Saturday, October 22, 2011

အထာ

တကယ်တော့ ည ခုနှစ်နာရီခွဲဆိုတာ သေသေချာချာမိုးမချုပ်သေးပါ။ ခါတိုင်းလည်း ဒီလိုအချိန်ပြန်နေကျ။ ဒါပေမယ့်… ဒီနေ့ ကျွန်တော် ဇောချွေးပြန်နေမိတယ်. လက်ထဲမှာ ပိုက်ထားတဲ့ အိတ်လေးထဲမှာပါတဲ့ ငွေဆယ့်ငါးသိန်းက ကျွန်တော့်ရဲ့ စိတ်တွေကို လေးလံစေတယ်.. တစ်ကယ်ဆို ရုံးမှာထားခဲ့လို့မဖြစ်နိုင်လို့သာ…။ သူငယ်ချင်းက မန္တလေးဘက် တက်သွားပြီ… ဒီဆယ့်ငါးသိန်းကို မနက်ဖြန်စောစော သူ့ဆီ လွှဲခိုင်းထားတာ.. ရုံးမှာ တစ်ခေါက်သွားယူလို့မဖြစ်.. ရုံးနဲ့ဘဏ်က အဝေးကြီး… ကျွန်တော်နေတဲ့အိမ်နဲ့ ဘဏ်က နီးနီးလေး.. ဒါကြောင့် ရုံးအပြန် ဒီငွေထုတ်သယ်ခဲ့ရတာကို တော်တော်ပင်ပန်းနေပြီ… ငွေကိုသယ်ရတာလေးလို့ မဟုတ်ဘူး စိတ်လေးနေတာ..။

ကျွန်တော်က မန္တလေးသား အစစ်ပါ။ အခု ကျွန်တော့်အလုပ်ရှင်ကသူငယ်ချင်း… မန္တလေးမှာ စတိတ်ကျောင်းအတူတူပဲ.. ဒီကောင်က ဘွဲ့ရပြီး စီးပွားရေးလေး၊ ဘာလေး ဝင်လုပ်ပြီး ပိုက်ဆံနည်းနည်း ထောလာတော့ကမ္မဏီထောင်ထားတာ.. သိပ်အကြီးစားတော့ မဟုတ်ပါဘူး.. ပေါင်းတက်သင်းတက်တော့ အလုပ်ဖြစ်တယ်ပေါ့.. ဒီကောင်နဲ့ မန္တလေးမှာပြန်တွေ့တော့ အလုပ်တစ်ခုမှာအဆင်မပြေလို့ ထွက်ထားတဲ့ ကျွန်တော့်ကို သူ့ကုမ္ပဏီမှာ လာလုပ်ဆိုပြီး ခေါ်ထားတာ.. ဒီကောင် ဆိုးတော့မဆိုးပါဘူး.. ကျွန်တော့်ကို နေရာပေးပါတယ်.. အဓိကကတော့ နိုင်ငံခြားကသွင်းတဲ့ ပစ္စည်းတွေကို ရောင်းပေးရတာပါပဲ… သူက ကျွန်တော် အလုပ်ဝင်ပြီး နှစ်ပါတ်အတွင်းမှာပဲ အရောင်းချုပ်ရာထူးပေးတယ်. ကျွန်တော်တောင် အံ့သြသွားတယ်. ကျွန်တော့်သူငယ်ချင်းဆိုပေမဲ့ ကျွန်တော့်ဘော့စ်ပဲလေ.. ဒါကြောင့် သူလုပ်ခိုင်းတာတွေကို ဂရုစိုက်ရတယ်… ။

ရန်ကုန်က သိတဲ့အတိုင်းပဲ လူတွေကများ၊ ကားတွေကလည်း ကျပ်ပိတ်နေတာ.. ခါတိုင်းစီးတဲ့ဘတ်စ်ကားကို ဒီပိုက်ဆံထုတ်ကြီးနဲ့ ဘယ်စီးရဲမလဲ.. Taxi ပဲ စောင့်နေမိတယ်.. ကိုယ်စောင့်တဲ့နေရာကပဲ Taxi အလာကျဲတာလားမသိ.. လာတဲ့ကားတွေကလည်း ခရီးသည်တွေနဲ့ပဲ….

အစ်မပြောတာကို သတိရတယ်.. ရန်ကုန်မှာ ကားစီးရတာ၊ ကားတိုးရတာ စိတ်အပျက်ရဆုံး… အလိမ်တွေလည်း ပေါတယ်.. အစ်မတို့ မိန်းမတွေများ ရှိလည်း မဝတ်တာကောင်းတယ်.. လက်ကောက်၊ ဆွဲကြိုးတွေမြင်ရင် နောက်ကနေ လိုက်လာကြနဲ့တဲ့.. မန္တလေးမှာ ကျွန်တော့်အဒေါ်တစ်ယောက်ဈေးသွားတာ နှစ်ကျပ်သားအခေါက် ရွှေလက်ကောက်ကြီး တို့ဆေးမိပြီး ချွတ်ပေးလိုက်တတဲ့… ဟိုတစ်လောက ဂျာနယ်တစ်စောင်ထဲ ဆောင်းပါးဖတ်လိုက်ရတာ.. မိန်းမကြီးက ခရီးသွားတာကို ရွှေလက်ကောက်တွေ ရှစ်ကွင်းလောက် ဝတ်ထားတာတဲ့။ မသမာတဲ့ သူက ကြည့်နေတာ… ရထားလဲ ခပ်မြန်မြန်ထွက်ရော ပြတင်းပေါက်ဘောင်ပေါ်တင်ထားတဲ့ မိန်းမကြီးလက်ကို ဓါးနဲ့ ခုတ်လိုက်တယ်… လက်ပြတ်ကြီးမှာပါလာတဲ့ လက်ကောက်တွေကို သွားရောင်းတော့ အတုတွေဖြစ်နေတယ်.. ကြွားချင်ပြီး မရှိတာကို အရှိလုပ်ချင်တော့ လက်တစ်ဖက်ပြတ်တာပဲ အဖတ်တင်သွားတယ်.. အဲဒီဆောင်းပါးဖတ်ပြီးတော့ ကြက်သိမ်းထအောင် ကြောက်မိတယ်.. ရက်စက်လိုက်တဲ့လူတွေများ…

ညမှောင်ရိပ်ခိုပြီး ဆိုင်ကယ်လုချင်တာနဲ့ အသက်ပေးလိုက်ကြရတာတွေရော..ကျွန်တော့်နောက်ကများ တစ်ခုခုလိုချင်လို့ လိုက်လာရင် ဘယ်လိုလုပ်မလဲ.. ပိုက်ဆံ ဒီလောက်ပါမှန်းမသိပေမဲ့ နည်းနည်းရလည်း ထမင်းငတ်နေတဲ့သူအဖို့တော့ တန်မှာပဲ… တွေးရင်းနဲ့ အိတ်လေးက ရင်ဘတ်မှာ အပ်ပြီးသား ဖြစ်သွားတယ်.. ဒီမှတ်တိုင်မှာ လူသူကလည်း မရှိ ခါတိုင်းတော့ စိတ်လက်ပေါ့ပါးစွာနဲ့ကိုယ့်အိမ်နားရောက်တဲ့ ဘတ်စ်ကားတွေကို စီး…

ဟော.. တွေးရင်းမှာပဲ အမျိုးသမီးတစ်ယောက် ကျွန်တော့်လိုပဲ Taxi ငှားဖို့ လာနေတာထင်တယ်… အမျိုးသားထက်စာရင် အမျိုးသမီးကို တွေ့ရတာတော်သေးတယ်.. အဲဒီအမျိုးသမီးကလည်း ကျွန်တော့်ကို တစ်ချက်လှမ်းကြည့်တယ်.. ရင်ထဲမှာ တစ်မျိုးဖြစ်သွားတယ်.. မန္တလေးမှာ ကျန်ခဲ့တဲ့ အစ်မနဲ့တူလို့လေ.. ခုချိန်ဆို အစ်မစာအုပ်ဖတ်နေမလား.. ဒါမှမဟုတ် သူ့ကလေးတွေကို ထိန်းနေမလား.. ဒီအမျိုးသမီးကလည်း အစ်မလိုပဲ ပန်းကြိုက်ပုံရတယ်.. ခေါင်းက ဆံထုံးလေးထဲ နှင်းဆီတစ်ပွင့် ခပ်နွမ်းနွမ်းတွေ့ရတယ်.. ဘေးတိုက်ကြည့်ရင် နှာတံ ချွန်ချွန်လေးကအစ အစ်မနဲ့ တူလှတယ်.. ဒီအချိန်ကြီး ဒီအမျိုးသမီးက ဘယ်ကပြန်လာပါလိမ့်.. တစ်ယောက်တည်းလား. လက်ထဲမှာလည်း အိတ်တစ်လုံးက ပါသေး.. ငါ့လိုများ မတွေးမိဘူးလား မသိဘူး.. ရန်ကုန်မှာ မွေးကတည်းက နေတာဆိုရင် နောကြေနေလောက်ပါပြီ.. လို့တွေးမိတယ်..

ထိုအမျိုးသမီးက ကျွန်တော့်ကို မကြာခဏကြည့်နေသလိုပဲ.. တစ်ခုခုကို ပြောချင် အကူအညီတောင်းချင်နေပုံပဲ.. တစ်ခုခုများ ဒုက္ခရောက်နေသလားလို့တောင် မျက်ဝန်းကတွေကို ရုတ်တရက်ကြည့်ရင်း တွေးမိတယ်…

ဟော… ကျွန်တော်နဲ့ တန်းတူဖြစ်အောင် နောက်နားကနေ ရှေ့တစ်လှမ်းတိုးပြီး လာရပ်တယ်.. အသားက ခပ်ဖြူဖြူပါပဲ အထုတ်ကိုင်ထားတဲ့လက်ရဲ့ ဇရာအကြောတွေကို မြင်နေရတယ်.. အင်္ကျီပွင့်ရိုက်အောက်နားစက ကိုယ်လုံးနဲ့တော့ အတိမဟုတ်ဘဲ နည်းနည်းပွနေသယောင်…

အော်… ငါ့နှယ် ကားတားရမယ့်အရေး မတားနိုင်ဘဲ အမျိုးသမီးအပေါ် အာရုံရောက်တာနဲ့ လွတ်ကုန်ပြီ.. ကျွန်တော် ဘယ်လှည့်၊ ညာလှည့် ကားကြည့်နေတုန်း အမျိုးသမီးခြေလှမ်းတစ်လှမ်းစာလောက် ကျွန်တော့်ဘက်တိုးလာတယ်.. ဒုက္ခပဲ.. အခုချိန်မှာ အကူအညီတောင်းရင် ဘာမှပေးနိုင်မှာ မဟုတ်ဘူး.. နီးသွားလို့လား မသိ အသက်ရှူသံနဲ့ သက်ပြင်းချသံသဲ့သဲ့ကိုတောင် ကြားနေရတယ်.. အဲဒီအသံကအစ အစ်မနဲ့ သိပ်တူတာပဲ.. ကျွန်တော်က အစ်မသက်ပြင်းချသံနဲ့ အသက်ရှူသံကို အလွတ်ရနေပြီ.. အစ်မက သူ့သားသမီးတွေကို စိတ်တိုင်းမကျရင် ပြောချင်ရာပြောပြီးအသက်ရှူသံ၊ သက်ပြင်းချသံတွေ ပြင်းလာတော့တာပဲ.. အင်း.. အိမ်ရောက်ရင် ပီစီအိုကနေ ဖုန်းဆက်ဦးမှ .. ဒီအမျိုးသမီးကို တွေ့ရတာ အစ်မကို တွေ့ရသလိုပဲ.. ကျွန်တော်က အစ်မလက်ပေါ်မှာပဲ ကြီးပြင်းလာရတာ.. အမေက ငယ်ငယ်ကတည်းက ဆုံးသွားတာ.. အစ်မက ကိုယ့်အမေလိုပဲ…

6803092.jpg

ဟော့.. ကားလာပြီ… ကျွန်တော်တစ်ချက် လှည့်ကြည့်လိုက်တယ်.. ထိုအမျိုးသမိးက ကားလည်း မတား၊ ဘာဖြစ်လို့ပါလိမ့်… ကျွန်တော်ကားကို လှမ်းတားလိုက်တယ်.. ကားအရပ် သွားမဲ့ နေရာကိုပြော၊ ဈေးလည်းတည့်အပြီး… အမျိုးသမီးက ကျွန်တော့်နောက်နားကပ်ရောက်နေတယ်.. ကျွန်တော်နဲ့များ ကားအတူတူလိုက်စီးမလား မဖြစ်နိုင်ပါဘူး.. လမ်းချင်းတူမှာမှ မဟုတ်တာ…

ကျွန်တော်ကားပေါ်တက်ခါနီး ကားနောက်ခန်းနားမှာ တံခါးဖွင့်မယ်အလုပ် ထိုအမျိုးသမီးက လိုက်လာပြီး ကျွန်တော့်ကို စကားလာပြောတယ်.. ကျွန်တော်ရုတ်တရက်အရမ်းကြောင်သွားတယ်.. ပြီးတော့ အရမ်းကြောက်သွားတယ်… ကားထဲကို ဝန်းကနဲပြစ်ထိုင်ရင်း ကားဆရာကို သွားတော့… မောင်းတော့… မောင်းတော့လို့.. . ဒရောသောပါးပြောမိတယ်.. ကျွန်တော့်ရဲ့ မျက်ကလဲဆံပျာ အဖြစ်ကို ကားသမားက ရုတ်တရက် လန့်သွားတယ်..။ ကျွန်တော့်ရင်တွေ တဒိတ်ဒိတ်နဲ့ ခုန်နေတယ်…။ ဘယ်လိုကြီးမှန်း မသိပါဘူးဗျာ.. ခုနေ မှန်ထဲပြန်ကြည့်ရင် ကျွန်တော့်မျက်နှာ နှစ်ထပ်ကြီးများ ဖြစ်နေမလား… ထူနေလို့လေ… ဘာတွေလည်းဗျာ… စိတ်ရှုပ်လွန်းလို့ အကျင့်ပါနေတဲ့အတိုင်း ခေါင်းကဆံပင်တွေကို ပွတ်သပ်နေမိတယ်…

မှန်ထဲက ကားဆရာမျက်လုံးက ကျွန်တော့်ကို စူးစမ်းသလိုနဲ့ကြည့်တယ်… အာခေါင်တွေတောင် ခြောက်သွေ့လို့ရေတောင်သောက်ချင်လာတယ်.. သက်ပြင်းချတာက ခု ကျွန်တော်ဖြစ်နေပြီ.. မုဆိုးလက်က လွတ်သွားတဲ့ ယုန်သူငယ်တစ်ကောင်လိုပါပဲ… ဟူး……

ကားဆရာက မနေနိုင်တော့ဘူးထင့်.. စကားစလာတယ်…

“အစ်ကို.. ခုနက အမျိုးသမီးက အစ်ကို့နဲ့ အတူတူမှတ်နေတာ…”

“မဟုတ်ပါဘူးကွာ…”

“စိတ်မဆိုးနဲ့နော် အစ်ကိုဘာဖြစ်လာတာလဲ…”

“……….” ကျွန်တော် နှုတ်ဆိတ်နေမိတယ်…

“များသောအားဖြင့် ကျွန်တော်တို့ ကားသမားတွေ အဲ့ဒီအနားမှာ သိပ်မရပ်ကြဘူး….”

“ဟင်… ဘာဖြစ်လို့လဲ…”

“အစ်ကိုက ဒီက မဟုတ်ဘူးထင်တယ်… အဲ့ဒီနေရာက ဟိုဟာတွေပေါတယ်.. ကျွန်တော်တောင် အစ ပထမထင်တာ အဲဒီအမျိုးသမီးနဲ့…”

“ဟာ… မဟုတ်ဘူး… မဟုတ်ဘူး…” ကျွန်တော်အကြောက်အကန်ငြင်းမိတယ်…

“အစ်ကို တစ်ခုခုဖြစ်လာတယ် မဟုတ်လား… အဲဒီအမျိုးသမီးက အစ်ကို့ကို ဘာပြောလိုက်တာလဲ…”

ကားဆရာက စပ်စုနေပြန်ပါပြီ… မပြောချင်ပါဘူးဆို…

“အစ်ကိုက ကောင်မလေးတွေပဲ ဒါမျိုးရှိမယ် ထင်တာ မဟုတ်လား…”

“အေးကွာ… မင်းပြောမှဘဲ… ဘယ်ထင်မလဲ…”

“ဟား… ဟား… ဟား…”

ကားဆရာက လွှတ်ရယ်နေပြန်တယ်….

“ဒါနဲ့ အစ်ကို့ကို ဘွားတော်ကြီးက ဘာပြောလိုက်လို့ အစ်ကို ဒီလောက်တောင် မျက်နှာတွေပျက်ရတာလဲ”

“မေးပြန်ပြီကွာ… မင်းကလဲ”

“မဟုတ်ပါဘူး.. အစ်ကို… ကျွန်တော်အစ်ကို့ကို ပြောပြချင်လို့ပါ…”

ကားဆရာကောင်လေးက ရယ်ကျဲကျဲပြောတက်ပုံရတာမို့ ကျွန်တော့်စိတ်တွေ နည်းနည်းတော့လန်းသွားတယ်…

“ကိုယ်က မန္တလေးမှာ ကျန်ခဲ့တဲ့ ကိုယ့်အစ်မနဲ့တူလို့ ကြည့်နေတာ.. အစ်မကို သတိရသွားတာလည်း ပါတယ်..”

“အဲ့ဒီတော့ သူက ထင်မှာပေါ့ ဒီကောင်လေးတော့ငါ့ကို ကျနေပြီပေါ့…”

“ဟာ… မင်းကလဲ… သူက ကိုယ့်နားကပ်လာတာ အကူအညီတောင်းချင်သလိုပုံစံနဲ့… ကိုယ်လည်း… ကားငှားရော သူက နောက်ကလိုက်လာတာ…”

“သြော်… ဟုတ်ပြီ… ဘပြောလဲ…”

“မောင်လေ…. တက်သလောက်မှတ်သလောက်ပြုစုပါ့မယ်… ကြိုက်သလောက်ပေးပါတဲ့…”

“ဟား…ဟား…ဟား…”

“မင်းကလည်း ရယ်ပြန်ပြီ…”

“သဘောကျလို့ပါ အဲ့ဒီလို အပြောခံရတာအကို အစ်ကို့နောက်က ဓါးပြအယောက်တစ်ရာလောက် လိုက်လာတဲ့အတိုင်း ဖြစ်နေတာကိုး…”

“ဒါတော့ မသိဘူးကွာ.. မင်းတို့ ဆီက တော်တော်ဆိုးပါလား…”

“သူ့ဇယားနဲ့ သူပေါ့အစ်ကိုရာ… ရန်ကုန်မှာက အထာတွေပေါတယ်… အစ်ကိုရ…”

“ခုနက အစ်ကို့ကို အထာပေးတာ.. နောကြေနေတဲ့ သူတွေ့ မရှောင်တွေဆိုပွဲသိမ်းပေါ့… တစ်ချို့က နယ်ကလာတာလိုလို… လိပ်စာရှာမရတော့သလိုလုပ်.. သွားစရာမရှိသလို အထာပြစ်တာတွေလည်း ရှိတယ်…။

တစ်ခါတလေ ဘာမှ ပြောစရာမလိုဘဲ တစ်ယောက်နဲ့ တစ်ယောက် အထာသိနေတာမျိုးလည်းရှိတယ်.. တစ်ချို့ကြ ကားဆရာတွေက အထာပေးကြတယ်.. တစ်ချို့က ငှားသူတွေက အထာပေးကြတယ်.. အမျိုးမျိုးပေါ့ အစ်ကိုရာ…”

“မလွယ်ပါလား….”

“မိန်းကလေးတွေအတွက် အဖော်ပါမှကောင်းတယ်… ကျွန်တော်တို့ဘက်ကလည်း ငှားစီးတဲ့သူကို ကြောက်သလို ငှားစီးသူတွေကလည်း ကားသမားတွေကို ကြောက်နဲ့ အပြန်အလှန်ကြောက်နေရတာမျိုးလည်း ရှိတာပဲ…”

“အေးကွာ.. မင်းတို့ အထာတွေကို အခုမှ သိရတော့တယ်…”

“တစ်လောတုန်းက ကျွန်တော့်သူငယ်ချင်းတစ်ယောက် အထာပြစ်ခံရတာလေ… . ကောင်မလေးက သူသွားမယ့်အိမ်က ပြောင်းသွားတာလိုလို.. လိပ်စာရှာမရတော့သလိုလုပ်… ဘာအဆက်အသွယ်မှမရှိတော့သလိုလုပ်တာကို ဒီကောင်က မသိဘူး.. နှစ်နာရီကျော်လောက် လိုက်ရှာပေးတာ.. တစ်လမ်းဝင် တစ်လမ်းထွက်နဲ့ သွားရင်း အစာလွန်နေလို့ ဗိုက်ဆာလို့ ခေါင်းမူးသလိုဖြစ်ပေါ့… အဲ့ဒီကောင်က ဆိုင်တစ်ဆိုင်မှာ ထမင်းဝင်ကျွေးလိုက်ရတယ်.. ဒီကောင်က ရိုးတော့ သူ့မှာ ပိုက်ဆံမရှိတော့တာကို သိတော့ ကားဖိုးမရတဲ့အပြင် သူကတောင် သုံးထောင်ထုတ်ပေးလိုက်ရသေးတယ်.. ထမင်းလည်း ကျွေးလိုက်ရတယ်.. ခုနက အစ်ကိုတွေ့ခဲ့သလို မိန်းမမျိုးနဲ့ ကျွန်တော်တို့ ကားသမားတွေ ကြုံဘူးကြတယ်…”

“ဟုတ်လား….”

ကားဆရာကောင်လေးပြောမှပဲ အထာပေါင်းများစွာနဲ့ နေထိုင်နေတဲ့ ဒီမြို့ကြီးအကြောင်း သိရတော့တယ်… စိတ်ထဲမှာ ခုနက မိန်းမကြီးကို အမြင်ကတ်စိတ်မရှိသလို ဘယ်လိုဖြစ်လို့များဆိုပြီး နောက်ဆက်တွဲအတွေးတွေနဲ့ အိမ်ရောက်လာတယ်.. မမျှော်လင့်တဲ့ ပုံစံမျိုးမြင်လိုက်ရတော့ ကျွန်တော် ဖျားချင်သွားတယ်…။

ငွေဆယ့်ငါးသိန်းထုတ်ကိုကိုင်ထားတဲ့ ကျွန်တော့်လက်မှာ ချွေးစီးတွေတောင် ဖြစ်နေတယ်.. ငွေကိုသေသေချာချာသိမ်းဆည်းပြီး အိမ်နှစ်အိမ်ကျော်က ပီစီအို ဆိုင်လေးဆီထွက်ခဲ့တယ်.. ဆိုင်မပိတ်သေးလို့တော်သေးတယ်.. ဒီကနေ့တော့ ထမင်းလည်း မစားချင်... ခေါက်ဆွဲပြုတ်ပဲစားလိုက်တော့မယ်… အစ်မနဲ့ပဲ စကားပြောချင်နေမိတယ်… ဘာကို ပြောချင်နေတာလည်း ဆိုတာလည်း ရေရေယာယာ မရှိ….။

ဖုန်းခေါ်ပြီး.. ဖုန်းလာကိုင်သူက အစ်မပါပဲ.. အစ်မက ဖုန်းလေးနားမှာ အမြဲထိုင်တက်တယ်…

“ပြောငါ့သား… “ ဒီလိုက အစ်မကျွန်တော့်ကို အမြဲခေါ်တဲ့အသံ…

ကျွန်တော့်ဘာမှ မပြောရခင် အစ်မအသံကို ကြားရတယ်…

“အစ်မ ကျွန်တော်မှန်း ဘယ်လိုသိလဲ…”

“ဒီဖုန်းမှာ နံပါတ်မပေါ်ပေမဲ့ မင်းသက်ပြင်းချသံကို ကြားရတယ်လေ.. အဆင်ပြေရဲ့လား…”

“ပြေပါတယ်… အစ်မ၊ အစ်မကို သတိရလို့ပါ။ အစ်မနေကောင်းတယ်မဟုတ်လား…”

“ကောင်းတယ်.. ညနေကတောင် သတိရနေသေးတယ်…”

“ဒါဆိုရင် အစ်မနဲ့ ကျွန်တော်သတိရတာချင်းတိုက်ဆိုင်နေတယ်.. ဒီနေ့အစ်မရာ…”

“ဘာဖြစ်လည်း ငါ့သား…”

“သြော်… ဘာမှမဖြစ်ပါဘူး.. ဘတ်(စ်) ကားဂိတ်မှာ အစ်မနဲ့ တူတဲ့ သူတစ်ယောက်ကို တွေ့ခဲ့လို့..”

“သြော်… ဟုတ်လား…”

“ဒါပဲနော်အစ်မ… ကျန်းမာရေးဂရုစိုက်နော်…”

“အေ… ငါ့သား.. ကျန်းမာပါစေကွယ်…”

အမေမရှိတော့ အစ်မနဲ့ မကြာခဏ စကားပြောဖြစ်တယ်.. ပြောစရာ အကျိုးအကြောင်းမရှိလည်း အသံကြား အလွမ်းပြေသက်သာရုံ ဆက်ဖြစ်နေတာပါပဲ…

“ဟဲ.. မမျိုး ငါလောပြီး ထွက်လာတာ.. ဖုန်းခပါမလာခဲ့ဘူး.. နောက်မှ ပေါင်းယူတော့နော်….”

ပီစီအို ဆိုင်က ကောင်မလေးက မလှတဲ့ မျက်စောင်းကို ခပ်နွဲ့နွဲ့ထိုးရင်….

“အစ်ကိုတို့ကတော့ အထာတွေ ပြစ်ကုန်ပြီ.. မယူပါဘူး… ခဏပဲဟာ… နောက်မှ မျိုးကို မုန့်လိုက်ဝယ်ကျွေးလေ…”

ဟာ… အဲ့ဒါမှ သေပြီဆရာ… ကျွန်တော်ကပဲ ဒီပုံမလာ ပန်းမလာမလေးကို အထာပေးနေတဲ့ပုံစံ… ပြောပုံက…။ မုန့်လည်း လိုက်မကျွေးနိုင်ဘူး… မုန့်ကျွေးမဲ့အတူတူ ဖုန်းခပဲ နှစ်ဆပေးလိုက်မယ်… သူ့ မုန့်လိုက်ကျွေးမိရင် ကိုယ့်ကို အထာပေးတာလို့ ပြောခံရနေဦးမယ်…..

သြော်………. အထာ…. အထာ…. နေရာတကာ...ပါပဲလား….

ချောအိမာန်(မန္တလေး)

၁၅.၃.၂၀၁၁