Wednesday, June 29, 2011

ကွန်ဒိုအိပ်မက်

5990655.jpg

ကျွန်မရင်တွေ တုန်သွားပါတယ်။ ခုနကပဲ ကျွန်မ ခြေတောက်ပေါ်ကို ပိုးဟပ်တစ်ကောင် သူ့လက်သည်းတွေနဲ့ ကုတ်ခြစ်ဖြတ်ပြေးသွားလို့ပါ။
ကျွန်မက ပိုးဟပ်လို့ စိတ်ခံစားမှုက သိသိချင်း ခြေတောက်တွေ လေပေါ်မြောက်အောင် ခုန်လိုက်မိတယ်။ သေချာတာက ဒီအခန်းလေးထဲမှာ ပိုးဟပ်ရှိနေလို့တော့ အိပ်ပျော်မှာမဟုတ်။ ဒါကြောင့် နှိမ်နှင်းပစ်ရဦးမည်။
ပြတင်းပေါက်လေးတစ်ပေါက် အကာအရံမရှိ တွန်းဖွင့်လိုက်တယ်။ အခန်းလေးက ကျဉ်းလွန်းတယ်။ ဒါပေမဲ့… မတက်နိုင် ကျောချစရာ နေရာလေး တစ်နေရာရှိရင်ပဲ တော်ပါပြီ။
သစ်သားခုတင်ဟောင်းလေး အောက်ကို ပါသမျှ ပစ္စည်းတွေ ထိုးထည့်လိုက်တယ်။ ခုတင်အောက်မှာလည်း ဖုန်က လက်တစ်ဆစ်စာလောက် ရှိတယ်။ အိမ်ရှင်အစ်မကြီးက တံမြက်စည်းနဲ့ ဂေါ်ပြား ပေးသွားတယ်။ ဒါကိုပဲ ကျေးဇူးတင်ရမလိုပါပဲ။ 
အပြုံးအရယ်မရှိ စကားပြောတာက  တိုပြတ်ပြတ် ခပ်ဝဝခန္ဓာကိုယ်မှာ အဆီများက ခါး၊ တင်၊ မေးစေ့အောက်နဲ့ လက်မောင်းတစ်ဝိုက်မှာ နေရာအပြည့် ယူထားတယ်။ ကောင်မလေး… ရော့ အခန်းသော့ဆိုပြီး ပေးပြီးတာနဲ့  ထွက်သွားတယ်။
အခန်းထဲမှာ ဘာမှ မယ်မယ်ရရ မလုပ်ဖြစ်ပဲ ပြတင်းပေါက်နားမှာ ဦးတည်ပြီး ရပ်ကြည့်နေမိတယ်။
ပြတင်းပေါက်ရဲ့ တစ်ဖက်မှာ ခြံဟောင်းဖြစ်ပုံရပြီး အပင်ချုံနွယ်တွေ အုံ့အုံ့ဆိုင်းဆိုင်း ရှိနေတယ်လေ။ လေပေါက်ဆိုလို့ ဒီပြတင်းတစ်ပေါက်ပဲ ရှိတာမို့ လေကောင်းလေသန့်လေးရဖို့တော့ ကျွန်မ မျှော်လင့်မိတယ်။ 
အသက်ရှူကျပ်လောက်အောင် မွန်းကျပ်တဲ့ ဘဝမှာ အလကားရတဲ့ လေကိုတောင် ဝဝလင်လင် ရှူရှိုက်ဖို့ အခွင့်အရေးမရှိရင်… တွေးရင်းနဲ့ ကျွန်မ ဖျားချင်သွားတယ်။ 
လူမနေတဲ့ ဒီအခန်းကျဉ်းလေးကို အိမ်လခ တစ်သောင်းခွဲနဲ့ရဖို့ အိမ်ရှင်အမကြီးကို ငိုပြ၊ ထမင်းလေး ချက်စားဖို့ ခွင့်တောင်းရနဲ့ နောက်ဆုံး ညှိရင်းညှိရင်းနဲ့မှ ``အင်း`` တစ်လုံးနဲ့ အဆင်ပြေသွားတယ်။ 
အစက အိမ်လခကို တစ်သောင်းခုနစ်ထောင်ဆိုပြီး ဇွတ်တောင်းနေတာ။ နှစ်ထောင်လေးလျှော့ရင်လည်း ကျွန်မအတွက် ထမင်းဖိုးတော့ ရသေးတာပဲ။ 
ရေအိမ်က အနောက်ဘက်မှာဆိုတော့ အတော်သွားရဦးမယ်။ ထမင်းချက်ရင် အခန်းဘေး ထွက်ချက်တဲ့။ အမိုးတွေက မိုးလုံရဲ့လား။ နံရံက အုတ် အင်္ဂတေကတော့ လက်ညှိုးနဲ့ တောက်လိုက်ရင်ကို ကြွေကျချင်ချင်။ 
မညီမညာ သစ်သားခုတင်အောက်က အစွန်းတွေထွက်နေတဲ့ ဂျပ်စက္ကူ အပြားတွေကို ညီအောင် ထိုးထည့်လိုက်တယ်။ ခုတင်အောက်မှာရှိတဲ့ လက်တစ်ဆစ်ခန့် ဖုန်တွေကို အမြန်လှဲလိုက်တယ်။ 
စားပွဲဟောင်းလေးတစ်လုံးပေါ်ကို ကျောက်ပြင်၊ သနပ်ခါးတုံး၊ မှန်သေးသေးတစ်ချပ် တင်ထားလိုက်တယ်။
ပြတင်းပေါက်က လေအဝှေ့မှာ ဆံပင်တွေနဲ့အတူ အတွေးစတချို့ ရုတ်တရက်လွင့်မျောသွားစေတယ်။ 

************

ညီမလေး… ဒီတိုက်ခန်းက ညီမလေး နေလို့ရတယ်.. ဘာမှ အားနာစရာ မလိုဘူး။ အစ်ကိုကြီးပိုင်တဲ့ တိုက်ခန်းပဲ။ တစ်နှစ်လောက်ရှိပြီ၊ ဝယ်ထားပြီးကတည်းက ပိတ်ထားတာ။ အထဲကို လိုက်ကြည့်လိုက် ရေချိုးခန်း၊ အိမ်သာ၊ မီးဖို၊ အိပ်ခန်း၊ ဧည့်ခန်း…။ ရှယ်တွေချည်းနော်။ ဘာမှ ထပ်ဝယ်စရာမလိုဘူး။ အဲကွန်းလည်း ရှိတယ်။ သုံးထပ်မြောက်ဆိုတော့ လေကောင်းလေသန့်လည်း ရတယ်။
သုံးထပ်မြောက်က အခန်းဆီရောက်ဖို့ စတီးဝရန်တာလေးကို ပတ်တက်ရတယ်။ အခန်းတံခါးသော့ဘုလေးအဖွင့်မှာ အခန်းထဲမှာ ကြွေပြားရောင်တွေ လက်နေတယ်။ အခန်းမီး ထွန်းလိုက်တော့ ခင်းထားတဲ့ ပါကေးရောင်တွေ ဖိတ်ဖိတ်တောက်နေတယ်။ ဖုန်တစ်စက် မရှိသလို၊ နံရံကပ်ဗီရို၊ တီဗီစင်၊ ကက်ဆက်၊ ဆောင်းဘောက်စ်တွေ…၊ အခန်းထဲမှာ လိုတာမရှိ။ မီးဖိုနဲ့ ထမင်းစားခန်းက တွဲလျက်။ အိပ်ခန်းဆိုတာ စိတ်ကူးယဉ်အိပ်မက်တွေထဲကအတိုင်း သန့်ပြန့်နေတယ်။ အနောက်ဘက် ဝရန်တာလေးမှာလည်း လေလေး တဖြူးဖြူးနဲ့။ အဝတ်လှန်းဖို့ နေရာလေးလည်း ရှိတယ်။ 
ရင်ထဲမှာ လှိုက်တက်လာတာ ဝမ်းနည်းခြင်း၊ နောက်ဆက်တွဲ ကျွန်မရဲ့ မာန…။ ဒီလိုအခန်းတွေမှာ နေရဖို့ ဘယ်လောက်ရူးသွပ်ခဲ့သလဲဆိုတာ ကိုယ်တိုင်အသိဆုံး။ ကျွန်မ နေရေးထိုင်ရေးဟာ ကျွန်မဘဝနဲ့ တိုက်ရိုက်သက်ဆိုင်နေတယ်။ ဒီတိုက်ခန်းနဲ့ ကျွန်မဘဝကို လဲပစ်ဖို့အထိတော့ သတ္တိမရှိနိုင်။ လုံခြုံမှု ရှိမနေဘူးလို့ ခံစားရတဲ့ ဒီအခန်းထဲမှာ လူကြီးသော့ကို လက်ခံလိုက်လည်း သူ့မှာနောက်ထပ် သော့ပိုတစ်ချောင်းတော့ ရှိဦးမှာပဲ။ ဒါကြောင့် ကျွန်မကို နေခွင့်ပေးတဲ့ ဒီတိုက်ခန်းမှာ လိပ်ပြာလုံစွာ မနေနိုင်ဘူး။ တကယ်တော့ အပေါ်ယံတွေးရင် ဖျပ်ဖျပ်လူး သဘောကျချင်စရာကောင်း၊ နေချင်စရာကောင်းတဲ့ အဆင်တန်ဆာတွေပါပဲ။ ဒီလိုနေခွင့်ရဖို့နဲ့ ခံစားမှုမျိုးကို ကြိုးစားရင်တောင်မှ ကျွန်မအနေနဲ့ နောင်နှစ်နှစ်ဆယ် မသေချာဘူး။
``ကျွန်မ မနေဘူး… ကျွန်မဘာသာ နေစရာရှာပါ့မယ်`` လို့ ပြောလိုက်တာကို လူကြီးက အံ့သြဖွယ်ရာ ပုံပြင်တစ်ပုဒ် ကြားလိုက်ရသလို။ မယုံနိုင်စရာ မျက်လုံးတွေနဲ့ ခပ်ပြူးပြူးကြီး ကျွန်မကို စိုက်ကြည်တယ်။ 
``ဘာဖြစ်လို့လဲ… ဘာဖြစ်လို့လဲ`` ဆိုတဲ့ မေးခွန်းကို အထပ်ထပ်မေးရင်း….
``အခန်းငှားခကို ညီမလေး အဆင်ပြေမှ ပေးပါ`` လို့ ထပ်ပြောတယ်။ 
အဲဒီအခန်းကို ကျွန်မ ဆက်မကြည့်တော့ပါ။ ကျွန်မအနေနဲ့ နေစရာ လေးတစ်နေရာတော့ ရအောင်ရှာနိုင်မှာပါ။ ကျွန်မကို ပြောတုန်းက ဒီလို သားနားတဲ့ ကွန်ဒိုတိုက်ခန်းကြီးလို့ မထင်ခဲ့။ သူ့မှာ အခန်းလွတ်လေးတစ်ခုရှိတယ်ဆိုလို့…၊ အခန်းခကိုလည်း လျှော့ပေးမယ်၊ ကူညီပေးမယ်ဆိုလို့…။ ကျွန်မက သင့်တင့်တဲ့အခန်းတစ်ခန်းလို့ အောက်မေ့ခဲ့တာ။ ဒီလို မိသားစုလိုက်တောင် နေလို့ရမယ့် အဆင်တန်ဆာအပြည့်နဲ့ ကွန်ဒိုတိုက်ခန်းရောက်မှ လူကြီး သဘောထားတွေကို ပိုသိလာရတယ်။
ကျွန်မရဲ့ ငြင်းပယ်မှုကြောင့် လူကြီးရဲ့မျက်နှာ ရဲတွတ်သွားတယ်။ သူ့မှာ ဒီလိုဝယ်ထားတဲ့ တိုက်ခန်းတတွေ အများကြီးရှိတယ်ဆိုတာ ကြားဖူးတယ်။ သူဟာ ကျွန်မတို့အလုပ်ရဲ့ ကုမ္ပဏီရှယ်ယာဝင်တစ်ယောက်။ ကျွန်မရဲ့ မပြေလည်မှုကိုသိတဲ့ သူက သူ့မှာ အခန်းလွတ်လေးတစ်ခုရှိတယ် လိုက်ကြည့်ပါလားဆိုလို့…။ ကျွန်မကတော့ စိတ်ထဲမှာ သူ့ကို လူကြီးလို့ပဲ ခေါ်တယ်။ သူ့ကိုယ်သူတော့ အကိုကြီးတဲ့။
ကျွန်မ သူ့အခန်းကို လက်မခံလိုက်တဲ့နေ့ကစပြီး ကုမ္ပဏီကိုလာရင် ကျွန်မကို မမြင်ချင်ဟန်ဆောင်သလို၊ စကားကိုလည်း အရင်လို ဟက်ဟက်ပက်ပက် မပြောတော့ဘူး။ အစည်းအဝေးတွေမှာလည်း ကျွန်မ Report တွေဆိုရင် သဘောမတူညီမှု၊ ငြင်းပယ်မှုတွေ များလာတယ်။ အရင်တုန်းကဆိုရင် ကျွန်မ ဆန္ဒကို သူက အရင်ဆုံး ထောက်ခံတာ။ မတက်နိုင်ဘူးလေ…၊ ကျွန်မဘဝကိုမှ အစွန်းမထင်းခံနိုင်တာ။ 
လောကမှာခံယူချက်အမျိုးမျိုး၊ စိတ်ဓာတ်အမျိုးမျိုးနဲ့။ နဂိုကမှ လူကြီးမိန်းမက ကုမ္ပဏီကိုလာတိုင်း ကျွန်မကို တစေ့တစောင်း ကြည့်နေတက်တာ။ သူ့ယောက်ျားက ခပ်ရှုပ်ရှုပ်ဆိုတော့ နီးစပ်ရာမိန်းကလေးဆိုရင် ယုံထင်ကြောင်ထင် အမြဲသံသယအကြည့်တွေနဲ့ ဖိတ်ဖိတ်လက်နေတာ။ လူကြီးကလည်း မိန်းမရှေ့ဆို မခုတ်တက်တဲ့ကြောင်လို စကားပင် ပီပီသသမထွက်ဘူး။ ကွယ်ရာကျ ကဲချင်တိုင်းကဲနေတာ။ ရုံးသုံးပေးထားတဲ့ Hand Phone လေးထဲ မကြာခဏ ဘာမဟုတ် ညာမဟုတ် Message တွေ ရောက်ကတည်းက လူကြီးကို အလုပ် ကိစ္စကလွဲပြီး အရောမဝင်ခဲ့ဘူး။ ဒါပေမဲ့ ကုမ္ပဏီတစ်ခုတည်း ဖြစ်နေတတဲ့အတွက် သိပ်မလွတ်ချင်ဘူး။
ကျွန်မနေတဲ့ နေရာလေးက လပြည့်သွားလို့ မငှားတော့ဘူး၊ ရောင်းတော့မှာဆိုတော့ ကျွန်မအတွက် အခက်တွေ့သွားတယ်။ ချက်ချင်းဆိုတော့ အခန်းရှာဖို့ကလည်း သိပ်မလွယ်။ ကျွန်မရတဲ့ လစာလေးက သင့်လျော်ပေမယ့် နယ်က အမေနဲ့ မောင်နှမသုံးယောက်အတွက် အလုံးအရင်းပို့ရတာမို့ ဘယ်လိုမှ မလောက်ငဘူး။ ကျောင်းသား ကျောင်းသူတွေပဲ ရှိသေးတဲ့ သူတို့တွေကို ကျွန်မက ဘာအပူအပင်မှမရှိပဲ ပညာသင်စေချင်တယ်။ ဒါကြောင့် ကျွန်မအတွက် နေစရာဟာ ကျုံ့သထက်ကျုံ့လာတယ်။ ကျွန်မ လူကြီးတိုက်ခန်းကို ခဏဖြစ်ဖြစ် မျက်စိမှိတ်နေလိုက်ရင် ဘာဖြစ်လာမလဲ…။ သေချာတာကတော့ ကြီးမားတဲ့ နောက်ဆက်တွဲပြဿနာတွေ ပါလာမှာပဲ။
ဒီလိုနဲ့ ဆင်ခြေဖုန်းရပ်ကွက်လေးမှာ လူမနေတဲ့ အခန်းလေး ငှားရန်ရှိသည်ဆိုတဲ့ ဆိုင်းဘုတ်လေးကြောင့် ဝင်မေးရင်း ငှားဖြစ်သွားတယ်။ အိမ်ရှင် အစ်မကြီးကလည်း ငွေလိုလို့ထင်ပါရဲ့ ။ ဆိုင်းဘုတ်လေး တင်ပြီးပြီးချင်း ကျွန်မရောက်လာခဲ့တာ။ တကယ်တမ်းဆို သူ့အခန်းလေးကို ဘယ်သူမှ စိတ်ဝင်စားမှာ မဟုတ်ပါ။ ခုတော့ ဆက်ရက်တောင်ပံကျိုးနဲ့ ကြောင်ခံတွင်းပျက်ပေါ့။ ရေကန်အသင့် ကြာအသင့် မဟုတ်တာတော့ သေချာတယ်။ ဒါပေမဲ့ လူကြီးတိုက်ခန်းထက်စာရင် စိတ်ထဲမှာ ဒီအခန်းကျဉ်းလေးက ကိုယ့်အတွက် လုံခြုံမှုရှိနေတယ်လို့ ခံစားရတယ်။ လူကြီး ကွန်ဒိုတိုက်ခန်းကို လိုက်ကြည့်တုန်းက ရင်ထဲမှာ အမည်မဲ့ဝေဒနာတစ်ခု ကျပ်သိပ်စွာ နေရာယူထားသလို မောဟိုက်သွားစေတယ်။ 
တကယ်တော့ လိုအပ်တာထက် ပိုကောင်းနေတဲ့သဘောကို စိတ်ထဲက အလိုလိုသိပြီးဖြစ်နေတယ်။ အိမ်ခန်းလစာကိုလည်း ပေးချင်ပေး၊ မပေးချင်နေ သဘောဖြစ်ပြီး လူကြီးကတော့တံခါးမရှိ ဓားမရှိ ဝင်ထွက်နေမယ့်ပုံ။
**************

ကျွန်မပစ္စည်းတွေ နေသားတကျဖြစ်ပြီးသွားချိန် အခန်းလေးလည်း အတော်သင့် သန့်ရှင်းသွားပြီဆိုတော့ စိတ်ထဲမှာလည်း အနည်းအကျဉ်း သန့်သွားတယ်။ ခုတင်အောက်က ပိုးဟပ်အသေတွေကို သေချာယူပြီး အမှိုက်ပုံးထဲပစ်ရတယ်။ အိပ်ရာလည်း ခင်းပြီးသွားချိန်မှာခုတင်ပေါ် တစ်ချက်တော့ ပက်လက်လှန်အိပ်လိုက်တယ်။ မျက်နှာကြက်အပိုးပေါ်က သတိမထားမိတဲ့ ပင့်ကူမျှင်အိမ်တစ်ခု သူ့အိမ်ကနေ အမျှင်တန်းတစ်ခုနဲ့ ဘုတ်ခနဲ ကျွန်မမျက်နှာနားကျလာတယ်။ မျက်နှာနဲ့ လက်ငါးလုံးအကွာလောက်မှာရပ်တန့်သွားတယ်။ ပင့်ကူအကောင်လေးက ရက်ကန်ရက်ကန်နဲ့။ ထပြီး သူ့ရဲ့ ပင့်ကူအိမ်ကို တုတ်နဲ့ လှမ်းရိုက်မယ်အလုပ် ကျွန်မလက်တွေ ရုတ်တရာက် ရပ်တန့်သွားတယ်။ ပင့်ကူလေးက သူကျနေတဲ့ ပိုးမျှင်တန်းကနေ အပေါ် သူ့အိမ်ရောက်အောင် တက်သွားတယ်။ ရှိပါစေတော့ ပိုးမျှင်အိမ်တစ်ခုကြောင့် ကျွန်မအခန်းလေးဟာ ပိုပြီး ညစ်ပတ်မသွားနိုင်ပေမယ့် ကျွန်မဖျက်လိုက်ရင် သူဟာသူနေဖို့အတွက် ပိုးမျှင်တွေ ထုတ်ရင်း အိမ်ထပ်ဖွဲ့ရဦးမယ်။ ကျွန်မတောင် နေစရာလေးတစ်နေရာကို ရအောင် ဒီလောက်ရှာဖွေရရင် သူတို့လို တိရစ္ဆာန်တွေမှာလည်း အိမ်ဖွဲ့ဖို့ ခွန်အားတွေ ဘယ်လောက်များ ကုန်ဆုံးသွာမလဲ။ ဒီလိုအတွေးနဲ့ ကျွန်မလက်ထဲက တုတ်ကို ပြန်ချထားလိုက်မိတယ်။ 
***********

ဆန့်ကျင်ဘက် စက်ဝိုင်းနှစ်ခုဟာ လည်ပတ်တာချင်း တူရင်တောင် ပတ်တဲ့နှုန်းချင်း မတူညီဘူးဆိုတာကို တဖြည်းဖြည်း သတိထားမိလာတယ်။ ရလဒ်မတူသလို၊ အခြေအနေလည်း တူမှာမဟုတ်ပါ။ 
သူမကို ကြ့ည့်ရတာ ထူးခြားနေတယ်။ သူမဆိုတာ ကျွန်မတို့ ကုမ္မဏီကပါပဲ။ စာရင်းကိုင်တစ်ယောက်။  သူ့မနာမည်က မခင်သက်ပိုင်..။ ကျွန်မနဲ့ ကုမ္ပဏီတစ်ခုတည်းမှာအလုပ်လုပ်ကြသူ အချင်းချင်းဆိုတော့ မြွေမြွေချင်း ခြေခြေချင်းကို မြင်နေကြတာ သဘာဝပါ။ သူမ အသွင်အပြင်တွေ ပြောင်းလဲလာပြီး လက်ကိုင်အိတ်၊ ဖိနပ်၊ အဝတ်အစားတွေက တောက်ပြောင်လာသလို၊ သူမ လေသံတွေပါ ပြောင်းလဲသွားတာကို သတိထားမိလိုက်တယ်။ ဒီတစ်ပတ်ထဲမှာရွှေတွဲလွဲတွေ ဖြစ်လာတဲ့ သူမ…။ သူမရဲ့ လည်ပင်းက ကြိုးတစ်ကုံးက ကျွန်မအတွက်ကတော့ သံသယ ဖြစ်စရာပါပဲ။ ပိုပိုကြွားကြွားလေး ပြောတက်တဲ့ သူမ အနေအထားတွေကြောင့် တစ်ပတ်အတွင်းမှာသူမ ခြေလှမ်းတွေ အတော်ပင် ပျက်ယွင်းပြေီဆိုတာကို ရိပ်မိလိုက်တယ်။ 
သူမ အဆောင်ကနေ ပြောင်းလိုက်ပြီဆိုကတည်းက နေရာကို တိတိကျကျမပြောပဲ ဝေ့လည်ကြောင်ပတ် လုပ်နေတယ်။ နောက်တော့ သူမ သိပ်ပြောချင်လျက်နဲ့ ဖုံးအုပ်ထားတဲ့ စကားတွေထဲကနေ ကွန်ဒို…ကွန်ဒို ဆိုတဲ့ စကားလုံး ပါပါလာတယ်။ ပြောချင်လျက် လက်တို့ ဆိုတာလို သူမဘော်ဒါတစ်ယောက်ကို တော့ ဖောက်သည်ချ ပြောလိုက်တာမို့ ဒီသတင်းက ကုမ္ပဏီထဲမှာ တိုးတိုးနဲ့ ပျံ့နှံ့သွားတယ်။ သူမက လူကြီးရဲ့ ကွန်ဒိုတိုက်ခန်းမှာ နေတာတဲ့။ သူမအတွက် သိပ်ကိုအဆင်ပြေပြီး သဘောကျစရာ နေရာတစ်ခုမို့  ချက်ချင်းပဲ ပြောင်းလိုက်တယ်တဲ့။ လူကြီးက သူမကို လျှို့လျှို့ဝှက်ဝှက် ဂရုစိုက်လှကြောင်း၊ ကြင်နာကြောင်း စသဖြင့်ပေါ့..။ ခုလောက်ဆိုရင်သူမဘဝဟာ မသန့်စင်နိုင်တော့ဘူးပေါ့လို့ တွေးမိရင်း သက်ပြင်းချလိုက်မိတယ်။ လူကြီးကလည်း တက်လည်းတက်နိုင်ပါတယ်။ သူမကရော…။ အားလုံးဟာ အကြောင်းတရားကိုယ်စီမို့ ဆက်မတွေးတော့ပါ။ 
ဒီကိစ္စဟာ ကိုယ်နဲ့လည်း မဆိုင်၊ သူမကိုယ်တိုင် ကျေနပ်ကြည်ဖြူနေတာ ဘာတက်နိုင်မှာလဲ။ နောက်ဆိုရင် ရာထူးနိမ့်တဲ့ သူမဟာ ကျွန်မကိုတောင် ပခုံးချင်းယှဉ်လာနိုင်တယ်။ အရင်က သက်သက်လွတ်ပဲပါတဲ့ သူ့ထမင်းချိုင့်ဟာ လူကြီးက သူမစားပွဲနား ရောက်ရောက်သွားတက်တယ်။ သူမစကားတွေထဲမှာလူကြီးအကြောင်းက နေရာယူ စိုးမိုးလာပြီ။ 
အရပ်အနည်းငယ်ပုပြီး အသားဖြူတဲ့ အသက်လေးဆယ်ရှစ်နှစ် လူကြီးကို သူမက သန့်တယ်။ ခန့်တယ်လို့ မှတ်ချက်ချတယ်။ ယောက်ျားပီသတဲ့ မျက်ခုံးနက်နက်ထူထူ မရှိတာကလွဲရင် အတော်ကြည့်ကောင်းတယ်တဲ့။ လူကြီးနားက ရေမွှေးမဟုတ်ပဲ Pond ပေါင်ဒါနဲ့သင်းသင်း ရနေတာကို သဘောကျကြောင်း၊ လူကြီး လက်ညှိုးကလက်သူကြွယ်ထက် သိသိသာသာရှည်လို့ ခုလို လူကြီးတစ်ယောက်နေရာမှာ managing ရာထူးရှိကြောင်း မကွယ်မဝှက် ပြောလာတက်ပြီ။ လူကြီးရဲ့ အမျိုးသမီးတောင် သူမလောက် သိပါ့မလား။ အရင် ခုလောက် ရဲတင်းပွင့်လင်း သွက်လက်မှုမရှိတဲ့ သူမဟာ ခုတော့ ကျွန်မအတွက် တကယ်ကို အဆန်းအပြား ဖြစ်နေရတယ်။ 
သူမရဲ့ လက်ရှိရည်းစားဟာ သဘောင်္သားတစ်ယောက်ဆိုတာ အားလုံး သိထားပြီးသား ။ သူ့ချစ်သူ သဘောင်္သား ပြန်လာလို့ သူ့ချစ်သူနေတဲ့ တိုက်ခန်းလေးဆီ သွားတဲ့အခါ ကျွန်မတောင် တစ်ခေါက် အဖော်လိုက်ပေးခဲ့ရဖူးတယ်။ ခုမှ သူ့ချစ်သူ သဘောင်္တက်တာ နှစ်လပင် မပြည့်လောက်သေး။ သဘောင်္သား သူ့ချစ်သူက မိဘတွေရဲ့ အရိပ်မှာနေပြီး မိဘစကား နားထောင်တဲ့ ယဉ်ကျေးသူ တစ်ယောက်လို့ သတိထားမိတယ်။ တစ်နေ့ကျရင် လက်ထပ်မယ်လို့ ကတိပေးပြီး သူ့ဘက်က ငွေစုနေကြောင်းလည်း ပြောပြဖူးတယ်။ ဒါကို ဘာဖြစ်လို့ သူမက သစ္စာမရှိရတာလဲ။ ခုလို လူကြီးပေးနေတဲ့ တိုက်ခန်းမှာ နေတယ်ဆိုတာ သိရင် ဘယ်ချစ်သူကမှ ခွင့်လွှတ်နားလည်မှာ မဟုတ်။
သူမနှုတ်က ရက်ဆက်ဆိုသလို သူ့ရည်းစားအကြောင်း လျော့နည်းစပြုလာပြီး တေဇ လို့ ခေါ်တဲ့ သူ့ရည်းစားဟာ အလွန်ကပ်စေနှဲကြောင်း၊ သူ့အိမ်သူပဲ သိတက်ကြောင်း၊ ချစ်သူတစ်ယောက်ကို ချစ်တယ်ပြောရုံနဲ့ အရာရာ မပြီးစီးနိုင်ကြောင်းပြောပြီး လူကြီးကတော့ အထီးကျန် ခဲမှန်နေသလို အမျိုးသမီး.က ဂရုမစိုက်လို့၊ လင်ယောက်ျားကို မကြင်နာလို့ သနားစဖွယ် ဘယ်လောက် မြည်တမ်းထားသလဲမသိ လူကြီးကို သူမက သိသိသာသာ အသနားပိုလို့နေတယ်။ 
ဒီလိုပါပဲ သူလိုချင်တာရဖို့ စည်းရုံးရေးဆင်းနေတယ်ဆိုတာ အသိသာချည်းပဲ။ သူမဟာ နောက်ပိုင်း ပတ်ဝန်းကျင်ရဲ့ ရိုက်ခတ်မှုကို ဥပေက္ခာပြု၊ ဂရုမစိုက်တာ ဘာမှမဖြစ်ပေမယ့် လူကြီး မိသားစုကိုတော့ သူမ ဂရုစိုက်ရလိမ့်မယ်..။
တချို့က သူမကို ပြောပြပေမယ့် နားမဝင်တော့ပေ။ ကုမ္ပဏီမှာ လူကြီးကိုတွေ့တိုင်း ကျွန်မစိတ်ထဲ မုန်းလာတယ်။ ချဉ်လာတယ်။ စိတ်ထဲမှာ တစ်ခုခုကို ကြိုသိနေသလို ဘာမှန်း မရေမရာဖြစ်နေဆဲမှာပဲ သူမ အလုပ်ထွက်စာ တင်လာတယ်။ အားလုံးက အံ့အားသင့်သွားတယ်။ ကျွန်မနဲ့ အဖော်နှစ်ယောက်ပဲ သိတဲ့ သူမနေတဲ့ သုံးထပ်မြောက် ကွန်ဒိုတိုက်ခန်းဆီ လိုက်သွားကြတယ်။ အခန်းတံခါးပိတ်ထားပြီး အခန်းအပြင်မှာ ပစ္စည်းတွေ ပွစာကျဲနေတာကို တွေ့ရတယ်။ ပတ်ဝန်းကျင်ကို မေးကြည့်တော့ ခပ်ပြည့်ပြည့် အမျိုးသမီးတစ်ယောက်က အထဲက မိန်းကလေးကို နှင်ထုတ်ပြီး အိမ်အပြင် ပစ္စည်းတွေ လွှင့်ပစ်ခဲ့တယ်တဲ့။ အိမ်ထဲမှာလည်း နှစ်ယောက် စကားများကြတယ်။ ရိုက်တဲ့ အသံတွေလည်း ကြားရကြောင်းပြောတော့ သူမအတွက်စိတ်မကောင်း။ ဒါဆို  လူကြီးကရော ဘာလုပ်နေလဲ။ ခုလို မသိသလိုနေတာပဲလား။ အမျိုးသမီးက ပစ္စည်းတွေလည်း ထုတ်ပြီးရော သော့ကို အပြီးခတ်သွားကြော်ငး ပြောပြတယ်။ ဒါဆို သူမ ဘယ်ရောက်နေပြီလဲ။ ဘယ်မှလည်း ရှာမရခဲ့။ 
လူကြီးကတော့ ရုံးမှာဘာအလုပ်မှ သေချာမလုပ်နိုင်ပဲ ဟိုလိုလို ဒီလိုလိုနဲ့။ လူကြီးအမျိုးသမီးက အမြဲဖုန်းဆက်ပြီး သူ့ယောက်ျား ရုံးမှာရှိမရှိ စစ်ဆေးနေတယ်။ လူကြီးကြည့်ရတာလည်း ငြိမ်ကုတ်နေတယ်။ သူမရဲ့ အလုပ်ထွက်စာကို လူကြီး စားပွဲပေါ် တင်ပေးလိုက်တယ်။ သိသိကြီးနဲ့ ခံရခက်တဲ့ ဝေဒနာတစ်ခုလိုပဲ။ လူကြီးက မျက်လုံးပင့်ကြည့်မှာ ကျွန်မ မျက်လုံးတွေကလည်း တိုက်ရိုက်စကားတွေ ပြောနေမိတယ်ထင်ပါတယ်။ ဘာလို့ အလုပ်ထွက်တာလဲ ဆိုတဲ့ မေးခွန်းကို လူကြီး ဘာလို့ မမေးခဲ့တာလဲ….။
ဒါကြောင့် ကျွန်မ အရဲစွန့်ပြီး ပြောချင်စိတ်တွေ ပေါ်လာတယ်။ လူကြီးကို အမြင်ကပ်လို့ ။ 
``မခင်သက်ပိုင်ရဲ့ အလုပ်ထွက်စာပါ… သူ ဘာကြောင့် အလုပ်ထွက်စာ တင်တာလဲ မသိဘူး…``
``အသုံးမကျလို့ပေါ့.. ငွေစာရင်းတွေ ကွာလို့…``
အသံအတက်အကျမရှိ ပြောင်းလဲမြန်ဆန်လွန်းတဲ့ စကားသံကြားမှာ ကျွန်မ ခေတ္တသေဆုံးသွားသလို ခံစားလိုက်ရတယ်။ ဒီကုမ္ပဏီမှာ မခင်သက်ပိုင်လောက် ငွေစာရင်းကို တိတိကျကျလုပ်တာ မရှိဘူး။ စာရင်းကိုင်နေရာကို ယုံကြည်လို့ လွှဲအပ်ခံထားရပြီး လုပ်သက်လည်း ရှိတဲ့သူ။ ခုတော့ လူကြီးရဲ့ တန်ဖိုးဖြတ်မှုအောက်မှာ ဘာနဲ့မှ အစားထိုးလို့မရနိုင်တော့….။ 
ကျွန်မလည်း တစ်ချိန်က လူကြီးရဲ့ ကွန်ဒိုတိုက်ခန်းကို မက်ကက်စက်စက်သဘောကျခဲ့ရင် ခုလို `` အသုံးမကျလို့ပေါ့`` ဆိုတဲ့ စကားနဲ့ ဇာတ်သိမ်းပေးဦးမှာပဲလား။ ``ကွန်ဒို`` တိုက်ခန်းအိပ်မက် ရှိကြတဲ့ မိန်းကလေးတိုင်း သင်ခန်းစာပေါ့။
ကျွန်မ လူကြီးမျက်နှာကို သေသေချာချာစိုက်ကြည့်လိုက်တယ်။ လူကြီး မျက်ဝန်းတွေ သိသိသာသာရှု့သွားတယ်။ 
``ခုချိန်မှာ မခင်သက်ပိုင်ဟာ တစ်ချိန်တုန်းက ကျွန်မလိုပဲ ကျောခင်းစရာ နေရာလေးတစ်နေရာအတွက် ပြင်းပြင်းထန်ထန် ရှာဖွေနေမှာပါ… သူ ခုနေတဲ့ ကွန်ဒိုတိုက်ခန်းရှေ့မှာ သူ့ပစ္စည်းတွေ ပွစာကျဲနေပါတယ်.. အဲဒါတွေကို ကူညီသိမ်းပေးဖို့ ဒီနေ့ ကျွန်မကို ရုံးကစောစောဆင်းခွင့်ပြုပါ``
ကျွန်မ လှည်ထွက်လာခဲ့တဲ့ ကျောပြင်ကို လူကြီးဘယ်လို မျက်လုံးတွေနဲ့ လိုက်ကြည့်နေမလဲဆိုတာ ဂရုမစိုက်တော့။ ကျွန်မရဲ့ မမြင့်လှတဲ့ ဒေါက်ဖိနပ်သံဟာ ဒီနေ့မှ ပိုကျယ်နေသယောင် ထင်မိတယ်….။

၂၄-၉-၂၀၁၀
ချောအိမာန်(မန္တလေး)