Thursday, January 27, 2011

ခေတ်အကြောင်း

4939729.jpg
(၁)
အပြင်မှာ နွေရာသီက ခြစ်ခြစ်တောက်ပူတယ်။ အခန်းထဲက အဲကွန်းကလည်း ခဏပဲ အေးတယ်။ လှုပ်ရှားမှုပါမှ အလိုက်သင့် လေရတဲ့ ယပ်တောင်ကိုလည်း မတောင့်တမိဘူး။ သူငယ်ချင်းဆီက E-mail မဖတ်ရတာ ဘယ်လောက်တောင် ကြာပြီလဲ။ Center တစ်ခုကို သွားတော့လည်း အသုံးများနေလို့ Connection ကျနေတယ်တဲ့။ ကိုယ်မသိတဲ့ ကိုရီးယား ဝက်ဘ်ဆိုဒ်ထဲက ပုံတွေကြည့်မိလို့ မျက်စိနောက်ကုန်တယ်။ ရှာနေတဲ့ ဝက်ဘ်ဆိုဒ်က တက်မလာဘူး။ ဘေးက ကောင်မလေးကတော့ G Talk ပြောနေလိုက်တာ ဟန်ကျလို့ ၊ တစ်ကိုယ်လုံးကို လှုပ်ခါပြီး ရယ်နေတာပဲ။ နောက်ကျောက ဘောင်းဘီတိုနဲ့ မိန်းမကြီးကတော့ရန်ဖြစ်တာလား အောက်မေ့ရတယ်။ သူတစ်ယောက်တည်းပြောရင်း ဆူညံလို့။ အဆင်မေပြေနေတာကတော့ ကျွန်တော်တစ်ယောက်တည်း။
အပြင်ရောက်တော့ ပူပြန်ရော။ တချို့ကတော့ မိသားစုအလိုက် ဘာမှ မဝယ်ဘဲအအေးခံ လျှောက်ပတ်နေကြတာ။ မမျှတတာကတော့ ပူတဲ့နေရာ အလွန်ပူ၊ အေးတဲ့နေရာ အလွန်အေးနဲ့။ ပူပါတယ်ဆိုမှ မိုးကာသားလို ခပ်ပြောင်ပြောင်ကို စတိုင်ထုတ်ဝတ်ထားသေး။ နေကပူပူမှာ ဝတ်ထားတဲ့ အဝါရောင်ပြောင်ပြောင်က နေရောင်အောက်မှာ စူးရှလို့၊ စဉ်းစားသာကြည့်ကြတော့။ နယ်မှာ ဒီလိုအချိန်ဆို မန်ကျည်းပင်အရိပ်အောက် စာအုပ်လေးတစ်အုပ်နဲ့နှပ်ရတဲ့အရသာ ဘယ်လဲနိုင်မလဲ။ ဒီအချိန်ကတော့ သယ်ဆောင်လာတဲ့ လေပူတွေက ဖုန်မှုန့်တွေနဲ့အတူ မျက်နှာကို ရောပြွမ်းလာထိတော့တာပဲ။
ကြည့်မရဆုံးကတော့ အိမ်က ရေကန်ပဲ။ ပူလွန်းလို့ ရေချိုးမယ်ဆိုရင် ရေက ဟိုးကန်အောက် ထိနေပြီ။ ရှိသမျှလူကုန်က တက်သုတ်ရိုက် ချိုးသွားကြတာ။ ကိုယ့်ဖို့ ဆိုရင် ဗလာနတ္ထိပဲ။ ဒီခေတ်ကြီးထဲ အေးအေးဆေးဆေးကို လုပ်လို့မရတော့ဘူး။ ကိုယ်က အိမ်နေတဲ့သူ အေးဆေးမှဆိုတာနဲ့ ခုတော့ မအေးဆေးတော့ဘူး။ ပူလောင်နေပြီ။ အိမ်ရှေ့ ပိုက်ခေါင်းလေး သွားဖွင့်ကြည့်တာ ပိုက်ခေါင်းမှာ ရေတောင်စွတ်စိုမနေဘူး။ အဲဒါကြောင့် နွေကြီးကို မုန်းတာ။ အားလုံးအတူတူပါပဲ။ နွေက အမှန်အတိုင်းဆို သူ့အလုပ်သူလုပ်နေတာပါ။
ညနေရောက်တော့ အပူရှိန်အနည်းငယ်သက်သာလို့ အပြင်ထွက်တာ သူငယ်ချင်းတစ်ယောက် ရုပ်ရှင်ရုံထဲက ထွက်လာပြီး လက်လှမ်းပြတယ်။ ထူးဆန်းနေတယ်။ ဒီကောင် ရုပ်ရှင်မကြိုက်ဘူးဆိုတာ သိတယ်။ သူ့အဖြေက အိမ်မှာ မအိပ်နိုင်လို့ ရုပ်ရှင်ရုံထဲ ပိုက်ဆံပေးပြီး မကြည့်ဘဲ သွားအိပ်နေတာတဲ့။
ဒီအချိန်မှာ ဗစ်တာခင်ညိုရဲ့ နွေရောက်ပြီလေ ဆိုတဲ့ သီချင်းကြားမိရင် ပိုတောင် စိတ်ပျက်မိသေးတယ်။ ဘာမှ အာရုံမလာတဲ့အပြင် စေးထန်းထန်းဖြစ်နေတဲ့ ခန္ဓာကိုယ်ရဲ့ ချွေးနံ့ကို အရေခွံခွာပစ်ချင်နေတယ်။ ၈၄ လမ်းမှာ သူငယ်ချင်းရဲ့ ခန်းဆီးစတွေရောင်းတဲ့ ဆိုင်ဘေးမှာ လူစည်ကားနေတယ်။ နယ်ကလာပုံရတဲ့ အမျိုးသမီးရော၊ ဘုန်းကြီးရော၊ သားရေပိုက်ဆံအိတ် ချိုင်းကြားညှပ်ထားတဲ့ အမျိုးသားရော၊ ဟန်းဖုန်းနဲ့ ဈေးစကားပြောနေတဲ့ ခပ်ငယ်ငယ် အမျိုးသမီးရော ၊ ဘာမှ သိနားလည်ပုံမရသေးတဲ့ အဘိုးကြီးနဲ့ နောက်လိုက်နှစ်ယောက်၊ ပစ္စည်းတွေ ချတဲ့သူတွေကချ၊ တင်တဲ့သူတွေကတင်၊ ဆိုင်ပြင်မှာ တဒုန်းဒုန်းစမ်းနေတဲ့ မီးစက်တွေ၊ ရေမော်တာတွေ ရောင်းကောင်းနေတာ အားကျစရာကြီးပဲ။ ကျွန်တော့်သူငယ်ချင်းလင်မယားက ထိုင်ငေးနေတယ်။ ဟုတ်တော့ ဟုတ်ပါရဲ့။ ခုလိုအချိန်မှာ ဇာခန်းဆီအလှတွေကို ဘယ်သူတွေက တပ်နေမှာတုံး။ သူတို့ စီးပွားရေး ဈေးကွက် ရှာတက်ပုံမရသေးဘူး။
လက်ဖက်ရည်ဆိုင်တွေ စည်နေတုန်းပဲ။ ခေတ်စနစ်အရ တီဗွီလေးထား၊ ဘောလုံးပွဲလေးပြ ပိုစည်ကားတာပေါ့။ ကျွန်တော်ကတော့ ဝါသနာမပါဘူး။ လက်ဖက်ရည်ဆိုင်မှာ တစ်ခါတလေ စာပေအကြာင်းလေးကိုပဲ သန့်သန့်လေး ပြောချင်တယ်။ အချိန်ကုန် ရမယ့်အတူတူ အားလုံးအတွက် အကျိုးအမြတ်ရှိတာလေးပြောကြရင် ပိုကောင်းတာပေါ့။ ကျွန်တော်ကတော့ ကမ္ဘာကြီးကို ငြိမ်းချမ်းစေချင်တာပါပဲ။ စိန်ခေါ်မှုတွေ၊ ပုတ်ခတ်မှုတွေ၊ လေပြင်းတွေကြားက ရုန်းထွက်နိုင်ရင် အကောင်းဆုံးပဲ။  ဘယ်သူဘာပြောပြော ကိုယ့်အသင်း အနိုင်ရမယ်ဆိုတဲ့ စိတ်ဓာတ်က တကယ့်အားကစားစိတ်ဓာတ်မှ မဟုတ်တာ။ အားလုံးဟာ သူ့အလုပ်သူ လုပ်နေသလို၊ ကိုယ့်အလုပ်ကိုယ် လုပ်နေကြတာပါပဲ။ အမြင်ကြည်လင်မှ ငြိမ်းချမ်းမယ် မဟုတ်ဘူးလား။ ခုလို လက်ဖက်ရည်ဆိုင်မှာဘောပွဲ ကိစ္စနဲ့ ငြင်းကြခုံကြတာ ထသတ်တော့မယ့်အတိုင်းပဲ။
ထလာလို့်တော့ အေးရောဘာမှမကြားရတော့ဘူး။ အိမ်ရောက်တော့ မိန်းမက မေတ္တာသုတ်ရွတ်ပြီး ပါးစပ်က လောစပီကာလုပ်ချင်နေပြီ။ သူမလုပ်ခင် ကိုယ်က အရင်လုပ်လိုက်တယ်။ ဗီရိုထဲက အရက်ပျံပုလင်းယူခဲ့ဆိုပြီး သမီးကို အော်ပြောလိုက်တော့မှ ပျာယီးပျာယာနဲ့ ဘာဖြစ်လာတာလဲတဲ့။ ဒူးကွဲကို အရက်ပျံထည့်ရင်း မှုတ်နေလိုက်တယ်။ သမီးက ဖေဖေ ဘယ်ချောင်တိုးလာလို့လဲတဲ့။ မေးပုံက။ ချေင်ာတိုးတာ မဟုတ်ဘူးဟေ့။ လမ်းပေါ်က သွားတာပါပဲ။ ညည်းဆိုင်ကယ်က လမ်းပေါ်က ချိုင့်ကြီးထဲ ရေကုန်းသောက်လို့ ဇောက်ထိုးမိုးမျှော်ဖြစ်ပြီူး ဒူးကွဲလာတာ။ နောက်က ကားတက်မကြိတ်တာ ကံကောင်းဆိုတော့မှ မိန်းမက ကျွတ်ကျွတ်တဲ့… သနားပုံက…။


4939733.jpg
(၂)
နောက်တစ်နေတော့ ခြေထောက်ဒဏ်ရာနဲ့ ဘယ်မှ မသွားဖြစ်ဘူး။ သမီးငှားထားတဲ့ မဂ္ဂဇင်းအထူကြီးတစ်အုပ်ကို ပျင်းပျင်းနဲ့ လှန်မိတယ်။ ရုပ်ပုံတွေကြားက မာတိကာကို စိတ်မောစွာ ရှာမိတယ်။ ကိုယ်ဖတ်ချင်တဲ့ ခေါင်းစဉ်လေး မရှာတွေ့ပေမယ့် စာမျက်နှာနံပါတ်တွေက ဘယ်ချောင်မှာ အိပ်နေလဲမသိဘူး။ တော်တော်နဲ့ ရှာမတွေ့ဘူး။ ဒေါသက အလိုလိုနေရင်း ထွက်လာရော။ ဒီကြားထဲ လက်မောင်းမှာ ဆေးမင်ကြောင်တွေ အပြည့်ထိုးပြီး Face wash ကြေညာထားတဲ့ပုံကို ကြည့်ပြီး တော်တော် စိတ်ပျက်သွားတယ်။ သူကတော့ နိုင်ငံခြားကလို ညှို့ဓာတ်ပြင်းတဲ့စတိုင် ရိုက်ထားတာပါ။ နောက်တစ်ခုကတော့ နွေရာသီစတိုင်ဆိုပြီး ခေတ်ကို သားသားနားနား တင်ဆက်ထားတာပါ။ သားမွေးထာတဲ့ သားသားတွေ့ရင် အဲဒီစာမျက်နှာမှာ နားနားနေမှာသေချာလို့ပါပဲ။
ခေတ်မီတာလား ဘာလား မသိဘူး နှာခေါင်းစိန်တပ်၊ သွားစိန်တပ်၊ ချက်စိန်တပ် ခေတ်တွေပဲ တကယ် ပြောင်းကုန်တာလား။ အသားကပ်နဲ့ ရိုက်ထားတဲ့ မမရဲ့ ပေါင်ဖြူဖြူ ဖွေးဖွေးတွေက အတိုင်းသား၊ အပြင်မှာဆိုရင်တော့ ကျွန်တော့်ရင်ဘတ်တွေ တဆတ်ဆတ် တုန်နေမလား မပြောတက်ပါဘူး။ ဒီဇိုင်းတွေကတော့ အမျိုးမျိုး၊ စာရွက်အမိုက်စားတွေနဲ့ အဲဒါကို ကျော်ဖြတ်ပြီးတော့မှပဲ ကျွန်တော်ဖတ်ချင်တဲ့ ဆောင်းပါးလေးကို နှစ်မျက်နှာစာ နောက်နားမှာ တွေ့ရတယ်။ အဲဒီအချိန်မှာ ကျွန်တော့်လက်တွေ ညောင်းလာပြီ။ စာအုပ်ကြီးက လေးလွန်းလို့ Relax မဖြစ်တဲ့အပြင် နောက်ကျောတွေပါ တက်လာတယ်။
``ဖုန်းခေါ်နေတာ ကြာလှပြီ၊ ဘယ်လိုကြီးလဲ ပြတ်တောင်း၊ ပြတ်တောင်းနဲ့ မနက်ဖြန် လာခဲ့မယ်။ ဘာ မကြားဘူးလား၊ ဒါတောင် အပြင်ထွက်ပြောနေတာ။ ဒီထက်တော့ မကျယ်နိုင်တော့ဘူးဟေ့။ ရပ်ကွက်က ခဲနဲ့ပေါက်လိမ့်မယ်``။
မျက်နှာချင်းဆိုင် ဝရန်တာက စီးဝင်လာတဲ့အသံကြောင့် မော့ကြည့်မိပါတယ်။ ဒီလိုပါပဲ။ ဟန်လုပ်ပြီး ကျယ်ကျယ်ပြောနေတာ မဟုတ်ဘူး။ တကယ့်ကို အကျယ်ကြီးပြောနေရတာ။ ခေတ်သစ်မှာ လူနေမှုတွေ မြင့်မားလာတာ ကျွန်တော့်ဖုန်းကိုတော့ မိန်းမ ပေးထားတယ်။ ရှုပ်လွန်းလို့။ သူက ဖုန်းနဲ့ လေပစ်ချင်နေတာ၊ အတော်ပဲ။ ဖုန်းခကျ သူပေးပေါ့ ရှင်းရော။ နောက်ဖေးအိမ်က သူ့သားတွေ ဖုန်းကြေးတစ်သိန်းကျော် ရှင်းလိုက်ရလို့တဲ့။ ဟန်းဆက် တသစ်တစ်ခါပေါ်တိုင်း လဲလို့တဲ့။ ဒါလည်း ခေတ်မီနည်းတစ်မျိုးပဲ။ အမေလုပ်သူကိုယ်တိုင်က ပါးစပ်ကသာပြောတာ ဘာမှမတားတာ ပေးပေါ့ လို့ပဲ စိတ်ထဲ ပြောလိုက်တယ်။
တောင်ဘက်အိမ်ကတော့ သူ့သား U.S ကပြန်လာတာ ကြွားပဲ မပြီးနိုင်ဘူး။ ပေးသမျှလည်း ထုတ်ပြ၊ သားကိုလေ ခုမြန်မာပြည်ရောက်တုန်း ကောင်မလေးတွေကို ဝိုင်းဝိုင်းလည်နေတာပဲ။ ဒါနဲ့ ပြောထားရတယ်။ သိတယ်မဟုတ်လား။ ခုခေတ်ကောင်မလေးတွေက ခပ်ကဲကဲရယ် အိမ်ကနေကို မပြန်ချင်ဘူး။ ကျွန်တော်ကတော့ ခေါင်းပဲ ငြိမ့်လိုက်တယ်။
အဲဒီနေ့က ကျွန်တော့သမီး ကျောင်းစာအုပ်တွေ မဂ္ဂဇင်းတွေကြားက အခွေ CD တစ်ချပ် ထွက်လာတယ်။ သမီး ဘာခွေငှါးထားလဲ ကြည့်လိုက်တော့ မျက်လုံးတင် မကဘူး ရင်ဘတ်ထဲက ကလီစာတွေပါ ပြူးထွက်ကုန်တယ်။ ဒေါသနဲ့ တုန်လှုပ်မှု ပေါင်းပြီး ၊ သမီးကို ခေါ်မေးတော့ ``ဖေဖေကလည်း လန့်လိုက်တာ၊ ဘာများလဲလို့၊ အဲဒါ နောက်ဖေးအဆောင်က မမဒေစီတို့အဖွဲ့တွေကြည့်ပြီး မအားလို့ သမီးကို ပြန်အပ်ခိုင်းထားတာ``
သမီးက ဘာမှသိပုံမပေါ်တဲ့ အရိုးသားဆုံးမျက်လုံးလေးနဲ့ ဖြေတယ်။ ကြည့်စမ်း ဒါ ကျွန်တော့်သမီးကို အသုံးချတာ။ ခုမှ သမီးက အသက်တစ်ဆယ့်နှစ်နှစ်ရှိသေးတာ။ ဖေဖေအပ်လိုက်မယ်။ သမီး စာကျက်ဆိုတော့ .. သမီးကလည်း ဘာမှမပြောဘူး။ ကျွန်တော် မျက်နှာပူစွာနဲ့ပဲ အခွေကို လမ်းထိပ်မှာ သွားအပ်လိုက်တယ်။ ဆိုင်က ကောင်လေးက ပြုံးစိစိနဲ့ ၊ ရှိစေတော့။ ဒီနေရာမှာ သမီးဆိုရင် ဘယ်လိုလုပ်မလဲ။ ခေတ်အကြောင်းကို သိရမှာ တဖြည်းဖြည်း ကြောက်လာတယ်။
လမ်းထဲကို ချိုးဝင်လာတဲ့ ကားမီးရောင်ကြောင့် ဘေးကပ်ရပ်လိုက်တယ်။ တော်နေ တစ်နာက နှစ်နာဖြစ်မှာစိုးလို့၊ ခဏနေတော့ ကားပေါ်က ကောင်မလေး စတီးချိုင့်လေးနဲ့ ဆင်းလာတယ်။ စကားပြောကြတယ်။ အလုပ်ပြန်တာကို လိုက်ပို့ပုံရတယ်။ ညက ရှစ်နာရီခွဲနေပြီ။ ဒါလည်း ခေတ်မီနည်းတစ်မျိုးပဲ။ ကောင်မလေးက ရှေ့နားက လမ်းလေးထဲ ချိုးကွေ့ဝင်သွားတယ်။ ကျွန်တော် အဲဒီကားနားက အဖြတ် ကျွန်တော့်နာမည်ကို ခေါ်လိုက်တာကြောင့် ကားထဲစောင့်ကြည့်မိတယ်။
``ဗုဒ္ဓေါ…. ကျောင်းတုန်းက သူငယ်ချင်း အရင်းခေါက်ခေါက်ကြီးပါလား။ သူက တအံ့တသြနဲ့၊ ကျွန်တော့်ကို ဒီလမ်းထဲ့နေမှန်းမသိဘူးတဲ့။ ကျွန်တော့်စာတွေကိုတော့ တွေ့တယ်၊ ဖတ်တယ်တဲ့ ဟုတ်လား မဟုတ်လားတော့မသိဘူး။ သူ့ကြည့်ရတာ ဝလာသလိုပဲ။ ဒါနဲ့ ခင်ဗျားအမျိုးသမီးရောဆိုတော့ ဆုံးတာ တစ်နှစ်ရှိပြီတဲ့။ အံ့သြစရာပဲ သူ့အမျိုးသမီးက ဘာမှန်းမသိတဲ့ရောဂါနဲ့ ဗိုက်နှစ်ခါခွဲခံရပြီး ဆုံးသွားတာတဲ့။  သူပြောတာနဲ့ ကိုယ့်ဗိုက်တောင် နာချင်သလိုလိုဖြစ်ပြီး ပွတ်မိတယ်။ ကျွန်တော့်ကို ပြောသွားသေးတယ်။ တစ်ခုခုခွဲမယ်ဆိုရင် ဗေဒင်အရင်မေးတဲ့။ ဖွ၊လွဲပါစေ ဖယ်ပါစေ။ ခုတော့လည်း သူ့ကြည့်ရတာ အငယ်လေးနဲ့ စိတ်ချမ်းသာနေပုံပဲ။ ခေတ်လူတွေရဲ့ နှလုံးသားအာဟာရကို လိုက်မခံစားတက်ပါဘူး။ ဦးနှောက်တွေ အရမ်းအလုပ်လုပ်သူလေးတွေနဲ့ နှလုံးသား ရေဆာသူကြီးတွေနဲ့ အဆင်ပြေနေတာပေါ့။ လောကကြီးမှာ ရေသောက်နေသူနဲ့ ရေဖြည့်သူ အမြဲရှိနေပါလားလို့ သိလိုက်တယ်။ ဒါလည်း ခေတ်မီခြင်းတစ်မျိုးနေမှာလို့ပဲ ခပ်ပေါ့ပေါ့ တွေးလိုက်တယ်။
အပြင်က အပူက မသက်သာတော့ ကျွန်တော်တို့ ယောက်ျားသားတွေလည်း အင်္ကျီမကပ်တော့ဘူး ။ အမျိုးသမီးကလည်း ကျွန်တော့်ညီမနှစ်ယောက်နဲ့ အသက်အရွယ်မတူပေမယ့် ဝတ်ပုံစားပုံက တန်းတူကျတယ်။ ဂါဝန်ကားကားကြီးတွေကို ဝတ်ပြီး ဟိုသွား ဒီသွား သွားနေတာပဲ။ အိုက်လွန်လိးု့တဲ့။ တက္ကသိုလ်တက်နေတဲ့ ညီမအငယ်ကို တော့ တော်တော့်ကို ကြည့်မရတော့ဘူး။ ဟိုးအရင်က ဒီလောက်မဟုတ်ဘူး။ ခုခေတ်ကျမှ စတိုင်တွေ အင်တုနိက်အားတိုက် ပြောင်းလဲလာတာ။ သူတို့ကတော့ ကိုရီးယားစတိုင်တဲ့ သူတို့လူနေမှုအတင့်အတန်းနဲ့ ဒီက ဘာဆိုင်လို့လဲ။ ဒီပြောင်းလဲမှုကတော့ အမြန်ဆန်ဆုံးပဲ။ အဝတ်အစားနဲ့ ဆံပင်စတိုင်တွေ တစ်ကားပြသွားတိုင်း ကျန်ရစ်နေခဲ့တော့တာပဲ။ သူတို့ကားတွေထဲမှာ ဘယ်လိုအောက်ခြေကနေ စကြိုးစားပြီး၊ အောင်မြင်သွားတယ်ဆိုတဲ့ အသိပညာပေးတွေ အများကြီးပါတယ်။ ဒီကိစ္စကျ ပြောစမှတ်တွင်အောင် မကျန်ဘူးဗျ။ အိမ်က အမျိုးသမီးတွေ ပြောရင်လည်း အလုအယက်။ သိပ်မကြာဘူး အဲဒီထဲက အဝတ်အစေားအတိုင်း လိုက်ဝယ်၊ လိုက်ချုပ်ကြတော့တာပဲ။ ထားပါတော့ဗျာ။ ပြောရင် များကုန်လိမ့်မယ်။ အဓိက က ညီမအငယ် တိုနံ့နံ့ အင်္ကျီတွေနဲ့ တိုနံ့နံ့ဘောင်းဘီတွေ ဝတ်တဲ့ကိစ္စ။ အစ်ကိုရှေ့မှာ ကုန်းပြီး ထမင်းစားနေတာ မရိုမသေ့စကား နောက်ကနေ ဖြတ်သွားဖြတ်လာတောင် အသားရော ၊ အတွင်းရော မြင်နေရတာ။ ဒါကတော့ လွန်လွန်းတယ်။ စိတ်ရှိလက်ရှိနဲ့ ထိုင်ခုံကို ဆောင့်ကန်ပစ်လိုက်တယ်။ မျက်ရည်ဝဲပြီး ငိုမဲ့မဲ့ဖြစ်သွားတယ်။ နောက်တစ်ခါတွေ့ရင် သတ်ပစ်မယ်လို့ ကြိမ်းဝါးထားတယ်။ ကျွန်တော့်သမီးကို ဒီလိုယဉ်ကျေးမှုမရှိတဲ့ပုံစံတွေ မကူးစက်စေချင်ဘူး။
အကြီးမက ဘဏ်မှာလုပ်တာဆိုတော့ သိပ်ပြောစရာမရှိဘူး။ ကျွန်တော်တို့မှာ မိဘမရှိတော့ ကိုယ်ကပဲ လူကြီးလုပ်နေရတယ်။ ဒီလိုကိစ္စတွေက ကျွန်တော် စာရေးတဲ့အတွေးတွေကို ပျက်စီးစေတယ်ဗျာ။ သူငယ်ချင်း တစ်ယောက်ကတော့ အဲဒါလည်း မင်းအတွက် ကုန်ကြမ်းတစ်မျိုးပဲတဲ့။ ဒါလည်း ဟုတ်တာပဲ။ မြင်မြင်သမျှ အကုန် ကုန်ကြမ်းဆိုရင်လည်း မကောင်းတော့ဘူး။
ခေတ်က ဖွင့်ဟပြတော့လည်း အကုန်မြင်ရ သိရတာပေါ့လေ။ အကုန်သိရတော့ လည်း တစ်နည်းမကောင်းပြန်ဘူး။ စိုးရိမ်စိတ် ဒီဂရီတွေက မြင့်မားလာတယ်။ နောက်တစ်ခုရှိသေးတယ်။ မိဘတွေကိုယ်တိုင် သားသမီးတွေကို နိုင်ငံခြားပို့ချင်ကြတယ်။ ဘယ်လောက်ကုန်ကုန် စည်းစိမ်ပြုတ်လည်း ကိစ္စမရှိဘူးဆိုတာ ပါသေးတယ်။ အဲဒါ မိဘတွေက သားသမီးဆီက မျှော်လင့်တာလေ။ မကောင်းဘူးလို့ မဆိုလိုပါဘူး။ ဟို….. သူများနိုင်ငံမှာ ကျောထောက်နောက်ခံ ရှိရင်တော့ တစ်မျိုးပေါ့။ လွယ်တာမှတ်လို့။ ဟိုရောက်မှ အခက်တွေ့ပြီး မျက်နှာငယ်ပြီး အဆင်မပြေလို့ ပြန်လာရတာ အများကြီး ။ သူတို့ကတော့ တုံးတိုက်တိုက် ကျားကိုက်ကိုက်ဆိုတဲ့ ပုံစံမျိုး။ သေချာလို့ဆိုရင် တစ်မျိုးပေါ့။ ခုတော့ သူများယောင်တိုင်း လိုက်ပါနေကြတာ။ ရပ်ကွက်ထဲ လမ်းထဲမှာလည်း ပတ်(စ်)ပို့ သွားလုပ်ကြတာ နေ့စဉ်နေ့တိုင်းပဲ။ အချင်းချင်းမေး။ တချို့ ကြက်တူရွေးက တော်တော် မယ်ဘော်က ကဲဆိုတာမျိုး ဘေးက သမီးလုပ်တဲ့လူက ဒီကိစ္စနဲ့ ပတ်သက်ပြီး အင်းမလှုပ်၊ အဲမလှုပ်။
``အမလေး ပတ်(စ်)ပို့လုပ်တာ သူ့သူငယ်ချင်းတွေက နိုင်ငံခြားထွက် အလုပ် လုပ်ကြပြီလေ။ သူ့ကိုလည်း လှမ်းခေါ်လို့ သမီးက နောက်လဆို သွားရတော့မှာ ပတ်(စ်)ပို့ရုံးမှာ နိုင်ငံခြားထွက်မယ့်လူတွေ အများကြီးပဲ။ ရှင်တို့မိသားစု လုပ်ထားကြပါလား``
``တော်ပါပြီဗျာ၊ သူများနိုင်ငံမှာ ကျွန်တော်က အလုပ်လုပ်ဖို့ ဝါသနာမပါဘူသး။ အလည်လောက်သာ သွားချင်တာ။ မသွားဖူးပေမယ့်လည်း ဘယ်နိုင်ငံက ဘယ်လိုဆိုတာတော့ သိအောင် လေ့လာထားရတာပေါ့ဗျာ``
အဲဒီအမျိုးသမီးက သူ့သမီး နိုင်ငံခြားသွားတော့မယ့်အကြောင်း လည်ပြောနေတာပဲ။ ဒါပေမဲ့ အခု တစ်နှစ်လောက်၇ှိရော့မယ်၊ ဘယ်မှလည်း မထွက်သေးပါဘူး။ သူ့သူငယ်ချင်းဆိုင်ကယ်နောက်က ပါသွားလိုက်၊ ယောက်ျားလေးတွေနဲ့ စကားပြောနေလိုက်၊ ဒါပဲတွေ့တာပဲ။ တစ်ခါတလေ CD OK ကိုမိုက်နဲ့ အော်ကြီးဟစ်ကျယ်ဆိုသံ ကြားရသေးတယ်။
ကျွန်တော့်ကို မဟုတ်တာတွေချည်း ဖိပြောနေတယ်လို့ ထင်ဦးမယ်။ တချို့ လူငယ်တွေကြတော့လည်း အသက်အရွယ်နဲ့ မလိုက် တော်ကြပြန်ရော။ လူမှုဆက်ဆံရေးလည်း ကောင်းတယ်။ မိဘတန်ဖိုးကို နားလည်တယ်။ ပိုက်ဆံတန်ဖိုးကို သိတယ်။ ပရဟိတလုပ်ငန်းတွေကို ကိုယ်တိုင်ပါဝင်ဆောင်ရွက်တယ်။ ဘဝအသိဉာဏ်ပညာ မြင့်မားအောင် နေ့စဉ်နဲ့အမျှ ကြိုးစားနေကြတယ်။ ဒီလိုလူငယ်တွေအတွက်ကတော့ အလိုလိုနေရင်းကို ကြိုဆိုချင်နေတာ။ အခြေခံကောင်းတယ်လို့ပဲ ဆိုရမှာပေါ့။
ကျွန်တော်ဖြစ်စေချင်တာက အာရုံလိုက် လမ်းလွဲမှားမှုတွေဘက် ရောက်သွားမှာကို စိုးရိမ်ဆုံးပဲ။ အသီးအပွင့်တွေ ရိတ်သိမ်းခံရရင် မျိုးတုံးသွားသလိုမျိုးပဲ။ သူတို့ ဉာဏ်ရည်တွေကို မျိုးမတုံးစေချင်ဘူး။ လူငယ်ဆိုတာ ဖွံ့ဖြိုးစ အပင်ငယ်လေးတွေလိုပဲ။ အထက်ကို ငွားငွားစွင့်စွင့်နဲ့ ရှင်သန်စေရမယ်။ ခေတ်နဲ့အတူ လူငယ်တွေပေါ့။ ရေစီးထဲ မျောပါရင်း လိုက်ပြောင်းလဲသွားမှာကို မလိုလားဘူး။ ကိုယ့်မှာယုံကြည်ချက်၊ ရည်ရွယ်ချက်၊ မျှောလင့်ချက်ကတော့ ရှိသင့်တာပေါ့။ ဖြစ်စေချင်တဲ့ဆန္ဒနဲ့ ဖိပြောနေတာပါဗျ။ ကျွန်တော့်သမီးလေးရဲ့ ခေတ်က ဘယ်လိုတွေလာဦးမလဲမသိဘူး။ ဒီခေတ်မိန်းကလေးတွေ ဝတ်တဲ့ အဝတ်အစားတွေကိုကြည့်ရင်း သမီးပူဆာလာမယ့်တစ်နေ့ကို ရင်မောနေမိတယ်။ အဖေ့အနေနဲ့ များများပေးနိုင်တာဆိုလို့ စာနဲ့စကားတွေပဲ ရှိလိမ့်မယ်။ မတင့်တယ်တဲ့ အဝတ်အစားမျိုးဆိုရင်တော့ အဖေ လက်ရှာင်ရလိမ့်မယ်။
ခေတ်ရဲ့ သမီးပျိုတွေက ရဲတင်းတယ်၊ သွက်လက်တယ်၊ သိပ်ပြီး ဘာမှ ဂရုမစိုက်တက်ဘူး။ ကျောင်းစိမ်းလေးနဲ့ သွားနေတဲ့ သမီးကို ဖြူစင်တာတောသိပေမယ့် တစ်စွန်းတစ်စ ညစ်နွမ်းသွားမှာ စိုးမိတယ်။
ညရောက်တော့ အိမ်ဘေးက မီးစက်အကြီးက တဒုန်းဒုန်း စမြည်ပြီ၊ စာရေးဖို့ ခုံပေါ်ထိုင်ပြီး အားယူနေတုန်း….
``ဖေဖေ ဘရက်ပစ်နဲ့ အင်ဂျလီနာက ဗီယက်နမ်က ကလေးတစ်ယောက်ကို ထပ်မွေးစားလိုက်ပြန်ပြီတဲ့။ တွမ်နဲ့ကိတ်ကလည်း အိမ်အမျိုးမျိုးပြောင်းနေကြတာ မိုက်သလားမမေးနဲ့။ ဘရစ်နေးစပီးယားအကြောင်း သိပြီးပြီလား ဖေဖေ။ စက်ကပ်ကြေးနဲ့ ကိုယ့်ဟာကိုယ် ကတုံးရိတ်တယ်၊ ပြီးတော့ ဓာတ်ပုံဆရာရဲ့ ကားမှန်ကို ရိုက်ခွဲလိုက်တယ်။ သူ့ယောက်ျား ကင်ဗင်နဲ့ အတူ ကလေးတွေကို ပူးတွဲစောင့်ရှောက်ဖို့ လျှောက်ထားတာတဲ့။ စိတ်ရူးပေါက်သွားလို့ ဆေးရုံတင်လိုက်ရတယ်တဲ့။ ဘရစ်နေးစပီးယားက စိတ်ကျရောဂါ ဝင်နေတယ်တဲ့``
``မတော်သေးဘူးလား သမီး၊ အဖေ စာရေးတော့မယ်``
``ဖေဖေများ သိချင်မလားလို့ပါ။ လေကုန်ခံပြီးလည်း ပြောရသေးတယ်။ ဖေဖေက စာရေးနေတဲ့သူဆိုတော့ ခေတ်အကြောင်းကို မျက်ခြည်မပြတ် သိထားဖို့ လိုတယ်။ ဖေဖေတို့ ခေတ်အကြောင်းကို မလေ့လာရင် တစ်ခါလာလည်း ဒီပုံစံ ၊ တစ်ခါလာလည်း ဒီပုံစံဖြစ်နေမှာပဲ``
ကဲ….. မှတ်ကရော သမီးက ကျွန်တော့်ကို ခေတ်နဲ့ အဆက်ပြက်နေတဲ့ ဘိုးတော်ကြီးပေါ့။ ကောင်းပါပြီ။ ခုကျွန်တော် စ, ရေးမယ့် ခေါင်းစဉ်ကို ပြင်လိုက်ပြီ။
``ခေတ်အကြောင်း`` လို့ ။

ချောအိမာန်(မန္တလေး)
ရုပ်ရှင်အမြူတေမဂ္ဂဇင်း။၂၀၀၇။
ရေညှိတက်သွားတဲ့ တိမ်မြူခိုး

Tuesday, January 11, 2011

စီးဆင်းသွားတဲ့ မြစ်နှစ်စင်း


ကျွန်မ ကားမောင်းနေရာမှ အရှိန်ကို လျှော့လိုက်တယ်။ ခပ်ဝေးဝေးမှာကတည်းက လူစုစုနဲ့ မြင်နေရတာမို့ ယာဉ်တိုက်မှုတစ်ခုဆိုတာတော့ သေချာနေတယ်။ ကားအသွားအလာကလဲ ပြတ်တဲ့နေရာမို့ ကျွန်မကားကို အမိအရ လှမ်းတားပုံရတယ်။ အချိန်က နောက်ကျနေပေမဲ့  ကျွန်မကားကို ရပ်လိုက်တယ်။ ကျွန်မနားကို အမျိုးသား နှစ်ယောက်ပျာပျာနဲ့ ရောက်လာတယ်။
``ညီမရေ… ကူညီပါအုံး… ဒီမှာ ယာဉ်တိုက်မှုဖြစ်လို့ ကလေးနှစ်ယောက်ကို ဆေးခန်းဖြစ်ဖြစ်ပို့ပေးပါနော်`` ကျွန်မ လှမ်းကြည့်လိုက်တော့ လမ်းပေါ်မှာ ကောင်လေးနှစ်ယောက် တစ်ယောက်က လက်မှာ ဒဏ်ရာရသွားတယ်။ သွေးထွက်နေတယ်။ ကျန်တဲ့တစ်ယောက်က ဝတ်ထားတဲ့ ဂျင်းဘောင်းဘီ စုတ်ပြတ်ပြီး ဒူးခေါင်းက ဒဏ်ရာက ဒဏ်ရာက သွေးထွက်နေတယ်။ နှစ်ယောက်စလုံး တော်တော် နာနေပုံရတယ်။ သူတို့စီးလာတဲ့ ဆိုင်ကယ်အကော့ကြီးကိုတော့ လမ်းဘေးထောင်ထားတယ်။ ကျွန်မက ခေါင်းငြိမ့်လိုက်တော့ သူတို့နှစ်ယောက်ကိုတွဲခေါ်ပြီး ကျွန်မကားပေါ် တင်ပေးလိုက်တယ်။ ဆိုင်ကယ်ကို အခြား လူတစ်ယောက်က အိမ်ပို့ပေးလိုက်မယ်တဲ့။ ကျွန်မက သူတို့ကို ဆေးခန်းပို့ပေးပြီး အိမ်ပြန် ပို့ပေးလိုက်မယ်ဆိုတော့ သူတို့တွေအားလုံး အရမ်းကျေးဇူးတင်သွားကြတယ်။
ကျွန်မကားကို လာလမ်းအတိုင်းပြန်ကွေ့လိုက်တယ်။ ကောင်လေးနှစ်ယောက်က ကားပေါ်မှာ တအားအားတကျွတ်ကျွတ်နဲ့ ပါလာတယ်။ မှန်ထဲကနေ ကြည့်လိုက်တော့ နှစ်ယောက်လုံး နားကပ်တွေနဲ့။ တစ်ယောက်က ရှေ့ဆံပင်အဖျားက မျက်စိပေါ် တဝဲဝဲကျနေတယ်။ နောက်တစ်ယောက်က မျက်မှန်ကို သူ့ရဲ့ဆံပင် ထောင်ထောင်တွေပေါ် ပင့်တင်ထားတယ်။ နှစ်ယောက်စလုံး ဂျင်းဘောင်းဘီနဲ့…. ။
``နေမိုး ငါမကျေနပ်ဘူး၊ အဲဒီကားထဲက ကောင်တွေ့လို့ကတော့ အသေပဲ``
``အသားလွတ်ချည်းကို ကပ်တိုက်သွားတာ ငါကားမှတ်မိတယ်၊ သိပ်ရှာစရာ မလိုပါဘူး။ နေနှင့်အုံးပေါ့၊ ရဲရင့်ဆိုတဲ့ကောင်ကလဲ ငါသွေးထွက်သလို ပြန်ထွက်တာမြင်ရမှ ကျေနပ်မဲ့ကောင်ပါ``
``အား… နာလိုက်တာကွာ၊ ဆိုင်ကယ်ကလဲ အတော်ပြင်ရမှာ``
``ကျွတ်.. သွေးတအားထွက်တာပဲ… တဆစ်ဆစ်နဲ့ ဖြစ်လာပြီ၊ ကျိုးများသွားပြီလားမသိဘူး``
``မင်းတို့ နှစ်ယောက် ယောက်ျားမဟုတ်ဘူးလား``
ကျွန်မ အသံကြောင့် သူတို့ နှစ်ယောက်လုံး အသံတိတ်သွားတယ်။
``ဟို.. ကျွန်တော်တို့ နာလို့ပါ၊ အစ်မကို ကျေးဇူးတင်ပါတယ်။ ဘယ်ဆေးခန်း လိုက်ပို့မှာလဲ``
``ရှေ့ဆို ရောက်ပြီ``
မြတ်တော်ဝင်ဆိုတဲ့ ဆေးခန်းရှေ့ရောက်တော့ ကားရပ်လိုက်တယ်။ ဆေးခန်းက ပိတ်ထားတာကြောင့် ကောင်လေး နှစ်ယောက်ကမဆင်းဘဲ ကြောင်တောင်တောင်နဲ့ ကြည့်နေတယ်။ ကျွန်မ အိတ်ထဲက သော့ကိုထုတ်ပြီး ဆေးခန်.းတံခါးကို ဖွင့်လိုက်တယ်။
``ကဲ ကိုယ်တော်တွေ ဆင်းကြလေ။ ဒီမှာ မင်းတို့ကို ဘယ်သူမှ တွဲချပေးမှာ မဟုတ်ဘူး`` ကျွန်မက ဆေးခန်းမီးတွေကို ပြန်ဖွင့်လိုက်တယ်။ ဂွမ်း၊ အရက်ပျံ၊ ကပ်ကြေး၊ ပတ်တီးလိပ်တွေကို ဘီဒိုထဲက ထုတ်လိုက်တယ်။ သူတိုကနှစ်ယောက်ကို ဆေးခန်းထဲ ခေါ်လိုက်ချိန်မှာတော့ ထော့နင်းထော့နင်းနဲ့ ရောက်လာတယ်။ ကျွန်မကို ဆရာဝန် သိသွားချိန်မှာ အသံတွေတိတ်နေတယ်။
ခြေထောက်ခိုက်မိတဲ့ တစ်ယောက်က ပိုဆိုးတာပို့ ခုတင်ပေါ် ထိုင်ခိုင်းလိုက်တယ်။ ပြဲနေတဲ့ ဂျင်းဘောင်းဘီကို အထက်နားထိ ရောက်အောင် ကပ်ကြေးနဲ့ ဆွဲဖြဲပစ်လိုက်တယ်။ ဒူးခေါင်းတစ်ခုလုံးအပေါ်ယံအရေခွံတွေ ပွန်းပဲ့စုတ်ပြတ်နေပြီး ဒဏ်ရာထဲမှာ လမ်းမက ကျောက်မှုန့်သေးသေးလေးတွေ မြှုပ်ဝင်နေတယ်။ အရက်ပျံထည့်လိုက်တော့ စပ်လိုက်မယ့် ဖြစ်ခြင်း။ မျက်နှာကို ရှုံ့မဲ့ပြီး တရှူးရှူးဖြစ်နေတဲ့ ကောင်လေးက ဆရာမ ဖြည်းဖြည်းဆိုပြီး မခံသာအောင် ဖြစ်နေတယ်။ ဂွမ်းများများကို အ၇က်ပျံထဲ နှစ်ထားလိုက်တယ်။ ဒုးခေါင်းမှာ ပေနေတဲ့ အနာဖတ်တွေကို အရင်ရေစွတ်ထားတဲ့ ဂွမ်းနဲ့သုတ်လိုက်တယ်။ သူ့ရဲ့ လက်တွေက ခုတင်တန်းတွေကို အားနဲ့ ဆုပ်ကိုင်ထားတယ်။ အ၇က်ပျံသုတ်လိုက်ချိန်မှာတော့ ဆတ်တုန်လာတယ်။ တအားအားအော်ရင်း ချွေးတွေတောင်ကျလာတယ်။ အေးတဲ့ရာသီမှာတောင် ချွေးကျအောင် တခါတခါဖြစ်နေတဲ့ ကောင်လေးကို  ဂရုမစိုက်နိုင်ဘဲ အနာကိုပဲ ဂရုစိုက်နေမိတယ်။ ဒါတောင် ဒုးခေါင်းမချုပ်ရတာတော်သေးတယ်။ ပတ်တီးစီးပြီး အားလုံးပြီးစီးသွားချိန်မှာတော့ ခုတင်ပေါ်မှာ လှဲပစ်လိုက်ပြီး အိပ်လိုက်တယ်။ တော်တော်အီသွားပုံရတယ်။
နောက်တစ်ယောက်လက်က ဒဏ်ရာက သူ့လောက်  အခြေအနေမဆိုး အော်ရင်းလုပ်ရင်းနဲ့ပဲ ပြီးသွားတယ်။ သောက်ဆေးပါ တစ်ခါတည်းပေးလိုက်တယ်။ ညကျရင်တော့ ကိုက်လာအုံးမှာပဲ အော်နေပေတော့ပဲ….
``ကဲ မင်းတို့ ဧည့်ခန်းထဲ ခဏထိုင်အုံး``
သူတို့နှစ်ယောက် ဧည့်ခန်းထဲ သွားထိုင်ကြတယ်။
``ပစ္စည်းတွေသိမ်းပြီး သူတို့နှစ်ယောက်ကို အတွင်းခန်းကနေ သေချာကြည့်နေမိတယ်``
``မင်းတို့အိမ်က လူကြီးတွေ စိတ်ပူနေမလား။ ဖုန်းဆက်ချင်ဆက်၊ ဖုန်းရှိတယ်။ ``
``ကျေးဇူးပဲ ဒေါက်တာ၊ ကိစ္စမရှိဘူး။ ခါတိုင်းဒီထက် အိမ်ပြန်နောက်ကျတယ်။ ဆိုင်ကယ်ကလဲ ဝပ်ရှော့အပ်ခိုင်းလိုက်တယ်။
``မင်းတို့ကို ကားက တိုက်မိသွားတာလား``
``ကားက ကျွန်တော်တို့ နောက်က ကပ်လိုက်လာတာ ရှောင်လိုက်တာဘဲ၊ ဒါပေမယ့် သေချာကိုအလွတ်ကြီး တိုက်သွားတာ ငရဲမင်းဘယ်သူလို့ထင်လဲ``
``သီဟတို့ အုပ်စုများလား``
``ငါလဲ အဲဒီလို ထင်တာဘဲ၊ ဒီကောင်တွေက ငါတို့ကို မကျေနပ်နေတာ``
``အေး သူတို့ပဲ ဖြစ်နိုင်တယ်``
``မင်းတို့ သူတို့ကို တွေ့ရင် ပြန်ချမှာလား``
``ဘယ်နေမလဲဒေါက်တာ၊ အချိန်မရွေး၊ နေရာမရွေးဘဲ``
``ဘာအညှိုးရှိလို့လဲ``
``ရှိတာကတော့ ကျောင်းကတဲက အရင်ဦးသူ ညစ်နေတာပဲ``
``ဒီတစ်ခါတော့ မင်းတို့ ခံရတဲ့ အလှည့်ပေါ့``
``အလစ်ဝင်လာလို့ပါ။ နို့မို့ ဒီကောင်တွေ မလွယ်ပါဘူး။ ဒီဒူးခေါင်းပြဲသွားသလို ဒီကောင် အရေခွံလဲ ပြဲအောင် ဆုတ်ပစ်မယ်``
``မင်းတို့ကို ဒဏ်ရာရအောင် လုပ် တဲ့သူတွေဆို ဒဏ်ရာပြန်ရအောင် လက်တုံ့ပြန်တက်သလား``
``လက်တုံ့မပြန်ရင် ကိုယ်ညံ့ရာ ကျသွားမှာပေါ့``
``ဟုတ်တယ်``
``ဒေါက်တာလဲ အဲဒီလို ခံယူချက်ရှိသလား``
``သိပ်ရှိတာပေါ့၊ ကျွန်မကိုလဲ ခံစားရအောင်လုပ်တဲ့ သူတွေဆို ပြန်ခံစားရစေချင်တယ်။ ကျွန်မရင်ထဲမှာ နက်နက်ရှိုင်းရှိုင်း ဒဏ်ရာရဖူးတယ်။ အဲဒီရဖူးတဲ့ ဒဏ်ရာအတွက် အခုထက်ထိ လက်တုံ့ပြန်ရသေးဘူး။ ကျွန်မ လက်တုံ့ပြန်ချင်တယ်။ မင်းတို့ကိုပဲ အကူအညီတောင်းရမယ်ထင်တယ်``
``ရပါတယ်၊ ဒေါက်တာက အခု ကျွန်တော်တို့ရဲ့ ကျေးဇူးရှင်ပဲ ဘယ်သူ့ကို ဘာလုပ်ပေးရမလဲပြောပါ``
``ကျွန်မ မသိတဲ့ လူနှစ်ယောက်ကို လက်စားချေချင်တယ်`` ကျွန်မ ပိုက်ဆံအိတ်ထဲက ပလပ်စတစ်နဲ့ သေချာထုတ်ထားတဲ့ အရာလေးကို ဖြည်လိုက်တယ်။ စတီးလိုလို အချွန်းလေးတွေပါတဲ့ပြတ်နေတဲ့ ဟန်းချိန်း လက်ကောင်တစ်ခု ကောင်လေးနှစ်ယောက်က စိတ်ဝင်စားစွာ ကြည့်နေတယ်။ ကျွန်မက လက်ကောက်လေးကို အဝေးက ပြရုံပြပြီး ပြန်ထည့်လိုက်တယ်။
``ဒီလက်ကောက်လေးက လွန်ခဲ့တဲ့ သုံးနှစ်လောက်က ကျွန်မလက်ထဲရောက်ရှိခဲ့တာပေါ့… အဲဒီလက်ကောက် ပိုင်ရှင်ဟာ ကျွန်မလက်စားချေချင်တဲ့ သူပဲ``
``ထူးဆန်းလိုက်တာ``
``မင်းတို့ စိတ်ဝင်စားရင် ပြောပြမယ်``
``စိတ်ဝင်စားပါတယ်။ ပြောပြပါ ဒေါက်တာ``
``လွန်ခဲ့တဲ့ သုံးနှစ်လောက်က ကျွန်မစက်ဘီးနဲ့ အမေ့အိမ်က ပြန်လာတုန်းမှာ ဆိုင်ကယ်တစ်စီးက ကျွန်မကိုတိုက်သွားတယ်။ တိုက်မိသွားတယ်ပေါ့လေ။ ကျွန်မလမ်းမပေါ် ဘီးရောလူရော ပစ်လဲကျသွားတယ်။ ဆိုင်ကယ်ပေါ်ကလူက ကြောက်လန့်လန့်နဲ့ လှည်ကြည့်တယ်။ ဆိုင်ကယ်က စက်မရပ်ပေမဲ့ ရပ်နေတယ်။ နောက်ပြီး သူတို့ ထွက်ပြေးဖို့ကြံမှန်း ကျွန်မရိပ်မိသွားတယ်။ အဲဒီအချိန်မှာ ကျွန်မအားကုန်ထပြီး မီရာ နောက်ကလူရဲ့လက်ကိုဆွဲလိုက်တယ်။ သူ့လက်ဖျားက ဟန်းချိန်းကကျွတ်ပြီး ကျွန်မလက်ထဲ ကျန်နေရစ်တယ်။ သူတို့ကတော့ ကိုယ်တိုက်ထားတဲ့သူကို ကိုယ်ချင်းစာနာစိတ်မရှိဘဲ လမ်းမမှာ ဒီအတိုင်းထားပစ်ခဲ့တယ်။ ဘယ်လောက် လူမဆန်တဲ့လူတွေလဲ။

ကျွန်မ ဆေးခန်းရောက်တော့ ညာဘက်လက်ကျိုးသွားမှန်း သိရတယ်။ ဒေါသကြောင့် ရင်ထဲက တဆစ်ဆစ်နာတာကို အပြင်အနာက မမီခဲ့ဘူး။ အဲဒီ လက်ကျိုးလိုက်တာကြောင့် ကျွန်မနိုင်ငံခြားသွားမဲ့ စာမေးပွဲကို နောက်တစ်နေ့ ဖြေလို့မရခဲ့တော့ဘူး။ ဘယ်လောက်ရင်နာဖို့ကောင်းလဲ။ ကျွန်မဘဝနဲ့ရင်းပြီး အချိန်တွေ အပင်ပန်းခံခဲ့ရတာ၊ ဒီလိုမိုက်ရူးရဲ လူရမ်းကားတွေကြောင့် ရင်ထဲမှာ တဆစ်ဆစ်နာခဲ့ရတယ်။ အချိန်တွေ ဆုံးရှုံးခဲ့ရတယ်။ မင်းတို့နာကျင်တယ်ဆိုတာ အပေါ်ယံခံစားမှုလေးပါ။ ကျွန်မမှာ ငွေတွေအချိန်တွေ စွမ်းအင်တွေအများကြီးဆုံးရှုံးခဲ့၇တယ်။ အဲဒီလူတွေကို ကျွန်မလက်တုံ့မပြန်သင့်ဘူးလား``
``ပြန်သင့်တာပေါ့ ဒေါက်တာ``
``ဟုတ်ပြီ ဘယ်လိုလုပ်ရမယ်ဆိုတာ မင်းတို့နှစ်ယောက် အကြံပေးပါအုံး``
``ဒေါက်တာက တွေ့ပြီလား``
``ရော့ ဒီလက်ကောက်လေးကို ပြန်ကြည့်ပါအုံး။ အဲဒီမှာ အင်္ဂလိပ်လို ထိုးထားတဲ့ နာမည်အတိုကောက်ပါတယ်``
ကောင်လေးနှစ်ယောက်က မျက်နှာပျက်သွားတယ်။ ဟန်းချိန်းလေးကို အသေအချာ ကြည့်နေတယ်။
``အဲဒီ လက်ကောက်မှာ yy လို့ ထိုးထားတယ်။ ဘယ်သူလို့ထင်လဲ``
``ဟို….``
``ကျွန်မအထင်တော့ yy ဆိုတာ ရှင်တို့နှစ်ယောက်ထဲက ရဲရင့်ပဲ၊ နေမိုးဆိုတာလဲ အလိုတူအလိုပါပေါ့``
``ဗျာ``
``အဲဒီဟန်းချိန်းဟာ မင်းပစ္စည်းပဲ ပြန်စဉ်းစားပါအုံး။ မမှတ်မိနိုင်စရာမရှိပါဘူး။ မင်းနောက်ကို လှည့်ကြည့်သွားသေးတယ်။ မင်းပုံသဏ္ဍာန်ကိုလဲ အသေအချာ မှတ်မိနေတယ်``
``ကျွန်တော်တို့ အကြောက်လွန်ပြီး ထွက်ပြေးကြတာပါ``
``သိပ်ကို လက်လွတ်စပယ်နိုင်လွန်းရာမကျဘူးလား။ မင်းတို့ကြောင့် သူတပါး ဒုက္ခရောက်တာကို ပစ်ထွက်သွားနိုင်တယ်။ ဒီနေ့လို အခြေအနေမျိုးမှာ မင်းတို့ကို မကူညီဘဲ ပစ်ထွက်သွားနိုင်တယ်။ မင်းတို့ မှန်းသိနေတာကို ဒီထက်အများကြီး ဒုက္ခရောက်အောင် လုပ်ပစ်လို့ရတယ်။ အေး .. ဒါပေမယ့် စိတ်ထဲမှာ လူဆန်တဲ့စိတ်ကြောင့် မင်းတို့မှန်းသိပေမဲ့ ကူညီလိုက်တာ``
``ကျွန်တော်တို့ မှားခဲ့ပါတယ် ဒေါက်တာ၊ အဲဒီဟန်းချိန်းလေးကို စမြင်လိုက်ကတည်းက ရင်တွေတုန်သွားတယ်။ ကျွန်တော့်ဟာပါ``
``မင်းတို့ရဲ့ စိတ်ထဲမှာ ကိုယ်လုပ်ခဲ့တဲ့ အပြုအမူကျ မေ့လျော့နေတယ်။ ဒီနေ့ မင်းတို့ခံရတဲ့ အလှည့် အသည်းဆတ်ဆတ်ခါနာကြတယ်။ မင်းတို့ ဝဋ်လညတာ ပါးပါးလေးပါ။ ဒါကို ထပ်ပြီး လက်စားပြန်ချေအုံးမယ်ဆိုရင် ဒီသံသရာထဲက မင်းတို့ ထွက်နိုင်မှာ မဟုတ်ဘူး။ ကောင်းတဲ့စိတ်ကိုလဲ ဘယ်တော့မှ မွေးမြူနိုင်တော့မှာ မဟုတ်ဘူး။ ဒီဟန်းချိန်းကို မင်းတို့ကို လက်စားချေဖို့ သိမ်းထား မဟုတ်ဘူး။ တစ်နေ့ကျရင် ပြန်တွေ့လိမ့်မယ်လို့ စိတ်ထဲမှာ ယုံကြည်နေတယ်။ ဒီနေ့ မထင်မှတ်ဘဲ ဒီအဖြစ်အပျက်နဲ့ မင်းတို့ကိုလာတွေ့ရတယ်။ မင်းတို့ကို လွယ်လွယ်ကူကူတော့ အိမ်ပြန်မပို့ပေးနိုင်ဘူး။ မင်းတို့ဆီက ကတိတစ်ခုတော့ လိုချင်တယ်။``
ကောင်လေးနှစ်ယောက် ပျာပျာသလဲဖြစ်သွားတယ်။ နှစ်ယောက်သား လက်အုပ်ချီပြီး ကျွန်မကို တောင်းပန်တယ်။ ကျွန်မဆီက ဘာကတိဘဲ ဖြစ်ဖြစ်ပေးဖို့အာမခံတယ်… ``ကောင်းပြီလေ၊ ကျွန်မလိုချင်တာက ဒီလို လမ်းပေါ်မှာ တေလေမနေဘဲ ခုလိုအပြုအမူစိတ်ရိုင်းတွေကို ဘယ်တော့မှမလုပ်တော့ဘူးဆိုတာပဲ``
``ဟုတ်ကဲ့၊ ကျွန်တော်တို့ နှစ်ယောက်လုံး ကတိပေးပါတယ် ဒေါက်တာ``
``မင်းတို့ ဘာလုပ်လဲ``
``နှစ်ယောက်လုံး အီကိုနဲ့ကျောင်းပြီးထားပါတယ်။ ဘာမှတော့ မလုပ်သေးပါဘူး``
``စီးပွားရေးပညာရှင်တွေပဲ ဒီအတိုင်းနေသွားရင် ဘာထူးမှာလဲ ပညာသင်ပြိးတော့ ``
``ကျွန်တော်တို့ မိဘစီးပွားရေးကို ဆက်လုပ်မယ်လို့ စိတ်ကူးထားပါတယ်``
``အေး… ကောင်းပြီ ပြီးစလွယ်တော့ မဖြစ်စေနဲ့ပေါ့၊ ကဲ နောက်နေ့ မင်းတို့ ဆေးခန်းလာပြအုံး အိမ်လိုက်ပို့ပေးမယ်.. သွားကြစို့``
အပြန်လမ်းမှာတော့ အသံလေး တွေ တိတ်ဆိတ်စွာပါလာကြတယ်။ ခုလိုကျတော့လဲ စာမရတဲ့ကလေးတွေ ဆရာမရှေ့မှာ ကြောက်နေကြသလိုဘဲ။
``ဒေါက်တာ ဘာဖြစ်လို့ ဒီလိုခေါင်တဲ့နေရာမှ ဆေးခန်းဖွင့်တာလဲ``
ရဲရင့်ဆိုတဲ့ ကောင်လေးက စပ်စုသလို မေးတယ်။
``မြို့လယ်မှာ ဒီလောက် ဆေးခန်းတွေ ပေါများနေတာ။ ထပ်နေတာပဲ။ ဒီလိုလူနည်းပြီး ဆင်းရဲနွမ်းပါးတဲ့ ရပ်ကွပ်မှာ ဆရာဝန်တစ်ယောက်ကို အသက်ကယ်တဲ့ ကယ်တင်ရှင်တစ်ယောက်လို အားကိုးကြတာ၊ သူတို့ နွမ်းပါးမှုအတွက် ကျွန်မ ပိုက်ဆံ မတက်နိုင်သူတွေကို မယူပါဘူး။ စေတနာနဲ့ ကုပေးတယ်။``
``ဒေါက်တာက အရမ်းလေးစားဖို့ ကောင်းတာပဲ``
``မင်းတို့ ဒီနေ့လို အဖြစ်အပျက်မျိုး ဒါမှမဟုတ် ကျွန်မလို အဖြစ်အပျက်မျိုး ကိုယ်တိုင်ဝင်ခံစားကြည့်လိုက်ပါ။ အဲဒါဆိုရင် ကိုယ်ချင်းစာစိတ်ဆိုတာ ပေါ်လာလိမ့်မယ်``
``သေချပါတယ်၊ ဒေါက်တာ အခု ဒေါက်တာရဲ့ အပြုအမူအဖြစ်အပျက်တွေအားလုံးဟာ ကျွန်တော်တို့အတွက် နောင်တရစေပါတယ်။ ရှက်ဖို့လဲ ကောင်းတယ်``
``ကျွန်တော်တိုက ကတိအထပ်ထပ်ပေးပါတယ်။ လိမ်လိမ်မာမာ နေပါတော့မယ်``
``အိုကေ ဒီလမ်းက မင်းတို့ပြောတဲ့ လိပ်စာလား``
``ဟုတ်တယ်၊ ကျွန်တော်တို့က တစ်လမ်းထည်း နှစ်အိမ်ကျော်တင်ပါ``
``မင်းတို့  မိဘတွေကို မညာပါနဲ့။ အမှန်အတိုငး ပြန်ပြောလိုက်ပါ``
``ဟုတ်ကဲ့ ဒေါက်တာ အိမ်ထဲဝင်ပါအုံး``
``မဝင်တော့ဘူး နောက်က နေပြီ``
သူတို့ကို ပို့ပြီး အိမ်ပြန်ေ၇ာက်တော့ ညရှစ်နာရီ ထိုးနေပြီ။ မေမေ စိတ်ပူစွာနဲ့ လူနာတွေများနေလို့လားတဲ့။ ကျွန်တော့် ခေါင်းငြိမ့်လိုက်တယ်။ စိတ်ထဲမှာတော့ ဘာရယ်မှန်းမသိ ပေါ့ပါးလန်းဆန်းနေတယ်။ ပိုက်ဆံအိတ်လေးထဲမှာ သုံးနှစ်တိုင်တိုင် ရှိခဲ့တဲ့ ဟန်းချိန်းလေး ၊ ခုတော့ သူ့ပိုင်ရှင်ဆီရောက်သွားပြီ။ ကျွန်မ ပြုံးမိသွားတယ်။

(၂)
လက်ထဲကို ရောက်လာတဲ့ ဖိတ်စာလေးတစ်စောင်ကြောင့် အံ့သြသွားတယ်။ ကျွန်မအပြင်သွားနေတုန်း ကောင်လေးနှစ်ယောက် လာပေးသွားတာတဲ့။ ဖိတ်စာက အလှူဖိတ်စာ၊ ရဲရင့်နဲ့ နေမိုး သင်္ကန်စီးကြမယ်။ ရဲရင့်နဲ့ နေမိုးက ညီအစ်ကိုတစ်ဝမ်းကွဲတော်ကြောင်းသိရယတ်။ မေမေမက သူမသိတဲ့သူတွေမို့ ဘယ်သူတွေလဲမေးတယ်။ ကျွန်မက ဇာတ်လမ်းစုံပြောပြမှ အံ့သြစွာနဲ့ ဒီကလေးတွေလားဆိုပြီး ရေရွတ်နေပြီး လိမ္မာသွားကြတယ်။ ကျွန်မရဲ့ ဆေးခန်းပိတ်ချိန်မှာ ရောက်လာတက်ပြီး ကူညီပေးကြတယ်။ မင်းတို့ဟာ မြစ်နှစ်စင်းနဲ့ တူတယ်။ အမှိုက်သရိုက်ကင်းကင်းနဲ့ အမြဲစီးဆင်းနေစေချင်တယ်။
သိမ်ထဲက ထွက်လာတဲ့ ဦးပဉ္ဇင်းနှစ်ပါးနဲ့အတူ တခြားရဟန်းတွေလဲ တန်းစီပြီး ဆင်းလာကြတယ်။ ခုတော့လဲ သူတို့ကို ကြည့်ရတာ အင်မတန်ဖြူစင် အပြစ်ကင်းပြီး ကျက်သရေ ရှိလို့ ကျွန်မက စာအိတ်ပေါ်မှာ ဒေါက်တာ ``မြင့်မြတ်တော်ဝင်``ဆိုပြီး ဝတ္ထုငွေစာအိတ်လေးတွေကို သပိတ်ပေါ်မှာ ကပ်လိုက်တယ်။ မျက်လွှာလေး ပင့်ာကည့်တယ် ဆိုရုံလေးကြည့်ပြီး သူတို့တွေ ကျွန်မ လာတာကို ကျေနပ်သွားကြဟန်ရှိတယ်။ တရွေ့ရွေ့တန်းစီပြီး ဆွမ်းစားဆောင်ဘက် ထွက်သွားတာကိုကြည့်ရင်း ကျွန်မလက်အုပ်ချီမိတယ်။ ရင်ထဲက လှိုက်တက်လာတဲ့ ခံစားမှု ပီတိအဟုန်က ပြင်းထ်လွန်းတာမို့ မျက်ရည်တွေ ဝိုင်းတက်လာတယ်။
ဒါကို ဘယ်သူမှ မသိလိုက်ပါဘူး….။

ပန်းအလင်္ကာ
May 2007
ချောအိမာန်(မန္တလေး)