Thursday, March 22, 2012

ကမ္ဘာကြီးကို ပိုင်ဆိုင်ဖို့ အစကနဦး


စာဖတ်ခြင်းဟာ…

ကမ္ဘာကြီးကို ပိုင်ဆိုင်ဖို့ အစကနဦး လို့ ပြင်သစ်စာရေးဆရာမ “မာရီဒါရီ အတ်စ်ဆက်” (Marie Darrie Ussecq). က ပြောဆိုခဲ့ပါတယ်။ ဒါတင်မကသေးပါဘူး…

စာဖတ်တာဟာ သင်ကိုယ်တိုင် ကမ္ဘာကြီးကနေ အတွေးနယ်လွန်တာဖြစ်သလို ကမ္ဘာကြီးကိုလည်း ပြန်တွေ့နေရတာဖြစ်တယ်။ စာဖတ်ပြီး စိတ်ကူး စိတ်သန်းတွေ ပေါ်လာတဲ့အခါ သင့်ကို အရပ်တစ်ပါးဆီ တွန်းပို့ပစ်သလို ခံစားရစေလိမ့်မယ်… စာဖတ်ခြင်းဟာ သင်နဲ့အတူ အခြားလူတွေနဲ့ ဖြစ်တည်နေတာပါ။ စာဖတ်ခြင်းနဲ့ စာရေးခြင်းဟာ ကမ္ဘာကြီးကို ပိုင်ဆိုင်ဖို့ အစကနဦး ဖြစ်ပြီး စာရေးခြင်းဟာတစ်ကိုယ်တော် ဖြစ်နေတာကို တုန့်ပြန်လိုက်တာ ဖြစ်တယ်။

စာရေးတယ်ဆိုတာ ဟင်းလင်းပြင်ကို မျက်နှာမူနေသလို စာဖတ်သူရဲ့ ဘက်မှာလဲ ရှိနေရမှာဖြစ်တယ်။ သင်ကိုယ်တိုင် အခြားအရာတွေကိုရှာဖွေပြီး ရေးနေခြင်းဟာ အထီးကျန်ခြင်းကို စွန့်လွှတ်စေတယ်။ တကယ်တော့ စာရေးတာဟာ ဘာသာစကားနဲ့ မျိုးကြဲပေးတဲ့ အလုပ်ဖြစ်သလို လူတစ်ယောက်ကို တည့်မတ်လာအောင် ထိန်းသိမ်းပေးနိုင်တယ်။ သာယာကြည်နူးမှု့တစ်လှည့်၊ နာမကျန်းတလှည့်၊ လုပ်ငန်းတစ်ခုဆီတလှည့်၊ အချစ်တစ်လှည့်၊ အမုန်းတစ်လှည့်၊ နဲ့စိတ်ထဲက ခံစားမှု့သဒ္ဒါအတိုင်း စာလုံးတွေကို ပျိုးကြဲရတာ…

ပြင်သစ် စာရေးဆရာမလေးမြူရယ်ဘာဘရီကတော့… အရုပ်တွေကိုတောင် ခွာပြီးစာဖတ်ခဲ့တယ်။ စာဖတ်တာဟာ အစအနလေးပါ။ ဒါပေမယ့် အလှတရားတွေကို သင်ကြားပေးနေတာလို့ဆိုတယ်။ ကမ္ဘာသစ်တွေ တည်ဆောက်ပြရင်းနဲ့ ပြန်ပြောပြနေတဲ့ အရာတွေကို မြင်တွေ့ရလေ အလှတရားတွေ ပေါ်ပေါက်လာလေဘဲလို့ဆိုတယ်…

အိန္ဒိယ စာရေးဆရာမ ရှီးဘားဒီကတော့…

စာရေးတာဟာ ကျွန်မကို စိတ်ကောင်းမွေးပေးတာလို့ ဆိုပါရစေရှင်… မဟုတ်မဟတ်သတင်းမျိုးတွေကတော့ ခြံစည်းရိုးတစ်ဘက်က လာတဲ့အသံတွေပါ။ မျိုးဆက်သစ်တွေကို သတ္တိမွေးစေချင်တယ်။ စာရေး စာဖတ်ဖို့အတွက် စာရင်းဇယားနဲ့ အချိန်နဲ့ အစီအစဉ်ရှိဖို့ အကောင်းဆုံးဘဲ။ စာဖတ်နိုင်ပြီဆိုတာနဲ့ ဖတ်စေချင်တော့တာပါဘဲ…

……………….

စာဖတ်တယ်ဆိုတာ ကိုယ်သွားချင်တဲ့နေရာရောက်သွားတာ..ကို မြင်ချင်တာကို စကားလုံးတွေထဲက မြင်လိုက်ရတာ.. အထီးကျန်အားငယ်မှု့တွေကို ဖယ်ခွာပြစ်လိုက်တာပါ…

ကိုယ်တိုင်အထီးကျန်တယ်လို့ ယူဆနေသူများအတွက် စာဖတ်ခြင်းနဲ့ စာရေးခြင်းဟာ သင့်လျှော်ဆုံး အလုပ်တစ်ခုပါဘဲ။ ခုလိုစာရေးသားခြင်းမျိုးကို ခုခေတ်မှာ ပိုပြီး နယ်ပယ်နေရာ ကျယ်ဝန်းလာတာနဲ့ အမျှ ကိုယ်ဖန်တီးရင် ဖန်တီးနိုင်သလောက် ခရီးရောက်ပါတယ်။ လူမှု့ကွန်ရက်တွေပေါ်မှာ အချိန်နဲ့တပြေးညီ ခလုပ်ကလေးတွေ အသုံးချပြီး ဝါသနာရှင်များအတွက် မျှဝေရာ နယ်ပယ်သစ်တစ်ခုကို လှလှပပဖန်တီးနိုင်ပါတယ်။ အရောင်အသွေးစုံလင်သလို အချိန်တခဏအတွက် ရောက်ရှိပျံ့နှံ့သွားစေတာကြောင့် ကမ္ဘာနဲ့အဝှမ်း သုံးစွဲနေကြပါတယ်။ ဒီခေတ်ကြီးထဲမှာ လူမှု့ကွန်ရက်တွေ တက်မြောက် စူးစမ်းခြင်းဟာ အကျိုးရှိဖို့ အသုံးချ သုံးစွဲရန်သာ ဖြစ်ပါတယ်။ ခေတ်မှီတယ်၊ ဂုဏ်ယူတယ်။ ဝင့်ကြွားတယ်ဆိုတဲ့ ပြယုဂ်တွေအတွက် မဟုတ်ပါဘူး။ ဒီလိုတွေသုံးစွဲရာမှာ လက်တောင် အတိုအရှည်ရှိသလို လူတွေမှာလဲ ကောင်းတာရော မကောင်းတာရော ရှိနေတာမို့ ဒီထဲမှာလဲ ရောထွေးနေမှာပါ။ လူမှု့ကွန်ရက်ရဲ့ အကျိုးအပစ်တွေက များစွာ ရှိနေတာမို့ သုံးစွဲသူတွေပေါ်မူတည်ပါတယ်။ ဂိမ်းဆိုင်တွေဟာ လူငယ်တွေအတွက် အကျိုးသက်ရောက်မှု့ ရာခိုင်းနှုန်း ဘယ်လောက်ရှိသလဲ.. အဲဒီကစားမဲ့အချိန် နှစ်နာရီအတွက် ကြိုက်ရာ စာအုပ်တစ်အုပ်ကို အပြီးဖတ်ကြည့်ပါ။ လူပျိုပေါက်ကျော်လွန်အရွယ်တွေ ဂိမ်းဆိုင်မှာ စည်းကမ်းမဲ့ အော်ကြီးဟစ်ကျယ်ကစားနေမဲ့အစား ကိုယ့်အတွက် အကျိုးရှိစေမဲ့ စာအုပ်တစ်အုပ် ဖတ်၊ ဒါမှမဟုတ် စာတစ်ပုဒ်လောက်အရေးကျင့်ကြည့်ပါလား.. အင်တာနက်ထဲက မပေါ်တပေါ်ပုံတွှေ ဗွီဒီယိုဖိုင်တွေကို ကလစ်နေမဲ့အစား.. စာအုပ်တစ်အုပ်ကောက်ဖတ်ကြည့်ပါ။ နေ့တိုင်းသွားကစားနေကြတဲ့ ကလေးတွေဟာ အကျင့်စွဲဖြစ်လာပြီး ဒီအထဲမှာ သာယာလာပါတော့တယ်။ ပြင်ပစာကို ဖတ်ဖို့ အားနည်းလာပါတယ်။ ကိုယ်လိုချင်တဲ့ အချက်အလက်ဒေတာ ရှာဖွေတာ စာဝင်ဖတ်တာ အဲဒီလို လူငယ်တွေ နည်းလာပါတယ်။

လူမှု့ကွန်ရက်တွေရဲ့ အကျိုးအပြစ်တွေ များစွာရှိကြောင်းကို သုံးစွဲသူတွှေ သိရှိနားလည်ဖို့စာရေးဆရာ ဟန်ဇော်က ကျွန်မတို့ Icon မဂ္ဂဇင်းမှာ လစဉ် ပုံမှန် ရေးသားခဲ့ပါတယ်။ ဒီထဲမှာ အတွေ့အကြုံတွေပါသလို၊ သတိထားစရာ ဆင်ခြင်စရာများပါဝင်ပါတယ်။ Social Networking ပေါ်ပေါက်လာပြီး လူမှု့ကွန်ရက်ယဉ်ကျေးမှု့ပေါ်ပေါက်လာပြီး နောက်ပိုင်း အွန်လိုင်းကို လူတွေ နှစ်သက်စွာ သုံးစွဲလာကြပါတယ်။ Gtalk, Gmail, hi5, Netlog တွေအပြင် ၂၀၀၄ ခုနှစ်လောက်မှ စတင်ပေါ်ပေါက်လာတဲ့ Facebook သုံးစွဲမှု့ဟာ အအောင်မြင်ဆုံးဖြစ်လာခဲ့တယ်။ ခုဆိုရင် Facebook သုံးလား၊ ရှိလားဆိုတဲ့ မေးခွန်းမျိုးတစ်ယောက်နဲ့ တစ်ယောက် မိတ်ဆွေဖွဲ့ပြီးရင် မေးတက်ကြပါတယ်။

အင်တာနက် သတင်းမီဒီယာတွေအပေါ် ရောက်လာတဲ့ သတင်း၊ ဖြန့်ဝေမှု့တွေကိုတော့ မှန်မမှန် ကိုယ်တိုင်စဉ်းစားချင့်ချိန်ဖို့ လိုပါတယ်။ ဒီအထဲမှာ အချိန်ကုန်မခံပါနဲ့။ အရင်းအမြစ်မခိုင်လုံတဲ့ သတင်းတွေကို မယုံမိဖို့ အရေးကြီးပါတယ်။ မှန်ကန်ဖို့ တိုင်းတာဖို့ဆိုတာလည်း တော်တော် ခက်ခဲမယ့်အရာပါ။ မြန်မာနိုင်ငံက အနုပညာရှင် အတော်များများလည်း Facebook အတု တစ်ခုမက လုပ်ခံရပါတယ်။ လူတစ်ယောက်ရဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေကို အသုံးချပြီး Facebook အတုလုပ်ထားကြတာပါ။

ကျွန်မကိုယ်တိုင်လည်း Facebook အတုကြီး ခပ်တည်တည်နဲ့ ရှိနေပါတယ်။ ကျွန်မရဲ့ Blog ထဲက ကျွန်မဓာတ်ပုံကို ဖြတ်တင်ပြီး ကျွန်မရဲ့ စာတွေကို တင်နေတာပါ။ ဒီအထဲက မိတ်ဆွေ ဖွဲ့လာသူတွေကို မိတ်ဆွေ သူငယ်ချင်း အဖြစ်လက်ခံပြီး.. ကျွန်မနေရာကနေ မေးလာသမျှတွေကို ပြန်ဖြေထားသေးတယ်။ ပြန်ဖြေတဲ့ စကားလုံးတွေကလဲ ကျွန်မ ဘယ်တော့မှ မသုံးစွဲတဲ့ စကားလုံးတွေဖြစ်ပြီး ဓာတ်ပုံတွေ ဗွီဒီယိုဖိုင်တွေက အခြားပွဲတွေမှာ တင်ထားတဲ့ သူတွေဆီက ကူးယူတင်ပြီး ကျွန်မ Profile တွေကို ဖြည့်ထားတဲ့ Facebook အတုစာမျက်နှာတွေ တွေ့ရပါတယ်။ ဒီလို ပိုင်ရှင် ခွင့်မပြုနိုင်တာတွေကို User အနေနဲ့ အွန်လိုင်းစာမျက်နှာတွေကို အသုံးချ နေသူတွေကိုလည်း တွေ့ရပါတယ်။ ကျွန်မမှာ ကျွန်မကိုယ်ပိုင်လုပ်ထားတဲ့ Facebook လုံးဝ မရှိပါဘူး။ သုံးလဲ မသုံးစွဲပါဘူး။

ကျွန်မစာဖတ်ရတဲ့အထဲမှာ ဗီယက်နမ် နိုင်ငံမှာ Facebook အသုံးပြုခွင့်ပေးမထားသလို အမေရိကန် သမ္မတဘားရက်အိုဘားမားကလည်း သူ့သမီးကို Facebook အသုံးပြုခွင့် မပေးဘူးလို့ ဖတ်ရပါတယ်။ (ယခုအချိန်တော့မသိပါဘူး)။

စာရေးဆရာ ဟန်ဇော်က ``ငယ်ရွယ်နုနယ်တဲ့ အချိန်မှာ ပိတ်ပင်ဖို့ထက် အခြေအနေမှန်ကို ချင့်ချိန်သိဖို့ လိုအပ်ပါတယ်။ လူအများနဲ့ သက်ဆိုင်တဲ့ နေရာဒေသ၊ တနည်းအားဖြင့် လူမြင်ကွင်းကို လွှင့်တင်မဲ့ ပုံတွေမှာ သက်ဆိုင်သူရဲ့ သဘောထားကို ထည့်သွင်းဖို့လိုပါတယ်။ ကိုယ်လွှင့်တင်မဲ့ ဓာတ်ပုံတစ်ပုံ၊ စာတစ်ကြောင်း၊ စာတစ်ပုဒ်ကို လက်ခံတယ် ဆိုရင် အဆင်ပြေပေမဲ့ တစ်ပါးသူရဲ့ကိုယ်ပိုင်လွတ်လပ်ခွင့်ကို ထိပါး၊ အသုံးချတဲ့ အခြေအနေထိ ရောက်ရှိသွားရင်တော့ မကောင်းပါဘူး``

``Facebook တွေကို အသုံးပြုတယ်ဆိုရာမှာ အပျော်သဘော၊ ဖျော်ဖြေမှု့သဘော၊ မဟုတ်သင့်ဘူး။ ယေဘူယျခိုင်မာတဲ့ အချက်အလက်တွေနဲ့ ရည်ရွယ်ချက်နဲ့ အသုံးပြုသင့်ကြောင်း`` ပြောထားပါတယ်။

အခြားသူရေးသားထားတဲ့ စားသားတွေကို သဘောကျ နှစ်သက်လို့ကူးယူ တင်မယ်ဆိုရင်လည်း ပင်ကိုယ်ရေးသားသူရဲ့ အမည်ကို ဖော်ပြပေးရပါမယ်။ ကွန်ရက်ထဲမှာတော့ အဆိုးကိုပယ်ပြီး အကောင်းကိုယူ အသုံးပြုရမှာ ဖြစ်ပါတယ်။

ကိုယ်ပိုင် ဖန်တီးနိုင်တဲ့ နယ်ပယ်တွေ ကျယ်ဝန်းလာတာနဲ့ အမျှ ကိုယ်တိုင် အသုံးချမှု့ ပေါ်မူတည်ပြီး အကျိုးရှိမှု့တွေ ကွဲပြားသွားမှာပါ။ ကွန်ရက်တွေကို အသုံးချပြီး ကိုယ်ပိုင်ဖန်တီးနိုင်မှု့ စွမ်းအား ထပ်ဆင့်မြှင့်တင် အသုံးချ ရမှာဖြစ်ပါတယ်။

အွန်လိုင်း ဝတ္ထုတိုတွေ ရေးသားလာခြင်းအပေါ် အွန်လိုင်း ဝတ္ထုတိုဆုတွေ ကိုလည်း ရွေးချယ်ပေးနေပါပြီ။

ခုချိန်ကစပြီး ကမ္ဘာကြီးကို ပိုင်ဆိုင်ဖို့…. စာဖတ်ကြပြီး… စာရေးကြည့်ကြပါစို………..။

ချောအိမာန်(မန္တလေး)

၁၅.၃.၂၀၁၂



2 comments:

သဒ္ဓါလှိုင်း said...

မ..ရေ
ဒီနေ့ဒီချိန်မှာ လူငယ်တွေ စာအုပ်ကိုင် စာဖတ်တဲ့သူ ရှားလာတယ်နော်။ အင်တာနက်အသုံးပြုသူတွေကလည်း အကျိုးရှိမယ့် စာပေဖတ်ခြင်းကို သူ့အချိန်အလိုက် အသုံးချတတ်ခဲ့မယ်ဆို စာရေးဖို့ တွန်းအားတစ်ခုလည်း ဖြစ်လာနိုင်မယ်လို့ ထင်မိပါတယ်။ ခုလိုစာပေတွေက အင်အားတစ်ခုဖြစ်စေခဲ့ပါတယ်။
ခင်မင်လေးစားလျက်
သဒ္ဓါ

Yan Naing Aye said...

တချို့ဟာတွေက ချွန်မြနေတဲ့ ဓားတစ်လက်လိုပါပဲလေ။ ကောင်းရာကောင်းကျိုး သုံးလို့ရသလို ဆိုးတဲ့နေရာသုံးရင်လည်း အန္တရာယ် ရှိနိုင်တာပဲ။ ပို့စ် ခေါင်းစဉ်လေးကိုတော့ သဘောကျမိတယ်။