Tuesday, November 29, 2011

လန့်နိုးသွားတဲ့ မြို့ကလေး

7067630.jpg

ဒီမြို့လေးက ထင်းရှူးပဒေသာပင်တွေ ပစ်ပက်ကြဲထားသလို တောင်တွေအထပ်ထပ်ပေါ်မှာ ညီညီညာညာ ထင်းရှူးပင်တန်း၊ စိမ်းစိုတဲ့ တောင်အသွယ်သွယ်ကြားကနေ မြို့လေးထဲကိုတိုက်ခတ်လာတဲ့လေက လတ်ဆက်မွှေးပျံ့နေတယ်။ ထင်းရှူးရနံ့လေးတွေတောင်ပါနေနိုင်ရဲ့။ မြိ့တစ်မြို့လုံးစိမ်းစိုတဲ့အပင်တွေ တောင်အသွယ်သွယ် ဝန်းရံထားတာကြောင့် တစ်မြို့လုံးအေးစိမ့်စိမ့်မို့ လေအေးစက်တွေ တပ်ထားသလို။ နွေရာသီမှာ နေလို့အကောင်းဆုံး။ အလှဆုံးလို့ တင်စားတဲ့မြို့လေးဟာ သဘာဝအလှတရားတွေ အများဆုံးလက်ဆောင် ပေးခံထားရတယ်။ ဒီမြို့လေးထဲအနားယူ စိတ်အပန်းဖြေသူတွေနဲ့ ပြည့်နှက်နေတယ်။ ဘဝမှာအသွားချင်ဆုံးမြို့လေးတစ်မြို့ရဲ့ ရင်ခွင်ထဲဝင်ရောက်ခဲ့ရတယ်။ မြို့အဝင် ကလောမြို့ဆိုင်းဘုတ်နားမှာ အပေါ်လမ်း၊ အောက်လမ်းခွဲသွားတယ်။ ဘေးမှာ မြေနီကမ်းပါးယံ သုံးထပ် ကာရံထားသလို အရှေ့ဆီမှာ တောင်ငါးလုံးပေါ်ကနေ နေမင်းက ထင်းရှူးတောတောင်တွေကြားကနေ အားမာန်အပြည့် စချီနေပြီ။ မြို့လေးရဲ့ မနက်ခြောက်နာရီမှာအေးချမ်းတိတ်ဆိတ်နေပြီး အသက်ဝဝရှူရှိုက်လို့ကောင်းတဲ့ လတ်ဆတ်တဲ့ လေသန့်တွေကြားမှာ နေထိုင်ခွင့်ရသူတွေဟာ အသက်ကိုရှည်စေမယ်။ အပူကြောင့် စိတ်နှလုံး ညှိုးနွမ်းမှုမရှိ။ အခြားမြို့ကနေ လာပြီး ခြေချနေထိုင်သူများဟာ သဘာဝပတ်ဝန်းကျင်ကြောင့် ဒီမြို့လေးကို ချစ်တက်နေပြီ။


7067757.jpg

ရိုးသားတဲ့တောသူတောင်သားဘဝ ဓလေ့တွေက နိုင်ငံခြားသားနဲ့ အခြားမြို့သားများကို ဆွဲဆောင်စေတယ်။ Visit အတွက် အကောင်းဆုံးမြို့လေး တစ်မြို့ဟာ ရှေးယခင်က ဗြိတိသျှ အင်္ဂလိပ်တွေ ရုံးစိုက်ရာ မြို့လေးတစ်မြို့လည်း ဖြစ်ခဲ့တယ်။ ပလိုင်းလေးတွေ လွယ်ရင်း ဈေးရောင်း၊ ဈေးဝယ်လုပ်ကြတဲ့ ငါးရက်တစ်ဈေးမှာ တောသည်လေးတွေ အများအပြား ဈေးဆင်းရောင်းကြတယ်။ ဈေးတန်းက ရှမ်းစာတွေက အကြိုက်တွေ့စေလိမ့်မယ်။ အလည်အပတ် လာကြသူတွေများလို့ မြို့လမ်းဘေးအဝင်မှာဟိုတယ်၊ မိုတယ်၊ အင်းတွေများစွာ တွေ့ရရဲ့။ ကလောမြို့လေးရဲ့ ရှေးကျလှတဲ့မြို့လေးနဲ့လိုက်ဖက်တဲ့ အိမ်ပုံစံလေးတွေကိုလည်း တွေ့ရတယ်။ ဖုန်နဲ့ခြင်ကင်းရှင်းတဲ့ ဒီမြို့လေးမှာမြေဈေးတွေက အလွန်ကောင်းလှတယ်။ ဝယ်သူတွေများတဲ့ အပြင်ဘာစိုက်စိုက် အဆင်ပြေတယ်လို့ကြားရဲ့။ တောင်ပေါ်အဆင့်ဆင့် အမြင့်တွေမှာ တန်ခိုးကြီး အံသြဖွယ်သဘောဝလှိုင်ဏ်ဂူဘုရားတွေရှိခြင်းက ဒီမြို့လေးအတွက် ပိုပြီး နာမည်ကြီးစေတယ်။ တောင်ကမ်းပါးယံ အဆင်ဆင့်က အိမ်ဖြူ၊ အိမ်နီလေးတွေက ဘယ်မြို့မှာမှ ဆင်တူမရှိ။

7067757.jpg

လမ်းတစ်လျှောက် စိန်ပန်းခရမ်းပြာတွေ အတန်းလိုက်တွေ့ရသလို ထင်းရှူးတွေ လည်တံရှည်ရှည်နဲ့ တောင်ပေါ်မှာစီတန်းပြီးပေါက်နေတဲ့ဒီမြို့လေးဟာ အခိုက်အတန့်တော့လန့်လန့်သွားတက်တယ်။ ဘာဖြစ်လို့လဲဆိုတော့ သူ့မြေကို ဖြတ်သန်းပြီး သူ့ရင်ခွင်ထဲကို အားပြင်းပြင်းနဲ့ မောင်းဝင်လာတဲ့ အောက်ဘက်ဆီက တက်လာတဲ့ဆယ့်နှစ်ဘီးကားကြီး အသွယ်သွယ်က ဟွန်းသံကျယ်ကျယ်၊ ကားအင်ဂျင်သံတဗြီးဗြီး၊ နောက်က ထွက်လာတဲ့ အိတ်ဇောမီးခိုးငွေ့အလုံးလိုက်တွေက ရုတ်တရက် ငြိမ်သက်တိတ်ဆိတ်နေမှုကို ဖြိုခွင်းလိုက်တယ်။ ဒီအသံတွေ မရှိတော့ရင် ပြန်လည် တိတ်ဆိတ်သွားတဲ့မြို့လေးပါ။

သဘာဝကြောင့် ပတ်ဝန်းကျင်ကို လှစေနိုင်သလို သဘာဝကြောင့် ပတ်ယန်းကျင်ကို အလှလျော့နည်းသွားတာမျိုးလည်း ရှိတက်ကြတာပဲ။ ရုတ်တရက် အသံတွေကြောင့် လန့်နိုးသွားတဲ့ မြို့လေးထဲကို ရောက်သွားတဲ့ သူတိုင်း မြို့လေးရဲ့ ဆွဲဆောင်မှုကြောင့် စိတ်တွေဟာလည်း လန့်နိုးသွားတက်ကြပါတယ်။

၂။

ကလောမြို့ ခရီးစဉ်ဆိုရင် ပါဝင်နေကျဖြစ်တဲ့ နှီးဘုရားကြီးဟာ တောင်တုန်းမြင့်မြင့်ပေါ်မှာ တည်ထား ကိုးကွယ်တယ်။ နှစ်ပေါင်း ၅၀၀ ကျော်ရှိနေပြီဖြစ်တဲ့ နှီးဘုရားကြီးဟာ အရင်နှစ်ပေါင်း ၅၀ ခန့်တုန်းက ကလောမြို့ပင်မာကုန်းကျေးရွာ မှာရှိခဲ့တယ်။ ရုပ်ပွားတော် အများအပြားကို မသမာသူတွေခိုးယူခဲ့တာကြောင့် ပျောက်ဆုံးခဲ့တယ်။ သစ်စေးသုတ်ထားတဲ့ နှီးဘုရားကြီးကသာ ပင့်မရလို့ ကျန်နေခဲ့တယ်။ ကုန်းမြင့်ပေါ်မှာ စံပယ်နေတဲ့ နှီးဘုရားကြီးရဲ့ တန်ခိုးတော်ကြောင့် လာရောက် လည်ပတ်သူအပေါင်း မဖြစ်မနေ သွားရောက်ဖူးမြော်ကြတယ်။

ဒီမြို့လေးကို ရောက်တဲ့သူတိုင်း သိပ်မဝေးလှတဲ့ လှိုင်ဏ်ဂူတော်ဘုရားဆီ ဖူးမြော်ဖြစ်ကြတယ်။ ဒဏ္ဍာာရီပဲဖြစ်ဖြစ် အားလုံးက ဖြစ်ရပ်မှန်ကို အခြေခံပြီး ပေါ်ပေါက်ခဲ့ကြပုံပါပဲ။ အောက်ဘက်မှာလည်း သမီးတော် ခုနှစ်ပါးရေကစားခဲ့ကြတဲ့ ပုတ်တလုတ်ရေကန်၊ လှေကားထစ် ဒါမှမဟုတ် ဓာတ်လှေကားနဲ့ အရင်တက်နိုင်ပြီး ပထမဝင်ဝင်ချင်း၊ တွေ့ရတဲ့ဂူမှာတော့ ရှေးဘုရားတွေပဲ စံပယ်ပြီး ဘုရားအားလုံးဟာမျက်လွှာချဘုရားများဖြစ်တယ်။ ဂူအတွင်း ဘုရားပေါင်း ၈၀၉၄ ဆူရှိပါတယ်။ နောက်ပိုင်း အလှူရှင်တွေ သဒ္ဓါပေါက်လို့တိုးလာတဲ့ ဘုရားတွေက ၃၇၄ ဆူ။ အလှူရှင်တွေရဲ့ ငွေကြေးနဲ့တိုင်းထွာပြီး မန္တလေးကိုမှာပြီး ဒီဂူထဲမှာ ပြန်ပူဇော်ကြတယ်။


7067718.jpg

နဂိုတုန်းက မင်းသားလက်ချက် မြားတံနဲ့ ပင့်ကူကြီး သေဆုံးခဲ့ရလို့ ပင့်ကူရနယ်မြေလို့ တွင်စေခဲ့ပေမယ့် နောက်ပိုင်းမှာ “ပင်းတယ” လို့ အခေါ် ဖြစ်သွားစေခဲ့တယ်။ ဂူထဲမှာ တကယ့် ကျဉ်းကျဉ်းကျပ်ကျပ် လေးဖက်ကုန်းပြီးဝင်ရတဲ့ ဂူပေါက်လေးတစ်ခုက ဆရာတော်ဘုရားကြီးတွေ တရားကျင့်အားထုတ်ခဲ့တဲ့ ဂူကိုတွေ့ရတယ်။ အဲဒီ ဂူပေါက်လေးရဲ့အပေါ် နားလှေကားထစ်က ကြည့်ရင် တစ်ဂူလုံးထဲမှာရှိတဲ့ ဘုရားတွေကို အပေါ်စီးကနေ လှမ်းမျှော်ဖူးနိုင်တယ်။ ဒီနေရာကို ရောက်ရင် နိုင်ငံခြားသားတွေအတွက် ဓာတ်ပုံကောင်းရလို့ US$ 3 ပေးရတာတန်တယ်လို့ ပြောကြတယ်။ ဂူထဲမှာ နေရာလွတ်မကျန် ဘုရားတွေ တစ်ဆူပြီးတစ်ဆူ တည်ထားကိုးကွယ်ရင်းနဲ့ သေချာ လုပ်ထားတာမဟုတ်တဲ့ ဝင်္ကပါလမ်းကြောင်း ဖြစ်နေတယ။်


7067714.jpg

ဒီဝင်္ကပါဂူထဲမှာ မင်းဝတ်တန်ဆာ ငါးပါးအပြည့် ရွှေအတိနဲ့ ရပ်တော်မူဘုရားကို ဦးခိုက်ဖူးမြော်ရတယ်။ အတွင်းဂူထဲကို ဆက်သွားရင် ယနေ့ ခေတ်ဘုရား အဆူဆူကို ဖူးတွေ့ရပါမယ်။ ကျောက်ခက်၊ ကျောက်တန်း၊ ကျောက်တိုင်တွေရဲ့ ပုံသဏ္ဌန် အမျိုးမျိုး ဖြစ်ပေါ်မှုနဲ့အတူ ရေးထိုးထားတဲ့ ဆင်ချည်တိုင်၊ မြင်းချည်တိုင် ကျောက်တန်းတွေကို တွေ့ရတယ်။ ကျောက်ဂူအမိုးပေါ်က ရေတွေဟာနေရာတိုင်းကျနေတာ မဟုတ်ဘဲ ကျောက်တန်း ကြီးတစ်ခုပေါ်က ရွှဲနေအောင် တစိမ့်စိမ့်ကျနေပြီး အေးစိမ့်နေတယ်။ ရှမ်းစော်ဘွားများ လှူဒါန်းထားတဲ့ အစောဆုံးစေတီ ဘုရားများကို ဖူးမြော်ကြရတယ်။


7067598.jpg

သဘာဝလှိုဏ်ဂူကြီးဟာ မြင့်မား၊ ကျယ်ပြန့်လွန်းတာကြောင့် လမ်း အလယ်တံတားလေးရှိရာ အပေါ်တည့်တည့်မှာ လင်းနို့တွေ သောင်းချီအိမ်ဖွဲ့နေခဲ့ကြတယ်။ မနက်တိုင်း လင်းနို့ချေးတွေ အပုံလိုက်တွေကြောင့် ညှီစို့စို့ အနံ့တွေက ဘုရားလာသူတွေအတွက် စိတ်အနှောင့်အယှက် ဖြစ်စေတယ်။ ဒါကြောင့် လင်းနို့ကြောက်တဲ့ အမွှေးတိုင် တွေအနံ့တွေနဲ့ ခြောက်လလောက်မောင်းထုတ်ခဲ့ရတယ်။ လင်းနို့တွေ နှစ်ချီပြီး နေခဲ့တဲ့နေရာအပေါ်ယံကျောက်သားတွေမှာ ချိုင့်ခွက်လေးတွေတောင် ဖြစ်လို့နေတယ်။

နတ်ရေကန်လို့ အမည်တွင်တဲ့ ရေကန်ငယ်လေးဟာ အရင်က ရေထွက်ပေါက်ကနေ ကြည်လင်တဲ့ရေတွစိမ့်ထွက်နေလေ့ရှိတယ်။ ရိုးရာယုံကြည်မှုအရဒီရေထွက်ပေါက်ကနေ ရေတွေကို ရေခွက်လေးတွေယူလာပြီး မျက်နှာသစ်ကြနဲ့ လုပ်ကြတယ်။ နောက်ပိုင်းမှာ ကလေးတွေပါလာရင် အန္တရာယ်များတဲ့အတွက် ပိတ်လိုက်ကြပြီး အခုချိန်မှာတော့ ရေကန်ငယ်လေးအဖြစ်ပဲ တွေ့ရှိရတယ်။

ရွှေချလို့ မရဘဲ သစ်စေးအမည်းသာရှိတဲ့ ဘုရားနှစ်ဆူဟာ ချွေးထွက်တယ်လို့ တောသူတောင်သားများက ယူဆလေ့ရှိကြပြီး ဘုရားဖူးလာသူတွေက ချွေးလာသုတ်ပေးပြီး သူတို့ကိုယ်ခန္ဓာကို ပြန်ပွတ်ပြီးဆုတောင်းကြတယ်။ လုပ်ငန်းတွေအောင်မြင်တယ်။ သီးနှံအထွက်တိုးတယ်လို့ အယူရှိပြီး ချွေးထွက်ဘုရားလို့ ယနေ့တိုင် နာမည်ကြီးလျက်ရှိတယ်။

အဝင်ဝ အမိုးနံရံမှာ သေချာကြည့်ရင် ကျောက်ဂူနံရံမှာ ပျားအုံပုံသဏ္ဌာန်နဲ့ဘုရားများကို ဖူးရပါတယ။် ပင်းတယလှိုဏ်ဂူတော်ဘုရားရဲ့အစည်ကားဆုံးလတွေဟာ တပေါင်း၊ တန်ခူး၊ တန်ဆောင်မုန်းလပြည့်ဖြစ်ပြီး နိုင်ငံခြားသားများအနေနဲ့ ဂျာမဏီ၊ အီတလီ၊ ပြင်သစ် အများဆုံးလာရောက်ကြောင်း သိရပါတယ်။

ကလောမြို့မှာရွှေဥမင်လှိုဏ်ဂူနဲ့မြင်းမထိလှိုဏ်ဂူလည်း ရှိသေးတယ်။ ရွှေဥမင်က မြို့နဲ့မဝေးလှပေမယ့် မြင်းမထိဂူဘုရားကတော့ တောင်စဉ်၊ တောင်တန်းတွေရဲ့ ချိုင့်ကြားထဲမှာ မြင်းမထိရွာကို ဘွားခနဲတွေ့ပြီးမှ လှိုဏ်ဂူကို ရောက်ရတယ်။


7067605.jpg

မြင်းမထိဂူကြီးက ပေပေါင်း တစ်ထောင်ကျော်ရှည်လျားပြီး သဘာဝပိုဆန်သလို လိုဏ်ဂူထဲမှာလည်း သဘာဝပိုဆန်တဲ့ အငွေ့အသက်တွေ ပိုတွေ့ရတယ်။ ဘုရားဖူးလာတဲ့ ခရီးသည်များကို အရင်ဦးဆုံး ဂူဝမှာကြိုဆိုနေတဲ့ ယဉ်ကျေးတဲ့ ခွေးဖြူသုံးကောင်ကို တွေ့ရတယ်။ ယဉ်ကျေးတဲ့ ဒီခွေးတွေဟာ ဂူထဲမှာ ရှေ့ကဦးဆောင်ပြီး လမ်းပြပေးလေ့ရှိကြတယ်။ ဝင်ပေါက်နဲ့ ထွက်ပေါက် ရှိတာ မြင်းမထိလှိုဏ်ဂူတစ်ခုပဲရှိတယ်။ အေးစိမ့်နေတဲ့ လှိုဏ်ဂူတော်အတွင်းမှာ ရှေးဘုရားများကို ဖူးမြော်ခွင့်ရတယ်။ နိမိတ်လို့ ယုံကြည်မှုရှိကြတဲ့၊ ဒါလုပ်ရင် ဒါဖြစ်မယ်ဆိုတဲ့ အပြောအဆိုနဲ့ ပုံသဏ္ဌာန်အမျိုးမျိုးဖြစ်ပေါ်နေတဲ့ကျောက်တုံး၊ ကျောက်ခက်သဏ္ဌာန်တွေဟာ လူတွေရဲ့စိတ်ကို ပျော်ရွှင်စေရတယ်။ ဟုတ်တာ၊ မဟုတ်တာကို နောက်ထားပြီး လိုက်လုပ်ကြရတယ။် စကားအပြောအဆို အောင်မြင်တဲ့အရုပ်၊ ကျက်သရေ တိုးပွားစေတဲ့အရုပ်၊ အောင်မြင်ကြီးပွားတဲ့အရုပ်၊ ဆံပင်ပေါက်စေတဲ့အရုပ်၊ ဆိုင်းသံတွေထွက်နေတဲ့ ကျောက်ခက်များ၊ ကျောက်ဘီလူးရုပ်၊ ကျောက်အဘိုးကြီးရုပ်၊ ကျောက်ရှင်သီဝလိ၊ ကျောက်ဇီးကွက်ရုပ်၊ ကျောက်ဆင်သားအမိ၊ ကျောက်နဂါးရုပ် စသဖြင့် အမျိုးစုံတွေ့ရတယ်။ ဒီလိုပုံသဏ္ဌာန်ဖြစ်ပေါ်နေတဲ့ အရာတွေကို ပွတ်သပ် ဆုတောင်းခြင်း ပြုလုပ်ကြရတယ်။

ဒီမြင်းမထဂူဘုရားက ပြန်ရင်တော့ သေချာပေါက် အနားယူရတော့မယ်။ ပေတစ်ထောင်ကျော်ဂူထဲမှာ ကျဉ်းထဲကျပ်ထဲ မော့ရ၊ ငုံ့ရ၊ ကျော်ရ၊ ကြည့်ရနဲ့ သွားလာပြီးရင် အတော်ညောင်းသွားလောက်ပြီ။

၃။

7067592.jpg

ဒီမြို့ကလေးရဲ့ မနက်ခင်းကတော့ အင်မတန် ငြိမ်သက် တိတ်ဆိတ်နေတယ်။ ထင်းရှူးကိုင်းလေးတွေနဲ့မြက်ခင်းစိမ်းတွေပေါ်မှာတွဲခိုနေတဲ့နှင်းစက်လေးတွေက နေခြည်နွေးနွေးအောက်မှာ ဖန်သီးလုံးသေးသေးလေးတွေ တွယ်ကပ်ချိတ်ဆွဲထားသလို နေရောင်ရင့်လာတော့ ဖန်သီးလုံးလေးတွေ ကြွေကျသွားတော့မယ်။ ဟိုးခပ်ဝေးဝေးက ကတ္တီပါ တောင်ကုန်းနှစ်ထပ်၊ သုံးထပ်နဲ့ အဲဒီရဲ့ ရင်ခွင်ထဲမှာ မြို့ကလေးက အိပ်ပျော်နေဆဲ။

ကလောကနေ သိပ်မဝေးတဲ့အောင်ပန်းမြို့လေးဆီလည်း ရောက်ရင် ဝင်လည်သင့်တယ်။ အောင်ပန်းအဝင် အောင်ချမ်းသာစာသင်တိုက်ကို တွေ့ရတာ အားရစရာ။ အသွားလမ်းမှာ အလယ်ချိုင့်ပြေပြေလေးဖြစ်နေတဲ့ အိုးစည်တောင်နဲ့ စိန်ပန်းခရမ်းပြာပင်တန်းတွေ ယှက်သန်းနေတဲ့ လမ်းများ၊ ထင်းရှူးမြင့်မြင့်တွေက ကိုယ့်ရဲ့အမိုးပေါ်မှာ။ ဆိုင်ကယ် Taxi လေးတွေက အောင်ပန်းနဲ့ ကလော ကူးချည်သန်းချည်။ အော်ပန်းဈေးလေးက တစ်မျိုးလှသလို ဈေးဘက်ကွေ့ပြီးရင် စာပေလောကရဲ့ အထင်ကရ ဆရာ ဒဂုန်တာရာရဲ့ မင်္ဂလာရှိစွာ တွေ့ဆုံးရင်း မင်္ဂလာစကားတွေ ပြောကြတာ ကြည်နူးစရာပါ။

7067611.jpg

မြို့လေးရဲ့ နံနက်ခင်းက လာရောက်ကြသူ အပေါင်းအတွက် အသက်ရှည်ဆေးတစ်ခွက်လိုပါပဲ။ ကလောမြို့လေးရဲ့ ငါးရက်တစ်ဈေးမှာလည်း ပလိုင်းတွေကိုယ်စီလွယ်ထားတဲ့ မိန်းမပျိုလေးတွေကို တွေ့ရတယ်။ ပန်းချီကားတွေမှာ အများဆုံးတွေ့ရတဲ့ ဖက်ကြမ်းဆေးလိပ်သောက်ပြီး တဘက်ပေါင်းကြီးနဲ့ ပါးရေတွေတွန့်နေတဲ့ မျက်နှာနဲ့ သဘာဝကျကျ ဈေးခင်းရောင်းနေတဲ့ ပအိုဝ့်အဘွားအိုမျိုးကိုလည်း တွေ့ရရဲ့။

ကလောမြို့လေးရဲ့ စာအုပ်ဆိုင်တစ်ဆိုင်မှာ ဂျာနယ်ကိုထိုင်ဖတ်ရင် ၁၀၀ လို့ ဈေးကပ်ထားတယ်။ အဲဒီဆိုင်လေးမှာ စာအုပ်အငှားဆိုင်တွေရဲ့ အနာဂတ်မှုန်ဝါးမှုကို၊ လာရောက်ငှားသူတွေဆီက စကားတွေကို ကဗျာအဖြစ် ဖွင့်အန်ပြီး ကပ်ထားတာကို တွေ့ရတယ်။ အဲဒီကဗျာလေးက ယနေ့ခေတ် စာဖတ်သူတွေရဲ့ အဆင့်အတန်းကို အတိအကျ မြင်လိုက်ရတယ်။

သူရေးစပ်ထားပုံက….

ခေါင်းစဉ်က “ အငှားရဆုံးစာအုပ်များ” တဲ့

-Quility မဂ္ဂဇင်းများ

မဖတ်ချင်ဘူးကြော်ငြာများတယ်…

-မဟေသီ၊ မလျာမဂ္ဂဇင်းများ

မဖတ်ချင်ဘူး စာများတယ်…

-ဝတ္တုများ ဇာတ်သိမ်းပိုင်းမကောင်းဘူး

မဖတ်ချင်ဘူး သေသွားတယ်၊ ကွဲသားတယ်…

-ဝတ္ထုများ ဇာတ်သိမ်းပိုင်းကောင်းတယ်

မသေဘူး၊ မကွဲဘူး၊ ဒါပေမဲ့ မဖတ်ချင်ဘူး..

စာရေးဆရာ မကြိုက်ဘူး…

-ကာတွန်းစာအုပ်များ ပန်းချီလှတယ်

မဖတ်ချင်ဘူး၊ ဇာတ်လမ်းမကောင်းဘူး…

-ဘာစာအုပ်မှ မဖတ်ချင်ဘူး

စိတ်ညစ်တယ်…

သုခမိန်(ကလော)

ဒီလို ဒီလိုနဲ့ စာဖတ်သူတွေက စာအုပ်တွေ ကို ရွေးချယ်လာပြီး အပိုင်လည်း ရ၊ အရုပ်လည်းမြင်ရ၊ အသံလည်းကြားရတဲ့ တစ်ခွေသုံးရာနဲ့ အဆင်ပြေတဲ့ ဆီ ဦးလှည့်သွားလိုက်ကြတာ ဒီကနေ့ အငှားစာရင်း လူအယောက် ငါးဆယ်တောင် အနိုင်နိုင်။ အရင်ကဆို တစ်ရက်တစ်ရာ့ငါးဆယ်အသာလေးတဲ့။ ဒီလိုဆိုတော့ စာအုပ်အငှားဆိုင်တွေက အရင်းများလှတဲ့ Quality မဂ္ဂဇင်းတွေကိုဖြုတ်ပြီး ဈေးသက်သာပြီး စာရွက်သား ခပ်ညံ့ညံ့ ကလောင်အမည်တောင် မတက်သာလည်း အောင့်ကာနမ်းနေရတဲ့ပုံပါပဲ၊။ ဂျာနယ်ဈေးကွက်ကတော့ အချိန်နဲ့ တစ်ပြေးညီဖတ်နိုင်တဲ့ အားရစရာ။ အများစုက ဂျာနယ်အပေါ် အာရုံရနေပုံပါပဲ။

ဒီမြို့ကလေးမှာ ကွမ်းယဉ်ကျေးမှုလို့မဆို လိုချင်ပေမယ့် ကွမ်းဆိုင်လေးတွေ အများအပြားတော့ တွေ့ရတယ်။ အမှိုက်ပုံ ယင်တလောင်းလောင်း။ အနံ့အသက်မကောင်းတာတွေ၊ ညစ်ပတ်လွန်းတာတွေ မတွေ့ရဘူး။ မြို့ပတ်ဝန်းကျင်မှာ စိမ်းစိုတဲ့ အပင်တွေရှိတာမို့ လေအေးပေးစက်တွေ တစ်မြို့လုံးကို ထုတ်လွှတ်နေသလို ခံစားရတယ်လို့ ဧည့်သည်တွေ ပြောကြတယ်။

မြို့လေးထဲမှာ အဝေးကိုသွားစရာမလိုဘဲ မြို့ထဲမှာပဲ တောင်ပေါ်ကနေ ကလောမြို့ရဲ့ရှု့ခင်းကို မြင်ရနိုင်တဲ့ တောင်ကုန်းလေးရှိတယ်။ တောင်ကုန်းလေးပေါ်မှာ ဘုရားရှိတာကို သေချာကြည့်မှ မြင်နိုင်တယ်။ တောင်ထိပ် ဘုရားကိုရောက်ဖို့ သစ်သားစောင်းတန်း အိုအိုလေးကို ဖြတ်သန်းတက်ရတယ်။ ခပ်ဟောင်းဟောင်း ကျောက်သားလှေကား ထစ်ပြေပြေများ။ ယိုင်ရွဲ့ရွဲ့စောင်းတန်း အိုးလေးက အောက်ဘက်က ကြည့်ရင် မမြင်နိုင်ဘူး။ အဲဒီတောတင်ထိပ်ဘုရားပေါ်ကကြည့်ရင် နေဝင်ဆည်းဆာကိုလည်း မြင်တွေ့နိုင်သလို ညခင်းမှာ တိတ်ဆိတ်ငြိမ်သက်နေတဲ့ မြို့လေးရဲ့ တဖျပ်ဖျပ်မီးအလင်းရောင်၊ တောင်စဉ်တောင်တန်းတွေ ဝိုင်းရံထားတဲ့ မြို့လေးရဲ့ ဆည်းဆာအလှနဲ့ ညခင်းအလှကို တဝကြီးခံစားနိုင်ပါတယ်။

ဒီမြို့လေးဟာ ကားကြီးများသူ့ရင်ခွင်ထဲ ဖြတ်သန်းသွားချိန်လောက်သာ ခေတ္တလန့်သွားသလိုရှိပေမယ့် ကျန်အချိန်များမှာတော့ အေးချမ်းတိတ်ဆိတ်ပြီး လောဘနည်းတဲ့မြို့လေးလို့ ခံစားရစေပါတယ်။

7067618.jpg

မြို့လေးရဲ့ ဒေသခံလူတွေက သူတို့အရပ်ဒေသက ကလေးတွေကို အသိ လိမ္မာရှိစေချင်တယ်။ ယဉ်ကျေးစေချင်တယ်။ ပညာတက်စေချင်တယ်။ ဒါကြောင့် သူတို့မြို့က မြို့မကျောင်းဝင်းကြီးထဲမှာ ယဉ်ကျေးလိမ္မာသင်တန်းကြီးကို အရှင်အာစာရာလင်္ကာရ ဦးစီးပြီး ငါးရက်တိုင်တိုင် ကျင်းပခဲ့တယ်။ မြို့မကျောင်းဝင်းထဲက ကလေးတွေရဲ့ အသံတွေကို ကြားရတာ အားရစရာ။

မြို့လေးထဲကလူတွေက သူတို့မြို့လေးရဲ့ အနေအထားနဲ့ လှပမှုကို ဂုဏ်ယူကြသလို ဒီမြို့လေးကို ရောက်ဖူးကြသူတိုင်းကလည်း မနက်ခင်းအလှတွေကို လက်လွတ်မခံချင်ကြဘူး။ မြို့ခံတွေကလည်း အဝေးရောက်ဧည့်သည်တွေ ရောက်တုန်းရောက်ခိုက် မြို့ရဲ့အလှကို ခံစားစေချင်ကြတာ ဆန္ဒမွန်တစ်ရပ်ပါ။ အဲသလိုလှပပြီး အေးချမ်းလှတဲ့မြို့လေးကို လန့်လန့်နိုးသွားစေတာ ကတော့ သူ့ရင်ထဲကို တဝေါဝေါနဲ့ဖြတ် ဖြတ်သွားတက်တဲ့ ဆယ်ဘီး၊ ဆယ့်နှစ်ဘီးကားကြီးတွေရဲ့ အသံတွေပါပဲ။ ဆုတောင်းပါတယ်။ ကျွန်မချစ်တဲ့ ဒီမြို့လေး ခဏခဏ လန့်မနိုးပါစေနဲ့လို့။

ချောအိမာန်(မန္တလေး)

ဖူးငုံ ဆယ်ကျော်သက်မဂ္ဂဇင်း။

၂၀၁၁ အောက်တိုဘာလထုတ်

(၉) နှစ်ပြည့်အမှတ်တရ။

7 comments:

ကိုကိုးအိမ်(မန္တလေး) said...

ဆရာမရောက်သွားလို့ လန့်နိုးသွားတာထင်တယ်.. မြို့လေးကို စိမ်းလို့ စိုလို့.... :)

ခင်မင်စွာဖြင့်

စိမ်းရောင်စို (မန္တလေး)

မြသွေးနီ said...

တစ်ခေါက် ထပ်ဖတ်သွားတယ် ဆရာမ...။
ဆောင်းပါးလေးက ကောင်းတယ်၊
မြို့ကလေးကလည်း လှတယ်၊ စာရေးဆရာမကလည်း လှတယ်၊
သုခမိန် (ကလော)ရဲ့ ကဗျာကလည်း ခေတ်နဲ့ အံဝင်ခွင်ကျ ရှိလှတယ်.

sulay said...

ရုပ်ရှင်ကြည့်ရတာထက် ၀တ္ထုကိုဖတ်ရတာ ပိုအရသာရှိတယ်လို့ ကြားဖူးတယ်။ မိမိအမြဲတမ်း ထိတွေ့ ဆက်ဆံ ဖြတ်သန်းနေရတဲ့ပတ်ဝန်းကျင်မှာ အဲလိုသဘာဝအလှ ခံစားမှုတွေရှိတယ်ဆိုတာ ဒီဆောင်းပါးလေးဖတ်ပြီးတော့ ပြန်ချင်စိတ်ပေါက်မိတယ် မချောအိမာန်ရေ...

ချမ်းမြေ့ပါစေကြောင်း
ချယ်ရီမြေ

ချော(အစိမ်းရောင်လွင်ပြင်) said...

ကလောမြို့ကို ဖြတ်သွားဖြတ်လာဘဲ ရောက်ဖူးတယ်
ခုလို ညအိပ်ခရီး မသွားဖူးတော့ မြို့ကလေးရဲ့ နံနက်ခင်းအလှကို မမြင်တွေ့ဖူးဘူး
ဒါပေမဲ့ မချောအိမာန်ရဲ့ စာလေးဖတ်တာနဲ့ ပြည့်စုံသွားရပါတယ်.. စိတ်ထဲတောင် အားလပ်ရက်ကို ကလောသွားရင်ကောင်းမယ်လို့ တွေးမိလိုက်တယ်။ စာရေးသူရဲ့ အရေးအသား ဆွဲဆောင်မှုကောင်းလွန်းလို့ပါဘဲ
မြို့ကလေးက သာယာလိုက်တာနော်.. နေချင်စရာလေး။ ပြီးတော့ စာရေးသူ ဆရာမကလည်း လှတယ်.. ရှုခင်းတွေနဲ့ ပဏာရလှတယ်။.

myothakoyin said...

Very green and lovely photos-glad to be able to see the views inside the pagoda. Your article has brought back my memories of this beautiful town I onced visited ages ago. Thanks.

စောနေသွေး said...

ဆရာမ ရေ တားရောက်တယ် ဂျသိလား တားက
ဘလော့တွေမှာ ကဗျာရေးတာ ကြာတေးဘးလေ ဆရာမ ချောအိမာန်ုဆိုတာတော့ တားတိတယ်
တားက နန်းတော်ရှေ့ မှာနေတာပါ .......နောက်လည်းအားပေးတယ်နော် အမာခဲံ ပရိတ်သတ် ပါ ကျတော်ကိုလည်းအားပေးနော်..

ဝေမိုးနိုင်(မုံရွာ) said...

ဆရာမရေ.......ဖူးငုံမှာ ဖတ်ပြီးသားပေမယ့် ထပ်အားပေးခဲ့တယ်.။ကျွန်တော့်ဆိုက်ကိုလည်းလာဖို့ဖိတ်ခေါ်ပါတယ်