Sunday, March 28, 2010

ကျွန်မရဲ့ စာချစ်ပရိသတ်သို့

ကျွန်မ ပရိသတ်များအတွက် ရတဲ့ အချိန်ကို လုပြီး လုပ်ထားရတဲ့ ဒီဘလော့မှာ .. လာအားပေးကြတဲ့ စာချစ်သူ အစစ်အမှန်များအတွက် … ပို့စ်အသစ်နဲ့ အဟောင်း မျှပြီး တင်ထားပါတယ်။ အဟောင်းကတော့ အချိန်မရလို့တင်တာဖြစ်ပြီး အသစ်များ တင်နိုင်အောင် ကျိုးစားပါဦးမယ်..။

*******

28.3.2010 မှာ စစ်ကိုင်းဘက်မှာ ရှိတဲ့ အနာကြီး ရောဂါသည်နဲ့ အပစ်ပယ်ခံကလေးငယ်တွေ ရှိတဲ့ မြရတနာ ဆိုတဲ့ ရွာမှာ စာပေဟောပြောပွဲနဲ့ ပရဟိတအလှူပွဲ၊ လမ်းသစ်ဖွင့်ပွဲ ၊ ယဉ်ကျေးလိမ္မာ  သင်တန်းဖွင့်ပွဲ၊ ကို သွားရောက်ရမှာ ဖြစ်ပါတယ်။ အဲဒီကပြန်လာမှ ဒီပို့(စ်)လေးကို အလှူရှင်တွေသာဓုခေါ်ဖို့နဲ့ နောက်ထပ်ပရဟိတ အလှူရှင်များအတွက် တင်ပေးပါ့မယ်။

တစ်ဆက်တည်း ဒီ မြရတနာ အကြောင်းလေးကို အနည်းငယ်ပြောပြချင်ပါတယ်။ လူတိုင်းဟာ အနာကြီးရောဂါသည်ဆို နှာခေါင်း ရှုံ့ချင်ကြပါတယ်။ ကူးမှာကြောက်ကြပါတယ် ။ မန္တလေးမှာတော့ ရေနံ့သာဆိုရင် လူတိုင်းသိသလို လှူတဲ့အထောက်အပံ့တွေ အတော်အသင့်ရှိပါတယ်။

ဒီ မြရတနာ ဆိုတဲ့ ရွာလေးက လူသိနည်းသလို လူဦးရေ ၂၀၀ လောက်သာ ရှိပါတယ်။ ဒီထဲမှာ အပြင်ကျောင်းတွေမှာ ကျောင်းနေခွင့် မရတဲ့ ကလေးတွေ များစွာ ရှိပါတယ်။ သူတို့လေးတွေဟာ အပစ်ပယ်ခံကလေးတွေ အဖြစ်နဲ့ ခံစားနေရပြီး ... တောင်းစားဖို့ ဆိုတဲ့ အခြေအနေကိုဘဲ ဦးတည်နေပါတယ်။ စိတ်ဓာတ်ခွန်းအားတွေ ကျဆင်းနေပြီး၊ အားငယ်သိမ်ငယ်စိတ်တွေ ရှိနေပါတယ် ။ ကလေးတွေ ဟာ မျိုးဆက်အရ အနာကြီးမျိုးဆက်ဖြစ်ပေမယ့် သူတို့မှာ လုံးဝ ရောဂါမရှိပါဘူး။ သူတို့ အဖေ ၊  အမေ မှာလဲ မရှိတော့ပါဘူး။

တစ်ရွာလုံးမှာ အသက်တော်တော်ကြီးတဲ့လူကြီး ၊ လူအို ၁၅ ဦးလောက်သာ ထိုရောဂါရှိပါတယ်... ။ တစ်ချို့လူကြီးတွေမှာ လုံးဝ ပျောက်ကင်းလျှက်ရှိပြီ ကို တွေ့ရပါတယ်...။ ဒါပေမဲ့ တစ်ရွာလုံးကို အနူရွာလို့သာ အများစု က သတ်မှတ်နေကြပါတယ်။ အပြင်လူတွေ အားလုံးက ဒီရွာလေးက ရှိတဲ့လူတွေ၊ ကလေးတွေကို ပစ်ပယ်ထားမယ်ဆိုရင် ... သူတို့ဘ၀တွေဟာ ဆိုးသထက် ဘဲ ဆိုးသွားနိုင်ပါတယ်.. ။  သူတို့ ဘ၀တွေကို စိတ်ဓာတ်နဲ့ ခွန်အားအတွက် တက်နိုင်သလောက် လုပ်ပေးကြရမှာပါ။

ပထမတစ်ခေါက်သွားတုန်းက .. နွေခေါင်ခေါင်ပူပြင်း လှတဲ့ နေရာ၊ သစ်ပင်ကျို့တို့ ကျဲတဲ.. တဲပုတ်သာသာနဲ့ တဲလေးတွေ ၊ ဖန်ထူထူနဲ့ ရေ မရှိတဲ့ သူတို့ ရွာလေးအတွက် ...

စင်ကာပူက အလှူရှင် ကိုကြီး ... နဲ့ အဖွဲ့ ...

ရေတွင်းလှူခဲ့ပြီး ရေပန်းတွေ  ရေတွေ တဖွားဖွားအောက်မှာ ပြုံးပျော်နေကြတဲ့ ရွာသူရွာသားတွေ ရဲ့ အပြုံးမြင်ကွင်း...

လက်အုပ်ချီ အမေအို ၊ အဘိုးအိုတို့ရဲ့ မဲခြောက်တွန့်မဲနေတဲ့ အသားအရေ... နဲ့ မျက်လုံးအစုံက ... မျက်ရည်တွေ ၀ဲ နေတဲ့ ပီတိ အပြုံး ..

အနာဂါတ်ကို မှန်းမျှော်နေတဲ့ ကလေးတွေရဲ့ .. ဆရာဝန်ဘဲဖြစ်ချင်တယ် ဆိုတဲ့ .. ပြောဆိုသံတွေကို ပြန်ကြားရောင်မိပါရဲ့ ...

ဦးနှောက်က ငါးတန်းသာသာ၊ ပညာနဲ့ စာ .. သမိုင်း ... ပထ၀ီ ... သချာင်္.. သိဖို့ခဲယဉ်းလေစွ ...

သာသနာနဲ့ ဘာသာတရားအတွက် နောက်ယဉ်ကျေးမှု ..

ခေတ်ကို ဘယ်လို ထင်ဟပ်ကြမလဲ ...

ထမင်းတနပ်အတွက်... မန္တလေးတောင် စစ်ကိုင်းတောင် ... ကောင်းမှုတော်တွေမှာ အိုနေမှ ခွက်စွဲ.. တာက အလုပ်တစ်ခုတဲ့ ...

ဒီလောက်ဝေးတဲ့ နေရာတွေထိ... ဗိုက်ဝမ်းတထွာအတွက် စဉ်းစားမိတာတောင် ပင်ပန်းလိုက်တာ...

ဒီလို မြရတနာက လူတွေထက် စာရင် အများကြီးကံကောင်းနေကြတဲ့ သူများဟာ သူသူ ငါငါ .. ဒါတွေကို မကြည့်ရက်နိုင်ဘဲ ဒီရွာလေးကို တိုးတက်စေချင်စိတ် အပြည့်ရှိတဲ့ စစ်ကိုင်းဆွမ်းလောင်း အသင်းကို ကုသိုလ်လုပ်ပေးနေတဲ့ ဦးပဇင်း ဦးကောဝိဒ က ခုတစ်ခေါက် ဒီရွာက ကလေးတွေအတွက် ယဉ်ကျေးလိမ္မာသင်တန်းနဲ့ လမ်းဖွင့်ပွဲ ဖွင့်လှစ်မှာပါ။

**************

မြရတနာရွာ အတွက် အဖက်ဖက်က ပံ့ပိုးနေတဲ့ ကိုထက် ရွေအိမ်ဖြူတယ်လီဖုန်းရောင်းဝယ်ရေး (မန္တလေး)

ကျွန်မနဲ့ အတူ အွန်လိုင်းအလှူရှင်များ (ကနေဒါ၊ အမေရိကန်  ၊ စင်ကာပူ ) မှ အလှူရှင်များက ...

ကျောင်းသူ ၊ ကျောင်းသား များအတွက် ကျောင်းစိမ်းဝတ်စုံ  - ၈၀  စုံ

သက်ကြီး ဘိုးဘွား ၁၅ ဦး အတွက် ၀တ်စုံ   - ၁၅ စုံ

ရွာသူရွာသား နှင့် ကလေး များ အတွက် ၀တ်စုံ   - ၅၀ ( ကံစမ်းမဲဖောက်ပေးမယ်)

ကျောင်းသား ၊ ကျောင်းသူ များအတွက်  ဗလာစာအုပ်  - ၁၀၀ ဒါဇင်

ဆုရ ကျောင်းသား၊ ကျောင်းသူ များအတွက် ကျောပိုးအိတ် ၊ ကျောင်းဝတ်စုံ ၊ ကျောင်း အသုံးအဆောင် ပစ္စည်း  - ၃ စုံ

ကျောင်းဖတ်စာ - ၃ စုံ

CD ခွေ များ

--- ထိုက်ကြော်ငြာ အကျိုးတောင်လုပ်ငန်း

--- ရွှေဥသြရွှေဆိုင် နှင့် သူငယ်ချင်းတစ်ခုမှ ရေမော်တာ စက်ခန်း အတွက် အလှူငွေ  - ၁ သိန်း ၁ သောင်း

--- စာပေ ဟောပြောပွဲ (28.3.2010)

--- ဆရာ ညီစေမင်း ၊ ဆရာ ဦးဘုန်း (ဓာတု) ၊ ဆရာ ဇော်ခိုင်ဦး ၊ ဆရာမ ချောအိမာန် ( မန္တလေး )

မြရတနာ အတွက်  အကူအညီ ပေးကြသော ဦးပဇင်းများ ၊  စာရေးဆရာများ ၊ အလှူ ရှင်များအား ကျေးဇူးတင်လျှက် ....

ချောအိမာန် ( မန္တလေး )

Monday, March 22, 2010

ကိုရင်ငပိန်

ဒီနေ့ မိုးတွေက မှိုင်းနေတာ နေတောင် မပွင့်ဘူး။ရာသီဥတုကလည်း ဒီနောက်ပိုင်းဆို ပိုအေး လာတော့မယ်။ ဗီရိုထဲမှာ အခင်းတွေ ရှိသလို ခြုံထည် စောင်တွေရှိသေးတယ်။ ထုတ်ထားဦးမှ။ ဒီညတော့ ဒီအတိုင်းကျိန်းလို့ မဖြစ်ဘူး။ ဟိုတစ်နေ့ကတောင်စောင်မခြုံမိလို့ လက်ဖျံ တစ်ခုလုံး အေးစက်နေတာ။ တွေးရင်းပဲမနှစ်ကမယ်တော်ကြီးလှူထားတဲ့ တဘက်ချည်စောင်ကြီးကိုထုတ်ဖို့သတိရမိတယ်။

"ဆရာတော်၊ ဆရာတော်"

"ကိုယ်တော် အမောတကောနဲ့ ဘာလဲ"

"ဟို ကိုရင် ငပိန်လေ၊ ပြောစကား နားမထောင်ပြန်ဘူး ဘုရား"

"ဟေ ဘာဖြစ်ပြန်ပြီတုံး"

"တစ်ခါတုန်းက တီဗီ ခိုးကြည့်တယ်၊ အခု ထမင်းတွေ ခိုးထားတာ တွေ့တယ်"

"ဟေ ဟုတ်လား၊ ဘယ်လို တွေ့တာတုန်း"

"ကြွပ်ကြွပ်အိတ်နဲ့ အထပ်ထပ် ထုတ်ပြီး ကျောင်းအောက်က ၀ါးလုံးတန်းတွေထိုးထားတဲ့ အထဲမှာ ညှပ်ထားတာ ဘုရား။တပည့်တော် မသင်္ကာလို့ လိုက်ကြည့်တော့ တွေ့တာပဲ။ ဆရာတော် မဟုတ်ရင် တပည့်တော် တို့ကို မကြောက်ဘူး ဘုရား"

"ဒီ ကိုရင် ငပိန်နဲ့တော့ ခက်ပါတယ်"

"ဒီ ကိုရင်ကြောင့် အခြား စာလာသင်ယူနေကြတဲ့ ကိုရင်တွေပါ ပျက်စီးတော့မှာပဲ"

"ဟုတ်တာပေါ့လေ။ ကဲ ကိုယ်တော်၊ ကိုရင်ငပိန် လွှတ်လိုက်၊ ဆရာတော် ခေါ်နေတယ်လို့"

"တင်ပါ့ ဘုရား။ တပည့်တော် သွားပါဦးမယ်"

"အေး ... အေး"

ငပိန်၊ ငပိန်။ ဒီအမည် နာမကလည်း သူတို့ ကိုရင် အချင်းချင်း ပေးလိုက်ကြတာနဲ့ကိုယ်တော် ကိုယ်တိုင် ငပိန်လို့ပဲ ခေါ်မိနေတဲ့ အဖြစ်။ နာမည် အရင်း က တော့ပြောတော့ ပြောသွားပါရဲ့။ မမှတ်မိတော့ဘူး။ကျောင်းရောက်ခါစ မြင်ကွင်းကို မှတ်မိနေသေးတယ်။ မည်းညစ်နေတဲ့ စွပ်ကျယ် ချိုင်းပြတ် ခပ်ရွဲရွဲ ခပ်ပြဲပြဲကြားက မည်းပိန် ညစ်နေတဲ့ လက်ဖျံလေးတွေဟာကျူရိုးလေးလား အောက်မေ့ရတယ်။ ပုဆိုးက ၀တ်ထားတဲ့ နေရာမှာ လုံးပြီး ကြီးနေ သေ။ မနိုင်တနိုင့်။ ပုဆိုးတောင် ကျွတ်ကျ လိုက်သေးတယ်။ လူက ငယ်ငယ်။ အင်း .... ခုနစ်နှစ် ၀န်းကျင်းပဲ ရှိသေးတယ်။ ဆံပင်တွေ ဆိုတာ ရွှံ့ခဲတွေ တောင် ကပ်နေသေးတယ်။ ရွာမှာ ကျွဲကျောင်းတာဆိုပဲ။ ကျွဲနဲ့ အပြိုင် ရွှံ့လူး နေခဲ့ပုံရတယ်။ အသားအရေကလည်း မည်းပိန်ခြောက်ကပ်နေတာ။ ရွာမှာ အဖေက အရက်သမား စစ်စစ်။ ရေမရောဘူး။တွေ့ကရာ ထိုးအိပ် နေတာ။ အမေက နောက်အိမ်ထောင် ပြုသွားတော့ ဒီငပိန်ကိုဘယ်သူမှ ကြည့် ရှု စောင့်ရှောက်မယ့်သူ မရှိဘူး။ သူတို့ရွာက မိန်းမကြီး ဒေါ်မြတဲ့။ သူ လိုက်ပို့တာ။ ဒီကျောင်းရောက်တဲ့ကလေးတွေ အားလုံး အကုန် ကိုရင်ဝတ်၊ သင်္ကန်း ဆီး ပေးတယ်။ စာသင်ပေးတယ်။ ငပိန်က ဘယ်ဝတ်ချင်လိမ့်မလဲ။ဒါပေမယ့် ထမင်းစားစရာ နေရာ ဆိုလို့ သူ့အတွက် ဒီနေရာပဲ ရှိတယ်။ ဒါကြောင့်သူ ကိုရင် ၀တ်ရတယ်။ ကိုရင်ဝတ်မှ ထမင်းစားရမယ်လို့ ငပိန် နားလည်ထားတယ်။သူက ပြဿနာလေးတွေတော့ အမျိုးမျိုး ရှာလာ တတ် တယ်။  ရောက်စကတော့ကုပ်ချောင်း ကုပ်ချောင်းနဲ့။ အခုကျောင်းကို ရောက်တာ သုံးနှစ်ကျော်ပြီ ဆိုတော့ကျောင်းပါး ၀လာတယ် ခေါ်မလား။ ကျုပ်က လွဲရင် ဘယ်သူ့ကိုမှ သိပ်မကြောက်ဘူး။သူတို့တွေကို ကိုယ်ချင်းစာစိတ်နဲ့ ငဲ့ညှာတာကို ကမ်းတက်ချင် လာတာလား။  ဟင်း ...။

"ဆရာတော် တပည့်တော် ရောက်ပါပြီ ဘုရား"

"ကိုရင် ငပိန် အပြစ် သိတယ်နော်"

"တင်ပါ့"

မနက်ဖြန် မနက် ကိုရင်တွေ အားလုံးရှေ့မှာ မတ်တတ်ရပ်ပြီး အော်ရမယ်။ ကြားလား။ပြီးရင်နားရွက်ဆွဲ ထိုင်ထ ငါးဆယ် လုပ်ရမယ်"

"တင်ပါ့ဘုရား။ ကြားပါတယ်"

"လိုက်မှတ်"

"တင်ပါ့ ဘုရား"

"ကိုရင်ငပိန် ဆွမ်းခိုးပြီး ကျောင်းအောက်တွင် ၀ှက်ထား မိပါတယ်။ နားရွက်ဆွဲ ထိုင်ထ အခါငါးဆယ်လုပ်ရမယ်"

"မှတ်မိလား။ ပြန်ဆို"

"တင်ပါ့။ ကိုရင်ငပိန် ဆွမ်းများကို ခိုးပြီး ကျောင်းအောက်တွင် ၀ှက်ထားမိပါတယ်။ ထိုင်ထအခါ ငါးဆယ် လုပ်ရပါမယ်"

"နားရွက်ဆွဲ ကျန်သေးတယ်"

"တင်ပါ့ဘုရား"

"အခုတစ်ခါတော့ နောက်ဆုံး အကြိမ် ဒီလောက်နဲ့ သက်ညှာပေးလိုက်မယ်။ သွားတော့"

ကိုရင်ငပိန် ထွက်သွားတော့မှ မယ်တော်ကြီး စောင်ကိုထုတ်ရင်း သတိရမိတဲ့အကြောင်းအရာ ပေါ်လာတယ်။

ကိုရင်ငပိန်တို့လို ဆယ်နှစ်ကျော်အရွယ်တွေ မဆိုထားနဲ့။ ကျုပ် ဆယ့်ခုနစ်နှစ်သားမှာကျောင်းမှာစာချကိုယ်တော်တောင် ဖြစ်နေပြီ။ အဲဒီအချိန်တုန်းက ဗိုက်က သိပ်ဆာတတ်တာ။ ဗိုက်ဆာလာရင်ဘာမှလုပ်လို့ ကိုင်လို့ မရတော့ဘူး။ ကျောင်းမှာ ကိုယ်တော်လေးပါးလောက် ရှိတယ်။ ကျုပ်အရွယ်ပေါ့။ ဒီတုန်းကလည်း ဆရာတော်ကို တုန်နေအောင် ကြောက်ရတာပဲ။ အခုလိုအမှားတစ်ခုခု လုပ်မိရင် ကျောင်းပေါ်စာသင်ကိုရင်တွေရှေ့ မှောက်ပြီး အပြစ်
ခံရတယ်။အရှက်ကွဲတာတော့ ပြောမနေနဲ့။ ကိုယ့် ထက်ငယ်တဲ့ ကိုရင်တွေရှေ့ကိုး။ နောက်ပြီးထင်းခွဲ ရတယ်။ ရေခပ်ရတယ်။ အများထက်ပို အလုပ် လုပ် ရတယ်။ ကျုပ်တို့တုန်းကပဲခြမ်းကြော်ထုပ် လေးတွေကို ၀ယ်ပြီး သင်္ကန်းဝတ်တဲ့ထဲ လိမ်နေအောင်ကျစ်ထုပ်ထားတယ်။ အပြင်မှာဆိုရင် မမြင် အောင်၊ အသံမမြည်အောင် တစ်စေ့ချင်းအံနဲ့ကြိတ်ပြီးခိုးစားကြတယ်။

နေ့လယ် ဆွမ်းစားချိန်မှာ သပိတ်ထဲ ဆွမ်းတွေ ပိုထည့်လာပြီး ကြွပ်ကြွပ်အိတ်လေးနဲ့အသာထုပ်ထည့်ထားတယ်။ နောက်မှ အဲဒီ အထုပ်လေးကို လစ် သလိုယူပြီး ကျောင်းနောက်က မြေကျင်းလေးတူးထားတဲ့ အထဲမှာ သွားမြှုပ်ထားလိုက်ပြီး အပေါ်ကသစ်သားသုံးပြားလောက် မမြင်ရအောင် အုပ် ထားတယ်။ကျောင်းပတ်ဝန်းကျင်ကနေ အမှိုက်လှည်း သလိုလိုနဲ့ ကြည့်နေသေးတယ်။ ကိုယ့်ဆွမ်းထုပ်ကို ကြွက်များဆွဲသွားမလားလို့။ ညနေ မှောင် ရီရီမှာ ဆရာတော်လစ်ပြီဆိုရင် ကိုယ်တော်တစ်ပါးကို ကျောင်းနောက်ပေါက် ၀င်းထရံတွေ ပျက်နေတဲ့နားကနေထိုးထွက်ပြီး သိပ် မဝေးလှတဲ့ မပြာ အိမ် က ငံပြာရည်နဲ့ ငရုတ်သီးမှုန့်တစ်ကျပ်ဖိုး သွားဝယ်ခိုင်းရတယ်။ တစ်ခါတလေ ငံပြာရည်မရရင် ဆားနဲ့ ပွဲပြီးသွားတတ်တယ်။ ငံပြာရည်နဲ့ ငရုတ် သီးကို သင်္ကန်းနဲ့ ၀ှက်ပြီး မသိမသာ ယူလာတဲ့ ကိုယ်တော်ကအချက်ပေးတယ်။ကျုပ်တို့ ကိုယ်တော်နှစ်ပါးက ကျောင်းအောက် မသိမသာ ဆင်းပြီး နေ့ခင်းက၀ှက်ထားတဲ့ထမင်း ထုပ်ကိုမြေကြီးတွင်းထဲက ပြန်ထုတ်ကြတယ်။ အဲဒီ ကျင်းကလည်း ပြောရရင်အိမ်သာနဲ့ သိပ်မဝေးဘူး။ ဒါပေမယ့် မတတ်နိုင်ဘူး။ အဲနောက် တော့ ခပ်မှောင်မှောင်ပဲ ငံပြာရည်နဲ့ ငရုတ်သီးမှုန့်ကို ထမင်းအိတ်ထဲလောင်းချပြီးနယ်ဖတ်စားကြတော့တာပဲ။

အဲဒီလို နေ့စဉ်မဟုတ်ပေမယ့် လစ်ရင်လစ်သလို ခိုးစားနေကျဖြစ်နေတယ်။ဆရာတော်လည်းမရိပ်မိဘူး။သိသွားလို့ကတော့ ဘယ်ချောင်မလဲ။ ဆရာ တော်ကသိပ်စည်းကမ်း ကြီးသလို အားလုံးကို ပညာတတ်ဖြစ်စေချင်တယ်။ အဲဒီလိုဆရာတော်ကို ကြောက်တဲ့ကြားကပဲ တစ်နေ့မှာ...။

ဒီတစ်ခါ ငံပြာရည်နဲ့ ငရုတ်သီးမှုန့် ၀ယ်ရမှာ ကျုပ်အလှည့်။ ပိုက်ဆံ တစ်ကျပ်တန်ကို လက်ထဲမှာ ကျစ်ကျစ်ပါအောင်ဆုပ်ရင်း မပြားအိမ်ကို ၀င်းထ ရံကြားကနေ တိုးထွက်ခဲ့တယ်။ မပြားက အဲဒီနေ့က စေတနာတွေပိုပြီးပုဇွန်ခြောက်မှုန့်နည်းနည်းတောင် ငံပြာရည်ထဲ ထည့်ပေးလိုက်သေးတယ်။ ဆရာတော်ကိုပြန်မတိုင်ဖို့ နှုတ်ပိတ်ခဲ့ရသေးတယ်။ ဆရာတော်သိလို့ ကတော့ ခြေသလုံးနဲ့ကြိမ်လုံး မိတ်ဆက်ခံရဦးမှာ။မပြား အိမ်ကပြန်လာတော့ တိုက် တိုက်ဆိုင်ဆိုင်ဆရာတော်က ကိုယ်လာတဲ့ လမ်းကနေ မျက်နှာချင်းဆိုင် တည့်တည့်ကြီး လာနေတာ။ ဒုက္ခပဲ။ ဇောချွေးတွေ ပြန်လာရင်း လက်ထဲကိုင်လာတဲ့ ငံပြာရည် ထုပ်ကို ၀င်းထရံဘက် ထိုးချိတ်လိုက်တယ်။ တော်သေးတယ်။ ဆရာတော်က အဲဒီကိစ္စပြီးမှ ကျုပ်ကိုမြင်သွားတာ။ ကိုယ်တော်ဒီဘက် ဘာလာ လုပ်တာလဲမေးတော့ ကျုပ် မသိမသာ တုန်သွားတယ်။ ဒီနားခဏ လမ်းလျှောက် ထွက်တာပါဘုရားလို့ ကျုပ် ဖြေလိုက် တယ်။  ဆရာတော်က ဘာမှထပ် မပြောပေမယ့် မျက်နှာက သိပ်ကြိုက်ပုံ မရဘူး။ ကျုပ်လည်း ခပ်ကုပ်ကုပ်နဲ့ထွက်လာတာပေါ့။ ကျုပ်ကိုစောင့်နေတဲ့ ကိုယ်တော်တွေကထမင်းထုပ် အဆင်သင့်နဲ့ ဗိုက်ဆာပြီး စောင့်နေကြတယ်။ ကျုပ်ပြောပြ တော့ သက်ပြင်းချရင်း ဘယ်လို လုပ်မလဲတဲ့။ ခဏနေတော့ ဆရာတော်ပြန်လာပြီး ကျောင်းပေါ် တက်သွားတာတွေ့ရတယ်။

ကျုပ်ကလည်း ထပ်မသွားချင်တော့တာနဲ့ ကျုပ် တို့ထဲက နည်းနည်းငယ်တဲ့ကိုယ်တော်ကို ၀င်းထရံမှာ ချိတ်ခဲ့တဲ့ ငံပြာရည်ထုပ်ကို သွားယူ ခိုင်းလိုက် တယ်။ခပ်မှောင်မှောင်မှာ ကိုယ်တော်က မှောင်ရိပ်ထဲ ပျောက်သွားတယ်။ ကျုပ်ကလည်းဆရာတော်ကို ချောင်းနေရတယ်။ ခဏနေတော့ ကိုယ် တော်က အထုပ်ကလေးဆွဲပြီး ကျုပ်တို့ဆီ သုတ်ခြေတင်လာတယ်။ ထမင်းထုပ်ကို ခါတိုင်းလိုပဲ မြေတွင်းထဲ က ဖွက်ယူခဲ့ပြီး ခုနကယူလာတဲ့ ကိုယ် တော်ကငံပြာရည်ထုပ်ကို ဖြေရင်း ထမင်းထုပ်ထဲ လောင်းထည့် လိုက်တယ်။ ကျုပ်တို့ကိုယ်တော်သုံးပါးပေါ့ လက်ဆေးချိန်တောင်မရဘူး။ တစ်လုတ်၊ နှစ်လုတ်...

"ဟ ကိုယ်တော် ကိုယ့်တော့် ငံပြာရည်နံ့က တစ်မျိုးကြီးပဲ"

"ဟုတ်တယ် ပုစွန်ခြောက်မှုန့်တွေများ ဖြူးလိုက်လို့လား"

"မဟုတ်ဘူး။ အနံ့ကိုက ငံ့ပြာရည်နံ့ မဟုတ်သလိုပဲ"

"ဟင်... ဒါ... ဒါ ကွမ်းနံ့ရသလိုပဲ"

"ဟာ ဟုတ်တယ်။ ဒါ ကိုယ်တော် ဘယ်ထရံက ဖြုတ်ခဲ့တာလဲ"

"ဟို မြောက်ဘက်ထရံ ကလေ"

"ဟာ ကိုယ်တော်ချိတ်ခဲ့တာ တောင်ဘက်ဝင်းထရံ ဟ။ ဒါဆို သွားပြီ။ ဒါကြီးကငံပြာရည်ထုပ် မဟုတ်ဘူး။ ကွမ်းနံ့ရနေတော့ ကွမ်းတံတွေးရည်တွေပေါ့။ အမလေး"

"ဝေါ့... အော့... ဝေါ့"

"ဒါကြောင့် ပါးစပ်ထဲ ချွဲပျစ်ပျစ် ဖြစ်နေပါတယ် အောက်မေ့တယ်"

"တော်ပါတော့"

ကျုပ်လည်း အန်ချင် လိုက်တာ ပြောမနေပါနဲ့တော့။ ဆာနေတဲ့ ဗိုက်တောင်ဘယ်ရောက်သွားမှန်း မသိဘူး။ အဲဒီအဖြစ်ပျက်ကြောင့် ငံပြာရည်နဲ့ထမင်း
ခိုးမစား ဖြစ်တာ ကြာသွားခဲ့တယ်။

အဲဒီတုန်းက ကျုပ်တို့တွေ ဆယ့်ခြောက်၊ ဆယ့်ခုနစ်နှစ်တွေ။ စာချပုဂ္ဂိုလ်တွေဖြစ်နေပြီ။ မရရအောင်ခိုးစားခဲ့ကြတဲ့အကျင့်တွေကို သိနေတာမို့ ခုလို ငပိန်လုပ်တာလောက်တော့ ဘာဟုတ်သေးလို့လဲ။ကျုပ်တို့တုန်းက ဆရာတော်ကြီး မမိသွားလို့၊ မိသွားရင် ခုလို ငပိန်ကို လုပ်ခိုင်းသလိုမျိုး နောက်မ လုပ်ရဲအောင် ဒဏ်ခတ်ခံရမှာ။

ကျုပ်တို့ ထမင်းကို ကွမ်းတံတွေးရည်နဲ့ မှားစားမိတဲ့ အဖြစ်ကို ပြန်တွေးမိလိုက်ရင် အခုချိန်ထိ ဆွမ်းစား ပျက်တယ်။ ကျုပ်နဲ့ အတူစားခဲ့ကြတဲ့ ကိုယ် တော် တွေလည်း အခု နေရာ အသီးသီးမှာ ဆရာတော်တွေ ဖြစ်နေပါပြီ။ ကျုပ်တို့တုန်းကစာပေကို လိုက်စားကြတော့ ၀ါသနာလည်းပါ၊ စိတ်လည်း ၀င်စားတော့တော်ကြတယ်။ စာတတ် ပုဂ္ဂိုလ်တွေ ဖြစ်ကြတယ်။ အခုဟာက ငပိန်တို့လို ကလေးတွေကျောင်းမှာ အများကြီးပဲ။ စောင့်ထိန်း အုပ် ချုပ်မယ့် သူမရှိတဲ့ ကလေးတွေကို ကျုပ်ကျောင်းမှာ စာတတ်လေးတွေ ဖြစ်သွားစေချင်တယ်။ နောင် သူတို့ဘ၀ရပ်တည်ဖို့ပေါ့။ ကလေးတွေကတော့ ဘာမှမသိဘူး။ သိတဲ့ကလေးက သိတယ်။အရွယ်စုံကိုး။ ဥာဏ်ရည်မြင့်မားတဲ့ ကလေးပါသလို၊ မမီတဲ့ ကလေးလည်း ပါမှာပေါ့။

ငပိန့်လိုကလေးကျ သွန်သင် ရတာ နည်းနည်း ခက်တယ်။ သူလုပ်ချင်ရာကိုလုပ်တယ်။ ခဏခဏ တိုင်ခံရတယ်။ စာလည်း စိတ်မ၀င်စားဘူး။ဟို တစ် လော က လည်း ကလေးတွေ စာလာသင်ပြတဲ့ ဆရာမရဲ့ ခြင်းတောင်းထဲဖားပြုပ်ကြီး ထည့်ထားလို့ ဆရာမမှာ တက်မတတ် ငယ်သံပါအောင် အော်တော့တာပဲ။ ငပိန်ကို ကြိမ်လုံးနဲ့ သုံးချက်ချပြီး အပြစ်ပေးတယ်။ ဒီလိုအပြစ် ပေးခံရတိုင်းစိတ်ညစ် စိတ်ပျက်ပြီး ရှက်ရကောင်းမှန်း လည်း မသိဘူး။ ဒီတစ်ခါတော့ မရတော့ဘူး။ ငပိန့်ကို ဘယ်လို လုပ်မှ ရှက်မလဲ ဆိုတာကို စဉ်းစားမိပြီးသူ့ထက်ငယ်တဲ့ ကိုရင်တွေရှေ့ ထိုင်ထ လုပ်လို့ အော်ခိုင်းလိုက်တယ်။ မှတ်ကရော။

"ကိုရင်ငပိန် ဆွမ်းများကို ခိုးပြီး ကျောင်းအောက် ၀ှက်ထား မိပါတယ်။ နားရွက် ဆွဲ၊ ထိုင်ထ အခါ ငါးဆယ် လုပ်ရပါမယ်"

"တစ်..."

စာသင်ကျောင်းပေါ်က ငပိန့်အသံပါလား။ ကိုရင်တွေက တစ်၊ နှစ်၊ သုံး လုပ်ပေး နေတယ်။ ဒီလိုတော့လည်း ဟုတ်သား။ ဒါမှ မှတ်မှာ။ ခိုးခိုးခစ်ခစ် ရယ်သံ တွေလည်း ကြားရတယ်။ မနေ့က စာချကိုယ်တော်တစ်ပါးကို ခေါ်ပြောထားလို့ သူက ဘေးကနေ ကြီးကြပ်ပေးနေတယ်။ ကျုပ်ကတော့
ကျုပ် ကျောင်းပေါ်ကနေ လှမ်းကြည့်ပြီး နားထောင်နေမိတယ်။ ငပိန့်အသံက ပထမတော့ အားနဲ့မာန်နဲ့။ နောက်တော့ တဖြည်းဖြည်း အသံ ပျော့လာတယ်။

"လုပ်... လုပ်။ အသံက အော်လေ"

ဘေးက စာချကိုယ်တော်က အော်တယ်။

"လေးဆယ်၊ လေးဆယ့်တစ်၊ လေးဆယ့်နှစ်.."

တံခါးပေါက် နားကနေ ခွာရင်း မနက်ဖြန် ခရီးထွက် ရမှာမို့ ပြင်ဆင်မိတယ်။ရှမ်းပြည်နယ်ဘက်ကို သုံးလေးရက်လောက် သွားရမယ်။ မရောက်တာ
ကြာပြီမို့တစ်ကြောင်း၊ ကျုပ်နဲ့ထမင်း အတူတူ ခိုးစားခဲ့တဲ့ ကိုယ်တော်ကကြွဖြစ်အောင် ဆက်ဆက်ကြွပေးပါ ဆိုတာကြောင့် ကျုပ် သွားဖို့ ဆုံးဖြတ်
ခဲ့တယ်။ ကျောင်းကို ကိုယ်တော် နှစ်ပါးဆီမှာ သေချာအပ်ခဲ့တယ်။ ကိုရင်ငပိန် ကိုလည်း သေချာ ကြည့်ထားဖို့ ထပ်ဆင့်မှာရတယ်။ တော်နေကိုယ် သွားတုန်း တစ်ခုခုဖြစ်သွားစိုးလို့။

ရှမ်းပြည်နယ်ဘက် ခရီး ထွက်ရတာ ကောင်းလှတယ်။ ပြင်ဦးလွင်မှာမိုးသိပ်မရွာသေးဘူး။ ရှမ်းပြည်နယ် ဘက်တက်ရင် မိုးရွာနေမှာပဲ လို့ထင်ပေမယ့်
ကျုပ်သွားတဲ့ ရက်မှာမိုးမရွာဘူး ဆိုတော့ ပိုကောင်းသွားတယ်။ ကွတ်ခိုင်အ၀င် အောင်ချမ်းသာမှာ ကားရပ်တယ်။ ကားပေါ်က ဒကာတစ်ယောက်က
ရှမ်း ထမင်း ကပ်တယ်။

ပူပူနွေးနွေး ရှမ်းထမင်းက စားချင့် စဖွယ်။ ခေါင်းထဲမှာ ဖျတ်ခနဲ ကိုရင်ငပိန်ကို သတိရမိတယ်။ ဒီ ရှမ်းထမင်းနဲ့ငပိန်ကို ကျွေးချင်စိတ် ပေါ်လာမိတယ်။ ဆွမ်းစားပြီး မြေပြင် ခင်းရောင်းနေကြတဲ့ သစ်သီး သီးနှံအစုံကို လျှောက်ကြည့်နေမိတယ်။ လမ်းတစ်လျှောက် ရာသီဥတုက သာယာတယ်။ ကွတ်ခိုင် ထဲမှာပဲ သိပ်မကြာခင်မှာ ကျုပ်မိတ်ဆွေ ကိုယ်တော့်ကျောင်းကိုရောက်ခဲ့တယ်။တစ်ခါမှမရောက်ဖူးတော့ နေရာစိမ်းတစ်ခုမှာ ကြည့်စရာ တွေကလည်း အများကြီး။ ကိုယ်တော့် ကျောင်းကလည်း အလှူရှင်တွေ မဆိုးသလို စာသင်သားလည်းများတယ်။ နောက်နေ့ ကိုယ်တော်က ကျုပ်ကို မန်လွယ်မှာ ရှိတဲ့ ဓာတ်တော်ရှင် ကျိုက်ထီးရိုးစေတီတော်ကိုတောင် လိုက်ပို့သေးတယ်။ သဘာဝအရ ပေါ်ထွန်းနေတာဆိုတော့ကြည်ညိုစရာ ကောင်းလိုက်တာ။ အဲဒီနားက နမ့်ဖက်ကာ၊နမ့်ဖက်လွန်းတို့ ခိုမုန်း၊ဆွမ်းလုံ ဆိုတဲ့ ရွာနာမည်တွေကလည်း လှမှလှပဲ။ လမ်းတစ်လျှောက်မှာတော့တောင်ယာတွေ၊ တောင် စောင်းတွေ အများကြီးပဲ။ အပြင်ထွက်ခဲတဲ့ ကျုပ်ကိုခေါ်ခဲ့တဲ့ ကိုယ်တော့်ကိုလည်း ကျေးဇူးတင်မိတယ်။ ညပိုင်းတွေ မကျိန်းခင်မှာ စကားပြောရတာ၊ ရေနွေးကြမ်း သောက်ရတာ သိပ်အရသာ ရှိတာပဲ။ မှတ်မှတ်ရရ ကိုယ်တော်က စကားစပေးလို့ ထမင်းခိုးစားတဲ့ အကြောင်း ပြောပြီး အားရပါး ရရယ် မောခဲ့ကြတယ်။

တကယ်တော့ ဒီလို အဖြစ်အပျက်တွေက ဘယ်လောက် အသက်တွေ၊၀ါတွေကြီးလာပေမယ့် ဘယ်လိုမှမေ့ လို့ရမှာ မဟုတ်ပါဘူး။ အဲဒီလိုပဲ၊ ကျုပ်ဘ၀ မှာမေ့လို့မရနိုင်မယ့် အဖြစ်အပျက် တစ်ခု ထပ်ဖြစ်လာ ခဲ့တယ်။ ကျုပ် ကျောင်းကိုပြန်ရောက်လာတဲ့ နေ့မှာပဲ ကိုယ်တော်က ကျုပ်ကို ဆီးပြောတယ်။ ကိုရင်ငပိန်ကိုဆေးရုံတင် ထားတယ်တဲ့။ ကျုပ် မျက်လုံး ပြူးသွားတယ်။ မနေ့ကမှ တင်လိုက်တာတဲ့။ ကျုပ် ရှမ်းပြည်နယ် ထွက်သွားတဲ့ညက ကိုရင် ငပိန် ပျောက်သွားတယ်။ ဘယ်မှလည်း ရှာမရကြဘူးတဲ့။ မိုးတွေကလည်း တအားရွာတယ်။ မနေ့ကမှ ချောင်းအစပ်မှာ သတိလစ်ပြီးလဲနေတာ တွေ့ခဲ့တယ်။ မိုးရေတွေကရွှဲ၊ တစ်ကိုယ်လုံး အေးစက် တောင့်တင်းနေတာပဲ။ ဒါနဲ့ ဆေးရုံ အမြန် တင်လိုက်ရတယ်တဲ့။

ဘုရားဘုရား... ။ ဒီ ကလေး ဘာဖြစ် သွားတာပါလိမ့်လို့ အတွေးစိတ်ဝင်ရင်းဆေးရုံကို ကိုယ်တော်နှစ်ပါးနဲ့ အတူ ချက်ချင်းပဲ လိုက်လာခဲ့တယ်။ ဆေးရုံ
ခုတင်ပေါ်မှာ ငပိန်ကို ပုလင်းချိတ်လျက် ဖြူဖျော့နေတာကို တွေ့ရတယ်။ကိုရင်ငပိန်လက်လေးကို ကျုပ်အသာ လှမ်းကိုင်လိုက်တယ်။ နွေးတော့နွေးမ နေ ဘူး။ ဒါပေမယ့် အေးလည်း အေးမနေဘူး။ မိုးထဲမှာ ဘယ်လောက်များ ကြာကြာနေခဲ့ပါလိမ့်။ အခုထိ သတိမရသေးဘူး။

ဆရာဝန်ကြီးနဲ့တွေ့တော့ အဆုတ်ကို တော်တော် အအေးပတ်သွားတယ်။နောက် သူ့မှာ ငှက်ဖျား ဓာတ်ခံ ရှိနေတယ်တဲ့။ ငှက်ဖျားလည်း ဖြစ်နေတယ်

လို့ ဆရာဝန်ကြီးက ပြောသွားတယ်။ကျုပ် တော်တော် စိတ်မကောင်းဘူး။သူ ဘာဖြစ်လို့ ကျောင်းပြန်မလာဘဲ မိုးရေထဲမှာ နေခဲ့ရတာလဲ။ ကျုပ်အ ပြစ်ပေးတာ လွန်သွားပြီလား။ ကိုရင်ငပိန်ကို အရှက် မရှိ၊ မရှက်တတ်တဲ့ ကလေးလို့ယူဆထားတာ မှားများ မှားသွားပြီလား။ အရမ်းများ ရှက်သွား လို့လား။ ကျုပ်ကိုစိတ်ဆိုးသွားလို့လား။ အိုး အတွေးတွေ မွန်းကျပ်လာတယ်။ငပိန် ကျန်းမာပြီး အမြန် သတိရလာဖို့ ဆုတောင်းမိတယ်။ ဒါပေ မယ့်  ကျုပ်ဆုတောင်း မပြည့်ခဲ့ဘူး။ နောက် တစ်နေ့သတိလည်း လည်မလာသလို ကျုပ်လက်ပေါ်မှာတင် ဆုံးပါးသွားခဲ့တယ်။ သူ့ကိစ္စကို အကြောင်း ကြားခဲ့ပေမယ့် ဘယ်သူမှ မလာခဲ့ကြဘူး။ ကျုပ်လည်းတစ်ခါတလေ ပုထုဇဉ် လူသားဆို တော့ ခံစားမိတယ်။ ကျုပ် စိတ်ထဲမှာရှမ်းပြည်နယ်မှာလည်း ငပိန့်ကို သတိရနေမိတာ။ ငပိန် ကိစ္စလေးကို သေသေချာချာလုပ်ပေးခဲ့တယ်။ ဘုရားရှေ့မှာ အမျှဝေတိုင်း ကိုရင်ငပိန်ဟာ ဘုရားတပည့်တော် အပေါ် စိတ်တစ်ခုခုဖြစ်သွားတာ ဆိုရင် အားလုံးကျေအေးခွင့်လွှတ်ဖို့ တောင်းဆိုမိတယ်။ တစ်နေ့တော့ ကိုရင်ငပိန်ထက် ငယ်တဲ့ ရှစ်နှစ်စာသင်သား ကိုရင် ပေါက်စ လေးကကျောင်းပေါ် တက်လာတယ်။ သူ့ပုံစံလေးကတုန်တုန်ရီရီနဲ့။

"ကိုရင်လေး"

သူ့ကို အငယ်ဆုံးလေးမို့ ကျုပ်က ကိုရင်လေးလို့ပဲ ခေါ်တယ်။

"ကိုရင်လေး ဘာဖြစ်လာတာလဲ။ တုန်လို့ နေမကောင်းဘူးလား"

"မဟုတ်ပါဘူးဘုရား။ တပည့်တော် ဗိုက်အရမ်း ဆာလို့ပါ"

"သြော်..."

"ကဲ ကိုရင်လေး ဟို ကြောင်အိမ်ထဲမှာ ငှက်ပျော်သီးတွေ ရှိတယ်။
စား၊ ဆွမ်းစားချင်တယ် ဆိုလည်း စား"

ကိုရင်လေးကိုသနားတာနဲ့ ကျွေးလိုက်မိတယ်။ အစာအိမ်တွေဘာတွေ ရှိပြီးဖြစ်ရင် ခက်မယ်။ ကလေးတွေကိုး။ ကိုရင်လေးက ငှက်ပျောခိုင်က သုံးလုံး
ဖြုတ်ပြီး တစ်ခါတည်း စားပစ်လိုက်တယ်။ ဆွမ်းတော့ မစားဘူးတဲ့။ အရင်ကဒီလို တစ်ခါမှ လာပြီး မလျှောက်ဖူးပါဘူး။

"ကိုရင်လေး အရင်က ဒီလို တစ်ခါမှ မဖြစ်ဖူးပါဘူး။ အခု ဗိုက်ဆာတဲ့ဒဏ်ကို သည်းမခံနိုင်တော့ဘူးလား"

"တင်ပါ့ဘုရား။ အရင်က တပည့်တော်ကို ကိုရင် ငပိန်က ညနေပိုင်းရောက်ရင်ထမင်းခိုးခိုး ကျွေးပါတယ်။ အခု သူမရှိတော့ ဗိုက်အရမ်းဆာတာ မအောင့်နိုင်လို့ပါ"

"ဟေ...။ ငပိန်က ထမင်းခိုး ကျွေးတယ်"

"သူမဆုံးခင် အပြစ်ပေး ခံရတုန်းက ဆွမ်းတွေခိုးတာ တပည့်တော် အတွက်ပါ။ သူ လုံးဝ မစားပါဘူး။ တပည့်တော်ကို သနားလို့ သူ့ထဲက ဆွမ်းကို ချန်ထားပြီးညနေစာ စားရအောင် ထုပ်ပြီး ကျောင်းအောက် သိမ်းတာကို သိသွားတာဘုရား"

"ဟေ... ဟုတ်လား။ ဒါနဲ့ ကိုရင်လေး သူမဆုံးခင် အကြောင်းသိရင်ပြောပြပါဦး"

"သူ အပြစ်ပေးခံရတော့ ရှက်သွားတယ် ထင်ပါ့ဘုရား။ တပည့်တော်ကိုကောင်း ကောင်းနေခဲ့လို့ မှာပြီး အဲဒီနေ့ည မတွေ့ရတော့တာပဲ။ တပည့်တော် အတွက် သူ လုပ်တာပါဘုရား"

"အေးကွယ် နောင်ခါ ဆာရင်လည်း ပြော။ ခိုးပြီးတော့ မလုပ်နဲ့"

"တင်ပါ့ဘုရား။ တပည့်တော် သွားပါဦးမယ်"

"အေးအေး"

ကိုရင်လေး ကျောင်းအောက် ဆင်းသွားပြီး ပျောက်ကွယ်သွားတဲ့တိုင် အချိန် အကြာကြီး ကျုပ် အသိစိတ် ကင်းလွတ် သွားခဲ့တယ်။ မိုးတွေ သည်း သည်း မည်းမည်း ရွာနေတယ်။ ဒီလို မိုးတွေရွာတဲ့ နေ့ဆိုကိုရင် ငပိန်ကို ပိုသတိရနေမိတယ်။

သြော်... တစ်ချိန်တစ်ခါက ကျုပ်တို့ ဆွမ်းခိုးစားတဲ့ အဖြစ်ဟာ ရယ်စရာဇာတ်လမ်းတစ်ပုဒ် ဖြစ်ခဲ့ပေမယ့် အခု ကိုရင်ငပိန် ဆွမ်းခိုးတဲ့ အဖြစ်ကတော့
တကယ်ကို ကြေကွဲစရာ ကောင်းနေပါပေါ့လား။

တွေးရင်းနဲ့ မိုးစက်တွေ နဲ့အတူ ကျုပ်မျက်ဝန်းမှာ၊ ကျုပ်နားထဲမှာစာသင်ကျောင်းပေါ်ဆီက ထွက်လာတဲ့ အသံတစ်ခု...။

"ကိုရင်ငပိန် ဆွမ်းခိုးပြီး ကျောင်းအောက် ၀ှက်ထားမိပါတယ်။ နားရွက်ဆွဲ ထိုင်ထ အခါငါးဆယ် လုပ်ရပါမယ်..."

"ကိုရင်ငပိန်..."

ချောအိမာန်၊မန္တလေး၊
၂၀၀၉ခုနှစ်မတ်လထုတ်ရွှေအမြုတေမဂ္ဂဇင်းရွှေဝတ္ထုကဏ္ဍမှ

Friday, March 19, 2010

ချစ်ခြင်း

ချစ်သူကိုချဉ်းကပ်ဖို့ ... နှလုံးသားကို

အရည်ဖျော်ခဲ့ရတဲ့ ... လူ

အိပ်မက်ကို ထမ်းပိုးပြီး

ဝေဒနာကို ထုပ်ပိုး

နံရိုးကို အရည်ကျိုခဲ့သူ

တိမ်တွေရဲ့ နံရံတံခါးပေါက်

လူးလိမ့်ဝင်လာကြတဲ့

ပူဆွေးမှုနဲ့ သောကတွေ ... ခေါက်သိမ်း

ခေါင်းအုံး အိပ်ခဲ့သူ

ရေဆန်ကို လှန်

ပွက်ပွက်ဆူ လှိုင်းလုံးတွေကြား

ကဗျာတွေနဲ့

တောင်ပံဆန့်ဖြန့်ချင်ခဲ့သူ ...

ချစ်သူရဲ့ ပါး

ပင်လယ်တံခါးဝ

ကမ်းခြေတစ်ခုလို

အပန်းဖြေရာ

ညနေခင်းတိမ်တွေ

ရောင်စုံခြယ်လို့

မိုးကာထားတော့

ဒီကောင့်ရင်မှာ

ကမ္ဘာပျက်သလို

စကားလုံးတွေ

ပြာကျသွားခဲ့သူ ...

14.2.07

ပန်းသီးရည်နဲ့ လိမ်းကျံထားတဲ့ နှုတ်ခမ်းတစ်ခုရဲ့ ဒိုင်ယာရီ စာအုပ်မှ

ချောအိမာန် ( မန္တလေး )

Monday, March 15, 2010

စည်းစိမ်အိပ်မက်

"ဆင်းရဲခြင်းလွတ်ကင်းအောင် လမ်းပြဆောင်ပါမည်.. ရတနာခုနစ်သွယ် တကယ်ပင် စုံညီ တို့အမျိုးသား တိုင်းပြည်.. မွဲတဲ့သူ လှူဒါန်းနိုင်မည်.. ကျောင်းဆောက်ခါ ဘုရားပါတည်"

ဒီနဂါးနီသီချင်းကို ကျွန်မသွေးကြောထဲထိ စိမ့်ဝင်အောင် ကြိုက်သည်....ရင်ထဲမှာလှိုက်လှဲစွာနဲ့  သံစဉ်တွေနောက်ပါသွားရင်း အင်အားတွေ ရှိသမျှ ထိုင်းနေသမျှ အင်ဂျင်တွေ နိုးကြွလာသည်အထိ ကြိုက်သည်....အားမာန်တွေ တက်ကြွသည်။ မျက်လုံးတွေ တံခါးဖွင့်ချင်လာသည်.... အဓိကတိုက် ရိုက် ပြောမယ်ဆိုရင်တော့ ဆင်းရဲသမျှတွေ လွတ်ကင်းမယ့်နေရာကို ထွက်ပြေးချင်သည်...ချမ်းသာချင်သည်. ဟုတ်ပါတယ်။ အမှန်စင်စစ် ကျွန်မ အရမ်းချမ်းသာချင်ပါတယ်.... ဘာလို့ချမ်းသာချင် လဲလို့မေးရင် အဖြေကရှင်းရှင်းလေးပါ။  ကျွန်မဘဝက အရမ်းဆင်းရဲနုံချာနေလို့ပါပဲ။ အမှန်တော့ စာဖတ်သူတွေကို ကျွန်မဘယ်လောက်ဆင်းရဲတယ်ဆိုတဲ့ကိစ္စကို ဘယ်ဖွင့်ပြောချင်ပါ့မလဲ..ကျွန်မမွေးလာကတည်းက အခုချိန်ထိ ပိုက်ဆံ များများ မကိုင်ဖူးဘူး။ ကုန်တိုက်အထပ်ဘယ်နှစ်ထပ်ရှိလဲမသိ..Shopping Center ဆိုတဲ့ သူများပြော တဲ့နေရာဟာ ဘယ်ဆီနေမှန်းမသိ...ရုပ်ရှင်ရုံဆိုတာ ဘယ်လိုပုံစံနဲ့ဖွဲ့စည်းထားလဲ...

မသိ...ကျွန်မသိတာ တစ်ခုတော့ရှိတယ်...

နောက်ဖေးရေကန်ထဲက ကြာတွေ ဘယ်နှစ်ပွင့်ပွင့်ပြီ... ကန်ထဲကငါးတွေနေမကောင်းတာ၊ ကောင်းတာကိုတော့ကျွန်မသိသည်။ အတန်းပညာက တော့ ဆုံးခန်းတိုင်မသင်ရတော့ မှတ်ဥာဏ်တွေကတော့ ပရုပ်လုံးလိုပါပဲ...ခပ်ပါးပါးပဲကျန်တော့တယ်...မှတ်ဥာဏ်တွေအငွေ့ဖြစ်ပေမယ့် နှလုံးသား ကတော့ ကျောက်တုံးတစ်တုံးလိုမာကျောမှုကို ခုချိန်ထိ ဦးစားပေးနေတုန်းဘဲ...ကျွန်မမိဘလက် ထက်ကတည်းက ဘဝပေးကုသိုလ်ကံအရ ဆင်း ဆင်းရဲရဲမွေးဖွားလာရတယ်... ဒါတောင် ကံကောင်းလို့လူဖြစ်လာတာ.. အမေက သုံးယောက်မြောက်ကလေး ကျွန်မကို မကျွေးနိုင်တော့ဘူးလို့ မလိုချင်ဘဲရလာတာတဲ့..ကဲ အဲဒီလိုကျွန်မကလဲ ဇွတ်ခေါင်းပြူပြီး လူ့လောကထဲ ခြေချချင်မိတာ...ခုချိန်မှာတော့ နောင်တတွေတ လှေကြီးပေါ့.. နောက်ဆုံး အမေ့ဗိုက်ထဲကို စွတ်ကနဲတောင် ပြန်ဝင်သွားလိုက်ချင်တယ်။ကျွန်မငယ်ဘဝတွေကလဲ အတော်ကိုဆင်းရဲတယ်... အမေနဲ့အဖေက ဆန်ပြုတ်လောက်သောက်ပြီးထမင်းတစ်ပန်းကန်ကို မောင်နှမသုံးယောက်ဝိုင်းလုစားခဲ့ရတဲ့ ရက်တွေလည်းရှိခဲ့တယ်... အကိုနှစ်ယောက်ထဲက အလတ်က ရောဂါသည်... သေချာကုမပေးနိုင်လို့ ကျန်းမာရေးနှိပ်စက်တာကို သူလူးလူးလိမ့်လိမ့်ခံစားသွားရတယ်... ဆေးရုံဆိုတာကြီးကို ခြေချဖို့ အင်မတန်ကြောက်ပြီး ဝန်လေး နေတဲ့ အဖေနဲ့အမေက ရှိတာလေးတွေ အစွမ်းကုန်ထုတ်ပြီး နောက်ဆုံးအခြေအနေမှာတော့ ဆေးရုံတင်လိုက်ရ တယ်... ဆေးရုံတင်ပြီး ငါးရက်မြောက်နေ့မှာဘဲ...အစ်ကိုလတ်ဆုံးသွားတယ်။ ရောဂါကတော့စုံနေတာပဲ...ကျွန်မတို့တတွေ အကိုလတ်ကို နှမြော လို့မဆုံးဘူး။
သူကလိမ္မာတယ်အဲဒါကြောင့်လည်း ဆင်းရဲခြင်းကို ကျွန်မစိတ်နာတယ်။ ကျွန်မ အရွယ်လေးရလာတော့ ဆင်းရဲခြင်းကို အရောင်ဆိုးဖို့  ကြိုးစား ကြည့်တယ်.. ဒါပေမယ့်ဆင်းရဲခြင်းဟာ အရောင်ဆိုးလို့မရဘူးဆိုတာသိလာတယ်...ဒီဆင်းရဲခြင်း ဝင်္ကပါထဲက ရုန်းမထွက်နိုင်ဘဲ တဖြည်းဖြည်းနဲ့ ကျွန်မလည်ပင်းကို ရစ်သထက်ရစ် ပတ်လာသလို ခံစားရတယ်...ကျွန်မအပျိုလေးဘဝမှာတော့ အိပ်မက်တွေ အမြဲတမ်း ကြီးစိုးနေခဲ့ဖူးတယ်...
အပြင်မှာဖြစ်ခွင့်မရတဲ့အကြောင်းအရာမျိုးစုံကို အိပ်မက်စိတ်ကူးထဲ ဇွတ်သိပ်ပြီး ထည့်ခဲ့ဖူးတယ်...ဒါကို ကျွန်မက မိုးနတ်မင်းကပေးတဲ့ စည်းစိမ် တစ်ခုလိုခံစားရင်း မျက်စိလေးမှိတ်ပြီး ပျော်ခဲ့တယ်။ကျွန်မဆယ့်နှစ်နှစ်လောက်ကတည်းက ဘူတာရုံမှာ သန့်ရှင်းရေးအလုပ်လုပ်ခဲ့ရတာ.. တခါတ လေအကူပစ္စည်းသယ်ပေါ့...ခရီးသည်မိန်း ကလေးချောချောတွေရဲ့ ဒေါက်ဖိနပ်တွေ၊အင်္ကျီတွေ၊မျက်မှန်တွေ၊လက်ကောက်လေး တွေက ကျွန်မဘဝ သက်တမ်းတလျှောက် တော်တော်စိုးမိုးခဲ့ဖူးတယ်။

အဲဒီတုန်းက ကျွန်မမှာ စီးစရာ ဖိနပ်ပင် မရှိ.. ဘူတာကလူကြီးတွေက တခါတလေ ထမင်းကျန် ဟင်းကျန်တွေ ကျွတ်ကျွတ်အိတ်ထဲ ထည့်ပေးတတ် တယ်... အဲဒီအတွက် ဗိုက်ပြဿနာက သိပ်ကိစ္စမရှိ... ဒါပေမယ့် တစ်နေ့တော့ ကျွန်မတော်တော် ဒုက္ခရောက်သွားတယ်.. ကျွန်မကအချိန်တန်လို့ ထမင်းကျန်ဟင်းကျန်လေးတွေ စောင့်နေပေမယ့် ညရထားဝင် ပြီး ကိုးနာရီခွဲပြီးသည်အထိကျွန်မကို ခေါ်မပေး...နောက်တော့ ဗိုက်ဆာလွန်းလို့ အိမ်
အပြန်မှာဘဲ ဘုရားပွဲဈေးက မုန့်အကျန်တွေကို ရှက်ရှက်နဲ့တောင်းစားခဲ့ရတယ်... ဗိုက်ထဲကို အစာရောက်သွားမှပဲ ကိုယ့်ကိုယ်ကို ရှက်စိတ်ပိုဝင်လာ မိတော့တယ်... အလိုလိုနေရင်းသူတောင်းစားလို တောင်းစားတဲ့တန်းတူဘဝရောက်သွားတဲ့ ကိုယ့်ဘဝကို စာနာမိတယ်။နောက်နေ့မှာတော့ ရုံးကလူ ကြီးက သူ့တို့ထဲ သန့်ရှင်းရေးအနေနဲ့ လူသစ်ဝင်လာတဲ့အဒေါ်ကြီးကိုပေးကြောင်းသိရတယ်...ကျွန်မထက်အသက်ကြီးတာပဲလေဆိုပြီး ကျွန်မလည်း ရုံးလူကြီးဆီနောက်ထပ် ဟင်းကျန်တွေရဖို့မမျှော်လင့်တော့ဘူး...သူများဆီ မရှက်မကြောက် တောင်းစားရတဲ့ မုန့်ဆီကြော်တစ်ခုအတွက် ရင်ထဲမှာ ဝမ်းနည်းပြီး မျက်ရည်ဝဲမိတယ်။
ညရထားနောက်ကျမှ ဝင်မယ့်ရက်တွေဆိုရင် ဘူတာပလက်ဖောင်းပေါ်အိပ်ရတယ်.. ကျွန်မအဲဒါကိုစိတ်အညစ်ဆုံးပဲ... ခြင်ကကိုက်သလို.. ဘယ် လောက် သန့်ရှင်းရှင်းညစ်ပတ်နေတဲ့ ဘူတာပလက်ဖောင်းတွေဟာ ကျွန်မခေါင်းအုံးဖြစ်ခဲ့ရတယ်...ကျွန်မတို့လို အလုပ်သမားတွေ ခုံတွေပေါ်အိပ်ခွင့် မရှိသလို ခရီးသည်တွေက နေရာအပြည့်ယူထားတယ်...ဟင်းလင်းပြင်မှာ တိုက်လာတဲ့လေကအေးလွန်းလို့ ပေါင်နှစ်လုံးကြား လက်နှစ်ဖက် ပူးညှပ် ရင်း အချမ်းကိုအံတုထားရတယ်။လုပ်ခကတော့ တကယ့်ကိုနည်းနည်းလေးရတာပါ...စုဖို့မပြောနဲ့။ အိမ်ရောက်ရင် အမေ့လက်ထဲထိုးအပ် လိုက်ရ တယ်.. ကျွန်မအစ်ကိုကြီးက ကျောင်းတက်တယ်။ သူ့ကျောင်းစရိတ်က ဘယ်လိုမှမတတ်နိုင်ဘူး...အမေက တစ်ယောက်ယောက်တော့ ပညာတတ် စေချင်တယ်။ အဖေက မြစ်ဆိပ်မှာကူလီအလုပ်ကြမ်းသမား..ဘဝကမရေမရာနဲ့တစ်နေ့တော့ကျွန်မအလုပ်မသွားဘူး အိမ်ရှေ့ကိုလေးဘီးကားတစ်စီး ထိုးဆိုက်လာတယ်။   အဖေခြေချော်ပြီး ကုန်တွေပိလို့ ခြေကျိုးသွားတယ်။ အဖေ အလုပ်နားလိုက်ရတယ်...အစ်ကိုကြီး ကျောင်းထွက်လိုက်ရတယ်... ကျွန်မတို့အပေါ်ကို ရွေးချယ်ကျရောက်လာတဲ့ ကံဆိုးခြင်းကို စိတ်နာခဲ့တယ်။
၂၀၀၂ခုနှစ်-မေလရှစ်ရက်နေ့မှာ မှတ်မှတ်ရရ အစ်ကိုကြီးသင်္ကန်းစီးတယ်...ကျောင်းထွက်လိုက်ရခြင်းအတွက် သူလဲ ဆင်းရဲခြင်းကိုစိတ်နာ ပုံရ တယ်... အဖေကသူ့ကြောင့်ဆိုပြီး တောက်ခေါက်တယ်...အမေက မျက်ရည်ကျတယ်...ကျွန်မက အံကြိတ်ရင်းအဖြေရှာနေမိတယ်...ကျွန်မတို့ အိမ်သေးသေးလေးမှာ ဆင်းရဲခြင်းတွေ နေရာလုနေကြတယ်..ပိုဆိုးတာက အစ်ကိုကြီး သင်္ကန်းအပြီးဝတ်သွားခြင်းပဲ...အမေလဲ ကောင်း
တဲ့နေရာတစ်ခုဆိုတော့ ဘာပြောနိုင်မှာလဲ။ အစ်ကိုကြီးကို ကိုယ်လွတ်ရုန်းသွားတယ်လို့ မဆိုလိုချင်ပေမယ့် ကျွန်မတို့မိသားစု တုန်လှုပ်သွားမိတယ်။
အမေက သူ့သားကို နောက်ဆုံးအကြိမ်ပွေ့ဖက်ငိုရှိုက်ရင်း လဲကျသွားသေးတယ်...ကျွန်မအစ်ကိုကြီးကို မကြည့်ရက်နိုင်...ခေါင်းထဲမှာမူးရိပ်ရိပ် ဒယီးဒယိုင်နဲ့ အပြင်ကိုထွက်လာခဲ့တယ်...မှောင်ပိန်းပိန်းညရောက်သည်အထိ ကျွန်မလမ်းပေါင်းများစွာမှာ ဖြတ်သန်းလျှောက်ခဲ့တယ်... အထပ်မြင့် မြင့်တိုက်ကြီးတွေတွေ့တော့ တချက်ပြုံးမိသွားတယ်...အဲဒီအိမ်ထဲကလူတွေကတော့ ဇိမ်ရှိရှိကုတင်ကြိးတွေပေါ်မှာ ကောင်းကောင်းစားကောင်း ကောင်းအိပ် နေကြမှာပဲနော်... ကျွန်မအိမ်မှာတော့ မနက်ဖြန်စားဖို့ရာ အမေ့ဆန်ပုံးထဲမှာ ဆန်မရှိ။သွားကြည့်စရာမလိုအောင် သေချာပါတယ်...
ကျွန်မညောင်းသွားတော့ ပလက်ဖောင်းပေါ်ထိုင်လိုက်တယ်...စိတ်ထဲကတင်းကျပ်မှုတွေလျော့သွားအောင် တဟားဟားနဲ့ အသံထွက်ပြီးရယ် ကြည့်တယ်။  အာခေါင်တွေခြောက်သွားတယ်။ လမ်းမီးတွေမရှိပေမယ့် လရောင်အောက်က ညပုစဉ်းတွေကို မနာလိုဖြစ်မိတယ်သူတို့လွတ်လပ်တယ်။ မပျော်အုံးတောင် ကျွန်မလို ပူပင်သောကတွေရှိမနေဘူး။ကျွန်မမှာတော့ လေးလံတဲ့တာဝန်တွေပိလာသလို များပြားလှတဲ့အတွေးတွေက အရွယ်နဲ့မ လိုက်အောင် နှိပ်စက်ခဲ့တယ်...ညဆယ်နာရီကျမှ အိမ်ပြန်လာလို့ အမေကကျွန်မကိုဖက်ငိုတယ်...ကျွန်မပါပျောက်သွားပြီလားလို့တဲ့...အတော်
စိုးရိမ်တတ်တဲ့အမေ.. ကျွန်မဘာဖြစ်လို့ ထွက်သွားရမှာလဲ...အမေနဲ့အဖေနားမှာ ကျွန်မတစ်သက်လုံးမြုပ်နှံထားတယ်။ အမေက အခုဆို ရေတွင်းမှာ ရေ တစ်ပုံးဆွဲတာတောင် မောနေပြီ။ အဖေကခြေထောက်ကြောင့် လူပါအားလျော့လာပြီးမျက်တွေလေးတောင်ချောင်လာပြီ။ ကျွန်မအပေါ် လုံးဝကျ ရောက်လာတဲ့တာဝန်တွေကို ဘယ်သူမှလက်ဆောင်မပေးဘဲလက်ခံလိုက်ရတယ်...
ဒီအထိမှာကို ကျွန်မမိသားစုရဲ့ဆင်းရဲခြင်းကိုဖတ်ရတာ..တော်တော်ရင်မောနေလောက်ရော့မယ်။ နေ့စဉ် မိသားစုစရိတ်လေးရအောင်နဲ့ ကျွန်မဘဝ ဖြတ်သန်းမှုတွေကိုတဖြည်းဖြည်း ဆက်ဖတ်ကြည့်ကြပါအုံး....

ကျွန်မဘူတာမှာဆက်မလုပ်ဖြစ်တော့ဘူး။ ကျွန်မကိုခေါ်ပြီး ထည့်ခန့်ထားတဲ့သူက ပြောင်းသွားတော့ ကျွန်မလည်းဆက်မလုပ်ချင်တော့ဘူး။ အမေကအရင်ကစက်ချုပ်တယ်အမေ့အမေလက်ထက်က ရထားတဲ့စက်အိုကြီးတစ်လုံးကို ပြုပြင်ပြီး စက်ချုပ်တယ်။စက်ချုပ်တယ်ဆိုတာကလည်း ကြီးကြီးကျယ်ကျယ်မဟုတ်ပါဘူး။ ရပ်ကွက်ထဲက ပိုက်ဆံမရှိသူအချင်းချင်း မတတ်နိုင်လို့ အပ်ကြတဲ့ အထည်လေးတွေပါ... အမေ့မိတ်ဆွေတစ် ယောက်ကတော့ ထမီတွေဘောင်းဘီပြင်ချုပ်တယ်..အမေ့ဖောက်သည်ပေါ့။ အမှန်တော့ ကျွန်မတို့စားစရာမရှိမှန်းသိလို့ တမင်လာအပ်ပေးတာပါ။
ဆန်မရှိရင်ဆန်ဖိုး ပေးသွားတတ်တယ်... ကျွန်မကိုပေးရင် အားနာနာနဲ့ လက်လှမ်းယူမိတယ်။ကျွန်မကတော့သူဌေးအိမ်တွေမှာ အဝတ်လိုက် လျှော်တယ်... ဒါကလည်းအမြဲတမ်းတော့မဟုတ်ဘူး။ ကျွန်မကိုအမြဲလာလျှော်ခိုင်းတဲ့ အိမ်တော့ရှိတယ်။ အဖေကတော့ ဒီနောက်ပိုင်း စိတ်ဓာတ်ကျ လာတယ်... အမေက ရသမျှချုပ်ခလေးကို ကျစ်ကျစ်ပါအောင်ဆုပ်တယ်..ကျွန်မက ဒီ့ထက်ပိုပြီးပိုက်ဆံများများရဖို့ နေ့ရှိသ၍ တွေးတောတယ်... ကျွန်မအလုပ်လုပ်နေတဲ့ တစ်အိမ်က အခြားအိမ်တွေထက် သဘောကောင်းတယ်...သူခိုးကာလပွဲနီးလို့ဆိုပြီး သူတို့အိမ်ကအလုပ်သမားတွေကို မုန့်ဖိုးပေးတယ်။ ကျွန်မကိုလည်း တစ်ထောင့်ငါးရာမုန့်ဖိုးဆိုပြီးပေးတယ်...ကျေးဇူးတင်လွန်းလို့ ပိုက်ဆံကိုရင်ဘတ်မှာကပ်ထားမိတယ် ပိုက်ဆံကို အကြာကြီးကိုင်ပြီး စိုက်ကြည့်နေမိတယ်ကျွန်မစိတ်ထဲမှာ ပိုပြီးအားတွေရှိလာသလိုလို...ဒီအတိုင်းသာများများရှာနိုင်ရင်.. အဖေနဲ့အမေကို ကျွေးနိုင် ပြီပေါ့လို့ စဉ်းစားမိတယ်... အဝတ်လျှော်တာ အလွန်ဆုံးရမှ နှစ်ရာသုံးရာဆိုတော့ တစ်ထောင့်ငါးရာဆိုတာစဉ်းစားသာကြည့်တော့ အိပ်မက်ပဲ...
အဲဒီပိုက်ဆံ အမေ့ကိုအပ်တော့ အံ့သြနေတယ်...အဲဒီပိုက်ဆံရပြီးမကြာခင်မှာ ကျွန်မရောအမေရောအထည်မချုပ်ရ။ မိုးရွာလို့ အဝတ်လျှော်မအပ်ကြနဲ့ ပိုက်ဆံတပြားမှ မကျန်အောင်ဖြစ်သွားတယ်...ကျွန်မလဲမိုးရွာထဲမှာပဲ ထွက်ပြီးငါးသွားမျှားတယ်...နောက်ဖေးကန်ကငါးတွေ နေမကောင်းကြဘူး... ကျွန်မကြောင့်ပေါ့...ငါးတွေနေမကောင်းမှန်းသိရက်နဲ့ ကြော်စား ချက်စားဖို့ဖမ်းတာ ကျွန်မမကောင်းတာပေါ့။အမှန်တော့ အဖေ့အတွက်ပါ အဖေ လူမမာကြီးအတွက်ပေါ့... အာဟာရလိုအပ်တယ်။ တစုံတခုကိုလိုချင်ရင် တစုံတခုကိုစွန့်လွှတ်ရတယ်ဆိုတဲ့စကားအတိုင်းပဲ ကျွန်မ ငါးတွေကိုချစ်တဲ့ စိတ် စွန့်လွှတ်ပစ်လိုက်ရတယ်။တနေ့မှာတော့ ကျွန်မအတွက် ဝမ်းသာတာလိုလို ဝမ်းနည်းတာလိုလို ဖြစ်ရတာရှိသေးတယ်...... ကျွန်မအလုပ်လုပ်တဲ့ အိမ်က သူဌေးလင်မယားက အရမ်းချမ်းသာတယ်ကျွန်မအဝတ်သွားလျှော်တော့ သူတို့အိမ်မှာ သတင်းစာကြီးကိုင်ပြီး အော်ကြီးဟစ်ကျယ်စကားပြော နေကြတယ်... နောက်တော့မှ ကျွန်မသိရတာ သူတို့လင်မယားသိန်းထောင်ချီပြီးလှူထားတာ..အဲဒီအတွက် ကျေးဇူးတင်ဝမ်းမြောက်ကြောင်း ထည့် ကြလို့  အော်ဖတ်ပြီးသဘောကျနေကြတာ....အဲဒီတလောက သူတို့သိန်းထောင်ချီပြီးလှူတာဆိုလားပဲ...ကျွန်မတော့ ကြက်သီးတောင်ထမိတယ်... ကြားလို့သာယုံရတာ..သိန်းထောင်ချီမပြောနဲ့ ကျွန်မဘဝမှာ တစ်သောင်းတောင်ပြည့်အောင် မကိုင်ဖူးဘူး...ကျွန်မတို့လိုဆင်းရဲသားတွေအတွက်
အံ့မခန်းပဲ..နောက်တစ်ပတ်မှာ အဲဒီသူဌေးက ရပ်ကွက်ထဲကဆင်းရဲသားတွေအတွက် တစ်အိမ်ဆန်နှစ်ပြည်စီပေးတယ်.... မလုပ်တာထက်စာရင် စာနာမှုလေးရှိသေးတဲ့ လူဆန်တဲ့မြင်ကွင်းလေးအတွက် ကျေနပ်လိုက်မိသေးတယ်..ရွှံ့နွံတွေထဲမှာ ခန္ဓာကိုယ်နစ်မြုပ်နေတဲ့လူကို ပိုပြီးနစ်သထက်နစ် အောင် ဝါးလုံးနဲ့ထိုးချင်ကြတဲ့...

(၂)
မိထောပုံစံက တဆင့်ပြီးတဆင့် ကျွမ်းကျင်စွာနဲ့လုပ်သွားတာကို အသက်ရှူဖို့ ရာပင်မေ့ပြီး အသက်အောင့်ကြည့်နေမိတယ်...နှစ်ဖက်နှစ်လမ်း သိပ် တော့မသက်လှပေမယ့် နာရီပိုင်းအတွင်းမှာ ပိုက်ဆံတွေအထပ်လိုက် ရလာတယ်မိထောက ကျွန်မကိုသေချာကြည့်ဖို့ပြောတယ်... နောက်နေ့မှာ လဲ ဒီလိုအဆက်အသွယ်နဲ့ ကောင်မလေးနှစ်ယောက်ထပ်ရောက်လာတယ်...တစ်ယောက်ကအဖော်ပေါ့...ဒီတခါ မိထောက ကျွန်မကို ဘာပစ္စည်းပေး ညာပစ္စည်းပေးဆိုပြီး လှမ်းတောင်းတယ်...မိထောရဲ့ကျွမ်းကျင်မှုက ဆရာဝန်တယောက်လိုပဲကျွန်မကတော့  သူနာပြုတစ်ယောက်နဲ့တူနေတယ်... ဒုတိယတစ်ခါတော့ကျွန်မနည်းနည်းအထာသိသွားပြီ....မိထောအတွက်လည်း ပိုပြီးမြန်ဆန်သွားတယ်...သန့်ရှင်းရေးကိစ္စတွေပါ အောက်ခြေသိမ်း လုပ်ပေးလို့ မိထောကကျေးဇူးတွေတင်ပြီး ကျွန်မကို ပိုက်ဆံခပ်များမျးပေးတယ်...အံ့သြသွားတယ်ခု သူကျွန်မကို ပေးတာ သုံးပုံတစ်ပုံလောက်ပဲ... ဒါတောင်တော်တော်များနေပြီ...မိထောက အဆင်ပြေတယ်မလား နောက်တစ်ယောက်လောက်ပြီးရင်နင်စမ်းကြည့်လို့ပြောတယ်။ကျွန်မလက်ထဲမှာ ပိုက်ဆံလေးများများရောက်လာတော့ တော်တော်ပျော်လာတယ်...ဒါဆိုအိမ်ဆိုင်လေးဖွင့်ဖို့ နီးလာပြီ...အိမ်ရောက်တော့အမေ့ကိုအပ်လိုက်တယ်... မနက်ဖြန်ဟင်းကောင်းကောင်းချက်ပါ အဖေလဲစားရအောင်လို့ ဆိုတော့ အမေက ကျွန်မကို ငွေဘယ်ကရလာသလဲလို့သိပ်မစပ်စုဘူးခါတိုင်းလဲ ကျွန်မက ငွေရှာနေကျဆိုတော့...ဒီတစ်ခါငွေက ခါတိုင်းထက်များလို့ အမေ့မျက်ဝန်းတွေ တောက်ပနေတယ်... အဖေလည်း ဆန်ပြုတ်ချည်း
သောက်ရတော့ ပျင်းမှာပေါ့....ပိုက်ဆံတချို့ကို စုဗူးထဲထည့်လိုက်တယ်. ခေါင်းထဲမှာ ချက်ကနဲသတိရသွားတယ်...အစ်ကို့ကိုပေါ့။ သင်္ကန်းအပြီး
ဝတ်သွားကတည်းက အစ်ကို့ဆီ တခေါက်မျှမရောက်ဘူး။ ဒီတခါတော့ပိုက်ဆံလေးရတုန်း တစ်ခုခုသွားလှူအုံးမှလို့ စဉ်းစားမိတယ်။ အမေလဲ
တခါတရံပဲရောက်တယ်။ အဖေဆိုတာ ပိုဝေးသေး။ အဲဒီစိတ်ကူးရရချင်းပဲ အစ်ကိုကြိုက်တတ်တဲ့ ငါးခူဟင်းကို ဆီပြန်လေးချက်ပြီး တဘက်တစ်ထည် ဖိနပ်တစ်ရံ ဝယ်လိုက်တယ်။အစ်ကို ဦးပဇင်းတော်တော်ဝမ်းသာသွားမှာ...အမေကတော့ အဖေတစ်ယောက်တည်းမို့ အိမ်စောင့်ခဲ့မယ်..သမီးပဲသွား
လိုက်တဲ့..ကျွန်မလဲ ဟုတ်ကဲ့ဟုတ်ကဲ့ ဆိုပြီး လှူဘွယ်ပစ္စည်းတွေနဲ့ ရောက်လာတယ်....

ဦးပဇင်း ကျွန်မကိုမြင်တော့ အံ့သြနေတယ်။ "ဒကာမလေး ပေါ်မလာလို့စိတ်ပူနေတာ နေကောင်းကြရဲ့လား"

"ကောင်းပါတယ် ဦးဇင်း...အမေက အဖေတစ်ယောက်တည်းမို့ နောက်မှလာခဲ့ ပါအုံးမယ်တဲ့...အဖေလဲ သက်သာပါတယ်"

"အေးပါ...ဝမ်းသာပါတယ်...ရှေ့ကဘာတွေလဲ"

"ဦးပဇင်းကြိုက်တဲ့ ငါးခူဟင်းဆီပြန်ပါ...ဒါကတော့ တဘက်နဲ့ဖိနပ်ပါဘုရားဦးပဇင်းကို တပည့်တော် လာလှူတာပါ"

"အေးကွယ်...တကူးတကကြီးတော့ မကြိုးစားနဲ့ ဦးပဇင်းအတွက်ကမလို ပါဘူး...ဒါပေမယ့်ဝမ်းသာတယ် လှူမယ့်ပုဂ္ဂိုလ်တွေဟာလဲ အလှူခံမယ့်
ပုဂ္ဂိုလ်တွေရှိမှ ကိုယ်လှူရတဲ့ကုသိုလ်ဟာ မြင့်မြတ်ပြီး ဘာဝနာပွားများနိုင်တာပေါ့...ကဲကဲ ဒကာမလေး ပစ္စည်းတွေကိုကိုင်...ချပေးတာကိုလိုက်ဆို"

ဦးပဇင်းက တစ်ခုချင်းဆီ ရွတ်ချပေးတယ်...ချပေးနေတဲ့အသံတွေကိုအစကတော့ ကျွန်မကြားမိတယ်...လိုက်ပြီး စိတ်ပါလက်ပါဆိုမိတယ်...ဒါပေ
မယ့် ချက်ချင်းပဲ ကျွန်မအသံတွေတိမ်သွားတယ်...ကျွန်မမျက်စိရောက်နေတဲ့ ဦးပဇင်းရဲ့သင်္ကန်ကိုကြည့်ရင်း ကြက်သီးထလာတယ်...မျက်လုံးတွေ
ပြာလာတယ်...ဦးပဇင်းရဲ့အသံလည်း သဲသဲကွဲကွဲမကြားတော့။ ကျွန်မရင်တွေ ခုန်လှုပ်လာတယ်...ပြီးတော့ တဖြည်းဖြည်းချင်းရင်ထဲမှာ လှိုက်တက်
ပြီး ဝမ်းနည်းလာတယ်...ငိုချင်လာတယ်...ကျွန်မကိုင်ထားတဲ့လက်တွေတုန်လှုပ်လာတယ်။

ဦးပဇင်းက ကျွန်မကို ဘာဖြစ်လို့လဲ...နေမကောင်းဘူးလားတဲ့....ကျွန်မခေါင်းရမ်းရင်း အမြန်ပဲ ရှိခိုးဦးချနှုတ်ဆက်ပြီး ကျောင်းပေါ်ကဆင်းခဲ့တယ်
ဦးပဇင်းက ကျွန်မကို ကျောင်းဆောင်ပေါ်ကနေ လှမ်းကြည့်နေတယ်။အပြန်လမ်းမှာ မောဟိုက်နေရင်း ငါမှားသွားပြီလားလို့တွေးမိတယ်... ကိုယ့်ကိုယ်ကို မလုံသလိုခံစားချက်တွေကြောင့် သိမ်ငယ်ပြီးကျုံ့သွားသလို လဲခံစားမိတယ်....ဦးဇင်းရဲ့သင်္ကန်းကို မြင်လိုက်တဲ့အချိန်မှာ ကိုယ်လုပ်ခဲ့
တဲ့ ကိစ္စတွေဟာ မသန့်စင်ဘဲနဲ့ရလာတာကြောင့် ဦးပဇင်းပေးတဲ့ပီတိကိုမခံစားနိုင်ခဲ့ဘူး။ ဒီလှူဘွယ်တွေဟာ ကျွန်မကို ဝမ်းမြောက်မှုတွေမပေးနိုင် ဘူး.... ကျွန်မအမှန်တကယ်မပျော်နိုင်ဘူး....ဦးပဇင်းရဲ့ရေရွတ်သံတွေဟာ ကျွန်မနဲ့ဘာမှမဆိုင်တဲ့ ဆန့်ကျင်ဘက်တွေဖြစ်နေတယ်။ ခြေလှမ်းတွေဟာ လေးလံနေတယ်... မနက်ဖြန်အကြောင်းကိုတွေးမိတော့မိထောနဲ့ချိန်းထားသေးတယ်...ဒီတစ်ယောက်နဲ့ချိန်းထားပြီးသားဖြစ်နေတာမို့ ပျက်ကွက် ရင်လဲမကောင်း.. .အဲဒီတစ်ယောက်ဆီကပိုက်ဆံရပြီးရင်အခြေအနေအရ စဉ်းစားဖို့ဆုံးဖြတ်လိုက်တယ်....အဆင်ပြေသွားရင်အိမ်ဆိုင်လေး အတွက် မဆိုးလောက်ဘူး...လိုအပ်ရင်လည်း တနည်းနည်းနဲ့ထပ်ဖြည့်ဖို့ စဉ်းစားလိုက်တယ်....

~~~~~~~~~~~~~~~~~~~~~~~~~~~~
မိထောက ကျွန်မကို နေမကောင်းဘူးလားလို့ မေးတယ်..ကျွန်မ ခေါင်းရမ်းတော့သူက ကျွန်မနားနား ကပ်ပြောတယ်.... ဒီနေ့လာမယ့်တယောက်က ရှယ်နော်တဲ့... မကြာခင်မှာပဲ အသားအရည်ခပ်လတ်လတ် အသက်နှစ်ဆယ့်ငါးနှစ်လောက်ရှိမယ့် အမျိုးသမီးတစ်ယောက်ရောက်လာတယ်.... အဖော်မပါဘူး...မိထောနဲ့စကားပြောတယ်.... အမျိုးသမီးကို အခန်းထဲခေါ်သွားတယ်.. ဖျာခင်းထားတဲ့ သစ်သားကုတင်ပေါ် လှဲအိပ်လိုက်တယ်.... ဗိုက်ကမသိသာဘူး ဆိုပေမယ့် လှဲအိပ်လိုက်တော့ တော်တော်ပူမှန်းသိသာလာတယ်....ကလေးကဗိုက်ထဲမှာလ ရင့်နေပြီလားလို့ စိတ်ပူသွားမိ သေး တယ်.... ဒါပေမယ့် မိထောပုံစံက အေးအေးဆေးဆေးပဲ။ မိထောက အမျိုးသမီးကိုအမျိုးမျိုးစမ်းသပ်ရင်း လုပ်ငန်းစတယ်....ကျွန်မလဲ ကြည့်ရင်း ချွေးတွေပြန်လာခဲ့တယ်.... ခံစားရတဲ့လူနဲ့ထပ်တူနီးပါးအော်ချင်နေမိတယ်...ဒီတစ်ယောက်က အရင်နေ့ကအမျိုးသမီးတွေလိုမလွယ်ဘူးမိထော ကြည့်ရတာလဲ မသက်သာလှဘူး.... သက်ပြင်းချလိုက်၊ကြိုးစားလိုက်ချွေးသုတ်လိုက်နဲ့ တော်တော်လေးကြာတော့ အမျိုးသမီးရဲ့အောက်ပိုင်းသား
အိမ်ထဲက သွေနီနီခဲကြီးတစ်ခု ကျလာပြီး သွေးမည်းမည်းတွေဆက်တိုက်ဆင်းလာတယ်....ဂွမ်းတွေအဝတ်တွေလည်းသုတ်လို့မနိုင်တော့....ကြမ်း
ပြင်အောက်ခြေမှာသွေးတွေအိုင်ထွန်းနေပြီ...အမျိုးသမီးမျက်နှာဖြူစုတ်နေပြီ....မိထောက ဝမ်းဗိုက်အောက်ပိုင်းကို ပတ်တီးအဝတ်တွေနဲ့တင်းကျပ်
အောင်စည်းထားလိုက်တယ်.....ဒါပေမယ့်သွေးတွေက မနိုင်တော့အောင်ထွက်နေတယ်....တစက်စက်မဟုတ်တော့ဘူး အရှိန်နဲ့ထွက်လာတဲ့သွေး
တွေကိုကြည့်ပြီး ကျွန်မ ကြောက်ပြီးစိတ်ပူလာပြီ....မိထော နင်မနိုင်ရင်ဆက်မလုပ်နဲ့....ဆေးရုံပို့ကြစို့...အခြေအနေမကောင်းဘူးဆိုမှ မိထောက
အမျိုးသမီးလက်ကောက်ဝတ်ကိုစမ်းရင်း ကြည့်တယ်...မိထောက သွေးတွေပေနေတဲ့ သူ့အပေါ်အင်္ကျီကိုချွတ်လိုက်တယ်...ကျွန်မလဲမြန်မြန်ပေ
နေတာတွေကို ရေနဲ့သုတ်ပစ်လိုက်တယ်....မတတ်နိုင်တော့ဘူး....အငှားကားတစ်စီးကိုအမြန်ငှားပြီး ဆေးရုံပြေးခဲ့ရ တယ်...ဆေးရုံရောက်တော့ ဆူသမျှခံပြီး....ထိုအမျိုးသမီးအသက်ရှင်ပါ စေလို့ အခါခါဆုတောင်းနေမိတယ်....ကံကောင်းစွာနဲ့ အချိန်မှီသွေးသွင်းလိုအပ်တာတွေလုပ်နိုင်ခဲ့လို့.... အမျိုးသမီးကို အသက်ရှင်လျက်တွေ့ရတယ်။ ကျွန်မတို့နှစ်ယောက် လူသတ်တရားခံတွေဖြစ်တော့မလို့ နည်းနည်းပဲလိုတော့တယ်... တနေ့လုံးတည လုံး ထမင်းတစိမှမဝင်ခဲ့တဲ့ ကျွန်မတို့နှစ်ယောက်ညလဲမအိပ်နိုင်ခဲ့ဘူး...ငွေနောက်ကို ကောက်ကောက်လိုက်ခဲ့မိတဲ့ကျွန်မကံကောင်းလို့... မဟုတ်ရင် ထောင်ထဲ ဘဲရောက်နေပြီလား...မတွေးရဲအောင် ဒီအကြောင်းကိုသိရင် အမေ....ကျွန်မကိုသတ်မှာ....ရင်တွေလည်း တုန်လှုပ်လိုက်တာ မပြောပါနဲ့ တော့ သူများအသက်ကို စတေးပြီးမှ ရတဲ့ပိုက်ဆံ ဘာဖြစ်လို့မက်မောချင်ရတာလဲလို့ အခါခါတွေးမိရင်း ကျွန်မရဲ့ စိတ်တွေကို အခါခါစိတ်နာမိ တယ်...

ကျွန်မအတွေးတွေ တက်တက်စင်အောင် မှားယွင်းသွားလို့ လောကကြီးက ဒဏ်ခတ်လိုက်သလို ခံစားလိုက်ရတယ်...ထမင်းလည်းမစားနိုင် အိပ် လည်း မအိပ်နိုင်ဘဲ မျက်လုံးထဲမှာ ထပ်ခါထပ်ခါ မြင်ယောင်နေမိတယ်...ကျွန်မအတွက် ရက်ရှည်ကြာစွာပဲ စိတ်တွေ မငြိမ်မသက်ဖြစ်ခဲ့ရတယ်.... ကျွန်မသိတာတစ်ခုကတော့ ငွေထက် အသိတရားတစ်ခုရှိဖို့ လိုအပ်တယ်ဆိုတာပါပဲ...အဲဒီနောက်ပိုင်း မိထော ကျွန်မဆီမလာဘူး....မိထောဆီ ကျွန်မလိုက်သွားတယ်...သူလည်း အခုလို အံ့သြထိတ်လန့်စရာကြီးကို တစ်ခါမျှမတွေ့ကြုံဘူးကြောင်း...ပိုက်ဆံတစ်ခုအတွက် ဒီအလုပ်မကောင်း မှန်းသိရက်နဲ့  လုပ်မိနေကြောင်း၊ ကျွန်မကိုပါ အဆစ်ပါလာတဲ့အတွက် စိတ်မကောင်းကြောင်းပြောတယ်....ကျွန်မလည်း သူ့ကို ဆက်မလုပ်ဖို့ ပြောတယ်... မိထောလည်း တော်တော်ကြောက်ပြီး နောင်တရနေပုံရတယ်....အသက်နှစ်ချောင်းကို စတေးပြီး ရလာတဲ့ ငွေတွေအတွက် ကျွန်မ ဘယ်လောက်တောင် ပူပန်သောကများခဲ့လဲ....  ပျော်ရွှင်ရတာရေပွက်ပမာလေးပဲ....ကျွန်မတို့ လူတွေ ဘယ်လောက်ပဲဆင်းရဲနေပါစေ.... လူသားချင်းစာနာတတ်တဲ့ စိတ်ဓာတ်တွေမြှင့်ဖို့ လိုအပ်တယ်ဆိုတာ ကျွန်မသဘောပေါက်လာတယ်... နဂိုကမှ ဆင်းရဲလို့ လူရာမဝင်ရတဲ့ကြားထဲ ဒီလိုစိတ်ဓာတ်တွေနဲ့ဆို ကျွန်မတို့ ဘဝတွေ လုံးဝမြောင်းထဲရောက်နေပြီ....တွေးရင်းရှက်မိလာတဲ့ စိတ်တွေကို ဘာနဲ့မှ ချိုးနှိမ်လို့မရဘူး... ဒီလိုညစ် ထေးတဲ့ပိုက်ဆံနဲ့ အဖေ့ကို အာဟာရဆေးဝယ်ကျွေးဖို့ ၊ အမေ့ကို ပိုက်ဆံအပ်နိုင်ဖို့၊ တခဏတာလေးအတွက်ပဲ စဉ်းစားခဲ့တယ်.....

ကျွန်မရဲ့ အိမ်ဆိုင်လေးဖွင့်နိုင်ရင် တကယ့်ဆုလာဘ်ကြီးတစ်ပါးလို့ အရင်ကအောက်မေ့မိတယ်...ကျွန်မတို့ကို ထမင်းတလုတ်ကျွေးနိုင်မယ့်အလုပ် ဘယ်ကခန့်မှာလဲ...သေရေးရှင်ရေးနဲ့ လောဘတွေ တရိပ်ရိပ်တက်လာတဲ့အခါ စာရိတ္တတွေအားနည်းလာတယ်ဆိုတာ လက်တွေ့ပါပဲ....
(၃)
ဆောင်းရာသီနံနက်ခင်းမြင်ကွင်းတွေက ကျွန်မစိတ်ကို အတော်အတန်အပြောင်းအလဲဖြစ်ခဲ့ပြီကောင်းကင်ပေါ်က မီးခိုးရောင်ခပ်မှိုင်းမှိုင်း.... တိမ်ဆိုင် တို့ အရောင်ပြောင်းလဲသွားသလိုပဲ.... ကြည်လဲ့ပြာစင်နေတဲ့ တိမ်ပြာပြာတွေကိုကြည့်ရင်း ကျွန်မပြုံးမိတယ်... အခု ကျွန်မရပ်နေတဲ့ တောင်ကုန်း မြင့်မြင့် လေးက အရမ်းလွတ်လပ်ပါတယ်..ရှူရှိုက်ရတဲ့လေကလည်း သန့်ရှင်းလတ်ဆတ်နေတယ်....ဒီနေရာလေးက ကျွန်မတို့ဆင်းရဲသား ရပ်ကွက် လေးနဲ့ ဝေးတယ်... အဲဒီဆင်းရဲသားရပ်ကွက်လေးမှာတော့ ဖုန်ထူထူ၊ ချောင်းတဟွတ်ဟွတ်၊ တံတွေး တပျစ်ပျစ်အိမ်တိုင်းမှာ အပူထုပ်ကိုယ်စီ ဖင်ခု ထိုင် လို့ မီးခိုးမှိုင်းတွေထဲမှာ အသက်ရှူကြပ်နေကြတယ်..အဲဒီတစ်ဖက်ခြမ်းမှာတော့ သွေးသားတွေကနေ အရိုးတွေထဲထိ ဆာလောင်နေကြတဲ့  အရိပ်မဲ့ လူတန်းစားတွေ၊ ကောင်းတာ ဆိုးတာတွေ ဒွန်တွဲနေသလို ဆင်းရဲတာ ချမ်းသာတာတွေကလည်း အမြဲဒွန်တွဲ နေအုံးမှာပဲ.... ဒီလိုတွေးမိတော့ ကျွန်မငွေတွေနောက်ကို မလိုက်ချင်တော့ဘူး....ကျွန်မစိတ်ထဲ အမြဲတမ်းငွေရှာချင်နေတဲ့စိတ်တွေ ပပျောက်သွားတဲ့အခါ တဖြည်းဖြည်းငြိမ်းချမ်း
လာတယ်....အေးအေးဆေးဆေးဖြစ်လာခဲ့တယ်...ကျွန်မအဖေနဲ့အမေဟာလည်းရှိတာလေးနဲ့ တင်းတိမ်ရောင့်ရဲနေနိုင်တယ်...ဒီတော့  ကျွန်မဘဝ အတွက် ဘာမှ မလိုအပ်တော့ပါဘူး....ဒီလိုသိလာတော့ ဆင်းရဲခြင်းကိုလည်း စိတ်မနာတော့ပါဘူး....ထိုနေ့ဟာ ကျွန်မဘဝအတွက် အရေးကြီးတဲ့ ရက်စွဲ မဟုတ်ပါလား....ကျွန်မမက်ခဲ့တဲ့ စည်းစိမ်အိပ်မက်တွေကို အပြီးတိုင် စွန့်လွှတ်ပစ်နိုင်ခဲ့တဲ့ နေ့တနေ့လေ....

ချောအိမာန်(မန္တလေး)
၂၀၀၇ခုနှစ်၊ မတ်လ ၁၇ရက်။

Thursday, March 11, 2010

အရိပ်မဲ့ပန်း

ဒီကနေ့တော့ တရားခံကို ကျွန်မတွေ့ရှိသွားပါပြီ......အမှန်အတိုင်းပြောရရင် တရားခံတော့မဟုတ်ပါဘူး....
ကျွန်မစောင့်ကြည့်ပြီး သိချင်နေတဲ့ တစ်စုံတစ်ဦးမို့ တရားခံလို့ရည်ညွှန်းလိုက်တာပါ။

သူက ငှက်သိုက်လိုရှုပ်ပွပြီး ဆေးမဆိုးဘဲ နီကြောင်နေသော ဆံပင်ခပ်ကြမ်းကြမ်းခပ်ညစ်ညစ်အဖြူရောင်ပေါ် အစွန်းအထင်း ပရပွနဲ့လည်ပင်းပေါက် ကျယ် စပို့ရှပ် ခပ်ပြဲပြဲ အောက်အ နားများ ဖွာလန်စုတ်ပြတ်ကြိုးအမျှင်လိုက်ထွက်ပြီး အရောင်အဆင်းမရှိ မှုံမှိုင်းမှိုင်းဂျင်းဘောင်းဘီတစ်ထည်ရာဘာဖိနပ်တစ်ဖက်မှာ သံကြိုးချိတ်ဆက်ပြီး လမ်းများစွာကို လျှောက် နေ သူ သူ့ကြည့်ရတာ ပလတ်စတစ်ကောက်သူ၊ စိတ်မနှံ့သူ လို့ ထင်ရပေမယ့်အမှန်တကယ်မဖြစ်နိုင်ဘူးလို့တွေးမိတယ်။

သူက ခပ်သွက်သွက်မဲညစ်ညစ်လက်ချောင်းတွေနဲ့ ကြွတ်ကြွတ်အိတ်ထုပ်ကို ဆွဲယူလိုက်တယ်...
သူ့ပုံစံကဘေးဝဲယာဝန်းကျင်ကိုဂရုထားဟန်မပြု။သူလုပ်စရာရှိတာကိုလုပ်နေသလိုပင်...

ကြွတ်ကြွတ်အိတ်ထဲကို တချက်ကြည့်ရင်း လမ်းအတိုင်းအနောက်ဖက်ဆီလျှောက်သွားတယ်။

မန္တလေးရဲ့ထုံးစံတော်တော်များများမှာ အိမ်ကစားကြွင်းစားကျန်အပိုများကို သွန်မပစ်ဘဲ အိမ်ရှေ့မှာချိတ်ထားလေ့ရှိကြတယ် ကျွန်မအမြဲချိတ်ထားတဲ့ ကြွတ်ကြွတ်အိတ် အထုပ်လေး ဟာသိပ်မကြာခင်အပင်မှာမတွေ့ရတာများတယ်...နေ့တိုင်းဘယ်သူများယူတာလဲလို့ စိတ်ဝင်စားစရာ ကိစ္စတစ်ခု မဟုတ်တာကိုစိတ်ဝင်စားနေမိတယ်။အမှန်တော့ ဒါတွေကို ဖြစ်ရိုး ဖြစ်စဉ် အိမ်ရှေ့ဖြတ်သွားဖြတ်လာ သူတောင်းစားတွေဘဲ ယူမှာပေါ့...ဒါကိုဘာကြောင့် တွေးစရာမဟုတ်တွေးပြီး စောင့်ကြည့်နေမိလဲဆိုတာ ကိုယ်တိုင်လည်းမသိတော့ဘူး...

ဒီနေ့တွေ့လိုက်ရတဲ့အသက်နှစ်ဆယ်ဝန်းကျင်ပေစုတ်စုတ်ကောင်လေးတစ်ယောက်ပါ...
သူကအဲဒီအထုပ်တွေကို အမြဲတမ်းလာစောင့်ယူပုံရတယ်။

ထမင်းကျန်၊ ဟင်းကျန် အထုပ်တွေကို သူယူတာလို့ သိသွားပြီးတဲ့အချိန်ကစပြီး ဒီကိစ္စကိုခေါင်းထဲကပျောက်သွားပြီး နောက်ရက်တွေမှာ စောင့်မကြည့်ဖြစ်တော့ဘူး.. တစ်နေ့တော့ ကျွန်မရဲ့စာအုပ်သေတ္တာကြီးရှင်းပြီး အဟောင်း၊ အသစ်နဲ့ ရောင်းမယ့်စာအုပ်ခွဲနေတုန်း သူ့ကို အိမ်ရှေ့မှာရစ်သီရစ်သီလုပ်နေတာကို တွေ့ရတယ်။အိမ်ရှေ့တမာကိုင်းမှာ ဘာအထုပ်မှ ချိတ်မထားဘူး...နေ့တိုင်းရနေကျဆိုတော့တောင်းမလားလို့များထင်မိတယ်...ဒါနဲ့ကျွန်မ ပိုက်ဆံ၁၀၀ကိုယူပြီး သူ့ကိုပေးလိုက်တယ်...သူကကျွန်မကို ခေါင်းခါပြတယ်... ကျွန်မရဲ့ ပြန့်ကျဲနေတဲ့ စာအုပ်ပုံကြီးကို လက်ညှိုးနဲ့ထိုးပြပြီး စာအုပ်ဖွင့်တဲ့ပုံလုပ်ပြီး သူ့ရင်ဘတ်ကိုသူပုတ်ပြတယ်။

သူစာအုပ်ဖတ်ချင်တယ်ပေါ့......အံ့သြစွာပဲ သူကစကားမပြောတတ်ဘဲကိုး။
စာအုပ်ဖတ်ချင်တာလားဆိုတော့ သူက ခပ်သွက်သွက်ခေါင်းငြိမ့်တယ်..

ကျွန်မအိမ်ဝင်းထဲကိုခေါ်လိုက်ပြီး ခွဲထားတဲ့စာအုပ်ထဲကနေ ကြိုက်တာဖတ်လို့ပြောလိုက်တယ်။ သူကဝမ်းသာသွားပြီး ရာဘာဖိနပ်ကိုချွတ်ဖင်ခုထိုင်တယ်၊ကာတွန်းစာအုပ်တစ်အုပ်ကို ဆွဲယူကြည့်တယ်။

ကျောင်းနေဖူးလားဆိုတော့ သူက ခေါင်းငြိမ့်ရင်း လက်ငါးချောင်းထောင်ပြတယ်။

ငါးတန်းအထိနေဖူးတယ်...ဟုတ်ရဲ့လားလို့ စိတ်ထဲထင်မိတယ်..စကားမတတ်သူက ဘယ်လိုကျောင်းနေမှာလဲ။ ကာတွန်းတွေကို စိတ်ဝင်တစားနဲ့ ကြည့်နေတဲ့ သူ့ပုံကလည်း ဟုတ် နေ သလိုလို... သဘောကျရင် အသံထွက်ပြီးတော့တောင် ရယ်လိုက်သေးတယ်။ မဂ္ဂဇင်းအဟောင်းတွေကိုလည်း စာလုံးများပေါင်းဖတ်နေသလား အောက်မေ့ရတယ်..ဘာပဲဖြစ်ဖြစ် သူ့အခြေအနေနဲ့ စာဖတ်ဝါသနာပါနေတာကိုဝမ်းသာမိသေးတယ်... သူဖတ်နေတဲ့ မဂ္ဂဇင်းစာအုပ်နဲ့ ကာတွန်းတစ်အုပ်ကိုပေးလိုက်တယ်...မဟုတ်ရင်သူက ဒီမှာတစ်ထိုင်တည်း အပြီးဖတ်တော့မယ့်ပုံ..တစ်အုပ်ပြီးတစ်အုပ်ကြည့်နေတော့။ သူက စာအုပ်နှစ်အုပ်ကို ရင်ဘတ်မှာပိုက်ပြီး ခေါင်းငြိမ့်အလေးပြုတယ် ကျေးဇူးတင်တယ်ပေါ့...

ဖင်ခုထိုင်ထားတဲ့ ရာဘာဖိနပ်စုတ်ကို ပြန်စွတ်ရင်း ဂျီးအပြည့်နဲ့ခြေထောက်တစ်စုံက သွက်လက်နေတယ်...  မင်းဘယ်မှာနေတာလဲလို့ ကျွန်မလှမ်းအမေးမှာ သူက လက်နှစ်ဖက်ကို ပါးစပ်မှာကပ်ရင်း ဝူး ဝူး ဆိုပြီးအသံလုပ်ပြတယ်...ဘာလဲဆိုတာ တွေးမရဘူး။ နောက်တော့ လက်နဲ့ မီးရထားပုံစံလုပ်ပြပြီး တဝူးဝူးအော်မှ သိသွားတယ်...။ သူဆိုလိုချင်တာ ဘူတာရုံ ဖြစ်ပါလိမ့်မယ်... ဘူတာရုံကိုပြောတာလားဆိုတော့ ခေါင်းသွက်သွက်ငြိမ့်တယ်.. ကောင်လေးက အနောက်ဖက်ဆီ အပြေးတပိုင်းနဲ့ ထွက်သွားတယ်... မထင်မှတ်ဘဲနဲ့ ဒီကောင်လေး ဟာ ကျွန်မစိတ်ထဲ ပြန်ဝင်ရောက်လာခဲ့တယ်။

စာအုပ်ယူသွားတဲ့ နေ့ကစပြီး သုံးလေးရက်မတွေ့ရဘူး...အိမ်ရှေ့ကအထုပ်ကိုလည်း အခြားသူတွေယူသွားကြတယ်...တစ်နေ့တော့ သူတမာကိုင်းမှာ အထုပ်ဖြုတ်ယူနေတုန်း ကျွန်မ ကို ဝင်းတံခါးမှာတွေ့တော့ သူကပြုံးပြတယ်...မင်းဘယ်ပျောက်နေတာလဲလို့ ကျွန်မအမေး ကို သူကခေါင်းတွင်တွင်ခါပြီး ကိုယ်ပူစမ်းပြီးလက်ခါပြတယ်... အော်...  နေမကောင်း ဖြစ်နေတာကိုး။ ဒါ့ကြောင့် သူ့ကြည့်ရတာပိုမှိုင်နေသလိုပဲ။ သူက လူကြီးပုံစံ ကြီးစဉ်ငယ်လိုက်လုပ်ပြပြီး လက်သုံးချောင်းထောင်ပြတယ်...အော်မင်းအောက်သုံးယောက်ရှိသေးတယ် ဟုတ်လား ဆိုတော့ သူကခေါင်းငြိမ့်တယ်။

အဲဒီနေ့က သနားတာနဲ့ အိမ်ကထမင်းနဲ့ဟင်း နည်းနည်းပိုထပ်ထည့်ပေးလိုက်တယ်.... ကျွန်မတို့အတွက် ဒီဟင်းတွေထမင်းတွေက လျော့နည်းသွားလို့ ဘာမျှမဖြစ်နိုင်ပေမယ့်
သူတို့ အတွက်သေရေးရှင်ရေးတမျှ အရေးကြီးနေနိုင်တယ်လေ။

အိမ်ရှေ့အိမ်က အန်တီကြီးက ကျွန်မကို ဘယ်သူနဲ့စကားပြောနေတာလဲတဲ့... ကျွန်မကိုတော့ စံပါဘဲလို့ပြောသွားသေးတယ်...ပြောမှာပေါ့သူတို့က ဒါမျိုးတွေနဲ့ဆို စကားပြောဖို့ နေနေသာသာ အိမ်ရိပ်တောင် အနင်းခံမှာမဟုတ်ဘူး လူ့စိတ်တွေဆိုတာ အမျိုးမျိုးပါပဲ။

သိပ်မကြာခင်က ကျွန်မအိမ်မှာ အမြဲအမှိုက်သွန်နေကျဖြစ်တဲ့ မျက်စိတစ်ဖက်လပ်နဲ့ လူကြီးကို ပိုက်ဆံပေးပြီး အိမ်ထဲကသစ်ပင်တွေခုတ်ပြီးအမှိုက်ရှင်းခိုင်းတယ်....အဲဒီလူက စာဖတ်လဲဝါသနာပါတယ်၊ ကျွန်မပရိသတ်လဲဖြစ်နေတာမို့ ကျွန်မစာအုပ်တောင်ဒါနပြုလိုက်သေးတယ်... သူက အခုဘယ်မှာ အလှူလုပ်နေကြောင်း၊ သူ့အမျိုးတွေမီးထဲ ပါသွားကြောင်းပြောလို့ကျွန်မရဲ့ အဝတ်အစားတွေကို ကုသိုလ်ပြုလိုက်ပါသေးရဲ့....

ဒါပေမယ့် သူပြန်သွားတော့ အိမ်ကမီးကြိုးခွေကြီးအဆစ်ပါသွားလို့ ဒေါသတွေမျိုသိပ်လိုက်ရတယ်...စေတနာကိုတန်းဖိုးမထားတဲ့သူတွေ အတွက်လည်း တစ်ကြိမ်တစ်ခါဘဲ အခွင့် အရေးရနိုင်တယ်....နောက်တော့ အဲဒီလူက အိမ်ရှေ့အမှိုက်သိမ်းဖြတ်သွားဖြတ်လာတောင် လုံးဝမတွေ့ရတော့ဘူး...

ဒီကောင်လေးကြည့်ရတာ စုတ်ပြတ်နေလို့သာ သနားစရာဆင်းရဲနုံချာလို့ လူရာမဝင်တဲ့ကြားထဲ စကားမပြောတတ်တော့ပိုဆိုးနေတယ်... ကျွန်မကူညီပေးနိုင်တာလောက်ကိုတော့ ကူညီမယ်လို့စိတ်ကူးမိတယ်။ သူဖတ်ချင်တဲ့စာမျိုးတွေကို ငှားပေးတာတို့ပေါ့။ ကျွန်မဆီမှာ စာအုပ်တွေအများကြီး၊ နောက်ရက်တွေမှာ ကျွန်မအပြင်သွားတာများတာနဲ့ ကောင်လေး ကို မတွေ့ပြန်ဘူး....

ဒီကြားထဲမှာ ရန်ကုန်သွားဖို့ဖြစ်လာတယ်....ဘူတာရောက်သွားတော့ ဒီတစ်ခါရထားက ဘာဖြစ်လို့လဲမသိဘူး ပထမစင်္ကြန်မဟုတ်ဘဲ တိယစင်္ကြန်ကိုခဏရပ်ထားတယ်ဆိုလို့  အိတ် တွေနဲ့  တတိယစင်္ကြန်ဘက်ရောက်လာတယ်... တွဲတွေပြန်ချိန်းမှာတဲ့။ ဘာရယ်မဟုတ် ဘူတာရောက်တော့ ဟိုကောင်လေးကိုဖျတ်ကနဲ သတိရသွားတယ်၊ ပလက်ဖောင်းပေါ်မှာ လှဲ အိပ်နေလိုက်ကြတာ မိသားစုလိုက်တွေ အများကြီးပဲ.......လေနဲ့ပါလာတဲ့ သူတို့အနံ့တွေက သူတို့တွေအတွက် ယဉ်ပါးကုန်ပြီထင်ပါရဲ့....။

လွင့်လာလိုက်တဲ့ကြွတ်ကြွတ်အိတ်ပျံတွေကို ဖိနပ်မပါတဲ့ကလေးတသိုက်လိုက်ဖမ်းဆော့ကစားနေကြတယ်....ရပ်ထားတဲ့ရထားတွဲတွေပေါ်ကို ဟိုဘက်ကကွေ့ကျော်တက်၊ ဒီဘက် ကဆင်း၊ တွဲချိန်းရထားတွေပေါ်မှာ တွဲလောင်းခိုလိုက်ပါသွားကြတဲ့အထဲမှာ ဂါဝန်နဲ့ကလေးမ တွေပါ ပါတယ်။ ယောက်ျားလေးတွေကလဲ အတော့်ကိုဆော့ကြတယ်....သူတို့လက်ထဲ မီးခြစ်ကအလွယ်တကူပါနေတော့ တစ်ယောက်နဲ့ တစ်ယောက်လိုက်ရှို့တယ်...ကျွန်မက ကြည့်ရင်း ရထားပေါ်ကနေ မျက်လုံးပြူးသွားတယ်....ပုဆိုးစမှာမီးတောက်ပြီး ပူလာမှ အဲဒီကောင် လေးက အော်ပြီး လိုက်ရှို့တဲ့ကောင်လေးကို လိုက်ထုတယ်...အမှိုက်ကစ ပြဿဒ်မီးလောင်ဆိုတာ ဒါမျိုးနေမှာ....သူတို့ပတ်ဝန်းကျင်မှာ ဂရုမစိုက် ထိန်းကျောင်းစောင့် ရှောက်ပေးမယ့်သူမရှိ၊ ကလေးတွေလုပ်ချင်တိုင်းကို လုပ်နေကြတော့တာဘဲ...သူတို့အနီးမှာ မိန်းမကြီး တစ်ယောက် ရင်ခွင်ထဲမှာ ကလေးပုစိကွေးကိုကျောပေးပြီး နို့တိုက် နေတယ်.... သူ့အနားမှာလဲ အထုပ်အပိုးတွေ ပလုံစီလို့။

ရထားမထွက်နိုင်သေးခင်အချိန်မှာ မျက်လုံးထဲဝင်ရောက်လာတဲ့ အရာတွေကို ကြည့်နေမြင်နေရတာ စိတ်မသက်သာချင်စရာ၊ အိတ်ထဲ ကနေ စာအုပ်ထုတ်ဖတ်မယ်လုပ်တုန်း ပလက်ဖောင်းလှေကားထက်ဆီကနေ အထုပ်လေးတရမ်းရမ်းနဲ့ ဘူတာထဲဝင်လာတာ ဟိုကောင်လေး။ ကောင်လေးကနီးသထက်နီးလာတယ်...သူ့လက်ထဲမှာ ကြွတ်ကြွတ်အိတ် ရောင်စုံ သုံးထုပ်ပါတယ်....

ဟော ကောင်လေးက ခုနကနို့တိုက်နေတဲ့ မိန်းမကြီးနားသွားတယ်...  ဆော့နေတဲ့ ကလေးသုံးယောက်ကို လက်လှမ်းပြခေါ်တယ်...သူပြောတဲ့ သူ့အောက်က အငယ်လေး သုံးယောက်ဆိုတာ ထင်တယ်...ကလေးသုံးယောက် ခုန်ပေါက်ပြီး သူ့အနားရောက်သွားတယ်...သူ့ကြွတ်ကြွတ်အိတ်ထဲက ထမင်းဟင်းတွေကို ဒန်ဂျိုင့်ထဲထည့်တယ်..
ဝယ်လာခဲ့ပုံတော့မရဘူး...ကလေးသုံးယောက်ကို သူကတလှည့်စီကျွေးတယ်...မိန်းမကြီးက နည်းနည်းနှိုက်စားတယ်...သူက ကလေးတွေကိုကျွေးပြီး ဒန်ဂျိုင့်တွေကို ပြန်ဆင့်တယ်။ ခဏနေတော့ အထုပ်တွေကိုခေါင်းမီပြီး စာအုပ်တစ်အုပ်ကိုဖတ်နေတယ်...အဲဒီ စာအုပ်က ကျွန်မပေးလိုက်တဲ့စာအုပ်လေး.......

ဒီမြင်ကွင်းဟာ ကျွန်မကို တော်တော်စိတ်မကောင်းသွားစေဘူး၊ အောက်ခြေလူတန်းစားအစစ်တွေလို့ပြောလို့ရတယ်...ဒီမိသားစုကို နေ့တိုင်းဒီလိုနည်းနဲ့ ရှာကျွေးနေတဲ့ပုံပေါ်တယ်...ဒီကြားထဲ အခွင့်အရေးတန်းတူမရနိုင်တဲ့အပြင် သူ့မှာစကားကမပြောတတ်ပြန်ဘူး...ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် မငတ်အောင်ရှာဖွေကျွေးနေတဲ့ သူ့စိတ်ဓာတ်ကလေးကတော့ လေးစားစရာပေါ့....

သက်ပြင်းမောကိုချရင်း ရထားထွက်သွားတဲ့ချိန်အထိ စာမဖတ်နိုင်ဘဲကြည့်နေမိတယ်....သူကတော့ ပလက်ဖောင်းပေါ်မှာ ခေါင်းတင်အိပ် ပျော်နေပြီ..စာအုပ်လေးကိုတော့ ရင်ခွင် ကြား မှာပိုက်ထားတယ်....ကလေးသုံးယောက်က ကြွတ်ကြွတ်အိတ်သုံးအိတ်ကို ပူစီပေါင်းနေရာ အစားထိုးရင်း မြှောက်လိုက်၊ လိုက်ဖမ်းလိုက် လုပ်နေကြတယ်.... မိန်းမကြီး ကတော့ ကလေးကို ရင်ခွင်ထဲထည့်သိပ်ရင်း ခုနက ကလေးတွေစားကျန်ပုံရတဲ့ ထမင်းခဲတစ်ခဲကိုပါးစပ်ထဲကောက်ထည့်လိုက်တယ်...

အနောက်ဖက်ဆီက ကလေးငါးယောက်လောက် အော်ဟစ်ပြေးလာကြပြီး ဟိုကလေးသုံးယောက်နဲ့အတူ ကြွတ်ကြွတ်အိတ်ကိုဝိုင်းဖမ်းပြီး မိတော့လက်တွေများတာကြောင့် စုတ်ပြဲသွားကြတယ်....ဒါကိုဘဲ သူတို့လေးတွေက သဘောကျတယ်...သူတို့တွေကို ဖန်တီးပေးမယ့် အနာဂတ်အကြောင်းကိုတော့ ကြောက်ရွံ့စွာဆက်မတွေးဖြစ်တော့ဘူး.... ကလေးတွေရဲ့အသံတွေက လှိုဏ်သံနဲ့တူနေပြီး ဆူညံနေတယ်..

ကျွန်မမျက်လုံးထဲက မြင်ကွင်းက ရထားထွက်သွားတော့ တဖြည်းဖြည်းနဲ့ဝေးပြီးကျန်ရစ်ခဲ့တယ်....ဒါပေမယ့် အရိပ်မဲ့ပန်းလေးတွေရဲ့ဘဝ ကို ဆက်တွေးနေမိတယ်....

နောက်နေ့ ကျွန်မအိမ်ရှေ့ တမာကိုင်းက လာဖြုတ်ယူမယ့် ကြွတ်ကြွတ်အိတ်ထုပ်လေးတွေဟာ ဒီမိသားစုနဲ့ ဒီကလေးတွေအတွက်တဲ့လား.........။

ချောအိမာန်(မန္တလေး)
၂၀၀၈ခုနှစ်၊ သြဂုတ်လ ၃ ရက်

Tuesday, March 9, 2010

ကဗျာသန်သူ

ကဗျာ

``မောင်ချောနွယ်``  ကပြောတယ်

ကဗျာဝတ်ရုံလေးက ကျက်သရေရှိပါသတဲ့

လုံခြုံမှုနဲ့ လုံးလုံးလျားလျား

ကဗျာထဲမှာ နှစ်ပစ်ခဲ့တယ် ... ကိုယ့်လူ

``ဆက်သွား`` ဆိုတဲ့ ကဗျာတစ်ပုဒ် အတွက်

သုံးနှစ် ဦးစားခဲ့ရတာကိုရော... သိကြလို့လား

တစ်ကယ်တော့ ကဗျာဆိုတာ

ငါးပွက်ရာကို ငါးစာချသလိုမျိုးမှမဟုတ်တာ

နှလုံးသားသွေးနဲ့ ရနံ့ ပေါင်းစပ်ပြီး

ခပ်ထက်ထက် အနုပညာဓားသွားပေါ်

ကျင်လည်ချင်ခဲ့တာ ... ကဗျာပါ

မျက်စိမမြင်သူများကတော့

သန့်စင်ကြည်လင်နေတဲ့

ကဗျာရဲ့ ၀ိဉာဉ်တွေကိုမီးပိတ်ပြီး

နားတွေကို အင်္ဂဒေကိုင်ချင်ကြတယ်

ကဲ ... ကဗျာဆရာရေ

မင်းလုပ်ရမှာ

မနားတမ်းဇွဲမလျှော့ဘဲ

ကဗျာတွေ ဆက်ရေးနေဖို့ပါဘဲ ...။

ကဗျာဆရာ `မောင်ချောနွယ်` အတွက် အမှတ်တရ

21.1.2007

ချောအိမာန် (မန္တလေး)

Saturday, March 6, 2010

Link (လင့်ခ်)

စာရွက်ဖြူဖြူပေါ်က

စကားလုံးတွေက

ငါ့နှလုံးသားအစိုဓာတ်ကို

ပြီးပြည့်စုံစေတယ် ...

ဧရာဝတီနဲ့ အတူ

အိမ် အပြန်လမ်းမှာ

နားဆင်ခွင့်ရတဲ့

ကဗျာတစ်ပုဒ်အတွက်

ငါ့ရင်ထဲမှာ ငြိမ်းချမ်းမှုကို

ပေါက်ပွားစေခဲ့တယ် ...

အိပ်မက်တွေဟာ

ဘယ်တော့မှ လွယ်လွယ်မမက်ဘူး

စည်းခြားနယ်နမိတ်ဆိုတာ

အပေးအယူမျှခဲ့ရင်

စားလို့ကောင်းတဲ့ရာသီစာတစ်ခုလို

လိုအပ်နေတဲ့ အချိန်မှာ ...

အချစ်ရှိခဲ့ရင်

ဘယ်လောက်ပဲ အလွမ်းသင့်သင့်

နလန်ထနိုင်ခဲ့ကြပါတယ်

ကဗျာဆိုတာ

ညာတာမပါပါဘူး ...

ဖန်တီးခြင်းဟာ

အနုပညာတစ်ခုရဲ့

လုပ်ပိုင်ခွင့်လို့ပဲမြင်တယ်

ဘယ်လိုပဲ ဖြစ်ဖြစ်

အင်တာနက်ခေတ်

ဘလော့ဂါခေတ်

ဂလိုဘယ်ခေတ်မှာ

မင်းနဲ့ ငါ အဆက်အသွယ်

ပြတ်မသွားဖို့ပဲ

အရေးကြီးတယ် ... ကွာ ...။

8.9.2007

2008 Happy New Year

ချောအိမာန် ( မန္တလေး )

Thursday, March 4, 2010

ဘ၀ထပ်တူ

ဟိုးဝေးဝေးက မိုးသားတွေ

တိမ်တွေကို ၀ါးမြိုသွားတယ် ...

ခုနကတော့ ကြည်လင်တယ်

ခုတော့ အုံ့မှိုင်းပြာနက်သွားတယ် ..

တခနအတွင်း ပြောင်းလဲသွားခြင်းမှာ

သီအိုရီမရှိဘူး နိယာမ မရှိဘူး

ဒါကို တစ်ချို့က

ဖောက်ပြန်ခြင်းတဲ့

ကျွန်မ နှုတ်ခမ်းကို စောင့်ကြည့်ခဲ့တဲ့

အောက်တိုဘာရဲ့ညခင်းထဲက

နှင်းဆီခြွေသံကရော ....

တိုတောင်းလွန်းပြီးအေးဓာတ်တွေ လွမ်းခြုံထားတဲ့

ဒီဇင်ဘာရဲ့ ခြေလှမ်းတွေကရော

ဘာမှမဆိုင်ဘဲ  ပန်းရောင်တွေ လွှမ်းခြုံထားတဲ့

ဖေဖော်ဝါရီရဲ့ တိမ်ပြာပြာနေ့တွေကရော

အပင်စိမ်းစိမ်း လယ်တခင်းကိုကြည့်ရင်း

နွေးထွေးစွာရှိခဲ့ဘူးတဲ့

ဇူလိုင်လရဲ့ မိုးစက်တွေကရော

အရာအားလုံးပျောက်ဆုံးသွားပြီဆိုရင် ...

ဒါဟာဖောက်ပြန်ခြင်းလား

ဟင့်အင်း ကျွန်မကတော့ ခေါင်းခါမိမှာအမှန်ပဲ

ချစ်သူနဲ့ ဝေးနေပေမဲ့

ထိုအတွေးတွေက ကျွန်မတို့ နှစ်ယောက်စလုံးမှာ

ထပ်တူရှိနေသေးတယ်လေ ...

2.9.2007

2008 Happy New Year.

ချောအိမာန် (မန္တလေး)

Monday, March 1, 2010

"ငှက်တွေမှာလည်း အတောင်ပံနဲ့ . . အိမ်တွေမှာလည်း အမိုးတွေနဲ့ . ."

ရွှေတံဂုံဘုရားရင်ပြင်တော်ပေါ်မှာထိုင်ရင်း ရွှေရောင်တွေ ၀င်းပနေတဲ့ စေတီ တော်ကြီးကို ဘယ်လောက်တောင် အကြာကြီး ကြည်ညိုနေမိသည်မသိ . . . သတိရချိန်မှာ ကျောက်ပြားရဲ့ အအေးဓါတ်က ကျွန်မကို ကူး စက်နေပြီ ဦးသုံကြိမ်ချ အပြီးမှာ ရင်ထဲမှာ ပို၍လှိုက်တက်ဝမ်းနည်းလာသလိုခံစားလိုက်ရတယ် . . . ကျွန်မဘာကို ဆုတောင်းရမလဲ ဆုတောင်းခွင့်ရှိမလဲ ထိန်းသိမ်းထားတဲ့ မျက်ရည် တွေက တာကျိုးချင်သလို လှိုက်တက်ဝမ်းနည်းလာတယ်။ ရင်ထဲက ခံစားချက် တွေကို အမေများသိရင် ဘာပြော မလဲ။
တိုက်ခတ်လာတဲ့ လေညှင်းက နားကြားထဲက ဆံပင်တွေကို တိုးဝှေ့ပြီး ပါးပြင်ပေါ် လာရောက်ရိုက်ခတ်နေတယ်။ ဒုတိယအကြိမ် ရွှေတိဂုံ စေတီတော်ကြီးကို ထပ်မံဦးချမိပြန်တယ်။ ဘာကိုမှ ရေရေရာရာ ဆိုတောင်း မိသည်မရှိ သေချာတာက ရင်ထဲက တင်းကျပ်နေတဲ့တစ်စုံတစ်ရာကတော့ ဘုရားအရိပ်အောက်မှာ အနည်းငယ် တော့ လျော့ပါးသွားတယ် ထင်တယ်။
ကျလုလု မျက်ရည်တစ်စကို ပုတ်ခတ်သိမ်းဆည်းရင်း အားတင်းပြီး သက်ပြင်း ရှည်တစ်ချက်ကို ချမိတယ်။ ကျွန်မ မျက်ရည်မကျချင်ပါ။ မျက်ရည်တစ်စဟာ ဘ၀အတွက် အားမဖြစ်စေတဲ့ ရှုံးနိမ့်ခြင်းတွေဘက် ဦးတည် နေမှာကို ကြောက်ရွံ့ မိတယ်။ ဘ၀မှာအကြောက်ဆုံးက ဘာလဲလို့မေးရင်း ကိုယ့်စိတ်ကို ကိုယ် အကြောက်ဆုံးလို့ ဖြေရမှာဖြစ်ပြီး . . . ဘာအလိုချင်ဆုံး လဲ ဆန္ဒအရှိဆုံးလဲလို့မေးရင် ခုချိန်ထိ ကျွန်မအိပ်မက်တွေကို အကောင် အထည်မဖေါ်နိုင်သေးတဲ့ အရာတစ်ခုလို့ ဖြေရမည်ပင်။ ဘယ်တော့လဲ ဘယ်နေ့လဲဆိုတဲ့ အချိန်ကိုစောင့်ရင် ရုန်းကန်ခဲ့ရတာ ရင်မောလှပြီပေါ့။ ခုရော ကျွန်မဘ၀ရဲ့ လှေကားတစ်တွေကို စနင်းမယ်ကြံကာ ရှိသေးတယ်။ ခြေချော် ဖို့ မခိုင်ခန့်တဲ့လှေကားတွေပေါ် အမှားမှား အယွင်းယွင်းနဲ့ နင်းမိပြီလားလို့ တွေးမိစဉ်မှာ ကိုယ်တိုင်နောင်တ မရမိစေဖို့ သတိပြန်ပေးနေရတယ်။ နောက် ဆုံးတော့ ကိုယ့်စိတ်တွေကို ဖြေလျော့စေဖို့ ရှိပါစေတော့ . . . ထားပါတော့ ဆိုတဲ့ စကားလုံးလေးကဘဲ ထွက်ပေါက်တစ်ခုကို တံခါးဖွင့်ပေးနိုင်လိမ့်မယ်။ တန်ပြန်သက်ရောက်မှုဆိုတာ နေရာတိုင်းမှာ မှန်လိုဘဲ ရှိနေတတ်တာမို့ ကျွန်မ နောက်ပြန်လှည့်ဖို့နဲ့ ဟန်ဆောင်မျက်လုံး လုပ်ကြံဖန်တီးမှုတွေဆီ သွားဖို့ရာ စိတ်ကူး မရှိပါ။ ဒီဝဲကယက်ထဲမှာ ကျွန်မရဲ့ စေတနာနဲ့ ကြိုးစားမှု တွေဟာ တစ်ချက်တည်းနဲ့ နစ်မြုပ်သွားလိုက်တာ မလှမပဘဲ . . . သိသိကြီးကနေ ဘက်လိုက်ဟန်ဆောင်ပြီး မြေနိမ့်ရာ လှံစိုက်ချင်ကြတဲ့ လူ့အတ္တတွေကြား . . . အစက အစွမ်း ကုန်ကြိုးစားမယ်ဆိုတဲ့ စိတ်နဲ့ဝင်ရောက်ခဲ့တာဘဲ ဒီနေရာမှာ ကိုယ်ကမှန်ပေမယ့် ကြိုးစားသူတွေအတွက် နေရာရှိတယ်ဆိုတာတွေဟာ ကျွန်မကြမှ တက်တက်စင် လွဲမှား နေခဲ့ တယ် . . .။
ကျွန်မ ခေါင်းတွေခါယမ်းလိုက်တယ် . . .ဆက် မတွေးချင်တော့ စိတ်တွေ နောက်ထွေးလာတယ်။ လှေကားကနေ ဆင်းအလာ အသံတစ်သံကို ကြားလိုက် ရတယ်. . .
"အစ်မ မယူတော့ဘူးလား"
အသံလာရာကို ရုတ်တရက်ကြည့်မိတော့ ကိုယ့်ကိုကိုယ် အပစ် ရှိသလို ခံစားမိတယ်။ ဆိုင်ရှေ့မှာ ရပ်နေတဲ့ ဂျစ်တူးကို မမြင်နိုင်အောင် စိတ်တွေက အတော် ပျံ့လွင့်နေခဲ့တယ်။
"အစ်မ ဆိုင်ရှေ့က ဖြတ်တာ ကျွန်မကို မမြင်ဘူး။ အစ်မနေမကောင်းဘူး လားဟင်"
"ဆောရီးဘဲ ဂျစ်တူးရေ။ အစ်မ ခေါင်းနည်းနည်းကိုက်နေလို့ အိမ်တွေ ရှိသေးလား"
"ဟုတ် အစ်မ။ အဲဒါပြောမလို့ စာကလေးအိမ်လေးတွေ အသစ် ထပ်ရောက် တယ်။ ဒီမှာ အစ်မ အစိမ်း အ၀ါ အပြာ သုံးရောင်ရှိတယ် ဘာရောင် ယူမလဲ"
"နှစ်ခုပေး အစိမ်းနဲ့ အပြာ၊ ဘယ်လောက်လဲ"
"နှစ်ထောင်ဘဲပေးပါတစ်မ၊ သူများဆို တစ်ထောင့်သုံးရာ ရောင်းတယ်"
"ဟုတ်ပါပြီ၊ ရောင်းကောင်းလား"
"မဆိုးပါဘူးအစ်မ"
"ရော့ နှစ်ထောင်"
"ကျေးဇူးဘဲနော် အစ်မ။ ခုမှ ဈေးဦးပေါက်တာ အစ်မကြည့်ရတာ နေမကောင်း သလိုဘဲ ခေါင်းကိုက်ရင်အိမ်မှာ ၀င်နားပြီး ဆေးသောက်ပြီးမှ ပြန်ပါ့လား"
"ရပါတယ် ဂျစ်တူးရယ်"
"အိမ်ဆိုလို့လေ. . . ဟိုတစ်ပါတ်ကဘဲ အစ်ကိုက ပိုက်ဆံပို့ပေးလို့ အိမ် ၀ယ်လိုက်တယ်။ အိမ်လေးကကျဉ်းပေမယ့် ကိုယ့်အိမ်ပိုင်လေးဆို တော့ နေရတာ ကျေနပ်တာပေါ့အစ်မရယ်။ ဒီနားလေးတင်ဘဲ တစ်သက်လုံးအိမ်ငှား အစုတ်ပလုပ် လေးနဲ့ နေလာရတာလေ"
"အိမ်"
ကျွန်မ ဂျစ်တူးကိုကြည့်ရင်း အိမ်လို့တောင် အသံထွက် ရေရွတ်မိတယ်။ ဂျစ်တူး ဘယ်လောက်ပီတိဖြစ်နေသလဲဆိုတာ သူ့စကားကို နားထောင်ရုံနဲ့တင် သိလာရတယ်။ ဂျစ်တူးကံကောင်းပါတယ်။
"၀မ်းသာပါတယ် ဂျစ်တူးရယ်။ ကဲ အစ်မ သွားမယ်နော်"
"ဟုတ်ကဲ့ အစ်မ"
အသက်နှစ်ဆယ်ဝန်းကျင် ဂျစ်တူးနဲ့ ကျွန်မ ခင်မင်ခဲ့ကြတာ ကြာလှပြီပေါ့။ ကျွန်မက သူ့ဆီမှာ အမြဲအားပေးနေတဲ့ ဖေါက်သည်ပေါ့။ စာကလေး အိမ်လေး တွေအားလုံး ဂျစ်တူးဆီကဘဲ ၀ယ်ခဲ့တာဖြစ်ပြီး ကျွန်မရဲ့ ဘော်ဒါဆောင်အခန်း ခပ်ကျဉ်းကျဉ်းလေးထဲမှာ နေရာအပြည့်ယူထားတာပေါ့။ အခန်းဖေါ်တစ်ချို့ရဲ့ စူးစမ်းတဲ့ မျက်လုံး ဘ၀င်မကျတဲ့ လေသံတွေကို ကြားနေသိနေပေမယ့် လူဆိုတာ ကိုယ့် အတွေးနဲ့ ကိုယ် ကိုယ့်လမ်းကြောင်းနဲ့ ကိုယ်လေ ကိုယ့်ရဲ့ အတွေးတွေထဲ သူတို့ ၀င်ရောက်စွက်ဖက်ခွင့် မရှိဘူး။ စာကလေး အိမ်လေးတွေဟာ သူတို့အတွက် လုံးဝ အဓိပ္ပါယ်မရှိနိုင်ပေမယ့် ကျွန်မအတွက်က အဓိပ္ပါယ်များစွာရှိတယ်လေ. . . ဒါကို သူတို့ သိအောင် ရှင်းပြဖို့ မလိုအပ်ဘူးလို့ထင်တယ်။
ဂျစ်တူးကတော့ တစ်ခွန်း တစ်စ မေးချင်ပေမယ့် မမေးရဲ . . ကျွန်မက ရန်ကုန်မှာ နယ်ကနေ စွန့်စားပြီး လာအလုပ်လုပ်။ ကုမ္ပဏီကနေ တစ်ခါတလေ ယူနီဖေါင်းနဲ့ ဘုရားရောက်လာ။ လက်ထဲမှာလည်း ဖိုင်က အမြဲပါနေပြီး ကျွန်မကို ဂျစ်တူးက အားကျနေခဲ့တယ်။ မနေ့က အချိန်ထိပေါ့။ ဒီနေ့တော့ ဂျစ်တူးကို ကျွန်မက လုံးဝအားကျသွားပြီ။ ဒါကို ဂျစ်တူးသိနိုင်မလား ဒီနေ့ဟာ ကျွန်မ အလုပ်ကနေ အပြီးထွက်လာခဲ့ပြီ။ ဂျစ်တူး အားကျခဲ့တဲ့ ယူနီဖေါင်းနဲ့ ဖိုင်တွေ စမတ်ကျမှုတွေ ကျွန်မဆီမှာ မြင်တွေ့ ရတော့မှာ မဟုတ် ပါဘူး။
ဂျစ်တူးမှာလဲ အမေတစ်ယေက်ဘဲရှိတယ်။ အစ်မမှာလည်း အမေ တစ်ယောက်။ မွေးချင်းထဲက အစ်မတစ်ယောက်ဘဲရှိတယ်။ ဂျစ်တူး အမေက ဂျစ်တူးနားမှာ . . . နောက်ပြီး ပိုပြည့်စုံတာက အမေရှိနေတဲ့ အမိုး အောက်မှာလေ . . . ကဲ ဘယ်လောက်များ လုံခြုံမှုရှိနေမလဲ။ ကျွန်မကတော့ အမိုးတော့ရှိပါရဲ့ အမေရှိမနေတဲ့ အမိုးအောက်မှာလေ . . . ကျွန်မ ဘာဘဲ ဖြစ်လာလာ၊ ဘာတွေဘဲ ခံစားလာရ၊ ကျွန်မနေတဲ့ အမိုးအောက်မှာ ဖြေသိမ့်ပေးနိုင်မယ့်သူ မျှဝေခံစား ပေးနိုင်မယ့်သူ မရှိဘူးလေ။ အဲဒီတော့ တစ်ယောက်တည်း ကြိတ်ခံစားရင်း ဖြေသိမ့်ရင်းပေါ့။
အိမ်တိုင်းမှာ အမိုးရှိပေမယ့် ကာရံထားတဲ့ အမိုးချင်းမတူပါဘူး။ ဂျစ်တူးရေ မင်းအိမ်ကိုလိုက်လာရင် မင်းအမေကို တွေ့ရင်ကိုယ်ပိုပြီး ၀မ်းနည်းမိမှာ သေချာတယ်။ ဈေးဆိုင်ခန်းမှာတောင်တွေ့ရင် ဖေါ်ရွေတဲ့ ဂျစ်တူး အမေဟာ ကျွန်မ အမေနဲ့ လည်းခပ်ဆင်ဆင်၊ ခပ်ပါးပါးလေးဘဲ။
အဆောင်ပြန်ရောက်တော့ မိုးလေးတွေခပ်ဖွဲဖွဲ ကျလာပြီ။ စာကလေး အိမ်လေးနှစ်လုံးကို ဘယ်နေရာချိတ်ရမှန်း မသိဖြစ်နေတယ်။ နောက်ဆုံးခေါင်းရင်းက သံတမ်းလေးမှာ ကပ်ချီလိုက်တယ်။ ကုတင်အောက်မှာလဲ အလုံးဟောင်းလေး တွေရှိသလို စားပွဲပေါ်မှာလဲ ဒီအတိုင်း တင်ထားတာရှိနေသေးတယ်။ အခန်းဖေါ်က တော့ မျက်စိ ရှုပ်တယ်လို့ ခပ်သော့သော့ပြောတယ်။ မတတ်နိုင်ဘူး သူ့နေရာထား တာမှ မဟုတ်တာ။
လူဆိုတာ စိတ်သဏ္ဍန်အသွင်အမျိုးမျိုးတွေနဲ့ တည်ဆောက်ထားကြတာ ကိုယ့်ကို နားလည်ပေးဖို့ မမျော်လင့်ပါဘူး လူတိုင်းကို နားလည်ပေးနိုင်ဖို့ လွယ်ကူ တဲ့ကိစ္စမှမဟုတ်တာ။ ဒါပေမယ့် စားပွဲတွေမှာ ထိုင်နေကြသလိုဘဲ သူ့ဘက်၊ ကိုယ့်ဘက်တော့ တရားမျှတစွာ စဉ်းစားပေးနိုင်ဖို့တော့ လိုအပ်ပါတယ်။ ခုတော့ ကျွန်မဟာ အပြင်မှာ ရူးကြောင်ကြောင်၊ ဂေါက်တောက်တောက် လိုဖြစ်နေပြီ။ သူတို့တွေကို ပွင့်လင်းစွာ မဆက်ဆံ မပေါင်းသင်းတာနဲ့ဘဲ။ ကျွန်မဟာ ဒီလိုအဖြစ် မျိုးရောက်နေခဲ့သလား။ တစ်ယောက် အကြောင်း တစ်ယောက် အတွင်းသိ၊ အစင်းသိတွေဖြစ်ပြီး၊ ပြောမနာ ဆိုမနာတွေဖြစ်မှ အပေါင်းအသင်းကောင်း တွေလို့သတ်မှတ်ကြမှာလား။
အဲဒီလိုလူတွေ ကွယ်ရာမှာကျ တစ်ယောက်အတင်း တစ်ယောက် ပယ်ပယ် နယ်နယ်ချပြီး မနာလို မရှုစိမ့်ဖြစ်နေကြတာတွေ အတိုင်းသား မြင်နေကြရတာပဲ။ ကျွန်မရဲ့ သီးသန့် ဖြစ်နေတဲ့ စတိုင်ကို မလိုလားသလို ထဲထဲဝင်ဝင်သိချင်နေကြတဲ့ သူတို့အတွက် ကျွန်မဟာ တစ်ဦးတည်းသော စိတ်ဝင်စားစရာ သတ္တ၀ါတစ်ကောင်လို ဖြစ်နေခဲ့တယ်။
ထားပါလေ ရှိခဲ့တော့ရော ခုလိုကြေကွဲ ၀မ်းနည်းမှုတွေဖြစ် နေချိန်မှာ သူတို့ကျွန်မအပေါ်ဘယ်လောက်ကူညီခံစား ပေးနိုင်မှာမို့လို့လဲ. . . သူငယ်ချင်း တစ်ယောက်နဲ့ ဆက်ဆံရေးထက် အပြင်ဆက်ဆံရေးတွေ ငွေကြေးဆက်ဆံရေးတွေ၊ ပေါ် ပြူလာဆက်ဆံရေးတွေကို ဦးစားပေးနေတဲ့ သူတို့ကို ပြုံးပြရုံ၊ နှုတ်ဆက်ရုံလောက်ကလွဲရင် ရှေ့မတိုးချင်ပါ။ ခင်မင်ရင်းစွဲကနေ အားနာပြီး လက်ခံ စကားပြောရမဲ့ အနေအထား အဲဒီကနေစပ်စု နောက် မလိုအပ်တာ တွေဖြစ်မလာဖို့အတွက် အခုလိုနေခြင်းက မှန်ကန်တယ်လို့ဘဲ ယူဆမိတယ်။
ကျွန်မရဲ့ ညစာကိုတော့ခေါက်ဆွဲ တစ်ထုပ်နဲ့ပြီးလိုက်ပြီး စိတ်လွတ်လပ်စွာ အိပ်ပစ်လိုက်မယ်လို့ စိတ်ကူးလိုက်ပေးမယ့် အိပ်မပျော်နိုင်။ မနက်က အဖြစ်အပျက် တွေက ရင်ထဲကို ထိထိရှရှ နာကျင် စေတယ်။
ကျွန်မရဲ့ အိပ်မက်တွေကို အကောင်အထည်ဖေါ်နိုင်ဖို့ ရန်ကုန်မြို့ကို တစ်ယောက်တည်း ခြေချလာခဲ့ရတာ ဘယ်သူများသိနိုင်မှာတဲ့လဲ။
ဒီမတိုင်ခင်နှစ်များစွာကအိမ်ရှင် အဒေါ်ကြီးရဲ့ မျက်နှာနဲ့ လေသံက နားထဲစွဲနေဆဲ။
"ဟဲ့ ကောင်မလေး နင့်အမေကို ပြောလိုက်အိမ်လခ ဒီနေ့မပေးနိုင်ရင် မနက်ဖြန်အိမ်ပေါ်ကဆင်းတော့"
မာကြော ပြတ်သားနေတဲ့ အိမ်ရှင်အဒေါ်ကြီးရဲ့ စကားကို အမေ့ကို ပြန် ပြောပြတော့။ အမေမျက်ရည်ဝဲတယ်။ ကျွန်မမှတ်မိတာ အိမ်တစ်အိမ်ကို ဘယ်တော့မှ ကြာကြာမနေရဘူး။ ခဏခဏပြောင်း ရတယ်။ ပြောင်းရတိုင်းလဲ အိမ်ရှင်အသံတွေက အလွတ်ကျက်ထားတဲ့ အတိုင်းတပုံစံတည်း။ အိမ်ရှင်တွေရဲ့ မျက်နှာကို ကြောက်နေမိတယ်။ မကြာခဏ ပြောင်းနေရတဲ့ အိမ်လေးတွေက ယိုင်ရွဲ့ ရွဲ့ သစ်သားအိမ် ကလေးများသာ။ လမ်းက အိမ်တွေ၊ တိုက်တွေ၊ ခြံတွေကို ငေးမောခဲ့ ရ၊ ကိုယ်ပိုင်အိမ်လေး တစ်လုံးရနိုင်ဖို့ စိတ်ကူးခဲ့ရ။ နောက်ဆုံးတော့ အမေ့ကို ကိုယ်ပိုင်အိမ်အမိုးလေးအောက်မှာ ထားပေးချင်ခဲ့တာ ကြာလှ ပြီပေါ့။
အမေကတော့ ကျွန်မတို့ ငယ်စဉ်ကထဲက ဆုံးပါးသွားခဲ့တယ်။ အမေရယ်၊ အစ်မရယ်၊ ကျွန်မရယ်ကို အဖေကစိတ်ချစွာ ထားသွားခဲ့တယ်။ အဖေရှာထားတဲ့ ငွေလေးတွေနဲ့ အိမ်စပေါ်တင်။ ရှေ့မှာ ဈေးဆိုင်လေးအစ်မကဖွင့်ပေါ့။ အစ်မက အေးလွန်းတော့ အမေ့နား မှာဘဲပြုစုနေထိုင် ခဆိုင်ဖွင့်တယ်။ ကျွန်မကတော့ နယ်မှာ တိုးတက် မှုကိုရှာ မရနိုင်တဲ့အတူတူ၊ ရန်ကုန်ကိုဆင်း ဆွေးမျိုးတစ်ချို့ရဲ့ ထောက်ပံ့မှုနဲ့ ရရှိထားတဲ့ငွေနဲ့ လောကကိုရင်ဆိုင်ဖို့ အသင့်ပြင်ရတော့တယ်။ အရင်က ဈေးရောင်း စက်ချုပ်ဆိုင်မှာ ၀င်အလုပ်လုပ်လုပ်လို့ရတဲ့ ပိုက်ဆံနဲ့ သင်တန်းတစ်ချို့တက်၊ နယ်ခဏပြန်၊ ငွေပြန်စု၊ ရန်ကုန်မှာ အလုပ် ပြန်ရှာလိုက်နဲ့ လည်ပတ်ရင်း ပထမ ကုမ္ပဏီတစ်ခုမှာ မြေုနအငညါ အလုပ်လုပ်၊ နောက်အကျိုးဆောင်ကုမ္ပဏီမှာ Office ပိုင်းလုပ်၊ အဲဒီ အလုပ်လုပ်ရင်း စားရင်းကိုင်သင်တန်းတက်၊ နောက်လစာပိုရပြီ စုနိုင်မဲ့ Export ကုမ္ပဏီကြီးတစ်ခုရဲ့ စက်ရုံမှာအလုပ်ရခဲ့တယ်။ အဲဒီမှာတော့ စာရင်းကိုင် လုပ်ရတယ်။ နဂိုကထဲက စာရင်းကိုင်ရတာကို ၀ါသနာပါတဲ့ ကျွန်မအတွက် စာရင်းတစ်ခုရဲ့ အမှားနဲ့ အဖြေကို လွယ်ကူစွာရှာဖွေနိုင်ခဲ့တယ်။ စာရင်း အမှား ကို အမှန်ဖြစ်အောင် ရှာဖွေနိုင်တာကိုက ကျွန်မအတွက် ကစားပွဲတစ်ခုခုကို ကစား နေရသလိုဘဲ။
အဲဒီကုမ္ပဏီမှာ ရောက်ပြီး သိပ်မကြာမီမှာဘဲ စာရင်းအမှားတွေ အမှန်ဖြစ် သွားတာ မြုပ်နေတဲ့ စာရင်းတွေကိုဖေါ်ထုတ်နိုင်တာ၊ ဒါတွေကို ကျွန်မက အားတက် သရော ကုမ္ပဏီပိုင်ရှင်အတွက် မနစ်နာသင့်တာ မနစ်နာရအောင် လုပ်ပေးခဲ့တယ်။ မျက်နှာလိုအားရလုပ်တာ တစ်ခုမပါဝင်ခဲ့ဘူး။ အချိန်တွေကို ကိုယ့်အလုပ်ထဲမှာ နစ်မြှုပ်ကုန်ဆုံးရင်း ဘေးပတ်ဝန်းကျင်ကို သတိမထားနိုင်အောင်ဖြစ်သွားခဲ့တယ်။ ကျွန်မကို စောင့်ကြည့်ပြီး ထိုးနှက်ဖို့ စောင့်နေတဲ့ ဓားစိမ်းတစ်လက်ကို လုံးဝသတိ မထားခဲ့မိဘူး။
ကုမ္ပဏီပိုင်ရှင် ဘော့စ်ရဲ့ ဘေးမှာ အကြံပေးလိုလို၊ အတွင်းရေးမှူးလိုလို အမြဲရှိနေတဲ့ အမျိုးသမီးက ကျွန်မလုပ်နေတာတွေဟာ သူ့ကို ထိခိုက်မှန်း မသိဖြစ်လာတယ်။ အစက ကျွန်မ မရောက်ခင်က သူ့လက်ထဲ ရှိသလိုတင်ပြနေတဲ့ စာရင်းတွေရဲ့ ငွေကြေးကွာဟချက်ဟာ မထင်မှတ်လောက်အောင် များပြားပြီး မျက်လုံးပြူးသွားစေခဲ့တယ်။ အဆင်ပြေရင် ပြေသလိုလုပ်နေတဲ့ အပိုင်းတွေကို သိလာတော့ ပိုင်ရှင်ဟာလည်း ဒီကိစ္စကို မသိမှာ မဟုတ်လို့တော့ထင်တယ်။ ဒါပေမယ့် ဘာဖြစ်လို့ မြွေပွေး ခါးပိုက်ပိုက်ထားသလဲ၊ ဘာဖြစ်လို့ ဘာမှ မပြောတာလဲဆိုတာတော့ နားမလည်နိုင် . . .
ကျွန်မနဲ့ ဘော့စ်ကြားမှာ ကာဆီးနေတဲ့ သူ့ကိုကျော်လွှားပြီး ပြောဖို့ကလည်း အခွင့်အရေးက အတော်နည်းပြန်တယ်။ နောက်ဆုံး ကျွန်မသိ ထားတဲ့ ကိစ္စ တစ်ခုဟာ ဘော့စ်ကို မပြောလို့မဖြစ်၊ နိုင်ငံခြား Export တွေကို ပိုတင်ပြီး တကယ့်စာရင်းမှာတော့ လျော့ပြထားတယ်။ ၀င်လာတဲ့ ငွေကြေးကိုတော့ ဖြတ်အုပ်မယ့်သဘော ကျွန်မမရောက်ခင်ကလည်း ဒီလိုပဲ လုပ်နေမယ်ထင်တယ်။ ဒီကိစ္စကို သေချာစာရင်းဖော်ထားပြီး နောက်နေ့ ဘော့စ် ဆီစာတင်မယ်လို့ ကြံစည် ထားခဲ့တယ်။ အဲဒီနေ့က အဲဒီစာရင်းတွေကို အပြီး လုပ်နေတာမို့ အိမ်ပြန် နောက်ကျသွားတယ်။ သူ ကျွန်မအနားကို နှစ်ခေါက် လာစကား ပြောတာတော့ သတိထားမိတယ်။
နောက်တစ်နေ့ မနက် ကုမ္ပဏီရောက်တော့ ကွန်ပျူတာအဖွင့်မှာ မနေ့က လုပ်ထားတဲ့စာရင်းတွေ ဘယ်လိုမှ ရှာမတွေ့ကြောင်းသိလိုက်ရတယ်။ ကျွန်မတော့ လုပ်ကြံခံလိုက်ရပြီဆိုတာ သိလိုက်တယ်။ တစ်ပတ်လောက်လုပ်လာရတဲ့ စာရင်း တွေပျောက်မှုကို အံကြိတ်ရင်း ဆက်လုပ်ဖို့ စိတ်ကူးပေမယ့် ကျွန်မအတွက် အခွင့်အရေးမရနိုင်တဲ့ နောက်ထပ်ပြဿနာတစ်ခု ထပ်မံ ပေါ် ပေါက်လာခဲ့တယ်။
အလုပ်ရုံနဲ့ ကုမ္ပဏီကူးနေရတဲ့ ကျွန်မအတွက် လုပ်ကြံသူအတွက် အကွက် ကောင်းရသွားခဲ့တယ်။ ဘော့စ်ရဲ့ ပိုက်ဆံပျောက်မှု၊ လုပ်ငန်းသုံး ပိုက်ဆံ လျော့နည်း မှုက ကျွန်မခေါင်းကို ဦးတည်လာခဲ့တယ်။ မီးခံသေတ္တာ သော့ကို Cashierတွေပါ တွဲပေးထားတဲ့ ကျွန်မအတွက် မကိုင်မဖြစ်ကိုင်ရတယ်။ စွတ်စွဲချက်က လုပ်ငန်းသုံးငွေအလွဲသုံးစားလုပ်မှုတဲ့ ဘာဖြစ်လို့ လျော့နေသလဲဆိုတာ စဉ်းစားလို့မရ သူ့အချိန်နဲ့ သူကွက်တိလုပ်ထားတဲ့ သူ့မှာ ကျွန်မစကားတွေအရာမ၀င်စေဖို့ တားမြစ်ထားတယ်။ နောက် ဘော့စ်ရဲ့ ပိုက်ဆံသုံးရွက်ကို ကျွန်မစားပွဲခုံ အောက်တွေ့တယ်ဆိုတဲ့ လုပ်ကြံဇာတ်လမ်း တွေအောက်မှာဘော့စ်ကိုယ်တိုင် ကျွန်မကို အယုံအကြည်ကင်းမဲ့အောင်လုပ် ပစ်လိုက်တယ်။
ရှစ်နှစ်လောက် သူ့အနားမှာ သူခိုးမှန်းမသိအောင်နေသူတစ်ယောက်နဲ့ နှစ်လဘဲရှိသေးတဲ့ ကျွန်မကို ဘယ်သူ့ဘက်ပါမလဲ။ မှန်သည် ဖြစ်စေ၊ မှားသည် ဘဲဖြစ်စေ၊ ရှိစေတော့ ကျွန်မပြေပြစ်ချင်တယ်။ ကုမ္ပဏီကြီး တစ်ခုလုံးကို ၀ါးမြို သွားပြီးမှ သိနိုင်မဲ့သူမျိုးတွေ စဉ်းစားတတ်မဲ့သူမျိုးတွေ၊ ကားနဲ့ လာရုံးတက် နေတဲ့သူ့ဘေးကလူကိုတော့ တစ်စက်မှ သံသယရှိပုံမပေါ် ဒါမှမဟုတ် ဘယ်လို အကြောင်းတွေကြောင့် သိသိချည်းနဲ့ လက်ခံထားရသလဲ မစဉ်းစားနိုင် နောက်ဆုံးတော့ ကျွန်မကိုယ်တိုင်တွက်ကြောင်း ပြောခဲ့ပါ တယ်။ နောက်ဆုံးတော့ ဘော့(စ်) မျက်နှာကို စေ့စေ့ကြည့်ရင်း . . .
"မြွေပွေး အကြီးစားကို ခါးပိုက်ပိုက်မိသလိုမဖြစ်ပါစေနဲ့"လို့ ပြောရင်း လှည့်ထွက်ခဲ့တယ်။ အားလုံးရဲ့ အကြည့်အောက်မှ ကျွန်မဟာ ယုန်သူငယ် တစ်ကောင်လို ဖြစ်ချစ်ဖြစ်နေလိမ့်မယ်။ ဒါပေမယ့် ကျွန်မကိုယ့်လိပ်ပြာ ကိုယ်လုံ တယ်။ တခြားအလုပ်ကိုလဲ လျောက်ရဲတယ်။ ဘော့(စ်)ရဲ့ မျက်နှာ ဘယ်လိုပုံစံမျိုးနဲ့ ကျန်ခဲ့လဲတော့မသိ ကျွန်မအတွက် အပင်ပန်းခံပြီး စာရင်းတွေကို လုပ်စရာ မလိုတော့ပါ။ အသိဥာဏ်မရှိပြီး အထက်က အလုပ်လုပ်နေ သူအောက်က ကိုယ်လွတ်ရုန်းထွက်ခဲ့ရတာ ပိုသက်သာမယ်ထင်တယ်။ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိ ပေမယ့် မြွေပွေးရဲ့စကားတွေက ဘယ်လောက် တောင်ပေါက်ရောက်နေခဲ့သလဲ ဆိုတော့ နောက်ထပ်အလုပ်သုံးခုထပ်ရှာခဲ့သည်အထိ အဆင်မပြေခဲ့။ နောက်ဆုံး တော့ ဘယ်အထိ အငြိုးကြီးသည်မသိ ကျွန်မဟာ အင်တာဗျူး အဆင့်မှာကို မပါဝင်ခဲ့တော့။
စိတ်ဓါတ်တွေ လဲပြိုချင်လာပြီ ခံပြင်းစိတ်နဲ့ ကြိုးစားချင်ပေမဲ့ အခွင့်အရေး မရခဲ့။ လူသိများပြီး အပြင်ပန်းဟန် အရမ်းကောင်းတဲ့ ထိုအမျိုးသမီးရဲ့ လက်ထဲမှာ အလုပ်တစ်ခုကို ရအောင်မရှာနိုင်တော့တဲ့ အဖြစ်ဝမ်း နည်းလာရတယ်။ အမေနဲ့ အစ်မကိုလည်းမပြောရဲ။

(၃)
ဘုရားရှေ့မှာ တစ်ယောက်တည်းကြိတ် ၀မ်းနည်းခဲ့ရ ထိုင်တွေးခဲ့ရနဲ့ ထွက်ပေါက်မဲ့သလိုဖြစ်လာတဲ့ တစ်ကိုယ်တည်းခံစားချက်ကြီးကို ရင်ဖွင့်မိတာ အဆောင်ပိုင်ရှင်အန်တီကြီး၊ အန်တီကြီးက ကျွန်မကို သနားစိတ်နဲ့ မခံမရပ်နိုင်ဖြစ်ပြီး အလုပ်တစ်ခု ရအောင်ဆက်သွယ်ပေးမယ်တဲ့။ အန်တီကြီးက သိပ်မကြာခင်မှာဘဲ သူ့အဆက်အသွယ်နဲ့ ကျွန်မကို စင်္ကာပူမှာ အလုပ်လုပ်မလားတဲ့ ဘာအလုပ်လဲ ဆိုတောံ့HomeMaid"တဲ့ . . . ဒီမှာလဲ အလုပ် မရတဲ့အတူတူ စဉ်းစားချိန်အကြာကြီး မပေးတော့ဘဲ ခေါင်းငြိမ့်လိုက်တယ်။ ဒေါ်လာ ၃၂၀ ရမယ်။ ဒါပေမယ့် ပွဲစားခ တစ်လ ၃၀၀ ကို ခုနှစ်လစာပေးရမယ်။ နှစ်ဆယ်ဘဲ ကိုယ်ယူရမဲ့ သဘော။
ကဲ ဘာဘဲဖြစ်ဖြစ် အပြောင်းအလဲတစ်ခုကို စတင်ခြေလှမ်း လှမ်း ရတော့မှာမို့ သတ္တိတွေ အပြည့်ထည့်ထားရတယ်။ အမေနဲ့ အစ်မမျက်နှာ လည်းမြင်ရောင်မိတယ်။ သူတို့နေတဲ့အိမ်လေးက နာဂစ် မုန်တိုင်းဒဏ် ကြောင့် ပြိုလုလု အမေ့ကို အိမ်လေးနဲ့ ထားနိုင်ဖို့ တွန်းအားတွေက ကြီးစိုးလွန်း လှတယ်။ ဒါကြောင့် ရထားသမျှ ဘွဲ့တွေကို ခေါက်သိမ်းရင်း အထုပ်အပိုး ပြင်ဆင်ရတော့တာပေါ့ အန်တီကြီးက လိုအပ်သမျှ ကူညီပေးတယ်။ အစ်မေ နဲ့ အစ်မကိုတော့ ဖုန်းဆက်ပြောလိုက်တယ်။ ကျွန်မကို ချစ်တဲ့ ဦးလေးက မုန့်ဖိုးပေးတယ်။ အစ်မေ့ကို ဂရုစိုက်ဖို့ မှာရင်း အမေနဲ့ ဝေးရာဆီ တစ်ခါမှ မရောက်ဘူးတဲ့ စိတ်ကူးအဖြစ်တောင်မယဉ်ဘူးတဲ့ စင်္ကာပူနိုင်ငံကို ရောက် ခဲ့တယ်။
ဟိုရောက်တော့ ကျွန်မ နေရတဲ့အိမ်က ဗီယက်နမ် တရုတ်စပ် လင်မယားအိမ် ကလေးနှစ်ယောက်ရှိတယ်။ မိန်းကလေးပစ္စည်းအသုံး အဆောင်တွေကို နေ့စဉ် လာထုတ်ပိုးပေးတဲ့ ထိုင်းဒေါ်ကြီးတစ်ဦး ဒါဘဲ ရှိတယ်။
ကျွန်မကတော့ မနက်စောစောကနေ ညမိုးချုပ်ထိ အိမ်အလုပ် ထရစပ်။ ကလေး နှစ်ယောက်ကိစ္စ၊ အိမ်ထဲက အိမ်ပြင်လုံးဝထွက်ခွင့် မပေးဘူး။ ဖုန်း ဆက်ခွင့်မပေးဘူး။ သနပ်ခါးလိမ်းခွင့် သီချင်းဆိုခွင့်မပေးဘူး။
လူတစ်ယောက်ကို ဟာကွက်မရှိအောင် ခိုင်းတတ်ပြီး နွေးထွေးမှုနည်းတဲ့ ဒီ Family ထဲရောက်လာတာကိုက ကျွန်မကံဆိုးသွားပြီ။ ဒီလူ တွေနဲ့ တစ်ပါတ်လဲ မရင်းနှီး နှစ်ပါတ်လဲ မရင်းနှီး ရင်းနှီးအောင်လဲ လုပ်ခွင့်မရှိ၊ နေခွင့်မရှိ အိမ်ရှင်အမျိုးသမီးက ကျွန်မထက် တစ်နှစ်ဘဲကြီးတယ်။ သူက နှစ်ဆယ့်ရှစ်၊ ကျွန်မက နှစ်ဆယ်ခွန် စကားပြောရင်တော့ အိမ်စေတစ် ယောက်ထက်မပိုဘူး အပြင် ထွက်ရလို့ မြန်မာ တစ်ယောက်လို့ ထင်ရသူကို ရင်းနှီးနွေးထွေးစွာ ခေါ်ချင်မိတယ်။ နှုတ်ဆက်မိတယ်။ စကားပြောချင်တယ်။ တစ်နေ့လုံး နေလို့မှ စကားပြောဖေါ်မရှိ တဲ့ဘ၀ လှောင်အိမ်ထဲက ငှက် တစ်ကောင်လိုဘဲ။
Woodland ဆိုတဲ့ နေရာရဲ့ နာမည်ကလွဲလို့ ဘာတစ်ခုမှမသိ အထပ် ဆယ့်တစ်ထပ်မြောက် အခန်းထဲမှာ ဘွဲ့ရ၊ ပညာတတ် မိန်းမတစ်ဦးရဲ့ အိမ်စေ ဘ၀ဟာဘယ်လောက်ခါးသီးနာကျင်ဖို့ကောင်းလဲ။ နောက်ထပ် ခြောက်လစာကို အလကားလုပ်ပေးရဦးမည်။ အိတ်ထဲမှာ ရှိနေတဲ့ အမေ့ ပုံလေးကို ထုတ်ကြည့်မိ တိုင်း အတူတွဲပါနေတဲ့ ဘွဲ့လက်မှတ်တွေ သင်တန်းက အောင်လက်မှတ်တွေက လှောင်ပြောင်နေသလိုခံစားလာရတယ်။
အိမ်ကို လာအလုပ်လုပ်တဲ့ ထိုင်း ဒေါ် ကြီးကို ကူညီလုပ်ကိုင်ပေးရင်း သူနဲ့ ခင်မင်လာတယ်။ စကားပြောဖြစ်ကြတယ်။ သူက မြန်မာ နဲ့ အတူ အလုပ်တွဲ လုပ်ဖူးတာကြောင့် မြန်မာလိုနည်းနည်း တတ်တယ်။ ဒီ ဒေါ်ကြီးက ကျွန်မရဲ့ အဖေါ် ဖြစ်လာတယ်။ ကျွန်မ အမေနဲ့ ဖုန်းပြောဖို့၊ ဖုန်း ဆက်ဖို့၊ ဖုန်းကဒ်ကို အဒေါ် ကြီး ၀ယ်ခိုင်းရတယ်။ ကျွန်မ အကူအညီတောင်းရင် ဒေါ် ကြီးက ကူညီပေးလေ့ရှိတယ်။ သူနာမည်ကို ကျွန်မ ခေါ်သလို Daw Gyi ဆိုပြီး စာရွက်ထဲချရေးလေ့ရှိတယ်။ သူက ထိုင်း အင်ဒိုနီးရှားစပ်၊ အသား နည်းနည်းမဲပေမယ့် သဘောကောင်းတယ်။ ကျွန်မ အိပ်ပိုင်ရှင်က အသား ဖြူပြီး အပေါက်ဆိုးတယ်။ ပညာတတ်ပြီး စရိုက်ကြမ်းတယ်။ အိမ်ရှင်အမျိုး သားက ညတိုင်း အရက်သောက်ပြီး ခိုင်းချင်ရာခိုင်းတယ်။ အမြင် မတော်တဲ့ နေထိုင်မှုပုံစံတွေကြောင့် စိတ်ညစ်ရတယ်။ စူးစူးရဲရဲ အကြည့်တွေ အောက်က ခပ်နှိမ်နှိမ်အပြောအဆိုတွေက ကျွန်မအသားတွေ တဆက်ဆက်တုန်လာ စေတယ်။ ဒီလိုနဲ့ သီးခံရင်း နေလာခဲ့ရတဲ့အချိန်တွေ အကျည်းတန်လွန်းပါ တယ်။
_ _ _ _ _ _
ဒေါ် ကြီးဟာ ကျွန်မအတွက် အဖေါ်ကောင်းဖြစ်သလို ကံကောင်း ခြင်းကို ယူဆောင်လာသူဖြစ်တယ်။ ကျွန်မရဲ့ ခြောက်လမြောက်လဟာ အိပ်မက်တွေကို ရှင်သန်စေတယ်။
ဖုန်းကဒ်လေးတွေ ခိုးခိုးဝယ်ပေးတဲ့ ဒေါ်ကြီးက သူ့ဖုန်းထဲမှာဘဲ ထည့်ပြီး ဆက်ခိုင်းတယ်။ အမေ့ဆီ ပိုက်ဆံ မပို့နိုင်သေလို့ စိတ်မကောင်း ဖြစ်ကြောင်း သတိရကြောင်း၊ မာကြောင်းတွေ တော်တော်ကြာပြောဖြစ်တယ်။ အမေ့အသံဟာ သူ့သမီးအတွက် မျှော်လင့်ချက်တွေရှိနေတယ်။ ကျွန်မ တကယ်ဘာလုပ် နေရတယ်ဆိုတာ မသိတဲ့အမေ့အတွက် မဖြစ်နိုင်သေးတဲ့ စကားတစ်ခွန်းကို ကျွန်မ ပြောမိတယ်။
အမေ့ အတွက် ကိုယ်ပိုင်အိမ်လေးတစ်လုံးဝယ်ပေးနိုင်ဖို့ သမီး ကြိုးစားနေ တယ်ဆိုတာပေါ့။ အမေ့ တုန့်ပြန်သံက ၀မ်းသာဝမ်းနည်းနဲ့ . . . တစ်ကယ်တမ်း ပြောက်လိုက်ပေမယ့် ကျွန်မလက်ထဲ ဘာမှမရှိသေး။ ကျွန်မ အစ်မေ့ကို လွမ်းတယ်။ အရာအားလုံးကိုလွမ်းပါတယ်။

(၄)
ဒေါ်ကြီးက ဒုတိယမြောက်ဖုန်းကဒ် ၁၈၁၈ ကို အခြားနေရာမှာ ဒေါ်လာ ၁၀ ပေးရလို့၊ peninsula plaza ကနေ ၈ ကျပ်နဲ့ ၀ယ်ခဲ့ပြီး ပိုတဲ့ ၂ ကျပ် ကို စင်္ကာပူထီထိုး လာခဲ့တယ်။ ကျွန်မလက်ထဲကိုပေးပြီး ၂.၅ မီလီလျှံ ၂ သန်းခွဲ ပေါက်ရင်ရ မယ်လို့ပြောသွားတယ်။
ဒီမှာ ခေတ်စားတဲ့ တရားဝင်ထီတွေထဲက တစ်ခုပေါ့၊ ပေါက်ပါစေလို့ ဆုတောင်းပြီး ပြန်သွားတယ်။
အဒေါ်ကြီးဟာ ကျွန်မ အိပ်မက်တွေကို အမှန်တကယ်ဘဲ သယ်ဆောင်လာသူပါ။ ကျွန်မမေ့နေတဲ့ ထီလက်မှတ်လေးအတွက် အံ့သြ၀မ်းသာစွာနဲ့ ကံထူးရှင်းဖြစ်ခဲ့တဲ့ ကျွန်မ၊ အိမ်ရှင်တွေ မရှိတုန်း အဲဒီတိုက်ခန်းထဲမှာ တစ်ဦးနဲ့ တစ်ဦးဖတ်ရင်း မျက်ရည်ကျခဲ့ရတယ်။ ၀မ်းသာလွန်းလို့ တုန်လှုပ် နေတယ်။ ကျွန်မရဲ့ အိမ်ဖေါ်သက်တမ်း ခုနှစ်လပြည့်တဲ့နေ့မှာ မှတ်မှတ်ရရဆိုသလို ပင်ပန်းမှု တွေလွင့်စင်ပျောက်သွားတယ်။
ကျွန်မဟာ နိုင်ငံသား ခံယူရင်အပြည့်ရမှာဖြစ်ပြီး မခံယူရင်တော့ တစ်ဝက်ဘဲရ မှာဖြစ်တယ်။ ကျွန်မ မြန်မာနိုင်ငံကို ပြန်မှာပေါ့ ကျွန်မရဲ့ စိတ်ကူးကိုသိတဲ့ အဒေါ် ကြီးက ၀မ်းသာစွာနဲ့ ဂုဏ်ယူပြီး သူက အကုန်လိုက်လုပ် ပေးတယ်။
အိမ်ရှင် လင်မယားကိုလည်း ပြောလိုက်ပြီး အလုပ်ထွက်ခဲ့တယ်။ ကျွန်မနဲ့ ဒေါ် ကြီး မာလိုင်းရင်းဘေးက မြစ်ကမ်းခြေမှာ လေတစ်ဝရှူကြတယ်။ လှလိုက်တာ ကျွန်မ ဒီမှာ ခုနှစ်လကြာခဲ့တာ အပြင်ကို လွတ်လပ်စွာ တစ်ခါ မှမရောက်ဖူးခဲ့။ ဒေါ် ကြီးက Sentosa ကိုတောင် မပြန်ခင်လိုက်ပို့လိုက်သေးတယ်။ သူ ဖုန်းကဒ်လေးဝယ်လာတဲ့ peninsula plaza
ကို လိုက်ပို့ပြီး မင်းတို့ မြန်မာတွေ ဆိုင်တွေအများကြီးဖွင့်ထားတဲ့ နေရာတဲ့ ကျွန်မကိုလဲ ဖွင့်ချင်ရင် ကူညီမယ်ပြောတယ်။
ကျေးဇူးတင်ပေမယ့် ကျွန်မ မြန်မာပြည်ကို ပြန်ရဦးမယ်။ အမေ အတွက် အမိုးလုံပြီး ခိုင်ခန့်တဲ့ အိမ်လေးကို ဆောက်ပေးချင်လှပြီ။ ကျွန်မ မျှော်လင့်တဲ့ တစ်နေ့မှာတော့ အိပ်မက်တွေကို အကောင်အထည်ဖေါ်နိုင်ပြီပေါ့ . . . စာကလေးအိမ်လေးတွေကို စာကလေးတွေအတွက် ၀ယ်လှုခဲ့တဲ့ ရလဒ်အတွက် ကျွန်မလဲ ကိုယ်ပိုင်အိမ်ကလေးတစ်လုံးတည်ဆောက်နိုင် ပြီပေါ့။
peninsula plazaကို ဒေါ်ကြီးက လိုက်ပို့တယ်။ ဒီနိုင်ငံမှာ တစ်ဦးတည်းသော ခင်တွယ်ရာ ကျေးဇူးရှင်ကို သတိရနေဦးမှာပါ။ ဒေါ်ကြီးအတွက် အမှတ်တရ ၀ယ်ပေးချင်တာကို အများကြီးလက်မခံဘဲ နောက်ဆုံး သူလိုချင်မက်မောတာလေးကို ကျွန်မလိုက်ဝယ်ပေးခဲ့ရတယ်။ ဒါဘာလဲဆိုရင် peninsula plaza မှာရှိတဲ့ သပြေနုဆိုတဲ့ မြန်မာ့လက်မှုပစ္စည်းဆိုင်က ကျွဲချိုလေးနှစ်ခု အလုပ်မှာချည်ထားတဲ့ ကြေးမောင်းလေး အဲဒါလေးကို သူသဘော ကျတယ်။ ကျန်တာ ဘာမှပေးလို့မရဘူး။
စင်္ကာပူညချမ်းမှာ နှုတ်ဆက်တဲ့အနေနဲ့ သူတိုက်တဲ့ ၀ိုင်တစ်ခွက် သောက်ရင်း စိတ်မကောင်းစွာနှုတ်ဆက်ခဲ့တယ်။ ပြန်ဆုံကြဖို့ သူက မျှော်လင့်ပါတယ်တဲ့ သူ့ရဲ့ အနမ်းက အမေတစ်ယောက်ရဲ့ အနမ်းလို နွေးထွေးစေတယ်။
လေယာဉ်ပေါ်ကနေ တိမ်တိုက်တွေကို ကြည့်ရင်း ပီတိဖြစ်မိတယ်။ ဂျစ်တူး ကိုလဲ သတိရမိတယ်။ အသွားတုန်းက နှုတ်ဆက်တော့ . . . ၀မ်းသာ လိုက်တာ အမရယ် အားကျလိုက်တာ ဂျစ်တူးလဲ အဲဒီလိုသွားလုပ်ချင် လိုက်တာတဲ့ . . .။
ဂျစ်တူးရဲ့ အိမ်လေးမှာ အမေရှိသလို အမအိမ်မှာလည်း အမေရှိနေတော့ မှာပါ။
ငှက်တွေမှာ အတောင်ပံရှိသလို
အိမ်တွေမှာ အမိုးတွေနဲ့လေ
ဒါပေမယ့် အမေနဲ့တူတဲ့ လုံခြုံစွာကာရံပေးနိုင်မယ့် အမိုးတွေကို
အမမျှော်လင့်မိတာ ဖန်တီးချင်မိတာပါ . . .။
တိမ်တိုက်တို့ဝေး၍ ကျန်ခဲ့ပြီ
လေယာဉ်ဘီးလုံးချလိုက်စဉ်မှာ သိမ့်ကနဲ့ လှုပ်ရှားမှုကြောင့် ရင်ဘတ်ကို အသာလက်နဲ့ ဖိကပ်ထားလိုက်ပါတယ်။
ရင်ခုန်မှု၊ အံ့သြမှု၊ ပျော်ရွှင်မှုတွေနဲ့အတူ
ကျွန်မရဲ့ ဘ၀သစ်အတွက် ခြေလှမ်းသစ်များက ကြိုဆိုနေလိမ့် မယ်လို့ မျှော်လင့်ရင်း . . .
ခြေလှမ်းတွေက သွက်လက်လို့ နေခဲ့ပြီ။

ချောအိမာန် (မန္တလေး)
၂၀၀၉ခုနှစ်၊ ဇွန်လ ၁၃ ရက်