Friday, August 12, 2011

မျှော်လင့်ချက်


6301290.jpg

ဒီကနေ့ သူမရဲ့ခြင်းထဲကနေ ထုတ်ခင်းလိုက်တဲ့ အိမ်ကလေးတွေက အရင်နေ့ကထက် အမျိုးပိုစုံသလို၊ လက်ရာလေးတွေက ပိုသေသပ် လှပလာသလိုပဲ။ အိမ်ကလေးတွေမှာ စလောင်းလေးတွေ ပါလာသလို၊ ဝရန်တာလေးတွေ၊ ပန်းအိုးလေးတွေပါ ဖြည့်စွက်လာတယ်။ လက်ရာလေး ပိုကောင်းလာတော့ သူမအိမ်လေးတွေကို ဈေးတင်နိုင်တာပေါ့။ အရင်က ရိုးရိုးအိမ်လေးကို နှစ်ရာ အခု သုံးရာကနေ အဆင့်လိုက် ငါးရာအထိ ရှိလာပြီ။ စီးကရက်ဘူးခွံ၊ ဘီယာ ဂျပ်ဖာတွေဟာ အသုံးတည့်တဲ့သူ လက်ထဲမှာတော့ ထမင်းစားစရာ ငွေကြေး အဖြစ် ပြောင်းလဲသွားတာပေါ့။

ကျောင်းရှေ့ဆိုတော့ ကလေးတွေက  စိတ်ဝင်စားကြတယ်။ မိုးကာလိုအစပေါ်မှာ ခင်းရောင်းတဲ့ အိမ်ကလေးတွေဟာ တစ်ခဏအတွင်း ကုန်လုနီးပါးဖြစ်သွားတက်တယ်။ ဒီကစားစရာအိမ်လေးတွေကို မိန်းကလေးတွေက ပိုနှစ်သက်ကြတယ်။ ယောက်ျားလေးအများစုနားမှာ အမေ့လက်ဆွဲပြီး ဝေ့လည်ဝေ့လည် လုပ်နေတာက မိန်းကလေးတချို့။ အမေတွေက သမီးရဲ့ ပူဆာမှုကို မသိချင်ဟန်ဆောင်ပြီး ကောက်ချီသွားတက်ပေမယ့် အများစုကတော့ ဝယ်ပေးသွားတက်ကြတယ်။ တစ်ခုမှ နှစ်ရာဆိုတော့လည်း…, Hand made စစ်စစ်လေးတော့ ရနိုင်တာပေါ့။

ရောင်းတဲ့ကောင်မလေးနာမည်က ' စုစုနိုင်'…။ သူ့ရဲ့ ကုန်ကြမ်းအရင်းက စီးကရက်ဘူးခွံတွေကို လိုက်ဝယ်တယ်။ စုဆောင်းပြီး သူ့ရဲ့ ဓားချွန်ချွန်နဲ့ ကပ်ကြေးတစ်ချောင်း၊ ကော်တစ်ထုပ်အောက်မှာ အင်ဂျင်နီယာဘွဲ့ မရပေမယ့် တိုက်အလုံးပေါင်းများစွာကို ဆောက်နေသူပေါ့။ သူနဲ့ ကျွန်မက သမီးကို လာကြိုတိုင်းဆုံနေကျ။ မျက်မှန်းတန်းမိသွားတော့စကားပြော မေးဖြစ်ရင်း သူ့အလုပ်နဲ့ သူကတော့ ထမင်းစားနိုင်သား။ သူ့ကိုသူ စုတို့က စုတို့က နဲ့ စကားပြောတက်တယ်။

" စုတို့က ကျောင်းမနေရတော့ ဒီလိုပဲ လုပ်စားရတာပေါ့ အစ်မရယ်.. ကျောင်းရှေ့မှာဆိုတော့ ကျောင်းမနေရပေမယ့် နေ့တိုင်း မြင်တွေ့ကြားနေရတာကို ကျေနပ်သေးတယ်… စုငယ်ငယ်တုန်းကတော့ မျှော်လင့်ချက်တော့ ရှိတာပေါ့.. ကြီးရင် အင်ဂျင်နီယာလုပ်မယ်ပေါ့.. အိမ်တွေ တိုက်တွေ ဆောက်ရတာကို စုတို့က အားကြီးဝါသနာပါတာ.. ဒီလိုပဲ အိမ်မှာဆော့ရင်း လုပ်တက်လာတာ. အစ်မရဲ့.. ဒါနဲ့ စုတောင် အိမ်လေးတွေကို ကြိုက်တာ၊ ကလေးတွေလည်း ကြိုက်မှာပဲဆိုတဲ့ မျှော်လင့်ချက်နဲ့ ရောင်းတာ.. ရောင်းရပါတယ်"

သူမက ကျွန်မကို ဂျပ်ဘူးတွေခေါက်ရင်း စိတ်ရှည်လက်ရှည် ပြောပြတယ်။ သူမက စကားပြောရင် မျှော်လင့်ချက်ဆိုတဲ့စကားလုံးကို အတော်သုံးတယ်။ ကျွန်မတောင် သမီးကို ကျောင်းလာကြိုရင်း သူမနဲ့အတူ စကားပြောဖြစ်တော့ နေ့တိုင်းနီးပါးဆိုတော့ စုစုနိုင်ဆိုတဲ့ သူမအကြောင်းတွေက စိတ်ဝင်စားစရာ အကောင်းသား။

" အစ်မရယ်.. လူတိုင်ေးတာ့ ဘဝမျှော်လင့်ချက် ကိုယ်စီရှိကြတာပေါ့.. ဒါပေမဲ့ စုတို့ကို ကံကြမ္မာကြီးက မျှော်လင့်ချက်မပေးဘူး… ရိုက်ချိုးတဲ့နေရာမှာလည်း ပြင်းထန်တယ်.. စုက ပထွေးနဲ့ နေရတယ်.. မထွေးဆိုတာ သိတဲ့အတိုင်း၊ ဘယ်နေချင်လိမ့်မလဲ.. ဒါပေမဲ့ ဒါက အမေ့ရဲ့မျှော်လင့်ချက်၊ အမေက အားကိုးမျှော်လင့်ချက်နဲ့ယူလိုက်တာလေ.. နောက်ဆုံး အမေ့မျှော်လင့်ချက်တော့ မသိဘူး.. စု မျှော်လင့်ချက်တော့ သွားတာပဲ.. ကျောင်းတောင် ထွက်လိုက်ရတဲ့အဖြစ်…"

``သြော်… သြော်..``

ကျွန်မ သက်ပြင်းချမိတယ်။ ဆယ့်လေးငါးနှစ်သာရှိတဲ့ စုစုနိုင်…။ ဒီအရွယ်က ကျောင်းနေရမယ့်အရွယ်။ သူ့ဘဝ သူ့အခြေအနေနဲ့ ကျောင်းမနေရတာကို ကျွန်မ စိတ်မကောင်း ဖြစ်မိတယ်။

``ပထွေးက တော်တော်ဆိုးလား``

``ကောင်းတဲ့ပထွေးတွေ မှိုလိုပေါနေရင် ပထွေးဆိုတဲ့ နာမည်ဆိုးဆိုးကို ဘယ်ရလိမ့်မတုံး.. ဟိုတစ်နေ့က အရက်ဝယ်ခိုင်းတာ မဝယ်ပေးချင်ဖူးပြောလို့ စုကို တံမြက်စည်းနဲ့ ကောက်ချတာ.. ဒီမှာကြည့် အစ်မ``

သူမက လက်ရှည်အင်္ကျီကို မ , ပြတော့ လက် တတောင်ဆစ်မှာအညိုအမည်းကြီး တော်တော်ကိုစွဲလို့။

``ဘာလို့ ဒီလောက်တောင် လူမဆန်ကြပါလိမ့်… ကိုယ်ချင်းမစာမနာ ဒီအရွယ်မိန်းကလေးက အရက်ဆိုင်သွားဝယ်ပေးစရာလား စုစုနိုင် မှန်တယ်.. လက်က ဆေးခန်းပြလိုက်ပါဦး``

``ဆေးလိမ်းတာတောင် မပျောက်ဘူး.. ဆေးခန်းသွားဖို့လည်း ပိုက်ဆံ မရှိပါဘူး```

ကျွန်မလည်း သနားသွားတာနဲ့ ပိုက်ဆံ တစ်ထောင် ဆေးခန်းပြဖို့ ပေးခဲ့တယ်။ သူမက အားတုံ့အားနာနဲ့ ငြင်းတယ်။ နောက်တော့ `` ကျွန်မ မျှော်လင့်ချက်ကို  ဖြည့်ပေးတဲ့အစ်မကို ကျေးဇူးတင်ပါတယ်. ဒီနေ့ ညနေ စုက ဆေးခန်းပြချင်နေတာ`` တဲ့။

ကျွန်မလည်း သမီး ကျောင်းဆင်းလာပြီမို့ ကြိုရင်း ထွက်ခဲ့တယ်။ ပင်ပန်းသလိုရှိနေတဲ့ သမီးက ဘာမှ မပူဆာတက်လို့ တော်သေးတယ်။ ဆင်းလာသမျှ ကလေးတွေက မုန့်သည်တွေဆီ၊ အရုပ်သည်တွေဆီ သွားကြတော့တာပဲ။ ကားမောင်းရင်း စဉ်းစာမိတော့ အိမ်မှာ သမီးအဖေ သောက်ထားတဲ့ ဆေးလိပ်ဖာအခွံ၊ ယမကာဘူးခွံတွေ ၇ှိနေတာပဲ၊ ဒါကို စုစုနိုင် အိမ်လုပ်ဖို့ ပေးရမယ်။ ဒါတွေရရင် အရင်းမစိုက်ရပဲ အမြတ်ပဲ ရမှာပေါ့။ နောက်နေ့မှ အိမ်ဘက်ကို လာဖို့ ချိန်းမှပဲ။

လူတိုင်းမှာ ဘဝမျှော်လင့်ချက်ရှိတယ်ဆိုရင် စုစုနိုင်ရဲ့ ဘဝမျှော်လင့်ချက်က ဘာများဖြစ်နိုင်မလဲ။ ဒီကောင်မလေးက ဈေးရောင်းနေရလို့သာ။ ဉာဏ်ကောင်းပြီး စကားလည်း တက်တယ်။ သူ့ရဲ့မျှော်လင့်ချက်က ကျောင်းနေချင်တာဆိုရင် အမျိုးသားနဲ့ တိုင်ပင်ပြီး ကျောင်းအပ်ပေးရရင် ကောင်းမလား.. စုစုနိုင်ကို မေးကြည့်ပါဦးမယ်။ အိမ်ရောက်တော့ အမျိုးသားရဲ့ ဘူးခွံတွေကို ပေးမှာမို့ စုစုနိုင်အကြောင်း ပြောပြဖြစ်တယ်။

ကျွန်မတို့က ကျောင်းမနေနိုင်တဲ့ကလေးတွေကို တက်နိုင်သလောက် ပရဟိတစိတ်နဲ့ ကျောင်းထားပေးခဲ့ကြတယ်။ မျက်စိမမြင်တဲ့ ဝေဒနာသည်တွေအတွက်လည်း လုပ်ပေးခဲ့ဖူးတော့ အမျိုးသားကလည်း သူသာ အမှန်တကယ် ကျောင်းနေချင်တယ်ဆိုရင် ထားပေးလိုက်ပေါ့တဲ့။ သူ့မိဘတွေနဲ့တွေ့လို့ ပထွေးက အလုပ်ပျက်တယ်ဆိုပြီး ရှုပ်လာဦးမယ်။ သေချာမေးကြည့်တဲ့။

စနေနေ့ တစ်ရက်မှာ ဂျပ်ဘူးခွံတွေကို စုဆောင်းပြီး တနင်္ဂနွေ အိမ်ကို လာဖို့ ချိန်းလိုက်တယ်။ သူမက တန်းတန်းမတ်မတ် အိမ်ကို ရောက်လာပြီး..

``ဝမ်းသာလိုက်တာအစ်မရေ… စုဖြင့် ဒီလိုဂျပ်အမာ အကောင်းစားတွေ ရလိမ့်မယ်လို့တောင် မထင်ဘူး.. အများကြီးပဲ…``

သူ့ရဲ့ ဂျပ်ဖာခွံထဲမှာလည်း အိမ်လေးတွေကို တွေ့ရတယ်။

``စုစုနိုင်က ဘယ်မှာရောင်းပြန်လာတာလဲ.. အိမ်တွေလည်း ပါလာတော့``

``စု ဒီလိုပဲ အဆင်ပြေတဲ့နေရာ. ကလေးတွေ ရှိနိုင်မယ့်နေရာကို ချခင်းရောင်းလိုက်တာပဲ``

`` သြော်… ပိတ်ရက်မရှိဘူးပေါ့နော်``

``ဒီဂိုဒေါင်က ပိတ်ရက်မရှိဘူးလေ``

သူမ ဗိုက်ကို ပုတ်ပြရင်း ပြောတယ်။

``ဒီဂျပ်ဖာတွေ အကုန်ယူသွားတော့..ဒါနဲ့ စုစုနိုင် ကျောင်းပြန်နေရမယ်ဆို ဘယ်လိုလဲ``

``အစ်မက ရယ်စရာပြောပြီ.. စုတို့ဖြင့် စားဖို့အနိုင်နိုင်``

``မဟုတ်ဘူး.. အစ်မတို့က ကျောင်းထားပေးမယ်လေ.. စုစုနိုင်ရဲ့ ဘဝ မျှော်လင့်ချက်.. ရည်မှန်းချက်က ဘာလဲ…``

သူမ တွေဝေနေသလိုလုပ်ပြီး…

``ဟို.. စုတို့  သေချာမပြောတက်ပါဘူး.. အစ်မကို ကျေးဇူးတင်ပါတယ်.. စု ကျောင်းမတက်တော့ပါဘူး.. အင်း စု မျှော်လင့်ထားတာက ခုချိန်မှာတော့ အစားကောင်း စားရချင်တယ်.. ကောင်းကောင်း နေရချင်တယ်.. ဒါပေမဲ့ စုမမျှော်လင့်ရဲပါဘူး.. စုက ကျောင်းတက်တော့ စုတို့စားဖို့ငွေက ဘယ်ကရမှာလဲ အစ်မရဲ့.. မစဉ်းစားပါနဲ့ အစ်မ..စုအကြောင်းသိလို့ သနားသွားတာမဟုတ်လား … ဒီလိုပါပဲ စုကို တွေ့တဲ့သူတိုင်း သနားကြတာပဲ.. သနားခံရတဲ့ ဘဝကတော့ ကျွတ်ချင်ပါတယ်.. စု ကံပေါ့.. စု ကံကောင်းလို့ အစ်မနဲ့ တွေ့ပြီး ဂျပ်တွေရပြီ``

သူမက အဲဒီလိုပြောတော့ ကျွန်မလည်း ဘာမှဆက်မပြောဖြစ်တော့။ သမီးလေး နိုးလာတော့ အနားလာရင်း ဂျပ်အိမ်လေးတွေကိုေ တွ့တော့ သူစိတ်ဝင်စားသွားတယ်။ သမီးက ပူစာပြီး ကျွန်မကို အီနေတယ်။

``ပေးမယ်နော်.. ဒီမမက ဒါတွေလုပ်နေလို့.. ပြီးရင် မမက ပေးမယ်တဲ့နော်…``

တကယ်တမ်း အဲဒီနေ့က သမီးလိုချင်တဲ့အိမ်လေး သမီး မရခဲ့ပါ။ ကျွန်မရဲ့ ဂျပ်ခွံတွေဟာ စုစုနိုင်အတွက် အိမ်ဆယ်လုံးစာမက ရသလို၊ ငွေကြေးအနေနဲ့လည်း အမြတ်ရပြီပေါ့။ အရင်းမစိုက်ရ။  ဒါကြောင့် ကျွန်မအထင်က သူ့အိမ်လေးတွေထဲက တစ်လုံးတော့ သမီးလေးကို လက်ဆောင်ပေးခဲ့လိမ့်မယ်လို့ မျှော်လင့်ခဲ့တယ်။ တကယ်ဆိုရင် ဈေးအပေါဆုံး နှစ်ရာတန်လေး ပေးခဲ့ရင်တောင် ကျွန်မက ကျေနပ်မည်သာ။ ခုတော့ သမီးလိုချင်မှန်းသိလျက်နဲ့ မစည်းရသေးတဲ့ ဂျပ်ခွံတချို့ကို အိမ်တွေထည့်ထားတဲ့ ဂျပ်ဖာပေါ်မှာ မမြင်အောင် အုပ်လိုက်ပြီး သူ့ကိစ္စ အစအနတွေကို ရှင်းပြီး ပွဲသိမ်းလိုက်တယ်။ ကျွန်မအနေဲ့ သမီးလိုချင်တာကို ပိုက်ဆံပေးဝယ်နိုင်ပေမယ့် မဖြစ်သင့်တဲ့ အဖြစ်လေးကြောင့် သူမကို ``စိတ်ထဲ မျက်ခနဲ ခံစားလိုက်ရတယ်။

သမီးက အီနေတာ ကြာမနေလို့ တော်သေးတယ်။ သူမက နှုတ်ဆက် ကျေးဇူးတင်စကားပြောပြီး ပြန်သွားတယ်။ သမီးကိုလည်း တစ်ချက်လှည်ကြည့်မသွားပဲ သတိမရဟန်ဆောင်လိုက်ပုံပေါ်တယ်။ သူမ ပြန်သွားပေမယ့် စိတ်ထဲနေလို့မကောင်း။ ငါသာဆိုရင် သီးသန့်တောင် အိမ်ကြီးကြီး အကောင်းလေး လုပ်ပြီးတော့တောင် လက်ဆောင်ပေးရဦးမှာ။

အမျိုးသားကို ပြောပြဖြစ်တော့…

``ကလေးဆိုတော့ မေ့သွားတာနေမှာပေါ့ကွာ`` တဲ့

မေ့သွားတာမဟုတ်မှန်း ကျွန်မစိတ်က သေချာကို သိနေခဲ့တယ်။

………….

ဒီရက်တွေမှာ ခရီးထွက်လိုက်တာ တစ်ပတ်တောင် ကြာသွားတယ်။ သမီးကိစ္စအဝဝကို အမျိုးသားနဲ့ လွှဲထားတယ်။ သူငယ်ချင်းတစ်ယောက်အိမ်ကို ကိစ္စလေးတစ်ခုရှိလို့ ချိန်းထားရင်း လာခဲ့တယ်။ သူငယ်ချင်းက ရေချိုးနေလို့ ဧည့်ခန်းမှာ စောင့်နေရတယ်။ သူငယ်ချင်းရဲ့ သမီးနဲ့သား ဆော့လက်စ ကစားစရာတွေက ဧည့်ခန်းမှာ ပြည့်နေတယ်။ တောင်းထဲက ပစ္စည်းတချို့ကို သားဖြစ်သူက ဆွဲထုတ်လိုက်တယ်။ သူ့လက်ထဲ ပါလာတာ ကျွန်မမျက်စိထဲမှာ ရင်းနှီးနေတဲ့ အိမ်ကလေး…။

``ပေး.. ပေး.. ညီမလေးဟာ``

``မပေးဘူး``

``ပေး.. ညီမလေးအိမ်.. ဟီး.. ဟီး…``

ကလေးနှစ်ယောက် အိမ်ကိုလုပြီး အငယ်မလေးက ငိုသွားတယ်။ သူငယ်ချင်းက ရေချိုးပြီး ထွက်လာတယ်။ ချော့မော့ပြီး ကလေးနှစ်ယောက်ကို မုန့်ဝယ်ကျွေးဖို့ အဒေါ်ကြီးကို လှမ်းခေါ်လိုက်တယ်။

``သူငယ်ချင်းရေ.. အဲဒီလိုပဲ ဧည့်ခန်းလည်း ဧည့်ခန်းလို မနေရ ရှုပ်ပွနေတာပဲ.. ဒီအိမ်ကိုပဲ လိုက်လုနေတာ.. အကြီးကောင်က တကယ်လိုချင်တာ မဟုတ်ဘူး.. အငယ်မကို စ,နေတာ.. သူတို့လုတာနဲ့ ဝရန်တာတွေတောင် ပြုတ်သွားပြီ``

``အဲဒီအိမ်လေးကို ဘယ်က ဝယ်တာလဲ``

``ဒီလမ်းတောင့်မှာ ကလေးအင်္ဂလိပ်စာသင်တန်း ရှိတယ်။ အဲဒီရှေ့မှာလာရောင်းတာ.. စနေ၊ တနင်္ဂနွေ သင်တန်းက နှစ်ရက်ပဲ ဖွင့်တာ.. ငါကလည်း ရောင်းတဲ့ကလေးမကို သနာလို့ပါ.. ကျောင်းကလည်း မနေရဘူး.. မိထွေးက နှိပ်စက်တာလည်း လွန်နေတာပဲ… သူ့အဖေက ဆိုက်ကားနင်းတာ.. မိထွေးကတော့ ချောက်တီးချောက်ချက် အကြော်ရောင်းတာ.. မိထွေးပီပီ နှိပ်စက်တာပေါ့.. ဟိုတစ်နေ့က အကြော်ကြော်ရင်း ထင်းထုတ်နဲ့ လှမ်းချတာ ညာလက်ဖျံကြီး ညိုကိုင်းနေတာပဲ..ဒါနဲ့ ဆေးဖိုး ပေးလိုက်သေးတယ်.. ကောင်မလေးက သနားစရာပါ``

ကျွန်မစိတ်ထဲ တစ်မျိုးပဲ။ စုစုနိုင် အဖြစ်အပျက်တွေနဲ့ တူနေသလားလို့။

``ဒါနဲ့ သူ့နာမည် သိလား…``

``နာမည်ရင်းကတော့ မသိပါဘူး.. သူ့ကိုယ်သူတော့ စု.. စု.. နဲ့ ပြောနေတာပဲ``

``  စု``

ဒါဆို သေချာပြီပေါ့။ ဘာလို့ ဒီကျမှ ပထွေးကနေ မိထွေးနဲ့နေရတယ်ဖြစ်သွားရတာလဲ။

``သူက ပထွေးနဲ့နေတာ မဟုတ်ဘူးလား``

``သူငယ်ချင်းက သူ့ကို သိလို့လား .. ကိုယ်တော့ မိထွေးနဲ့လို့ပြောတာပဲ``

``သူ့နာမည်က စုစုနိုင်တဲ့..ကိုယ့်သမီးကျောင်းရှေ့မှာ ဒီအိမ်လေးတွေကို ရောင်းတယ်.. ယူ့လိုပဲ ကိုယ်လည်း သနားစိတ် ဝင်မိတာနဲ့ အဲဒီနေ့က ပထွေးချလိုက်လို့ ရောင်နေတဲ့ လက်ဖျံကိုပြလို့ ဆေးခန်းသွားဖို့ ပိုက်ဆံပေးလိုက်သေးတယ်. ကိုယ့်ကိုတော့ သူ့အမေက အဝတ်လျှော်တယ်လို့ တစ်ခါပြောဖူးသလိုပဲ.. ပထွေးရဲ့ နှိပ်စက်မှုအောက်မှာ ကိုယ့်ဘဝကိုယ် ရုန်းကန်နေရတဲ့ သူလေးဆိုပြီး အိမ်က ဂျပ်ဖာတွေကို ခရီးမထွက်ခင်ကမှ အိမ်ကိုလာယူခိုင်းလိုက်သေးတယ်.. သူ့ရဲ့ မျှော်လင့်ချက်က ဘာလဲ .. တစ်နေရာ တစ်မျိုးပြောပြီး လူသနားအောင် လိမ်နေတဲ့ပုံစံ ပေါက်နေပြီ``

``ဟုတ်တယ်နော်.. သူငယ်ချင်း.. ကိုယ့်ကို သူ့မိထွေးအကြောင်း ပြောပြတာ စုံလို့ပဲ..စကားလည်း တက်တယ်.``

``အေး.. ကျုပ်ကိုလည်း သူ့ပထွေးအကြောင်းပြောပြတာ.. အူမက ချေးခါးအထိပဲ.. တက်လည်း တက်နိုင်တဲ့ကောင်မလေး.. ကိုယ်က အမျိုးသားနဲ့ တိုင်ပင်ပြီး ကျောင်းထားပေးဖို့ အဆင့်ထိတောင် စဉ်းစားခဲ့တာ.. တော်သေးရဲ့``

``ဒါဆို သူက ကြုံရာကျပန်း ပါးစပ်ထဲထွက်သမျှ ပေါက်ကရပြောတက်သူထင်တယ်.. တကယ်ဆို ကြည့်စမ်း.. ကိုယ်တို့ဟာ တစ်ယောက်က တက္ကသိုလ်က ကထိက.. တစ်ယောက်က ဆောက်လုပ်ရေး လုပ်ငန်းကြီးလုပ်တဲ့ စီးပွားရေးလုပ်ငန်းရှင်.. လက်တစ်ထွာလေးရဲ့ လှည့်ပြောင်းစကားတွေထဲ ကျခဲ့တာ.. ကိုယ်ဆိုရင် မုန့်ဖိုးသီးသန့် အမြဲပေးတယ်``

ဟုတ်မှာပါလို့ တွေးမိတယ်။ ကျွန်မသူငယ်ချင်းက လက်ဖွာပါဘိနဲ့။

``ဒါဆို ကိုယ့်တို့နှစ်ယောက်လုံးကို ဒီကလေးမ ညာပြောတာပေါ့.. စီးကရက်ဘူးခွံတွေ ပေးလိုက်တဲ့နေ့ကတည်းက စုစုနိုင်စိတ်ကို သိပ်မနှစ်သက်တော့တာ.. ကိုယ်ကတော့ မျှော်လင့်ချက်.. မျှော်လင့်ချက်နဲ့ ထည့်ထည့်ပြောတက်တဲ့သူ့ကို အထင်ကြီးမိသေးတယ်``

``နောက်တစ်နေရာမှာလည်း နောက်တစ်မျိုး ပြောနိုင်သေးတာပဲ``

ကျွန်မသူငယ်ချင်းနဲ့ ကျွန်မ လာရင်းကိစ္စတွေ ပျောက်သွားပြီး သူ့အကြောင်း သိလိုက်တာ စိတ်ထဲမှာ တစ်မျိုးကြီးတောင် ခံစားလိုက်ရတယ်။

………………….

သမီးကို  ကျောင်းသွားကြိုတော့ စုစုနိုင်အနား ကားမရပ်တော့ပဲ ခပ်လှမ်းလှမ်းမှာပဲ ရပ်တော့တယ်။ စိတ်ထဲမှာ ထားမိတဲ့ စေတနာတွေကို အလကားဖြစ်စေတယ်။ ကလေးတစ်ယောက်နဲ့ ပြိုင်ဖက်ပြီး ဘာစကားမှ မပြောချင်။ ဒီတော့ ခပ်ဝေးဝေးမှာ စိတ်ရှင်းရှင်းနေတာပဲ ကောင်းတယ်။ ဒါပေမဲ့ သမီးဆရာမတစ်ယောက်က လှမ်းခေါ်လိုက်တာနဲ့ ကျောင်းထဲသွား သမီးကြိုပြီးအပြန် သမီးအတွက် မုန့်ဆိုင်မှာ မုန့်ဝယ်တုန်း ရင်းနှီးနေတဲ့ စုစုနိုင်အသံက ကျွန်မနဲ့ မလှမ်းမကမ်းလောက်က ပေါ်ထွက်လာတယ်။

``မစိုး.. မတွေ့တာ ကြာလှပေါ့.. ရပ်ကွက်ပြောင်းသွားပြီကတည်းက ပေါ်မလာဇာတ်ကား ရိုက်နေတာ``

``ဟုတ်တယ်.. မအားဘူး.. အမေလည်း တရှောင်ရှောင်ဖြစ်နေလို့.. ဒါနဲ့ နင့်အမေရော နေကောင်းလား.. ဘိုးတော်နဲ့ရော အခြေအနေက..``

``ခွာလန်သွားပြီ.. အတိအလင်း ရုံးမှာ ကွာရှင်းလိုက်တယ်.. ဒီလိုပဲ ကောင်းပါတယ်.. အဖေနဲ့ အမေကမှ မျက်နှာချင်းဆိုင်မရနေတာကိုး``

``နင့်အဖေကလည်းဟယ်… ဘာမှန်းလဲမသိဘူး.. ဒါနဲ့ နင့်လက်ကြီးကလည်း ဘာဖြစ်တာလဲ``

``ဘီးလဲထားတာလေ..  ရောင်နေတာ.. မပျောက်သေးဘူး``

``ဆေးခန်းလေးဘာလေး ပြဦးလေ.. ဒီလောက်ရောင်နေတာ… ပေါ့မနေနဲ့``

``အေးပါ.. မပြဖြစ်သေးပါဘူး..ပိုက်ဆံမရှိလို့``

``ငါကပဲ ထုတ်ပေးရမယ့်ပုံစံ.. ကဲ သွားပြီနော်.. နောက်မှဆုံမယ်…``

``ဟုတ်ပြီ.. စုလည်း ပစ္စည်းတွေသိမ်းလိုက်ဦးမယ်``

ကြားလိုက်ရတဲ့စကားတွေကြောင့် တော်တော်လေးကို ကသိကအောက်ဖြစ်သွားတယ်။ ဒါကမှ စုစုနိုင်ရဲ့ ဘဝအစစ်အမှန်တွေပေါ့။ သူများသနားတဲ့ ဘဝက ကျွတ်ချင်သူက အမှန်တကယ် သူများသနားအောင် လိုက်ပြော၊ ဆေးခန်းပြဖို့ ပိုက်ဆံကို ကျွန်မတို့ နှစ်ယောက်ဆီကအပြင် အခြားသူတွေဆီကလည်း ရနိုင်သေးတာပဲ။ စိတ်ထဲမှာ သူ့အပေါ်ထားမိတဲ့ နှစ်လိုမှုလေး ပျောက်ဆုံးသွားတာကို စုစုနိုင်က သိလိမ့်မည်မဟုတ်။ မျှော်လင့်ချက်ဆိုတာ.. စုစုနိုင်ရဲ့ မျှော်လင့်ချက်ဆိုတာကို သဘောပေါက်လာတယ်…။

မျှော်လင့်ချက်တိုင်းဟာ ဖြူစင်ရင် ကောင်းတယ်။ ဘဝမျှော်လင့်ချက် ရှိသူတိုင်းဟာ အပင်ပန်းခံကြရတယ်။ စုစုနိုင်ရဲ့ အရောင်တွေနဲ့ မျှော်လင့်ချက်ကတော့ သူများသနားအောင် ဟိုတစ်မျိုး၊ ဒီတစ်မျိုးပြောတာက မျှော်လင့်ချက် အစစ်မှ မဟုတ်ပဲ။

ကျွန်မ တွေးရင်းနဲ့ ခေါင်းတွေတောင်  ကိုက်လာသလို ရှုပ်ထွေးထွေး ခံစားလာရတယ်။ ကျွန်မသိတယ်။ ကျွန်မဦးနှောက်ထဲ နှလုံးသားထဲ ဒီကိစ္စကြီးက အကြာကြီးရှိနေဦးမယ်လို့။

သေချာပေါက်ကတော့ ကျွန်မခေါင်းထဲက ထုတ်ကိုထုတ်ပစ်နိုင်ရမယ်။

ဒါဟာ စုစုနိုင်နဲ့ ပတ်သတ်လို့ ကျွန်မရဲ့ နောက်ဆုံး ``မျှော်လင့်ချက်`` ပင်……………။

 

၉-၃-၂၀၁၀

ချောအိမာန်(မန္တလေး)

3 comments:

ချယ်ရီမြေ said...

ဒီဆောင်းပါးလေးဖတ်ပြီး တော်တော်အတွေးဝင်သွားတယ်။ တကယ့်အမှန်အကန် သနားစရာဘ၀သမားတွေ များစွာရှိသလို သနားတတ်တဲ့ စာနာတတ်တဲ့ မြန်မာတို့ရဲ့ဟာကွက်ကိုနင်းပြီး လမ်းလျောက်နေကြတဲ့သူတွေလဲ အများကြီးရှိပါလား...လို့ သဘောပေါက်မိသွားတယ်.. လိမ်ညှာမှုဘေး ကင်းဝေးပါစေဟု..

ချော(အစိမ်းရောင်လွင်ပြင်) said...

စုစုနိုင်လို သနားအောင် လှည့်ပတ်ပြောတတ်တဲ့ ကလေးမလေးတွေ အများကြီးရှိသေးတယ်
ကြုံဖူးတယ်
သနားလို့ ပိုက်ဆံပေးလိုက်ပေမဲ့
လိမ်ညာတာမှန်းသိသွားတော့ စိတ်ထဲက တစ်မျိုးဖြစ်သွားတယ်
ခု ဝတ္ထုလေးထဲကလိုပါဘဲ
စေတနာပျက်သွားတယ်လို့ ပြောရမယ်ထင်ပါတယ်နော်

မေသိမ့်သိမ့်ကျော် said...

ဒီလောက်ဆင်းရဲနေတာတောင် ထပ်လိမ်နေသေးတယ်။ ဒီလိုလူမျိုးတွေ ပိုပိုပြီးနစ်နေတာ မကြာခဏတွေ့ဖူးပါတယ်။ ကိုယ်ကစေတနာထားပေမယ့် အဲလိုတွေ ပြန်သိနေရတော့ စေတနာပျက် ပျက်သွားတတ်တယ်။ နောက်ဆုံးတော့ ကိုယ်တစ်ခုခု ပေးပြီး ၊ လှူပြီးရင် ချက်ချင်းမျက်နှာလွှဲပစ်တော့တာပဲ။ ချက်ချင်းသံယောဇဉ်ဖြတ်ပဲ။

ခင်တဲ့