Friday, February 25, 2011

လွင်ပြင်၊တောင်စဉ်တောင်တန်းများနှင့် ရွက်ကြွေတောသွား တောလား

5149661.jpg
5149672.jpg

မန္တလေးမှ စာရေးဆရာ ညိုထွန်းလူ ၏ ``လွင်ပြင်၊ တောင်စဉ် တောင်တန်းများနှင့် ရွက်ကြွေတောသွား တောလား`` စာအုပ်ကို 2010 ခုနှစ် ဒီဇင်ဘာလတွင် ပထမကြိမ်အဖြစ် စတင် ထုတ်ဝေဖြန့်ချီလိုက်ပါသည်။ ထိုစာအုပ်တွင် စာရေးဆရာ တစ်ယောက်၏ စာပေဟောပြောပွဲသွား ခရီးစဉ်များမှ  အတွေ့ အကြုံများကို ပေါင်းစပ်ရေးဖွဲ့ ထားပြီး စာဖတ်သူတွေ အတွက် အကြိုက်တွေ့လိမ့်မည် ထင်ပါသည်။ ဒါကြောင့် ဆရာ ညိုထွန်းလူ၏ ဤ``လွင်ပြင်၊ တောင်စဉ် တောင်တန်းများနှင့် ရွက်ကြွေတောသွား တောလား`` စာအုပ်မှ စာရေးဆရာ တစ်ဦး၏ ယခုမျက်မှောက်ခေတ်လောကကြီးမှာ ဖြစ်ပျက်နေတဲ့ လောက အမြင် အကြောင်းလေးကို စာအုပ် မိတ်ဆက် အနေနဲ့ ရေး သား ဖော်ပြ ပေးလိုက်ရပါသည်။  
 
စာရေးဆရာ၏ လောကအမြင်
တပေါင်းရွက်ဟောင်းတွေကြွေ၍ တန်ခူးရွက်နုသစ်တွေဝေသည့် ၂၀၀၇ ခုနှစ်မတ်လ၏ နေ့ရက်တစ်ရက်တွင် ကျွန်တော်တို့ ခရီးရှည်ထွက်ခဲ့ကြသည်။ ခရီးဦးတည်ရာကား ချင်းပြည်နယ်တောင်ပိုင်း ကန်ပက်လက်မြို့အနီးမှ နတ်မတောင် ဖြစ်သည်။ သွားရမည့်ခရိးကို ဝေးသည်ဟု ထင်မှတ်ထား၍ မြန်မာနိုင်ငံ မြေပုံကို ကြည့်ကာ ခရီးလမ်းကို ကင်းထောက်ရှာဖွေသည်။ သည်ခရီးကို သွားခဲ့လာခဲ့ပြီး ကျွန်တော်တို့တစ်တွေအား စေတနာမေတ္တာဖြင့် စရိတ်စက အားလုံး အကုန်အကျခံ၍ ပို့ဆောင်ပေးမည့် ဦးစိုးတင်နှင့် ဦးဘိုလေးတို့အား သိချင်တာတွေ မေးမြန်းရသည်။ တောင်ပေါ်ခရီးဖြစ်၍ လိုအပ်သည့် ပစ္စည်းတွေ ကြိုတင်ဝယ်ယူထားရသည်။ ခရီးမထွက်ခင်တစ်ရက်က မြန်မာနိုင်ငံမြေပုံကို ကြည့်ရင်း ထူးထူးအေးလွင် နှင့် ဆုလေးနွယ် ညီအစ်မနှစ်ယောက်ကို အမှတ်မထင်သတိရလိုက်သည်။ သူတို့ ညီအစ်မနှစ်ယောက်မှာ ထူးထူးအေးလွင်က (၆)တန်း၊ အငယ်ဆုံး ဆုလေးနွယ်က (၄)တန်း ကျောင်းသူကြီးတွေဖြစ်သည်။ သူတို့ ညီအစ်မနှစ်ယောက် အိမ်ကို ရောက်လာတိုင်း ကွပ်ပျစ်ပေါ်မှာ မြန်မာပြည်မြေပုံကိုချ၍ မြို့တွေ၏ တည်နေရာကို ရှာဖွေစေခဲ့သည်။ ဆိုကြပါစို့။ မြစ်ကြီနား၊ ဟားခါး၊ ဗန်းမောက်၊ ကျိုင်းတုံ၊ ရေကြည်၊ ကျောက်မဲ၊ ကျောက်ဖြူ၊ ထားဝယ်မြိ့များသည် မည့်သည့်တိုင်းနှင့် ပြည်နယ်များတွင် တည်ရှိကြသလဲ။ အချိန်တိုတိုအတွင်း အဖြေမှန် ရှာနိုင်သူကို ဆုပေးသည်။ သူတို့ ညီအစ်မနှစ်ယောက်စလုံး ဆုရချင်ဇောဖြင့် ရှာကြသည်။ ဒါပေမဲ့ အလေ့အကျင့် မရှိ၍ ရှာဖွေသည့်မြို့ကို အလွယ်တကူ မတွေ့၊ ခေါင်း တဗျင်းဗျင်း ကုတ်ရင်း တစ်နာရီခန့် ရှာဖွေပြီးမှ လိုချင်တာကိုရသည်။ ကျွန်တော်တို့ ငယ်ငယ်တုန်းကတော့ သည်လိုမဟုတ်။ လေးတန်းရောက်ကတည်းက မြန်မာပြည်မြေပုံကြည့်တက်ပြီး မြို့တွေနှင့် ထင်ရှားသော အမှတ်အသားများ တည်ရှိနေရာကို စိတ်ထဲမှာ စွဲမှတ်ထားပြီးပြီ။ တစ်ခါတစ်ရံ တစ်ယောက်နှင့်တစ်ယောက် ဖြန့်ခင်းထားသည့် မြေပုံစာရွက်ပေါ်မှာခေါင်းချင်းဆိုင်၍ အချိန်တိုအတွင်းမြို့တွေတည်ရှိရာကို ရှာဖွေကြသသည်။ ရှုံးသူက မုန့်ကျွေစတမ်း။ တစ်ယောက်က ပြောလိုက်သည်။ မြို့တည်နေရာကို သတ်မှတ်ချိန်အတွင်း မတွေ့လျှင်ရှုံးပြီ။ ထိုဉာဏ်စမ်းပြိုင်ပွဲတွင် ကိုယ်ကနိုင်၍ စားခဲ့ရသည်လည်း ရှိသည်။ ရှုံးတာကြောင့် မုန့်ကျွေးရတာလည်း ကြုံရသည်။ နောက်တော့ မုန့်စားရခြင်း မစားရခြင်းက အရေးမကြီး ရှုံးမှာကြောက်တာကြောင့် မြန်မာပြည်မြေပုံကို တစ်ယောက်ထည်း တိတ်တိတ်လေး ကြိုတင်ကြည့်၍ လေ့လာမှတ်သားသည်။ ထိုမှတစ်ဆင့် မျက်လုံးတွေချဲ့ကာ ကမ္ဘာမြေပုံကိုကြည့်ပြီး အပြိုင်အဆိုင် ဉာဏ်စမ်းခဲ့ကြသည်။ သည့်အတွက် ဘယ်လို အကျိုးကျေးဇူးတွေ ရခဲ့သလဲ။ တန်ဖိုးရှိသည့် အကျိုးရလဒ်တွေ ရခဲ့ပါသည်ဟုသာ ဆိုရပါမည်။ အရာရာကို စူးစမ်းလေ့လာပြီး သိချင်စိတ်နိုးကြားနေသော ကလေးတစ်ယောက်၏ ဦးနှောက်ထဲတွင် မိမိပတ်ဝန်းကျင်နှင့် မိမိနိုင်ငံ ပထဝီကို သိလာရသည်။ ထိုမှတစ်ဆင့် တစ်ဆင့်တက်သွားကာ နိုင်ငံသမိုင်းကိုလည်း စိတ်ဝင်စားလာခဲ့သည်။ အဲသည်နောက် အသိအမြင်တွေ တစ်ဆင့်ထက်တစ်ဆင့် တိုးတက်ဖွံ့ ဖြိုးလာကာ ကမ္ဘာ့နိုင်ငံများ၏ တည်နေရာနှင့် သမိုင်းသန္ဓေမျိုးစေ့ပေါက်ဖွားလာခဲ့သည်။ ထို့ပြင် ကိုယ့်နိုင်ငံအတွင်းမှာ အတူတကွနေထိုင်ကြသော တိုင်းရင်းသားမှားနှင့်တကွ သယံဇာတပစ္စည်းများအကြောင်း သိရှိနားလည်လာခဲ့သလို တိုင်းရင်းသားလူမျိုး စုများအပါ် ချစ်ခင်လေးစားမှု၊ သဘာဝပစ္စည်းတွေ ကြွယ်ဝသော မိမိနိုင်ငံအတွက် ဂုဏ်ယူဝံ့ကြွားမှုတွေ ရရှိလာခဲ့သည်။ ပြီးတော့ မြေပုံစာရွက်ထဲမှ မြို့တွေ၊ ရွာတွေ၊ မြစ်တွေ၊ ချောင်းတွေကို ရှာဖွေတက်လာသောအခါ မိမိကိုယ်ကိုယ် ယုံကြည်မှု၊ မိမိကိုယ်သာ အားကိုးမှုတွေ ပိုင်ဆိုင်လာခဲ့ကြသည်။ ကလေးတစ်ယောက်၏ နှလုံးသားနှင့် ဦးနှောက်စွမ်းအားကို မြင့်မားအောင် ပျိုးထောင်စေ့ဆော်ပေးခဲ့သည့် ငယ်ရွယ်စဉ်က သင်ကြားပေးခဲ့ကြသော ဆရာ၊ ဆရာမများကျေးဇူးကား ကြီးလှပါပေသည်။ ယခုခေတ် ကလေးငယ်တွေကို သင်ကြားပေးကြသော ဆရာ ဆရာမတွေ၏ ကျေးဇူးကိုတော့ ဘယ်လိုရှိမည် မသိ၍ ကျွန်တော်လည်း မပြောတက်။
ကျွန်တော်တို့အဖွဲ့ စီးလာသော ဟိုင်းလတ်ကားသည် အိပ်မှုန်ထနိုးခါစ မန္တလေးကို ကျောခိုင်း၍ စစ်ကိုင်းလမ်းအတိုင်း တောင်စူးစူးသို့ မောင်းနှင်လျက်ရှိသည်။ ခရီးလမ်းကြောင်း အစီအစဉ်က တံတားဦး၊ မြို့သာ၊ နဘူးအိုင်ကိုဖြတ်၍ မြင်းခြံသို့သွားကြမည်။ ထို့နောက် မြင်းခြံပုဂံဖြတ်လမ်းအတိုင်း ပုဂံသို့ သွားပြီး ပုဂံမှာ ကြိုတင်ရောက်နှင့်နေသည့် ကိုနေဝင်းမြင့်ကို ခေါ်၍ ခရီးဆက်ကြဖို့ အစီအစဉ်ဆွဲထားသည်။ မြင်းခြံပုဂံ ဖြတ်လမ်းကို သွားခဲ့ဖူးပေမယ့် တံတားဦးမြို့သာ၊ နဘူးအိုင်လမ်းကတော့ ကျွန်တော့အတွက်တော့ အစိမ်းသက်သက်ဖြစ်သည်။ ထို့ကြောင့် သည်ခရီးနှင့် သည်လမ်းအကြောင်းကို အတွေ့အကြုံရှိသည့် ကိုဆူးငှက်အား ဆရာတင်ထားရသည်။ သူက ကျွန်တော့်ထက် ခရီးအသွားအလာများသူ မန္တလေး၊ ပုဂံခရီးကို ရေလမ်း၊ ကုန်းလမ်းတို့မှ အခါက်ခေါက်အခါခါ ခရီးသွားခဲ့သူ။ ခရစ်နှစ် ၂၀၀၀ ခုနှစ်နောက်ပိုင်း ရေးဖော်ရေးဖက် သူငယ်ချင်းများနှင့် အတူ စာပေဟောပြောပွဲတွေ သွားခဲ့သည်။ နေရာစုံဒေသစုံရောက်ခဲ့သည်။ အစကနဦး ဟောပြောပွဲခရီးတွေ သွားခဲ့စဉ်က ရောက်ခဲ့သည့် အရပ်ဒေသရှိ စာဖတ်ပရိသတ်များနှင့် တွေ့ဖို့အချိန်ရလျှင် စာအကြောင်းပေအကြောင်း စကား ဝိုင်းဖွဲဖို့လောက်သာ စိတ်အားထက်သန်သည်။ ရည်ရွယ်ချက် ကြီးကြီးမားမားမရှိ သို့သော် စာပေဟောပြောပွဲ ခရိးတွေ သွားရဖန်များလာတော့ကျွန်တော့် အတွေးအမြင်တွေ ပြောင်းလဲသွားသည်။ ၂၁ ရာစုခေတ်ဦးတွင် ဂလိုဘယ်လိုက်ဇေးရှင်း(သို) ကမ္ဘာဆန်ခြင်းဟုသော အသံ၊ ထိုမှတစ်ဆင့် ကမ္ဘာကြီးပြားသွားပြီဆိုသော ယူဆချက်သည် ကျွန်တော်ဦးနှောက်ထဲသို့ တိုးဝင်လာချိန်တွင် ကျွန်တော်တို့တစ်တွေက ကိုယ့်နိုင်ငံအကြောင်း ဘယ်လောက်အထိ သိနေကြပါသလဲ။ တစ်ခါတစ်ရံတော့ နီးလွန်းတော့လည်း မမြင်ဘဲဖြစ်ရသည်။ အတွေးအမြင်ဖြန့်ကြက်ကိုစိတ်ဖြင့် အဝေးဆီသို့သာ လှမ်းမျှော်ကြည့်နေသော ကျွန်တော်တို့သည် ကိုယ့်ဝန်းကျင်နေရာများကိုတော့ သတိပြုဖို့ မေ့လျော့နေတက်သည်။
ကျွန်တော်တို့နိုင်ငံသည် ပြည်ထောင်စု မြန်မာနိုင်ငံဖြစ်သည်။ ပြည်ထောင်စုဆိုသည့်အတိုင်း တိုင်းရင်းသား လူမျိုးစုတွေ နေထိုင်ကြသည့် ပြည်နယ်တွေ ပေါင်းစု ပါဝင်လျက် ရှိကြည်သည။ ကျွန်တော်တို့သည် တိုင်းရင်းသား လူမျိုးစုများအကြောင်း၊ သူတို့နေထိုင်ကြသည့် ပြည်နယ်များအကြောင်းကို ပြည့်ပြည့်စုံစုံ သိဖို့လိုအပ်သည်။ ထိုကဲ့သို့ သိမှလည်း ပြည်ထောင်စုအတွင်းမှ နေထိုင်ကြသူအားလုံးကို မိသားစု အဝန်းအဝိုင်းထဲမှ ဆွေမျိုးတွေဖြစ်မှန်း နားလည်၍ ချစ်လာပါလိမ့်မည်။ ထိုမှတစ်ဆင့် တစ်ဦးအပေါ်တစ်ဦး အပြန်အလှန်ယုံကြည်မှု၊ နားလည်မှုတွေ တိုးပွားလာခဲ့ပြီး တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ခိုင်မြဲမည်ဖြစ်သည်။ စည်းလုံး ညီညွတ်မှလည်း မိမိတို့ လူ့အဖွဲ့အစည်း ရှေ့ တစ်ဆင့်မြင့်မားလာအောင် ဆောင်ရွက်နိုင်မည်ဟု ကျွန်တော် ယုံကြည်သည်။ ကျွန်တော်တို့ နိုင်ငံအတွင်းမှာ တည်နေရာ ဒေသဝန်းကျင် မြင်ကွင်းတွေကလည်း တစ်ခုနှင့်တစ်ခု မတူညီ။ မြေပြန့်နှင့် တောင်တန်းဒေသများ၊ အညာကျေးလက်၊ မြစ်ဝကျွန်တေးပေါ်၊ ပင်လယ်ကမ်းရိုးတန်း စသည်ဖြင့် ကွဲပြားလျက်ရှိသည်။ သည့်တော့ တစ်နိုင်ငံတည်းမှာ အတူတကွ နေကြသော်လည်း မိမိတို့နေထိုင်ရာ ပတ်ဝန်းကျင်တွင် အသက်မွေဝမ်းကျောင်းလုပ်ငန်း၊ ဓလေ့စရိုက်နှင့် ဘဝနေထိုင်မှုပုံစံတွေ ခြားနားသွားခဲ့သည်။ ထို့ပြင် ကျွန်တော်တို့နိုင်ငံ၏ သယံဇာတ ကြွယ်ဝမှုနှင့် သဘာဝ ပတ်ဝန်းကျင် ရှုခင်းများသည် နိုင်ငံတစ်နိုင်ငံကို အခြေခိုင်ရပ်တည်စေမည့် အင်အားများဖြစ်သည်။ ထိုအရာတွေအားလုံးကို ခရီးထွက်မှသာ တွေ့မြင်နိုင်သည်။
ခေတ်က ပြောင်းလဲသွားခဲ့ပြီး၊ ကျွန်တော်တို့သည် သမိုင်းစာမျက်နှာထဲမှာ ကျန်ရစ်ခဲ့သည့် ခေတ်ကို နေရစ်တော့ ခေတ်ဟောင်းဟု နှုတ်ဆက်ချိန်ပင် မရလိုက်။ လက်ငင်းရင်ဆိုင်နေရပြီး အရှိန်အနှုန်းမြင့် မြန်ဆန်နေသောခေတ်ထဲမှာ ရုန်းကန်လှုပ်ရှားနေကြရသည်။ ဤသို့ခေတ်အပြောင်းအလဲတွင် ကျွန်တော်တို့ ဒေသနယ်ပယ်အသီးသီးမှ လူတွေ၏ နေထိုင်မှု၊ ဘဝရှင်သန်မှုသည် အဘယ်သို့ ရှိမည်နည်း။ အလားတူ သဘာဝပတ်ဝန်းကျင် အပြောင်းအလဲနှင့် ပစ္စက္ခကာလထဲရှိ သယံဇာတ ကြွယ်ဝမှုအနေအထားသည် ဖြတ်သန်းပြီးခဲ့သည့် တစ်ခေတ်တစ်ခါနှင့် နှိုင်းယှဉ်လိုက်လျှင် သိချင်မြင်ချင်မိပါသည်။ ထိုကဲ့သို့ သိချင်စိတ်တွေ နှိုးဆွလာခဲ့တာကြောင့် စာပေဟောပြောပွဲတွေကို ခရီးမည်မျှဝေးဝေး အချိန်ယူ၍ သွားခဲ့ခြင်းဖြစ်သည်။  ကိုယ်သွားခဲ့သည့် ဟောပြောပွဲ ခရီးအတွေ့အကြုံအတွေးအမြင်နှင့် ခံစားမှုကို (အကြောင်းညီညွတ်လျှင်) ခရီးသွားဆောင်းပါးများ ရေးသားခဲ့ကြသည်။ အမှန်တော့ စာဖတ်ပရိသတ်အား မျှဝေခံစားနိုင်အောင် စာမျာက်နှာပေါ်မှတစ်ဆင့်  လက်ဆင့်ကမ်းလိုက်ခြင်း  ဖြစ်သည်။ သို့သော်လည်း တစ်ခါတစ်ရံတော့ စာရေးဆရာရေးခဲ့သော စာမျက်နှာတွေထဲမှ အချို့အကြောင်းအရာ အချက်အလက်များသည် မရည်ရွယ်ဘဲ သမိုင်းမှတ်တမ်းများအတွက် အထောက်အကူ ဖြစ်သွားတာမျိုးလည်းကြုံရသည်။ ဒါကလည်း သဘာဝကျသည်။ စာရေးဆရာ၏ လောကအမြင်သည် အတိတ်ကာလကို ငဲ့စောင်းကြည့်သော။ ပစ္စုပ္ပန်အခြေအနေကို စူးစိုက်လေ့လာသော၊ အနာဂတ်ကာလကို မျှော်မှန်းသော အကြည့်၊ ဆင်ခြင်သုံးသပ်ထားသော အမြင်အတွေးတွေ လွှမ်းမိုးထားလျက်ရှိပေသည်။....
ဆရာ၏ လောက အမြင်အကြောင်းလေးတွေ ကို ဖတ်ပြီး စာဖတ်ပရိသတ်များအနေနဲ့ စိတ်ဝင်စားလို့ ဝယ်ချင်တယ်ဆိုရင်တော့ အမြို့မြို့အနယ်နယ်ရှိ စာအုပ်ဆိုင်များတွင် ဝယ်ယူရရှိနိုင်ကြောင်း သတင်းကောင်း ပေးလိုက်ရပါတယ်...........

ခင်မင်စွာဖြင့်...



Saturday, February 5, 2011

အတိတ်နွေးနွေး

5001928.gif
ကျွန်မက တစ်ဖက်ရဲ့ ခံစားမှုအာရုံကို ဖမ်းနိုင်ဖို့ စိတ်မဝင်စားဘူး။ ကိုယ့်အာရုံပေါ်မှာပဲ တည်မှီနေတယ်။ တစ်ချိန်တုန်းက ဆိုရင် ကျွန်မဟာ သူတစ်ယောက်ရှေ့မှာ တစ်စုံတစ်ရာ ခံစားမှုနဲ့ ဖြစ်ချင်ဖြစ်နေနိုင်ပေမဲ့ ခုချိန်မှာတော့ ကျွန်မကို နှစ်တွေ၊ လတွေ၊ နေ့ရက်တွေက အချိန်ဆိုတဲ့ အောက်မှာ တိုက်စားပစ်ခဲ့ပြီးပြီ။ အဲဒီအချိန်တွေထဲမှာ ကျွန်မ သူ့ကို မေ့နေနိုင်၊ သူလည်း ကျွန်မကို မေ့နေလောက်ပြီပေါ့။
ပဋိပက္ခမယှက်ဘဲ ကိုယ့်လမ်းကိုယ် လျှောက်ခဲ့ကြတာ… ဆန်းမှ မဆန်းပဲ။ ကျွန်မတို့ နှစ်ယောက်ဟာ သာမန်ဘဝလေးမှာ သာမန်လူတွေမှ မဖြစ်ချင်ခဲ့ပဲနော်။ နှစ်ဦးစလုံး အများအတွက် ပေးဆပ်ခြင်းနဲ့ အဓိပ္ပာယ်ရှိတဲ့ နှစ်သစ်တွေကို အောင်မြင်စွာ တူးဖော်ချင်ခဲ့တာလေ…။
ကျွန်မတို့ရဲ့ ဝေးကွာခြင်းမှာ ကျွန်မ သူ့ကို အပြည့်အဝ နားလည်ခဲ့တယ်။ ဒါဟာ ကျွန်မရဲ့ ချစ်ခြင်းဆိုရင်လည်း ချစ်ခြင်းပဲ ထားလိုက်ပါတော့…။ နောက်ပြီး သူနဲ့ ကျွန်မကြားမှာ ရှိခဲ့ကြတဲ့ တံတိုင်းတချို့ကို ကျွန်မတို့ ဘယ်သူ့ဘက်ကမှ ကျော်မတက်ခဲ့ကြဘူး။ အဲဒီ တံတိုင်းတွေရဲ့ နောက်မှာ ချစ်ခြင်းနဲ့ အနည်းငယ် ဆန့်ကျင်နေတဲ့ မာနဆိုတာမျိုးလေးတွေလည်း ရှိနေနိုင်တာပေါ့။ ဒါပေမဲ့ ကျွန်မ ရိုးသားစွာ အာမခံနိုင်တာကတော့ လူတစ်ဦးကို မှန်းဆပြီး ရိုးသားစွာ  ချစ်ခဲ့ခြင်းပါပဲ။အဖြူထည်စိတ်နဲ့ အတိုင်းအတာ၊ အကန့်အသတ်ပုံရိပ်တွေမရှိဘဲ ရိုးရိုးလေးမြင်ပြီး ရိုးရိုးလေးပဲ ချစ်ခဲ့မိလို့ သူ့အချစ်ကို ရိုးရိုးလေးပဲ လက်ခံခဲ့တယ်ဆိုတာကိုတော့ သူ မေ့ပစ်မယ်လို့ မထင်ပါဘူး။
အမှတ်တရဆိုတာ သေချာဖော်ထုတ် စားသုံးရတဲ့ပစ္စည်း၊ ထုထည် မဟုတ်ပါဘူး။ သူ့နေရာ၊ သူ့အချိန် ဆုံမှတ်တွေက အမှတ်တရ ဆိုတာကို နည်းနည်းဖြစ်ဖြစ်၊ များများဖြစ်ဖြစ် တူးဖော်ပေးဆဲပါ။ သာမန်အချိန်တွေမှာတော့ ကျွန်မတို့နှစ်ယောက် တစ်ယောက်ကိုတစ်ယောက် မေ့နေတာက သေချာပါတယ်။ ရုတ်တရက်ဆိုတဲ့ ကိစ္စတွေက တစ်ခါတလေ တော့လည်း ကျွန်မကို သတိရစေဖို့ တိုက်တွန်းခဲ့တယ်ဆိုရင်…။
တစ်ဦးနဲ့တစ်ဦး လမ်းခွဲပြီးကြရင် ရင်ထဲက အပြီးတိုင် ထုတ်ပစ်နိုင်တယ်ဆိုတဲ့ ကိစ္စကို အရင်ကတည်းက ကျွန်မ မထောက်ခံခဲ့ဘူး။ ဘယ်လောက်ပဲ မုန်းမုန်း၊ အမုန်းစိတ်လေးနဲ့တော့ သူဟာ တစ်နေရာမှာ တွယ်ကပ်နေမှာပဲ။ ဘယ်လောက်ပဲ မေ့ပစ်နိုင်တယ်ပြောပြော၊ သူဟာ မေ့မရတဲ့ သတိရမှုပုံရိပ်တစ်ခုခုဟာ တစ်ထာင့်ထောင့်မှာတော့ အကြောင်းတစ်ခုခုနဲ့ တွယ်ကပ်နေမှာပဲ။ ကျွန်မစိတ်ထဲမှာ တစ်ထောင့်တစ်နေရာ တစ်ကန့်မှာ သူ ရှိနေနိုင်သလို သူ့ဆီရဲ့ အစိတ်အပိုင်းလေးတစ်ခုမှာ ကျွန်မကို အမြစ်တွယ်စရာ မရှိတော့ဘူးလို့ သူ သေချာပေါက် ပြောနိုင်သလား..။ ပြောနိုင်တယ်ဆိုလို့ရှိရင်လည်း သူ အနည်းငယ် ဟန်ဆောင်လိမ်ညာတာပဲ ဖြစ်နိုင်ပါလိမ့်မယ်။
ကျွန်မ သူ့ကို ဒီအချိန်မှာ မချစ်တာ မျိုးရှိသလို သူလည်း ကျွန်မကို မချစ်တော့ဘူးဆိုတာကတော့ နှလုံးက အလိုလိုသိပေမဲ့… ကျွန်မတို့နှစ်ယောက် တစ်ယောက်ကို တစ်ယောက် အပြီးပိုင် ဆုံးခန်းတိုင် မေ့သွားပြီဆိုတာကတော့ အမှန်တရားမဟုတ်ဘူးဆိုတာ ကျွန်မ သိတယ်လေ…။ ကျွန်မက ဒီလိုပြောလို့ သူ ငြင်းချင်သေးတယ်ဆိုရင်လည်း ငြင်းနိုင်ပါတယ်။ လူတိုင်းတော့ စိတ်အတွင်း စိတ်ရင်းအမှန်ကို ထုတ်ဖော်ပြသဖို့ အတော့်ကို ခဲယဉ်းပါတယ်။ တစ်ခါတလေတော့လည်း စိတ်ချင်းသိနေတာကြောင့် သူ့ရဲ့ ဟန်ဆောင် မျက်လုံးတွေကို ကျွန်မက အနားပေးခိုင်းထားခဲ့ပါတယ်။ အဲဒီမျက်လုံးတွေကို ကျွန်မက မကြည့်ချင်ဘူးလေ…။
ငယ်စဉ်ကတည်းက ရှေ့နေလုပ်တာ ဥပဒေ ရေးရာဆိုင်ရာတွေကို ဝါသနာပါခဲ့တာ အားလုံးဟာ လူတွေရဲ့ မျက်လုံးတွေကို သူများတွေထက် ပိုဖတ်တက်လို့ပေါ့။ ဒါကို သူကိုယ်တိုင်လည်း ယုံကြည်ထားပြီးသားပဲ။ အခုလည်း ကျွန်မက ဥပဒေအကြံပေးတစ်ယောက်ပဲ။ သူနဲ့ တွေ့စကတော့ စာမေးပွဲတွေ ဖြေတုန်း၊ ပညာတွေကို ယူရတုန်းပေါ့။ ခုတော့ သူတို့တွေရဲ့ လုပ်ငန်းတွေရှေ့မှာ မားမားမတ်မတ်နဲ့ သတ္တိရှိစွာ ရပ်တည်ပေးရမယ့်သူဟာ ကျွန်မပေါ့။ ဒါကို သူကိုယ်တိုင် မသိသလို ကျွန်မကိုယ်တိုင်လည်း မသိခဲ့ပါဘူး။ ကျွန်မတို့ဟာ ရုတ်တရက်မှ ရုတ်တရက် မထင်မှတ်ဘဲ ပြန်လည် တွေ့ဆုံခြင်းပါပဲ…။
ရှစ်နှစ်ဆိုတဲ့ ကာလရဲ့ အခြားတစ်ဖက်မှာ ကျွန်မရော သူရော လမ်းကြမ်းတွေကို ဖြတ်သန်းခဲ့ရပြီးပြီလို့ ထင်တယ်။ ဒါကြောင့် အရင်က စီးပွားရေးလောကထဲ စတိုးဝင်နေတဲ့သူဟာ… ခု ကုမ္မဏီတစ်ခုရဲ့ ရှယ်ယာဝင် ဒါရိုက်တာ တစ်ဦးအပါအဝင် ဖြစ်လို့ နေခဲ့ပြီ။ ဒီလိုဖြစ်သူ မရပ်မနား ကြိုးစားခဲ့မယ်ဆိုတာတော့ ကျွန်မခြွင်းချက်မရှိ ယုံမိတယ်။ အရင်က သူ  အလုပ်တွေ သိပ်များတိုင်း ကျွန်မကို ``ဖုန်းဆက်ပါဦး``လို့ အမြဲတမ်းသတိပေးခဲ့တယ်။ ကျွန်မကလည်း ချစ်သူဘဝမှာ စိတ်ထဲရှိပေမဲ့ ဖုန်းလေးတောင် ပုံမှန်ဆက်မပေးနိုင်ခဲ့ဘူး…။ များပြားလှတဲ့ သင်တန်းတွေနဲ့ စာမေးပွဲတွေကြားမှာ ကျွန်မ ခေါင်းမြှုပ်နေခဲ့တယ်။ ကျွန်မခေါင်းထဲမှာ အစဉ်သဖြင့် အမှတ်တရလေး အမြဲသိုလှောင်ထားတယ်ဆိုတာတော့ သူ ယုံကြည်ပုံမပေါ်ခဲ့ဘူး…။
ကျွန်မရဲ့ အတွင်းစိတ်ကို သူက မြင်အောင် ကြိုးစားကြည့်တယ်မရှိဘဲ ကျွန်မက သူ့အပေါ် တစ်ခါတစ်ရံ လုံးဝဂရုစိုက်ခြင်း မရှိဘူးလို့ စွပ်စွဲလေ့ရှိတက်တယ်။ ကျွန်မ သူ့ကို ခိုင်ခိုင်မာမာချစ်ပေမဲ့ ကျွန်မတို့ ရှေ့ဆက်လက်တွဲဖို့ မရနိုင်တဲ့ အကြောင်းရင်းတွေက တစ်သီတစ်တန်းသီဖွဲ့လာတယ်။ ဒါကို သူ သိသလို ကျွန်မလည်း သိခဲ့တယ်။ လက်ခံထားတယ်ဆိုရင် ပိုမှန်မှာပေါ့။ တစ်ခါတလေ သူက ရယ်စရာ ကောင်းသေးတယ်။ ကျွန်မကို သူ့ရဲ့ ထင်ကြေးတွေနဲ့ ``ကျွန်မက အရမ်းချစ်တက်ပေမဲ့ ၊ ပျော်ရွှင်မှုတွေ ပေးနိုင်ပေမဲ့ ဥပေက္ခာ ပြုထားတဲ့ အချိန်တွေက များလွန်းတယ် `` တဲ့။ ဥပေက္ခာဆိုတာ ကျွန်မဘက်မှာ ဘယ်တနုးကမှ မရှိခဲ့ပါဘူး။ ကျွန်မနှုတ်သိပ်မချိုတက်တာ၊ သူ့အကြိုက်တွေ အမြဲလိုက်လုပ်မပေးနိုင်တာ၊ သူနဲ့ နီးဖို့ သူနဲ့ တွေ့ဖို့ အမြဲမဖန်တီးနိုင်တာ၊ ဆုံးဖြတ်ချက်တွေကို မပြင်နိုင်တာတွေက ကျွန်မနဲ့သူနဲ့ကို ဝေးစေဖို့တဲ့လား…။
ကျွန်မ သူ့ကို Machlame Fee ရဲ့စကားလုံးလေး ပြောဖူးတယ်။ ဒီမယ် ကျွန်မ ပြောပြဦးမယ်၊ သူ သေချာနားထောင်မှ ဖြစ်မယ်နော်ဆိုတော့ သူက ခေါင်းညိတ်တယ်။ မိန်းမတစ်ယောက်ဟာ ဘယ်လောက်ပဲ ဉာဏ်ပညာ ထိုင်းမှိုင်း ထိုင်းမှိုင်း၊ ဘယ်လောက်ပဲ ဥပေက္ခာ ပြုထားတယ်ထင်ထင်၊ အချစ်အကြောင်းကို ယောကျာ်းတွေထက် ပိုနားလည်ပါတယ်။ ယောက်ျားတစ်ယောက်ဟာ ဘယ်လောက်ပဲ ဗဟုသုတပြည့်စုံသူပဲဖြစ်ဖြစ် အချစ်အကြောင်းကို တစ်ဝက်လောက်တောင် မသိတဲ့သူဖြစ်တယ်။ အဲဒီထဲမှာ သူလည်း ပါတယ်။ မယုံမရှိပါနဲ့။ ရှင်ဟာ ကျွန်မအချစ်၊ စိတ်ခံစားမှုကို ဘယ်တော့မှ နားလည်မှာလဲ..။ ``အချစ်ဆိုတဲ့အရာကို လူပုံအလယ်မှာ လူသိခံရအောင် ထုတ်ဖော်ပြသဖို့ ကျွန်မ ဝါသနာမပါဘူး။ ကျွန်မတို့ရဲ့ ချစ်ခြင်းတွေသာ စိတ်ထဲ အမြဲရှင်သန်နေဖို့ အရေးကြီးတယ်။ အဲဒီမျိုးစေ့ကို ကျွန်မ အမြဲရေလောင်းပေးနေပေမဲ့ သူက အဲဒီမျိုးစေ့လေးကို ရှင်သန်ဖို့ အခွင်အရေးမပေးတော့ဘဲ ခြောက်သွေ့သေဆုံးသွားပြီ အထင်နဲ့ မြေကြီးထဲက တူးဖော်ပစ်ဖို့ သူကိုယ်တိုင် ကြိုးစားခဲ့တာပဲ မဟုတ်လား ။
သူ့မှာ တခြားသူတွေနဲ့ မတူတဲ့အချက်တစ်ချက်ရှိတယ်။ အဲဒါက ညဥ့်နက်လေ ပိုလန်းဆန်းလေတဲ့။ အဲဒီလို အချိန်တွေမှာ သူက ကျွန်မကို မက်စက်စွာ၊ သတိပြင်းထန်စွာ လွမ်းနေပေမဲ့ ကျွန်မဟာ နှစ်ခြိုက်စွာ အိပ်ပျော်နေမယ် ဒါမှမဟုတ် စာကျက်နေမယ်၊ ဒါမှမဟုတ် စာအုပ်တစ်အုပ်ထဲမှာ စိတ်ရောက်နေမယ်၊ အလုပ်အကြောင်းတွေးနေမယ်ဆိုတာ သိရတိုင်း သူက ကျွန်မကို ခံပြင်းစိတ်နဲ့ မုန်းချင်မိတယ်တဲ့…။
သူ အဲဒီလို ပြောတိုင်း ကျွန်မ စိတ်ထဲ ပြုံးချင်မိတယ်။ ကျွန်မဘဝမှာ အတိုင်းအတာ တစ်ခုအထိ လေးလံနာကျင်နေရတဲ့ လောကဓံတရားတွေကို ခံနိုင်ရည်ရှိပေမဲ့ ကျွန်မ သူ့ကို သတိရတာတွေက ရင်ထဲမှာခံနိုင်ရည်မရှိခဲ့ဘူး ဆိုတာ သူမှ မသိပဲ။ အသည်းကွဲဖူးတယ် ဆိုတဲ့ သူက ဒီလောက်မှ ခံနိုင်ရည်မရှိဘူးလားလို့ မေးတော့ သူ မျက်မှောင်ကျုံ့သွားတယ်။ နောက်ပြီး သူနဲ့ ကျွန်မအကြား တိတ်ဆိတ်သွားခဲ့တယ်။ ဆိုင်ကယ်ပေါ်မှာ ခပ်မှိမှီထိုင်နေတဲ့ ကျွန်မ ဆံပင်တွေကို နားရွက်ကြား သူလက်နဲ့ ညှပ်ပို့လိုက်တယ်။ ကျွန်မနဲ့ တွေ့တိုင်း သူ အမြဲ ဒီလိုလုပ်လေ့ရှိတယ်။ သူနဲ့ ရည်းစားထားရတာ ငြီးငွေ့လားတဲ့…။ ကျွန်မ ခေါင်းရမ်းလိုက်တယ်။ တကယ်လားလို့ သူက ဆက်မေးတယ်။ ကိုယ့်ကို စာအုပ်တစ်လုပ်လောက်တောင် မမက်မော၊ သံယောဇဉ်မရှိခဲ့ဘူး မဟုတ်လား။ ကိုယ်တို့ နှစ်ယောက် ချစ်ခဲ့ကြပြီးရင် တစ်စုံတစ်ရာ အပြောင်းအလဲကို နှစ်ဖက်စလုံး မျှော်လင့်မှာပဲ။ အဲဒီပန်းတိုင်ကို ကိုယ်တို့ နှစ်ယောက်စလုံး မရောက်နိုင်ခဲ့ဘူး မဟုတ်လား။ ကိုယ့်ကို တစ်ခုခု ဆုံးဖြတ်ပေးပါတော့တဲ့။
သူ ဘာကို ပြောချင်နေသလဲ။ ဘာကို ဦးတည်နေခဲ့ပြီဆိုတာ ကျွန်မ ရိပ်စားမိသလို ရှိခဲ့တယ်။ ဘယ်အရာပဲဖြစ်ဖြစ် မပြောင်းလဲနိုင်ဘူးလို့ ကျွန်မ ဘယ်တော့မှ တရားသေ မမှတ်ထားပါဘူး။ ရှင် ပြောင်းလဲချင်နေပြီလား။ ဒါမှမဟုတ် ရှင် တစ်ခုခုဆီ ရွေ့လျားတော့မှာလားလို့ ကျွန်မ မမေးပါဘူး။
အချစ်ရယ်… တိတ်ဆိတ်ခြင်းရယ်… ဥပေက္ခာအဆင့်ထိ မဟုတ်သေးတဲ့ မသိကျိုးကျွံပြုခြင်းတွေရဲ့ နောက်ကွယ်မှာ မှော်မျက်ဝန်း ဒါမှမဟုတ် စုံထောက်တစ်ယောက်ရဲ့ မျက်ဝန်းတွေလိုမျိုး ရှိနေတယ်ဆိုတာ သူ မြင်ခဲ့ဖူးလို့လား။ တစ်စုံတစ်ရာအကြောင်းအရင်းတစ်ခုကြောင့် နေ့တစ်နေ့ရဲ့ ဖြစ်စဉ်တစ်ခုမှာ ပါဝင် ဝင်ရောက် ပတ်သက်ပြီး သူစိမ်းယောက်ျားလေးတစ်ဦးနဲ့ မိန်းကလေးတစ်ဦး လာရောက်တွေ့ဆုံခြင်းဟာ သူရော၊ ကျွန်မရော သေချာလုပ်ယူခဲ့တဲ့ ကိစ္စမှ မဟုတ်ပဲ။ အနာဂတ်ဆိုတာ ဘာမှန်းမသိ မြတ်နိုးခုံမင်စွာ ခံစားဖြစ်တည်ခဲ့ရတယ်။ ပုံမှန်မဟုတ်တဲ့ ရင်ခုန်လှုပ်ရှားခြင်းကို ကိုယ်တိုင် သိလိုက်ရတာ ရင်ထဲမှာ တစ်စုံတစ်ရာပင်ပန်းကြီးစွာသိပ်သိပ်သည်းသည်း ဖြစ်တာတွေကို အပျိုဖျန်းလေးလို ထုတ်ဖော်ပြသပေးမှ ရှင့်ကို ချစ်တာပါလို့ ရှင်ခံယူမှာလား…။
သူငယ်ချင်းတစ်ဦးရဲ့ မိတ်ဆက်ပေးမှုကြောင့် သိခဲ့ရပြီး ပထမဦးဆုံး မမြင်ဖူးတဲ့ နေ့မှာပဲ သူ့မျက်ဝန်းကို ကျွန်မ အမှတ်ရနေမိတယ်။ အဲဒီလိုပဲ နောက်ထပ် သတိထားမိတာတစ်ခုက သူ့အမေက ဖုန်းဆက်လာတယ်။ ခဏနေတော့ လာကြိုသွားတယ်။ လွတ်လပ်တဲ့၊ ကိုယ်ပိုင်ဆုံးဖြတ်နိုင်တဲ့အရွယ်မှာ အမေတစ်ယောက်ကိုယ်တိုင်လာကြိုတဲ့ ကားပေါ်မှာ ရိုကျိုးသေဝပ်စွာ ပါသွားတဲ့ သူ့ကို ကျွန်မ အမှတ်ရနေမိတယ်။

5001782.jpg

ဒုတိယတစ်ရက်မှာ ကျွန်မတို့ ဒုတိယ တစ်ခေါက်အဖြစ် ပြန်ဆုံကြပြန်တယ်။ ပရဟိတ လုပ်ငန်းလေးကို နိုင်သလောက် လုပ်နေကြတဲ့ ကျွန်မတို့ သူငယ်ချင်းတွေ အုပ်စုထဲကို သူ ပါလာတယ်။ မှတ်မှတ်ရရ အဲဒီနေ့က ချစ်သူများရဲ့ အမှတ်တရနေ့၊ ဒီလိုနေ့မှာပရဟိတ လုပ်ငန်းတစ်ခုကို ကျွန်မတို့ အဖွဲ အမြဲတမ်းလုပ်ဖြစ်ခဲ့တယ်။အဲဒီနေ့မှာ သူ ကျွန်မကို ပေးခဲ့တဲ့ လက်ဆောင်က ဘွန်ဇိုင်းပန်းပင်အပုလေး။ ချစ်စရာကောင်းတဲ့ အပင်ပုလေးမှာ ပန်းပွင့် ပန်းရောင်လေး နှစ်ပွင့် လှပစွာ နေရာယူလို့..။
အရပ် ငါးပေ နှစ်လက်မပဲ ရှိတဲ့ ကျွန်မကို ဘွန်ဇိုင်းပင်လေးနဲ့ တူတယ်ဆိုပြီး ဘွန်ဇိုင်းလို့ လျှို့ဝှက်နာမည်ကို သူက အဲဒီနေ့မှာပဲ ကင်ပွန်းတပ်လိုက်တယ်။ သူ့အရပ်ကတော့ ငါးပေ ရှစ်လက်မ ဆိုပြီး ကျွန်မနဲ့ အရပ်လာတိုင်းတယ်။
ကျွန်မတို့အဖွဲ့တွေ တောင်သမန်မှာ ပလတ်စတစ်တွေ၊ ကြွပ်ကြွပ်အိတ်တွေ သွားကောက်ကြတယ်။ ကားကို သူကိုယ်တိုင်မောင်းတယ်။ ကားမှန်လေးထဲကနေ နောက်ခန်းမှာရှိတဲ့ ကျွန်မကို မျက်ခုံးပင့်ပင့်ပြတာ ဟာသတွေကြားထဲမှာ ရယ်မောရင်း ကျွန်မကို ကြည့်တဲ့ မှန်လေးထဲက မျက်ဝန်းတစ်စုံက လှုပ်ရှားဖို့ ကောင်းခဲ့ပါတယ်။
ဒီလိုချစ်သူတွေရဲ့ အမှတ်တရနေ့မျိုးမှာ ချောကလက်စားဖို့၊ ချောကလက်ရဖို့ ကျွန်မ ငယ်စဉ်ကတည်းက ဘယ်တော့မှ စိတ်ကူး မယဉ်ဖူးဘူး။ အဲဒီနေ့မှာ ကျွန်မတို့အဖွဲ့က ဘိုးဘွားရိပ်သာ၊ သံဃာ့ဆေးရုံ၊ မိဘမဲ့ကျောင်းတွေမှာ တစ်ခုခု ပရဟိတလုပ်ဖြစ်ကြတယ်ဆိုတာ သူ့ကို ပြောပြတော့ သူက အားကျတယ်။ အမြဲတမ်းလည်း ပါဝင်ချင်ပါတယ်တဲ့။
နောက်ပြီး ကျွန်မတို့က မိုးဦးပေါက်ဆိုရင် အပင်တွေကို တက်နိုင်သလောက် စိုက်ကြတယ်။ သစ်ရွက်ခြောက်တွေက နွေရာသီမှာ ခြောက်သွေ့ပြီး တဖြုတ်ဖြုတ်ကြွေကျသွားတာကို နောင်တရတဲ့ပုံမပေါ်ပါဘူး ။ သူတို့က နောက်ထပ် ထွက်လာမယ့် ငယ်ရွယ်နုပျိုတဲ့ အဖူး၊ အညွန်တွေ၊ သစ်ရည်တက်တာတွေကို ကြိုဆိုနေကြမှာ အမှန်ပါပဲလို့ဆိုတော့ တောင်သမန်လေညှင်းကြားမှာ သူက လေသံခပ်တိုးတိုးနဲ့ ရယ်မောတယ်။ ပြီးတော့…
ကိုယ်တို့ကျတော့ရောဟင်.. လို့ ဘာမှန်းမသိတဲ့ မေးခွန်းကို မေးတယ်။ ဘာမကိုမေးတာ မှန်းအဓိပ္ပာယ်မသိတဲ့ ကျွန်မကို…
``ဝတ္ထုတွေထဲကလို ပြောရင် ကိုယ်လည်း အရွက်လေးတွေလို ပြန်လည်နုပျိုခွင့် ရချင်တာပေါ့။ လူတွေကကျတော့ ဘာလို့ မရနိုင်ကြတာလဲ``
``ရတာပေါ့၊ ဘာလို့ မရနိုင်ရမှာလဲ``
``ဆိုပါဦး``
``လူ့ဘဝရဲ့ ပျော်ရှင်နုပျိုမှု၊ ပြန်လည် ရှင်သန်မှုတို့ဆိုတာ လူများများထဲမှာ ရှာရင်တော့ တွေ့ရဖို့ ခဲယဉ်းတယ်။ ဟန်ဆောင်မှု ရှေ့တစ်မျိုး ကွယ်ရာတစ်မျိုး မနာလိုစိတ်၊ အတင်းအဖျင်းတွေက များလွန်းတယ်။ လူနည်းတဲ့ တောတောင်တွေ ၊ အပင်တွေ၊ ကျေးငှက်တွေထဲမှာ ရှာရင်လူ့ဘဝရဲ့ အနှစ်သာရ အမြုတေဖြစ်တဲ့ ပျော်ရွှင်ခြင်း အစစ်အမှန်၊ နုပျိုခြင်းအစစ်အမှန်ကို တွေ့နိုင်တယ်။ ဘင်သင်နင်မီးလ် ပြောသလို လူ့ဘဝရဲ့ အခြေခံအကျဆုံးအချက်က ပျော်ရွှင်မှုမဟုတ်ဘူးလား။ ပျော်ရွှင်ခြင်းမှာ နှစ်မျိုးရှိတယ်လေ။ ဉာဏ်ပညာနဲ့ ပျော်ရွှင်ခံစားခြင်း၊ အာရုံခံစားမှုနဲ့ ခံစားခြင်း၊ လူတွေ ဘယ်ပျော်ရွှင်မှုကိုပိုပြီး တပ်မက် မက်မောသလဲဆိုတာ သူလည်း သိမှာပေါ့…။ လူတွေ မရုန်းထွက်နိုင်တာ အာရုံခံစားမှုပျော်ရွှင်ခြင်း ဝဲဂယက်ထဲကပေါ့။ ဒါက ယောက်ျား၊ မိန်းမတွေအားလုံးနော်၊ ကျွန်မတို့ရော တစ်ချိန်ချိန်မှာ မသိလိုက်၊ မသိမသာ စီးမျောသွားနိုင်တာပဲ။ တချို့ကတော့ အဆုံးစွန်ထိ ရေတံခွန်အောက်ဆုံးထိ စီးမျောလိုက်ပါသွားကြတယ်။ အဲဒါကို သိသွားတဲ့ ကျွန်မတို့အတွက် ပျော်ရွှင်မှု၊ နုပျိုမှု အစားထိုးဖို့ သိပ်မခဲယဉ်းတော့ဘူးပေါ့…``
``ဘွန်ဇိုင်းက ကဗျာဆန်တယ်နော်`` လို့ ကျွန်မကို သူက ကောက်ချက်ချတယ်။ ဆက်ပြောတဲ့စကားကတော့…
``ကျွန်တော် သဘောကျတယ်``တဲ့ ။
သူ ကျွန်မကို ခပ်ရဲရဲ စူးစူးစိုက်စိုက် ကြည့်နေခဲ့တယ်လို့ ကျွန်မ ထင်တယ်။ ကျွန်မကတော့ အဲဒီမျက်ဝန်းကို တွန်းလှန်ဖို့ ပင်ပန်းမှု ဒဏ်ကို တစ်ဖက်က သူ မရိပ်မိအောင် ပြင်ဆင်ထားတယ်ဆိုတာ…။
အဲဒီနေ့က အမှတ်မထင် တောင်သမန်မှာ စကားတွေ ပြောဖြစ်ခဲ့ကြပြီး အမှောင်ရိပ်များ ယှက်သမ်းချိန်အထိ အမှိုက်တွေ အတူကောက်ခဲ့ကြတယ်။ ကျွန်မတို့ဟာ ချစ်သူတို့ရဲ့ အမှတ် တရနေ့မှာ ပန်းပွင့်လေးတွေကို ပန်းခင်းထဲမှာ ကဗျာဆန်ဆန် ခူးယူနေတာမဟုတ်ဘဲ အမှိုက်တွေကို အတူတူ ကောက်ခဲ့ကြတယ်။ တောင်သမန်က စုံတွေလေးတွေကြားမှာ စည်းကမ်းရှိတဲ့ စုံတွဲလေးတွေ ရှိသလို စည်းကမ်းမရှိ အမှိုက်တွေကို ဟိုပစ်ဒီပစ် ပစ်ကြတဲ့ စုံတွဲလေးတွေ တွေ့ရတယ်။ အဲဒီနေ့က အမှိုက်ပုံနားတစ်ခုက အဖြတ် ခြေထောက်ကို ပုလင်းကွဲစူးသွားတော့ ပလာစတာကို သူကိုယ်တိုင် အပြေးသွားဝယ်ပြီး ကပ်ပေးခဲ့တယ်။ ကျွန်မ သူငယ်ချင်းတွေက သူ့ရဲ့ ပြာပြာသလဲဖြစ်မှုကို စနောက်ခဲ့ကြတယ်။ အမှန်အတိုင်း ဝန်ခံရမယ်ဆိုရင် အဲဒီနေ့က သူရော၊ ကျွန်မရော ပျော်ရွှင်ခဲ့ကြတယ်။ တစ်ချိန်မှာ သူ ပြန်ပြောဖူးတာကတော့ သူ့ရဲ့ ပျော်ရွှင်မှုအစစ်အမှန်ကို လက်ပူးလက်ကြပ်ဖမ်းမိခဲ့တဲ့နေ့တဲ့…။ အဲဒီပျော်ရွှင်ခြင်းကို အာမခံကောင်းကောင်း ထားခွင့်ရချင်တယ်တဲ့…။
ကံတရားနဲ့ အနာဂတ်ဆိုတာ ကိုယ့်လုပ်ရပ်နဲ့ ဆိုင်ပေမဲ့ လူတိုင်း အတိအကျ မျှော်လင့်တဲ့အတိုင်း၊ ထင်မှတ်တဲ့အတိုင်းတော့ ဖြစ်ဖို့ ခဲယဉ်းကြတယ်။ သူနဲ့ ကျွန်မကတော့ မထင်မှတ်ဘဲ တွေ့ဆုံမှုကနေ မမျှော်လင့်တဲ့ ချစ်သူဘဝကို ရောက်ဖို့ဆိုတာ Memory ထဲက လုံးဝမရှိသေးတဲ့ အကန့်ဖြစ်နေတယ်။ သူများတွေ ပြောလေ့ ရှိတဲ့ ပုံရိပ်အလှည့်အပြောင်းတစ်ခုက အံ့သြစရာ ကောင်းလွန်းတယ်ဆိုသလိုပဲ သူနဲ့တွေ့ဆုံခြင်းဟာ ကျွန်မအတွက် အံ့သြစရာပေါ့။ ကျွန်မ ငယ်စဉ်ကတည်းက ရည်ရွယ်ချက်၊ ပန်းတိုင်၊ အိပ်မက်တွေက အမြဲရှိခဲ့တော့ အသေးအဖွဲက အစ စီမံကိန်းချပြီးမှ လုပ်တက်တယ်။ chess ကစားသလိုပေါ့။ ကိုယ် ထင်တဲ့အတိုင်း မဖြစ်ခဲ့ရင် တခြားတစ်နည်းနဲ့ ကောင်းအောင် လှည့်ကစားကြည့်တာပေါ့။ ဘယ်တော့မှတော့ စိတ်ဓာတ်မကျသလို ကျွန်မ နှလုံးသားက အပြင်ပန်းကြည့်တာနဲ့ တခြားစီဖြစ်ပြီး မနူးညံ့ခဲ့ဘူး။ နူးညံ့တယ်ဆိုရင်လည်း သေချာလုပ်ယူထားတဲ့ နူးညံ့ခြင်းတွေပဲ ဖြစ်မယ်။ ကျွန်မ ဘဝမှာ တစ်ခုပြီးတစ်ခု dream တွေနဲ့ ပြည့်နှက်နေတယ်။ အိပ်မက်ဆိုတာ ကိုယ်ဖြစ်ချင်တဲ့ ပုံရိပ်တွေကို လက်တွေ့ရအောင် ဖမ်းယူတာ ဆိုတော့ တော်တော်ကြိုးစားနိုင်မှ ရတာပါ။
သူက ကျွန်မရဲ့ အိပ်မက်ထဲမှာ မပါဝင်ပေမဲ့ သူ့ကို ကျွန်မ အိပ်မက်မက်ခဲ့တယ်။ အဲဒီ အိပ်မက်က ကျွန်မအတွက် ရာသက်ပန်၊ နှစ်ရှည် ပျော်ရွှင်ကြည်နူးမှု မရရှိနိုင်ဘူးဆိုတာ သိပေမဲ့ ကျွန်မ သူ့ရဲ့ တောင်းဆိုမှုကို လက်ခံခဲ့တယ်။ သူ့မေမေက မိန်းကလေးတစ်ယောက်ကို ချစ်လို့ ရည်းစားစကားပြောတော့မယ်ဆိုရင် သူ့ကို အရင်အသိပေးဖို့ ပြောတာကို ဖျက်သိမ်းပြီး သူ့သဘောနဲ့ ကျွန်မကို ချစ်ရေးဆိုလိုက်တယ်။
သူ့အမေပြောတဲ့စကားကို အံ့သြလို့…။
ဒါဆိုရင် သူက သူ့အမေကြိုက်တဲ့ မိန်းကလေးကိုမှ ရည်းစားစကားပြောခွင့်ရှိတာလား ဆိုတော့…။
မဟုတ်ပါဘူး…. တဲ့။
အဲဒီအချိန်စောစောပိုင်းတွေကတည်းက သူက အမေချစ်အပြင် ချစ်သူဆီကလည်း ချစ်ခြင်းကို ဂရုတစိုက် ပြင်းထန်စွာ လိုချင်ခဲ့တယ်ဆိုတာ ရိပ်မိခဲ့ပေမဲ့…..
ကျွန်မ သူ့ကို ချစ်မိသွားတယ်ဆိုပါတော့..
သူ ရေးပေးဖူးတဲ့ ပထမဦးဆုံးစာတစ်စောင်က…
``စိတ်တစ်ခုဟာ အဲဒီမှာ ဖိတ်လျှံခဲ့လို့…
အပြုံးတွေနဲ့ စီးမျောနုသစ်တဲ့ ပျော်ရွှင်ခြင်းတွေကို ဆောင်ယူပေးခဲ့တဲ့ မင်းကို ကိုယ်သိပ်ချစ်တယ်``​တဲ့…။
သူကလည်း ကဗျာဆန်ဆန်၊ အနာဂတ်ကို ကြိုမတွေးခဲ့တဲ့ ကျွန်မတို့ နှစ်ယောက်ဇာတ်လမ်းမှာ ဖြူစင်တဲ့ချစ်ခြင်းတွေနဲ့ပဲ ယှက်သန်းခဲ့တယ်။ ဖြူစင်ဖို့ ကြိုးစားကြတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မကိုယ်တိုင် သိနေတဲ့ သူဟာ ကျွန်မရဲ့ လက်တွဲဖော် အစစ်မဖြစ်နိုင်ဘူးဆိုတာသေချာသိနေခဲ့လို့ပဲ…။ ဒါကြောင့် အပြစ်ကင်းတဲ့ ချစ်ခြင်းကိုပဲ မွေးဖွားဖို့ မတိုင်ပင်ရဘဲ စိတ်ကူးမိတယ်။
ပုံမှန်ဆိုတဲ့ မိသားစု၊ အလယ်တန်းပြ ကျောင်းဆရာမတစ်ယောက်ရဲ့ သမီး၊ ဥပဒေ ကျောင်းသူတစ်ယောက်က ဘဝတစ်ခုကို ခိုင်ခိုင်မာမာ ရပ်တည်ဖို့အကြိတ်အနယ် ကြိုးစားနေရဆဲကာလတွေပေါ့။ ကျွန်မမှာ အဖေမရှိတော့ ဘူးလေ။ သူကတော့ မိဘအရိပ်တွေက ကြီးမားလွန်းတယ်။ ထင်ပေါ်လွန်းတယ်။ ဒါတွေဟာ မဖြစ်နိုင်ခြင်းရဲ့ လမ်းစဖြစ်သလို အဲဒီအရိပ်တွေအောက်က သူဟာ ဘယ်လိုမှ မကင်းလွတ်နိုင်သေးဘူး။ ဒါကြောင့် တစ်ချိန်ချိန်မှာ တစ်လမ်းစီလျှောက်ကြရမယ်ဆိုတာ ကြိုစဉ်းစားပြီးသားပဲ။ သူ့ဘက်ကရော သူလည်း ဒီလိုပဲ ဖြစ်ပါလိမ့်မယ်။ ကျွန်မတို့ အရာရာကို ကြိုတွက်နိုင်ပေမဲ့ ရင်ထဲကလာတဲ့ ကြိုမသိရတဲ့ နှလုံးသားက ပြဌာန်းချက်ကိုတော့ အလွတ်ရဖို့ ကျွန်မတို့က သိသိကြီးနဲ့ ကြိုးစားခဲ့ကြတယ်။ အမှန်တရားတစ်ခုကို အငြင်းဆန်နိုင်လို့လည်း ဖြစ်နိုင်ပါတယ်။
ကျွန်မတို့ကိစ္စကို သူ့မေမေက အရိပ်လို ကြည့်နေတာမို့ သိသွားတယ် ဆိုပါတော့…။ ကျွန်မ သူ့ကို စိတ်ဆိုးမိတယ်။ သိသွားအောင်များ သူ ဘာတွေ လုပ်နေခဲ့လို့လဲ.. ဆိုတော့ ဖုန်းပြောတာ၊ ဖုန်း Message တွေကို တွေ့သွားတယ်တဲ့…။ တကယ့်ကို ကလေးလေး တစ်ယောက်လို လိုက်လုပ်၊ လိုက်ကြည့်နေတဲ့ သူ့အမေကို စိတ်ညစ်မိသလို၊ သူ့သားရဲ့ဘဝကိုလည်း သူ့အမေကပဲ စိတ်တိုင်းကျ ဖန်တီးခဲ့တယ်။

**********

``ကိုယ်က ကောင်းကင်တွေကို သိပ်မြတ်နိုးတယ်။ ကြည့်နေရတာလည်း သဘောကျတယ်``
``ကောင်းကင်ဆိုတာ မော့ကြည့်ပြီးပဲ စိတ်ကူးယဉ်လို့ကောင်းတာလေ။ အဲဒီတစ်ခုက လွဲပြီး ဘာတစ်ခုမှ ထိတွေ့မှုမရှိ၊ဘယ်လိုမှလည်း လက်တွေ့ဆန်ဆန် ဆုပ်ကိုင်လို့ မရနဲ့၊ အဲဒါမျိုးကိုတော့ ကျွန်မ မကြိုက်ပါဘူး``
``လာပြန်ပြီ၊ ကိုယ်နှစ်သက်ရင် ဒီလိုပဲ``
ကျွန်မ အဲဒီလိုပြောလိုက်တာကို သူက  မကျေနပ်ဘူး။ ကျွန်မက သူကြိုက်ရင်၊ သူနှစ်သက်ရင် အကုန်လိုက် သဘောကျ ပေးရမယ့် ပုံပဲ။ ဒါတွေဟာ လုပ်ယူခြင်းပဲဖြစ်မှာ။ ကျွန်မသူ့ကို ယောက်ျားလေးဖြစ်နေတဲ့အတွက် လက်တွေ့ပိုဆန်စေချင်တယ်။ ပညာလည်း တော်ရဲ့သားနဲ့ မိဘအသိုင်းအဝိုင်းကြောင့် ခပ်အိအိလေးဖြစ်နေတဲ့ သူ့ကို အားမရခဲ့။ ဒီကြားထဲ သူက ဖက်ရှင်ဒီဇိုင်နာလည်း ဖြစ်ချင်သေးတယ်။ သူ့ရဲ့ အဲဒီဝါသနာကို ကျွန်မ လုံးဝ သဘောမတူခဲ့ဘူး…။
``ရှင်သာလေ အဲဒီလောကထဲ ဝင်သွားရင် အခြောက်ဖြစ်သွားမှာ သိလား`` လို့ ကျွန်မ ပြောလိုက်တာကို သူ့စိတ်ထဲ အတော်လေး ထိရှနာကျင်သွားခဲ့တယ်ဆိုတာ သတိမထားမိလိုက်ဘူး။ သူ့ရင်ထဲမှာ ကျိတ်ပြီး ခံစား ဆွေးမြည့် ခဲ့တယ်ဆိုတာ မသိခဲ့ဘူး…။
ဒီလိုနဲ့ ကျွန်မ ခရီးတစ်လကြာထွက်ရတယ်။ပြန်လာတော့ သူ့ပုံစံ ပြောင်းလဲနေပြီဆိုတာ ရိပ်မိခဲ့တယ်။ ဖုန်းဆက်ပြီး တွေ့ချင်လို့တဲ့။ ကျွန်မ သူ့အတွက် ခရီးပြန်လက်ဆောင်ပေးခဲ့တယ်။ သူက ကျွန်မကို ကော်ဖီတစ်ခွက် ကိုယ်တိုင် ဖျော်တိုက်ခဲ့တယ်။ အံ့သြစရာ ပထမဦးဆုံး ရောက်ဖူးတဲ့ သူ့အိမ်မှာပေါ့။ ဘယ်သူမှအိမ်မှာ မရှိကြဘူး။ သူ့အိမ်ရောက်မှ ခမ်းနားကြီးကျယ်တဲ့ အဆောင်အယောင်တွေကြောင့် နေရထိုင်ရ မလွတ်လပ်တော့သလိုတောင် ခံစားရတယ်။
အတိုချုံးပြီးပြောရရင်……
သူက ကျွန်မကို တောင်းပန်တယ်။ လိပ်ပြာလုံစွာ ရှိနေချင်တဲ့သူက ကျွန်မအပေါ်မှာ သစ္စာ စ မဖောက်ချင်ဘူး။ ဒါပေမဲ့ ကျွန်မခရီးသွားနေတဲ့ တစ်လအတွင်းမှာ သူ့မေမေ သဘောတူတဲ့ ကောင်မလေးတစ်ယောက်ကို ကြည့်ဖြူလိုက်ရတယ်။ သူမကတော့ အဆင့်တူ၊ ဂုဏ်တူ၊ တန်းညှိစရာမလိုတဲ့ သူမျိုးပေါ့။ နောက်ပြီး သူ့ကို အထင်ကြီးတဲ့သူ ၊ သူ ပြောသမျှ ပြီးစီးမယ့် သူလေးပေါ့။ နောက်ဆုံး တစ်ခွန်းပြောတာက ``သူ ချစ်တော့ မချစ်ဘူး``တဲ့။
အဲဒီစကားပြောဖို့ သူ့အိမ်မှာ ဖိတ်၊ စွန့်စားပြီး ပြောခဲ့ရတဲ့ သူ့ရဲ့ ပါးတွေလည်း ရဲလို့၊ ကျွန်မရဲ့ တုံ့ပြန်မှုကို ခပ်ကြမ်းကြမ်းလာမယ်လို့ မျှော်လင့်ထားပုံရတယ်။ သူတိုက်တဲ့ ကော်ဖီကို ကုန်အောင် သောက်သလို မုန့်လည်း ကုန်အောင် စားပစ်လိုက်တယ်။ ကျွန်မကို သူက နှစ်သိမ့်သလို ပြောပေမဲ့ သူ့ကိုတော့ ကျွန်မ ပြန်နှစ်သိမ့်မပေးနိုင်ခဲ့ဘူး။ ကိုယ်ကြိုက်ရာ လမ်းကို ရွေးချယ်ကြတာပဲလေ။ ကျွန်မတို့ ကြိုတင်သိထားတဲ့ ကိစ္စတစ်ခုကို အချိန်ကျရောက်လာပြီလို့ပဲ မှတ်ယူရင် အေးအေးဆေးဆေးပဲ ဝေးကွာခဲ့ကြတယ်။ ဒီလိုပဲ လှပလိမ့်မယ် ထင်ပါတယ်။
နောက်ထပ် သူ့ဆီက ဘွန်ဇိုင်းကို သိပ်ချစ်ပါတယ်လို့ ပြောတာကို ကျွန်မ ခေါင်းရမ်းရင်း ပြုံးပြမိတယ်။
``သူ`` အဲဒီနေ့က မျက်ရည်ကျမယ်ဆိုတာ ကျွန်မ ကြိုသိနေတယ်။ ကျွန်မကတော့ အဲဒီနေ့က ကောင်းကင်ကြီးကို အချိန်အကြာကြီးမော့ကြည့်နေမိတယ်။ သိပ်မကြာခင် သူတို့မိသားစု ရန်ကုန်ကို အပြီးပြောင်းသွားပြီလို့ သိရတယ်။ ဒါဟာ သူနဲ့ ပတ်သတ်ပြီးနောက်ဆုံး သိခြင်းပါပဲ။

*********

``ဘွန်ဇိုင်း``
``သြော်``
ကျွန်မနောက်မှာ ခပ်မတ်မတ်ရပ်ပြီး ကျွန်မကို သူက လက်ကမ်းပေးတယ်။
ရုတ်တရက် သူ့လက်တွေက နွေးနေပေမဲ့ ကျွန်မလက်တွေက အေးစက်နေတယ်။ သူက အရင်လိုပုံစံမဟုတ်တော့ဘဲ ပိုပြီးဘော်ဒီထွားလာသလို ပိုပြီးတည်ကြည်လာတယ်လို့ ထင်ရတယ်။ ကွာခြားနေတဲ့ သူ့အရပ်ကြောင့် ကျွန်မက အရင်လိုပဲ မော့ကြည့်ရဆဲ။ မန္တလေးကုမ္ပဏီဖွင့်ပွဲနေ့မှာ ပြန်ဆုံရတာမို့ ဝမ်းသာကြောင်းပြောရင်း သူ့ရဲ့အခန်းလေးထဲကို ကော်ဖီသောက်ဖို့ ဖိတ်ခေါ်တာကြောင့် လိုက်သွားတော့… အခန်းလေးဟာ သန့်ပြန့်တဲ့ ဒီဇိုင်းတွေနဲ့ သူ့ရဲ့ အလုပ်စားပွဲမှာ ဘွန်ဇိုင်းပင်လေး…။ ဧည့်သည် table စားပွဲပေါ်မှာလည်း ဘွန်ဇိုင်းပင်လေး…။ နံရံက ပန်းချီကားထဲမှာလည်း ပန်းအနီလေးတွေ အဆုပ်လိုက်ပွင့်နေတဲ့ ဘွန်းဇိုင်းပင် ပန်းချီကား။ မျက်လုံးရှေ့မှာ ရင်ထဲ နွေးထွေးစွာ စီးဆင်းသွားတယ်။ မသိချင်ယောင်ဆောင်နေတဲ့ မျက်ဝန်းတွေကို လွှဲဖယ်ချိန်မရအောင် သူက တည့်တည့်ရင်ဆိုင်ကြည့်တယ်။ ကျွန်မ လိုက်ခဲ့မိတာ မှားသွားပြီလားလို့ တွေးဆဲ…။ သူ ကိုယ်တိုင်ဖျော်ပေးတဲ့ ကော်ဖီခါးခါးပူပူလေး တစ်ခွက်ကို အာရုံစိုက်ထား သောက်နေဆဲ…။
``ဘွန်းဇိုင်း``
``ဟုတ်``
``အိမ်ထောင်ကျပြီလားဟင်``
``ဟင့်အင်.. သူရော..``
``မကျသေးပါဘူ။ ဟိုတစ်ယောက်နဲ့ အဆင်မပြေလို့ လမ်းခွဲလိုက်တာ ကြာပါပြီ``
``သြော်``
``ခုလို တွေ့ရလိမ့်မယ်လို့ ထင်တောင် မထင်ဘူး``
``ကျွန်မရောပဲ…``
``ကိုယ် ညစာလည်း လိုက်ကျွေးချင်သေးတယ်``
``ရပါတယ်။ နောက်မှပေါ့``
``ကျေးဇူးတင်ပါတယ်``
``ဘာအတွက်လဲ``
``ကုမ္ပဏီအတွက်၊ အရာအားလုံးအတွက်ပါ။ ဥပဒေနဲ့ ပတ်သတ်လာရင် ဘွန်ဇိုင်းက အရမ်းတော်တယ်ဆိုတာ ကိုယ်သိထားတယ်လေ``
သူ့အခန်းလေးကနေ နှုတ်ဆက်ပြီး ထွက်လာတော့ ကျွန်မတို့တွေ့ဆုံခြင်းဟာ မမျှော်လင့်ထားတဲ့ ကိစ္စတစ်ခုဖြစ်နေတယ်။
5002165.jpg
တီ… တီ… တီ…
ပိုက်ဆံအိတ်ထဲက ဖုန်းမှာ Message လေးတစ်ခု ဝင်လာတယ်။
Miss you, love you, Happy Valentine Day… တဲ့။
ဟယ် … ဟုတ်သားပဲ ။ ဒီနေ့ ဖေဖော်ဝါရီလ ၁၄ ရက်နေ့။ ``ချစ်သူများတို့ရဲ့ အမှတ်တရနေ့လေး `` ဆိုတာ ကျွန်မ မေ့နေခဲ့တာ..။ ဒီ Message လေးက အဝေးက ကျွန်မချစ်သူက ပို့ပေးလိုက်တာ…။
ခွင့်လွှတ်ပါချစ်သူ…။ ဒီနေ့ ချစ်သူကို အားနာနေမိတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်မရဲ့ စိတ်တွေ အတိတ်ဆီကို ခဏ ပြန်ရောက်သွားလို့ပါ…။
တစ်ခါတလေမှာ ဒီလိုပါပဲလေ။ လူတိုင်းဟာ အတိတ်ဆီကို ပြန်ရောက်သွားရင် ပစ္စုပ္ပန်ကာလတွေဆီက  ခေတ္တတော့ ရုန်းထွက်ပြေးသွားကြတာပါပဲ…။ ``မဟုတ်ဘူးလား ချစ်သူ``








ချောအိမာန်(မန္တလေး)
8-12-2010
Perfect Magazine
February -2011