Friday, February 25, 2011

လွင်ပြင်၊တောင်စဉ်တောင်တန်းများနှင့် ရွက်ကြွေတောသွား တောလား

5149661.jpg
5149672.jpg

မန္တလေးမှ စာရေးဆရာ ညိုထွန်းလူ ၏ ``လွင်ပြင်၊ တောင်စဉ် တောင်တန်းများနှင့် ရွက်ကြွေတောသွား တောလား`` စာအုပ်ကို 2010 ခုနှစ် ဒီဇင်ဘာလတွင် ပထမကြိမ်အဖြစ် စတင် ထုတ်ဝေဖြန့်ချီလိုက်ပါသည်။ ထိုစာအုပ်တွင် စာရေးဆရာ တစ်ယောက်၏ စာပေဟောပြောပွဲသွား ခရီးစဉ်များမှ  အတွေ့ အကြုံများကို ပေါင်းစပ်ရေးဖွဲ့ ထားပြီး စာဖတ်သူတွေ အတွက် အကြိုက်တွေ့လိမ့်မည် ထင်ပါသည်။ ဒါကြောင့် ဆရာ ညိုထွန်းလူ၏ ဤ``လွင်ပြင်၊ တောင်စဉ် တောင်တန်းများနှင့် ရွက်ကြွေတောသွား တောလား`` စာအုပ်မှ စာရေးဆရာ တစ်ဦး၏ ယခုမျက်မှောက်ခေတ်လောကကြီးမှာ ဖြစ်ပျက်နေတဲ့ လောက အမြင် အကြောင်းလေးကို စာအုပ် မိတ်ဆက် အနေနဲ့ ရေး သား ဖော်ပြ ပေးလိုက်ရပါသည်။  
 
စာရေးဆရာ၏ လောကအမြင်
တပေါင်းရွက်ဟောင်းတွေကြွေ၍ တန်ခူးရွက်နုသစ်တွေဝေသည့် ၂၀၀၇ ခုနှစ်မတ်လ၏ နေ့ရက်တစ်ရက်တွင် ကျွန်တော်တို့ ခရီးရှည်ထွက်ခဲ့ကြသည်။ ခရီးဦးတည်ရာကား ချင်းပြည်နယ်တောင်ပိုင်း ကန်ပက်လက်မြို့အနီးမှ နတ်မတောင် ဖြစ်သည်။ သွားရမည့်ခရိးကို ဝေးသည်ဟု ထင်မှတ်ထား၍ မြန်မာနိုင်ငံ မြေပုံကို ကြည့်ကာ ခရီးလမ်းကို ကင်းထောက်ရှာဖွေသည်။ သည်ခရီးကို သွားခဲ့လာခဲ့ပြီး ကျွန်တော်တို့တစ်တွေအား စေတနာမေတ္တာဖြင့် စရိတ်စက အားလုံး အကုန်အကျခံ၍ ပို့ဆောင်ပေးမည့် ဦးစိုးတင်နှင့် ဦးဘိုလေးတို့အား သိချင်တာတွေ မေးမြန်းရသည်။ တောင်ပေါ်ခရီးဖြစ်၍ လိုအပ်သည့် ပစ္စည်းတွေ ကြိုတင်ဝယ်ယူထားရသည်။ ခရီးမထွက်ခင်တစ်ရက်က မြန်မာနိုင်ငံမြေပုံကို ကြည့်ရင်း ထူးထူးအေးလွင် နှင့် ဆုလေးနွယ် ညီအစ်မနှစ်ယောက်ကို အမှတ်မထင်သတိရလိုက်သည်။ သူတို့ ညီအစ်မနှစ်ယောက်မှာ ထူးထူးအေးလွင်က (၆)တန်း၊ အငယ်ဆုံး ဆုလေးနွယ်က (၄)တန်း ကျောင်းသူကြီးတွေဖြစ်သည်။ သူတို့ ညီအစ်မနှစ်ယောက် အိမ်ကို ရောက်လာတိုင်း ကွပ်ပျစ်ပေါ်မှာ မြန်မာပြည်မြေပုံကိုချ၍ မြို့တွေ၏ တည်နေရာကို ရှာဖွေစေခဲ့သည်။ ဆိုကြပါစို့။ မြစ်ကြီနား၊ ဟားခါး၊ ဗန်းမောက်၊ ကျိုင်းတုံ၊ ရေကြည်၊ ကျောက်မဲ၊ ကျောက်ဖြူ၊ ထားဝယ်မြိ့များသည် မည့်သည့်တိုင်းနှင့် ပြည်နယ်များတွင် တည်ရှိကြသလဲ။ အချိန်တိုတိုအတွင်း အဖြေမှန် ရှာနိုင်သူကို ဆုပေးသည်။ သူတို့ ညီအစ်မနှစ်ယောက်စလုံး ဆုရချင်ဇောဖြင့် ရှာကြသည်။ ဒါပေမဲ့ အလေ့အကျင့် မရှိ၍ ရှာဖွေသည့်မြို့ကို အလွယ်တကူ မတွေ့၊ ခေါင်း တဗျင်းဗျင်း ကုတ်ရင်း တစ်နာရီခန့် ရှာဖွေပြီးမှ လိုချင်တာကိုရသည်။ ကျွန်တော်တို့ ငယ်ငယ်တုန်းကတော့ သည်လိုမဟုတ်။ လေးတန်းရောက်ကတည်းက မြန်မာပြည်မြေပုံကြည့်တက်ပြီး မြို့တွေနှင့် ထင်ရှားသော အမှတ်အသားများ တည်ရှိနေရာကို စိတ်ထဲမှာ စွဲမှတ်ထားပြီးပြီ။ တစ်ခါတစ်ရံ တစ်ယောက်နှင့်တစ်ယောက် ဖြန့်ခင်းထားသည့် မြေပုံစာရွက်ပေါ်မှာခေါင်းချင်းဆိုင်၍ အချိန်တိုအတွင်းမြို့တွေတည်ရှိရာကို ရှာဖွေကြသသည်။ ရှုံးသူက မုန့်ကျွေစတမ်း။ တစ်ယောက်က ပြောလိုက်သည်။ မြို့တည်နေရာကို သတ်မှတ်ချိန်အတွင်း မတွေ့လျှင်ရှုံးပြီ။ ထိုဉာဏ်စမ်းပြိုင်ပွဲတွင် ကိုယ်ကနိုင်၍ စားခဲ့ရသည်လည်း ရှိသည်။ ရှုံးတာကြောင့် မုန့်ကျွေးရတာလည်း ကြုံရသည်။ နောက်တော့ မုန့်စားရခြင်း မစားရခြင်းက အရေးမကြီး ရှုံးမှာကြောက်တာကြောင့် မြန်မာပြည်မြေပုံကို တစ်ယောက်ထည်း တိတ်တိတ်လေး ကြိုတင်ကြည့်၍ လေ့လာမှတ်သားသည်။ ထိုမှတစ်ဆင့် မျက်လုံးတွေချဲ့ကာ ကမ္ဘာမြေပုံကိုကြည့်ပြီး အပြိုင်အဆိုင် ဉာဏ်စမ်းခဲ့ကြသည်။ သည့်အတွက် ဘယ်လို အကျိုးကျေးဇူးတွေ ရခဲ့သလဲ။ တန်ဖိုးရှိသည့် အကျိုးရလဒ်တွေ ရခဲ့ပါသည်ဟုသာ ဆိုရပါမည်။ အရာရာကို စူးစမ်းလေ့လာပြီး သိချင်စိတ်နိုးကြားနေသော ကလေးတစ်ယောက်၏ ဦးနှောက်ထဲတွင် မိမိပတ်ဝန်းကျင်နှင့် မိမိနိုင်ငံ ပထဝီကို သိလာရသည်။ ထိုမှတစ်ဆင့် တစ်ဆင့်တက်သွားကာ နိုင်ငံသမိုင်းကိုလည်း စိတ်ဝင်စားလာခဲ့သည်။ အဲသည်နောက် အသိအမြင်တွေ တစ်ဆင့်ထက်တစ်ဆင့် တိုးတက်ဖွံ့ ဖြိုးလာကာ ကမ္ဘာ့နိုင်ငံများ၏ တည်နေရာနှင့် သမိုင်းသန္ဓေမျိုးစေ့ပေါက်ဖွားလာခဲ့သည်။ ထို့ပြင် ကိုယ့်နိုင်ငံအတွင်းမှာ အတူတကွနေထိုင်ကြသော တိုင်းရင်းသားမှားနှင့်တကွ သယံဇာတပစ္စည်းများအကြောင်း သိရှိနားလည်လာခဲ့သလို တိုင်းရင်းသားလူမျိုး စုများအပါ် ချစ်ခင်လေးစားမှု၊ သဘာဝပစ္စည်းတွေ ကြွယ်ဝသော မိမိနိုင်ငံအတွက် ဂုဏ်ယူဝံ့ကြွားမှုတွေ ရရှိလာခဲ့သည်။ ပြီးတော့ မြေပုံစာရွက်ထဲမှ မြို့တွေ၊ ရွာတွေ၊ မြစ်တွေ၊ ချောင်းတွေကို ရှာဖွေတက်လာသောအခါ မိမိကိုယ်ကိုယ် ယုံကြည်မှု၊ မိမိကိုယ်သာ အားကိုးမှုတွေ ပိုင်ဆိုင်လာခဲ့ကြသည်။ ကလေးတစ်ယောက်၏ နှလုံးသားနှင့် ဦးနှောက်စွမ်းအားကို မြင့်မားအောင် ပျိုးထောင်စေ့ဆော်ပေးခဲ့သည့် ငယ်ရွယ်စဉ်က သင်ကြားပေးခဲ့ကြသော ဆရာ၊ ဆရာမများကျေးဇူးကား ကြီးလှပါပေသည်။ ယခုခေတ် ကလေးငယ်တွေကို သင်ကြားပေးကြသော ဆရာ ဆရာမတွေ၏ ကျေးဇူးကိုတော့ ဘယ်လိုရှိမည် မသိ၍ ကျွန်တော်လည်း မပြောတက်။
ကျွန်တော်တို့အဖွဲ့ စီးလာသော ဟိုင်းလတ်ကားသည် အိပ်မှုန်ထနိုးခါစ မန္တလေးကို ကျောခိုင်း၍ စစ်ကိုင်းလမ်းအတိုင်း တောင်စူးစူးသို့ မောင်းနှင်လျက်ရှိသည်။ ခရီးလမ်းကြောင်း အစီအစဉ်က တံတားဦး၊ မြို့သာ၊ နဘူးအိုင်ကိုဖြတ်၍ မြင်းခြံသို့သွားကြမည်။ ထို့နောက် မြင်းခြံပုဂံဖြတ်လမ်းအတိုင်း ပုဂံသို့ သွားပြီး ပုဂံမှာ ကြိုတင်ရောက်နှင့်နေသည့် ကိုနေဝင်းမြင့်ကို ခေါ်၍ ခရီးဆက်ကြဖို့ အစီအစဉ်ဆွဲထားသည်။ မြင်းခြံပုဂံ ဖြတ်လမ်းကို သွားခဲ့ဖူးပေမယ့် တံတားဦးမြို့သာ၊ နဘူးအိုင်လမ်းကတော့ ကျွန်တော့အတွက်တော့ အစိမ်းသက်သက်ဖြစ်သည်။ ထို့ကြောင့် သည်ခရီးနှင့် သည်လမ်းအကြောင်းကို အတွေ့အကြုံရှိသည့် ကိုဆူးငှက်အား ဆရာတင်ထားရသည်။ သူက ကျွန်တော့်ထက် ခရီးအသွားအလာများသူ မန္တလေး၊ ပုဂံခရီးကို ရေလမ်း၊ ကုန်းလမ်းတို့မှ အခါက်ခေါက်အခါခါ ခရီးသွားခဲ့သူ။ ခရစ်နှစ် ၂၀၀၀ ခုနှစ်နောက်ပိုင်း ရေးဖော်ရေးဖက် သူငယ်ချင်းများနှင့် အတူ စာပေဟောပြောပွဲတွေ သွားခဲ့သည်။ နေရာစုံဒေသစုံရောက်ခဲ့သည်။ အစကနဦး ဟောပြောပွဲခရီးတွေ သွားခဲ့စဉ်က ရောက်ခဲ့သည့် အရပ်ဒေသရှိ စာဖတ်ပရိသတ်များနှင့် တွေ့ဖို့အချိန်ရလျှင် စာအကြောင်းပေအကြောင်း စကား ဝိုင်းဖွဲဖို့လောက်သာ စိတ်အားထက်သန်သည်။ ရည်ရွယ်ချက် ကြီးကြီးမားမားမရှိ သို့သော် စာပေဟောပြောပွဲ ခရိးတွေ သွားရဖန်များလာတော့ကျွန်တော့် အတွေးအမြင်တွေ ပြောင်းလဲသွားသည်။ ၂၁ ရာစုခေတ်ဦးတွင် ဂလိုဘယ်လိုက်ဇေးရှင်း(သို) ကမ္ဘာဆန်ခြင်းဟုသော အသံ၊ ထိုမှတစ်ဆင့် ကမ္ဘာကြီးပြားသွားပြီဆိုသော ယူဆချက်သည် ကျွန်တော်ဦးနှောက်ထဲသို့ တိုးဝင်လာချိန်တွင် ကျွန်တော်တို့တစ်တွေက ကိုယ့်နိုင်ငံအကြောင်း ဘယ်လောက်အထိ သိနေကြပါသလဲ။ တစ်ခါတစ်ရံတော့ နီးလွန်းတော့လည်း မမြင်ဘဲဖြစ်ရသည်။ အတွေးအမြင်ဖြန့်ကြက်ကိုစိတ်ဖြင့် အဝေးဆီသို့သာ လှမ်းမျှော်ကြည့်နေသော ကျွန်တော်တို့သည် ကိုယ့်ဝန်းကျင်နေရာများကိုတော့ သတိပြုဖို့ မေ့လျော့နေတက်သည်။
ကျွန်တော်တို့နိုင်ငံသည် ပြည်ထောင်စု မြန်မာနိုင်ငံဖြစ်သည်။ ပြည်ထောင်စုဆိုသည့်အတိုင်း တိုင်းရင်းသား လူမျိုးစုတွေ နေထိုင်ကြသည့် ပြည်နယ်တွေ ပေါင်းစု ပါဝင်လျက် ရှိကြည်သည။ ကျွန်တော်တို့သည် တိုင်းရင်းသား လူမျိုးစုများအကြောင်း၊ သူတို့နေထိုင်ကြသည့် ပြည်နယ်များအကြောင်းကို ပြည့်ပြည့်စုံစုံ သိဖို့လိုအပ်သည်။ ထိုကဲ့သို့ သိမှလည်း ပြည်ထောင်စုအတွင်းမှ နေထိုင်ကြသူအားလုံးကို မိသားစု အဝန်းအဝိုင်းထဲမှ ဆွေမျိုးတွေဖြစ်မှန်း နားလည်၍ ချစ်လာပါလိမ့်မည်။ ထိုမှတစ်ဆင့် တစ်ဦးအပေါ်တစ်ဦး အပြန်အလှန်ယုံကြည်မှု၊ နားလည်မှုတွေ တိုးပွားလာခဲ့ပြီး တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ခိုင်မြဲမည်ဖြစ်သည်။ စည်းလုံး ညီညွတ်မှလည်း မိမိတို့ လူ့အဖွဲ့အစည်း ရှေ့ တစ်ဆင့်မြင့်မားလာအောင် ဆောင်ရွက်နိုင်မည်ဟု ကျွန်တော် ယုံကြည်သည်။ ကျွန်တော်တို့ နိုင်ငံအတွင်းမှာ တည်နေရာ ဒေသဝန်းကျင် မြင်ကွင်းတွေကလည်း တစ်ခုနှင့်တစ်ခု မတူညီ။ မြေပြန့်နှင့် တောင်တန်းဒေသများ၊ အညာကျေးလက်၊ မြစ်ဝကျွန်တေးပေါ်၊ ပင်လယ်ကမ်းရိုးတန်း စသည်ဖြင့် ကွဲပြားလျက်ရှိသည်။ သည့်တော့ တစ်နိုင်ငံတည်းမှာ အတူတကွ နေကြသော်လည်း မိမိတို့နေထိုင်ရာ ပတ်ဝန်းကျင်တွင် အသက်မွေဝမ်းကျောင်းလုပ်ငန်း၊ ဓလေ့စရိုက်နှင့် ဘဝနေထိုင်မှုပုံစံတွေ ခြားနားသွားခဲ့သည်။ ထို့ပြင် ကျွန်တော်တို့နိုင်ငံ၏ သယံဇာတ ကြွယ်ဝမှုနှင့် သဘာဝ ပတ်ဝန်းကျင် ရှုခင်းများသည် နိုင်ငံတစ်နိုင်ငံကို အခြေခိုင်ရပ်တည်စေမည့် အင်အားများဖြစ်သည်။ ထိုအရာတွေအားလုံးကို ခရီးထွက်မှသာ တွေ့မြင်နိုင်သည်။
ခေတ်က ပြောင်းလဲသွားခဲ့ပြီး၊ ကျွန်တော်တို့သည် သမိုင်းစာမျက်နှာထဲမှာ ကျန်ရစ်ခဲ့သည့် ခေတ်ကို နေရစ်တော့ ခေတ်ဟောင်းဟု နှုတ်ဆက်ချိန်ပင် မရလိုက်။ လက်ငင်းရင်ဆိုင်နေရပြီး အရှိန်အနှုန်းမြင့် မြန်ဆန်နေသောခေတ်ထဲမှာ ရုန်းကန်လှုပ်ရှားနေကြရသည်။ ဤသို့ခေတ်အပြောင်းအလဲတွင် ကျွန်တော်တို့ ဒေသနယ်ပယ်အသီးသီးမှ လူတွေ၏ နေထိုင်မှု၊ ဘဝရှင်သန်မှုသည် အဘယ်သို့ ရှိမည်နည်း။ အလားတူ သဘာဝပတ်ဝန်းကျင် အပြောင်းအလဲနှင့် ပစ္စက္ခကာလထဲရှိ သယံဇာတ ကြွယ်ဝမှုအနေအထားသည် ဖြတ်သန်းပြီးခဲ့သည့် တစ်ခေတ်တစ်ခါနှင့် နှိုင်းယှဉ်လိုက်လျှင် သိချင်မြင်ချင်မိပါသည်။ ထိုကဲ့သို့ သိချင်စိတ်တွေ နှိုးဆွလာခဲ့တာကြောင့် စာပေဟောပြောပွဲတွေကို ခရီးမည်မျှဝေးဝေး အချိန်ယူ၍ သွားခဲ့ခြင်းဖြစ်သည်။  ကိုယ်သွားခဲ့သည့် ဟောပြောပွဲ ခရီးအတွေ့အကြုံအတွေးအမြင်နှင့် ခံစားမှုကို (အကြောင်းညီညွတ်လျှင်) ခရီးသွားဆောင်းပါးများ ရေးသားခဲ့ကြသည်။ အမှန်တော့ စာဖတ်ပရိသတ်အား မျှဝေခံစားနိုင်အောင် စာမျာက်နှာပေါ်မှတစ်ဆင့်  လက်ဆင့်ကမ်းလိုက်ခြင်း  ဖြစ်သည်။ သို့သော်လည်း တစ်ခါတစ်ရံတော့ စာရေးဆရာရေးခဲ့သော စာမျက်နှာတွေထဲမှ အချို့အကြောင်းအရာ အချက်အလက်များသည် မရည်ရွယ်ဘဲ သမိုင်းမှတ်တမ်းများအတွက် အထောက်အကူ ဖြစ်သွားတာမျိုးလည်းကြုံရသည်။ ဒါကလည်း သဘာဝကျသည်။ စာရေးဆရာ၏ လောကအမြင်သည် အတိတ်ကာလကို ငဲ့စောင်းကြည့်သော။ ပစ္စုပ္ပန်အခြေအနေကို စူးစိုက်လေ့လာသော၊ အနာဂတ်ကာလကို မျှော်မှန်းသော အကြည့်၊ ဆင်ခြင်သုံးသပ်ထားသော အမြင်အတွေးတွေ လွှမ်းမိုးထားလျက်ရှိပေသည်။....
ဆရာ၏ လောက အမြင်အကြောင်းလေးတွေ ကို ဖတ်ပြီး စာဖတ်ပရိသတ်များအနေနဲ့ စိတ်ဝင်စားလို့ ဝယ်ချင်တယ်ဆိုရင်တော့ အမြို့မြို့အနယ်နယ်ရှိ စာအုပ်ဆိုင်များတွင် ဝယ်ယူရရှိနိုင်ကြောင်း သတင်းကောင်း ပေးလိုက်ရပါတယ်...........

ခင်မင်စွာဖြင့်...



No comments: