဘာမှမတူညီ၊ မကိုက်ညီရင် စိန်ခေါ်မှုကို ဖြေရှင်းစရာမလိုပါ။ လူဟာ သဘာဝကျတဲ့ စိန်ခေါ်မှုကိုပဲ လက်ခံသင့်တယ်။ သဘာဝမကျစွာ စိန်ခေါ်မှုတွေကို လျစ်လျူရှုသင့်တယ်ဆိုတာ သိဖို့လိုပါတယ်။

တောင်တက်သမားလို မိမိကိုယ်ကို အဟုတ်ထင်သွားပြီး သဘာဝတရားရဲ့ စိန်ခေါ်မှုကို သူဟာနဖားကြိုးထိုးပြီး စိုးမိုးအနိုင်ယူမယ်ဆိုတဲ့ စိတ်ကြောင့် ချစ်လှစွာသော ဆယ့်နှစ်နှစ်သမီးလေးကို စွန့်လွှတ်ရသလို ရှေ့က မှတ်တမ်းဝင်ခဲ့တဲ့ တောင်တက်အနိုင်ယူမှတ်တမ်းတွေကိုလည်း လွင့်ပြယ်သွားစေ ပါတယ်။

သဘာဝတရားကတော့ လူသားတွေအတွက် စိန်ခေါ်ခြင်းတွေကို ပေးဝေနေပါလိမ့်မယ်။ လူသားတွေကသာ ကိုယ်ပိုင်ဦးနှောက်နဲ့ စဉ်းစားဆင်ခြင်ပြီး စိန်ခေါ်မှုကို ရင်ဆိုင်ရမှာဖြစ်ပါတယ်။ စိန်ခေါ်မှုတိုင်းဟာ ရင်ခုန်ဖို့ကောင်းပေမယ့် စိန်ခေါ်တဲ့ ပွဲတိုင်းကိုယ့်အတွက် အောင်ပွဲခံရဖို့ မသေချာပါဘူး။

စိန်ခေါ်မှုတွေကို မတုံ့မဆိုင်း ရင်ဆိုင်တတ်တဲ့ လူသားတွေဟာ အဓိပ္ပါယ်ရှိပြီး အကန့်အသတ်ရှိတဲ့ စိတ်ကူးယဉ်ခြင်းမျိုးကိုသာ တို့ထိစမ်းသပ်ဖို့ တောင်တက်သမားက သင်ခန်းစာများစွာ ပေးခဲ့ပါတယ်။


ချောအိမာန် (မန္တလေး)

ပေါ်ပြူလာဂျာနယ်

အတွဲ(၁၅)၊ အမှတ်(၅ဝ)

၁၃-၁၂-၂၀၁၁ အင်္ဂါနေ့

Wednesday, July 25, 2012

အမေတွေရဲ့ နှလုံးသား


(၁)

ဖုန်းလာတယ် ဆိုလိုက်တာနဲ့ ကျွန်မနှလုံးသားက တုန်လှုပ်နေခဲ့ပြီ…။

ကျွန်မအတွက် ဘယ်သူ့ဆီကမှ ဖုန်းလာစရာ အကြောင်းမရှိ။ တူမက လာခေါ်တယ်ဆိုတာနဲ့ အဝေးဆီက သားရဲ့ဖုန်းလို့ပင် သေချာသိလိုက်တယ်။



ဒီလို နှစ်လ တစ်ခါလောက် ဖုန်းလာလို့ လာခေါ်တိုင်း ဘာကြောင့်မှန်းမသိ၊ ရင်တွေ လှုပ်ခါနေမိတယ်။ ပထမဦးဆုံး လာတာလည်းမဟုတ်။ ဖုန်းကို ကိုင်လိုက်တာနဲ့ အမေ နေကောင်းလားဆိုတဲ့ အသံကြည်ကြည်လေး တစ်ခု နားထဲ နွေးနွေးထွေးထွေး စီးဆင်းသွားတယ်။ အဝေးကနေ အမေ့ကျန်းမာရေးကို စိတ်ပူနေတဲ့ သားရဲ့ သောကကို ကျွန်မက လှိုက်လှိုက်လှဲလှဲ ရယ်မောရင်း အမေ နေကောင်းကြောင်း၊ ကျန်းမာရေးကို ဂရုစိုက်ပြီး မနက်တစ်ခါ ညနေတစ်ခါ ကျုံးဘေးမှာ လမ်းလျှောက်ကြောင်း ပေါ့ပါးစွာ ပြောဖြစ်တယ်။ တကယ်တမ်းတော့ ကျွန်မရဲ့ ညာဘက်ဒူးတွေက သိပ်ကို နာကျင်နေခဲ့တယ်။

တစ်နေ့ကပဲ ကိုယ့်ရဲ့ ပေါ့လျော့မှုကြောင့်ပဲ ကျုံးဘေးက မြောင်းသေးသေးလေးကို လွတ်မယ်ထင်လို့ ခုန်ကူးလိုက်တာ နောက်ခြေတစ်ဖက်က ပါမလာဘဲ ရေမရှိတဲ့ မြောင်းထဲ လူရော၊ ခြေတစ်ဖက်ရော ပြုတ်ကျသွားတယ်။ ဒူးခေါင်းက ပွန်းပဲ့ပြီး ရောင်လာတာမို့ တော်တော်နာတယ်။ မကျိုးတာဘဲ ကံကောင်းလို့ ပြောရမှာပဲ။ ဖြစ်ပြီးပြီးချင်း အနားက လူတွေ ရောက်လာပြီး အိမ်အထိ လိုက်ပို့ကြတယ်။ ဆေးခန်း တစ်ကြိမ်ပြပြီး နောက်နေ့တွေမှာ ဆေးလိမ်း ပတ်တီးစီးပေါ့။ ချက်ချင်းပဲ သားကို သတိရလိုက်တယ်။ သူက အမေ ခြေချောလဲမှာစိုးပြီး လမ်းသွားရင် သတိထားဖို့ အဝေးကနေ အမြဲပြောတယ်။ ကျွန်မလည်း ဂရုတော့ စိုက်ပါရဲ့။ ဒါပေမဲ့လည်း ဖြစ်ချိန်တန်လာလို့ ထင်ပါရဲ့။ ဒါတောင် ဘာဇောမှ မပါသေးဘဲ အေးအေးဆေးဆေး သွားတာတောင် ဖြစ်ဖြစ်အောင် ဖြစ်လိုက်သေးတယ်။

သားက အမေ ဒီလိုဖြစ်တယ်ဆိုတာသိရင် စိတ်ပူပြီး ငိုမယ်ဆိုတာကို သိနေတော့ မပြောဖြစ်တော့ဘူး။ တစ်ခါက ဖုန်းပြောရင်း ဘာရယ်မဟုတ် ဒီနေ့ ကျွန်မ နောက်ဖေးသွားပြီး ထလိုက်တာ ဒူးထဲက မျက်ခနဲ ခံစားရရင်း ဒူးနာသွားတယ်သားရယ်လို့ ပြောလိုက်မိပါတယ် ဖုန်းထဲကနေ တရှုံ့ရှုံ့ ငိုပါလေရော။ နောက်နေ့ ချက်ချင်းပဲ ဘဏ်ကနေ ငွေဆယ်သိန်း လွှဲပေးတယ်။ အိမ်သာကို ဘိုထိုင်လုပ်ဖို့တဲ့။ သူမှာတဲ့အတိုင်း ချက်ချင်း ဘိုထိုင်တပ်လိုက်တော့မှ အထိုင်အထ ပိုအဆင်ပြေသွားတယ်။ ဒါကြောင့် ရေအိမ်သာဝင်တိုင်း သားအတွက် မေတ္တာပို့ ဆုတောင်းရတယ်။ အရင်ကတော့ ဘုရားရှိခိုးမှ သားအတွက် ဆုတောင်းမေတ္တာ ပို့ပေးခဲ့တာ၊ အခုလို သားလုပ်ပေးတဲ့ ဘိုထိုင်လေးက အထိုင်အထလုပ်တိုင်း ကျွန်မအတွက် သက်သောင့်သက်သာ ဖြစ်စေတာမို့ သတိရတိုင်း မေတ္တာပို့ဖြစ်တာပေါ့။

ကျွန်မက အမေဆိုတော့ သားရဲ့ ကျန်းမာရေးနဲ့ ပညာရေးကို အမြဲစိတ်ပူနေတာပဲ။ ဖုန်းဆက်တာတောင် အချိန်မရလို့ ကားပေါ်၊ ရထားပေါ်ကနေ လုဆက်ရတယ်။ ဖုန်းကတ်လေး ကုန်အောင် အပြည့်ပြောရတဲ့အတွက် တစ်ခါဆက်ရင် နာရီဝက်လောက်တော့ ပြောလို့ရတယ်။ သားအတွက် အချိန်ဘယ်လောက်နည်းသလဲဆိုတာ ခန့်မှန်းမိပါတယ်။

"အမေ… ဒီမှာ လုံးဝအားချိန်မရှိဘူး… မြန်မာပြည်မှာလို လက်ဖက်ရည်ဆိုင်ထိုင်ချိန် မရှိဘူး… စားသုတ်သုတ်၊ သွားသုတ်သုတ်တွေချည်းပဲ"

ဒီလိုစကားကို သားရောက်ပြီး နှစ်နှစ်လောက်နေမှ အမေကို ပြောခဲ့တာ။ ငါ့သား အတွေးအခေါ်တွေ ကောင်းလာပြီဆိုပြီး အမေ ကျေနပ်မိတယ်။ အင်္ဂလန်ဆိုတဲ့ နိုင်ငံကြီးမှာ သား ဘယ်လောက်တောင် ရုန်းကန်ရမလဲဆိုတာ တွေးမိတိုင်း သားကို သနားမိတယ်။ စ,သွားတုန်းက စာတွေ မလိုက်နိုင်၊ စိတ်ဓာတ်တွေကျနဲ့ ပြန်လာချင်စိတ် ပေါက်နေတဲ့သားကို ဖြေသိမ့်ပေးဖို့ အမေကိုယ်တိုင် ရင်ဆို့ခဲ့ရတယ်။ သားကို သနားလွန်းလို့လေ။

ပြောရရင် သားက ဥာဏ်ကောင်းပေမယ့် စာကြိုးစားသူ မဟုတ်ဘူးလေ။ ဒီမှာတောင် နောက်ကနေ မီးတုတ်နဲ့ ထိုးသလို လုပ်ပေးနေရတာဆိုတော့ နိုင်ငံခြားက ဘာသာရပ်တွေအားလုံး အင်္ဂလိပ်လို အကုန်သင်တော့ သားမလိုက်နိုင်ဘူးဆိုတာကို အမေ ချွင်းချက်မရှိ ယုံတယ်။ ကိုယ်တိုင်လည်း ဒီလိုကိစ္စတွေကို ကြိုတွေးပြီး စိတ်ပူခဲ့တယ်။ ဒါပေမဲ့ ငါ့သားမှာ ကောင်းတာလေးတစ်ချက်က ဇွဲ ရှိပါတယ်။

ဒီကနေ ဝင်ခွင့်စာမေးပွဲ အကြိမ်ကြိမ်ဖြေပြီး ရန်ကုန်မှာ ဘိုမကြီးကိုယ်တိုင် သင်ပေးတဲ့ အင်္ဂလိပ်စာတွေကို ကျတိုင်း ပြန်ဖြေပြီး အောင်ပြီဆိုမှ သွားရတာ။ ဟိုရောက်တော့ သားက တရားဝင်တက္ကသိုလ်မှာ မတက်ရဘူး။ အပြင်က ဖွင့်ထားတဲ့ ကျောင်းတွေမှာပဲ တက်ရတယ်။ ပြီးရင်တော့ ဘွဲ့ရမယ်ပေါ့။ သူ့ဦးလေး တစ်ယောက်က အစစအရာရာ စီစဉ်ပေးတာနဲ့ ဒီမှာ ကျူရှင် စာမေးပွဲကိစ္စတွေ အဆင်ပြေသွားပေမယ့် ဟိုရောက်တော့ သားအတွက် နယ်မြေစိမ်းမှာ ဒုက္ခတွေတွေ့ရတယ်။

အဲဒီနေ့က ဖုန်းလာတော့ ဖုန်းထဲမှာ သား ငိုနေတယ်။

ဘာဖြစ်လို့လဲလို့ မေးတာကို တော်တော်နဲ့ မဖြေဘူး။ စာမေးပွဲကျလို့လားဆိုတော့ မဖြေရသေးဘူးတဲ့။ ဒါပေမဲ့ ဒီနှစ် ဖြေနိုင်ဖို့ မလွယ်ဘူးလို့ ပြောတယ်။ ကျွန်မရဲ့ စိတ်ပူနှုန်းတွေ ပိုမြင့်လာတယ်။ ငါ့သားလေး ဘယ်လို ကိစ္စမျိုးနဲ့ တွေ့နေတာပါလိမ့်လို့ တွေးဆဲ -

"အမေ… သားရဲ့ သွားတက်တွေ ဖြတ်ထုတ်ပစ်ရမယ်တဲ့"

"ဗုဒ္ဓေါ…"

သားဆီက မထင်မှတ်ထားတဲ့ စကားကြောင့် လန့်သွားတယ်။ သားရဲ့ သွားတက်တွေက ဘာများဖြစ်လို့လဲဆိုတာ့ -

"သားရဲ့သွားတက်တွေက အပေါ်အောက် လေးခုလောက်ဖြစ်နေတော့ အင်္ဂလိပ်အသံထွက်တွေ အဆင်မပြေဘူးလို့ ဒီက ဆရာတွေက ပြောတယ်… အဲဒီမှာ အော်ပရေးရှင်းလုပ်ပြီး ဖြတ်ထုတ်ရမယ်… အချိန် နည်းနည်းယူရမယ်တဲ့"

"သား အန်တီက ဘာပြောလဲ"

"အဆင်မပြေရင်တော့ လုပ်ရမှာပေါ့တဲ့"

"သားကရော မလုပ်ချင်လို့ စိတ်မကောင်းဖြစ်နေတာလား"

"အဲလိုတော့ မဟုတ်ပါဘူး… သားမှ ဒီလိုဖြစ်လာလိမ့်မယ်လို့ မထင်တာ… လုပ်တော့ လုပ်ရမှာပေါ့… အမေ မွေးတဲ့အတိုင်း မဟုတ်တော့လို့"

"စိတ်မကောင်းမဖြစ်ပါနဲ့… သွားတက်လေးတွေ မပါတော့လည်း အမေ့သားပါပဲ… သားအဆင်ပြေဖို့ အရေးကြီးတယ်နော်"

အမေက ဒီလိုပြောလိုက်တော့လည်း ကျွန်မသားက ဖုန်းထဲမှာ ပြန်ရယ်မောလာနိုင်တယ်။ တကယ်တမ်း ပြောသာပြောလိုက်ရပေမယ့် သားရဲ့ သွားတက်လေးကို နှမြောသား။ ငယ်ငယ်ကတည်းက သားကို တွေ့တဲ့သူတိုင်းက သွားတက်လေးနဲ့ ချောကြောင်း အမြဲပြောခံရတာ။ သားရဲ့သွားတက်တွေက သူများလိုမဟုတ်ဘဲ လေးခုတောင်ဆိုတော့ များနေပြန်ရော။ ဘာပဲဖြစ်ဖြစ် သားလည်း မထင်မှတ်ထားတဲ့ကိစ္စ ဆိုတော့ ရုတ်တရက် နှမြောသွားမှာ သေချာပါတယ်။

နောက်တစ်ပတ်မှာ သားရဲ့သွားတွေ ပြုပြင်လိုက်ပြီဆိုတာ သိရတယ်။ အဲဒီနေ့က တူမလေး အကူအညီနဲ့ အင်တာနက်ဆိုင်မှာ VZO နဲ့ ရုပ်မြင်ရတဲ့ ကင်မရာနဲ့ စကားပြောဖြစ်ကြတယ်။ သားက သူ့ရဲ့ သွားတွေကို မြင်ရအောင် ကင်မရာနားကနေ ကပ်ပြတယ်။ စတီးလိုအရာတစ်ခုနဲ့ ကုပ်ပြီး ထိန်းချုပ်ထားသလိုပဲ။ သွားတက်တွေတော့ မရှိတော့ဘူး။ အဆင်ပြေပါတယ်လို့ ပြောတယ်။ ရုပ်ပုံထဲမှာ ဆံပင်တွေ တအားရှည်နေလို့ စိတ်ညစ်ပြီး မညှပ်ဖြစ်လို့လား မေးတော့ တဟီးဟီးရယ်ရင်း ဆံပင်အတုကြီးကို ချွတ်ပြတယ်။ ဒီတော့မှ သားရဲ့ နားရွက်ပေါ်တဲ့ ဆံပင်လေးနဲ့ ဖြူဖြူချောချောကို တွေ့တယ်။ အမေကို လှမ်းနောက်ရတာကို သဘောကျနေပုံ ရတယ်။ အိမ်မှာ အားတဲ့ရက်ဖြစ်လို့ ပုဆိုးဝတ်ထားကြောင်း ပြောတယ်။ ရပ်ပြီး ပုဆိုးကို ဝတ်ပြသေးတယ်။ အမေ ပေးလိုက်တဲ့ ပုဆိုးတဲ့။

သားက လောလောဆယ် အလုပ်လုပ်ရင်း ကျောင်းတက်နေရပြီ။ သားအလုပ်က အချိန်ပိုင်း အလုပ်ဆိုတော့ အချိန်နဲ့ ပိုက်ဆံရတယ်။ သူတို့ဆီက စားသောက်ဆိုင်တစ်ခုမှာ စတိုင်လ်တစ်မျိုးနဲ့ ချက်တဲ့ ငါးချက်တစ်မျိုးကို တာဝန်ယူရတယ်။ အဲဒီငါးကလွဲရင် ဘာမှ လုပ်ပေးစရာ မလိုဘူး။ အရမ်းလည်းရောင်းရတယ်။ အဲဒီ ချက်နည်းကို ကျွမ်းကျင်ရင် စားဖိုမှူးနေရာရောက်မယ်။ ခုတော့ ဒီမှာလို စားပွဲထိုးပေါ့။ ဝင်ရောက်တဲ့ အချိန်ကစပြီး လုံးဝမထိုင်ရဘူး။ ခြေထောက်တွေ နာတယ်လို့ပြောတယ်။ အချိန်ပိုင်းနဲ့ဆိုတော့ ကျောင်းတက်ရတာလည်း အဆင်ပြေတယ်တဲ့။

တဖြည်းဖြည်းနဲ့တော့ သား နေသားကျလာပြီ ထင်ပါရဲ့။

အိမ်မှာ ဘာမဆို အရန်သင့် ထမင်းပွဲရှေ့ရောက် လုပ်ပေးခဲ့တာဆိုတော့ ကိုယ်တိုင်ရပ်တည်ရတဲ့အခါ သိပ်ကို အခက်အခဲရှိမှာပေါ့ သားရေ…။

(၂)

ခု ဖုန်းလာတယ်ဆိုတော့ ထုံးစံအတိုင်း အမေ ရင်တုန်နေပြန်တယ်။ သားဆီက စကားအဆန်းတွေ ကြားရတတ်လွန်းလို့လေ။



ဖုန်းထဲမှာ ထုံးစံအတိုင်း အလာပသလ္လာပတွေ မေးကြပြောကြပေါ့။ ဒီတစ်ခေါက်တော့ သားဆက်တာ ရိုးရိုးထင်ပါရဲ့ပေါ့။ စာမေးပွဲအောင်ကြောင်း ဝါသနာပါတာက Management၊ လုပ်နေရတာက ဝိတ်တာဆိုတော့ တခြားစီဖြစ်ကြောင်း၊ သူတို့နိုင်ငံမှာ Law သမားတွေ၊ ရှေ့နေတွေ လစာကောင်းပြီး အလွန်ခေတ်စားကြောင်း၊ ကောင်မလေးတွေရော, သမီးရှင်တွေကပါ သဘောတူကြောင်း သိရတယ်။

ဒိုင်ယာနာ သေဆုံးသွားတဲ့နေ့မှာ ဝမ်းနည်းခြင်း ပန်းစည်းကို နန်းတော်ရှေ့သွားချကြကြောင်း၊ အဲဒီကို ရောက်ဖို့အတွက် ရန်ကုန်-မန္တလေး ခရီးလောက်သွားရကြောင်း၊ ဘရာဇီးဘောလုံးပွဲကို တစ်ရက်တော့ အားပေးလိုက်ပြီး လစာ သုံးပါတ်စာလောက် ပြုတ်သွားကြောင်း၊ ဂွေးသီးအချဉ်ပေါင်းကို သိပ်စားချင်ကြောင်း၊ ဆံပင်ညှပ်ခတွေ ဈေးကြီးလွန်းလို့ မညှပ်ပဲထားတာ ရှည်နေကြောင်း၊ မြန်မာသူငယ်ချင်း နှစ်ယောက်လောက် ရှိသလို ပြင်သစ်, ကနေခါ, တရုတ်, သြစတြေးလျက သူငယ်ချင်းတွေ ရှိနေပြီဖြစ်ကြောင်း၊ ဒီနှစ် နွေပိတ်ရက်မှာ အီတလီကို သူငယ်ချင်းတွေနဲ့ သွားလည်မှာဖြစ်ကြောင်း၊ နှင်းလျှောစီးတွေလည်း တတ်နေပြီလို့ ကြွားလိုက်သေးရဲ့။

တယ်ဟုတ်နေတဲ့ ငါ့သားပဲလို့ စိတ်ထဲက ချီးကျူးမိတယ်။ အရင်လို အားငယ်စိတ်ပျက်သံ တစ်စက်မှ မပါဘဲ ပြောနေလိုက်တာများ ပျော်ရွှင်နေပုံပဲ။

နောက်ဆုံး အမေ့အတွက် ငွေရှစ်သိန်း လွှဲထားတယ်တဲ့။

သားရယ်…အမေ ငွေမလိုပါဘူး။ သားပဲ စုထားပါဆိုတော့ ရှိပါတယ်တဲ့။ သိတတ်တဲ့ ငါ့သားလေး ကျန်းမာ ချမ်းသာပါစေ ဆုတောင်းရင်း ဖုန်းအချမှာ လက်တွေတောင် တုန်နေမိတာကို သတိထားမိတယ်။

* * *

သားက ဥာဏ်လေးတော့ ကောင်းပါတယ်။ ဒီမှာ ဆယ်တန်းကို အမှတ်လေးဆယ်တွေနဲ့ ကပ်အောင်တော့ ကျေနပ်စရာ မရှိဘူးပေါ့။ (၁ဝ)တန်းအောင်ပြီး တက္ကသိုလ်ကျောင်းတွေ မဖွင့်ခင် တရားရုံးမှာ အလုပ်လုပ်တော့လည်း အောက်ခြေသိမ်း သန့်ရှင်းရေး၊ ရုံးအကူအလုပ်ကနေ စ,လုပ်ရတယ်။ ဆိုးတဲ့ စရိုက်လေးက ရှိနေတော့ ဘယ်နေရာဖြစ်ဖြစ် စိတ်ပျက်စရာချည်း ကြုံတွေ့နေရတယ်။ ဒါပေမဲ့ အဖေမရှိတဲ့ ကလေးတစ်ယောက်ရဲ့ ခံစားချက်နဲ့ အပြုအမူက အမေအပေါ်မှာ ဆိုးနွဲ့ပြီး အနိုင်ယူချင်ခဲ့တယ်။ အပေါင်းအသင်းမှားမှာကိုပဲ အဓိက စိုးရိမ်နေတဲ့ အမေ့ခံစားချက်အတိုင်း သားဘေးမှာ ခြံရံနေသူတွေကို သဘောမတွေ့ခဲ့ဘူး။ ဒီအရွယ်တွေက ထိန်းသိမ်းရခက်လွန်းလို့လေ။ တဖြည်းဖြည်းနဲ့ စောင့်ကြည့်နေတဲ့ ကြားမှာပဲ သားရဲ့ မူမမှန်ခြေလှမ်းတွေကို စ,မြင်လိုက်ရတယ်။

အိမ်ကို အချိန်နဲ့ ပြန်မလာတတ်တဲ့အကျင့်၊ ဆေးလိပ်သောက်တတ်လာတဲ့ အကျင့်၊ ဘဝအတွက် မျှော်လင့်ချက်နဲ့ ရည်မှန်းချက် ကင်းမဲ့ပြီး ဟိုဟာလိုလို၊ ဒီဟာလိုလိုနဲ့ ယောင်ခြောက်ဆယ်ဖြစ်နေတဲ့ သားကို ဘာလုပ်လို့ လုပ်ရမှန်းမသိ ဖြစ်နေခဲ့တယ်။ ပြဿနာတွေကိုလည်း တစ်ခုပြီးတစ်ခု သယ်ဆောင်လာတတ်တယ်။

သိပ်မကြာခင်မှာဘဲ သားဘဝတစ်ခုလုံး ပြောင်းလဲဖို့ ဖန်လာတာကတော့ သားအဖေရဲ့အစ်မက အင်္ဂလန်မှာနေတာ။ ကလေး မရှိကြဘူး။ သူတို့လင်မယားက သားကို အင်္ဂလန်ခေါ်ပြီး ပညာသင်ပေးမယ်လို့ ပြောတယ်။ သူ့အဒေါ်က သားကို ငယ်စဉ်ကတည်းက ချစ်ခဲ့ဖူးတယ်။ ကိုယ်နားတောင် ကိုယ်မယုံနိုင်ခဲ့ဘူး။ ကံကြမ္မာဆိုတာ ဘယ်လိုမှ ထင်မှတ်မထားတာတွေကို ဖန်တီးပေးတတ်တယ်။ သားလို လူညံ့လေးတစ်ယောက် အင်္ဂလန်လိုနိုင်ငံကြီးမှာ ပညာသင်ရမယ်ဆိုတော့ တုန်တုန်ယင်ယင်တောင် ဖြစ်မိတယ်။ ဒီအမေက တစ်ချိန်လုံး ဗေဒင်မေးနေရတယ်။ နိုင်ငံခြားကိုတော့ ထွက်ဖြစ်အောင် ထွက်ရမယ်ပြောတာပဲ။ လုပ်ရတဲ့ ယတြာဆိုတာကလည်း မနည်းဘူး။

သား စာမေးပွဲဖြေတဲ့အဖြစ်ကို ပြောပြဦးမယ်။ နိုင်ငံခြားသွားဖို့ဆိုတော့ သင်တန်းတွေ တက်ရတယ်။ သင်တန်းပြီးသွားတော့ သံရုံးမှာ စာမေးပွဲ ဖြေရတယ်။ အင်္ဂလိပ်လို ဘာမေးခွန်းမှ မသိလို့ ပထမတစ်ခါ ကျတယ်။ ဒုတိယတစ်ခါတော့ သူ့အဒေါ်က ဟိုကနေ သံရုံးကို ဖုန်းဆက်ပြီး မြန်မာစကားပြန်တစ်ယောက် ထားပေးဖို့ ပြောတယ်။ စကားပြန်က မြန်မာလို ဘာသာပြန်ပေးတာတောင် ဘာမေးခွန်းမှ မသိဘူးတဲ့။ ကောင်းရော…။ ကိုယ်စားတောင် ဝင်ဖြေလို့ရရင် ဖြေပေးလိုက်ချင်တယ်။ ပင်ပန်းလွန်းလို့။

မဖြေရသေးခင်လည်း ဖိုင်ကြီးကိုင်ပြီး ထွက်လာတော့ အရမ်းလန့်သွားတာပဲ။ ရင်တွေထိတ်ပြီး ဘာလို့ ထွက်လာတာလဲဆိုတော့ ဆီးသွားချင်လို့တဲ့။ သူ့ဦးလေးက ဆဲလိုက်တာ ပြောမနေနဲ့တော့။ စာမေးပွဲ ဖြေမယ့်သူဟာ အခန်းထဲ မဝင်ခင်ကတည်းက ကိစ္စအားလုံး ပြီးထားရမှာ မဟုတ်လား။ သူလုပ်တာနဲ့ အမေလုပ်သူကိုပဲ ဆူခံရတာပါပဲ။ အိမ်ကတည်းက ပြီးအောင် လုပ်ပေးမထားလို့တဲ့။

သူ စာမေးပွဲဖြေနေတုန်း အောင်ခြင်းရှစ်ပါးဂါထာကို တောက်လျှောက်ရွတ်နေရတာ။ စိတ်တွေလည်း ပူပေါ့။ အဲ…ဖြေပြီး ထွက်လာတော့ မျက်နှာကြီးဖြီးပြီး လက်မထောင်ပြတဲ့သားကို တွေ့လိုက်ရတယ်။ ဖြေနိုင်တယ်တဲ့။ ဝမ်းသာလိုက်တာဆိုတာ မပြောနဲ့တော့။

စာမေးပွဲဖြေပြီးသွားတော့လည်း မပြီးသေးဘူး။ ဗေဒင်ယတြာအရ ရွှေတိဂုံဘုရား တနင်္ဂနွေထောင့်မှာ ရေသပ္ပာယ်ပြီး ဘုရားစာ ရွတ်ခိုင်းခဲ့ရတယ်။ သားနာမည်က အောင်ကောင်း။ မွေးကတည်းက ချူချာလို့ ယတြာနဲ့ မကင်းဘူး။ စိတ်ပါလက်ပါနဲ့ အမေချပေးတာကို ရွတ်နေတာ တွေ့ရတော့လည်း သနားမိတယ်။ သူကလည်း နောက်ပိုင်းကျ အင်္ဂလန်ကို သွားချင်လာတယ်။ ဒါက နိုင်ငံခြား မထွက်မချင်း သွားရွတ်နေရတာ။

အောင်ကောင်းရဲ့ ဇာတာကလည်း အမေမပါရင် မပြီးဘူး။ သားတစ်ယောက်လုံးကို အမေလုပ်တဲ့သူက မနိုင်ဘူးဆိုတာ မကောင်းဘူးပေါ့။ ပတ်ဝန်းကျင်ကလည်း မနိုင်ရကောင်းလားနဲ့ အမေကိုပဲ ပြောကြမှာ။ ဆိုးပုံဆိုးနည်းက အမျိုးစုံဖြစ်လို့ အော့ကြောလန်တယ်။ တစ်ခါက စိတ်အရမ်းတိုတာနဲ့ သူ့ဗီရိုထဲက အင်္ကျီ တွေ အကုန် ဖွပစ်လိုက်တယ်။ ဘာမှတော့ ပြန်မပြောဘူး။ နောက်နေ့ ကိုယ့်ဗီရိုဖွင့်လိုက်တော့ အမေ့အင်္ကျီ တွေကို အကုန် ပြန်ဖွထားတယ်။ အဲဒီကတည်းက သားဟာ တုံ့ပြန်တတ်တဲ့စိတ် ရှိပါလားလို့ သိလာရတယ်။

အတူနေတုန်းက သားအမိနှစ်ယောက် ခဏခဏ ရန်ဖြစ်ရတယ်။ သူနဲ့ ရန်ဖြစ်တိုင်း မကွဲနိုင်၊ မရှနိုင်တဲ့ ရေသန့်ဘူးတွေနဲ့ သားကို ပေါက်တယ်။ သားက ဘာမှပြန်မပြောဘူး။ ထမင်းမစားဘဲ ထွက်သွားတော့တာပဲ။

မကြာခင်မှာ ကျွန်မ သူ့ကို အရမ်းလန့်သွားတဲ့ ကိစ္စတစ်ခု ပေါ်လာတယ်။ ဂိတ်ဆုံးလန့်သွားတာဆိုလည်း မမှားဘူးပေါ့။ ကျောက်တော်ကြီးဘုရားပွဲကို သူငယ်ချင်းတွေနဲ့ ဆိုင်ကယ်စီးပြီး သွားကြတာ။ ဆေးကြောင်တဲ့ အဖွဲ့တွေနဲ့ ငြိသွားလို့ ဆေးကြောင်တဲ့အဖွဲ့က လူတွေက ဓားနဲ့လိုက်ခုတ်လို့ ဆိုင်ကယ်ကြီးထားပြီး ပြေးကြတာ။ ဆိုင်ကယ်လည်း ရစရာ မရှိဘူး။ သားက ကျောကို ရှပ်ထိပြီး ခုတ်ခံလိုက်ရတယ်။ သူ့သူငယ်ချင်းက မျက်နှာခုတ်ခံလိုက်ရလို့ မျက်နှာလည်း ဒဏ်ရာတွေ ဗရပွနဲ့။ နောက်ကျော ဓားခုတ်ရာနဲ့ အိမ်ပြန်လာတဲ့သူ့ကို ဒီအမေက ရှော့မရရုံတမယ် ဆေးရုံပြေးကြရတယ်။ ကြာတော့ မခံနိုင်တော့ဘူး။ အဲဒီတုန်းကဆို သား သေသွားမလား စိုးရိမ်စိတ်ကြောင့် တစ်ခါမှ မတိုးဘူးတဲ့ သွေးတောင် တိုးလာခဲ့တယ်။

မန္တလေးမှာ ဆိုင်ကယ်စီးလို့ ဦးထုပ်မဆောင်းရင် ဖမ်းခံရတယ်။ သူက မဆောင်းတော့ မော်တော်ပီကယ်က ဖမ်းတယ်။ ပထမတစ်ခါ အနီးနားထိ အရှိန်လျှော့ပြီး ပိုနီးလာပြီဆိုမှ ဆိုင်ကယ်ကို မောင်းပြေးတယ်။ နောက်တစ်ခါကျတော့ ဆိုင်ကယ်သော့ကို ပစ်ပေး၊ ဆိုင်ကယ်ကြီးထားပြီး ပြေးတယ်။ ဘယ်တော့မှ အဖမ်းမခံဘူး။ မတောင်းပန်ဘူး။ နောက်ထပ်တစ်ခါကျ ရှေ့ကနေ နှစ်ယောက်ပိတ်ဖမ်းတော့ နောက်ပြန်လှည့်လာပြီး နောက်လမ်းတစ်လမ်းမှာ တွေ့တဲ့ မော်တော်ပီကယ်ကို ဆိုင်ကယ် အရှိန်မလျှော့ဘဲ ဝင်တိုက်မလိုလုပ်ပြီး ဆောရီးပဲဗျာလို့ပြောပြီး ထွက်ပြေးတယ်။ ဆိုင်ကယ်ဘီးထောင်တယ်။ ရည်းစားထားတယ်။ အိမ်လည်း သူ့ကြောင့် ပြာမဖြစ်ရုံတမယ် မီးလန့်ဖူးတယ်။ အိမ်ရှေ့ကနေ တုတ်တွေကိုင်ပြီး သူ့ကို ထွက်ခဲ့ဖို့ လူတွေက လာပြီး စိန်ခေါ်ဖူးတယ်။ ရုပ်ရှင်တွေထဲကလို တစ်နေ့တစ်နေ့ ဘယ်လို သဲထိတ်ရင်ဖိုတွေ လုပ်လာဦးမလဲဆိုတာပဲ တွေးပူနေရတယ်။ အပူမီးက တဖြည်းဖြည်း ကြီးသထက်ကြီးလာတယ်။ လျော့မသွားဘူး။

(၃)

ခုလို အင်္ဂလန်မှာ အလုပ်အကိုင်တစ်ခုနဲ့ ကျောင်းတက်နေပြီဆိုတော့ အရမ်းဝမ်းသာမိတယ်။ ဒီကလေးက ဒီမှာ ဘယ်လိုမှ မနိုင်ဘဲ လူဆိုးတစ်ယောက် ဖြစ်မှန်းမသိဖြစ်နေပြီး အမေမသိအောင် တချို့ကိစ္စတွေမှာ လျှောက်လုပ်တာတွေ ရှိသေးတယ်။ ဟိုမှာက ဒီမှာလို ဆိုးချိန်မရှိဘူး။ ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်ကြရတာ။ သူ နိုင်ငံခြားရောက်သွားပြီဆိုတော့ လေထဲကို လွင့်လိုက်တဲ့ ဝါဂွမ်းဖတ်လေးလို လွတ်လပ်ပေါ့ပါးသွားတယ်။ ဒါပေမဲ့ ဖုန်းလာရင် ဘာများကြားရမလဲလို့ တွေးပူနေရတယ်။ အကြာကြီး နေမကောင်းဖြစ်လို့ တက်နေကျ ကျောင်းကနေ တခြားကျောင်း ရွှေ့လိုက်ရတယ်။ တခြားကျောင်းက သူ့ရဲ့ ဆယ်တန်းအောင်လက်မှတ် တောင်းတယ်။ အဲဒီလက်မှတ်ကို အချိန်မီ ပို့မပေးနိုင်ရင် သူ မြန်မာပြည်ကို ပြန်လာရတော့မယ်ဆိုပြီး ငိုမဲ့မဲ့အသံနဲ့ ဖုန်းဆက်လာတယ်။

နိုင်ငံခြားကနေတောင် သားအောင်ကောင်းရဲ့ ရိုက်ချက်က ဘယ်လောက်ပြင်းသလဲဆိုရင် ရန်ကုန်ကို ချက်ချင်းဆင်း၊ လိုအပ်တဲ့ စာရွက်စာတမ်းတွေကို စုဆောင်းရတယ်။ မြန်မြန်ရတာ မဟုတ်ဘူး။ မန္တလေးမှာ သူ့အဘိုး ကျွန်မအဖေ အသည်းအသန်ဖြစ်လို့ ဆေးရုံက ဆင်းခါစ၊ အဖေဆုံးပြီဆိုတဲ့သတင်းကို မျှော်လင့်မထားပေမယ့် ရန်ကုန်အရောက်မှာပဲ ကြားခဲ့ရတယ်။ ဒီမှာရှိတဲ့ အလုပ်ကိစ္စတွေ မပြီးသေး။ နောက်တစ်ခေါက်လာဖို့လည်း မလွယ်ဆိုတော့ အဖေ့ရဲ့ အသုဘတောင် လိုက်မပို့နိုင်တော့ဘူး။ မမြင်ရတော့ စိတ်သက်သာရာ ရတာပေါ့လို့ အကောင်းဘက်က လှည့်တွေးလိုက်ရတယ်။

စာရွက်စာတမ်းတွေ အချိန်မီ ပို့နိုင်ပြီး အဆင်ပြေသွားတယ်ဆိုပါတော့။ သူက ဟိုမှာ အဆင်မပြေရင် အမေ ဗေဒင်ဟောစာတမ်းလေး ပို့ပေးပါဦး။ ဆွဲလက်စ ပလက်တီနမ်ကြိုးလေးက ပြတ်သွားလို့ ကျန်ခဲ့တဲ့ ရွှေဆွဲကြိုးမျှင်မျှင်လေးကို ထည့်ပေးလိုက်ပါဦးနဲ့ ကိစ္စများမြောင်တွေကို တစ်ခုပြီးတစ်ခု ပြောတတ်တယ်။

ဘာပဲဖြစ်ဖြစ် အမေ့အတွက် မပင်ပန်းပါဘူး။ သား အဆင်ပြေရင် ပြီးရောဆိုပြီး အကုန်လုပ်ပေးရတာပါပဲ။ အခုဆိုရင် သား သွားတာ ငါးနှစ်ထဲရှိပြီ။

ဒီနှစ်တွေအတွင်းမှာ အဝေးကို ရောက်နေတဲ့ သားအတွက် ဘုရား၊ တရားမမေ့ဖို့ အမေကိုယ်တိုင် လက်ရေးနဲ့ရေးပြီး စာအုပ်တွေပို့တယ်။ ဒါက သူ့ကို နည်းနည်းချင်းဖတ်ဖို့။ ဒါကို အောင်ကောင်းက အမေ့ဟာက များလွန်းလို့ ဘယ်ကနေ စဖတ်ရမှန်း မသိဘူး။ မျက်လုံးတောင် မူးတယ်တဲ့။

အမေမသေခင် ကျန်းမာရေးကောင်းတုန်း၊ အချိန်ရတုန်း ကြိုးစားပြီး ရေးထားတဲ့စာတွေဟာ သားအတွက် အချိန်တစ်ချိန်ကျရင် တန်ဖိုးရှိလာပါလိမ့်မယ်။ အမေ့ရဲ့နှလုံးသားမှာ သားအတွက် အချိန်တိုင်း စာစီနေမိတယ်။ သားကို စာသိပ်ဖတ်စေချင်တယ်။ သားကို စာမဖတ်တဲ့မိခင်က မွေးဖွားလာတာ မဟုတ်ဘူး။ စာဖတ်ပြီး တိုင်းပြည်ကိုချစ်တဲ့၊ စွန့်ရဲတဲ့စိတ်တွေနဲ့ တစ်နေ့ ပြန်လာမယ့်သားကို အမေ မျှော်လင့်နေတယ်။ ခုတော့ သင်္ကြန်ဆိုရင် အရမ်းပြန်လာချင်နေတဲ့သားကို သင်္ကြန်က အရင်တုန်းကလို ပျော်စရာမကောင်းတော့ဘူး၊ မစည်ကားတော့ပါဘူး သားရယ်ပေါ့။

* * *

သားအကြောင်းတွေ တွေးနေမိတာ အလုပ်တောင် မလုပ်နိုင်အောင် ဖြစ်သွားတယ်။ ငါးနှစ်ပြည့်ပြီးရင် မြန်မာပြည်ပြန်လာဖို့ ကြိုးစားနေတယ်တဲ့။ ပိုက်ဆံမလောက်ရင်လည်း ဘဏ်ကနေ ငွေချေးမယ်တဲ့။ အခု အလုပ်က နောက်တစ်ခု ပြောင်းသွားပြီ။ နေမကောင်းဖြစ်လို့ အလုပ်နားထားရတဲ့လတွေ များနေတော့ ခု အတိုးချပြီး လုပ်နေပြီတဲ့။ ရန်မဖြစ်ပါဘူးအမေ။ ကျွန်တော့်ကို လွမ်းမနေနဲ့ဦးလို့ ပြောတတ်သေးတယ်။

သား အဲဒီလိုပြောမှ အမေ သားကို ပိုလွမ်းသွားတယ်။ ညအိပ်ရာဝင်တိုင်း အမေ့ပေါင်တွေ၊ ဗိုက်တွေ၊ လက်တွေပေါ် သူ့လက်နဲ့ ဆိတ်ဆွ၊ ကလိထိုး အမျိုးစုံ စ,ပြီးမှ အိပ်တတ်တော့ အမေ့မှာ ညရောက်တိုင်း ဘယ်လောက်ထိ ခြောက်ကပ်ကပ်နိုင်ပြီး အထီးကျန်သလဲဆိုတာ သား ဘယ်သိနိုင်ပါ့မလဲ။

သား ဟိုကိုရောက်သွားခါစ လမင်းကြီးကို မြင်ရတိုင်း အမေနဲ့ မြန်မာပြည်ကို လွမ်းတယ်လို့ ငိုပြီး ပြောခဲ့တယ်။ ခုတော့ အမေလည်း လမင်းကြီးကို မြင်တိုင်း သားကို လွမ်းနေပါတယ်။ အရင်တုန်းက သားက မကြာခဏ မေးတတ်တယ်။ အမေ…သားကို ချစ်ရဲ့လားတဲ့။ သားကို မချစ်ဘဲ နေပါ့မလား။ သားလေး အောင်ကောင်းက အစမကောင်းခဲ့လို့ အနှောင်းမသေချာတာလို့ အမေ အမြဲတွေးမိတယ်။ သူ့ကို မွေးတုန်းက သားအဖေရှိတယ်။ မွေးကင်းစလေးက နှလုံးခုန်မြန်လွန်းပြီး အသားတွေပြာလို့ ဆရာဝန်တွေက မွေးကင်းစတုန်းက ဖန်ပေါင်းချောင်လေးထဲမှာ ထည့်ထားရတယ်။ အမေကတော့ သတိရတဲ့အချိန်မှာ ကိုယ့်ဘေးမှာ မတွေ့ရတော့ ကလေးသေလို့၊ အမေ့ကို ပြောရင် တစ်ခုခုဖြစ်မှာစိုးလို့ပဲဆိုပြီး အမေ့မှာတော့ ခံစားလိုက်ရတာ မပြောပါနဲ့တော့။

အမေပါ အိမ်မပြန်ရဘဲ မွေးကင်းစမှာ (၂၂)ရက်နေခဲ့ရတယ်။ နှလုံးခုန်တာနဲ့ အသားပြာတာ ကောင်းသွားတော့ အသားဝါက ဝင်လာပြီး မီးချောင်းအောက်မှာ တုံးတုံးလေး ထားရတာပေါ့။ ဒါကိုကြည့်ရင်း အမေကိုယ်တိုင် လိမ့်လိမ့်လဲလဲ ခံစားရတာ ရူးမတတ်ပါပဲ။ ဒီလိုနဲ့ အသားဝါပြီးသွားတော့ တစ်နေ့ကို ငါးခါ၊ ခြောက်ခါ ဝမ်းသွားပြီး သားဖင်ဟာ ကြက်ဖင်လေးလို ရှုံ့တွပြီး သေးသေးလေး ဖြစ်သွားတယ်။ သေတော့မလို ဖြစ်နေတဲ့သားကို ကြည့်ရင်း နေ့တိုင်းငို။ လူ့ဘဝရဲ့ ဒုက္ခတွေကိုလည်း ကြောက်တောင်လာမိတယ်။ မွေးကတည်းက မလှပခဲ့တဲ့ သားလေးအတွက် ယူကျုံးမရစိတ်တွေနဲ့ သားကိုကြည့်ရင်း အမေ့ရင်တွေ နာလွန်းလို့ ဖိထားရတယ်။

ဒီလိုနဲ့ ဆေးရုံကနေ အိမ်ကို ပြန်ခေါ်လာတယ်။ အိမ်ရောက်တော့မှ မသိမသာနဲ့ ပြန်ကောင်းလာခဲ့တယ်။ စိတ်ထဲမှာ အရမ်းသနားနေမိတယ်။ ငယ်ရွယ်နုနယ်လွန်းပြီး အရွယ်နဲ့မလိုက် ခံစားခဲ့ရတဲ့သားလေး အသက်ရှင်နိုင်လာတာကိုက အံ့သြစရာပါပဲ။

ဒီလိုကလေးလေးဟာ… လူဖြစ်လာတော့ အရာရာ သတ္တိပြောင်၊ အကြောက်အလန့်မရှိ၊ ပြဿနာကို မီးထိုးရှာ၊ လူဆိုးဖြစ်ချင်နေဲ့ သားကို မယုံနိုင်အောင် အံ့သြခဲ့ရတယ်။ သူ့အဖေကလည်း ဗေဒင်မေးပြီး သားကို စစ်ဖက်နဲ့ အကျိုးပေးမယ်လို့ ဟောတယ်တဲ့။ ဒါပေမဲ့ အစ်ကို့စိတ်ထဲ စစ်ဗိုလ်တော့ ဖြစ်မှာမဟုတ်ဘူး။ သူပုန်ဗိုလ်တော့ ဖြစ်နိုင်တယ်လို့ စပြီး သူ့သားကို ပြောတယ်။

အဖေက သားရဲ့ဒုက္ခတွေကို သိပ်ပြီး သိမသွားရပါဘူး။ နေမကောင်းဖြစ်ပြီး မထင်မှတ်ထားဘဲ အကြွေစောရှာတယ်။

ကျွန်မစိတ်ထဲမှာ သားလေး ဘယ်လောက်ဆိုးဆိုး၊ ဆယ်တန်းကို နှစ်ချင်းပေါက် အောင်တာရယ်၊ အင်္ဂလန်ကို ချက်ချင်းဖြေပြီး ချက်ချင်းရောက်အောင် သွားနိုင်တာနဲ့ပဲ ကျေနပ်ပါတယ်။ ဘဝမှာ သားကို လူတော်ကြီး မဖြစ်ခဲ့ဦးတောင် လူကောင်းလေးတော့ ဖြစ်စေချင်တယ်။ မြန်မာပြည်မှာ လမ်းဘေးလျှောက်သွားပြီး လုပ်ချင်ရာလုပ်နေတဲ့ လူဆိုးထက်စာရင်…။

အခုနေရာမှာ ပညာသင်ရင်း အလုပ်လုပ်ရ၊ မတ်တတ်ရပ်ရလွန်းလို့ ခြေထောက် အသားမာတက်တာက တော်ပါသေးတယ်။ အသားမာက ကြီးလွန်းအားကြီးလို့ ခြေထိပ်တွေ အနာဖြစ်ပြီး အသားမာကို မြန်မာပြည်ရောက်မှ ခွဲမယ်တဲ့။

ဒီလို သားဆီက အသံကြားရတော့ စိတ်မကောင်းမိပြန်ဘူး။ ပိုက်ဆံတောင် မရှာခိုင်းချင်အောင် ဖြစ်မိတယ်။ ငါးနှစ်တာကာလအတွင်းမှာ အချိန်တစ်ခုရဲ့ ထုသားပေသားကို များစွာခံရပြီး ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်နိုင်အောင် ကြိုးစားရတာကို ဂုဏ်ရှိတယ်လို့ မြင်လာပြီမဟုတ်လား။ ဒီနှစ်တွေအတွင်း သားက အမေသုံးဖို့ဆိုပြီး ပိုက်ဆံတွေ ပို့ပေးနိုင်တာကိုက ငါ့သား ကျေးဇူးဆပ်ရာ ရောက်နေပါတယ်။

အမေကတော့ ပိုက်ဆံတွေ မလိုပါဘူး။ သားဘဝ လှလှပပနဲ့ အဆင်ပြေ ချောမွေ့ဖို့ အရေးကြီးတာပါ။

သား ဖုန်းဆက်ရင် တစ်ခုပြီးတစ်ခု ဂျီတွန်တတ်လို့ အမေ့မှာ ဆိုက်ကိုဝင်ပြီး သားဆီက ဖုန်းလာမှာကိုတောင် ကြောက်နေမိတယ်။ ဒါပေမဲ့လည်း ဖုန်းကို မျှော်နေမိပြန်တယ်။ နောက်ဆုံးတစ်ခေါက်က ကတ်ကုန်ခါနီးလို့ဆိုပြီး အမေ နေကောင်းလား၊ နှစ်ကုန်ရင် သား မြန်မာပြည်ကို ပြန်လာမယ်ဆိုပြီး ဟိုအဝေးကြီးကလည်း ဆက်သေးတယ်။ ဘာမပြော ညာမပြောနဲ့ ဖုန်းချသွားပါလေရော။

ဒီဘက်ကလည်း ဘာမှမပြောရသေးဘဲ 'အင်း…အဲ' ဆိုပြီး ကြောင်အန်းအန်း ဖြစ်ကျန်ရစ်ခဲ့တယ်။

ဒီလိုနဲ့ သားလာမယ်လို့ ဆိုလိုက်တဲ့နေ့ကစပြီး အိမ်မှာ ဟိုဟာရှင်း၊ ဒီဟာလုပ်နဲ့ အတွေးတွေရော၊ အလုပ်တွေရော ရှုပ်ယှက်ခတ်လို့ပါပဲ။ ကိုယ့်အဖြစ်ကို ပြန်ရယ်ချင်မိတယ်။ နိုင်ငံခြားကို ရောက်နေတဲ့ သားသမီးတွေရဲ့ မိခင်တိုင်း ကိုယ့်လိုပဲ ခံစားရမယ် ထင်တယ်။ ကျွန်မကပဲ ပိုများပိုနေမလားလို့…။

ဟင့်အင်း… မဖြစ်နိုင်ဘူး။ အမေတွေရဲ့ နှလုံးသားဟာ ဒီလိုပဲ ရှိကြပါလိမ့်မယ်။ ကျွန်မ ဆက်ပြီး တွေးနေတာ တစ်ခုက သားလာရင် တစ်ခုတင်တည်း အတူအိပ်ပြီး မျက်နှာကြည့်ကာ စကားတွေ တဝကြီး ပြောကြမယ်လို့…။



ပြီးတော့ ကျွန်မ စိုးရိမ်နေတာ တစ်ခု ရှိသေးတယ်။ သားငယ်စဉ်က ခေါင်းအုံးအိပ်ခဲ့တဲ့ အမေ့လက်မောင်းကို မေ့နေပြီလား…။ အိပ်မှ အိပ်တတ်တော့ပါ့မလားလို့…။


ချောအိမာန် (မန္တလေး)

မြစ်နှစ်မြွှာ (မိဘမေတ္တာဖွဲ့ဝတ္ထုများ)

Friday, July 20, 2012

အတုလအသံ




(၁)


ကျွန်မက ကျယ်ပြန့်တဲ့ မိုးကောင်းကင်ကြီးကို မော့ကြည့်ပြီး လက်နှစ်ဖက်စုံမိုးပေါ်ထောင်ဖြန့်ပြီး 'ဟေး' လို့ လွတ်လပ်ခြင်း အင်အားအပြည့်အသံနဲ့ အားရပါးရအော်လိုက်တယ်။ ပဲ့တင်လာတဲ့အသံကို ပြန်ကြားရတယ်။ ခပ်မြင့်မြင့် ကိုင်းပေါ်က ငှက်တွေထပျံသွားကြတယ်။

တကယ်တော့ လူတိုင်း၊ လွတ်လပ်ခြင်းအရသာကို အပြည့်အဝမဟုတ်တောင် တစ်ဝက်လောက်တော့ ခံစားရရှိသင့်တာပေါ့။ ညှိုးနွမ်းပြီး ကျပ်တည်းသော ဘဝတွေကို လူတိုင်းလွှင့်ပစ်ချင်မှာပဲ။ ကိုယ်ဆုပ်ကိုင်ထားတဲ့ ဘဝအရသာဟာ ဘာနဲ့တူသလဲဆိုတော့ စိတ်ပင်ပန်းနွမ်းနယ်လာရင် တွေးတဲ့အတွေးပဲရှိသေးတယ်။ တကယ်တမ်းတော့ မစွန့်လွှတ်နိုင်သလို ဒီလမ်းဟာ ကျွန်မအတွက် ခက်ခက်ခဲခဲရွေးချယ်ခဲ့ရတဲ့လမ်းလေ။

ဘဝမှာကြေကွဲစရာ နှစ်ခုရှိတယ်။ တစ်ခုက ကိုယ်လိုချင်တာကို မရလိုက်တာ။ နောက်တစ်ခုက လိုချင်နေတာကို အချိန်အခါမဟုတ် အသုံးမဝင်တော့မယ့် အချိန်မှရလိုက်တာ။ အဲဒီနှစ်ချက်ကို ကျွန်မ အကြေက်ဆုံးပဲ။ ကျွန်မ အဖြစ်ချင်ဆုံးအရာတစ်ခုကို မဖြစ်ရမှာ လုပ်ခွင့်မရမှာကို အစိုးရိမ်ဆုံးပဲ။ ပြောမရတဲ့ ကျွန်မကို အမေက အရွယ်လေးရလာတော့ အတောင်ပေါက်ပြီး အဝေးကို ပျံချင်ပြီပေါ့တဲ့။

မဟုတ်ပါဘူး အမေရယ် သမီးဝါသနာပါတဲ့ အလုပ်ကိုပဲ လုပ်ပါရစေဆိုတော့

အးလေ တားလို့ရမှာမှ မဟုတ်တာတဲ့။

အမေ့ဆီက နောက်ဆုံး ခွင့်မပြုချင်ပြုချင် လက်မှတ်လေးရလိုက်တော့ ပျော်သွားတယ်။ မိဘတွေက ဂန့်ဂေါမှာ နွားမွေးမြူရေးနဲ့ ခြံလုပ်ငန်းတွေလုပ်တယ်။ ကျွန်မတို့ ညီအစ်မနှစ်ယောက်ကို ဆက်လုပ်စေချင်ပေမယ့် ကျွန်မကတော့ မလုပ်နိုင်ဘူး။ အစ်မကတော့ အိမ်ထောင်လည်းပြုမှာမဟုတ်သလို သူကပဲ ဆက်လုပ်မယ်တဲ့။ ကျွန်မကတော့ ဂန့်ဂေါကနေလွဲပြီး ဘယ်မှမရောက်ဘူး။ ဘာမှမသိတဲ့ ဒီမိဘလက်ရင်းအလုပ်ကို ဆက်လုပ်ဖို့ လုံးဝမဖြစ်နိုင်၊ ဝါသနာလည်းမပါ။

ကျွန်မရဲ့ ဗီဇကိုတော့ အိမ်ကလူတွေ အရင်ကတည်းက ရိပ်မိတယ်။ အဘိုးကို လာကုပေးတဲ့ သူနာပြုဆရာမလေး မသိင်္ဂီ ကို အမြဲအားကျဖူးတယ်။ ခေါင်းမှာ ဦးထုတ်အဖြူ အင်္ကျီ ရင်ဘတ်မှာ ဘောပင်လေးချိတ် သူ့အသံကိုကြားရင် အဘိုးရောဂါ တစ်ဝက်သက်သာတယ်။ ကြင်ကြင်နာနာရှိသလို နှုတ်လည်းချိုတယ်။ မသိင်္ဂီရဲ့ လုပ်ပုံကိုင်ပုံတွေ အာရုံထဲ အမြဲစိုးမိုးနေတယ်။ ငါလည်း တစ်နေ့ကျ မသိင်္ဂီလို သူနာပြုဆရာမလုပ်မယ်လို့ ဆုံးဖြတ်ခဲ့တယ်။

ကျွန်မ အိမ်ကတော့ ထုံးစံအတိုင်း သဘောကျတဲ့၊ လာစပ်ကြတဲ့ သူတွေနဲ့တွေ့ အကောင်းဆုံးကို ရွေးချယ်ပြီး အိမ်ထောင်ချပေးမယ်။ အိုးမကွာ၊ အိမ်မကွာစီးပွားရေး လုပ်ပြီး ဂန့်ဂေါမှာပဲ နေစေချင်တာ။ ကျွန်မက အတင်းခေါင်းခါပြီး မန္တလေးမှာနေတဲ့ မိတ်ဆွေဆီ စာအတန်တန်ရေး ဖုန်းအတန်တန်ဆက်ပြီး အကူအညီတောင်းရတယ်။

မိဘတွေ သဘောမတူညီမှုကို စိတ်ပျက်ရင်း စိတ်ထဲမှာ ကိုယ်ဘာတွေလုပ်ပြချင်တယ်ဆိုတဲ့ စိတ်ကူးက တကယ့်လက်ငင်း အခြေအနေအရတော့ ကြီးကျယ်လွန်းရာကျလွန်းပါတယ်။ ဒါပေမဲ့ စိတ်ထဲမှာ မျှော်လင့်ချက်နဲ့ အားထုတ်ဖို့ရာ အသင့်ရှိနေခဲ့တယ်။ ကျွန်မရဲ့ ယုံကြည်မှုဟာ နှလုံးသားရဲ့ စွမ်းအင်ပဲဖြစ်တယ်။

အမြင်ရိုးသားလွန်းတဲ့ မိဘတွေကြားမှာ အတိုက်အခံနဲ့ စွန့်စားရခြင်းဟာ ကျွန်မအတွက် ကြီးမားတဲ့ အန္တရာယ်ပဲ။ ပတ်ဝန်းကျင်ကလည်း သူတို့မြင်သလို တတ်သလို သွေးထိုးမှုတွေလည်း ရှိကြတယ်။ သူနာပြုမဟုတ်ဘဲ ဆရာဝန်တစ်ယောက်ဆိုရင်တော့ သူတို့လက်ခံကြလိမ့်မယ်။ ကျွန်မက ဆရာဝန်မှ မဖြစ်နိုင်တာ။ ဆရာဝန်အမျိုး ဘယ်သူမှ မရှိပေမယ့် ဆေးနဲ့ ပတ်သက်တဲ့ သူနာပြုတစ်ယောက်ကို သူတို့ လက်မခံနိုင်ဘူးတဲ့လား။ သူနာပြုလုပ်မယ့် အတူတူ ဒီမှာလည်း စီးပွားရေးက အဆင်သင့်ရှိနေတာကို လုပ်ပါတော့လားတဲ့။ သူတို့တွေရဲ့ စကားတွေကြောင့် အဖေရော အမေရောက ခေါ်ပြီး ကျွန်မကို ပြောတယ်။

ကျွန်မရလာမယ့် သူနာပြုလစာနဲ့ ဘယ်တော့မှ ထမင်းမစားဘူးတဲ့၊ အစ်မကို ကူညီပါလို့ ပြောတယ်။ အဖေ့အသံက လိုတာထက်တင်းနေသလို ထင်ရတယ်။

အဖေက သေချာခိုင်မာစွာ ဆုံးဖြတ်ပြီး ပြောသလို ကျွန်မကလည်း ပြောရတော့မယ်။

"အဖေ သမီးမလုပ်ချင်တာကို မတိုက်တွန်းပါနဲ့။ ဂျပန်လူငယ်တစ်ယောက်က အရင်းအနှီးလုပ်ဖို့ သူ့အဘိုးဆီက ငွေတောင်းတယ်။ အဘိုးက မင်း ငါ့ဆီကို ငွေလာတောင်းရအောင် မင်းက သူတောင်းစားလားတဲ့။ လူ့ဘဝဆိုတာ ရွေးချယ်ဖို့ လမ်းတွေရှိတယ်။ မင်း သမ္မတကြီး ဖြစ်ချင်လား ရတယ်တဲ့။ သူတောင်းစားဖြစ်ချင်လား ရတယ်တဲ့။ ကံကောင်းလို့ လူဖြစ်လာပြီဆိုမှတော့ လူ့ဘဝမှာ ရွေးချယ်ခွင့်ရှိပါလျက် မရွေးချယ်ဘဲနေတာ၊ ရွေးချယ်ခွင့်မရတာက လူဖြစ်ရှုံးတယ်တဲ့။ အဲဒီလိုပါပဲ သမီးဘဝလမ်းကို ရွေးချယ်ပါရစေ။ လူဖြစ် မရှုံးပါရစေနဲ့။"

အဖေရော၊ အမေရော စကားသံတွေတိတ်ဆိတ်ပြီး ကျွန်မရဲ့ ခံစားချက်တွေကို ခွင့်ပြုလိုက်ရတော့တယ်။ ကျွန်မ သိပ်ပျော်ခဲ့တာပေါ့။ ကျွန်မရဲ့ အိပ်မက်တွေကို အကောင်အထည်ဖော်ခွင့်ရဖို့လေ။ ညလည်း အိပ်မပျော်နိုင်ဘူး။ အမေက ကျွန်မ အခန်းထဲကို တိတ်တဆိတ်လာရင်း သမီး အိပ်မပျော်ဘူးမဟုတ်လားတဲ့။ သိပ်ဟုတ်တာပေါ့ အမေ၊ ဘယ်အိပ်ပျော်နိုင်ပါ့မလဲ ဝမ်းသာလွန်းလို့လေ။ "အမေ စိတ်ချပါ၊ သမီးဟာ အမေတို့အတွက် အားကိုးရတဲ့ သမီးတစ်ယောက်ဖြစ်အောင် ကြိုးစားမှာပါ"

အမေက ကျွန်မခေါင်းကို သူ့ရင်ခွင်ထဲပွေ့ဖက်ရင်း သမီးခုလို တခစ်ခစ်ရယ်သံကိုပဲ အမေကြားချင်ပါတယ်တဲ့။ အမေ့ကို ကျွန်မသိပ်ကြိုက်တဲ့ တဂိုးရဲ့ ကဗျာလေးတစ်ပုဒ်ကို ရွတ်ပြမိတယ်။ အမေက ဒီကဗျာကို နားထောင်နေကျဖြစ်ပေမယ့် ဒီတစ်ခါတော့ ပိုပြီး ရင်ထဲ နွေးထွေးစေလိမ့်မယ်လို့ ထင်ပါတယ်။ အမေက ကျွန်မမျက်နှာကို ပြုံးပြီး ကြည့်နေတယ်။

"ပြက်ရယ် ပြောတမ်းကစားရအောင် အမေ

ကျွန်တော် စကားပွင့်ဖြစ်သွားတယ် ဆိုပါစို့

စကားပင်ရဲ့ အကိုင်းအမြင့်ပေါ်မှာလေ

လေထဲမှာ တလှုပ်လှုပ် ရယ်လို့ မောလို့

ပရစ်ဖူးတွေကြားမှာ ကခုန်နေရင်

ကျွန်တော့်ကို မှတ်မိပါမလား မိခင်

လူကလေး ဘယ်မှာလဲလို့ အမေ ခေါ်တော့

ကျိတ်ရယ်ပြီး ကျွန်တော် တိတ်တိတ်လေး နေမှာပေါ့"

နောက်ဆုံးစာပိုဒ်မှာ အမေက ကျွန်မနဲ့ အတူလိုက်ရွတ်တယ်။ ကျွန်မနဲ့ အမေရဲ့ ရယ်သံများ အခန်းလေးထဲမှာ လွှမ်းခြုံသွားတယ်။

§

သူငယ်ချင်းတွေဖြစ်တဲ့ ဖူးဖူး က ကျောင်းဆရာမဖြစ်ချင်သူ။ ကိုမိုးက စက်ပစ္စည်းတွေကို ဝါသနာပါပြီး တီဗီ၊ ရေခဲသေတ္တာ၊ ကက်ဆက်တွေကို ရောင်းချပြုပြင်ချင်သူ။ ကိုလေးက အနုပညာဓာတ်ခံရှိသူပီပီ သီချင်းဆိုချင်သူ ဂစ်တာလည်း တီးတတ်ချင်သူ၊ ဒီထက်အဆင့်မြင့်ရင် သရုပ်ဆောင်လုပ်ချင်တဲ့သူ။

ကျွန်မကတော့ ရုန်းထွက်ရင်း ကိုယ်ဖြစ်ချင်တာကို ရွေးချယ်ဖို့ အားလုံးကို လက်ပြနှုတ်ဆက်ခဲ့ရတယ်။ သူတို့တွေလည်း မြို့လိုက်လာပြီး အလုပ်လုပ်မယ် ပြန်ဆုံမယ်လို့ ကတိထားကြတယ်။ အမေက ကျွန်မလိုအပ်တာတွေ အကုန်လုံးလုပ်ပေးတယ်။ အဖေကတော့ ဘာမှမပြောတော့ဘူး။ ကျွန်မက အဖေ့ကို နားလည်နိုင်ပါတယ်။ အဖေဟာ ကျွန်မကို အဝေးမှာ စိတ်မချတာ၊ အနေဆင်းရဲ အစားဆင်းရဲ ဖြစ်မှာကိုလည်း စိတ်ပူတယ်။ ပါးစပ်ကတော့ သူ့ရဲ့ ပူပန်မှုကို ဘယ်တော့မှ ဖွင့်မပြောဘူး။ ခုလို အမေကြည်ဖြူသွားတာလည်း အဖေ ကြည်ဖြူလိုက်လို့ဆိုတာ ကျွန်မသိပါတယ်။

(၂)

တကယ့်လက်တွေ့ဘဝထဲကို ခုန်ဆင်းလိုက်တဲ့အခါ ထင်မထားတဲ့ ခက်ခဲနက်နဲမှုတွေကို တွေ့လာရတယ်။ စိတ်ကူးအိပ်မက်ထဲမှာ အချိန်ကို ပြောင်းပြန်လှည့်မောင်းပြီး လူငယ်ဘဝ ပျော်ရွှင်မှုကို တစ်နာရီလောက် ပြန်လိုချင်လာတယ်။ နေ့တိုင်း အသက်ရှင်နေရတာ လောကထဲမှာ အလှပဆုံးအရာအတွက် ဖြစ်ပေမယ့် အချိန်ရဲ့ ယိုယွင်းမှုကတော့ ဖက်တွယ်ထားလို့မရ။ ကျွန်မဟာ ထူးခြားဆန်းကြယ်တဲ့ဒေသမှ ဧည့်သည်လာဖြစ်ရတယ်လို့ ထင်တယ်။ လူကလည်း ဧည့်သည်အဖြစ်ကို ကြိုက်ပြီး ဘဝတိုက်ပွဲကို ရင်ခုန်တယ်လေ။ ဘဝကို ကြည့်လိုက်ရင် လူကြီးတွေကတော့ တည်ငြိမ်တယ်။ ကျွန်မရဲ့ အထက်ဆရာဝန်ကြီးတွေဟာ ဘယ်လိုအကြောင်းတရာပဲလာလာ တည်ငြိမ်ရင့်ကျက်တယ်။ ကျွန်မကို တဖြည်းဖြည်းနဲ့ အမှန်တရားတွေပေးလာတယ်။ လဲလှယ်ဖြစ်ခဲ့ရတာကတော့ ကျွန်မရဲ့ နုပျိုခြင်းပေါ့။

ကျွန်မပိုပြီး လူတွေအကြောင်းသိလာရတာက ရင်းနှီးမှုရှိတိုင်းလည်း ကိုယ့်အတွက် အကျိုးပြုချင်မှပြုမယ်ဆိုတာပဲ။ ကိုယ်နဲ့ဝေးကွာပြီး တောမှာပေါက်ရောက်နေတဲ့ အပင်တွေ ဆေးပင်တွေဟာ ကိုယ်နဲ့မရင်းနှီးပေမယ့် အကျိုးပြုတယ်။

ကျွန်မရဲ့ သင်တန်းကာလတွေတစ်လျှောက် အတွေ့အကြုံ၊ အစမ်းသပ်ခံစတဲ့ အခြေအနေတွေဟာ အရင်းနှီးတွေပဲဖြစ်တယ်။ တစ်ခါတလေ ကိုယ်က ပေးဆပ်လိုက်ရပေမယ့် အဲဒီအရင်းအနှီးလောက် ပြန်မရတာတွေ ရှိခဲ့တယ်။ အစစ်နဲ့ အတုတွေကိုလည်း တွေ့ခဲ့ရတယ်။ ကျွန်မရဲ့ အရှေ့ပိုင်း နှစ်ကာလများမှာ အတုကို သေချာ မခွဲခြားနိုင်ခဲ့ဘူး။ အခြားသူတွေကို ဆက်ဆံတိုင်း ကျွန်မမှာ အတုမရှိ၊ ဆင်တူယိုးမှားမရှိ အသုံးချဖို့မရှိ တန်ဖိုးထားရတဲ့ ဆက်ဆံရေးအစစ်အမှန်ကိုပဲ ပေးခဲ့ပေမယ့် ကျွန်မ အမှန်တကယ် ရရှိခဲ့တာက ဆက်ဆံရေး အတုတွေ ဖြစ်လို့နေခဲ့တယ်။ အဲဒီ အချိန်မှာ ကိုယ့်ကိုယ်ကိုယ်ဖြေသိမ့်ဖို့ စကားတစ်ခုပဲ ရှိတယ်။

"လောကမှာ ကိစ္စတော်တော်များများဟာ မယုံကြည်နိုင်ပေမယ့် အမှန်တကယ်ရှိတတ်ကြတယ်" ဆိုတာပါပဲ။ အားလုံးရဲ့ အဓိကသော့ချက်ဖြစ်တဲ့ အပေါင်းလက္ခဏာကို ကျွန်မ တော်တော်နဲ့ ရှာမတွေ့နိုင်ခဲ့ဘူး။ ဒီလိုဖြစ်ရလေ ငယ်ပေါင်းတွေကို ပိုသတိရမိတယ်။ လွတ်လပ်ပေါ့ပါးပြီး အဖြူရောင်စိတ်တွေကို ကျွန်မ မြတ်နိုးတန်ဖိုးထားတယ်။ ကျပ်တည်းစွာ ရှင်သန်ရဖို့ ပြန်တောင် မတွေးချင်ခဲ့ဘူး။ ဒါပေမဲ့ ဒီ ပန်းတိုင်ကိုရောက်ဖို့ ကျွန်မ ရွေးချယ်ခဲ့တာလေ နောင်တရဖို့တော့ မရှိပါဘူး။

အဆောင်ခန်းလေးထဲမှာ လူက ခြောက်ယောက်၊ အသက်ရှူရတာတောင် မွန်းကျပ်တယ်။ ဒီငါးယောက်ရဲ့ စိတ်နဲ့ ပေါင်းသင်းနေထိုင်ရတာ လွယ်တဲ့ကိစ္စမှ မဟုတ်တာ။ သည်းခံရတာ၊ အလျှော့ပေးရတာ၊ မသိချင်ယောင်ဆောင်ရတာ၊ အတင်စီးခံရတာ၊ စကားနဲ့ခွပ်ခံရတာ ဒါမျိုးတွေလည်း အများကြီးပဲ။ ပိုဆိုးတာက အင်္ဂလိပ်လို သင်ရတဲ့ စာတွေမှာ ကျွန်မရဲ့ စကားသံ မပီတော့ ထွက်လာတဲ့ အသံတွေက သူတို့အတွက် ဟားစရာ ကျိတ်ပြီး ရယ်စရာဖြစ်လာတယ်။

လကုန်တိုင်း အမေပို့ပေးတဲ့ ပိုက်ဆံလေးကို ဇယားချသုံးစွဲတာကို လက်တို့အတင်းပြော သူတို့ကတော့ ရသမျှပိုက်ဆံ အကုန်နီးပါး သုံးပြီး လိုရင် ကျွန်မဆီက လာချေးချင်သေးတယ်။ အပြင်ထွက်ကြတဲ့နေ့တွေမှာ တစ်ယောက်အဝတ်အစား၊ တစ်ယောက်ငှားဝတ်ရင်း ဆီကွက်လို့ ညစ်ပတ်လို့နဲ့ ပြဿနာတွေဖြစ်ပြီး မခေါ်မပြောတွေဖြစ်။ အောက်ခံမိတ်ကပ်ကို ယူလိမ်းလို့ စကားများကြတာနဲ့ အင်တာနက်နှာ ချက်စခန်းဝင်ပြီး ပြန်လာတဲ့ကောင်မလေးက သူ့အတွက် ဟင်းမကျန်တော့လို့ ပြဿနာလုပ်၊ အခန်းထဲက မှန်အကြီးကျကွဲတာ လက်သည်မပေါ်ဘဲ သူလျော် ငါလျော်တွေဖြစ်ကြ ဒါ့အပြင် အသေးလေးတွေဖြစ်တဲ့ ဆပ်ပြာကိစ္စ ဆပ်ပြာမှုန့်ကိစ္စ တစ်နေ့တစ်မျိုး မရိုးနိုင်ဘူး။

ဒီလို နေ့စဉ်ပြဿနာတွေကြားမှာ ဇွတ်ကြိတ်မှိတ်နေပေမယ့် အဓိကစာထဲမှာ စိတ်ပါအောင် ကျက်မရခြင်းပဲ။ ဒီလိုရက်တွေသာ များလာခဲ့ရင် စာမေးပွဲက ဖြေနိုင်မှာမဟုတ်။ ဒီတော့ သူတို့ထွက်သွားတဲ့ အချိန်မှာ ရသလောက် အချိန်လေးကို အမိအရ စာကျက်ရတယ်။ အဝတ်လျှော်မှာလိုလို၊ ပုံစံတစ်မျိုး အကြောင်းပြပြီး ရသမျှအချိန်ကို အမိအရဖမ်းဆုပ်ပြီး ခေါင်းထဲထည့်ရတယ်။ စာကျက်ရင်တော့ ခဏလေးနဲ့ ရတတ်တာမို့ အချိန်အများကြီး ပေးစရာမလိုခဲ့တာ ကျွန်မအတွက် ကံကောင်းခြင်းပဲ။ အချိန်တွေ ကြာလာတာနဲ့အမျှ စားပွဲအောက်က ကြိုးလေးတွေတောင်ပွန်းနေတဲ့ ကတ္တီပါညှပ်ဖိနပ်လေးရယ်၊ နာရီလက်ပတ်ကြိုးက ချွေးစားပြီး ကွင်းတစ်ကွင်းပြုတ် ထွက်သွားပြီ၊ အစကောင်း မဟုတ်တဲ့ ထဘီအနီရောင်ဟာ လျှော်လွန်းလို့ နီလိမ္မော်ရောင် ပေါက်နေခဲ့ပြီ။ အမေက ဝယ်ဝတ်ဖို့ ပြောပေမယ့် ကျွန်မက မဝယ်ဝတ်နိုင်။

ဆံပင်ဆိုတာ ရှေ့ရောနောက်ရော အမြဲတမ်း ခေါက်တင်ထားလို့ ဖြန့်လိုက်ရင် ပုံမကျ ပန်းမကျ တွန့်လိမ်နေတယ်။ ဘာမှ ပြင်ဆင်လေ့မရှိတဲ့ ကျွန်မကို တောကျတယ်တဲ့။ ဒီတောကျတာက ကျွန်မကို ဘာမှ အနှောင့်အယှက် မပေးခဲ့ဘူး။ စာမေးပွဲအောင်ဖို့လိုရင်းပါ။ စာမေးပွဲတွေဖြေပြီး အောင်စာရင်း ထွက်တော့ ဗဟုသုတ အမှတ်တွေက သူတို့တွေ အားလုံးထက် ကျွန်မကများနေတယ်။ ကျွန်မသည်းခံကြိုးစားခဲ့ရတဲ့ အချိန်တွေအတွက် ရလဒ်တွေပေါ့။

ကျွန်မရဲ့နေ့သစ်တွေအတွက် ဆက်ပြီး အားမွေးရပြန်တယ်။ စစ်စတာကြီးက ကျွန်မကို ချစ်တယ်။ အားကိုးတယ်။ လက်တွေ့မှာ ကျွန်မရဲ့ လုပ်ရည်ကိုင်ရည်တွေကို သဘောကျတယ်။ ဒါကြောင့် နေရာရသလို နေရာပေးခံရတယ်။ အတူတူဖြစ်လာတဲ့ အချင်းချင်းတွေကတော့ ကျွန်မအပေါ် နားလည်တဲ့သူတွေ ရှိသလို ခုထက်ထိ အမြင်မကြည်တဲ့သူတွေလည်း ရှိသေးတာပဲ။

အချိန်တွေ ဒုက္ခဆင်းရဲခြင်းတွေ များစွာခံရပြီးမှ သူနာပြုတစ်ယောက်ရဲ့ ဘဝကို ရခဲ့တာပါ။ အလေ့အကျင့်က ကျွန်မအတွက် ဆရာတစ်ဆူပဲ၊ ဒါကြောင့် ဘယ်အရာမဆို ကျွမ်းကျင်အောင် လုပ်တယ်။ တကယ်တော့လည်း ကိုယ်ဖြစ်ချင်တဲ့ ဘဝကိုရောက်တော့လည်း ပြီးပြီလားဆိုရင် မပြီးသေးပါဘူး။ ရှေ့မှာဆက်ပြီး သင်ယူစရာတွေက အများကြီးပဲ။




ကျွန်မက မန္တလေးဆေးရုံကြီး SU 2 ခွဲစိတ်ဆောင်မှာ တာဝန်ကျတယ်။ ခွဲခန်းထဲမှာ လိုအပ်သမျှ ပြင်ဆင်လုပ်ကိုင်ပေးရတယ်။ ပစ္စည်းကိရိယာတွေစစ်ဆေးရတယ်။ သွေးလိုရင် ပြေးရသေးတယ်။ ဟောက်စ်ဆရာဝန်တွေနဲ့ ဆရာဝန်ကြီးတွေရဲ့ အသံကို နားယဉ်အောင် ကျင့်ရသေးတယ်။ နောက်ကျရင် ပစ္စည်းမစုံရင် ဆိုခံရတယ်။ ခွဲခန်းထဲက Runner တစ်ယောက်ရဲ့ ဘဝဟာ တစ်ခါတလေ ခါးသီးစရာကောင်းနေတယ်။ အလုပ်အတူလုပ်ရင်း ဆရာဝန်ကြီးတွေနဲ့ ခင်မင်လာတော့ နေရာပေးမှုအပေါ် မျက်စောင်းတွေကိုလည်း ခံရတယ်။ ဟောက်စ်နဲ့ ကျွန်မတို့ကြားရဲ့ ကျွမ်းကျင်မှုပြဿနာဟာလည်း အမြဲတမ်း ရင်ဆိုင်နေရတယ်။

လူနာရှင်ရဲ့ စိတ်တိုညည်းညူမှုကြားမှာ ကျွန်မဘာလုပ်ရမှန်းမသိအောင် ဖြစ်ခဲ့ဖူးတယ်။

လူနာက "တော်ပြီ တော်ပြီ အဲဒီ ဆရာဝန်သာဆက်လုပ်ရင် ငါ မခံနိုင်တော့ဘူး။ နာလို့ သေလိမ့်မယ် ဆရာမပဲ လုပ်ပေးပါ။ မကျွမ်းကျင်ရင်လည်း မလုပ်တာကောင်းတယ်" ဆိုပြီး အော်တယ်။

ကျွန်မ ဘာလုပ်ရမလဲ မျက်နှာကလည်းပူ၊ ဒီလိုကိစ္စတွေမှာ ဆရာဝန်ကြီးတွေက ဟောက်စ်ဆရာဝန်ကိုသာ တာဝန်ပေးထားတာ၊ လူနာကလည်း ဒေါသဖြစ်လွန်းလို့ တုန်တောင်နေတယ်။ တကယ်တော့ Flagole ဆေးတောင့်သွင့်တဲ့ကိစ္စ ဘာမှ အပန်းမကြီးသလို မခက်ခဲပါဘူး။ လုပ်နေကျ မဟုတ်တာတွေကြောင့် ဆေးကရှောရှော ရှူရှူမဝင်ဘဲ ပြန်ပြန်ထွက်လာတာကို လူနာက စိတ်ကို တအားတင်းထားလို့ ကြွက်သားတွေ တောင့်နေလို့ သူလုပ်လို့မရတာလို့ အပြစ်တင်တယ်။

လူနာရှင်ကလည်း စိတ်တိုသွားတယ်။ ဒါနဲ့ အဲဒီဆေးတစ်တောင့်ကို ကျွန်မ ထည့်ပေးလိုက်တယ်။ နဂိုကတည်းက အကဲဆတ်တဲ့သူက ကျွန်မကိုပါ စိတ်တိုသွားတယ်။ မတတ်နိုင်ဘူး။ တိုင်ချင်ရင်လည်း တိုင်တော့ပဲ။ ဒီနောက်ပိုင်း ဟောက်စ်ဆရာဝန် ကျွန်မကို မျက်လုံးချင်း မဆုံတော့ဘူး။ ဒါတွေက အဓိကကျသလား။ အဓိကနဲ့ သာမညကို သူ မခွဲနိုင်တော့။ သူ အရှက်ကွဲတယ်ဆိုပြီး တောင်စဉ်ရေမရ ဟောက်စ်တွေထဲမှာ လျှောက်ပြော၊ ဒီတော့ ကျွန်မက သူတို့မလိုလားတဲ့သူ အလိုလိုဖြစ်လာတောပေါ့။ ထားပါ ကျွန်မ ဘာမှ ဂရုမစိုက်ခဲ့ဘူး။


ဒါတွေကိုသာ နေ့စဉ် ခေါင်းထဲထည့်ရမယ်ဆိုရင် ကျွန်မရဲ့ အလုပ်တွေမှာ အမှားအယွင်းပေါင်းများစွာ တွေ့ရမှာ မလွဲမသွေပါပဲ။ တစ်ခါတလေတော့လည်း ဒီလို ညစ်ညူးမှုထဲကနေ ပျော်စရာတွေ ရှာကြံတွေ့ရပြန်တယ်။ ခွဲခန်းထဲမှာ သီချင်းအကျယ်ကြီး အော်ဆိုတတ်တဲ့ ကျွန်မကို ဆရာဝန်အများစုက 'လော်' တဲ့။ ပြီးတော့ Runner လို့လည်း ခေါ်သေးတယ်။ တစ်ချိန်လုံး ပြေးနေရလို့လေ။ အထူးကုဆရာဝန်တွေရဲ့ ဖုန်းက အော်ပရေးရှင်းအခန်းထဲမှာ ပိတ်မထားတော့ ထထမြည်တယ်။ ရေတံခွန်စမ်းရေစီးသံလိုကြားရရင် သူတို့ထခုန်ပြီး ပျော်တတ်တယ်။ ရေရမှာမို့လို့တဲ့။ ဆေးခန်းတွေက ဖုန်းဆက် အကြောင်းကြားတာလေ။ ပါးပါးရေ ဖုန်းလာနေတယ်ဆိုရင် အိမ်က ကလေးကိစ္စတစ်ခုခုတဲ့။ မြနဲ့မောင်နဲ့ ခုမှတွေ့တာဆိုတဲ့ သီချင်းထွက်လာရင် အိမ်ကမိန်းမ ဖုန်းဆက်တာတဲ့ မိန်းမနဲ့က အိမ်ရောက်မှပဲတွေ့ရလို့ တွေ့ချိန်ရှားလို့တဲ့။ ဘုန်းကြီးတရားဟောတဲ့အသံဆိုရင်တော့ မကိုင်ဘူးပစ်ထားတယ်။ အဲဒီဆရာဝန်ရဲ့ အမျိုးက ဘုန်းကြီးဝတ်နေတာ အမြဲဖုန်းဆက်ပြီး အလှူခံလို့တဲ့။ ဆေးရုံက အရေးပေါ်ဆက်တယ်ဆိုရင်တော့ ပီပေါ် ပီပေါ် ဆိုတဲ့ အသံကို ထည့်ထားတယ်။

တစ်နေ့တစ်မျိုး မြည်သံတွေကြောင့် ကျွန်မတို့ အကြိမ်ကြိမ်ခွဲခန်းထဲမှာ ပွဲကျဖူးတယ်။




ခွဲခန်းထဲဝင်တော့မယ်ဆိုရင် ဆရာဝန်ကြီးက ဆရာဝန်တွေရော ကျွန်မတို့အားလုံးကို မိုးပျံပူဖောင်းတွေနဲ့ တူတယ်လို့ပြာတယ်။ "မိုးပျံပူဖောင်းတွေကို မြေပေါ်မှာရပ်တည်နိုင်အောင် သဲအိတ်တွေ ဆွဲထားရတယ်။ ဒီသဲအိတ်တွေဟာ မိုးပျံပူဖောင်းကို ဆွဲထားဖို့ထက်ပိုပြီး အသုံးမဝင်ခဲ့ပါဘူး။ မိုးပေါ်ကို ပျံတက်ဖို့ လိုအပ်မယ့်အချိန်မှာ သဲအိတ်တွေကို ဖယ်ရှားပစ်ရမှာဖြစ်တယ်။ ဒါမှလည်း ကောင်းကင်ကနေပြီး ရှုမျှော်ခင်းတွေကို ခံစားနိုင်မှာဖြစ်တယ်။ အဲဒီလိုပဲ သဲအိတ်နဲ့တူတဲ့ လေးလံထိုင်းမှိုင်းနေတဲ့ မင်းတို့ရဲ့ ကိုယ်စီ၊ ကိုယ်စီမှာရှိနေတဲ့ သောကတွေကို ဖယ်ရှားပစ်ပါ။ ဒီ ခွဲစိတ်ခန်းထဲ ဝင်လာပြီဆိုတာနဲ့ မင်းတို့ရဲ့ အာရုံတွေဟာ လူနာပေါ်မှာ တစ်စုတစ်စည်းတည်းရှိပါစေ။ ဆရာဝန်တွေအတွက် နေ့စဉ်အလုပ်တစ်ခုကို လုပ်နေတာ ဖြစ်ပေမယ့် လူနာအတွက်ကတော့ တိုက်ပွဲဝင်တာပါပဲ ဒါကြောင့် သတိထားပါ"

ဆရာဝန်ကြီးရဲ့ အသံက ဟိန်းထွက်နေတယ်။ ခွဲခန်းထဲမှာ ဘာသံမှ မကြားရအောင် တိတ်ဆိတ်သွားတယ်။ ဆရာကြီး ဘာကို ဆိုလိုမှန်း အားလုံးသိကြတယ်။ အရင်နေ့က လက်ထောက်ဆရာဝန် တစ်ယောက် မှားတော့မလို ဖြစ်သွားတာကို ဆရာကြီး သိသွားတယ်။ အခန်းထဲမှာလည်း ခေါ်ပြောတယ်။

ကျွန်မကြောက်လွန်းလို့ နောက်နားလေးမှာ ငြိမ်နေရတယ်။ အဲဒီလို နေ့ရက်တွေမှာဆို စိတ်တွေ ဘယ်မှ ထွက်မသွားအေင် ထိန်းချုပ်ထားရတာ ပင်ပန်းလွန်းတယ်။ ဆရာဝန်ကြီးက Runner လို့အော်လိုက်တာနဲ့ ကျွန်မရဲ့ ရပ်နေတဲ့ ခြေအစုံဟာ ညွတ်ကျသွားမတတ်ပဲ၊ အရေးကြီးလူနာဆိုရင် ခွဲစိတ်ခန်းထဲက ညမှ ပြန်ထွက်လာနိုင်တယ်။ ဗိုက်ထဲက တကြုတ်ကြုတ်မြည်နေသလို၊ ခြေထောက်တွေကလည်း ရပ်ရတဲ့ အချိန်ကြာလွန်းလို့ နာကျင်နေပြီ။

အပြင်ရောက်တော့လည်း ရေမချိုးနိုင်သေးဘူး။ ထမင်းလေးကို ဖြစ်သလိုစားတုန်းရှိသေးတယ် လူနာရှင်တွေက ဆရာမဆိုပြီး ပြေးလာခေါ်ကြပြီ၊ ဆေးပြေးထည့်ရ၊ ဆေးထိုးပေးရ၊ ပုလင်းချိတ်ပေးရ၊ ဒီကြားထဲမှာ လူနာတင်တဲ့ရက်ဆို ပိုဆိုးပြီး ထိုင်ဖို့အချိန်တောင်မရှိဘူး။

ဒီလိုနဲ့ ကျွန်မတိုးဝင်ခဲ့တဲ့ အိပ်မက်တွေထဲမှာ လုပ်လက်စအလုပ်တွေကို ပစ်ထားပြီး ခဏလောက်တော့ ထွက်ပြေးချင်တဲ့စိတ် ပေါ်ပေါက်မိတယ်။ ဒါပေမဲ့လည်း တွေးတိုင်း နောက်ဆက်တွဲ သံယောဇဉ်လူနာတွေနဲ့ လုံးချာလည်ပြီး ဘယ်လိုမှ မထွက်ဖြစ်၊ မသွားဖြစ်ဘူး။

ဂန့်ဂေါမှာ ကျန်ခဲ့တဲ့ မိသားစုနဲ့ သူငယ်ချင်းတွေကို သတိရပေမယ့် စာလေးတစ်စောင်တောင် မရေးဖြစ်ဘူး။ အိမ်နဲ့တော့ အဆက်အသွယ်ရှိပါတယ်။ အမေက အမြဲလိုလို ဖုန်းဆက်တယ်။

ဒီကာလတွေမှာ အိမ်ကို တစ်ခေါက်ပဲ ပြန်ဖြစ်တယ်။ သူနာပြုဆရာမလေး ဖြစ်သွားပြီဆိုတဲ့ 'မြတ်ပန်းပွင့်ဖြူ' ကို လူတွေက ဂုဏ်ယူလာတတ်ကြပြီ၊ မိသားစုရဲ့ အပြုံးလည်း မြင်ခွင့်ရခဲ့တယ်။

ဂန့်ဂေါရောက်တော့ ဖူးဖူး၊ ကိုမိုး၊ ကိုလေးတို့ မရှိကြတော့ဘူး။ မန္တလေးသွားပြီး အလုပ်လုပ်ကုန်ကြပြီ၊ မတွေ့ဘူးလားတဲ့။ ဆေးရုံထဲမှာပဲ အချိန်ကုန်နေတော့ ဘယ်တွေ့ဖြစ်မလဲ၊ စိတ်ထဲမှာ ဝမ်းသာသွားတယ်။ သူတို့သုံးယောက်လည်း ကတိတည်သားပဲ၊ ဘာတွေလုပ်နေကြလဲဆိုတော့ အိမ်တွေနဲ့ အဆက်အသွယ်မရတာ ကြာပြီတဲ့၊ အဆင်ပြေတယ်လို့တော့ ပြောတယ်တဲ့။ သူတို့လည်း ရည်ရွယ်ချက်တွေရှိကြတာမို့ ဘာတွေလုပ်နေလဲဆိုတာ သိချင်မိတယ်။

အချိန်လွှမ်းမိုးမှုကို အားလုံးခံစားကြရပြီး ကျွန်မတို့ အသိဥာဏ်တွေကတော့ အချိန်ရဲ့ ခရီးစဉ်နဲ့ အတူလိုက်ပါမသွားကြဘူး။ အချိန်တွေက အတိတ်ကိုကျောခိုင်း၊ အနာဂတ်ကို မျက်နှာမူပြီး ပစ္စုပ္ပန်တည့်တည့်ကို ရိတ်သိမ်းပြီး ရှေ့တိုးသွားနေတယ်။

(၃)

ကျွန်မရဲ့ နေ့သစ်တွေထဲက နေ့ရက်တစ်ရက်ဟာ ပျော်ရွှင်ရသလို စိတ်မကောင်းလည်း ဖြစ်ရပြန်တယ်။ ဆေးရုံကို အူအတတ်ပေါက်လို့ ရောက်လာတဲ့ ကလေးရဲ့ မိခင်အစား တာဝန်ယူနေသူက ဖူးဖူး ဖြစ်နေခဲ့တယ်။ ကျွန်မတို့နှစ်ယောက်ပြန်တွေ့ဆုံမှုဟာ ဝမ်းသာစရာကာင်းပေမယ့် ဖူးဖူးက အဲဒီကလေးရဲ့ အဖေနဲ့ ယူထားတာတဲ့။ အလုပ်လုပ်မယ်ဆိုပြီး လာခဲ့တယ်။ ကလေးမူကြိုကျောင်းမှာ အလုပ်လုပ်ရင်း ကလေးအဖေဖြစ်သူနဲ့ သဘောကျရင်း ယူဖြစ်သွားတယ်တဲ့။ အဆင်တော့ ပြေပါတယ်ပြောပေမယ့် ဖူးဖူးမျက်နှာက ညှိုးနွမ်းနေသလိုပဲ။ ဖူးဖူးမိဘတွေတော့ မသိဘူးတဲ့။

ကလေးနေကောင်းတော့ ဆေးရုံကဆင်းသွားသည်အတထိ ကျွန်မတို့စကားတွေ ပြောခွင့်ရကြတယ်။ ဖူးဖူးက ကျွန်မကို ချီးကျူးတယ်။ ကိုယ့်ရည်မှန်းချက်အတိုင်း ဖြစ်အောင်လုပ်နိုင်လို့တဲ့။ ကိုလေးရဲ့လိပ်စာကိုတော့ ဖူးဖူးဆီက ရလိုက်ပေမယ့် ကိုမိုးကတော့ ဘယ်ရောက်နေမှန်းမသိဘူးတဲ့။

ကိုလေးလိပ်စာက စားသောက်ဆိုင်လိပ်စာဖြစ်နေတယ်။ အဲဒီဆိုင်ကို တစ်ခါရောက်ဖူးတယ်။ ဆရာဝန်ကြီးမွေးနေ့တုန်းက ကြာတော့ကြာခဲ့ပြီ။ သူ ဘာလုပ်နေပါလိမ့်။ မန်နေဂျာလား။ သူက ဂစ်တာတီးတာ ဝါသနာပါတော့ ဂစ်တာများတီးနေသလား။ သီချင်းပဲ ဆိုနေမလား။ မဖြစ်မနေတော့ သွားတွေ့ဖို့ စိတ်ကူးတယ်။ သွားမတွေ့ခင် ဖုန်းဆက်တော့ သူ မရှိဘူး။ ညနေတော့ ရှိတယ်တဲ့။ ညနေပိုင်းကို အဖော်တစ်ေယာက်ခေါ်ပြီး အဲဒီစားသောက်ဆိုင်ကိုလာခဲ့တယ်။

ကိုလေးနဲ့တွေ့က သူက အံ့သြဝမ်းသာနေတယ်။ ကိုလေးက ဒီဆိုင်မှာ စားပွဲထိုးအရင်ဝင်လုပ်ပြီး သီချင်းဆို ဝါသနာပါမှန်းသိတော့ ဆိုင်ရှင်က စင်တင်ပေးတယ်တဲ့။ ဂစ်တာလည်းတီးတယ်။ ဒီဆိုင်မှာပဲနေတယ်။ ငွေရေးကြေးရေးအရ မဆိုးပါဘူးတဲ့။ ကောင်မလေးတွေလောက်တော့ မရဘူးပြောတယ်။ အိမ်ကိုလည်း ပို့ဖြစ်တယ်ဆိုတော့ မဆိုးပါဘူး။ သူဌေးက သူ့ကို သဘောကျပါတယ်တဲ့။ မနေတတ်ရင်တော့ ပျက်စီးနေဖို့ များကြောင်း၊ မိန်းကလေးတွေအတွက်တော့ နေတတ်မယ်ဆိုရင်တောင် တော်ကာမကျဘူးတဲ့။ ဂန့်ဂေါကနေ ဖူးဖူးသွားပြီး မကြာမီ သူထွက်ခဲ့ကြောင်း ကိုမိုးက နောက်ဆုံးကျန်ခဲ့ပြီး ခု ကိုမိုး စင်ကာပူထွက်သွားပြီလို့ သိရတယ်။

ကိုလေးနဲ့ ကိုမိုး မသွားခင်အထိ အဆက်အသွယ်ရှိပြီး ခုတစ်နှစ်လောက်တော့ ရှိပြီလို့ ပြောတယ်။ ဘာလုပ်နေလဲတော့ မသိဘူးတဲ့။ ငါတို့ သူငယ်ချင်းတွေပြန်ဆုံချင်တယ်တဲ့။ ဖူးဖူးအိမ်ထောင်ကျသွားတာ ကြားပေမယ့် ဖူးဖူးအကြောင်းကို သူဘာမှမသိခဲ့ဘူး။ တွေ့လည်း မတွေ့ဖြစ်ဘူးတဲ့။

ကိုမိုးက ဘယ်လိုစိတ်ကူးနဲ့ စင်ကာပူကို ထွက်သွားတာလည်း မသိဘူး။ တစ်နှစ်ကျော်သွားပြီဆိုတော့ အဆင်ပြေလောက်ပြီနေမှာပါလို့ ဖြည့်တွေးရင်း ကိုလေးလည်း အလုပ်ရှိတာမို့ ပြန်လာခဲ့တယ်။ ညနေလူနာတင်ရက်မို့ ကျွန်မ သူငယ်ချင်းတွေအကြောင်းကို ခေါင်းထဲက ထုတ်ထားပြီး လုပ်ငန်းခွင်ထဲ ပြန်ဝင်ရတော့တယ်။

§

ကိုမိုးက ကျွန်မတို့နှစ်ယောက်ရှေ့မှာ တဟားဟားနဲ့ အဓိပ္ပါယ်ပါပါ ရယ်မောပါတယ်။ ကျွန်မတို့ နှစ်ယောက်က နားမလည်နိုင်ပဲ သူ့ကို ကြည့်နေမိတယ်။ ကျွန်မဆီကို ကိုလေးက ကိုမိုးပြန်ရောက်နေပြီဆိုပြီး ဖုန်းဆက်တော့ ကျွန်မတို့ချိန်းပြီး တွေ့ဖြစ်တယ်။ ဖူးဖူးကလာတော့ လာမယ် နည်းနည်းနောက်ကျမယ်တဲ့ ကန်တော်ကြီးထဲက ဆိုင်ထဲမှာ ကျွန်မတို့ ဆုံဖြစ်ကြတယ်။ ကိုမိုးပုံစံက နည်းနည်းပိန်သွားသလိုပဲ။

ကျွန်မတို့က နင် ဘာလက်ဆောင်ပါလဲ၊ အဆင်ပြေလား၊ ဘာလုပ်နေသလဲ၊ အလည်လာတာလား၊ လစာဘယ်လောက်ရလဲ၊ ဘယ်လိုအဆက်အသွယ်နဲ့ ထွက်ဖြစ်သွားတာလဲ… စတဲ့ မေးခွန်းတွေကို သူ မဖြေခင် သဘောကျစွာ ရယ်မောတယ်။ ခဏနေတော့ ဖူးဖူးရောက်လာတယ်။ သူ့အမျိုးသားကို လိုက်ပို့ခိုင်းလိုက်တာတဲ့။ ကျွန်မတို့ ဘဝကိုယ်စီနဲ့ ပြန်တွေ့ကြတော့ ဘာမှမစဉ်းစားဖြစ်တော့ဘဲ အရင်ရွာမှာရှိနေကြတဲ့ ပုံစံအတိုင်း ပြန်ဖြစ်သွားကြတယ်။ ဒါပေမဲ့ ခဏပဲ ခံစားမှုတွေကတော့ အနည်းအကျဉ်းပြောင်းလဲသွားပြီထင်တယ်။

"ဒီနေ့ နင်တို့တွေနဲ့ တွေ့ရတာ ငါ့အတွက်တော့ အပျော်ဆုံးနေ့ပဲ။ ငါ့ဘဝအကြောင်းကတော့ နင်တို့သုံးယောက်လုံး ဂန့်ဂေါမှာမရှိကြတော့ ငါတစ်ယောက်တည်း ယောင်ချာချာဖြစ်ကျန်ခဲ့တယ်။ ကိုလေးခေါ်တုန်းက ငါ့အမေ နေမကောင်းတာနဲ့ မလိုက်ဖြစ်တာ။ နောက် ငါးလလောက်နေတော့ အမေဆုံးသွားတယ်။ ငါ နောက်ဆံတင်းစရာလည်း မရှိတော့ဘူး။ ဒါနဲ့ မန္တလေးသွားမယ် စိတ်ဆုံးဖြတ်လိုက်တယ်။ နင်တို့နဲ့လည်း တွေ့မယ်ပေါ့။ အဲဒီအချိန်မှာ ဂန့်ဂေါကိုလာတဲ့ မိတ်ဆွေတစ်ဦးရဲ့ သူငယ်ချင်းက စင်ကာပူကို အလုပ်ထွက်လုပ်ချင်တဲ့သူတွေကို လုပ်ပေးနေတာပေါ့။ သူတို့ကပြောတော့ ငါ လည်း စိတ်ပါသွားတယ်။ အမေ့ရဲ့ အမွေလယ်ကွက်တွေကို ရောင်းချပြီး ပေးရတာပေါ့။ သူက တစ်ခါတည်း စီစဉ်ပေးတယ်။ အဲဒီကိစ္စတွေ ရှုပ်နေတာနဲ့ နင်တို့နဲ့ မတွေ့ဖြစ်ဘူး။ သူက ဟိုရောက်ရင် ငါ ဝါသနာပါတဲ့ လျှပ်စစ်ပိုင်းနဲ့ ပတ်သက်တဲ့အလုပ်ရမယ်။ တစ်လကို ဒေါ်လာတစ်ထောင်ကျော်ရမယ်။ တိုက်အမြင့်ကြီးတွေမှာ နေရမယ်။ အဝတ်တောင် ကိုယ်တိုင်လျှော်စရာမလိုဘူး။ အဝတ်လျှော်စက်ထဲ ခြေကန်ထည့်လိုက်ရုံပဲတဲ့။

ဒါနဲ့ ငါ့ဘဝအပြောင်းအလဲ တစ်ခုအဖြစ် ပျော်ရွှင်စွာ စွန့်စားခန်းဝင်လိုက်တယ်။ စင်ကာပူချန်ဂီလေဆိပ်ကနေ အပြင်ရောက်တယ်ဆိုရင်ပဲ ငါရင်တွေ တလှပ်လှပ်ခုန်လာတယ်။ တိုက်အမြင့်ကြီးတွေနဲ့ မီးတွေ ထိန်လင်းနေတဲ့ ကားလမ်းတွေကို တွေ့ရတာ ငါ ညပိုင်းလောက်ရောက်သွားတယ်။ ငါတို့နေမယ့်နေရာကို တောက်လျှောက်ပို့ပေးတာ ငါ့လိုပဲ တခြားမြန်မာတွေလည်း ပါတယ်

တဖြည်းဖြည်းနဲ့ကွာ တိုက်အမြင့်ကြီးတွေက အဝေးကြီးမှာကျန်ခဲ့ပြီး မီးအလင်းရောင် သိပ်မရှိတော့တဲ့ စင်ကာပူဆိုတဲ့ နိုင်ငံနဲ့ ဘာမှမဆိုင်တော့တဲ့ နေရာတစ်ခုကို ရောက်လာတယ်။ ငါတို့တွေက လမ်းမှာတိုက်အမြင့်ကြီးတွေကို ကြည့်ပြီး စိတ်ကူးယဉ်ကြတာပေါ့။ ဟိုတိုက်က ငါနေရမယ့် နေရာလား။ ဒီတိုက်ကြီးလားပေါ့။ နှစ်ယောက်တစ်ခန်းဆိုတော့ လူကလည်း ခွဲကြသေးတာ။ ဒီလိုနဲ့ တောအုပ်လိုလို သစ်ပင်ခပ်များများ ခပ်မှောင်မှောင်နေရာတွေကို ဖြတ်ကျော်ပြီး ညစ်ပတ်တဲ့ အလုပ်သမားတန်းလျားလိုလို နှစ်ထပ် အဆောက်အအုံနှစ်ဆောင်ရှိတဲ့ နေရာရှေ့မှာ ကားကို ထိုးရပ်လိုက်တယ်။ ငါတို့တွေ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး ကြက်သေသေသွားတယ်။

ငါတို့နေရမယ့် နေရာဆိုတာ သိလာတယ်။ သံဝင်းတံခါးကြီးကို အသားမည်းမည်းနဲ့ လူကြီးက ဖွင့်ပေးတယ်။ ကားပေါ်ကဆင်းပြီး သူတို့ခေါ်သွားတဲ့ အပေါ်ထပ်အဆောင်ကို သံလှေကားကနေ တက်ရတယ်။ အင်္ကျီတွေ၊ ဘောင်းဘီတွေ လှန်းထားလိုက်ကြတာလည်း အပြင်လက်ရန်းတွေပေါ်မှာ အပြည့်ပဲ။ ဖိနပ်တွေဆိုတာ အခန်းတိုင်းရဲ့ ရှေ့မှာ အပုံလိုက် အခြားအခန်းက အသားမည်းမည်းလူတွေက ငါတို့ကို ထွက်ကြည့်ကြတာပေါ့။ နောက်တော့ အခန်းကျဉ်းလေးထဲမှာ နှစ်ထပ်သံခုတင်တွေနဲ့ လူဆယ့်လေးဦး နေခဲ့ရတယ်။ ဘာအဝတ်လျှော်စက်မှ မရှိဘူး။ အားလုံးချိုးတဲ့ ရေကန်ကြီးပဲရှိတယ်။ အိပ်နေတဲ့နေရာမှာ ကြမ်းပိုးကအပြည့်ပဲ။ သတ်လို့မနိုင်ဘူး။ ပင်ပန်းလွန်းလို့ ကြမ်းပိုးကိုက်တာတောင် မသိနိုင်အောင်ပဲ။ အမိုးတွေကလည်း နိမ့်တော့ ပူကြွပ်နေတာပဲ အခန်းထဲက ကြွက်အိမ်လိုပဲ ပွစိတက်နေတာ လူကများလွန်း။

ငါတို့အားလုံး ပထမနေ့မှာပဲ မှားပြီဆိုတာ သိလိုက်ရတယ်။ ဒါပေမဲ့ ဘာမှမတတ်နိုင်တော့ဘူး။ ပိုက်ဆံတွေက ပေးပြီးပြီ။ ငါ့လိုပဲပါလာတဲ့ထဲက ငိုတဲ့သူတောင်ရှိတယ်။ ငါတို့ တကယ်တမ်းလုပ်ရတာ သဘောင်္ကျင်းအလုပ်သမား၊ ပစ္စည်းတွေသယ်ရတယ်။ ဘယ်သူမှ တော်ရုံမလုပ်နိုင်ဘူး။ တချို့ဆို မိဘတွေဆီ လွမ်းစိတ်နဲ့ ဖုန်းဆက်ကြတယ်။ ငါကတော့ ဆက်စရာမရှိတော့ ဒီအတိုင်းပေါ့။ သူတို့တွေအားလုံး ငွေပုံပေးခဲ့ကြရတာ မိဘတွေကို ပြန်မပြောရဲဘူး။ အဆိုးဆုံးက နားရက်မရှိဘူး။ ညဆို ၇ နာရီခွဲလောက်မှ ပြန်ရောက်တယ်။ မနက်အစောကြီးထရတယ်။ နားရက်ယူရင် လစာထဲက ငါးဆယ်ဖြတ်တယ်။ ရတာကမှ နှစ်ဆယ် နားချင်ရင် ဆရာဝန်လက်မှတ်ယူခိုင်းတယ်။ တကယ်တမ်းရတဲ့လစာက သုံးရာကျော်ရယ်။ ဘယ်လိုမှ အဆင်မပြေဘူး။ လူက ကြာလေပြိုင်းလာတယ်။ ငါတို့ WP သမားတွေ မြို့ထဲစင်ကာပူနိုင်ငံသားတွေနဲ့အတူ နေခွင့်မရှိဘူး။ ပြောတာနဲ့ လုပ်ပေးတာနဲ့ တခြားစီပဲ။ နှိမ်ချင်တာလည်း ပါတယ်။ ဒါပေမဲ့ ငါလုပ်နေတဲ့ အချိန်မှာတော့ ကောင်းကောင်းလုပ်တဲ့အတွက် ငါ့ကို သဘောကျတယ်။ ဒါပေမဲ့ လစာတော့ တိုးမပေးဘူး။ ဒီတစ်နှစ်ကျော်လောက်ကို အင်မတန်အောင့်အည်းသည်းခံပြီး ငါ ရုန်းထွက်ခဲ့ရတာ။ ငါတို့က ပညာနဲ့ လုပ်စားရတာ မဟုတ်တော့ မလွယ်ဘူး။ နောက်ဆုံး WoodLand ရပ်ကွက်မှာနေတဲ့ မြန်မာတစ်ယောက်နဲ့ အဆက်အသွယ်တစ်ခု ကံကောင်းစွာရပြီး ပြန်လာခဲ့တာ ကံကောင်းလို့ မင်းတို့နဲ့ ပြန်တွေ့ရတာ။ အဲဒီမှာ သေရင် ဘယ်သူမှတောင် သိလိုက်မှာမဟုတ်ဘူး။

ဘယ်လိုပဲဖြစ်ဖြစ် မင်းတို့ကို ပြန်တွေ့ရတာ ကျေနပ်တယ်။ ငါ့ဘဝအတွက်တော့ အကြီးများဆုံး သင်ခန်းစာပဲ။ ဘာမှစနစ်တကျ မလေ့လာဘဲ လုပ်ခဲ့တဲ့ အကျိုးကျေးဇူးလေ။ ငါ့လို ယုံကြည်ကိုးစားတဲ့သူတွေ အများကြီးပေါ့။ အခုတော့ ငါ ဝါသနာပါတဲ့ လျှပ်စစ်ပိုင်းတွေကို သေချာလေ့လာပြီး ဆိုင်ဖွင့်မယ်စိတ်ကူးတယ်။ ငါတို့အတွက် အချိန်တွေက ပြန်ယူလို့မရတော့ဘူး။ ခုမှ ပြန်စရမှာ။

အားလုံးထဲမှာ မြတ်ကို ဂုဏ်ပြုပါတယ်။ မိဘတွေ အတိုက်အခံကြားကနေ နင်ဖြစ်ချင်တဲ့ နင်ဝါသနာပါတဲ့ ဘဝကို အရယူနိုင်ခဲ့တယ်။ ဖူးဖူးလည်း ဘာပဲပြောပြော နင့်အိမ်ထောင်ရေးတစ်ခုအပေါ်မှာ ပျော်ရွှင်စရာကောင်းတဲ့ မိသားစုအဖြစ် ငါ မျှော်လင့်တယ်။ လုပ်နိုင်မယ်လို့လည်း ယုံကြည်တယ်။ ပတ်ဝန်းကျင် စကားက တစ်ခဏပါ။ နင်တို့အမှန်တကယ်ချစ်လို့ လက်တွဲခဲ့ကြတယ်ဆိုပြီးတာပဲ… ကိုလေးလည်း အောင်မြင်တဲ့ အဆိုတော်ဘဝဖြစ်လာဖို့ ငါ မျှော်လင့်တယ်… ငါတို့ အားလုံး ဂန့်ဂေါကို သွားကြရအောင်။ ငါကတော့ ငါးအကြီးကြီးတစ်ကောင် အပိုင်ရပြီလို့ ထင်ခဲ့တာ တကယ်တမ်းတော့ ငါ့အိတ်ထဲကို ငါးအပုပ်လေးကောင် ရောက်နေတာ မသိလိုက်ဘူး"

ကိုမိုးအကြောင်းကိုကြားရတော့ ကျွန်မတို့အားလုံးလည်း ရင်မောသွားရတယ်။

"ငါတို့အားလုံးလည်း နင့်ကိုပြန်ပြီး မျှော်လင့်ပါတယ်။ ငါတို့ရဲ့ မောပန်းခဲ့တဲ့ ဘဝတွေထဲကနေ ခဏထွက်ပြီး ဂန့်ဂေါကို အလည်ပြန်ဖို့ သဘောတူတယ်"

ကျွန်မတို့တွေ အခု ဘဝတွေထဲကနေ ခဏထွက်ဖို့ အားလုံးသဘောတူလိုက်ကြတယ်။


(၄)



ကျွန်မက ကျယ်ပြန်တဲ့ မိုးကောင်းကင်ကြီးကို မော့ကြည့်ပြီး လက်နှစ်ဖက်စုံ မိုးပေါ်ထောင်ဖြန့်ပြီး 'ဟေး' လို့ လွတ်လပ်ခြင်း အင်အားအပြည့်သံနဲ့ အားရပါးရအောင်လိုက်တယ်။ ပဲ့တင်ပြန်လာတဲ့ အသံကို ကျွန်မတို့အဖွဲ့ သဘောကျကြတယ်။ ခပ်မြင့်မြင့်အကိုင်းပေါ်က ငှက်တွေ ထပျံသွားကြတယ်။

တကယ်တော့ လွတ်လပ်ခြင်းဆိုတဲ့ အရသာဟာ ဘာနဲ့မှ မလဲနိုင်တဲ့အရာလေ။ လူတိုင်းဟာ ရည်ရွယ်ချက်ကိုယ်စီတော့ ရှိခဲ့ကြတာပါပဲ။ ဒါပေမဲ့ ဖြစ်လာတဲ့ အပေါ်မှာ မူတည်ပြီး လှုပ်ရှားကပြကြရဦးမှာတော့ ဇာတ်ဆရာရဲ့ အလိုကျပေါ့။

ကျွန်မတို့ ရောက်ရှိချိန်မှာ အရှေ့တောင်တန်းပေါ်ကနေ ရွှေဝါရောင်၊ နေခြည်တို့က ဖြာကျနေတော့ တစ်မျိုးလေး လှပနေခဲ့တယ်။ ဒီနေရာလေးမှာပဲ အမြင်ဝတ်ရုံတွေ ကွာကျပြီး ပြောင်းလဲသွားတာမို့ စိတ်ထဲ လွတ်လပ်ပေါ့ပါးသွားတယ်။ အခုဆိုရင် ကျွန်မတို့လေးယောက်လုံး ငယ်ငယ်တုန်းက ဆော့ဖူးတဲ့ တောင်ကုန်းပေါ်ရောက်နေတာပေါ့။

ကျွန်မတို့တွေအားလုံး ကောင်းကင်ကြီးပေါ်ပျံတက်သွားကြတဲ့ မိုးပျံပူဖောင်းလေးတွေလိုမျိုး စိတ်ထဲခံစားရရင်း အတုလအသံတွေနဲ့ ကောင်းကင်ထက် ထိုးဖောက်ပြီး လက်နှစ်ဖက်ကို ပါးစပ်နားအုပ်ရင်း အော်ဟစ်လိုက်ကြပါတော့တယ်။


ချောအိမာန် (မန္တလေး)

ရတီ

Vol. 8, No. 84 March, 2011