Saturday, May 21, 2011

ကွမ်းစားသမီး

5695741.gif





















ဖေဖေက အခန်းတံခါးပေါက်ဝကနေ မှန်တံခါးလေးကို နှစ်ချက်လောက် ခေါက်ပြီး လက်ယပ်ခေါ်လိုက်တာမို့ အခန်းအပြင် ဘက်က  ဖေ့ဖေ့အနားကို ချက်ချင်းရောက်သွား ခဲ့တယ်။
ဖေဖေက ခံတွင်းထဲက ကြေညက်ပြီးသား ကွမ်းဖတ်တွေကို လက်နဲ့ခံပြီး သမီးပါးစပ်ထဲကို ထည့်ပေးတယ်။ ဖေ့ဖေ့ လက်ထဲက ကွမ်းဖတ်တွေကို တစ်ဖတ်မှ မကျန်အောင် ပါးစပ်ကြီးဟပြီး ယူဝါးလိုက်တယ်။
ပြီးတော့ ဖေဖေကလည်း တစ်ခစ်ခစ်… သမီးကလည်း တစ်ခစ်ခစ်…။
ဖေဖေ့ခံတွင်းထဲက အန္တရာယ်ဖြစ်စေမယ့် ကွမ်းဝါးပြီးသားအရည်တစ်စက်မှမပါဘဲ မှုန့်မှုန့်ညက်ညက်ကွမ်းဖတ်တွေကို သမီးပါးစပ်နဲ့ ဝါးလိုက်ရရင် အရသာရှိသလို နွေးနွေးထွေးထွေးလေးလည်းခံစားရတယ်။ အဲဒီခံစားမှုက ဘယ်လိုခံစားမှုမျိုးနဲ့မှ မတူတာမို့ သမီး သိပ်ကြိုက်ခဲ့တယ်။
ဒီလိုပြောရင် သမီးကို ပိုတယ်လို့ ထင်ကြမှာ။ ဖေဖေက သမီးငယ်ငယ် ကတည်းက ဒီလို အမြဲကျွေးနေကျ။ တစ်နေ့ကို သုံးကြိမ်လောက် ဖေဖေ့ရဲ့ ခံတွင်းကွမ်းကို စားရတယ်။
သိပ်အလုပ်များပြီး ထိုင်ရာက မထနိုင်တဲ့ရက်တွေဆို ဖေဖေ့ရဲ့ ခံတွင်းကွမ်းကို သတိရပေမယ့် ထမသွားနိုင်ဘူး။ ဒီလိုအချိန်ဆို ဖေဖေက အလိုက်တသိနဲ့ သမီးရဲ့ အလုပ်ခန်းတံခါးလေးကို လာခေါက်ပြီး ကျွေးတက်တယ်။ ဒါကြောင့် ဖေဖေ့ကို ချစ်တာ။
သမီးက အိမ်မှာပဲ ကွန်ပျူတာ စာစီစာရိုက်လုပ်တယ်။ အပ်သူများပြီး အလုပ်တွေရှုပ်လာရင် ကန်တော့ပါရဲ့နော် ရှူးပေါက်တောင် မသွားနိုင်ဘူး။
သမီး ခုလို ကွမ်းတွေစားစားပြီး ပါးစပ်တွေ၊ သွားတွေ နီနီနဲ့ ညစ်ပတ်သလို ဖြစ်နေတာကို မိတ်ဆွေ သူငယ်ချင်းတွေက ကြိုက်ပုံမရဘူး။ မိန်းကလေး ကွမ်းစားတာဆိုတော့ သိပ်တော့ မအပ်မစပ်ဘူးပေါ့။ အမြင်မကောင်းဘူးဆိုတာလည်း ကိုယ်တိုင်တော့ သိပါယတ။်
ဒါပေမဲ့ သမီးက လှတာ မလှတာ၊ မြင်ကောင်းတာ မကောင်းတာထက် ဖေဖေ့ခံတွင်းထဲက နွေးထွေးတဲ့ ကွမ်းဖတ်လေးတွေ သမီးပါးစပ်ထဲ ထည့်ဝါးလိုက်ရတဲ့အရသာကို ခံစားနှစ်သက်နေမိတာ။
သမီးက အလုပ်ခန်းထဲမှာ တစ်ယောက်ထည်း ငြိမ်ငြိမ်ကုပ်ကုပ်လေးလုပ်ရတာ။ ပြီးတော့ သမီးဆီ ဘယ်သူမှ သိပ်လာတာမဟုတ်တော့ သမီးဝါးတဲ့ ကွမ်းအနံ့တွေက ဘယ်သူ့ကိုမှ အနှောင့်အယှက်ပေးမိတာမျိုး မရှိခဲ့ဘူးပေါ့။
သူငယ်ချင်းတွေက သမီးပါးစပ်မြင်ရင် အံ့သြကြတယ်။ နှာခေါင်းရှုံ့သူတွေလည်း ရှိတာပေါ့။
မေမေကတော့ အိမ်ထဲကအိမ်ပြင် မထွက်ဘဲ အခန်းထဲမှာ တကုပ်ကုပ်နဲ့ အလုပ်လုပ်နေရတဲ့ သမီးကို ကွမ်းစားတာ မကြိုက်ပေမယ့် ဘာမှတော့ မပြောဘူး။
သမီးအသက်က ၂၇ နှစ်ရှိပြီ။ ရည်းစားလည်း တစ်ခါမှ မထားဖူးဘူးလို့ပြောရင် ယုံပါ့မလားတောင်မသိဘူး။
သမီးက လူတစ်မျိုး။ လူတွေအများကြီးနဲ့လည်း ရောရောထွေးထွေးမနေတက်ဘူး။ လူများရင် ပြဿနာရှုပ်၊ စကားရှုပ်တယ်။ သမီးက အေးအေးဆေးဆေးပဲ နေချင်တယ်။  တစ်ခါတလေ ပြဿနာတွေနဲ့ ခေါင်းရှုပ်မခံနိုင်လို့ လူတွေကိုဆက်ဆံရမှာကြောက်ပေမယ့် အလုပ်ကိစ္စနဲ့ ပတ်သက်လာတော့လည်း လိုက်လျောညီထွေ ဆက်ဆံရတာပေါ့။
အိမ်မှာက ဖေဖေ၊ မေမေ၊ မကြီးနဲ့ ကိုကို၊ ပြီးတော့ သမီးရဲ့ ချစ်ချစ်ခွေးကလေး၊ တီကို ဒါပဲရှိတာမို့ ကိုယ့်အလုပ်ကိစ္စနဲ့ကိုယ် အေးအေးဆေးဆေးပဲနေတက်ကြတယ်။
ခုတလော အိမ်ရှေ့မှာ နှင်းဆီပန်းလေးတွေ မကြာခဏ လာလာထားတက်တာ တွေ့ရတယ်။ ဘယ်သူတွေ လာထားမှန်းမသိပေမယ့် သမီးကတော့ ယူပြီး အိမ်ရှေ့စားပွဲက ပန်းအိုးလေးထဲမှာ ထိုးထားလိုက်တာပဲ။ ပန်တော့မပန်ဖြစ်ဘူး။ သမီးက မိန်းကလေးဆိုတော့  ပန်းကိုတော့ နှစ်သက်မိတာပေါ့။
တစ်နေ့ကတော့ စာတစ်စောင်နဲ့အတူ လှပတဲ့စက္ကူလေးနဲ့ ထုပ်ထားတဲ့ အထုပ်လေးကို တံခါးကြားမှာ  တွေ့လိုက်ရတယ်။ အံသြပြီး ဖွင့်ကြည့်လိုက်တော့ ကွမ်းယာထုပ်ကလေး ဖြစ်နေတယ်။ စာထဲမှာလည်း ကွမ်းကြိုက်တဲ့ ချစ်ရသူလေးအတွက်တဲ့။ ဘယ်လောက်စိတ်တိုဖို့ကောင်းလဲ။ ဒါ သက်သက်မဲ့ သမီးကို စော်ကားတာပဲ။ ပိုင်စိုးပိုင်နင်း ချစ်ရသူလေးတဲ့။ စိတ်တိုလွန်းလို့ အဲဒီကွမ်းထုပ်ကို အမှိုက်ပုံးထဲ ပစ်ပေါက်ပစ်လိုက်တယ်။
နောက်နှစ်ရက်လောက်နေတော့ စာတစ်စောင် ထပ်ရောက်လာတယ်။ နှင်းဆီပန်းပေးတဲ့သူကပဲ ကွမ်းထုပ်တွေ ပြောင်းပေးလာတယ်။ စာထဲမှာ -
``မင်းရဲ့ လှပတဲ့နှုတ်ခမ်းလေးကို ကိုယ်မနမ်းဝံ့ပါ`` တဲ့။
စိတ်တိုလွန်းလို့ စာရွက်ကို ဆွဲဆုတ်ပြီး ကွမ်းထုပ်ပါ လွှင့်ပစ်လိုက်တယ်။ သမီးလေ အဲဒီရက်တွေမှာ မှန်ရှေ့ သေသေချာချာထိုင်ဖြစ်တယ်။ သမီးနှုတ်ခမ်းက နှုတ်ခမ်းနီမဆိုးပဲ နီနီရဲရဲ။ သွားတွေ လျှာတွေ ထုတ်ကြည့်ပြီး သမီး မျက်နှာရှုံ့သွားမိတယ်။ မှန်ရှေ့မှာခံတွင်းထဲက လေကိုထုတ်ပြီး လက်ကို ပါးစပ်နား ကပ်ရှူမိတယ်။ ကွမ်းနံ့တော့ ထွက်နေသေးတယ်။
သမီး စိတ်ညစ်သွားတယ်။ ကွမ်းစားတာ ရှက်စရာလို့ တစ်ခါမှ မစဉ်းစားခဲ့မိပေမယ့် အခု မှန်ထဲကြည့်ရင်း ရှက်နေသလို ခံစားရတယ်။ အဲဒါ ဟိုလူ့ကြောင့်…။ ဒါကြောင့် ကွမ်းစားတာကို ရပ်တော့မယ်လို့ သမီး ဆုံးဖြတ်လိုက်တယ်။
ဖေဖေက စာကြည့်ခန်းထဲက စားပွဲမှာ သတင်းစာ ဖတ်နေတယ်။ ကွမ်းလေး ဝါးလို့ပေါ့။ ဖေဖေ့အနားကို ဒီတစ်ခါသွားရတာ မဝံ့မရဲရှိလိုက်တာ။ ခါတိုင်း ဒီလိုနေ့လယ်အချိန်တိုင်း ဖေဖေ့နားသွားပြီး ဖေဖေ ``ကွမ်း``လို့ ဆိုလိုက်တာနဲ့ သမီးပါးစပ်ထဲ ရောက်ပြီးသားပဲ။
ဖေဖေ့ကို သမီး ကွမ်းမစားတော့ဘူးလို့ ပြောဖို့ အားနာသလိုတောင် ခံစားမိတယ်။ ဒီလိုပြောလိုက်လို့ ဖေဖေ ဘာများပြောမလဲဆိုတာ စဉ်းစားပေမယ့် အဖြေထွက်မလာဘူး။ ဖေဖေက သမီးကိုမြင်တော့…
``သမီး… ကွမ်းမရသေးဘူး.. ခုနက ဖေဖေ ဖုန်းပြောနေတာနဲ့ ခုမှ ဝါးလို့``
``ရပါတယ်ဖေဖေ``
ဖေဖေက သမီးလေသံ ပျော့နေလို့လားမသိ သတင်းစာကိုပိတ်ပြီး သမီးကို ကြည့်နေတယ်။ ဖေဖေ့ကို ဘယ်လိုပြောရင် ကောင်းမလဲ စဉ်းစားနေတုန်းမှ ဖေဖေ့လက်က ပါးစပ်နားအရောက် အလောတကြီးနဲ့
``ဖေဖေ… သမီး ဒီနေ့ကစပြီး ကွမ်းမစားတော့ဘူး``
``ဟေ!...``
ဖေဖေရဲ့ အံ့သြတဲ့အာမေဋိတ်သံက ခပ်ကျယ်ကျယ်ထွက်လာတယ်။
``သမီး မစားတော့ဘူးဖေဖေ…အဲဒါ လာပြောတာ``
``သြော်… အေး.. အေး``
ဖေဖေက ဘာမှမမေးဘဲ သမီးကို စိုက်ကြည့်နေတယ်။
ဖေဖေ့အနားက သမီး ကျောပေးပြီး ထလာလိုက်တယ်။ ရင်ထဲမှာ တစ်မျိုးကြီး ခံစားလိုက်ရသလိုပဲ။ ဖေဖေလည်း သိချင်မှာပဲနော်။ သမီး ဘာဖြစ်လို့ ကွမ်းမစားတော့တာလဲဆိုတာ ဒါပေမဲ့ ဘာမှမမေးဘူး။ ကျေးဇူးတင်ပါတယ် ဖေဖေ။ မေးခဲ့ရင်လည်း သမီးမှာ အဖြေမရှိလို့ပါ။
သမီး အလုပ်စားပွဲထိုင်ပြီး အလုပ်ပြန်လုပ်ပေမယ့် စိတ်က မပါ။ ရိုက်သမျှစာတွေက အမှားမှား၊ အယွင်းယွင်း၊ သမီးပါးစပ်လည်း ခြောက်ကပ်ကပ်နိုင်လွန်းလို့ ရေခဏခဏ ထသောက်နေရတယ်။ တစ်ခုခုလိုနေသလိုပဲ။
``သမီး ငယ်ငယ်တုန်းကလေ…
ဒီစာကြောင်းလေးကို ကွန်ပျူတာပေါ်မှာ အမှတ်တမဲ့ ရိုက်မိသွားတယ်။
သမီးငယ်ငယ်တုန်းက ဖေဖေ ချီပိုးသိပ်ကတည်းက…၊ သမီးပါးကို ဖေဖေငုံ့ပြီး တရှုပ်ရှုပ်နမ်းကတည်းက ဖေဖေ့ပါးစပ်ထဲက ကွမ်းနံ့နဲ့ စတင်ရင်းနှီးခဲ့တာ။ သမီးကို မြှူလို့ရတဲ့အချိန်၊ လက်လေး ခြေလေးတွေ ယက်ကန်ယက်ကန်လုပ်တက်ချိန်၊ ဘာမှန်းမသိဘဲ ဖေဖေ့ပါးစပ်ထဲ လက်ချောင်းလေးတွေ ထိုးထည့်ပြီး နှိုက်တက်ချိန်၊ တစ်ခါတလေ သမီးလက်ချောင်း သေးသေးလေးတွေကို ဖေဖေက ပါးစပ်ထဲ ထည့်ငုံထားတက်ချိန်တွေဆို သမီးလက်မှာ ကွမ်းဖတ်တွေ ကပ်ပါလာနေကျ။
နောက် သမီးကျောင်းနေတော့ ကျောင်းလာကြိုတိုင်း ဖေဖေ့ပါးစပ်ထဲက ကွမ်းနီနီ သမီးကို ကျွေးပါလို့ တောင်းဆိုလွန်းလို့ ဖေဖေ စ, ကျွေးခဲ့တာ မှတ်မိသေးတယ်။
``ငါ့သမီးရယ်… ဆေးတွေနဲ့ မူးလိမ့်မယ်``
``သမီးစားချင်တယ်ဖေဖေ.. နောက်ခါ  ဆေးမပါတာ စားခဲ့``
လို့ သမီးပြောလိုက်တဲ့နေ့စပြီး ဖေဖေက ဆေးမပါတာပဲ စားတော့တာ…။ သမီးကျောင်းကအပြန် ကွမ်းစားလာတာကို မေမေက မြင်တော့ ဖေဖေ့ကို ဆူတာပေါ့။
``ဆေးမပါပါဘူးကွာ.. ကလေးပဲ အာသာပြေပေါ့``
ခဏတစ်ဖြုတ် အာသာပြေလို့ ပြောလိုက်ပေမယ့် ဖေဖေကလည်း ကွမ်းမစားပဲ မနေနိုင်။ သမီးကလည်း ကွမ်းမတောင်းပဲ မနေနိုင် ဖြစ်လာခဲ့တယ်။
နောက်တော့ ဖေဖေကိုက မကျွေးပဲမနေနိုင်တော့ဘူး သမီး ခုနစ်တန်းလောက် ရောက်တော့ ဖေဖေ လိုက်ပို့စရာမလိုတော့ပဲ ကျောင်းကို ကိုယ့်ဘာသာပဲ သွားတော့တယ်။
ကျောင်းက ပြန်လာတိုင်း ဖေဖေ့ဆီက ကွမ်းကို စားနေကျ ဖြစ်နေပြီး။  ဖေဖေကလည်း သမီးလာချိန် မှန်းပြီး ဝါးတယ်။ အဲဒီကနေ ဆယ်တန်းအထိ။ အဲဒီတုန်းကတော့ တစ်နေ့ကို တစ်ခါလောက်ပဲ စားဖြစ်တယ်။ တက္ကသိုလ်တက်ချိန်လည်း ဒီလိုပဲ ။ ဖေဖေ့ကွမ်းနဲ့ မပြတ်ခဲ့ဘူး။
နောက် အိမ်မှာပဲ အလုပ်လုပ်တော့  ပိုစားဖြစ်တယ်။ ကျောင်းသူတုန်းက စားဖြစ်တယ်ဆိုတာ အိမ်ကိုရောက်မှ။ အပြင်ထွက်ချိန်ဆို ပါးစပ်ဆေးရတာ အလုပ်တစ်လုပ်ပေါ့။ သူများနဲ့ စကားပြောချိန်ဆို သတိထားပါတယ်။ ခုကျ အိမ်မှာလွတ်လွတ်လပ်လပ်နဲ့ အလုပ်လုပ်ရင်း စားရတာ Feel တစ်မျိုးလို ဖြစ်နေပြီ။ ဒါကြောင့် ပိုစားဖြစ်သွားတယ်။
ခုချိန်ကျမှ သမီးကွမ်းစားတာကို အပြစ်တင်တာလိုလို၊ အားပေးတာလိုလို၊ ရွဲ့တာလိုလို စာနဲ့ ကွမ်းထုပ်ပိုင်ရှင်ကြောင့် သမီး တကယ်လည်း စိတ်တိုမိတယ်။ နှင်းဆီပန်းလေးတွေ တွေ့နေရတုန်းကတော့ ကျေနပ်နေခဲ့တဲ့စိတ်က ကွမ်းထုပ်တွေကိုကျ ဘယ်လိုမှ လက်မခံနိုင်။ သူနဲ့သမီး သိတာလည်း မဟုတ်ပဲနဲ့။ သမီးနှုတ်ခမ်းတွေကို မနမ်းဝံ့ပါလို့ ရေးထားတာ လူလည်မကျလွန်းဘူးလား။ သမီးနှုတ်ခမ်းတွေကို ရွံလို့လို့ ပြောတာနဲ့ အတူတူပေါ့။
မှန်ထဲက သမီးနှုတ်ခမ်းတွေကိုကြည့်ပြီး ဘယ်လိုဖြစ်သွားမှန်းမသိဘူး။ အဲဒီစာကိုဖတ်ပြီး မျက်နှာတွေ ထူပူသွားတယ်။  ဒါကြောင့် ကွမ်းမစားတော့ဘူးလို့ ပြောတာပါ ဖေဖေ…။

**************
5695742.gif
သမီး ဒီရက်တွေမှာ အလုပ်လုပ်ရတာ အရင်ရက်တွေကထက် ပိုပင်ပန်းနေတယ်။ အာရုံလေးပြောင်းအောင် သီချင်းဖွင့်ပေမယ့် မရဘူး။ သမီးဆီကိုလည်း ဘယ်ကွမ်းထုပ်၊ ဘယ်နှင်းဆီပန်းမှ ရောက်မလာတော့ဘူး။
သမီးစိတ်တွေ မပျော်တော့ဘူး။ အလုပ်တွေလည်း မပြီးဘူး။ ခါတိုင်းဆို ခါးလေးဘာလေးချိုးပြီး ဖေဖေ့ဆီ ခုန်ပေါက်ပြေးလွှား သွားနေကျ။ ခုတော့ ဖေဖေ့ဆီလည်း မသွားဖြစ်သလို၊ ဖေဖေကလည်း သမီးဆီ မလာဖြစ်တော့ဘူး။ သူ့ဟာသူ စာကြည့်ခန်းထဲမှာ စာဖတ်ချင်ဖတ်၊ ဒါမှမဟုတ် အခန်းထဲ ဝင်အိပ်ရင် အိပ်။
သမီးက ကွမ်းမစားတော့ဘူးတဲ့လို့ ဖေဖေက မေမေ့ကိုပြောနေသံကြားရတယ်။ မေမေကလည်း ကောင်းတာပေါ့လို့ အေးအေးဆေးဆေး ပြန်ပြောပြီး ဘုရားပန်းလဲနေတယ်။ မေမေရဲ့ တုံ့ပြန်မှုကို ဖေဖေ အားရပုံမပေါ်။ မေမေ့ဆီက ဘာဖြစ်လို့မစားတာလဲ ဆိုတဲ့မေခွန်း မေးစေချင်ပုံရတယ်။
ဖေဖေက မေမေ့ကိုပြောရင်း ဘေစင်(Basin)မှာ ဝါးပြီးသားကွမ်းတွေကို သေချာထွေးပြီး ပါးစပ်ဆေးနေတာကို တွေ့ရတယ်။ ဖေဖေက သူ့ဆီက ကွမ်းတောင်းမစားတဲ့အပေါ် ဝမ်းသာနေပုံတော့ မရဘူး။ တခြားမောင်နှမတွေကလည်း သမီး ကွမ်းတောင်းမစားတဲ့အပေါ် သတိပြုမိပုံမပေါ်။ ဖေဖေက မကြီးကို…
``သမီးကြီး … သမီးငယ်က ဖေဖေ့ဆီကကွမ်းကို မစားတော့ဘူးတဲ့ကွ``
``ဟုတ်လား… သူ ဝါးရတာ ညောင်းသွားပြီထင်တယ်``
``ဖေဖေ ဝါးထားတာပဲ``
``ဟင်း.. ဟင်း``
အလုပ်သွားတော့မယ့် မကြီးဆီက ရယ်သံနဲ့ အဲဒီလောက်ပြောသံလေးပဲ ကြားလိုက်ရတယ်။
စာကြည့်စားပွဲပေါ်မှာ မကုန်သေးတဲ့ ကွမ်းထုပ်ကို လှမ်းတွေ့ရတယ်။ ဖေဖေလည်း သိပ်မစားဖြစ်ဖူးထင်တယ်။ ရေချိုးမလို့ လုပ်တုန်း ကိုကိုက ဖေဖေ့အခန်းထဲက ထွက်လာတယ်။ ဖေဖေ့ကွမ်းထုပ်ကို ကိုင်လို့..။
``ကိုကို အဲဒါ ဖေဖေကွမ်းထုပ်မလား``
``ဟုတ်တယ်.. ဖေဖေက မစားချင်လို့ထင်တယ်… ကိုကို့ကို ပေးလိုက်တာ.. ဒါနဲ့ ညီမလေးက ဖေဖေဝါးပြီးသားကွမ်းတွေ မစားတော့ဘူးဆို ရွံလို့လား``
``ဟာ မဟုတ်ပါဘူး.. ကိုကို့ကို ဖေဖေက အဲလိုပြောလိုက်လို့လား```
``မဟုတ်ပါဘူး.. မစားတော့ဘူးဆိုတော့ မေးကြည့်တာ``
``မဟုတ်ပါဘူး ကိုကိုရာ``
ဖေဖေက သမီး ကွမ်းမစားတော့ဘူးဆိုတဲ့အပေါ် အဲဒီလိုများ ထင်သွားသလား။ အိမ်ကမိသားစုတွေကို အကုန်ပြောနေပုံအရဆိုရင် ဖေဖေ ခံစားသွားရလို့လား။
သမီးလည်း အတူတူပါပဲဖေဖေ။ အလုပ်လုပ်ရတာ စိတ်မပါတော့တာ ဒီကွမ်းလေးကြောင့်လို့ ပြောရင် လူရယ်စရာ ဖြစ်လိမ့်မယ်။ တကယ်တော့  ကွမ်းလေးပေါ်မှာအခြေခံတဲ့ ဖေဖေ့ရဲ့ နွေးထွေးမှုကို ပိုခံစားရတာပါ။ သမီးလူလားမြောက်ချိန်ကတည်းက လက်ပွန်းတတီးရှိခဲ့ စားခဲ့တာကို ရုတ်တရက် ဖြတ်လိုက်တော့ ဖေဖေလည်း ဘယ်လို ဖြစ်သွားမလဲ။
ဒီရက်တွေမှာ ဖေဖေနဲ့သမီး တော်တော်ကြီး ဝေးကွာသွားသလို ခံစားရတယ်။ သမီးဘဝမှာ ဒီလောက် နွေးထွေး လုံခြုံတဲ့မိသားစု ရှိပါလျက်နဲ့ အထီးကျန်သလို ခံစားနေရတယ်။ ဖေဖေက သမီးအလုပ်ခန်းလေးဆီ အလာကျဲ သွားသလို၊ သမီးကလည်း ဖေဖေ့စာကြည့်ခန်းလေးဆီ တကူးတက မရောက်ဖြစ်တော့ဘူး။ တစ်ခါတလေ ဖေဖေက အပြင်မှန်ကနေ သမီးကို လာချောင်းကြည့်တယ်။ အရင်လို ကွမ်းမကြာခဏ လာကျွေးခွင့်မရတော့တဲ့ ဖေဖေ့စိတ်ထဲမှာတော့ ဘယ်လို ခံစားနေရမလဲ။ မိဘအရိပ်မှာ နေနေရပေမယ့် နေ့စဉ်ပုံမှန် အသားကျပြီး လုပ်ဖြစ်နေတဲ့ အလုပ်တစ်ခုကို ရပ်ဆိုင်းလိုက်တာ သမီးနဲ့ ဖေဖေ့ကြား ဒီလောက် ဝေးကွာသွားလိမ့်မယ်လို့ မထင်မိခဲ့ဘူး
သမီးအပေါ် တကယ်ချစ်မြတ်နိုးလို့ ပေးတာလားမသိ၊ လှောင်ချင်တာ လား မသိ၊ သရော်ချင်တာလားမသိတဲ့ စာတစ်စောင်ကြောင့် ဆုံးဖြတ်ချက်တွေ မှားယွင်းသွားခဲ့ပြီလို့ သိလိုက်ရတဲ့အချိန်မှာတော့ ဝမ်းနည်းမှုနဲ့အတူ ဖေဖေ့ကို သမီးတောင်းပန်ချင်နေမိခဲ့တယ်။ ဘာမဟုတ်တဲ့စာလေးတစ်စောင်ကြောင့် ဖေဖေနဲ့ သမီးကြားက နွေးနွေးမှုလေးတွေကို  အဆုံးရှုံးမခံတော့ဘူး ဘယ်လို အကြောင်းပြချက်နဲ့မှ မပျောက်ပျက်စေရတော့ပါဘူး။
ဖေဖေ သမီးကို အရမ်းချစ်တာ သိတာပေါ့။ မိဘနဲ့ သားသမီးကြား ငါမိဘပဲ။ ငါမှန်တယ်ဆိုတာ ဘယ်တော့မှမရှိခဲ့တဲ့ဖေဖေ။ သမီးနာမည်ကိုတောင် ဖေဖေပေးထားတာက ``သမီးချစ်`` တဲ့။ ဖေဖေက သမီးပဲ ခေါ်တယ်။ သမီးကလည်း ပြောရင်းနဲ့ သမီးပဲဖြစ်သွားရော။ သူငယ်ချင်းတွေကတော့ မီးချစ်တဲ့။ အခုဆိုရင် ဖေဖေနဲ့ သမီးကြားမှာ ဝေးကွာသွားတာ တစ်ပတ်ကြီးတောင် ရှိသွားပြီ။

***************

တကယ်တော့ သမီး ဖေဖေ့ကွမ်းတွေကို ပြန်စားချင်နေပြီဖေဖေ။ သမီး ဘယ်လိုပြန်တောင်းဆိုရမလဲ။ ရှက်တော့ရှက်တာပေါ့။ သမီးနဲ့ ဖေဖေ့ကြားက ပျောက်သွားသလိုဖြစ်နေတဲ့ နွေးထွေးမှုလေးကို သမီး ပြန်လုချင်တယ်။ သမီးကို ပြန်ပေးပါဖေဖေ။
စာကြည့်ခန်းလေးထဲ ဝင်ခဲ့စဉ်မှာတိတ်ဆိတ်နေတယ်။ ဖေဖေ အိပ်နေပြီးလား။ အပ်ခန်းထဲမှာလည်း ဖေဖေမရှိပါဘူး။ ဖေဖေ့စာကြည့်စားပွဲပေါ်က ကွမ်းထုပ်ထဲမှာ ကွမ်းယာနှစ်ယာ ကျန်သေးတယ်။
``သမီး``
``သြော်.. ဖေဖေ ဘယ်ရောက်နေတာလဲ.. မအိပ်သေးဘူးလား``
``အိပ်မပျော်လို့ ဘုရားသွားရှိခိုးနေတာ… သမီး ဘာလာရှာတာလဲ``
``ဖေဖေ့ကို လာရှာတာ``
``သြော်``
ဖေဖေက အံ့သြဟန်နဲ့အတူ ချစ်စရာကောင်းတဲ့ ဖေဖေ့အပြုံးနဲ့ မျက်ဝန်းတွေက သမီးကို စူးစမ်းသလို ကြည့်နေတယ။်
``ဘာမေးမလို့လဲ``
ခါတိုင်း မသိတဲ့ English စာလုံးလေးတွေ မေးတက်တာမို့ ဖေဖေက မေးတာဖြစ်တယ်။
``ဟိုလေ.. ဖေဖေ… ဒီနေ့.. ဟို… ကွမ်းမစားဘူးလား.. ဟိုပေါ်မှာ တွေ့လို့…``
``သြော်… အင်း စားမှာလေ.. ပြီးမှပေါ့``
ဖေဖေက ပြောပြီး စာကြည့်ခန်းထဲက ထွက်မယ်အလုပ်
``ဖေဖေကွမ်းစားရင် သမီးကို လာကျွေးဦးနော်``
``သမီးက ဖေဖေ့ဆီက ကွမ်းဝါးဖတ်ကို မစားတော့ဘူးဆို``
``မဟုတ်ဘူး.. အမြဲမဟုတ်ပါဘူး… အခုစားချင်လို့ ပြန်စားမယ်``
``သြော်.. အေး… အေး.. ဖေဖေဝါးပြီး လာပေးလှည့်မယ်``
``ဟုတ်.. ဖေဖေ``
ဖေဖေက ပြုံးရင်း ကျန်ခဲ့တယ်။ သမီးက အလုပ်ခန်းထဲ ပြေးဝင်လာပြီး ခုံမှာထိုင်ရင်း ကွန်ပျူတာခလုပ်တွေကို ဆော့ကစားနေမိတယ်။
ငါ့နှယ် ဖေဖေ့ကို ဒါလေးပြောရတာ ဘာလို့ ရင်တွေတလှပ်လှပ်ခုန်နေပါလိမ့်။ ကြည့်စမ်း တကယ်တော့ငါ့ရင်တွေ ပေါ့ပါးပြိး ပြန်နွေးထွေးလာတာ..။ ဟုတ်တယ် … ။
ဖေဖေ့မျက်နှာလည်း ပြုံးသွားတာ သမီးတွေ့လိုက်တယ်။ ဘာမှမဟုတ်တဲ့ ဖေဖေနဲ့သမီးကြားက နွေးထွေးတဲ့ မေတ္တာဆက်နွယ်မှုဟာ အကြီးကြီးပါလားလို့ ခံစားမိတယ်။ ဖေဖေလည်း သမီးလိုပဲ ခံစားမိလိမ့်မယ် ထင်တယ်နော်။ သေချာတာကတော့ ဒီရက်တွေမှာ ဖေဖေ့မျက်နှာ မကောင်းဘူးဆိုတာ သမီးသိပါတယ်။ သမီးကို ခွင့်လွှတ်ပါဖေဖေ။ ဖေဖေနဲ့ သမီး မြင်တွေ့နေပေမယ့် ဝေးသွားသလို ခံစားရတယ်။
``ဒေါက်.. ဒေါက်..``
ဖေဖေက မှန်တံခါးလေးကို အချက်ပြပြီး ခေါက်တယ်။ သမီးကလည်း လှစ်ခနဲထွက်ပြီး ဖေဖေ့ပါးစပ်ထဲက ကွမ်းဖတ်တွေကို လက်နဲ့ ခံပြီး အားရပါးရ ဝါးပစ်လိုက်တယ်။ ပြီးတော့ ဖေဖေ့လက်မောင်း ပျော့ပျော့အိအိကို မှီတွယ်ပစ်လိုက်တယ်။ ဖေဖေက သမီးရဲ့ ဆံပင်တွေ၊နဖူးက ဆံစ, တွေကို ပွတ်သပ်လိုက်တယ်။
ဖေဖေကလည်း တစ်ခစ်ခစ်… သမီးကလည်း တစ်ခစ်ခစ်…။
အကြောင်းပြချက်မရှိ ရယ်သံတွေ လွှမ်းခြုံသွားတယ်။
……….
သမီးကို ဘာတစ်ခွန်းမှ မမေးတဲ့ ဖေဖေက သမီးဖေဖေမို့ အရအားလုံးကို သိနေနိုင်မှာပါ။
ဒီလိုနဲ့ ဖေဖေနဲ့ သမီးကြားက ပုံမှန် လုပ်ရိုးလုပ်စဉ်လေး အလုပ်တစ်ခုဟာ အေးစက်ရာကနေ အသက်ပြန်ဝင်လာပါတော့တယ်။
ဒါကြောင့် လောကကြီးက တစ်ခါတလေ မိဘနဲ့ သားသမီးကြားက အပြန်အလှန်ရတက်တဲ့ မေတ္တာလေးဟာ နွေးနွေးထွေးထွေး စေးစေးပိုင်ပိုင်လေး ရှိနေတာကို သမီး သိလိုက်ရပါတယ်။

၂၂-၇-၂၀၁၀။
ချောအိမာန်(မန္တလေး)




Wednesday, May 4, 2011

မန္တလေးကို ပျံသွားသလား


5587525.jpg

(၁)


အပေါ်ထပ်ကနေ ဟိုး... အောက်ဆုံးထပ် လမ်းမကို လှမ်းကြည့်မိတယ်၊ ထုံးစံအတိုင်း လူတွေ အရှေ့က အနောက်သွား၊ အနောက်က အရှေ့သွားပေါ့။ ပိပိဆိုတဲ့ ကွမ်းယာဆိုင်လေးမှာရှိတဲ့ ကောင်မလေးကတော့ ခပ်သွက်သွက် လက်ချောင်းလေးတွေနဲ့ ကွမ်းယာတွေကို အဆင်သင့်ဖြစ်အောင် ထုပ်နေတယ်။ Taxi ကားမောင်းသူတွေက အဲဒီနားရပ်ပြီး ကွမ်းယာလှမ်းဝယ်ကြတယ်။ ကောင်မလေးကြည့်ရတာလည်း သပ်သပ်ရပ်ရပ်လေး၊ ပါးကွက်လေး အမြဲကွက်ထားတယ်။ ဖော်ဖော်ရွေရွေ ဆက်ဆံတော့ ကားသမားတော်တော်များများ ဝယ်စားကြတာ များတယ်။ တစ်ခုတော့ ကျုပ်မကြိုက်ဘူး။ ကားဆရာက သူ့ပါးစပ်ထဲက အရင်ဝါးပြီးသား ကွမ်းရည်တွေကို လမ်းမပေါ် ပဖစ်ခနဲ ထွေးပစ်လိုက်တာ အလွန်ညစ်ပတ်တယ်ဗျာ။ ဒီကတ္တရာခင်းလမ်းကြီးမှာရော ဘောင်တွေမှာရော ရဲရဲနီလို့။ တစ်၊ နှစ်၊ သုံး၊ လေး.. စိတ်ကူးပြောင်းပြီး ဓာတ်တိုင်ပေါ် နားနေတဲ့ ခိုကလေးတွေကို ရေကြည့်တာပါ။ ခို ဆယ့်ငါး၊ စာကလေးက နှစ်ဆယ်လောက်တော့ ရှိတယ်။

ဟော... ကျုပ်တို့ ခုနစ်လွှာရဲ့ အောက်ဆုံးထပ်က အမျိုးသမီး သူ့သားကို ကျောင်းကြိုလာပြီ။ အဲဒီကလေးပြန်လာပြီး နောက်တစ်နာရီကြာပြီဆိုရင် ကျုပ်သမီး ဆေးခန်းက ပြန်လာပြီ...

``အဘိုး... အဘိုး``

အိမ်ထဲက ခေါ်သံကြောင့် ဝရန်တာဘက်ရောက်နေတဲ့ ကျုပ်ခေါင်း အိမ်ထဲ လည်သွားတယ်။

``ဘာလဲ``

``ကျွန်မ အခွေဖွင့်ချင်လို့``

``ဖွင့်ပေါ့.. ညည်းက အထူးအဆန်းလုပ်လို့ ခါတိုင်း လည်း ဖွင့်နေတာပဲ ဥစ္စာ``

ခါတိုင်းလည်း သူ့သဘောနဲ့ သူ ဖွင့်နေတာကို ခုမှ မိုးကြိုးကြားသား ခွင့်တောင်းလို့။ အိမ်က ခိုင်းဖို့ခေါ်ထားတဲ့ ကောင်မလေး အားနေ တီဗွီ။ တီဗွီကနေ ဇာတ်ကားခွေ၊ သီချင်းခွေ စုံနေတာပဲ...

``ခုဟာ အဘိုးမကြိုက်တဲ့သီချင်းခွေ ဖွင့်မလို့``

``ဦးထုပ်နဲ့ လူတွေလား``

``ဟုတ်``

``ညည်းပျင်းရင်လည်း ဖွင့်ပေါ့``

ကလေးမက ကျုပ်ဆီကသာ ခွင့်တောင်းနေတာ အခွေက စက်ထဲထည့်နေပြီ။ ဘာတွေဆိုမှန်းမသိ ပျာယာခတ်နေတဲ့ ကောင်လေးတွေကို ကျုပ်က မကြိုက်ဘူးပြောထားလို့ ။ သူ့ခေတ်နဲ့သူဆိုပေမယ့် ကိုအံ့ကြီး၊ မေရှင်တို့ကို လွမ်းသား။ ဝင်းဦးလည်း ကျုပ်က ခံစားလို့ရတယ်။ ဒီဘက်ပိုင်းမှာဆိုရင် လွှမ်းမိုးကြိုက်သလို မြန်မာပြည်သိန်းတန်၊ စိုင်းထီးဆိုင်တို့လည်း မဆိုးဘူးပဲ။ ခက်တာက ခုပေါ်တာတွေနဲ့ ကျုပ် မိုင်ကုဋေလောက် ကွာခြားသွားပြီ။ သူတို့အပြစ် မဟုတ်ပါဘူး။ နောင်လည်း ဆက်ရှိနေဦးမှာပဲ။

ကျုပ်နေတဲ့ အခုအထပ်က အပေါ်ဆုံး ခုနစ်လွှာမှာ အခန်းကျဉ်းလေးနှစ်ခုပဲပါပြီး ဖွဲ့စည်းထားတဲ့ ခပ်ကျဉ်းကျဉ်း တိုက်ခန်းလေး၊  ဒီလိုမျိုးအခန်းလေးနဲ့ အသက်ကြီးလာချိန်မှာ နေရဖို့ ဘယ်တုံးကမှ စိတ်မကူးခဲ့ဘူး။

ကျုပ် ဒီတိုက်ခန်းရောက်နေတာ နှစ်နှစ်ရှိသွားပြီပေါ့။ တစ်ခါမှလည်း အောက်မဆင်းဘူး။ ဘယ်လိုလုပ် အဆင်းအတက်လုပ်နိုင်မှာလဲ အသက်က ခုနစ်ဆယ်ကျော်ပြီ။ ကျုပ် အခုကိုင်ဆောင်နေတဲ့ လက်ကိုင်တုတ်လေးက ရန်ကုန်ရောက်မှ ပိုအသုံးများလာပြီး လက်ကိုင်နေရာမှာ အဖုလေးတွေ မရှိတော့ဘဲ ချောပြောင်နေတယ်။ သူ့ကို ပိုအားကိုးလာရတဲ့သဘော။ တိုက်ခန်းက ကျဉ်းကျဉ်း၊ လမ်းလည်း မလျှောက်ရတော့ ခြေထောက်တွေက ကြာလေ လေးလေ ဖြစ်လာရော။

အရင်တုန်းကဆို ကျုံးဘေးမှာ မနက်တိုင်း ညနေတိုင်း လမ်းလျှောက်ရတဲ့ အရသာကို လမ်းမလျှောက်ဖြစ်မှ ပိုပြီးတမ်းတမိတယ်။ မန္တလေးကို တစ်ခါက်လောက် ရောက်ဦးမယ်ဆိုရင် ကျုံးဘေးကို အဝ လမ်းလျှောက်ဦးမယ်လို့ စိတ်ထဲ တေးထားမိတယ်။

ကောင်မလေးကတော့ အထဲမှာ ကွီစိ၊ ကွစိနဲ့ သူလည်း လူငယ်ဆိုတော့ ပျင်းပေမပေါ့။ ဒါတွေရှိနေလို့သာ မရှိရင် ပျင်းလို့ ထွက်ပြေးသွားနိုင်တယ်။ အရင်တုန်းက ကောင်မလေးတစ်ယောက်ကို သမီးက ဘာမှ လုပ်ကိုင်ခွင့် ဖွင့်ခွင့်မပေးဘူး။ သိပ်မကြာဘူး ပြေးပါလေရော။ ဒီကောင်မလေးကျ သမီးက သင်ပေးထားပြီး သူ့အကြိုက်နဲ့ ဆွဲဆောင် ထားတာ။ ကျုပ်ကတော့ မနက်တိုင်း တရားခွေလေး ဖွင့်နာတယ်။ စာဖတ်တာ ဝါသနာ ပါတော့ ဖတ်ကောင်းတဲ့ စာအုပ်တစ်လုပ်လောက် ဝယ်ခဲ့ပါဆိုရင် အလုပ်များတဲ့ သမီးက ဘယ်တော့မှ ပါမလာဘူး။ ခုချိန်ထိ ကျုပ်က ဘာရယ်လို့ မဟုတ်ပါဘူး။ နေ့လယ်ဆိုလည်း ပုတီးစိပ်၊ ဘုရားစာရွတ်၊ ဘုရားရှိခိုးပြီး ကျန်တဲ့ အချိန်တွေကို စာအုပ်လေး ဖတ်နေရရင် တော်သေးတယ်။ အချိန်ကုန်မှန်း မသိသာဘူးပေါ့။

တစ်နေကုန် တစ်ရက်ပြီးတစ်ရက် တိုက်ခန်းအပေါ်ထပ်မှာ နေရတဲ့ဘဝကို ငြီးငွေ့လာတယ်။ အမှန်အတိုင်းပြောရရင် အောင်တော်မူရပ်မှာရှိတဲ့ ကျုပ်အိမ် ကျုပ်ခြံကို လွမ်းမိတယ်။ ကြိုက်တဲ့နေရာမှာ ခုံလေးချ၊ ရေနွေးကြမ်းလေးနဲ့ စာအုပ်ဖတ်ရတဲ့ အရသာက ကျုပ်ကို အသက်ရှည်စေတယ်။ လမ်းလျှောက်ရတဲ့အကျိုးက စိတ်ကို တစ်နေကုန် လန်းဆန်းပြီး နေလို့ ကောင်းတယ် ခုတော့ မှတ်မှတ်ရရပဲ ဒီနှစ်ပိုင်း ခါးတွေ ပိုချိနဲ့လာတယ်။

ကျုပ်မိန်းမ ချောင်းချသွားတဲ့ နေရာလေးကို မခွဲချင်ပေမယ့် ခွဲခဲ့ရတယ်။ သားသမီးနဲ့ မိဘကြားမှာ ပြိုင်ဆိုင်ပြီး ပြောနေရမှာကို ကျုပ်ရှက်တယ်။ အဖေ့ဆန္ဒကို သိလျက်နဲ့ ပြောထွက်လာတဲ့ သူတို့စကားကို မပယ်ချချင်တာနဲ့ လိုက်လျောခဲ့ရတာ။ ကျုပ်စိတ်ထက် သူတို့ရဲ့ အခြေခံလိုအပ်ချက်တွေကို တင်ပြလာတဲ့အခါ သီသီ ဆုံးပြီး တစ်နှစ်အကြာမှာ အိမ်ကြီးရောင်းဖို့ ဖြစ်လာတယ်။

သမီးအကြီးက ထရမ်စဖော်မာနဲ့ ရန်ကုန်ဆေးရုံကြီးကို ပြောင်းရတယ်။ ရန်ကုန်မှာ ကိုယ်ပိုင်ဆေးခန်း ဖွင့်ချင်တယ်။ ဒီအတွက် ငွေလိုတယ်။ သားအငယ်က ကွန်ပျူတာ ဒီဇိုင်းတွေ ဝါသနာပါတယ်။ ရန်ကုန်မှာပဲ ကိုယ့်ဟာကိုယ် တည်ထောင်ပြီးဖွင့်ချင်တယ်။ ရန်ကုန်မှာ ပိုအလုပ်ဖြစ်တယ်ဆိုတော့ ငွေလိုတယ်။ သူတို့နှစ်ယောက်နဲ့ ကျုပ်ကြားမှာ နောက်ဆုံး အဖုအထစ်လေးတွေ ဖြစ်လာပြီး ကျုပ် လိုက်လျောခဲ့ရတယ်။

နှမြောမဆုံးစွာနဲ့ သူများလက်ထဲ ထည့်လိုက်ရတဲ့ ကျုပ်အိမ်ဝင်းဟာ ကာလပေါက်ဈေး တော်တော် ရခဲ့တယ်။ ဒါပေမဲ့ ကျုပ် အဲဒီငွေကို ထိတောင် မထိချင်ခဲ့ဘူး။ ကျုပ် ကြေကွဲသလိုကြီး ခံစားရတယ်။

ပိုပြီး စိတ်မကောင်းဖြစ်တာက ရန်ကုန်မှာလည်း ကိုယ့်ခြံကိုယ့်ဝင်းနဲ့ပဲ နေရမယ်ပဲမှတ်တာ။ သမီးက ခုတိုက်ခန်းကို ဝယ်လိုက်ပြီး  သူက ဘယ်နေရာမှာလဲ မသိဘူး၊ ကိုယ်ပိုင်ဆေးခန်းလေး ဖွင့်တယ်။ သားက ကွန်ပျူတာတွေ ဝယ်တယ်။ ပထမ ဂိမ်းဆိုင်ဖွင့်လိုက်တယ်။ ရှုံးတယ်။ ခု တိုက်ခန်းအပြတ်ဝယ်ပြီး ဒီဇိုင်းဆွဲနေလေရဲ့။ အဲဒီတိုက်ခန်းမှာပဲ နေတယ်။ ငွေကြေးကိုလည်း သူတို့နှစ်ယောက် တိုင်ပင်ပြီး သုံးစွဲကြတယ်။

ကျုပ်ကိုတော့ နှစ်ယောက်စလုံး အစားအသောက်၊ ကျန်းမာရေး ဂရုစိုက်ပါတယ်။ သမီးဆေးခန်းက အစတော့ လူမဝင်ဘူးလို့ ပြောတယ်။ ခုတော့ လာပါပြီတဲ့။ သားက ဒီဇိုင်းလုပ်ငန်းကို ဇောက်ချလုပ်နေပြီဆိုတော့ မဆိုးပါဘူး။ ကျုပ်မှာတော့ တစ်ရက်ပြီး တစ်ရက် အသက်ရှူကျပ်လို့ သမီးက မျက်နှာချင်းဆိုင်အခန်းနဲ့ စကားပြောတာတောင် မကြိုက်ဘူး။ စပ်စုတယ်တဲ့။ မေးရင်လည်း ဘာမှမပြောနဲ့လို့ မှာထားတယ်။ တိုက်ခန်းက တံခါးကို အမြဲပိတ်ခိုင်းထားတယ်။

မနက်ဆို သမီးက ဈေးဝယ်ပေးတယ်။ ကောင်မလေးနဲ့ ချက်ပြုတ်စရာတွေကို ချက်ကြတယ်။ ပြီးတော့ အလုပ်သွားတယ်။ ကျုပ်ကတော့ နေ့တိုင်း ဒီလိုချည်းပဲ။ တိုက်ခန်းကြီးပေါ်မှာ နေရတယ်။ လူက ခုနစ်ဆယ်ကျော်ဆိုတော့ တကယ်ကျန်းမာရေးကောင်းရင် ဖျတ်တုန်း၊ လတ်တုန်း၊ သန်တုန်း။  မန္တလေးမှာဆို ဟိုဘက်နှစ်လမ်းကျော်က ဘိုခဲတို့၊ မောင်ပိုတို့နဲ့ လမ်းလျှောက်ရင်း စကားပြောရတာကိုက ခံတွင်းတွေ့လှတယ်။ ကျုပ်မှာ ပျင်းရတယ်ကို မရှိဘူး။ အားရင် သူတို့အိမ် ကိုယ့်အိမ် လျှောက်သွား။ ငယ်တုန်းက ဘောလုံးကန်တဲ့ အကြောင်း၊ တက္ကသိုလ်ကျောင်းသားဘဝအကြောင်း၊ တရားဓမ္မအကြောင်း စုံလို့ပါပဲ။ ဥပုသ်နေ့တိုင်း တရားပွဲသွား။ တစ်ခါတလေ အောင်တော်မူဘုရားမှာ ငါးအစာ သွားကျွေးနဲ့ ။ ခုတော့ ဝရန်တာကျဉ်းကျဉ်းလေးမှာပဲ ထိုင်ရင်း နေ့စဉ် သတိရနေတော့တယ်။

မနက်ဆို ကျုပ်က မန္တလေးပဲပြုတ် ဝါဝါအိအိလေးတွေကို ထမင်းပူလေး ဆီဆမ်း၊ ဆားဖြူး ဒါမှမဟုတ်ရင် မန္တလေးဗယာကြော်၊ ငချိပ်ပေါင်း သိပ်ကြိုက်တာ သီးသီက အမြဲလုပ်ပေးတယ်။ ခုတော့ မနက်ဆို လက်ဖက်ရည်၊ သမီးက ကော်ဖီ မတိုက်ဘူး။ မတည့်လိုတဲ့။ ပေါင်မုန့်မီးကင်၊ ဘီစကစ်၊ တစ်ခါတလေ ကြက်ဥနဲ့ ထမင်းကြော်။ ပဲပြုတ်သည် ဒီဘက်လာတာကို တစ်ခါမှ မတွေကဘူး။ မန္တလေးမှာဆို ညနေဘက် ဗိုက်ဆာရင် မုန့်ဟင်းခါး၊ မုန့်တီ ၊ အ ကြော် ထွက်စားပစ်လိုက်တာပဲ။ နေ့လယ် ဆာပြီဆိုရင် စားဖို့ သမီးက မုန့်တွေတော့ ဝယ်ထားပေးထားပါရဲ့ စားချင်စိတ်က မရှိဘူး။

နောက်တစ်ခုက မိုးရာသီဆို စိုထိုင်းထိုင်းဖြစ်နေတဲ့ အင်္ကျီအနံ့တွေကို ကျုပ်မခံနိုင်ဘူး။ အောက်သိုးသိုးနဲ့ နေပူနဲ့ မခြောက်ရဘဲ လေနဲ့ခြောက်ရတဲ့ အနံ့ဆိုးကြီးကို စိတ်ပျက်မိတယ်။

သစ်ပင်စိုက် ဝါသနာပါနာပါတဲ့ သမီးက ဒီခပ်ကျဉ်းကျဉ်း ဝရန်တာလေးမှာပဲ သစ်ပင်တွေကို ပန်းအိုးတွေနဲ့ စိုက်ထားတော့ ပိုပြီး မှောင်နေသလိုပဲ။ တကယ်တော့ ဒီတိုက်ခန်းလေးမှာ နှစ်နဲ့ချီ ကြာနေပေမယ့် အခုထက်ထိ နေသားမကျနိုင်သေးဘူး။

ဟော... အောက်မှာ ပါပလစ်ကာကား အဝါရောင်လေး ရောက်လာပြီ။ ဒါဆို သမီးပြန်လာပြီ။ ရန်ကုန်ရောက်ပြီး သူ့ရဲ့ သွားရေး လာရေး ခက်ခဲမှုအတွက် အဲဒီကားလေးဝယ်လိုက်တာ အောက်ဆုံးမြေညီထပ်ကဘေးမှာ ဂိုထောင်ရှိတယ်။ အဲဒီကားဂိုထောင်မှာ ပိုက်ဆံပေးအပ်တာ။

ဆံပင်တိုတိုကို စုချည်ထားတဲ့ သမီးရဲ့ ဖိနပ်သံကို ကြားရတော့ ကောင်မလေး တံခါးးဖွင့်ပေးတယ်။ ကောင်မလေးလည်း ရှိသမျှအခွေတွေ ကြည့်ပြီးသွားပုံရတယ်။ ကျုပ်က တုတ်ကောက်လေးနဲ့ အိမ်ထဲဝင်လိုက်တယ်ဆိုရင်ပဲ  အံ့သြစရာ သမီးလက်ထဲမှာ စာအုပ်တွေ အများကြီးတွေ့ရတယ်။ ကျုပ်မှာလိုက်တဲ့ စာအုပ်တွေလားလို့ပေါ့။ သမီးက စာအုပ်တွေချ၊  လူကလည်း ခုံပေါ်ပစ်ထိုင်ရင်း ကောင်မလေးကို ရေတစ်ခွက် လှမ်းတောင်းလိုက်တယ်။

``ဟူး... မောလိုက်တာ ဒီခုနစ်ထပ်တက်ရတာ အသက်ထွက်မတက်ပဲ။ ဒီနေ့ သမီး စာအုပ်တွေပါလာလို့ အံ့သြမနေဘူးလား ``

``ဟုတ်တယ်၊ အဖေ ဖတ်ချင်နေတဲ့ စာအုပ်တွေချည်းပဲ။ သမီး ဘယ်က ဝယ်လာတာလဲ``

``ဘယ်က ဟုတ်ရမှာလဲ။ ပန်းဆိုးတန်းဘက် ခြေဦးတောင်မလှည့်နိုင်ဘူး၊ အဖေ့ဘော်ဒါ ဦးဘိုခဲနဲ့ တွေ့ခဲ့တာ သူပေးလိုက်တာ``

``ဟေ ဟုတ်လား ... သူ ဘယ်တုံးက ရောက်လာလဲ``

``မနေ့ကတဲ့..။ အဖေ့ကို သတိရလို့ ဖုန်းဆက်မယ်တဲ့။ သူ့မိတ်ဆွေတစ်ယောက် နာရေးလာတယ်ပြောတာပဲ။ သူ အဖေ့အတွက် ယူလာပေးတဲ့ စာအုပ်တွေက သမီးကို ဝယ်ခိုင်းနေတဲ့ စာအုပ်တွေဖြစ်နေလို့ အံ့သြသွားတာပဲ။ အတော်ပဲ ဖြစ်သွားတယ်။ ဒီနေ့ည သူ ဖုန်းဆက်လိမ့်မယ်။ မနက်ဖြန် သူလာလိမ့်မယ်။ လိပ်စာလည်း ပေးထားခဲ့တယ်။ ဖုန်းက သူ့အိမ်မှာ ရတာမကြာသေးဘူးတဲ့ ။ အဲဒါ အဖေ့ဘော်ဒါနဲ့စကားတွေ ပြောပေတော့။ အိမ်မှာ ထမင်းကျွေးလိုက်``

``အေး အေး ကောင်းတယ်။ ဟိုကောင် မောင်ပိုလည်း ပါရင် သိပ်ကောင်းမှာပဲ``

``အဖေကလည်း``

``မနက်ဖြန်ကျ ဟင်းကောင်းကောင်းချက်ကွာ။ ငါလည်း စကားတွေ ပြောချင်နေတာ``

``ဟုတ်တယ်၊ အဘိုးက မန္တလေးကို အမြဲသတိရတော တစ်ချိန်လုံးငေးနေတာ ခုမှပဲ ပြုံးရွှင်တာ တွေ့ရတော့တယ်``

``သမီးကလည်း အဖေ့ကို ကိုယ်ချင်းစာမိပါတယ်။ ရန်ကုန်မှာကျ အိမ်ကြီးခြံကြီးတွေက ဈေးကကြီး။ အလုပ်တွေ ဒီထက်အဆင်ပြေလာရင် ဒီတိုက်ခန်း ရောင်းမယ်။ အဖေ မန္တလေးမှာ ပြန်နေချင်တယ်ဆိုရင်လည်း သမီးပါ လိုက်ပြောင်းရမှာ။ အဖေ တစ်ယောက်ထည်းလည်း မဖြစ်ဘူး``

``ဒီလိုလည်း မဟုတ်ပါဘူး သမီးရာ.. အဖေက မလိုပါဘူး။ မင်းတို့က ခေတ်လူငယ်တွေဖြစ်တဲ့အတွက် အနာဂတ်ကို စဉ်းစားရမယ်။ အဲဒီလို စဉ်းစားမိလို့လည်း သမီးတို့  ဆုံးဖြတ်ချက်ကို အဖေ လိုက်လျောခဲ့တာပေါ့``

``ဒီတိုက်ခန်းပေါ်မှာ အဖေ့တစ်ယောက်ထည်းထားပြီး အလုပ်သွားရတိုင်း သမီးရင်ထဲ တစ်မျိုးကြီးခံစားရတယ်။ ဦးဘိုခဲကို တွေ့တော့ သမီးလည်း ပျော်တယ်။  ဦးဘိုခဲကပြောတယ်.. အဖေ မန္တလေးကို လိုက်ချင်တယ်ဆိုရင် အလည်ခဏ ခေါ်ချင်တယ်တဲ့။ သမီးကတော့ အဖေ့သဘောကို မမေးတော့ပါဘူး။ အဖေ လိုက်မှာပါလို့ ပြောခဲ့တယ်။ အဲဒါ အဖေ ဦးဘိုခဲပြန်ရင် လိုက်သွားလိုက်။ သူတို့ကျောင်းရေစက်ချလည်း ရှိတယ်လို့ပြောတယ်။ အဲဒါဆို ဦးမောင်ပိုနဲ့လည်း တွေ့ရရော မကောင်းဘူးလား``

သမီးကို ကျေးဇူးတင်ပါတယ်။ အဖေ ဝမ်းသာတယ်။ ကောင်းတယ်``

``ကျေးဇူးတင်စရာ မလိုပါဘူး။ သမီး လမ်းတစ်လျှောက်လုံး စဉ်းစားလာတာ သမီးဘက်မှာ ငွေရေးကြေးရေး အဆင်ပြေပေမယ့် အဖေရဲ့ ရှင်သန်မှု့ကျ လှောင်ပိတ်နေသလိုပဲ။ ဒီရောက်ပြီးမှ အဖေ့ ရယ်သံမကြားရတာ စိတ်ထဲမှာ တစ်မျိုးပဲ။ သမီးကို တစ်ကိုယ်ကောင်း ဆန်နေပြီလို့ တွေးမိရင်း ကျော်ကျော်နဲ့လည်း ညနေက ဖုန်းပြောဖြစ်တယ်။ သူလည်း ဒီကိစ္စကို သဘောတူတယ်။ အဖေ စိတ်ချလက်ချသာ လိုက်သွားပါ``

သမီးကြီးက ပြောပြီး ရေချိုးမယ်ဆိုပြီး အနောက်ထဲ ထွက်သွားတယ်။ ဒီလိုဆိုတော့လည်း သူ့စိတ်ထဲ အဖေတစ်ယောက်ရဲ့ စိတ်ကို ဥပေက္ခာ မပြုထားပါလားလို့ တွေးရင်း ကျေနပ်မိတယ်။ အဲဒီညက တိတ်တိတ်လေး ကျုပ်ခန်းထဲ ဝင်လာပြီး ကန်တော့တာကို တွေ့ရတယ်။ ဘိုခဲနဲ့ ဖုန်းကိုလည်း အားရပါးရ ပြောလိုက်တယ်။ သူကလည်း ပျော်ပြီး မောင်ပိုဆီ ဖုန်းတစ်ဆင့်ခေါ်ပြိး ကျုပ်ပါ ပါလာမယ့်အကြောင်း ဝမ်းသာအားရ လှမ်းပြောတယ်။


(၂)


``မမ အဘိုးလေ ဘယ်လောက်တက်ကြွသလဲဆိုတော့ အင်္ကျီတွေတောင် ထည့်ပြီးနေပြီ``

``အဖေလည်း သနားပါတယ်။ သူ့ခမျာ အိမ်တွင်းအောင်းနေရတာ မနေ့ညကလည်း ပြောလိုက်တဲ့စကားတွေ အန်ချတဲ့အတိုင်းပဲ``

အပြင်က အသံခပ်တိုးတိုးကျိတ်ကျိတ် ပြောနေသံကို ကျုပ်ကြားနေရတယ်။ ကျုပ်ကလည်း ကျုပ်ပဲ။ အားလုံး အဆင်သင့်ပဲ။ မနက်ဖြန် ညရထားနဲ့ သွားရမှာ ညစောစော အိပ်ရာဝင်တယ်။

မနက်ရောက်ပြီ ထင်ပါရဲ့။ ကျုပ်တစ်ကိုယ်လုံး လှုပ်လို့မရအောင် ထုံကျင်တာ လိုလို၊ ကိုက်ခဲတာလိုလို။ အိုး ခံရဆိုးလိုက်တာ။ နှာခေါင်းဝမှာ ဘာနံ့တွေလဲ၊ အန်ချင်သလိုလို။ ဗိုက်ထဲ ဘာမှမစားရသေးလို့လား။ ဒီနေ့ မန္တလေးကို သွားရမှာ။ မီးရထားပေါ်မှာ အဆာခံလို့ မဖြစ်ဘူး။ ခေါင်းတွေလည်းကိုက်၊ မျက်စိတွေကလည်း တစ်ခုခုနဲ့ ဖိထားသလို လေးလံကိုက်ခဲနေတယ်။ ရင်ထဲမှာလည်း တလှပ်လှပ်နဲ့ မှိတ်ထားတဲ့ မျက်ခုံးတွေကို အားကုန် ရှုံ့လိုက်တယ်။

``အဖေ အဖေ သတိရပြီလားဟင်`` သမီးအသံပဲ။

``အဖေ သားကို မှတ်မိလား။ မျက်စိဖွင့်ကြည့်ပါဦး`` ဒါ သား ကျော်ကျော်အသံ။

``အစ်ကိုကြီး သတိရလား။ မျက်လုံး ဖြည်းဖြည်း ဖွင့်ကြည့်ပါလား`` ဒါ ဘိုခဲအသံ။ ဒီကောင် ဘူတာသွားရမှာ ဘာလုပ်နေပါလိမ့်။ အား... ကျုပ် အတက်နိုင်ဆုံး မျက်လုံးတွေ အားယူဖွင့်ကြည့်လိုက်တယ်။ ခပ်ဝါးဝါး တွေ့ရတဲ့ သူတို့သုံးယောက် ကျွန်တော့်ကို ဝိုင်းအုံကြည့်နေကြတယ်။

``အဖေ သမီးလေ``

``အဖေအိတ် ပြင်ပြီးပြီလား``

``အဖေ ညက ခုတင်ပေါ်မှာလေ ဟို.. လေဖြတ်ချင်သလိုလို ဖြစ်သွားတာနဲ့ ညတွင်းချင်း ဆေးရုံတင်လိုက်ရတယ်``

``ဟေ``

``အကိုကြီး စိတ်မပူပါနဲ့။ ညက အစ်ကိုကြီး နည်းနည်း အအေးမိသွားတယ်``

``ဘာကွ ဘိုခဲ။ ဒါဆို ငါ ဘာမှ လုပ်လို့ မရတော့ဘူးပေါ့``

``မဟုတ်ပါဘူး။ သက်သာလာမှာပါ။ ခုလည်း စကားပြောနိုင်နေတာပဲ။ တဖြည်းဖြည်း သက်သာလာမှာပါ``

``ငါ့အောက်ပိုင်းတွေ လှုပ်လို့မရသလိုဘဲ``

``မဟုတ်ပါဘူး။ နည်းနည်းဖြစ်သွားတာပါ အဖေ။  ပုံမှန် ဆေးစား၊ ဆေးကုလိုက်ရင် ပျောက်သွားမှာ။ ညက အဖေ ခါတိုင်း တံခါးပိတ်အိပ်တယ်။  မနေ့က မေ့ပြီး မပိတ်လိုက်ဘူး ထင်တယ်။ အအေးမိသွားတာပါ``

``အစ်ကိုကြီး အားမငယ်ပါနဲ့ ။ ဆရာဝန်တွေ အကုန်လုံး ဂရုစိုက်ကြပါတယ်``

``ငါ ငါ မန္တလေး မသွားနိုင်တော့ဘူးပေါ့``

ကျုပ်ရဲ့ ဆို့နင့်နင့် ကြေကွဲကွဲ အသံကြီးက အားလုံးကို စိတ်မကောင်းဖြစ်စေခဲ့ပုံရတယ်။ ကျုပ် ဘာမှ ပြောချင်စိတ်မရှိအောင် စိတ်ဓာတ်တွေ ကျဆုံးသွားခဲ့တယ်။ ဘဝမှာ ချိုမြိန်သောသူများအတွက် အချိုသီးများ သီးပြီး၊ ခါးသော သူများအတွက် အခါးသီးများ သီးနေကြသလားလို့ တောင်ရောက် မြောက်ရောက် တွေးမိတယ်။
5587573.jpg


(၃)


အခန်းထဲကနေ Wheel Chair ပေါ် ရွှေ့ထိုင်ရင်း ကိုယ့်ဟာကိုယ် ဘီးလှိမ့်တွန်းရင်း ဝရန်တာလေးဆီ ရောက်လာတယ်။ အားပြုရတဲ့ တုတ်ကောက်လေးက အခန်းထောင့်မှာ ခုတော့ အနားရနေတယ်။

တစ်၊ နှစ်၊ သုံး၊ လေး ဓာတ်ကြိုးပေါ်မှာ ခိုတွေ၊ စာကလေးတွေ ပိုများလာသလိုပဲ။ ကျုပ် အမြဲတမ်း ရေတွက်နေမိတယ်။ တစ်ကောင်ပျံသွားရင် တစ်ကောင်ထပ်ရောက်လာတယ်။ သူတို့ ဘယ်သွားကြပါလိမ့်။

ဟော သမီး ပြန်လာပြီ၊ ကောင်မလေး တံခါးဖွင့်ပေးသံ ကြားရတယ်။ သမီး ဖိနပ်ချွတ်တယ်၊ ဝင်လာတယ်။

``အဖေ နေကောင်းလား.. အိပ်နေလား``

``ဟိုမှာ.. ဝရန်တာမှာ  ဓာတ်ကြိုးပေါ်က အကောင်တွေကို ရေနေတယ်။ နေ့တိုင်းပဲ ဒီနေ့လည်း စကားမပြောဘူး``

ကျုပ်နောက်က သမီးခြေသံကို ကြားရတယ်။

``အဖေ နောက်တစ်ပတ်ထဲကျ မန္တလေးကို သွားရအောင်၊ သမီးပါလိုက်မယ်။``

မန္တလေး သွားမယ်တဲ့။ မန္တလေး အင်း... ငါ ကြားဖူးသလိုပဲ။

အဖေ့ သူငယ်ချင်းတွေ ဦးမောင်ပိုတို့၊ ဦးဘိုခဲတို့ကလည်း အဖေ့ကို ခေါ်ဖြစ်အောင် ခေါ်ခဲ့ပါတဲ့``

သမီးကလည်း ဘာတွေပြောနေမှန်းလဲ မသိဘူး။ အဲဒီလူတွေကို ကျုပ်မှ မသိတာ။

``အဖေ သွားချင်တယ်မဟုတ်လား``

ကျုပ် ခေါင်းကို လေးတွဲ့စွာ ရမ်းလိုက်တယ်။ နောက်တစ်ပတ်ဆိုတာ မသေချာဘူး။ မနက်ဖြန်ဆိုတာလည်း မသေချာဘူး။

``ဘာဖြစ်လို့လဲ အဖေ``

``အဖေ ဒီနေရာလေးမှာပဲ နေပါရစေ....

ဒီနေရာလေးက ကောင်းတယ်။ မန္တလေးဆိုတာ အဖေမှ မသိတာ သမီးရဲ့ ။ အဖေ မသွားချင်ဘူးနော်``

သမီးက ကျုပ်ကို ဘာမှမပြောဘဲ စိုက်ကြည့်နေတယ်။ သမီးမျက်ဝန်းထဲက မျက်ရည်တွေ တစ်ပေါက်ပေါက် လိမ့်ဆင်းလာကာ ကျုပ်လက်တွေကို ကိုင်ပြီး တရှိုက်ရှိုက်နဲ့ ငိုနေတယ်။ ဘာလို့ ဒီလောက်ငိုနေမှန်း ကျုပ်မသိဘူး။ သူက မန္တလေးသွားချင်တာထင်တယ်။ ကျုပ်က မသွားချင်ဘူးဆိုတော့သူ မသွားရမှာစိုးလို့ ထင်တယ်။

``သမီး မငိုပါနဲ့။ ဒီလောက်တောင် သွားချင်နေတယ်ဆိုရင်လည်း သွားသွား။ အဖေ ခွင့်ပေးတယ်။ အဖေက နေမကောင်းတော့ မလိုက်တော့ဘူး``

သမီးက အငိုတိတ်ပြီး အိပ်ခန်းထဲဝင်သွားတယ်။ အင်း... ကျုပ်ရဲ့ ခိုလေးတွေ ဘယ်နှကောင်ပျံသွားပြီလဲ မသိဘူး၊ သမီးနဲ့ စကားပြောနေတာနဲ့ ပျောက်သွားပြီ။ သူတို့လည်း မန္တလေးကို ပျံသွားတာလား ကျုပ် မသိလိုက်ဘူး.....။


ရွှေအမြူတေမဂ္ဂဇင်း။ မတ်၊ ၂၀၀၈။


ချောအိမာန်(မန္တလေး)