Wednesday, September 29, 2010

ရိုးတံနဲ့ ပန်းပွင့်





ဒီနေ့ ကျွန်မရဲ့ ဧည့်ခန်းထဲမှာ စိုပြည်လျက်ရှိနေတယ်။ ဧည့်ခန်းရဲ့ စားပွဲပေါ်မှာ စားစရာတွေ အပြည့်ရှိနေသလို ရယ်မောပြောဆိုနေသံမှာ ပြန်စဉ်းစားရင် လွန်ခဲ့သော နှစ်များဆီက အတိုင်းပါပဲ။
ကျွန်မက ဧည့်ခန်းထဲက ဧည့်သည် မမများအတွက် အအေး၊ ကော်ဖီတွေဖျော်နေတယ်၊ကြိုက်ကလည်း
တယောက်တမျိုး…၊ ကျောင်းကတည်းက သူငယ်ချင်းတွေမို့ အတွင်းသိ၊ ကျွန်မတို့ ခုလို ပြန်ဆုံနိုင်ဖို့
တော်တော်ကြိုးစားထားရတာ၊ ကျောင်းပြီးတော့ အလျှိုလျှို အိမ်ထောင်ကျကုန်ကြတယ်၊ အဲဒီကတည်းက လေးယောက်လုံး တခါမှ မဆုံခဲ့၊ ဒီကြားထဲ သူ့အလုပ် ကိုယ့်အလုပ်နဲ့ မအားတာနဲ့ပဲ… ပြောင်းတဲ့လူက ပြောင်းနဲ့ မတွေ့ကြတော့ဘူး၊ အရင်က တယောက်အကြောင်း တယောက် သိကြ ပေမဲ့ ခုချိန်မှာ ပြောင်းလဲမှုတွေများစွာနဲ့ ဝေးနေကြရတယ်၊ ဒီနေ့တော့ ကျွန်မရဲ့ မှတ်မှတ်ရရ မွေးနေ့လည်း ဖြစ်တာမို့ မဖြစ် ဖြစ်အောင် ဆုံဖို့ တစ်လလောက် ကြိုချိန်းခဲ့ရတယ်၊ ကျွန်မတို့ အားလုံး ပျော်ရွှင်နေကြတယ်၊ ဒီအရသာကို လွတ်လပ်စွာ ပြန်ခံစားခွင့်ကို မျှော်လင့်နေခဲ့တာ ကျွန်မတို့ လေးယောက်လုံးပဲ၊ အားလုံး ဝေးကွာနေရာက ခုလို ပြန်ဆုံတော့ ခံစားမှု အသစ်လေး ရသလို ကျွန်မတို့ အားလုံး အိမ်ထောင်သည်တွေနဲ့မတူပဲ အပျိုတွေနဲ့ တူနေတယ်။
ကျွန်မတို့ တွေ့ဆုံမိကြရင် ကိုယ့်မှာ ဖြစ်နေတဲ့ ပြဿနာ၊ မပြေလည်မှု၊ ပြေလည်မှုတွေ အားလုံးပြောဖို့၊
ရင်ဖွင့်ဖို့ဟာလည်း တာစူထားကြတယ်၊ အသီးသီး အိမ်ထောင်ကျ သွားပေမယ့် အဲဒီအိမ်ထောင်ရေးရဲ့
အခြေအနေကို မသိကြသေးတာမို့ တယောက်အကြောင်း တယောက် စိတ်ဝင်စားနေကြတယ်။
ကျွန်မတို့ ဘယ်လောက် စိတ်ကူးယဉ်ကြသလဲ ဆိုရင် ရင်ဖွင့်ဖို့ကို မဲလိပ်နှိုက်ပြီး အမှတ်စဉ် တပ်ကြတယ်၊
အမှတ်စဉ် နံပါတ်(၁)ကို ကျသွားသူက “ယမင်းတင်အောင်” တဲ့ အမင်းရဲ့ မျက်နှာလေးက အရင်အတိုင်း ချောဆဲ။ နှုတ်ခမ်းက ပြုံးစစ ဖြစ်သွားပြီး သူ့ အကျင့်အတိုင်း ဆံပင်ကို တချက်ခါလိုက်ရင်း….
“ ငါ အရင်ကျသွားတော့ သိပ်မကောင်းဘူး၊ ဒါပေမယ့် ငါ အရမ်းပြောချင်နေတယ်၊ အဓိကက
ငါ့ဘ၀မှာ မထင်မှတ်တာတွေ တွေ့လာရတာပဲ၊ နင်တို့ သိတဲ့အတိုင်း အိမ်ထောင်မကျခင်ကတည်းက အိမ်ရဲ့ စီးပွားရေးလည်း ငါပဲ ဦးဆောင်လုပ်ခဲ့ရတာ၊ ပွဲရုံလုပ်ငန်းဆိုတော ရှုပ်တော့ ရှုပ်နေတာပေါ့၊ ငါက ငယ်ငယ်ကတည်းက ဦးဆောင်လာရတော့ အကျင့်ဖြစ်နေပြီ၊ ငါ့စိတ်က မြန်တော့ ငါလုပ်သမျှပြီးလွယ်ပြီး
အောင်မြင်တာများတယ်၊ ဒါကတော့ ငါ ငယ်ငယ်ကတည်းက ပွဲရုံနဲ့ ရင်းနှီးနေလို့ပဲ ထားပါတော့…”

“ ငါ `ကိုမျိုးဆက်`ကို ဖြစ်စေချင်တာက ငါ့စီးပွားရေးလည်း သူ့စီးပွားရေးပဲ ငါ့မိဘပိုင်တယ် ဆိုတဲ့ အသိကသူ့ခေါင်းထဲကို ရောက်နေတယ်၊ အဲဒီလုပ်ငန်းတွေမှာ စိတ်ပါစွာ ၀င်လုပ်စေချင်တယ်၊ သူ့အတွေးက သူက ငါ့လောက် မလုပ်နိုင်တော့ အလိုလို feel ဖြစ်တယ်၊ ငါ့မိဘကလည်း သူ့ကို မနှိမ်ပါဘူး၊ သူလုပ်တဲ့ကား၊ ဆိုင်ကယ် ပွဲစားအလုပ်က ရတလှည့် မရတလှည့် သိတဲ့ အတိုင်းပဲ၊ သူသာ ဦးစီးနိုင်မယ်ဆိုရင် ငါ ကတဖက်က ဆိုင်တခုခု ဖွင့်လို့ ရတယ်၊ စီးပွားရေးကို ဘယ်လိုလုပ်ရမယ် ဆိုတာ ငါ့လောက် သူနားမလည်ဘူး…”
 “ကုန်သည်တွေကလည်း ကြာတော့ ငါ့ပဲ သိတာပေါ့၊ ဟိုနေရာဆိုလည်း ငါ ဒီနေရာဆိုလည်း ငါပဲ၊ ဒီကိစ္စတွေ ငါ လုပ်ရလို့ ပြောတာ မဟုတ်ပါဘူး၊ သူ့ကိုဖြစ်စေချင်တာပေါ့ ကြာတော့ ငါ့မိဘက ဘာမှ
မပြောပေမဲ့ သူ့ဟာသူ ရှောင်ဖယ်လာတယ်၊ နောက်ဆုံး စိတ်အလိုမကျမှုတွေက ငါ့အပေါ် စုပုံလာပြီး မကြာခဏစကားများကြတာပေါ့၊ အရင်က ငါ သူ့ကို အဲဒီိလို စိတ်ဓါတ် ရှိလိမ့်မယ်လို့ လုံးဝ မထင်ခဲ့ဘူး၊ အဲဒါကငါ့ရဲ့ Main ပြဿနာပဲ ”
“ဟုတ်ပြီ အမင်းရဲ့ ပြဿနာကို သိရပြီ၊ ဘယ်လို ဖြေရှင်းရမလဲ ဆိုတာကို နောက်မှ အဖြေထုတ်ကြတာပေါ့၊ ခု ဒုတိယ တယောက်ရဲ့ ရင်ဖွင့်တေးသံသာကို နားဆင်ရအောင်”
ဒုတိယ အလှည့်က “အသော်”…။
အသော်က ဘာပြောရမလဲ စဉ်းစားနေပုံနဲ့ နှုတ်ခမ်းကို ကိုက်လိုက်သေးတယ်၊
“ငါကတော့ မိဘတွေရဲ့ ဆန္ဒကို မလွန်ဆန်နိုင်တဲ့သူ ဆိုတော့ ကိုနိုင်နဲ့ လမ်းခွဲပြီး မိဘတွေ
ပေးစားတဲ့ ကိုဘုန်းကို လက်ထပ်လိုက်ရတာ ဒီအထိ ရှင်တို့ သိပါတယ်၊ ငါဟာ ကိုနိုင့်ကို လမ်းခွဲပြီး
အိမ်ထောင်တခု အပေါ်မှာ အမြဲ သစ္စာရှိခဲ့ပါတယ်၊ ကိုဘုန်းက အရင်က ရည်းစား မရှိခဲ့ဘူး၊ ကိုနိုင့်ကိစ္စနဲ့
ပတ်သတ်ပြီး သူက သ၀န်တိုတယ်၊ ကိုနိုင်နဲ့က စီးပွားရေးအရ တခါတလေ ဆက်ဆံရတာလည်း ရှိတာပေါ့..”
“သူက အမြဲတမ်း သံသယ မျက်လုံးနဲ့ ကြည့်တတ်တယ်၊ တကယ်တော့ မိန်းမအားလုံးဟာ မျက်နှာ
မများချင် ကြတဲ့ လူချည်းပဲ၊ ဒီတယောက်ထဲ ချစ်ပြီး အိမ်ထောင်ဖက် ကိုလည်း ဒီတယောက်ပဲ ဖြစ်ချင်တာပဲ၊ ဒါပေမဲ့ စိတ်ကူးနဲ့ လက်တွေ့ဟာ ထပ်တူကျချင်မှ ကျတတ်တာပဲ၊ သူကတော့ ငါ့တယောက်ကိုပဲ ကြိုက်ပြီး လက်ထပ်နိုင်ခဲ့တာ ဆိုတော့ ကံကောင်းတာပေါ့၊ ငါနဲ့ ကိုနိုင်ကြားက ဆက်ဆံရေးဟာ သန့်ရှင်းတယ်၊ ဒါကို သူ့မှာ သံသယ အပူတွေနဲ့ နေရတာ သူ့အတွက် မငြိမ်းချမ်းဘူး၊ သူ့ ကြည့်လိုက်ရင် မြုံစိစိနဲ့၊ သေသေချာချာ တော့ ငါ့ကို မပြောဘူးဟ၊ ငါတို့ နှစ်ယောက်ကြားမှာ အဲဒီလိုချည်း မဖြစ်ချင်ဘူး၊ ပွင့်ပွင့်လင်းလင်းပေါ့၊ ဒီလို ကိစ္စတွေက ကြာလာရင် သူ့ဘက်က ပေါက်ကွဲလာမှာ စိုးရိမ်တယ်၊ ငါ့ပြဿနာကတော့ ဒါပဲ၊ ဘာမှ မဟုတ်ပဲ.. “
ကိစ္စတွေက ကြာလာရင် သူ့ဘက်က ပေါက်ကွဲလာမှာ စိုးရိမ်တယ်၊ ငါ့ပြဿနာကတော့ ဒါပဲ၊ှ
လင်မယား ခဏခဏ စကားများနေရရင် ကြာရှည်ကျ မကောင်းဘူးလေ၊ တကယ်တော့ လပ်ထပ်ခြင်း ဆိုတာ သူတို့က ပိုင်ဆိုင်ပြီး ငါတို့က ပိုင်ဆိုင်ခံလိုက်ရတဲ့ သားကောင်တွေလိုပဲ၊ အိမ်ထောင်ရေးမှာ
နားလည်မှု နဲ့ အပေးအယူ တည့်မှ ဖြစ်မယ်၊ ရည်းစားတုန်းက နားလည်ခဲ့တဲ့ အချစ်နဲ့ အိမ်ထောင်ရေးမှာ တည်ရှိတဲ့ အချစ်နဲ့ တခြားစီပဲလို့ ထင်တာပဲ…”
“ အသော်ပြောတာ ဟုတ်တယ် ”
ဇင်မင်းခင်က ထောက်ခံတယ်………

“ကဲ..ကဲ…ဒီတခါ ဒေါက်တာဇင်မင်းခင်ရဲ့ အလှည့်ပါ ”
 “အဇင်.. ရှင်ကတော့ ကျောင်းတုန်းက ပြောဖူးတဲ့ အတိုင်း ရှင် လိုချင်တဲ့ အိမ်ထောင်ရေးတခု
တည်ထောင်နိုင် တယ်လို့ အမင်း ထင်တယ်..”
“အမယ်လေး.. ဒေါ်ယမင်းတင်အောင်.. ကိုယ် အခုချိန်မှာ စီးပွားရေးလောကထဲကိုတောင် ပြေးဝင်လိုက်ချင် သေးတယ်၊ ရှင်တို့ကို ကြည့်ရတာ ဘာပဲဖြစ်ဖြစ် ကိုယ့်ထက်တော့ လွပ်လပ်နေတယ်လို့ ထင်တာပဲ၊ ကိုယ့်ဘ၀ အကြောင်းကို ပြောရရင်တော့ "What is the meaning of my life" လို့ မေးရမလို ဖြစ်နေပြီ၊ အများအမြင် မှာတော့ ကိုယ့်ဘ၀ဟာ အားကျစရာကောင်းပါတယ်…၊ ယောကျာ်းက ဆရာဝန်၊ ယောက္ခမ နှစ်ယောက်လုံးက ဆရာဝန်၊ ကိုယ်က ဆရာဝန်၊ ဒီကြားထဲ ကိုယ့်အဖေက ဆရာဝန်၊ တအိမ်လုံး မိသားစုဝင်တွေ ဆရာဝန် ဖြစ်နေတဲ့အခါ တခြား အကြောင်းအရာ ပြောဖို့ အခွင့်အရေး နည်းပါးလာကြတယ်..”
“ကိုယ်တော့ နေ့တိုင်း liver တွေ၊ lung တွေ၊ Arteries တွေ မြင်နေရတာက တမျိုး၊ အိမ်ရောက်ရင်လည်း ကြားရတဲ့ စကားက ဒီထဲက မထွက်ဘူး၊ တပတ် တခါလောက် လူစုံတဲ့ ထမင်းစားပွဲမှာလည်း ဒီအကြောင်း တွေပဲဖြစ်နေတယ်၊ တခါတလေ တူညီတာတွေ များလွန်းတော့ မတူညီတာလေးတွေကို တောင့်တမိတယ်၊ တခါတလေ ထမင်းချက် အဒေါ်ကြီးပြောတဲ့ဈေးထဲက အကြောင်း၊ လမ်းမှာရန်ဖြစ်ကြတဲ့ အကြောင်း၊ သူတို့ ရွာက အကြောင်းတွေကို ကိုယ့်မှာ မက်မောစွာ နားထောင်နေမိတယ်..”
“ဒီဆရာဝန် ဘ၀ကို အမှန်အတိုင်းပြောရရင် ကိုယ်ကိုယ်တိုင် ရွေးချယ်ခဲ့တာ မဟုတ်ဘူးလေ၊ မိဘတွေ
ရွေးချယ်ခဲ့တာ ဆိုတော့..၊ ကိုယ် ၀ါသနာပါရာမှာ နှစ်မြှပ်နေခွင့်ရတာဆိုရင်တော့ ငါဒီလောက်တော့ ခံစားရမှာ မဟုတ်ဘူး၊ တခါတလေ Uterus ရောဂါတွေ ကြည့်ပြီး ကိုယ်က Maiden ဘ၀ကို နှမြောနေမိတယ်၊ ကိုယ် ပြောတာတွေဟာ ခုချိန်မှာ ရယ်စရာကောင်းနေလိမ့်မယ်၊ ကိုယ့်မှာ body တွေကို မြင်တွေ့နေရတော့ တကယ်တော့ လူဟာ ဘာမှ မဟုတ်ပါလား ဆိုတဲ့ အသိတရားရနေပြီ၊ အလုပ်ပြန်ချိန်တွေကလည်း သူနဲ့ ကိုယ်နဲ့ ဘယ်တော့မှ မတူဘူး၊ သူက မနက်ဆေးခန်းဝင်ရတော့ ကိုယ် မနိုးခင်သွားနှင့်ပြီ၊ ညကလည်း သူက စောရင်စောတယ်၊ ကိုယ်ကလည်း နောက်ကျတတ်တယ်၊ လင်မယားနှစ်ယောက် အတူတူ ထမင်း မစားဖြစ်တာ ကြာပြီ ၊ အေးအေးဆေးဆေးလည်း စကားမပြောဖြစ်ဘူး၊ အဓိက ကတော့ ကိုယ်တို့ဟာ  Life တခုထဲမှာ နစ်မြုပ်နေတယ်လို့ထင်တယ်၊ အဲဒီအတွက် ငြီးငွေ့မှု တအားဖြစ်တယ်၊ သူလည်း အရမ်းပင်ပန်းတယ်၊ `ကိုနေပိုင်`ကို  မိဘသဘောတူတယ် ဆိုပေမဲ့ ငါတို့လည်း မေတ္တာရှိတော့ တခြား  

ပြဿနာတော့ မရှိပါဘူး ”
အချိန်ပေးနှိုင်မှုနဲ့လည်း ဆိုင်မယ်လို့ ထင်တယ်၊ မဟုတ်ရင်တော့ ကိုယ်တို့ သွေးတွေက ကြာလေ
အေးလေ၊စိမ်းလေ ဖြစ်သွားလိမ့်မယ်… ဟား ဟား…”
အဇင်က စကားပြောရင်း သဘောကျစွာ ရယ်ပါသည်။
“အဇင် လိုအပ်နေတဲ့ အချိန်တွေကို အတိုးနဲ့ ချေးမယ်”

အသော်က ရယ်ပြုံးပြုံးနဲ့ဝင်ပြောတယ်“အဇင် life ကလည်း တမျိုးတော့ စိတ်ဝင်စားစရာ ကောင်းတယ်၊ ခရီးတခုခုကို ရက်ရှည် ထွက်ရင်လည်းတနည်းအားဖြင့် လန်းဆန်းမှုတော့ ဖြစ်သွားမယ် ထင်တယ်”
“အမယ် ပြောတာကို ကိုယ် စဉ်းစားဖူးတယ်၊ ကလေး မရခင် အပန်းဖြေတော့ ထွက်ဦးမယ်လို့၊ ကဲ…
အမယ့် အလှည့်၊ ပြော… စာရေးဆရာမ ဆိုတော့ ဇတ်လမ်းအတုတွေတော့ မပြောနဲ့နော်..”
 “စိတ်ချ၊ ကျွန်မကလည်း ရှင်တို့ကို ပြောချင်နေတာ ကြာလှပြီ၊ ကိုနေနဲ့ ကျွန်မက အနုပညာသမားချင်း
အိမ်ထောင်ကျကြတာပါပဲ၊ သူက ကွန်ပျူတာ ဒီဇိုင်နာ ဆိုတော့ အမြဲတမ်း ကွန်ပြူတာနဲ့  နပန်းလုံးနေတာပဲ၊ ခုဆိုရင် ကွန်ပျူတာ၊ အင်တာနက်၊ ပုဂံနက်နဲ့ စုံနေတာပဲ၊ တခါတလေ သူ့ကိုကြည့်ရတာ Robot(ရိုဘော့) စက်ရုပ်တရုပ်လိုပဲ၊ လူကနေ စက်ရုပ်ဖြစ်နေတဲ့ လူသားပဲ၊ ခုခေတ်ကြီးက အရမ်းတိုးတက်တော့ သူ့ဦးနှောက် တွေက အရမ်းအလုပ်လုပ်နေတယ်၊ တခါတလေ သူ ပြောတဲ့ အကြောင်းအရာတွေကို စိတ်မ၀င်စားသလို၊ ကျွန်မပြောတဲ့ အကြောင်းအရာကိုလည်း သူက စိတ်ဝင်စားတာ မဟုတ်ဘူး…”
“တခါတလေ ကျွန်မ ရင်ဖွင့်လိုတဲ့ အကြောင်းအရာတွေကို စိတ်ရှည်စွာ နားထောင်ပေးမယ့် သူ လိုသလို၊ အပြုံးနဲ့ နှစ်သိမ့်ပေးမယ့် သူလည်း လိုအပ်တယ်၊ လိုအပ်ချက်တွေကို အလိုက်တသိ
ဖြည့်ဆည်းပေးနိုင်မယ့် သူလည်း လိုတာပေါ့၊ အဲဒီလို အရာတွေကို အဆင်သင့်ရှိတတ်တဲ့ မိခင်က မရှိတော့ သူ့ကို မိခင်နေရာမှာ အစားထိုးကြည့်ပေမယ့် မရခဲ့ဘူး၊ ပုံသဏ္ဍာန် တူညီပြီး အထဲက အရသာ မတူညီတဲ့ ဘီစကစ်တခုကို စားရသလိုပဲ”
“ကျွန်မ စာတွေကိုပဲ ဖိရေးနေတဲ့ အချိန်တွေမှာ သူ့ကို မေ့သွားတတ်တယ်၊ သူ့မှ မဟုတ်ပါဘူး၊
အရာရာကို မေ့သွားတယ်၊ သူကလည်း ကွန်ပျူတာခုံပေါ် ရောက်ရင် အရာအားလုံး မေ့သွားတယ်၊ ကျွန်မတို့ နှစ်ယောက်ရဲ့ ဆက်ဆံရေးက ကြာလေ အေးစက်လေပဲ၊ သူ ကိုယ့်အပေါ် အစာမကျေတာ တခုရှိတယ်၊ ယောကျာ်းက ဒီဇိုင်နာ ဖြစ်လျက်နဲ့ ကျွန်မ ၀တ္တု မျက်နှာဖုံး(cover)တွေကို
သူ့ကို ဘယ်တော့မှ ဆွဲမခိုင်းဘူး၊ ကျွန်မ သဘောက ကျွန်မ လုပ်တဲ့ အလုပ်တခုကို နှစ်ယောက်ပေါင်းပြီး လုပ်တယ်လို့ မမြင်စေချင်လို့ပဲ၊ အဲဒါကို သူက တမျိုး မြင်တယ်၊
ကျွန်မ ကိစ္စတွေကို သူ ၀င်မပါသလို သူ့ ကိစ္စတွေထဲလည်း ကျွန်မ ၀င်မပါဘူး..”
 “ နောက်ပြီး ကျွန်မရဲ့ ရိုဘော့ စက်ရုပ်က စကားအရမ်းနည်းပြီး အေးတော့ သူ့ရင်ထဲမှာ
ဘာဖြစ်နေမှန်း တော်ရုံနဲ့ မသိရဘူး၊ တနေ့တုန်းကတော့ ကွန်ပျူတာကို အမှတ်တမဲ့ ဖွင့်ကြည့်ရင်း သူ့ခံစားချက်တွေ ရေးထားတာ တွေ့ရတယ်၊ ကျွန်မလည်း တော်တော် အံ့သြသွားတယ်၊ အဲဒီနေ့က စကားများထားတဲ့ နေ့ပေါ့..”
“ကျွန်တော့် မိန်းမ စာရေးဆရာမ `မယ်ဘုန်းခင်` ဟာ ကျွန်တော့်ကို အရမ်းအထင်သေးပါတယ်၊
ကျွန်တော့်ကို  ဥပက္ခောပြုထားပါတယ်၊ ကျွန်တော့် ခံစားချက်တွေ ပြည့်နှက်လာတိုင်း ကွန်ပျူတာနဲ့ပဲ အဖော်လုပ်ခဲ့ရပါတယ်..၊ သူ ကျွန်တော့် အပေါ် ကောင်းပါတယ်၊ ဒါပေမဲ့ မေ့ထားတဲ့ အချိန်တွေ များတယ်၊ ကျွန်တော်မပြောရက်ပါ၊ သူ စာရေးပျက်မှာ စိုးရိမ်ပါတယ်တဲ့..”

“ အလို… ရှင့်ရဲ့ စက်ရုပ်ကြီးက အလာကြီးပါလား၊ ရယ်ရတယ်”

“ အမယ်..အမှန်တော့ ရှင့်လစ်ဟင်းမှုတွေ များပြီလို့ ထင်တယ်..”
“အမင်းရယ်.. စာရေးတယ်ဆိုတဲ့ အလုပ်က ဇျဉ်ဝင်တဲ့ အချိန်မှ ရတာဆိုတော့..”
“ဒါတော့ ဒါပေါ့ဟာ၊ သူ့ ခံစားချက်လေးက ငါတောင် သနားလာပြီ..”
အသော်က အဇင့်ကို ထုရင်းပြောတယ်။
“ ငါတို့ အားလုံးရဲ့ တယောက်ချင်း ပြဿနာက ဘာမှ သိပ်မကြီးကျယ်ဘူးလို့ ထင်တယ်၊
ဘယ်လိုဆိုရင် ပိုပြီး အဆင်ပြေနိုင်မလဲ၊ စာရေးဆရာမ အမယ့်ကိုပဲ အကြံတောင်းရမှာပဲ ..”
အသော်က ခေါင်းတညိတ်ညိတ်နဲ့ ပြောတယ်။
အမယ်က မေးစေ့လေးကိုင်ရင်း တွေးတွေးစစနဲ့ပြောတယ်
“ ရှင်တို့ကို တခုပြောမယ်၊ ရိုးတံနဲ့ ပန်းပွင့်ကို ဘယ်လိုမြင်သလဲ၊ အဲဒီ ရိုးတံနဲ့
ပန်းပွင့်ရဲ့ ကြားထဲက ဆက်သွယ်မှုကို ဘယ်သူမှ မမြင်နိုင်ကြဘူး၊ ပန်းပွင့်ဟာ ခိုင်မာတဲ့ ရိုးတံ မရှိရင် မဖြစ်သလို၊ ပန်းပွင့် မရှိရင်လည်း ရိုးတံဘ၀ဟာ အဓိပ္ပာယ် ရှိလာနိုင်မှာ မဟုတ်ဘူး၊ မမြင်နိုင်တဲ့ ဆက်သွယ်မှုနဲ့ ရိုးတံနဲ့ ပန်းပွင့်ကို ချည်နှောင် ထားတယ်၊ တခုနဲ့ တခု ဒွန်တွဲနေတယ်၊ ကျွန်မတို့ရဲ့ ဘ၀ကလည်း အဲဒီသဘောတရားနဲ့ တူတယ်၊ ရိုးတံကို ပစ်ပယ်လို့လည်း မရဘူး”
 “ပန်းပွင့်တွေမှာတောင် သူတို့နဲ့ လိုက်ဖက်ညီတဲ့ ရိုးတံတွေ ဖွဲ့စည်းပေးထားတယ်၊ ကျွန်မတို့လည်း ဘ၀မှာ လိုချင်တဲ့ အရာကို ရွေးချယ်ပြီး ပြတ်သားတဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်ခဲ့ကြတယ်၊ ဘယ်သူကမှ
အဲဒီဆုံးဖြတ် ချက်ကို မမှားချင်ကြဘူး၊ အိမ်ထောင်ကွဲ ဘ၀ ကို ဘယ်သူမှ မရောက်ချင်ကြဘူး၊ ဘာကိုမှလည်း အဆုံးရှုံး မခံချင်ကြဘူး၊ အဲဒီ မဆုံးရှုံးချင်တဲ့ အရာကို ကာကွယ်ဖို့ နည်းတနည်းတော့ လိုအပ်တယ်၊ အဲဒါကတော့ ကိုယ်စီရဲ့ ရင်ထဲမှာ ကိန်းအောင်းနေတဲ့ အရာတွေကို ပွင့်လင်းစွာ တိုင်ပင်ဆွေးနွေးဖို့ပဲ..”
“အမယ်.. ပြောတာ လက်ခံတယ်၊ အသော်ကတော့ သူ့ကို အိမ်ထောင်ရေးမှာ သစ္စာမြဲမယ့်၊ လူ့ကျင့်ဝတ်နဲ့  ညီတဲ့ သူ ဖြစ်စေချင်တယ်..”
“အဇင်ကတော့ တခါတလေ တရေးနိုးရင် အားလုံးကို စွန့်ပြီး တရားအားထုတ်ချင်မိတယ်၊ တကယ်တမ်း ကျတော့ ပါရမီဆိုတာ မပါသေးတော့ လူ့လောက စစ်ပွဲထဲမှာ နေနေရဦးမှာပဲ”
“ဒီလူ့လောက စစ်ပွဲထဲမှာ နေသရွေ့ ကိုယ်ရွေးချယ်တဲ့ ဘ၀မှာ နေပျော်စရာ ဘ၀တခု ဖြစ်အောင်၊ ကျေနပ် နိုင်အောင် နေရမှာပဲ၊ သိပ်မကြီးထွားသေးတဲ့ ပြဿနာကို ပြေလည်အောင် ဖြေရှင်းရမှာပဲ၊ ကျွန်မတို့ ပန်းပွင့်တွေ လှပဖို့ ရိုးတံဟာ ခိုင်ခံ့ဖို့ လိုအပ်တယ် ..”
“ အမင်းကတော့ သူ မလုပ်ချင်တာ ဇွတ်မလုပ်ခိုင်းပါဘူး၊ ပြေလည်အောင် ညှိယူဖို့
စဉ်းစားထားတယ်..”
“ကျွန်မတော့ ၀တ္တုအတွက် plot တခုရပြီ ”
ထိုနေ့က ကျွန်မတို့ အားလုံး စကားဝိုင်းလေး ရုပ်သိမ်းပြီး ချိန်မှာ ထူးခြားစွား ပို၍
လွတ်လပ်ပေါ့ပါးနေပါသည်။ ညရောက်တော့ စာရေးစားပွဲမှာ မထိုင်ဖြစ်တော့ဘဲ ကွန်ပျူတာ အခန်းထဲက ရိုဘော့စက်ရုပ်နား သွားရင်း ကော်ဖီတခွက် ချပေးတော့ သူ အံ့သြသွားတယ်။ သူ့ ဘေးနား ထိုင်ရင်း သူ့ရဲ့ ဒီဇိုင်းတွေကို ကျွန်မ ဝေဖန် ပေးတယ်။ သူက ကျွန်မကို အခြားလုပ်ထားတဲ့ ဒီဇိုင်းတွေထုတ်ပြတယ်၊ သူ့ရဲ့ လှုပ်ရှားမှုနဲ့ စကားသံတွေက ပိုသွက်လက်လာတယ်။
“ကျွန်မ နောက်ထွက်မယ့် ၀တ္တု မျက်နှာဖုံးပုံကို ဆွဲပေးရမယ်နော် ” လို့ ပြောတော့ သူက
အံ့သြစွာ ခေါင်းစောင်း ကြည့်ပြီး ရယ်မောရင်း….
“ခုတော့.. ကိုယ့်မိန်းမ.. ကိုယ့်ကို အသုံးလိုအပ်လာပြီပေါ့…၊ အလှဆုံးဖြစ်အောင်
လုပ်ပေးရမှာပေါ့၊ ခေါင်းစဉ်ကဘာတဲ့လဲ..”
“ ရိုးတံနဲ့ ပန်းပွင့် ”
သူ့နှုတ်ခမ်းက “ ရိုးတံနဲ့ ပန်းပွင့် ” လို့ လိုက်ရေရွတ်လိုက်တယ်။
ကျွန်မကလည်း “ ရိုးတံနဲ့ ပန်းပွင့် ” လို့ ပြောရင်း ခပ်နွေးနွေး ရယ်မောလိုက်ပါတော့တယ်… ။

ချောအိမာန်(မန္တလေး)
            ကလျာမဂ္ဂဇင်း
           ၂၀၀၄၊ စက်တင်ဘာလ၊


2005 အိပ်မက်စစ်နှင့် အခြား ဝတ္ထုတိုများ
စိတ်ကူးချိုချို စာအုပ်တိုက်
2009 ဝတ္ထုတိုများ

31 comments:

Anonymous said...

ဝမ်းနည်းတတ်သူရဲ့ အပြုံး

Happy Birthday မာမီ။ ဒီကနေ့ မာမီရဲ့ ၉၇ နှစ်မြောက် မွေးနေ့ပေါ့။ ကျွန်မ နှုတ်မဆက်ခင် ကပဲ ကျွန်မ အဘိုး(ဒယ်ဒီ) ၉၃ နှစ်က အပြုံးချိုချို၊ အနမ်းဖွဖွနဲ့ အိပ်ရာထဲမှာတင် နှုတ်ဆက်ပြီးပြီ ဆိုတာ ကျွန်မ သိတယ်။

မာမီ့ကို စတီးလ် ၀ှီးချဲလေးပေါ် ၀ိုင်းတင်ပေးပြီး ထမင်းစားခန်းထဲကို ခေါ်ခဲ့တယ်။ ဒီနေ့ မာမီ့မွေးနေ့ဆိုတာ သိလားဆိုတော့ မာမီက ခေါင်းညိတ်တယ်။ ညာလက်နဲ့ ညာခြေက လေဖြတ်ပြီး မသန်တာကြောင့် မျက်နှာသစ်ရင် ဘယ်လက်နဲ့ သစ်တယ်။ ပါးစပ်ထဲက သွားတုကြီးကိုတော့ မနက်ရောက်မှပဲ ဖြုတ်ဖြုတ် ဆေးပေးရတယ်။

ညကို ချွတ်ထားရင် မနေတတ်လို့တဲ့။ မျက်နှာသစ်ပြီး ဘိုကေ ဆံပင်လေးကို ၀ှီးချဲ နောက်အိတ်ထဲမှာ ထည့်ထားတဲ့ ဘီးနဲ့ ထုတ်ဖြီးပေးလိုက်တယ်။ မနေ့ညနေက ၀ယ်ထားတဲ့ မွေးနေ့ ကိတ်လေးကို ထုတ်ပြီး Happy Birthday လို့ ပြောပြီး ကိတ်မုန့်လေးကို စခွဲလိုက်တယ်။ မာမီ့ကို ချောင်းဆိုးမှာ စိုးလို့ ခရင်မ်တွေ မကျွေးဘူး။ မာမီက မနက်တိုင်း လက်ဖက်ရည် တစ်ခွက်၊ ကြက်ဥတစ်လုံးနဲ့ ပေါင်မုန့်တစ်ချပ်၊ ထမင်းရည် တစ်ပန်းကန် သောက်ပါတယ်။

အစာအိမ်နဲ့ နှလုံးဆေးလေးကို ပန်းကန်လေးထဲထည့် ရေတစ်ခွက် ချပေးထားရတာ နေ့စဉ်ပေါ့။ အသက် ၈၀ ကျော် နှစ်ပိုင်းကတည်းက ကျန်းမာရေး ယိမ်းယိုင်စ ပြုလာတဲ့ မာမီဟာ ဂရုစိုက်ရင်း ကြားကပဲ ခြေထောက် ကျိုးဖူးသလို မကြာခင်မှာ လက်လည်း ကျိုးဖူးတယ်။ အအေးမိ လေဖြတ်သွားတော့ မသန်ရာကနေ ပြန်ကောင်းလာတော့ ကုလားထိုင် ကနေ ပြုတ်ကျလို့ ခြေထောက်တစ်ခါ အဆစ်လွဲ သွားပြန်တယ်။ အဲဒီကနေ လမ်းမလျှောက်နိုင် ဖြစ်သွားပြီး အစာအိမ် သွေးကြောပေါက် ရောဂါကို အကြီးအကျယ် ခံစားရပြီး ဆေးရုံကို တစ်နှစ်တစ်ကြိမ်နှုန်း တက်ရပါတယ်။ တစ်ခါတစ်ခါ ဆေးခန်းတက်ရင် ဆယ်သိန်းနီးနီး ရှင်းရပါတယ်။မာမီရဲ့ ပင်မရောဂါက အစာအိမ်နဲ့ သွေးတိုးရောဂါ ဖြစ်ပြီး မနှစ်က ဆေးရုံတက်လိုက်ရတုန်းကတော့ ဆရာဝန်ကြီးတွေ ကိုယ်တိုင် အတော်ကို ခေါင်းခဲစေမယ့် ရောဂါပါ ပါလာပါတယ်။ နှလုံး ဆရာဝန်၊ အစာအိမ် ဆရာဝန်၊ ခွဲစိတ်ဆရာဝန် သုံးယောက်ညှပ် ကုရပြီး ဆေးရုံနှစ်ခါ ပြန်တက် လိုက်ရ တယ်။ ဆရာဝန်ကြီးတွေ ခေါင်းခဲသလို ကျွန်မတို့လည်း အတော့်ကို စိတ်ဆင်း ရဲခဲ့ရတယ်။ အသက်အရွယ်က အရမ်း စကားပြောတဲ့ အတွက် ၉၇ နှစ် လူနာကို ကုသရတာ အတော်လေး ဦးနှောက် စားရပါတယ်။

Anonymous said...

ကံကြမ္မာက ဒီတစ်ခါတော့ မာမီ့ကို လက်လွှတ် လိုက်ရပြီ ထင်ပါရဲ့လို့ တွေးထားမိတယ်။ ဒါပေမယ့်လည်း ထုတ်မပြောရဲ၊ မေးတဲ့ ဗေဒင်တိုင်းက လည်းမကောင်း နဲ့၊ ယတြာတွေ တတ်နိုင်သလောက် လုပ်ရင်း အတော်လေး ပြင်းပြင်းထန်ထန် ကြားက လွတ်မြောက်ခဲ့တယ်။ မာမီ့ရဲ့ညတိုင်း ညည်းသံတွေကို မကြား ရက်နိုင်လွန်းလို့ စိတ်မကောင်း ဖြစ်ခဲ့ကြရတဲ့ ရက်တွေကို လွန်မြောက်လာ တော့ အတိုင်းမသိ ၀မ်းသာမိ တယ်။ အခုဆိုရင် နေကောင်းလှချည်ရဲ့ မဟုတ်ပေမယ့် သူမှာ နာတာ ကျင်တာ မရှိ တော့ရင်ကို ၀မ်းသာလှပြီ။ မာမီ့ရဲ့ သီလကြောင့် စိတ် မလွတ် သူငယ် မပြန်ပေမယ့် သူ အရမ်း မေ့တတ်နေပြီ။ ကျွန်မ အလုပ်က ပြန်လာတိုင်း ကျွန်မကို ကျွန်မလို့ မထင် တော့ဘဲ ကျွန်မ ပြန်မလာသေး ဘူးလားလို့ မေးတတ်တယ်။

မာမီက သတိရရင် တော့ အိပ်ရာနိုးလို့ ဘယ်သူမှ လာမခေါ်သေးရင် ပုတီးလေး စိတ်နေတတ်တယ်။ စိတ်လွန်းလို့ ပြောင်နေတဲ့ ပုတီး လေးကို ကျွန်မတို့တွေက သဘော ကျကြတယ်။ နဂိုက မာမီ့ ခန္ဓာကိုယ် ၀၀ကြီးဟာ အခု ဆေးရုံတွေ ခဏခဏ တက်ရတော့ တစ်ဝက်လောက်ပဲ ကျန် တော့တယ်။ ဒါပေမယ့် သူက ဒီလို ပိန်တာကို သဘောကျကြောင်း ကျွန်မကို ပြောတယ်။ လမ်းမလျှောက်နိုင် တဲ့ မာမီ့ကို“မ”ရတော့ အဆင် ပြေတာပေါ့တဲ့။ မာမီက ရေမွှေးနဲ့ သနပ်ခါးကို ကြိုက်တယ်။ သရဖီ ၀တ်ဆံလေးတွေ ထည့်သွေးတဲ့ သနပ်ခါးရယ်၊ ကရမက်တွေနဲ့ တစ်ကိုယ်လုံး မွှေးကြိုင် ဖွေးနေရင် မြင်သူ တိုင်းက မာမီကို ချစ်ကြတယ်။ ခေါင်းမှာလည်း စပယ်ပန်း၊ ခရေပန်းကုံးတွေ ကို အကုံးလိုက် ပန်ပေးရင် လည်း သဘောကျတယ်။
သနပ်ခါး ကျွန်မ လိမ်းပေးရင် သိပ်ညီလေ့ မရှိဘဲ မလှ တတ်တာမို့ မာမီကိုယ်တိုင် ဘယ်လက်နဲ့ ပွတ်လိမ်းတတ်တယ်။ ခြောက်သွားရင် သူ့မျက်နှာ ဖွေးဖွေးညီညီ မွှေးမွှေးကို ကျွန်မက အားရပါးရ နမ်းပစ်တတ်တယ်။

Anonymous said...

မာမီက အနေအေးသူ တစ်ယောက်မို့ စာအုပ်လေး တစ်အုပ်နဲ့ မျက်မှန်လေးတပ် ပေးထားရင် အစအဆုံး အခေါက်ပေါင်းများစွာ လှန် ကြည့်နေတော့တယ်။ အစက မာမီ မေ့တတ်သွားတာ မရိပ်မိဘူး။ ကျွန်မ ၀တ္ထုပါတဲ့ မဂ္ဂဇင်းကို အရင်ဦးဆုံးပေး ဖတ်ပြီးတိုင်း မဖတ်ရသေးဘူး၊ မကြည့်ရသေးဘူးလို့ အတင်းငြင်းဆို တတ်တယ်။ နောက်မှ သတိ မေ့တတ်နေပြီ ဆိုတာ သိလိုက်တယ်။ ဖတ် ပြီးရင်လည်း အစကနေ အဆုံး ဘာမှန်းကို မသိတော့ ဘူး။ ဒီအသက်အရွယ်မှာ ဒီ လောက်ပဲဖြစ်တာ အများကြီး တော်ပါသေးတယ်။ တချို့ဆို အတော့်ကို စိတ်လွတ်ကိုယ်လွတ် သူငယ်ပြန်ကုန်ပြီ။

အရင်ကများဆို မိုးကုတ် ၀ိပဿနာမှာ တရား ထိုင်ခဲ့တာ။ သူစွဲစွဲလမ်းလမ်း ဖတ်ခဲ့တဲ့ စာအုပ်တွေကများ စွာ၊ ဂျာနယ်ကျော်မမလေးနဲ့ ခင်နှင်းယုကို အကြိုက်ဆုံး ဖြစ်သလို အိပ်ခါနီးတိုင်း စာအုပ်တစ်အုပ် ဖတ်ပြီးမှ အိပ်လေ့ရှိတယ်။ မီးထွန်းထားတော့ ကျွန်မလည်း အမှောင်ထဲမှာ ကျင့်သား မရတော့ဘဲ အလင်းထဲမှာ အိပ်တတ်တဲ့ အကျင့်က ကျင့်သား ရသွားခဲ့ တယ်။ ကျွန်မနဲ့ မာမီအိပ်တဲ့ ခုတင်အောက်က သံသေတ္တာထဲမှာ မာမီ ဖတ်လေ့ရှိတဲ့ စာအုပ်အဟောင်းတွေ ရှိတယ်။ ကျွန်မကတော့ နေ့လယ်က ကိုယ်ဆွဲထားတဲ့ ဗလာ စာအုပ်ထဲက မိန်းကလေး ပန်းချီလေးများကို ကြည့်ရင်း စားမြုံ့ပြန်နေမိတယ်။

မာမီက ပုံဆွဲတာ ၀ါသနာပါတဲ့ ကျွန်မကို ရောင် စုံခဲတံဘူးနဲ့ ဆေးဘူး၊ စုတ်တံ လေးတွေ ၀ယ်ပေး တတ်ပါ တယ်။ စာကျက်ရင်း ပန်းချီ ဆွဲရင်တော့ မာမီလုံးဝ မကြိုက်ပါဘူး။ ကျောင်းသွား ခါနီး ခြေဆုံး ခေါင်းဆုံး သနပ်ခါးလိမ်းပေးပြီး ရင် ဘတ်ကို စမူဆာပုံ လက်ကိုင် ပ၀ါ ချိတ်ပေးလိုက်ပြီဆိုရင် ကျွန်မ ကျောင်းသွားရတော့ မယ်။ ကျောင်းဆင်းလို့ အခန်းပေါက်ဝမှာ မာမီ့ကို မတွေ့ရင် ကျွန်မက ၀မ်းနည်း တတ်ပြန်ရော။ ဒါပေမယ့် မာမီက ကျွန်မကို ၀မ်းနည်း ချိန်တွေ အကြာကြီး ပေးမထားဘူး။

Anonymous said...

မာမီ လာမကြိုတဲ့ ကျောင်းဆင်းချိန် တစ်ရက်မှာ အိမ်ကို ၀မ်းနည်းစွာ အရဲစွန့်ပြီး လျှောက်ပြန်လာနိုင်တဲ့ ကျွန်မကို မာမီ အပါအ၀င် တစ်အိမ်လုံးက “ဟယ် ကလေးလေးက သူ့ဟာသူ ပြန်လာတတ်ပြီ၊ တော်လိုက် တာ”လို့ ပြောခံလိုက်ရတာကို က ကျွန်မကိုယ်ထဲ ကိုယ့်ကိုယ်ကို ယုံကြည်မှုနဲ့ သတ္တိ တွေ စီးမျော ၀င်စေခဲ့တယ်။ လမ်းမှာ ၀မ်းနည်းစိတ်လေး ရှိတာတောင် ဘယ်ပျောက် သွားမှန်းမသိ။ အခုလို ကိုယ့် အိမ်ပြန် လာနိုင်တာကိုက တစ်သက်မှာ အမှတ်တရ ကျွန်မအတွက် ဖြစ်စေခဲ့တယ်။

ညစဉ် ပြတင်းပေါက်ကို ခေါင်းထိုး အိပ်တတ်တဲ့ ကျွန်မဘက်ကလိုက်ကာကို မာမီ အမြဲဆွဲစေ့တယ်။ မာမီက ဆွဲစေ့လိုက်၊ ကျွန်မက ဆွဲဖွင့်လိုက်နဲ့ ညစဉ် အလုပ် ရှုပ်နေတတ်တယ်။ ကျွန်မကို အအေးပတ်မှာ စိုးနေပေမယ့် ကျွန်မကတော့ ပူအိုက်လွန်း နေတတ်တယ်။ မာမီ အပြင်က လပြည့်ကြီး ကြည့်ချင်လို့ ပါ၊ လိုက်ကာဖွင့်ပေးပါဆိုမှ တစ်ဝက်ဖွင့်ပေးတယ်။

ညတိုင်း ဘုရားစာ တစ်ပုဒ်တစ်ပုဒ် နှုတ်တိုက်သင်တယ်။ တစ်ခါမှ ဘုရားစာကို စာအုပ်ထဲကနေ အလွတ် မကျက်ဖူးဘူး။ မာမီ သင်ပေးတဲ့ ဘုရားစာတွေက နှုတ်ထဲစွဲ နေခဲ့တယ်။ အဲဒီ ဘုရားစာတွေ ကိုပဲ ကျွန်မ အခု အချိန်ထိ ရွတ်လေ့ရှိတယ်။ မာမီသင် ပေးတဲ့ ဂါထာ အတိုလေးတွေ အများကြီးပဲ။ ကျွန်မကို အမေ ကိုယ်ဝန်ရှိစဉ်ကတည်းက မာမီက တောင်းယူခဲ့တယ်လို့ အမေက ပြောပြဖူးတယ်။

မာမီ့လက်ထဲ ကျွန်မ ရောက်သွားချိန်မှာ ကျွန်မ အတွက် အင်္ကျီတွေ၊ ပေါင်ဒါ ဘူးတွေ လိုအပ်တဲ့ ပစ္စည်း မရှိ မဖြစ်စေရဘူးတဲ့။ ကျွန်မကို အလွန်အင်မတန် ဂရုစိုက်တဲ့ မာမီက ခြေဆုံး၊ ခေါင်းဆုံး ပြုပြင်ပေးသလို
“ထမင်းစားရင် ပလပ် ပလပ် မမြည်ရဘူး”

Anonymous said...

“လမ်းလျှောက်ရင်း ထမင်း မစားရဘူး။ သရဲ လိုက်တတ်တယ်”

“လမ်းလျှောက်ရင် ခြေဖနောင့်နဲ့ မချရဘူး။ တဒုန်း ဒုန်းမြည်ရင် ဆင်းရဲတတ် တယ်”

“အမြင်ကတ်တယ်ဆိုတဲ့ စကားကိုပဲ သုံးရမယ်။ အရှေ့က မသင့်လျော်တဲ့ စကားထည့် မပြောရဘူး”

“မိန်းကလေးဆိုတာ ချိုင်းချွေးနံ့ မထွက်ရဘူး၊ ကျောက်ချဉ် လိမ်းရတယ်”

“အိပ်ရာကို တတ်နိုင် သရွေ့ စောစောထရမယ်။ ဒါမှ ကိုယ့်ကိုယ်စောင့်နတ်က အစည်းအဝေးအမီတက်နိုင် မှာ။ သမီးက မနိုးလို့ သမီး ကိုယ်စောင့်နတ်က အစည်း အဝေးနောက်ကျရင် ဘုရား ဆီရောက်ရင် အပြစ်ဒဏ်ပေး ခံရတယ်။ သမီးနိုးမှ၊ မျက်နှာ သစ်ပြီးမှ သူက မြန်မြန် အစည်းအဝေး ရောက်မှာ။ ဒါကြောင့် ကိုယ်က ထတာ နောက်ကျရင် သမီးကိုယ် စောင့်နတ်က သမီးကို ပြန်အပြစ်ပေးလိမ့်မယ်။ ထထ မြန်မြန် မျက်နှာသစ်လိုက်”
“ဟင် ဟုတ်လား”

ကျွန်မလည်း မာမီ့ စကားကြောင့် လန့်ဖြန့်ပြီး မျက်နှာမြန်မြန် သစ်ရတယ်။ အဲဒီအကျင့်စွဲ တစ်ခုကို နားထဲ ရိုက်သွင်းလိုက်တော့ ကျွန်မ အိပ်ရာထတွေ နောက်မကျ တတ်တော့ဘူး။ ကြီးလာတော့ မာမီ ကျွန်မကို ညာပြောတယ် ဆိုတာ သိပေမယ့် ခုချိန်ထိ ကျွန်မ စိတ်တွေထဲ စွဲနေဆဲပဲ။ ခရစ်စမတ် နေ့တွေ ရောက်တိုင်းလည်း အင်္ကျီနီနီ နဲ့ နှုတ်ခမ်းမွေး ရှည်ရှည်ဖြူဖြူ ခရစ်စမတ် ဘိုးဘိုးကြီး ညကျ လာမယ်ဆိုတာ ကျွန်မသိ ထားတယ်။ ခုတင် ခြေရင်းမှာ ကျွန်မ ခြေအိတ်လေး တစ်ဖက်ကို ချည်ထားတယ်။ ခရစ် စမတ်ဘိုးဘိုးကြီးက လိမ္မာတဲ့ ကလေးဆိုရင် ပိုက်ဆံတွေ ထည့်ပေးလေ့ရှိပြီး မလိမ္မာရင် အမှိုက်တွေ ထည့်ပေးတယ်လို့ ပြောပြထားတယ်။ မနက် ရောက်တိုင်း ခြေအိတ်လေး ထဲ ဘာရှိနေမလဲ ဆိုတာ ရင်တုန်လေ့ရှိတယ်။ အပြင် ကနေ စမ်းကြည့်တော့ စက္ကူ မြည်သံလေးကြားရရင် ၀မ်းသာလေ့ရှိတယ်။ အဲဒီတုန်းက ခေါင်းပေါင်း ၁၀၀ိ-တန် ကြီးများကို နှစ်တိုင်း ပိုင်ဆိုင် ခွင့်ရခဲ့တယ်။ ဒါကို တကယ် ပဲ ခရစ်စမတ် ဘိုးဘိုးကြီးက လာထည့်တယ်လို့ပဲ ထင်ခဲ့ တယ်။ သူငယ်ချင်းတွေနဲ့ တောင် အငြင်းပွားခဲ့တဲ့ အထိပဲ။

Anonymous said...

ကြီးလာလို့ အမှန်သိ သွားတဲ့ အခါ ဒီအလေ့အထ လေးက ပျော်စရာတစ်ခု ဖြစ်တာမို့ ခုချိန်ထိ ခရစ်စမတ်နေ့ ရောက်ရင် ခုတင်တိုင်မှာ ခြေ အိတ်လေး ချည်ထားဆဲ။ အိမ်က ထည့်ဖို့ မေ့သွားရင် ခေါင်းအုံးအောက်မှာ တစ်ထောင်တန် ပိုက်ဆံရွက်လေး များကို တွေ့ရတယ်။ အိမ်မှာ ခရစ်စမတ် ဘိုးဘိုးကြီးက ကျွန်မ ဒယ်ဒီပေါ့။

မာမီက ချစ်ပေမယ့် တချို့နေရာတွေမှာ ပြင်းပြင်း ထန်ထန် အလိုလိုက်လေ့မရှိ ဘူး။ ကျွန်မ မာမီ့ကို စိတ် ဆိုးပြီး စကားမပြောချင်တဲ့ နေ့ရက် တစ်ရက်မှာ ပေါက် ကွဲသံစဉ်တွေကို ရေးပြီး ခံစားချက်တွေကို ဘူးလေး တစ်ဘူးထဲ ပိတ်လှောင်ထား ခဲ့တယ်။ အဲဒီထဲက စာကို မာမီက တွေ့သွားပြီး ဖတ် ကြည့်တဲ့အခါ စိတ်မဆိုးဘဲ မဆိုးဘူး အရေးအသား ကောင်းတယ်လို့ ချီးကျူး တော့ ကျွန်မက အံ့သြပြီး တကယ်လား ဟင်လို့ မာမီ့ ကို ပြန်မေးမိတယ်။
ဒီလိုနဲ့ ကျွန်မ အနားမှာ ရှိတဲ့ စာအုပ်တွေ ဖတ်ရင်း၊ ငှားရင်း ပိုးတွေက ဆွလာတော့ တစ်ယောက်တည်း ငြိမ်ငြိမ်ကုပ်ကုပ်နဲ့ စာတွေရေး နေမိတယ်။ ၀တ္ထုတိုတွေကို ဗလာစာအုပ် စာမျက်နှာပြင် တွေပေါ်မှာ စိတ်ကူးယဉ် ဇာတ်လမ်းတွေ ဖွဲ့နွဲ့မိတော့ တယ်။

ကျွန်မ ၀ါသနာကို တားမြစ်လေ့ မရှိဘဲ မာမီက အားပေးတယ်။ ဒယ်ဒီက အင်္ဂလိပ် ၀တ္ထုတွေပဲ ဖတ်တတ်ပေမယ့် နောက်ပိုင်း စာမျက်နှာပြင်ပေါ်ပါတဲ့ ကျွန်မ ၀တ္ထုတိုတွေကို ဖတ် တတ်သွားတယ်။ ကျွန်မ ၀ါသနာကို အထင်မြင်သေး ခြင်းမရှိသလို စာပေက လူတွေကို ဘယ်လောက်အကျိုး ပြုတယ်ဆိုတာကို သူ့တို့ သိထားတယ်။ ဒါကြောင့် ကျွန်မဟာ ခိုးကြောင်ခိုးဝှက် ရေးစရာမလိုဘဲ လွတ်လွတ် လပ်လပ် ရေးသားနိုင်တယ်။ ခုချိန်ထိအောင် စာကို သူတို့ ကောင်းမွန်စွာ ဖတ်နိုင်ကြ သေးတယ်။ မာမီကတော့ ဖတ်ပြီးရင် မေ့တယ်။ ဟို ကြည့်ဒီကြည့်ပဲ။ အရင်ကတော့ ကျွန်မ၀တ္ထုတိုင်းကို ဖတ်တယ်။

Anonymous said...

ကျွန်မက အခုချိန်ထိ သူတို့ စိတ်ချမ်းသာမှုကို ရှေး ရှုသလို ကျွန်မ စိတ်ချမ်းသာမှု ကိုလည်း သူတို့က ရှေးရှု တတ်တယ်။ သူတို့ကျွန်မကို ယုံကြည်သလို ကျွန်မလည်း သူတို့ကို ယုံကြည်မိတယ်။ ပြဿနာ တစ်စုံတစ်ခု အတွက် အိမ်တိုင်ရာရောက် ကျွန်မကို လာစော်ကားရင်တောင် သူတို့ ဘာမှ တုံ့ပြန်မှု မရှိဘဲ ကျွန်မကို ယုံကြည်တယ်။ ဒါကြောင့် ကျွန်မတို့ ကြားမှာ ဘာပြဿနာမှ မဖြစ်ခဲ့ကြဘူး။

အရင်က ပဋ္ဌာန်း အရှည်တွေ ရွတ်လေ့ရှိတဲ့ မာမီက အခု ၉၇ နှစ် အရွယ်မှာ အရဟံ ပုတီးလေးကိုပဲ စိတ်နေနိုင် တော့တယ်။ ဒယ်ဒီက မာမီ့ အတွက် အရဟံ ပုတီးကို နေ့တိုင်း စိတ်ပေးတယ်။ တရေးနိုးလည်း ထစိတ်တယ်။ မာမီက တစ္ဆေ၊ သရဲ မကြောက်တတ်ပေမယ့် မိုးချိန်းတာကိုတော့ အလွန် ကြောက်တတ်တယ်။ မိုးချိန်း ရင် သူ့နားမှာ တစ်ယောက်ယောက် နေပေးရတယ်။ မီရာ လက်ကို လှမ်းဆွဲပြီး ကိုင်ထားတတ်တယ်။

အရင်က အသက်ကြီး သွားတော့ မာမီတစ်ခုတင်၊ ဒယ်ဒီတစ်ခုတင် အိပ်ကြပေမယ့် အခု ပိုပိုအသက်ကြီး လာတော့ ခုတင်နှစ်ခုတင် ပူး ပေးလိုက်တယ်။ သူတို့အိပ်ရာ ၀င် အိပ်ရာထတွေမှာ အမှီလေးတွေ ကိုယ်စီနဲ့ ကြည်နူး စိတ်လေးတွေ ရှိစေချင်တယ်။ တစ်ခါတလေ အိပ်နေပေမယ့် တစ်ယောက်လက် တစ် ယောက် ကိုင်ထားကြမြဲဖြစ် တယ်။ မတွေ့ရင် တစ်ယောက်နဲ့ တစ်ယောက် မေးနေတတ် ကာ စိုးရိမ်ပူပန်မှုနဲ့ ယုယမှုတွေ၊ ဂရုစိုက်မှုတွေ ပိုလာတယ်လို့ ကျွန်မထင်တယ်။

တကယ်တော့ သူတို့ နှစ်ယောက်စလုံးရဲ့ အရွယ်တွေက အမှည့်လွန်အသီးတွေ ဖြစ်နေကြပြီး ဘယ်အချိန်မှာ ပြုတ်ကျလိမ့်မလဲ ဆိုတာ ရင် တမမ ရှိနေရသလို ဘယ်သွားသွား အလွန် နောက်ဆံ တင်းရတယ်။ သူတို့ ကျန်းမာရေး ကောင်းမှ စိတ်လွတ်ကိုယ်လွတ် သွားနိုင်တယ်။ ဒါ တောင် စိတ်မချ စိတ်တွေက အမြဲ ခိုအောင်းနေတယ်။ ကျွန်မက သူတို့ကို စိတ်မချ သလို သူတို့လည်း ကျွန်မ အပေါ် အပူပန် ကြီးတတ်တယ်။

Anonymous said...

အမှန်တော့ ကျွန်မစိတ် တွေကို ပြင်ဆင် ထားရမယ့် အချိန်ရောက်ပြီ ဆိုတာ သိပါတယ်။ ဒါပေမယ့် လောဘ ကြီးစွာ သူတို့ကို အသက် ရှည်စေချင်သေးတယ်။ သူတို့ ရဲ့ ၆၅ နှစ်မြောက် မင်္ဂလာကို စားသောက်ဆိုင် တစ်ဆိုင်မှာ ကျွန်မတို့ဝိုင်းဝန်း ကျင်းပပေး ခဲ့ကြတယ်။ ကျွန်မ ထိုရက်ကို မေ့နိုင်မယ် မထင်ပါ။ မထင် မှတ်ဘဲ ဒီပွဲကို ဒယ်ဒီနဲ့ မာမီ့ ရဲ့မိတ်ဆွေများ၊ ကျွန်မ မိတ်ဆွေများ တက်ရောက်ခဲ့ ကြပါတယ်။ အားလုံးက ၆၅ နှစ် မင်္ဂလာ သက်တမ်းကို အံ့သြ ချီးကျူး မဆုံးရှိကြတဲ့ အခါ သူတို့ နှစ်ယောက်လုံး မျက်နှာမှာ နုဖတ်လန်းဆန်း နေကြပါတယ်။

အိမ်ထဲမှာပဲ အမြဲနေရ တဲ့ မာမီဟာ အစားတွေ တစ်ခုပြီး တစ်ခုစားရင်း ပျော်ရွှင် နေပါတယ်။ ဒီနေ့ကနေ စပြီး အသက်တစ်ရာ အထိ အတူ နေကြဖို့ ကျွန်မတို့ ၀ိုင်း ဆုတောင်း ပေးခဲ့ကြပါတယ်။ အဲဒီနေ့ရဲ့ လန်းဆန်းလတ် ဆတ်မှုဟာ ဓာတ်ပုံလေးတွေ တွေ့ရသည် အထိ ပြောလို့ မပြီးနိုင်ဘဲ တသသရှိနေ တတ်ပါတယ်။

ကျွန်မတို့အတွက်က အပြင်မှာ ပျော်စရာတွေများ ပေမယ့် သူတို့အတွက်က စိတ်တစ်ခါ ကြည်နူးကျေနပ် ပီတိဖြစ်မှုဟာ သူတို့ကျန်းမာ ရေးကို အထောက်အကူပြု သလို သူတို့ခံစားမှုတွေ ပွင့် ထွက်ပေါ့ပေါ့လာစေတယ်။ ဒီလို အပြင်လူတွေနဲ့ ဆုံစည်း ရမှုဟာ တစ်ဦးပေါ်တစ်ဦး နွေးထွေးစေတယ်။ အရင်က ကျွန်မဟာ အင်မတန် ၀မ်းနည်းလွယ်သူ၊ စိတ်ပျော့သူဖြစ်တယ်။ ညစဉ် အိပ်တိုင်း မကြာခဏ လန့် လန့်အော်တတ်လို့ မာမီ့ရင်ခွင် ထဲမှာ ပွေ့ပိုက်ခံအိပ်ခဲ့ရပြီး မာမီ ရွတ်တဲ့ဥုံခံတဲ့ ဂါထာ ကြောင့် ကျွန်မရဲ့ လန့်တဲ့ ကိစ္စတွေ နောက်ပိုင်း လျော့ ပါးသွားတယ်။

ညစဉ် မာမီနဲ့အတူ အိပ်တိုင်း မာမီ့ လက်မောင်းပျော့ ပျော့အိအိလေးကို ကိုင်အိပ်တိုင်း မာမီများ မရှိတော့ရင် ဆိုတဲ့ အတွေးနဲ့ မျက်ရည် အကြိမ်ကြိမ် ကျဖူးတယ်။ ကျွန်မ စိတ်တွေက မာမီ့အပေါ် အားကိုးလွန်းခဲ့တယ်။ မာမီက ကျွန်မ တက္ကသိုလ် ကျောင်း သူကြီးဖြစ်တာမှ မြင်ရပါ့ မလား ဆိုပြီး စိတ်ပူဝမ်းနည်း တတ်သေးတယ်။ ခုချိန်ထိ ကျောင်းတွေပြီးဆုံးသည့်တိုင် အလုပ်တွေ လုပ်ရင်း၊ စာတွေ ရေးရင်း ပြုစုခွင့်ရတာကို ကျေနပ်မိတယ်။

Anonymous said...

အခု အသက်တွေကြီး လာတော့ သူတို့က ကျွန်မကို ပြန်အားကိုးသွားပြီ၊ ကျွန်မ လက်သည်းခြေသည်း ညှပ် ပေးဖူးတဲ့ မာမီ့ကို ကျွန်မက ခုပြန်ညှပ်ပေးရပြီ၊ ရှူးတည် တာ၊ နောက်ဖေးသွားတာတွေ ကအစ ကလေးလိုပြန်လုပ် ပေးရပြီ၊ ထမင်းနဲ့မုန့်တွေ၊ ဆေးတွေကိုယ်တိုင် ပါးစပ်ထဲ ထည့်ပေးရပြီ၊ ရေချိုး၊ ချေး တွန်းပေးရပြီ၊ အိပ်ရာပေါ်လှဲ သိပ်ပေးရပြီ၊ မာမီ့မျက်နှာ အပြောင်းအလဲကို အချိန်ရှိ သလို ကြည့်နေရပြီး အပြင် ခရီးထွက်ရင် ဖုန်းမကြာခဏ ဆက်ရပြီ၊ ချောင်းဆိုးနေ လား၊ ၀မ်းပျက်နေလား၊ ဗိုက် နာနေလား၊ သွေးတိုးနေလား၊ သွေးကျတာလား ဆိုတာတွေ၊ ဆံပင်ကိုလည်း ညှပ်တဲ့ သူကို အိမ်ခေါ် ညှပ်ပေးရတယ်။

တစ်ခါတလေ ၀ှီးချဲလေးပေါ် မှာ နေ့စဉ်နေ့တိုင်း ငြိမ်ငြိမ်လေး ထိုင်နေတတ်တဲ့ မာမီ့ကို ဘေးနားကနေ စကားသံ၊ ရယ်သံတွေ ထွက်အောင် ရယ်စရာတွေ ပြောပြရတာ၊ တစ်ခါတလေ မျက်နှာမရွှင် မျက်လုံးတွေ ၀မ်းနည်းရိပ် သန်းနေရင် ဘာတွေများ တွေးနေတာလဲ၊ ဘာတွေများ ၀မ်း နည်းနေတာလဲလို့ မကြာခဏ မေးရပြန်တယ်။

အသက် အရွယ်ကြီး လွန်းသူတွေမှာ သူ့အတွေးနဲ့ သူ ၀မ်းနည်းနေတာတွေ၊ စဉ်း စားစရာတွေ များပြား နေနိုင်တယ်။ စိတ်ထဲမှာ စဉ်းစားရင်း တွေးရင်းနဲ့ မျက်နှာပေါ် ၀မ်းနည်းရိပ်တွေ သန်းနေ တတ်တယ်။ တစ်ခါတလေ သူတို့ဘ၀ကြီးကို ငြီးငွေ့စွာ သူများ လုပ်ပေးမှ သွားရ၊ လာရတယ်ဆိုတဲ့ အတွေးမျိုး တွေ ၀င်လာပြီး ၀မ်းနည်း အားငယ်စိတ်နဲ့ ငါသေချင် တယ်လို့ စကားတွေ ထွက် လာလေ့ရှိတယ်။

Anonymous said...

အဲဒီလိုပြောလာရင် မာမီ့စိတ်ထဲ စိတ်တိုင်းမကျ မကျေနပ်တာတွေ များလာပြီ လို့ယူဆရတယ်။ လူကြီးတွေ ကြီးလာရင် ဒီလို အတွေးတွေ နဲ့ မကြာခဏ ၀မ်းနည်းတတ် တယ်။ သူတို့မှာ လုပ်စရာ မရှိ တစ်ယောက်တည်း ထိုင် ပြီးရင်းထိုင်၊ အိပ်ပြီးရင်း အိပ်နေရ၊ အခြားသူတွေကအလုပ် တွေ ကိုယ်စီနဲ့ဆိုတော့ ပျင်းရာကနေ ငြီးငွေ့လာတတ် တယ်။ သူတို့ကို ဂရုမစိုက် ကြဘူး အထင်နဲ့ ရင်ထဲဝမ်း နည်းစိတ်တွေ ကိန်းအောင်း လာတတ်ကြတာပေါ့။ အဲဒီလို အချိန်ဆို မာမီ့ကို ရယ်စရာလေးများ ပြောရင်း၊ ဓာတ်ပုံတွေ ပြရင်း နှစ်သိမ့် ပေးရတယ်။ အိပ်ခါနီးမှာ တရားခွေ ခပ်ပါးပါးလေး ဖွင့် ပေးပြီး မာမီ နှစ်ခြိုက်စွာ အိပ်ပျော်သွားတတ်တယ်။

ခုချိန်မှာ ၀မ်းနည်းတတ် သူဟာ ကျွန်မ မဟုတ်တော့ ဘူး။ ကျွန်မအတွက် လောက မှာ သတ္တိရှိစွာ မားမားမတ် မတ်လျှောက်လှမ်းနိုင်ဖို့ မာမီ တို့က ကျွန်မခြေလှမ်းတွေကို အနီးကပ် ပြင်ဆင်ပေးခဲ့ တယ်။ ကျွန်မကြိုက်တဲ့ လမ်းကိုပဲ ရွေးစေခဲ့တယ်။ အခုချိန်မှာတော့ မာမီ က ၀မ်းနည်းတတ်သူ ဖြစ်နေ ပြီ။ မာမီ ၀မ်းသာတတ်အောင် ကျွန်မ အစွမ်းကုန် ကြိုးစားနေ ရပါတယ်။ သူတို့လိုချင်တာ ရွှေ၊ ငွေ၊ ပိုက်ဆံတွေ မဟုတ်ဘူး။ ကျွန်မတို့ ပေးဆပ်တဲ့ နွေးထွေး ယုယတဲ့ အပြန်အလှန် ရင်ထဲက စီးဆင်းလာတဲ့ မေတ္တာတွေပါ။ အိမ်တံခါးဝမှာ ကျွန်မ ပြန်လာတာ မြင်တိုင်း သူတို့ ပြုံးတတ်တယ်။ ကျွန်မ အိမ်ပြန်နောက် ကျရင် ထမင်းစား စောင့်တတ် တယ်။ မျှော်နေတတ်တယ်။ အိမ်ပြန်လာတိုင်း ဦးဦး ဖျားဖျား နှုတ်ဆက် စေချင်တယ်။

Anonymous said...

တစ်ခါတလေ ကျွန်မလည်း ၀မ်းနည်းမိတာပဲ။ ကျွန်မ ချစ်ရသူတွေကို ခွဲခွာ ရဖို့ရက်တွေ တဖြည်းဖြည်း နီးလာပြီ ဆိုတဲ့ အတွေးနဲ့ စိတ် ထဲမှာ မပြင်ဆင် ထားလို့လည်း မရတော့ဘူး။ လူတိုင်း မလွဲ မသွေ သွားကြရမယ့်လမ်း မဟုတ်လား။ အဲဒီလို တွေးမိတိုင်း ၀မ်းနည်းမိတယ်။ ဒါပေမယ့်လည်း ကျွန်မ အိမ်ပြန်ရောက်တိုင်း သူတို့ အတွက် အပြုံးတစ်ခု အမြဲ ပါသလို သူတို့ကလည်း ကျွန်မကို အပြုံးတစ်ခု လက်ဆောင်အဖြစ် အမြဲပြန်ပေး လေ့ရှိပါတယ်။

စိတ်ထဲမှာ ၀မ်းနည်းတာတွေ ရှိလည်း အပြုံးကိုတော့ အမြဲ အပြန်အလှန် ပေးလေ့ ရှိခြင်းဟာ နွေးထွေးတဲ့ မေတ္တာတရား ရှိသူတိုင်း တစ်ယောက်ကို တစ်ယောက် စိတ်ချမ်းသာ စေချင်တဲ့ သင်္ကေတ တစ်ခု မဟုတ်ပါလား။

ချောအိမာန်၊မန္တလေး၊
(ရွှေအမြုတေ မဂ္ဂဇင်း၊ အောက်တိုဘာလ ၂၀၁၀)

Anonymous said...

ကောင်းကင်အနမ်း

“မင်း ကမ္ဘာမှာ မျက်လုံးမှ ပါရဲ့လား မသိဘူးနော်” “အချစ်မှာ မျက်စိမရှိတဲ့”အဲဒါ အရိုးစွဲနေတဲ့ လူတွေပြောတာ တကယ်လက်တွေ့ဘ၀မှာတော့ မျက်စိနဲ့ မြင်တတ်ပြီး ဦးနှောက်နဲ့ဆုံးဖြတ်မှုက အရေးကြီးဆုံးပဲ တကယ်ဆိုရင်တော့ ရှားမှရှားပဲ”ဟား …. ဘယ်လိုလူတွေလဲ နားထဲမှာ ကြားရတာမဆန့်အောင်ဘဲ သူတို့ကိုယ်တိုင်ရော ကျွန်မ နေရာမှာဆိုရင် ဘယ်လိုဆုံးဖြတ်မလဲ။ သေချာတာတစ်ခုက မင်းကမ္ဘာလို လူသားတစ်ယောက်ကို ဘယ်သူမှ ငြင်းမှာ မဟုတ်ဘူး။ သူတို့တွေကို ဂရုစိုက်မခံရတဲ့အခါ မင်းကမ္ဘာရဲ့ နှလုံးသားဖြစ်နေတဲ့ ကျွန်မဟာ သူတို့တွေအားလုံးရဲ့ ဝေဖန်မှတ်ကျောက်တင်ခံရနေဆဲပါ့။ ဒီအတွက် ကျွန်မ မအံ့သြတော့ပါဘူး။ သူတို့မပြောနဲ့ ကျွန်မကိုယ်တိုင်တောင် အံ့သြမှု မယုံနိုင်မှုတွေနဲ့ ပြည့်သိတ်ခဲ့တာမို့ ခုချိန်မှာ ငြင်းပယ်ဖို့ တံတိုင်းကို အသင့်ကာရံပြီး ဘယ်လောက်တောင် ပြင်းထန်စွာ တားမြစ်ခဲ့သလဲဆိုတာ ကိုယ်တိုင်ကလွဲလျှင် ဘယ်သူမှ သိနိုင်မှာ မဟုတ်ဘူး။အများပြောဆိုလာမည့် ဒဏ်တွေကို လျစ်လျုမရှုနိုင်သမျှ ကျွန်မ ဆက်လက်ရှုံးနိမ့်နေဦးမယ်ဆိုတာ ရိပ်မိပါတယ်။ ဆုံဆည်းခြင်း(၁)ကျွန်မတို့နှစ်ယောက်ရဲ့ ပတ်သတ်မှုဟာ ပြန်ပြောရရင် အနုပညာဆန်တယ်ပဲဆိုပါတော့ ကျွန်မ သူရဲ့ စိတ်ကို ဘာနဲ့မှ ညှို့ယူဆွဲငယ်ခဲ့တာမဟုတ်၊ ကျွန်မ သန့်ရှင်စင်ကြယ်စွာပဲ ဆက်ဆံခဲ့ပါတယ်။ ဒါပေမယ့် အဲဒီအချိန်ကတည်း လူတွေရဲ့ကျဉ်းမြောင်းတဲ့ စိတ်တံခါးထွေထဲကနေ ထွက်လာတဲ့ စကားလုံးတွေကို ခံနိုင်ရည်ရှိဖို့ သတ္တိမွေးရတယ်။“ချော ကိုနဲ့ချစ်နေတာကို အရေးကြီးတဲ့အလုပ်တစ်ခုလို့ သဘောထားပြီး ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိပါ” လို့ အမြဲပြောလေ့ရှိတဲ့ သူ့စကားများအတွက် ကျွန်မတစ်ချို့နေရာတွေမှာ နားတွေပိတ်ထားခဲ့တယ်။ “ကို အရမ်းလွမ်းလွန်းလို့ စိတ်မှန်းနဲ့ ချောဆီပြေးပြေးလာခဲ့ရတာ အကြိမ်ကြိမ်ပဲ”အဲဒီလိုပြောရင် ကျွန်မခပ်ပြုံးပြုံနဲ့ ရင်ထဲမှာ ပီတိတွေ တနင့်တပိုး ၀င်ရောက်လာခဲ့တယ်။ကျွန်မ ကာရံထားတဲ့ တံတိုင်းဟာဘယ်လောက်ခိုင်မာတယ်ဆိုတာ သက်သေမပြနိုင်ခဲ့ဘူး။ကျွန်မပျော်စိတ်ချမ်းသာမှုကို ပထမဦးစားပေး တတ်တဲ့ ခံစားချက်က အသေအချာ ရင်ထဲ စိမ့်ဝင်လာခဲ့တယ်။ သူ့အာရုံမှာ ကျွန်မကလွဲရင် ဘာမှ ငြိတွယ်နေလေ့မရှိဘဲ အမြဲတမ်းကျွန်မ ကောင်းကျိုးကိုပဲ စဉ်းစားပေးနေလေ့ရှိတဲ့ သူဟာ ကျွန်မဘ၀အတွက် အံ့သြရဆုံးလူသားတစ်ယောက်ဖြစ်ခဲ့တယ်။ဒီထက် ပိုအံ့သြစရာကောင်းတာက လေးထောင့်ကျတဲ့မေးရိုး အသားအရေကြယ်စင်ပြီး ခိုင်မြဲတဲ့ မျက်လုံးမျက်ခုံးတွေပိုင်ဆိုင်ထားပြီး လူချမ်းသား မျိုးရိုးဂုဏ်မြင့်တဲ့ ယောကျာ်းတစ်ယောက်ဟာ ကျွန်မလို ဘာမှ မလင်းလက်တဲ့ ကြယ်လေးတစ်ပွင့်ကို ငြိတွယ်နေခြင်းပဲ။လူတွေဟာ ကျွန်မတို့ နှစ်ယောက်ရဲ့ချစ်ခြင်းကို ပြိုင်ပွဲလို သဘောထားကြတယ်။ အမှန်တော့ ဒီပွဲမှာပါတဲ့ ကျွန်မအတွက် မိုက်မဲမှုတစ်ခု ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်

Anonymous said...

ကောင်းကင်အနမ်း
“မင်း ကမ္ဘာမှာ မျက်လုံးမှ ပါရဲ့လား မသိဘူးနော်” “အချစ်မှာ မျက်စိမရှိတဲ့”အဲဒါ အရိုးစွဲနေတဲ့ လူတွေပြောတာ တကယ်လက်တွေ့ဘ၀မှာတော့ မျက်စိနဲ့ မြင်တတ်ပြီး ဦးနှောက်နဲ့ဆုံးဖြတ်မှုက အရေးကြီးဆုံးပဲ တကယ်ဆိုရင်တော့ ရှားမှရှားပဲ”ဟား …. ဘယ်လိုလူတွေလဲ နားထဲမှာ ကြားရတာမဆန့်အောင်ဘဲ သူတို့ကိုယ်တိုင်ရော ကျွန်မ နေရာမှာဆိုရင် ဘယ်လိုဆုံးဖြတ်မလဲ။ သေချာတာတစ်ခုက မင်းကမ္ဘာလို လူသားတစ်ယောက်ကို ဘယ်သူမှ ငြင်းမှာ မဟုတ်ဘူး။ သူတို့တွေကို ဂရုစိုက်မခံရတဲ့အခါ မင်းကမ္ဘာရဲ့ နှလုံးသားဖြစ်နေတဲ့ ကျွန်မဟာ သူတို့တွေအားလုံးရဲ့ ဝေဖန်မှတ်ကျောက်တင်ခံရနေဆဲပါ့။ ဒီအတွက် ကျွန်မ မအံ့သြတော့ပါဘူး။ သူတို့မပြောနဲ့ ကျွန်မကိုယ်တိုင်တောင် အံ့သြမှု မယုံနိုင်မှုတွေနဲ့ ပြည့်သိတ်ခဲ့တာမို့ ခုချိန်မှာ ငြင်းပယ်ဖို့ တံတိုင်းကို အသင့်ကာရံပြီး ဘယ်လောက်တောင် ပြင်းထန်စွာ တားမြစ်ခဲ့သလဲဆိုတာ ကိုယ်တိုင်ကလွဲလျှင် ဘယ်သူမှ သိနိုင်မှာ မဟုတ်ဘူး။အများပြောဆိုလာမည့် ဒဏ်တွေကို လျစ်လျုမရှုနိုင်သမျှ ကျွန်မ ဆက်လက်ရှုံးနိမ့်နေဦးမယ်ဆိုတာ ရိပ်မိပါတယ်။ ဆုံဆည်းခြင်း(၁)ကျွန်မတို့နှစ်ယောက်ရဲ့ ပတ်သတ်မှုဟာ ပြန်ပြောရရင် အနုပညာဆန်တယ်ပဲဆိုပါတော့ ကျွန်မ သူရဲ့ စိတ်ကို ဘာနဲ့မှ ညှို့ယူဆွဲငယ်ခဲ့တာမဟုတ်၊ ကျွန်မ သန့်ရှင်စင်ကြယ်စွာပဲ ဆက်ဆံခဲ့ပါတယ်။ ဒါပေမယ့် အဲဒီအချိန်ကတည်း လူတွေရဲ့ကျဉ်းမြောင်းတဲ့ စိတ်တံခါးထွေထဲကနေ ထွက်လာတဲ့ စကားလုံးတွေကို ခံနိုင်ရည်ရှိဖို့ သတ္တိမွေးရတယ်။“ချော ကိုနဲ့ချစ်နေတာကို အရေးကြီးတဲ့အလုပ်တစ်ခုလို့ သဘောထားပြီး ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိပါ” လို့ အမြဲပြောလေ့ရှိတဲ့ သူ့စကားများအတွက် ကျွန်မတစ်ချို့နေရာတွေမှာ နားတွေပိတ်ထားခဲ့တယ်။

Anonymous said...

ဒါပေမယ့် ကျွန်မနောင်တရဖို့ လုံးဝမမျှော်လင့်ဘူး။ ကျွန်မမှာ အရင်က အတ္တတွေ အချိန်ပြည့် ကာရံရှိတယ်။ အမေတစ်ခု သမီးတစ်ခုပဲရှိတဲ့ဘ၀မှာ ချမ်းသာတာဆိုလို့ အတ္တနဲ့မာနဆိုတာပဲ။သူ့မှာ ကျွန်မနှစ်သက်တဲ့အချက်တွေ အများကြီးရှိခဲ့ပါတယ်။ ကျွန်မကိုတော့ သူက အနုပညာကို ချစ်တတ်သူဟာ အမြဲနူးညံသိမ်မွေ့တယ်လို့ ချီးမွမ်းတတ်တယ်။ကိုယ် ချောကို အချစ်ဆုံးအချက်တွေထဲမှာ အဲဒီအချက်ဟာ ထိပ်ဆုံးကပဲ တဲ့ သူက ဒေါသမကြီးတဲ့သလို ခံစားမှုကိုလည်း မေ့ပျောက်လွယ်သူဖြစ်ပါတယ်။ ဆေးလိပ်၊အရက်၊ကွမ်း ဘာမှမကြိုက်သလို အနိုင်မယူတတ်တဲ့ကျွန်မကို အမြဲအလျှော့ပေးလေ့ရှိတယ်။ ကျွန်မ စိတ်အနည်းငယ် ငြိုင်ငြင်မှုကို နည်းနည်းမှ မလိုလားသလို။ ကျွန်မဟာ သူ့အတွက် နတ်သမီးတစ်ပါးဖြစ်ကြောင်းကို အမြဲပြောဆိုတတ်တယ်။ ကျွန်မကြိုးစားရေးသားထားတဲ့ မဂ္ဂဇင်းမှာပါတဲ့ ကဗျာလေးတွေကို ဖတ်ရင်း သူကလည်း ကဗျာတစ်ပုဒ် နှစ်ပုဒ်ကို လက်စွမ်းပြရေးပေးခဲ့ဖူးတယ်။“မိုးနဲ့မြေလွှာ”“ရင်မှအပ်နှင်း”“သစ္စာခင်း၍”အမှန်အတိုင်းပြောမည်။မင်းကို သိပ်ချစ်သည်ဆိုတဲ့ သူ့ကဗျာလေးသည် သူငယ်ချင်းတစ်ယောက်ဆီကနေ တဆင့် ပထမဦးဆုံးရတော့ ရင်တွေ တလှပ်လှပ် ခုန်နေခဲ့တာ ကျွန်မအသိ။ကျောင်းခန်းဝမှာစာအုပ်လေးပိုက်လို့ အမြဲရောက်လာတတ်သူဟာ ကျွန်မကို စိတ်ဝင်စားနေတာပါဆိုတာ ဘယ်သူက ယုံမှာလဲ။ သူ့လို ကိုယ့်လိုနဲ့ အတန်းထဲက မိန်းကလေးတွေရဲ့ စိတ်ဝင်စားမှုကို ပြန်ခံနေရတဲ့ မင်းကမ္ဘာရဲ့ မျက်ဝန်းတွေကိုတော့ ကျွန်မမကြည့်ရဲခဲ့။ကျွန်မဟာ အချစ်နဲ့ ပတ်သတ်ပြီး ယုံကြည်ခြင်းမရှိခဲ့သူမို့ သူဟာ ကျွန်မဘ၀အတွက် သာမန်လူသားလေးလိုပဲ ထင်ထားခဲ့မိတယ်။ ကျွန်မဘ၀ဟာ အမှန်တော့ “ ချောသိမ်မွေ့” ဆိုတဲ့နာမည်နဲ့ မလိုက်ဖက်ခဲ့ပါဘူး။ ကျွန်မကိုယ်ကျွန်မ မာကျောတဲ့ နှလုံးသားပိုင်ရှင် အေးစက်တဲ့ သိုးငယ်တစ်ကောင်လို ရူးသွပ်စွာ တွေးနေခဲ့သော အချိန်တွေကြာခဲ့ပြီပေါ့။ ဒီအကြောင်းတွေကို ဘယ်သူ့ကိုမှ မပြောပြဖို့ ဆန္ဒမရှိခဲ့ဘူး။ ကျွန်မဘ၀မှာ ပျော်စရာဆိုတာ ခဏပဲပေးပြီး ပြန်ပျောက်သွားလိမ့်မယ်လို့ အမြဲယုံကြည်နေခဲ့ဖူးတယ်။ သူနဲ့ဆုံခဲ့တဲ့ ကာလတာများရဲ့ အခြားတစ်ဘက်မှာ ပျော်စရာရှိသလို၊ အခြားတစ်ဖက်မှာလည်း ညီတူညီမျှ အံ့သြစရာကောင်းနေခဲ့တယ်။ ယခင်က ကျွန်မရဲ့ အားလပ်ရက်များမှာ အတွေးတွေက ပျော်ရွှင်ကြည်နူးစရာမပါ ပုံမှန်ဖြတ်သန်း ဘာမှဖြစ်မလာခဲ့တဲ့ အချိန်များလည်းရှိခဲ့ပါတယ်။ ကဗျာလေးတွေကိုတာ့ ရေးရင်း ချစ်တတ်လာခဲ့တယ်။

Anonymous said...

တစ်ခါတစ်လေ တွေးရင်းနဲ့ ပျော်စရာကင်းမဲ့တဲ့ဘ၀ထဲ ပြန်ရောက်သွားမှာကို ကြောက်မိတယ်။ကျွန်မဟာ သူနဲ့ပတ်သတ်လာရင် တက်ကြွမှု မြန်ဆန်သလောက် စိတ်လက်တွေ ရွှင်လန်းနေတာမို့ အချစ်ဟာ ချိုမြိန်ခြင်း အရာတစ်ခုဆိုတာ သေသေချာချာ လက်ခံလိုက်ရတော့တယ်။ ဒါဟာ ကိုယ်တိုင်အရှုံးပေးလိုက်ရခြင်းပဲ။ သူ့ကို ကျွန်မက မဖြစ်နိုင်ကြောင်း ငြင်းဆိုတဲ့နေ့က ကျွန်မမယုံနိုင်တဲ့ မတွေ့ဘူးတဲ့ ခိုင်မာတဲ့ ယောကျာ်းတစ်ယောက် မျက်ဝန်းက မျက်ရည်ကြည်တွေကို အံ့သြစွာတွေ့လိုက်ရတယ်။ ကျွန်မမှာ ဘယ်လိုပဲ သတ္တိတွေ ရှိနေစေဦးတော့ သူ့မျက်ရည်တွေကို ကာကွယ်ဖို့ ဘာလက်နက်မှမရှိခဲ့ဘူး။ ကျွန်မမှာ ကျန်ရှိနေခဲ့တဲ့ သတ္တခပ်ပါးပါးလေးနဲ့အတူ သူ့ကို နှစ်သိမ့်လိုက်မိတယ်။ ဒါကပဲ တစ်စုံတစ်ရာဖမ်းစားခြင်းက ကျွန်မတို့ နှစ်ယောက်လုံးအပေါ် ကိန်းဝပ်ကျရောက်သွားခဲ့တယ်။ ချစ်ခြင်းဟာ လျှို့ဝှက်ဆန်းကျယ်ပြီး နက်နဲတယ်ဆိုရင် အဲဒီအရာကို မြည်းစမ်းကြည့်ဖို့ ခွန်အားအပြည့်ရှိလာခဲ့တယ်။ကျွန်မရဲ့ အားငယ်နေမှုစိတ်များဟာ သူနဲ့တွေ့မှ ပိုရှင်သန်လာသလို တစ်ခါတစ်လေသူ့ကို အားနာသလို ခံစားမိပြန်တယ်။ သူ့မှာတော့ မဖြစ်နိုင်ဘူးဆိုတဲ့ သံသယ တစ်စုံတရာမရှိဘဲ ကျွန်မကိုပဲ ဖေးမလက်တွဲဖို့ စဉ်းစားနေခဲ့တယ်။ချောရယ် ကိုယ့်ဘ၀မှာ ချောကိုအချစ်ဆုံးပါ ….လိမ္မာပါကွာ… ကိုယ့်ကိုထားရစ်ခဲ့ရင် ကိုယ်ကြွေမှာနော်…ကိုယ်တကယ်သေသွားလိမ့်မယ်”ပတ်ဝန်းကျင်ဆိုတာ လှိုင်းတွေလိုပါပဲ။

Anonymous said...

ကမ်းစပ်ကို အမှိုက်လည်း သယ်လာမှာပဲ။ လှပတဲ့ ခရုလေးတွေလည်းပါလာမှာပဲ။ အဲဒီထဲက ချောကြိုက်တဲ့အရာကိုလက်ခံလိုက်ပါ။ မကြိုက်တဲ့အရာကို လက်မခံပါနဲ့၊ ချောကို ကိုယ်နဲ့ပတ်သတ်ပြီး တစ်စုံတစ်ရာ ညစ်နွမ်းအောင် ဘယ်တော့မှမလုပ်ဘူး။ ကျောင်းပြီးရင် ချောကိုလက်ထပ်မယ် မခွဲနိုင်ဘူး”ကျွန်မ သူရဲ့ ပြောစကားတွေကို တိတ်တခိုးသက်ပြင်းချရင်း ချစ်သူနဲ့ပေါင်းစုံဖို့ မညီညာတဲ့ ခြေလှမ်းတွေကို စတင်လှမ်းခဲ့ရတော့တယ်။ ချစ်ခြင်း၏ လမ်းများကျွန်မနဲ့သူနဲ့ ပထမဦးဆုံးကမ္ဘာဟာ ပန်းတွေနဲ့ ဖွဲ့စည်းထားတဲ့ မြို့လေးတစ်မြို့ ဖြစ်တယ်။ လှေကားထစ်များစွာနဲ့ ဖွဲ့စည်းတည်ဆောက်ထားတဲ့ မြို့လေးထဲ လျှောက်လှမ်းခဲ့ကြတယ်။ သတ္တိခွန်အား ဆန္ဒတစ်စုံနဲ့ ကြည်နူး သိမ်မွေ့ခြင်းအပြည့် တံခါးချပ်တွေ ဟင်းလင်းပွင့်လို့ပေါ့။ နေရောင်ခြည် အနွေးဓာတ် မျက်နှာပြင်ဆီကျရောက်တော့ ရင်ခွင်ကရော တပ်ထူ အနွေးဓာတ်တွေရှိနေခဲ့သလား။ ရင်ထဲမှာ တကယ့်ကို ကြည်ကြည်နူးနူး ရေရွှတ်မိတယ်။ လှလိုက်တဲ့ ချယ်ရီတွေရယ်လို့ မင်းကို ပန်လို ဆန္ဒမရှိပါဘူး။ ကျွန်မရော ကိုရောက အပင်ပေါ်မှာ လှနေတဲ့ပန်းတွေကို ပိုချစ်မြတ်နိုးတတ်တယ်လေ။ကောင်းကင်မှာ ကြယ်မရှိဘူး။ တိပ်ပြာပြာမရှိဘူး။ ကျွန်မ မျက်နှာနဲ့ အနီးဆုံး ကောင်းကင်မှာ ကို့မျက်နှာ တစ်ခုပဲရှိတယ်။ အရာအားလုံးကို ဖုံးလွှမ်းထားတဲ့ မျက်နှာပြင်တစ်ခုကို သိတ်သည်းခြင်းများစွာနဲ့ ထိစပ်ကြည့်မိတယ်။ လုံခြုံမှုတစ်ခုကို ခံစားရသလို ရသတစ်ခုကိုလည်း ပေးစွမ်းနိုင်တယ်။လှိုက်လှဲစွာ ကိုနဲ့ ကျွန်မ ပြုံးမိတယ်။ အနမ်းပေါင်းများစွာရဲ့ ပွင့်ဖတ်တွေကို ရေတွက်ကြည့်မယ်ဆိုရင် ဘယ်အရာမှ လိုက်မှီနိုင်မယ်မထင်ပါဘူး။

Anonymous said...

စိတ်ရဲ့ တန်ခိုးကြောင့်လား၊ ဖန်ဆင်းရှင်က သနားလို့လား ဒါမှမဟုတ် အတိတ်က အကြောင်းပေါင်းများစွာကြောင့်လား ပုံပြင်လေးက သစ်နေခဲ့တယ်။ကျွန်မတို့ပြောဖြစ်ခဲ့ကြတဲ့ စကားအများကြီးပဲ။အချစ်ဇာတ်လမ်းတွေ၊ရောင်စုံ အိမ်မက်တွေအကြောင်း။အိမ်တစ်ခုရဲ့ Romance ဆန်မှု၊Art ရဲ့ တောက်ပမှု၊Performance တစ်ခုရဲ့ လှုပ်ရှားတင်ဆက်မှု ကဗျာတွေအကြောင်း စုံလိုပါပဲ။ကျွန်မ ပိုပြီးမှတ်မိတာက သူပြောပြတဲ့ မွေးဖွားခြင်းနဲ့ သေဆုံးခြင်း ဆိုတဲ့ performance ပါပဲ။ အပြင်မှာလက်တွေ့ ကြည့်ခွင့်မရသလို ခံစားရစေတယ်။ ကျွန်မက အားကျမခံ ကျွန်မရဲ့ performance ကို ရှင်သန်ခြင်း လို့အမည်တပ်လိုက်တယ်။ အဲဒီရှင်သန်ခြင်း သရုပ်ပြကွက်ကို ကျွန်မက ၀တ်ရုံဖြူတစ်ခုကို ဖြန့်ဝတ်ရင်း သရုပ်ပြတော့ သူက လှိုက်လှဲစွာ ရယ်မောပါတယ်။ သူရော ကျွန်မရော လွတ်လပ်တဲ့ကမ္ဘာတစ်ခုမှာ တော်တော်ပျော်ခဲ့ကြတယ်။ သူက ချစ်ခြင်းရဲ့ ဆက်နွယ်မှုအဖြစ် ကျွန်မအတွက် ရှင်သန်ခြင်းလေးကို လက်ဆောင်ပေးမယ်လို့ ပြောပါတယ်။ ကျွန်မတို့ စိတ်ကူးလေးနဲ့တင် အလွန်ချစ်စရာကောင်းတဲ့ သားလေးတစ်ယောက်ကို မွေးဖွားခဲ့ကြတယ်။ သူ့နာမည်လေးကို ကွိကွိ လို့ကင်းပွန်းတပ်လိုက်တယ်။ အဲဒီအမည်ကို နှစ်ယောက်လုံးသဘောကျကြတယ်။ သူ့နှုတ်ခမ်းကနေ မကြာခဏ ကျွန်မကို စတဲ့အခါ ထွက်ကျလာတဲ့ စကားလုံး အပိုင်းအစလေးလည်းဖြစ်တယ်။သားလေးကိုမွေးတော့ သူအရမ်းပျော်ရွှင်နေပါတယ်။ သူ့မိတ်ဆွေ ကျွန်မမိတ်ဆွေ လာမေးကြတာအများကြီးပဲတဲ့။ သူတို့မေးတဲ့မေးခွန်းတွေက အစုံပါပဲ။

Anonymous said...

ကိုက တစ်ခွန်းတည်း သောစကားကိုပဲ အဖြေပေးလေ့ရှိတယ်။” ကျွန်တော် ချောကိုသိတ်ချစ်လို့ပါ” တဲ့ ကျွန်မကတော့ အပြုံးလေးတစ်ခုနဲ့ သူ့ကို ကြည့်ရင်း ပီတိတွေ တိုးပွားနေတာပေါ့။မွေးပြီးစသားလေးဟာ ဘယ်သူနဲ့တူမလဲလို့ ကျွန်မတို့ ပုံဖော်ကြည့်မိကြတယ်။ ကွိလေးရဲ့ မျက်နှာကျက ကျွန်မနဲ့တူတယ်။ မျက်ခုံးနဲ့နှုတ်ခမ်းက သူနဲ့တူတယ်။ မျက်လုံးနဲ့ နှာတံလေးက ကျွန်မနဲ့တူပြန်ရော။အသားအရေးကတော့ ဖြူဖြူဝင်းဝင်းလေးမို့ နှစ်ယောက်လုံးနဲ့တူသလိုပဲ။ဥာဏ်ရည်ထက်မြက်တာ သူ့အဖေနဲ့တူပြီး အမြဲတမ်းရယ်နေတာ အမေနဲ့ ချွတ်စွပ်တူတယ်လို့ သူက ရယ်မောစွာပြောပါတယ်။လက်တွေ့မှာ မရှိသေးတဲ့ ကလေးလေးကို စိတ်ကူးနဲ့ မွေးဖွားပြီး ချစ်ရတာ ဘယ်လောက် ပျော်စရာကောင်းသလဲဆိုတာ ကျွန်မသိခဲ့ရတယ်။ ကြီးလာရင် ဘာသာတရား ကိုင်းရှိုင်းအောင်သင်ပေးပြီး ဘယ်လောက်ချစ်စရာကောင်းမလဲဆို မေးစရာမရှိတော့ပါဘူး။အဲဒီနေ့ရက်လေးဟာ ဘယ်တော့မှ မေ့ပျောက်သွားမှာ မဟုတ်သလို တံတိုင်းပေါင်းများစွာ ရှိနေရင်လည်း အသေအချာကျော်ဖြတ်နိုင်ဖို့ ကတိတွေပေးထားခဲ့ပါတယ်။တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန်ပေးနိုင်မယ့် လုံခြုံမှုကို ထာသရ သိမ်းပိုက်ထားနိုင်ဖို့ ဘုရားမှာ အတူတူဆုတောင်းခဲ့ကြတယ်။ဖြတ်သန်းခြင်း “ သားအခုတလေ မေမေကြားတဲ့ သတင်းတွေ အမှန်ပဲလား”မေမေဆီက မထင်မှတ်ပဲ မေးလာတဲ့ မေးခွန်းကြောင့် သူရုတ်တရက် ဘာဖြေရမှန်း မသိ။ သေချာတာကတော့ ချောနဲ့ ကိစ္စ ရိပ်မိသွားလောက်ပြီ။“သား ကျောင်းပြီးရင် သားအစ်မဆီမှာ အလုပ်သွားလုပ်မယ်လို့ ကတိပေးထားတယ်နော်။မေမေမှာ အားကိုစရာဆိုလို့ သားတစ်ယောက်တည်းရှိတာ။ သားအစ်မကလည်း နိုင်ငံခြားမှာ။ချစ်သူရည်းစားကိုတော့ မထားနဲ့လို့မပြောဘူး။ အချိန်တန်ရင်သားက သွားရမှာ။ ရှုပ်နေတာကို မေမေမလိုချင်ဘူး။“ မေမေ …မေမေပြောပုံအရ သိနေလောက်ပြီ။ သား မရှုပ်ပါဘူး။ ရှုပ်တာကိုလည်း ၀ါသနာမပါဘူး။ သားတတယ် ချစ်တဲ့သူရှိနေတာပါ။ သူနဲ့လက်တွဲဖို့ ရည်ရွယ်ထားတယ်” နေပါဦးသားရဲ့ လက်တွဲဖို့ ရည်ရွယ်ရအောင် မင်း နိုင်ငံခြားထွက်ရမည့် ကိစ္စတွေ ရှိသေးတယ်။

Anonymous said...

မေမေသဘောမတူ နိုင်ဘူး။မေမေ သားရိုးသားတာကို ကြိုက်တယ်။ အဲဒါကြောင့် သူ့ကို ချစ်ခဲတာ။ မေမေတို့ ကန့်ကွက်မယ်ဆိုတာလည်းသိတယ်။ ဒါပေမယ့် မတတ်နိုင်ဘူး။ နှလုံးသားက ရွေးချယ်တာကို လက်ခံရမှာဘဲ။“ မင်းကမ္ဘာ ဒီနေရာမှာ ကဗျာလာဆန်မနေနဲ့။ ကိစ္စတွေအားလုံး မင်းအစ်မလုပ်ထားတယ်။ ခေါင်းထဲရှိရမှာ မင်းနိုင်ငံခြားထွက်ဖို့ ..ဒါပဲ။ မေမေ သား မသွားဘူးလို့ ပြောနေတာမှ မဟုတ်ပဲ။ ချောကို ကျေးဇူးပြုပြီး မေမေလက်ခံပေးပါ။ သားသူ့ကိုပဲ ချစ်တယ်။ ချောက ပိုက်ဆံမရှိတာကလွဲရင် စိတ်ဓါတ် အဆင့်အတန်းမညစ်နွမ်းပါဘူး” မင်းရဲ့  ရည်ရွယ်ချက်ထဲမှာ မဆိုင်တာတွေပါလာတာကို မေမေမကြိုက်ဘူး။ မင်းဖေဖေ ကုမ္ပဏီအတွက် သားကြိုးစားရမယ်။ အပျော်သဘောထားပြီးရပ်လိုက်တော့”မေမေ သားသမီးချင်း ကိုယ်ချင်းစာပါ။ သား ချောကိုအပျော်မပြောနဲ့ သူစိတ်ပင်ပန်းဆင်းရဲမှာကိုတောင် မလိုလားဘူး။ သားဘ၀မှာ ချောဟာ သိတ်အရေးကြီးပါတယ်။ သားသူ့ကိုတော်ရုံ မေတ္တာနဲ့ ချစ်ခဲ့တာမဟုတ်ဘူး။ အားလုံးစဉ်းစားပြီးမှ ချစ်ခဲ့တာ။“အဲဒါဆိုရင် မိသားစု အရေးကို လျစ်လျုရှုမယ်ပေါ့”“အဲဒီသဘော မဟုတ်ပါဘူး။ သားဖက်က မျှတနေချင်တယ်” “ မင်းသိတ်ကိုတွေးခေါ်တတ်နေမှန်း ဒီနေ့မှ သိရတာ။ မေမေနောက်ကျနေပြီ”“အမှန်တရားကိုပြောတာပါ” “ တစ်ခါတစ်လေ လောကကြီးမှာ တစ်ဖက်လူရဲ့ အမှန်တရားအတွက် မေမေတို့ရဲ့ ရင်ထဲက တကယ့်အမှန်တရားတွေကို ထိုးပေးလိုက်ရမှာလား။ မင်းနင်းခြေသွားမှာလား။ ပြောပါဦး၊ မင်းကို ရည်ရွယ်ချက်တွေ အများကြီး ထားထားတယ်။ မင်းဖေဖေရဲ့ ကုမ္ပဏီကို လွှဲယူရမှာက မင်းပဲ။ အဲဒီတော့ စဉ်းစားပါ။“ မေမေ လည်း စဉ်းစားပေးပါ။ သားဟာ အိမ်အတွက် သားဆိုးမဖြစ်စေရပါဘူး။ ချောကိုလည်း မေမေနဲ့တွေ့ပေးချင်တယ်။ “မလိုအပ်ဘူးထင်တယ်။ မေမေခေါင်းထဲမှာ မင်းကမ္ဘာဆိုတဲ့ သားတစ်ယောက်အကြောင်းပဲရှိတယ်” “ ဒါပေမယ့် သားနဲ့ပတ်သတ်ရင် မေမေနဲ့လည်း ပတ်သတ်ရမှာပဲ” တော်တော့သား၊ ဒီထက် စိတ်ကူးမယဉ်နဲ့။ မေမေ့ဘ၀မှာ မလိုအပ်တဲ့လူကို ခေါင်းအရှုပ်ခံပြီးမထည့်ဘူး။ မင်းလည်း ထည့်ဖို့ မစဉ်းစားနဲ့။ ကဲမေမေ အပြင်သွားလိုက်အုံးမယ်”ချောနဲ့ပတ်သတ်လာရင် လောကကြီးက တရားသည်ဖြစ်စေ၊ မတရားသည်ဖြစ်စေ ကိုက တော့ချောဘက်က ရပ်တည်မှာပါ။

Anonymous said...

နဂိုကမှ အားနည်းချက်ရှိနေတဲ့သူအပေါ် ကျရောက်လာမယ့် ထိုးနှက်ချက်တွေကို ကာကွယ်ဖို့အဆင်သင့်ပဲ။ချောရယ် ကိုယ်အများကြီးကြိုးစားရလိမ့်မယ်။ တစ်ခုပဲ စိုးရိမ်တယ်။ ချောကို့ကို စိတ်ပျက်ပြီးခြေလှမ်းတွေ လျော့ရဲသွားမှာကိုပဲ။ ကိုယ်လည်း ချောကို ပိုင်ဆိုင်ရဖို့ အတ္တကြီးရတော့မယ်။ ကိုယ်တို့ မိသားစု ကုမ္ပဏီတွက် ကျောင်းပြီးရင် နိုင်ငံခြားမှာ သင်တန်းတက်ပြီး လေ့လာဖို့ကိုယ်တိုင် ကတိပေးထားခဲ့တယ်။ ဒီကိစ္စကိုလည်း ကိုယ်သေအချာ လုပ်ပေးရလိမ့်မယ်။ ဖေဖေက ကိုယ့်ကိစ္စကို အများကြီး ၀င်ပါလိမ့်မယ်မထင်ဘူး။ ဆုံးဖြတ်ချက်တော့ ပေးလိမ့်မယ်။မေမေ အပါအ၀င် ကျန်တဲ့ဆွေမျိုးတွေလည်း ခေါင်းခါမှာ ကိုယ်သိတယ်။ သူတို့ သဘောကျတဲ့ ဒိတ်ဒိတ်ကြဲ မိဘတွေရဲ့ သမီးတွေကို ကိုယ်အကြိမ်ကြိမ် ခေါင်းခါခဲ့တယ်။ တော်ရုံရင်မခုန်တတ်တဲ့ ကိုယ်ဟာ ချောနဲ့တွေ့မှ ရေစက်တစ်ခုကြောင့် ထင်ပါတယ်။ ကျောင်းခန်းထဲမှာ တစ်ယောက်တည်း ကဗျာထိုင်ရေးနေတဲ့ မင်းမျက်နှာလေး မြင်မြင် ချင်းချစ်မိခဲ့တယ်။ လကွယ်ညဆိုတာသာမရှိခဲ့ရင် လပြည့်ညဆိုတာ သိတ်ပျော်စရာကောင်းမှာ မဟုတ်ဘူး ဆိုတဲ့ ဖတ်ဖူးတဲ့စကားလုံးလေးအတိုင်း လပြည့်ညမှာတောင် ကျွန်မ မပျော်နိုင်သေးဘူးကို။ ကျွန်မ အမှန်တကယ်မေ့နိုင်မယ်ဆိုရင် ခုချိန်မှာ အပျော်ဆုံး လူသားတစ်ယောက်ဖြစ်မှာပါ။ ဒါပေမယ့် ရင်ထဲမှာ စူးနစ်စွာ ချစ်မိသွားတဲ့အခါ ဘယ်လိုနည်းနဲ့မှ ကျွန်မခြေလှမ်းတွေနောက်ဆုတ်လို့ မရတော့ဘူး။ လောကကြီးမှာ ကျွန်မအကြောက်ဆုံးအရာဟာ အသက်မ၀င်တဲ့ စိတ်ဓာတ်ကျဆင်းမှုပါ။ ကျွန်မ အဲဒီလိုမဖြစ်ချင်ဘူး။ ဒါကြောင့် ကိုယ်တစ်ဦးတည်း ပိုင်တဲ့ ဖန်တီးမှုစွမ်းရည်ကို တစ်ကိုယ်တည်းကြိုးစားမွေးမြူခဲ့ရတယ်။ တကယ်တော့ ကျွန်မတို့ဟာ အချစ်ဆိုတာကို ဒြပ်ဝတ္တုတစ်ခုလို စမ်းသပ်ခဲ့သူတွေ မဟုတ်ဘူးလို့ ယုံကြည်မိတယ်။မျှော်လင့်ချက်မထားဘဲ တစ်ခုခုကို ပေးဆပ်လိုက်ရတာ မွန်မြတ်တယ်ဆိုပေမယ့် ဆိုပါစို့ အပြုံးတစ်ခုကို ပေးပြီးရင် အပြုံးတစ်ခုကိုတော့ ကျွန်မပြန်ရချင်တယ်။ ဒါ လူ့သဘာဝပဲလေ။

Anonymous said...

ဘ၀ဆိုတာ မိုးကောင်ကင်ကြီးလောက် ကျန်ပြန့်နက်ရှိုင်းပါတယ်ဆိုရင် အချစ်ဆိုတာ ဘယ်လိုအရာလဲလို့ ကျွန်မကို ကိုကမေးဖူးတယ်။ ကျွန်မမှာ အဖြေတစ်ခုရှိတယ်။ ကမ္ဘာပေါ်မှာအကောင်းဆုံးဆိုတဲ့ အရာမှန်သမျှ ချစ်ရတဲ့သူအတွက်သာဖြစ်စေချင်တယ်။ အဲဒါဟာ အချစ်ပါပဲ။ကျွန်မရဲ့ ရင်ထဲမှာ တိတ်တိတ်လေး သိမ်းဆည်းထားတဲ့အချစ်တွေကို အမြဲအကဲခတ်နေတဲ့ မေမေက ရိပ်မိသွားခဲ့တယ်။ ကျွန်မလည်း လျှို့ဝှက်ထားဖို့ ရည်ရွယ်ချက်လည်းမရှိပါဘူး။ တစ်နေ့ကျရင်လည်း သိမှာပဲမို့ မေမေ့ကိုပြောပြဖြစ်တယ်။အခြေအနေက ကျွန်မထင်သလောက် မဆိုးခဲ့ပါဘူး။ ကျောင်းဆရာမပီပီ မေမေ့စကားတွေက ပါးနပ်လိမ္မာလှတယ်။ ကျွန်မကို နောက်ဆုတ်ဖို့ မပြောသလို ရှေ့ဆက်ဖို့လည်း အားမပေးခဲ့ဘူး။ မဖြစ်နိုင်ဘူးဆိုတာထက် မဖြစ်သင့်ဘူးဆိုတဲ့ စကားဘက်ကို ဦးတည်နေခဲ့ပါတယ်။သိတ်ပြီး ကွာဟလှတဲ့အရာ နှစ်ခုကိုပေါင်းစပ်ဖို့ ဘယ်နည်းနဲ့မှ မဖြစ်နိုင်ဘူး။ ငါ့သမီး အကြီးအကျယ် စိတ်ဆင်းရဲရလိမ့်မယ်တကျွန်မသိပါတယ်မေမေ။ ဘယ်လောက်ထိအောင် တွေးဖူးသလဲဆိုရင် ကျွန်မကို ချန်ထားရစ်ခဲ့မှာထက်စာရင် ကျွန်မအရင်ဆုံးခွဲထွက်သွားရင် နည်းနည်းတော့ သက်သာနိုင်လိမ့်ဆိုပြီး ဥပက္ခာပြုခဲ့တဲ့ အကြိမ်တွေမနည်းတော့ဘူး။ အချစ်ဆိုတဲ့အရာတစ်ခုဟာ ပုံသဏ္ဌာန် ဝေခွဲလို့ မရပေမဲ့ ဇဝေဇ၀ါအတွေးတွေနဲ့ ခုချိန်ထိ မြတ်နိုးမှုတွေထဲမှာ နစ်မြုပ်နေဆဲပဲ။ အဲဒီအတွက် ခွင့်လွှတ်ပါ မေမေလူတစ်ယောက် အလိုချင်ဆုံးအချိန်မှာ ဘာတစ်ခုမှ မရတတ်တာ သဘာဝလား… ချစ်မိရင် သိစိတ်နဲ့ ဖြစ်ဖြစ် မသိစိတ်နဲ့ဖြစ်ဖြစ် ရှုံးနိမ့်နေပြီဆိုတာ ဘာအကြောင်းပြချက်မှ မရှိပဲ လက်ခံလိုက်ရတယ်။ ဘ၀မှာရောင့်ရဲနိုင်ဖို့ကြိုးစားနေပါတယ်။ အဲဒီထဲမှာ နာကျင်ခြင်း တစ်စုံတစ်ရာ မပါဝင်ဘဲ ကံကြမ္မာကြီးက စီရင်ချက်ချပါလို့ပဲ ဆုတောင်းမိပါတယ်။ တစ်နေ့ကြရင် တွေ့ရမယ်လို့မျှော်လင့်မထားလဲတစ်နေ့နေ့မှာ တွေ့ခဲ့ကြတယ်တစ်နေ့နေ့မှာ ငြိတွယ်ခြင်းတွေရှိမှာ မဟုတ်ဖူးလို့ သံသယမရှိခဲ့လဲ ကြိုးတစ်ခုရဲ့ ငြိတွယ်ခြင်းကိုခံလိုက်ရတယ်ကြည်နူးမှု+ရင်ခုန်မှုပေါင်းစပ်ထားတဲ့ ရင်ခုန်သံမှာ ဟန်ချက် ပျက်နေပြီလားစကားလုံးမရှိ ခေါင်းစဉ်မရှိ အခြေအနေတစ်ခုအောက်မှာ နှလုံးသားတွေ အိပ်စက်ခွင့်ရဖို့ ကံကြမ္မာကြီးက အချိန်ဘယ်လောက်ပေးလာမလဲ။ရင်ဆိုင်ခြင်းမေ့မေကို သားအဆုံးစွန်ထိ ပြောပြီသားပါ။ သားကို အကြပ်မကိုင်ပါနဲ့။

Anonymous said...

မေမေ့ကို သဘာတူဖို့ တရားဝင်ခွင့်တောင်းတာကို လက်ခံပါ။“ ဒီကိစ္စနဲ့ပတ်တ်သတ်ပြီး ဆွေးနွေးစရာအကြောင်းမရှိဘူး။ မင်းဖေဖေလည်း သဘောမကျဘူး” “ ဒီလို ဆိုရင် သားဖက်ကလဲ ပြန်စဉ်းစားရလိမ့်မယ်။ သားနိုင်ငံခြား မထွက်နိုင်တော့ဘူး”“အော် တော်လိုက်တဲ့သား။ ဒါ မင်းအနာဂတ်အတွက်ပါ။ မေမေသားကို သိပ်အံသြတယ်။ မင်းသွေးတွေ တစ်အားကြီးနေပါလား။မင်းကောင်မေလးက တကယ်ထက်မြက်ပုံပဲ” “ မေမေ ဒီအတိုင်း မနေဘူးဆိုရင် သားသိပါတယ်။ မေမေ ချောကို တွေ့ပြီးလောက်ပါပြီ” “ ဟင့်အင့် မေမေ အဲဒီကိစ္စအတွက် အဲဒီလောက် အပင်ပန်းမခံရသေးပါဘူး။ စိတ်မ၀င်စားတာလည်း ပါပါတယ်။ခုတော့ သားဖက်က တကယ်ဖြစ်နေပြီဆိုတော့ စဉ်းစားရတော့မှာပေါ့။ အမှန်တော့ သားကို မေမေ့ မိတ်ဆွေရဲ့ သမီးနဲ့ သဘောတူထားတာ။ ထားပါတော့ စကားလည်းမလွန်ရသေးပါဘူး….”“ မေမေ ရုပ်ရှင်ထဲကလို အတင်းပေးစားတာတို့။ ချောကို တိတ်တဆိတ် သွားတွေ့တာတို့ မလုပ်ပါနဲ့”မေမေသွားတွေ့စရာလိုလိုလား။ မင်းကောင်မလေးကို အိမ်ခေါ်ခဲ့” “မေမေ …တကယ်ပြောတာလား” “ သားသိပ်ချစ်နေပါတယ်ဆိုတဲ့ မိန်းကလေးကို မေမေ တွေ့ဖို့ လိုအပ်သွားပြီ။ မနက်ဖြန် ခေါ်ခဲ့ပါ။“ ဟုတ်ကဲ့”“ ဒါနဲ့ နမည်က ဘာတဲ့လဲ”“ချောသိမ်မွေ့” ပါ “ သူ့ family ကဘယ်လိုတဲ့လဲ”“ အဖေ မရှိတော့ဘူး..အမေနဲ့ နှစ်ယောက်ပဲ ..သူ့အမေက ကျောင်းဆရာမပါ”“ အော် သူလည်း အလုပ်မရှိသေးဘူးပေါ့”“ ဟုတ်တယ်..သားနဲ့ကျောင်းအတူတူပြီးတာ ..ကဗျာရေးတယ်”“ ကဗျာ ..ဘာလုပ်ရမှာလဲ”“ မဟုတ်ပါဘူး သူရေးတာကိုပြောတာပါ”“သား… သူ့ကို သိပ်အသည်းစွဲ ဖြစ်နေတာလား”“ဟုတ်တယ်လို့ ၀န်ခံရမှာပဲမေမေ…သူ့မှာ ဘယ်လိုအားနည်းချက်တွေပဲရှိရှိ သားချစ်တယ်”“ မေမေ ဘာမှ မဆုံးဖြတ်ရသေးဘူးနော် ..မင်းဘာမှ အတွေးမချော်နဲ့ မင်းခေါင်းထဲမှာ အသိစိတ်တစ်ခုရှိပါ”“ ဟုတ်ကဲ့ မေမေလည်း ချောကို ပုံမှန်မျက်လုံးတွေနဲ့ပဲ ကြည့်ပေးပါ”မေမေဘာမှ မပြောဘဲ မျက်ခုံး နှစ်ခု နီးစပ်အောင် သိသိသာသာ ရှုံ့သွားတယ်။ဘာဘဲဖြစ်ဖြစ် ချောရယ်… ကိုယ်တို့ နှစ်ယောက် ပေါင်းဆုံပြီးမှ လက်တစ်ဖက် ပဲဖြစ်မယ်ဆိုရင်တောင် ကိုယ်က ကျေနပ်စွာ ခံယူချင်ပါတယ်။မေမေခုလို ချောကို တွေ့ဖို့ပြောတာ လှည့်ကွက်တစ်ခု မဖြစ်ပါစေနဲ့ လို့ဆုတောင်းမိတယ်။ မေမေ့ကို သတိထားစောင့်ကြည့်ဖို့တော့ လိုအပ်လာပြီ။ လျှော့တွက်လို့တော့မဖြစ်၊ မေမေစိတ်ဓါတ်ကို သူအသိဆုံးပင်။ ဖေဖေကိုလည်း ပြောပြီးလောက်ပြီ။

Anonymous said...

ဖေဖေကတော့ ဘာမှ မပြောသေးပေမယ့် မေမေဆန္ဒကို လျစ်လျုရှုမှာမဟုတ်။ ဖေဖေက တစ်သက်လုံး မေမေ့သဘောဖြစ်လာခဲ့တာ။ အိပ်ပျော်ဖို့ ကြိုးစားပေမယ့် ဒီညလည်း အိပ်မပျော်တော့။ ချော မေမေနဲ့ တွေ့ဖို့ ဘယ်လို ဆန္ဒရှိမလဲ။“ ချော ..ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိပါ။ စိတ်ညစ်စရာမလိုဘူးနော်။ မေမေပြောမယ့် စကားတွေကို စိတ်ထိခိုက်စရာ တစ်ခုခုပါကောင်းပါနိုင်မယ်။ ချော…ကိုယ်ကြိုပြောပါရစေ။ အဲဒီအတွက် ချောတစ်ယောက်တည်းဘာမှ မဆုံးဖြတ်ရဘူးနော် ဟုတ်ပြီလား” “ ဟုတ်ကဲ့ပါ”ကိုယ်က ကျွန်မလက်ကို တစ်ချက်ဆုပ်ကိုင်ရင်း အာေးပးလိုက်တယ်။ ကြီးမားတဲ့ တိုက်ကြီးနဲ့ ခြံဝင်းကျယ်၊ ၀င်းတံခါးမှာလည်း ခြံစောင့်တွေနဲ့ ကိုတို့ တော်တော် ချမ်းသာတာကို အရင်ကသိပေမယ့် အခုလက်တွေ့မြင်ရတော့ အားငယ်သွားမိတာအမှန်ပဲ။ တစ်ဦးတည်းသော သားရဲ့ မိခင်နဲ့ဘယ်လို မျက်နှာချင်းဆိုင်ရမလဲဆိုတာ တွေးရင်း ကို့လက်တွေကို အားကိုးတကြီး ဆုပ်ကိုင်ထားမိတယ်။ ကားပေါ်ကဆင်းတော့ ကိုက ကျွန်မကို ဖေးမပြီး တွဲခေါ်လာတယ်။ ဧည့်ခန်းမကြီးထဲကို တံခါးတွန်းဖွင့်ဝင်လိုက်စဉ်မှာပဲ အေးစိမ့်အရသာတစ်ခု ကိုခံစားရတယ်။ ကျွန်မတို့ နှစ်ယောက် ၀င်လာတာကို အံ့သြစွာ ကြည့်နေပုံပဲ…“ လာကြ ..လာကြ ကို့ဖေဖေက လှမ်းခေါ်တယ်…မေမေ ..ဖေဖေ ဒါသားပြောတဲ့ ချောသိမ့်မွေ့ပါ ….ချော… ဒါကိုယ့်မေမေနဲ့ဖေဖေ”“ ဟုတ်ကဲ့..တွေ့ရတာ ၀မ်းသာပါတယ်”“ နာမည်နဲ့ လူနဲ့လိုက်တယ် ..သားတို့ ကိစ္စကို အန်တီတို့ ဆွေးနွေးကြတယ်။ အန်တီမှာလည်း ဒီသားတစ်ယောက်ပဲရှိတယ်။ အရာရာ စိတ်ချမ်းသာစေချင်တယ်ကွယ်။သား ဆန္ဒဟာ မေမေဆန္ဒလိုပါပဲ။ တစ်ခုပဲရှိတယ် သမီးရေ …သားကို အန်တီနိုင်ငံခြားပိုဖို့ အရင်ကတည်းက စီစဉ်ထားတာ။ ဒါကလည်း အကြာကြီးမဟုတ်ပါဘူး။ သူ့ဖေဖေလုပ်ငန်းအတွက် ဟိုမှာ Marketing ပိုင်းလေ့လာပညာယူဖို့ပါ။ သားအစ်မလည်း ရှိတယ်လေ။ အဲဒါ အန်တီတို့ကို မသွားဘူးလို့ ခြိမ်းခြောက်နေတယ်။ ဘ၀ဆိုတာ ပုံမှန်ရုန်းကန်နေရင် ပုံမှန်ဘ၀ပဲရမှာပေါ့။ သမီးနဲ့ ကိစ္စအတွက် မေမေတို့ မကန့်ကွက်ပါဘူး။ သားတို့ စိတ်ကြိုက် မေမေတို့ အချိန်ယူပြီး စီစဉ်ပေးမယ်”“မေမေ တကယ်ပြောတာလား” “ ဟော သားက မယုံဘူး ဖြစ်နေပြီ။ မင်းဖေဖေ ရှေ့မှာပြောတာပဲ။ ကဲ အဖေသားကို ပြောလိုက်ဦး”“ ဖေဖေကတော့ အားလုံးအဆင်ပြေဖို့ပဲလိုလားတယ်။ သားကို အားကိုသလို သမီးကိုလည်း အားကိုးတယ် ဟုတ်ပြီလား။

Anonymous said...

ကဲဖေဖေက အလုပ်ရှိသေးလို့ သွားလိုက်အုံးမယ်” “ ထမင်းစားပြီးမှာ ပြန်ပေါ့”“ မစားတော့ပါဘူး အန်တီ၊ အမှန်အတိုင်းပြောရရင် မနက်ကတည်းက စားလို့လည်းမရ၊ အိပ်လို့လည်းမပျော်ဘူး”“ အဲဒီလောက် စိတ်မပူပါနဲ့၊ အိမ်ကိုလည်း ၀င်ထွက်သွားလာနိုင်တယ်။ သားမရှိလည်း လာပေါ့”“ ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ် အန်တီ”“ သမီးအကြောင်းကိုတော့ သားက ပြောပြထားလို့ သီပြီးပါပြီ” “ ကဲကဲ သားပြန်လိုက်ပို့ပေးလိုက်ဦး၊ မေမေ ဘုရား သွားရှိခိုးလိုက်အုံးမယ်”မေမေ အပေါ်ထပ် တက်သွားမှ နှစ်ယောက် လုံးသိသာစွာ သက်ပြင်းချရင်း ပြုံးမိနေကြတယ်။ကိုက ကျွန်မလက်ကို ဆုပ်ကိုင်ပြီး ကြည်နူးစွာ ကြည့်ရင်း “ ချောရေ … ကိုယ်အရမ်းပျော်သွားပြီ” တဲ့ ကျွန်မကတော့ အံ့လည်းသြ၊ပျော်လည်းပျော်၊ မယုံလည်းမယုံရဲအောင်ဖြစ်နေတယ်။ကို့အိမ်သွားပြီး မထင်မှတ်ထားတဲ့ နှစ်ရက်မြောက်နေ့မှာ ကို့မေမေ ကျွန်မအိမ်ကို ရောက် လာတယ်။ အိမ်မှာမေမေ မရှိဘူး။ ကျွန်မ တစ်ယောက်တည်းရှိတယ်။ ကျွန်မအံ့သြနေဆဲမှာပဲ ကို့မေမေက ကျွန်မကို သေချာစူးစိုက်ပြီး ကြည့်တယ်။ ကျွန်မတို့ရဲ့ ဧည့်ခန်းကျဉ်းလေးထဲကို မျက်လုံးတစ်ချက်ဝှေ့ကြည့်လိုက်တယ်။ သေချာတာကတော့ ဟိုတစ်နေ့က မျက်နှာနဲ့ တစ်ခြားစီ ဖြစ်နေတယ်။ “မင်းကို သိပ်အံ့သြတယ် ချောသိမ်မွေ့”“ရှင်”“ မင်းရှေ့က မှန်ဘီရိုမှာပေါ်နေတဲ့ မင်းပုံရိပ်ကိုလည်း ပြန်ကြည့်ပါဦး။ မင်းကမ္ဘာနဲ့ လိုက်ဖက် ညီရဲ့လားလို့။ သူများအားနည်းချက်ကိုတော့ မထိုးနှက်ချင်ပါဘူး။ ဒါပေမယ့် မင်းစဉ်းစားဖို့ ကောင်းတယ်။ သားက လူထဲသွားလာနေရတာ မင်းက သူ့ဇနီးအဖြစ် ဘယ်လိုလုပ်ပြီး ….အမှန်တော့ သားစိတ်ကို သိလို့ စိတ်မဆင်းရဲစေချင်လို့ မင်းကိုခေါ်တွေ့တာ အဲဒီနေ့က အရမ်းအံ့သြသွားတယ်။ သားရှေ့မှာမို့ ဘာမှမပြောတော့တာ…မင်းလည်း မိဘနေရာ တစ်နေ့ရောက်ရင် သိလာမှာပါ။ သားကိုအပြစ်တင်ကဲ့ရဲ့ သံမျိုး အန်တီမကြားချင်ဘူး။“သားဟာ မင်းရဲ့ အားနည်းချက်ကို ဘာတစ်ခုမှ မပြောခဲ့ပါဘူး။ အန်တီ မင်းကို တောင်းပန်ပါတယ်။ အန်တီဆိုလိုတာကို နားလည်လား”“ ကျွန်မ သိပါတယ်

Anonymous said...

အရင်ကတည်းက မင်းကမ္ဘာနဲ့ ကျွန်မ ဘယ်လိုမှ လိုက်ဖက်မညီမှန်း သိခဲ့ပါတယ်။ တစ်ခါတလေ ဘ၀ဟာ ကိုယ်ထင်တာထက် ဖြောင့်ဖြောင့် ကြီး ဆန့်ကျင်ဘက်ဖြစ်နေတတ်တယ်။ အဲဒီထဲမှာ သူ့ရဲ့ ကျွန်မအပေါ်ကောင်းလွန်းတဲ့ အချစ်တွေပါပါတယ်။ ကျွန်မ ကြိမ်ဖန်များစွာ ဥပက္ခာ ပြုခဲ့ပေမယ့် နောက်ဆုံးတော့ မရခဲ့ဘူး။ ကျွန်မဟာ အရင်ကတည်းက သူ့ကိုစွန့်လွှတ်ဖို့ အကြိမ်ကြိမ် ဆုံးဖြတ်ချက်ချခဲ့ဖူးပါတယ်။ ဒီဒဏ်တွေကို ကျွန်မ ခံနိုင်ပေမယ့် သူကခံနိုင်ပါ့မလား အန်တီတို့ စိတ်ချမ်းသာဖို့ ကျွန်မလုပ်ပေးနိုင်ပါတယ်။ ကျွန်မနဲ့ သူနဲ့ဝေးကွာဖို့အတွက် သူနိုင်ငံခြား ထွက်ရအဆင်ပြေသွားပါပြီ။ ကျွန်မ မေမေကလည်း အလုပ်နဲ့ပြောင်းရမှာဆိုတော့ ကျွန်မတို့ ဝေးကွာသွားကြမှာပါ။ အန်တီ စိတ်ချမ်းသာအောင်နေပါ။ သူ့ရှေ့ မှာ အန်တီ မျက်နှာဖုံးတစ်ခုနဲ့ ဟန်ဆောင်နေရအုံးမှာပဲ”ကျွန်မကို လှိုက်လှဲစွာကြည့်နေတဲ့ ကို့မေမေရဲ့ မျက်ဝန်းတွေ အရောင်လျော့လာတယ် ကျွန်မရဲ့ လက်ကိုကိုင်ပြီး “ ဒီအကြောင်းတွေကို သားမသိပါစေနဲ့” လို့တောင်းဆိုသွားတယ်။“ ကျွန်မ ကတိပေးပါတယ်”ကို့မေမေ ပြန်သွားပြီးချိန်မှာ အရုပ်ကြိုးပြတ်တစ်ခုလို အားအင်တွေ ယုတ်လျော့သွားတယ်။ ရင်ထဲမှာ လှိုက်တက်လာတဲ့ ခံစားမှုကို ဟန်မဆောင်တော့ဘဲ ငိုမိတယ်။ တကယ်လည်း ရင်ထဲမှာ ၀မ်းနည်းမိတယ်။ ကျွန်မ သိသလိုလို မသိသလိုလို ဖြစ်နေခဲ့တဲ့ ကို့မေမေ ရဲ့ မျက်ဝန်းတွေကို ကျွန်မ ဘာနဲ့ ဆန့်ကျင်ရမလဲလို့ …မှန်ထဲမှာပေါ်နေတဲ့ ကျွန်မပုံရိပ်ဟာ ပကတိ ရိုးသားဖြူစင်ရုံက လွဲလို့ ကို့မေမေ ပြောသလို ကို့ဘေးမှာ ယှဉ်တွဲလျှောကိဖို့ ဘာခွန်အားမှ မရှိခဲ့ပါလား။ ကျွန်မ ကုတင်ပေါ်ထိုင်ရင်း ခြေထောက်ပေါ်ကို ဖုံးအုပ်နေတဲ့ ထမီစကို အမထက်နားဆွဲတင်လိုက်တယ်။ ခြေသလုံးမှာ ခိုက်မိထားတဲ့ဒဏ်ရာ အမာရွတ်ဟာ သေရာပါ အမှတ်အသားပေါ့။ ကိုးတန်းကျောင်းသူဘ၀ဟာ ကျွန်မခြေလှမ်းတွေကို ယိမ်းယိုင်စေခဲ့ပါတယ်။ အဲဒီနေ့က ဖေဖေဆုံးတဲ့နေ့နဲ့ ကျွန်မ အိမ်ပေါ်လှေကားက ခြေချော်ကျတဲ့နေ့နဲ့ တစ်နေ့တည်းပဲ။

Anonymous said...

ဖေဖေ့နာရေးနဲ့ စိတ်သောကများနေတဲ့အချိန်မှာ ကျွန်မ ခြေထောက်ဒဏ်ရာကို ဂရုမစိုက်နိုင်ခဲ့ဘူး နာကျင်ပေမယ့် တော်ရုံဆေးလိမ်းပြီး နေက်ရက်တွေမှာ အနှိပ်ဆရာခေါ်ပြီး နှိပ်လိုက်တယ်။ သက်သာလိုက် ပြန်နာလိုက်နဲ့ အတွင်းဒဏ်ရာဟာ နောက်မှ အဆင်လွဲသွားမှန်းသိရတယ် ဂရုမစိုက်တဲ့ အချိန်တွေကြောင့် ကျွန်မ ခြေထောက်ဟာ ပုံမှန်ဆက်သလို မဟုတ်တော့ပဲ ညာဘက်ခြေထောက် နည်းနည်း နိမ့်သွားခဲ့တယ်။ ကတ္တီပါ ဖိနပ်ကို ညာဘက် အထူးနည်းနည်းမြင့်ပြီး အော်ဒါ အပ်စီးရတယ်။ ကျွန်မရဲ့ ဘ၀ကပေးတဲ့ အားနည်းချက်ကြောင့် အရင်က လုံးဝ အားမငယ်ခဲ့ပေမယ့် ကိုနဲ့ပတ်သတ်တိုင်း အများအမြင်မှာ ကို့ကိုအားနာပြန်တယ်။ ဘယ်လိုမှ ကို့မိဘတွေ လက်ခံနိုင်စွမ်းမရှိဘူး ဆိုတာ လည်းသိတယ်။ ဟိုတစ်နေ့က ကို့အိမ်မှာ ကို့မေမေရဲ့ ပျားရည်လောင်းထားတဲ့စကားတွေ အတွက် ကျွန်မရိပ်မိပေမယ့် ကိုကတော့ ဘာမှမသိရှာဘူး။ ဒီအတိုင်းပဲ ကောင်းပါတယ်။ ဒီပွဲဟာ ကျွန်မတို့နှစ်ယောက်အတွက် ခံနိုင်ရည်အင်အား ဘယ်လောက်ရှိတယ်ဆိုတာ စမ်းသပ်တဲ့ပွဲလည်း ဖြစ်နိုင်တယ်။တိမ်သားတွေဟာ တစ်ခါတစ်ရံ အပြာရင့်ရင့် ဖြစ်ပြီး စက္ကန့်ပိုင်းအတွင်း အနီရောင် ဒါမှ မဟုတ် အ၀ါ၊လိမ္မော်ရောင် ပြောင်းလဲတတ်ကြတယ်။ အဲဒီလို ပြောင်းလဲတတ်မှုကို မကြိုက်ပေမယ့် ကျွန်မကိုယ်တိုင် ပြောင်းလဲပစ်ရတော့မယ်။ကျွန်မကို ခွင့်လွှတ်ပါ ..ကို..ကျွန်မ ကိုနဲ့ ပုံမှန် တွေ့နေ့ကျ အတိုင်းတွေ့တယ်။ ဒါပေမယ့် ဒီနေ့ ဟာ ကိုနဲ့ ကျွန်မ အတွက် တွေ့ဆုံခြင်း နောက်ဆုံးနေ့လို့ သံသယမရှိဖို့ လိုအပ်တယ်..ကျွန်မရဲ့ အပြုံးကတော့ တစ်ခါတစ်ရံ ကျောက်ဆစ် ရုပ်တစ်ရုပ်လို အသက်ရှု လှုပ်ရှားဖို့ သတိမေ့လျော့နေခဲ့တယ်။ နှုတ်ခမ်းနှစ်လွှာစေ့ရုံကလေး ဖိပြီး ပြုံးနေတဲ့ နှုတ်ခမ်းတွေဆီ ကျွန်မရဲ့လည်တိုင်တွေဆီ… အရုပ်လေးတစ်ရုပ်လိုပဲ ကိုနဲ့ ကျွန်မကြား ခွဲခြားထားမယ့် လေဟာနယ်တောင်မရှိတော့ပါဘူး။ကို့ကို အရမ်း ချစ်လွန်းလို့ ဆိုတာကလွဲရင် ကျွန်မမှာဘာမှပြောစရာမရှိပါဘူး။

Anonymous said...

ကို နိုင်ငံခြားကို စိတ်အေးသက်သာစွာနဲ့ သွားပါ။ ကျွန်မလည်း မေမေပြောင်းတဲ့နေရာကို လိုက်သွားရမှာပဲ။ ဘာပဲဖြစ်ဖြစ် ကျွန်မဆီမှာ သံယောဇဉ်အမျှင်တန်းလေးတစ်ခုတော့ ကျန်ရစ်မှာပါ။ အဖြစ်အပျက်အားလုံးဟာ သဘာဝတရားထဲမှာ ပျက်စီးဖို့ ဖြစ်လာကြတာ အရာဝတ္တုတွေပေါ့။ ခဏကလေးပါပဲ။ ချစ်သူရဲ့ မေတ္တာတရားကရော အခုချိန်လောက်ဆို ရနံ့ပြယ်နေပြီလား။ ကျွန်မရဲ့ ရင်ဘတ်မှာတော့ ခြောက်သွေ့နေပေမယ့် အေးမြတဲ့ စမ်းချောင်းတစ်ခု စီးဆင်နေသေးတယ်။ပြက္ခဒိန် တစ်ရွက်နဲ့ ကုန်ဆုံးမှုတိုင်းကို လက်ချိုးရေတွက်မယ်ဆိုရင် ကို ထွက်သွားတာ သုံးနှစ်တင်းတင်း ပြည့်ခဲ့ပြီ။သူရေးသမျှ စာတွေကိုသာ လက်ခံထားပြီး သူ့ဆီဘာအကြောင်းမှ မပြန်တာမို့ ခုချိန်လောက်ဆိုသေချာပါပြီ။ ကျွန်မကို နာကျင်နေလာက်ပြီ။ခုဆိုရင် နှစ်သစ်ကို ကြိုရမယ့် အချိန်တောင်ရောက်ပြီ။ ငြိမ်းချမ်းခြင်းနဲ့ ပျော်ရွှင်ခြင်းသာ တပ်တူကျခဲ့ရင် နှစ်သစ်ရဲ့ ရင်ခုန်မှုဟာ ..တစ်နှစ်စာအရသာပါပဲတဲ့စိန်ပန်းတွေ ရဲရဲနီအောင် ပွင့်နေကြပြီ။ အမှန်အတိုင်း ပြောရရင် ကျွန်မ ကို့ကို နေ့တိုင်းလွမ်းမိတယ်။ဝေ့တက်လာတဲ့ မျက်ရည်တွေကို ပုတ်ခတ်သိမ်းမိတယ်။ကျွန်မရဲ့ လက်ကိုခပ်နွေးနွေး တစ်စုံတစ်ရာလေးကလာပြီး ထိမိသလို ခံစားရတယ်။ “ အို…သားလေးရယ်…”မေမေ သတိလစ်နေတဲ့အချိန်မှာ သားလေး နို့ဆာနေပြီထင်တယ်။ကြည့်စမ်းပါအုံး မင်းလေးဟာ တကယ့်ကို အဖေနဲ့တူတဲ့ သားလေးပဲ။ကျွန်မကမ္ဘာထဲကို “ မင်းကမ္ဘာ” ဆိုတဲ့လူသားပြီးရင် ဒုတိယ ၀င်ရောက်လာတာ သားလေးပေါ့။မေမေ သားကို သိတ်ချစ်တယ်။ ကွိကွိ ဆိုတဲ့နာမည်လေးကို စိတ်ကူးထဲက အတိုင်းပေးထားတယ်။သားလေး ဖေဖေကတော့ တစ်နေရာကနေ ချောတို့ သားသမိကို စောက့်ရှောက်နေမှာပါ။

Anonymous said...

ကို့မှာ ဒီလို ချစ်စရာကောင်းတဲ့ သားလေးးရှိတယ်ဆိုတာ သိခဲ့ရင် …ဘယ်လိုနေမလဲ။ လိုချင်တာတွေသာ ဆုတောင်းခွင့်ရခဲ့မယ်ဆိုရင် နှစ်သစ်ကို သားနဲ့အတူ ငြိမ်းချမ်းပျော်ရွှင်ခြင်းတွေနဲ့ပဲ ဖြတ်သန်းသွားချင်ပါတယ်။ကျွန်မသားလေးအတွက် ချစ်မြတ်နိုးခြင်းတွေ အပြည့်အ၀ပေးထားတယ်။အချစ်ဆိုတဲ့ အစိတ်အပိုင်းတစ်ခုဟာ “ကို” ဘ၀မှာ သာမည အခြင်းအရာတွေထဲမှာ ပါဝင်သွားပြီဆိုရင် ကျွန်မဘ၀ကတော့ အချစ်ဟာ အတောမသတ်နိုင်တဲ့ လျှိုဝှက်နက်နဲမှုရဲ့ အစိတ်အပိုင်းတစ်ခုပါပဲ။ကျွန်မသဘောပေါက်ပါတယ်။ အသက်ရှင်ဖို့အတွက် တစ်ခုတည်းသော အကြောင်းပြချက်ဟာ ဘ၀မှာ ပျော်ရွှင်စွာနေထိုင်တတ်ဖို့ပါပဲ။ကိုရေ …ဘ၀ကြီးဟာ ကျွန်မတို့လုပ်ချင်တာလုပ်နိုင်ဖို့ ရွေးချယ်ချင်တာ ရွေးချယ်နိုင်ဖို့ ပညာတွေ၊ ဗဟုသုတတွေ ပြည့်စုံမှုတွေ ရှိနေနိုင်အောင်လုပ်ပေးခဲ့ပြီးပြီ။ အချစ်ကိုလည်း မြည်းစမ်းကြည့်လို့ရသလို ရွေးချယ်ခွင့်ဆိုတာလဲ လူတိုင်းမှာ ရှိတာပါပဲ။ အသက်ရှင်နေတယ်ဆိုတမသေချာခြင်းရဲ့ သဏ္ဌာန်တစ်ခုဖြစ်လို့ နေခဲ့ရင် အချစ်ဆိုတာ ပိုပြီးတော့တောင်မသေချာတတ်သေးတယ်။သဘာဝတရားကြီးထဲမှာ လုံခြုံစိတ်ချမှုဆိုတာ ဘယ်နေရာမှ မရှိဘူး။ ကျွန်မကို့ အချစ်တွေကို ယုံကြည်ခဲ့ပေမယ့် စိတ်မချခဲ့တာတော့ အသေအချာပါပဲ။နောက်ဆုံးတော့ ရင့်ကျက်မှုဆိုတာ လူတိုင်း…မျှဝေ ခံစား နားလည် နိုင်လာမယ့် နယ်ပယ်ဒေသသစ်ခုဖြစ်တယ်ဆိုတာ သဘောပေါက်လာပါတယ်။ ကျွန်မ ကို့ အပေါ်အပြစ်မမြင်ပါဘူး။ အိပ်ရေးပျက်ညတွေကို ပင်ပန်းစွာ ဖြတ်သန်းရင် အချစ်တစ်ခုကို အလွမ်းများနဲ့ ရှင်သန်ခဲ့ရတာ ကာလကြာရှည်ခဲ့ပြီပေါ့။ ချစ်တယ်ဆိုတာ မုန်းဖို့ မဟုတ်သလို တစ်ဖန် ပြန်လည်ရှင်သန် စရာလည်း မလိုအပ်ပါဘူုး။ ရင်ထဲမှာ အမြစ်တွယ်ရှိနေတဲ့ ရှိရင်းစွဲသစ်ပင်လေးကိုပဲ ကျွန်မမြတ်နိုးနေမိတယ်။ တစ်ခြားစီဝေးကွာနေပေမယ့် တစ်ခါတစ်ရံမှာ ကျွန်မဟာ ကိုနဲ့ ပတ်သတ်ရူးသွပ်နေတဲ့ တိမ်တစ်စလိုလွင့်မျောနေမိတယ်။

Anonymous said...

ဆုံဆည်းခြင်း(၂) “ ချော”ဘုရားရေ ကျွန်မ နောက်ကျောဘက်ဆီ ခေါ်လိုက်တဲံအသံဟာ….ဘယ်လောက် အံ့သြစရာကောင်းသလဲ။ သုံးနှစ်တိတိ အဆက်သွယ်ပြတ်တောက်နေတဲ့ ချစ်သူရဲ့ ခေါ်သံလား ကျွန်မ မမျှော်လင့်ရဲတဲ့ ချစ်သူရဲ့ ခြေသံလား၊ သေချာပါတယ် နောက်ကျော ပေးရင်းနေရင်း ရင်ခုန်သံတွေ မြန်လာခဲ့တယ်။သူ့ရဲ့ ခြေသံစိပ်စပ် နီးလာပြီး ကျွန်မရဲ့ ပုခုံးပေါ်က သိုင်းဖက်ခြင်းခံလိုက်ရတယ်။“ ချောရယ်” ကို့ကို ခွင့်လွှတ်ပါ။သူ့ရဲ့ အသံတွေက ဝေးကွာသွားတာကြာပေမယ့် ဟိုအရင်နှစ်များဆီက အတိုင်းပဲ။ သူ့ရဲ့ အသားအရေက ပိုလှလာပြီး မျက်ဝန်းတွေက ပိုနွေးထွေးလာသလိုပဲ။ ကျွန်မ ဟန်ဆောင်နိုင်ဖို့ အင်အားမရှိခဲ့ဘူး။“ ဘယ်တုန်းက ပြန်ရောက်တာလဲဟင်”“ တစ်ပတ်ပဲရှိသေးတယ်။ ချောရယ် …ကိုမေမေစကားတွေကို အမှန်ထင်ပြီး ချောအပေါ် တစ်မျိုးမြင်ခဲ့တယ်။ ကို ဒီရောက်တော့ မေမေကပဲ ကို့ကို ပြန်တောင်းပန်ပြီ ချောဆီလွှတ်ခဲ့တာ။ ကို… အပြီးပြန်လာတာ။ မေမေ ရေချိုးခန်းထဲချော်လဲလို့ ခြေထောက် ကျိုးသွားခဲ့တယ်။ အခုတော့ သက်သာသွားပြီ။ကို …ချောကိုတစ်နေ့မှ မေ့မရခဲ့ဘူး။ ခုတော့ အားလုံးအဆင်ပြေသွားပါပြီ။ ချောရယ်…ကို အရမ်းထိခိုက်ခံစားရတာ ကို နောက်ဆုံး မေမေရော ဖေဖေရော မကြည့်ရက်တော့ဘူး” “ကို ကျွန်မ တကယ်မမျှော်လင့်ခဲ့ဘူး။ ကိုနဲ့ပြန်ဆုံဖို့ ဘယ်လိုမှ မမျှော်လင့်ခဲ့ဘူး။ ခုလိုပြန်ဆုံခြင်းအတွက် ကျွန်မ ကို့ အကောင်းဆုံး လက်ဆောင်ပေးနိုင်ပါပြီ။ ကျွန်မ ၀မ်းသာလိုက်တာ …ကို ““ ၀မ်းသာတယ်ဆို မငိုပါနဲ့တော့ချောရယ်။ ကိုကို ကြေကွဲခဲ့ရတဲ့နေ့တွေများလှပြီ။ ဘာလက်ဆောင်ပေးမှာလဲဟင်…အနမ်းတွေလား”“ ဟင့်အင်း…ကျွန်မနဲ့ ကိုနဲ့အတူတူ ပေါင်းစပ်ဖွဲ့စည်းထားတဲ့ သားလေးတစ်ယောက်ပေါ့” “ ဘာရယ် …ချော..သား ကို့ရဲ့သား.. ဟုတ်လား”ကို့အသံတွေ လှိုင်းထသလို တုန်ခါသွားတယ်။“ ဟုတ်ပါတယ်..ကိုနဲ့ အရမ်းချွတ်စွတ်တူတဲ့ သားလေးကို ချောနှလုံးသားနဲ့ပေးဆပ်ပြီး မွေးဖွားထားတယ်”“ ဘယ်မှာလဲဟင်..ကို အရမ်းဝမ်းသာတာပဲ ရင်တွေတအားခုန်လာပြီ။ ဒါကြောင့် မေမေကပြောတာ။ ချောမှာ ကလေးလေးတစ်ယောက်ရှိတယ် လို့သတင်းကြားတယ်။ သေချာမေးကြည့်ပါအုံးတဲ့။ ကို အိမ်မက်တော့ မဟုတ်ပါဘူးနော်။ ချောရယ်..တကယ်နေနိုင်လိုက်တာ။ သားကို တွေ့ချင်တယ် နာမည်က ကွိကွိလေးပဲလား”

Anonymous said...

“ ဟုတ်တယ်။ သူ့အဖွား ခဏခေါ်ပြီး လျှောက်လည်နေတယ်။ပြန်လာတော့မှာပါ။”“သားလေးက ကိုတို့ စိတ်ကူးယဉ်ခဲ့သလို သိတ်ချစ်စရာကောင်းတာပဲလား”“ချော ..လေ သားနဲ့အတူကို့ကို တွေ့မြင်ခွင့်ရတဲ့ ကြည်နှုးမှုကို ဘာနဲ့မှ မလဲနိုင်ဘူး။ သားဟာအရမ်းချစ်စရာကောင်းပါတယ်။ ဟော.. ဟိုမှာလာနေပြီ”ကိုက ကျွန်မရှေ့က ချက်ချင်းပြေးသွားပြီး အမေ့ဆီက သားကိုအငမ်းမရ ကြည့်တယ်။ တရှုံ့ရှုံ့နမ်းနေတဲ့ သူ့မျက်ဝန်းမှာ မျက်ရည်တွေ စီးကျလာတယ်။“သားရယ် ..ဖေဖေ့ကို ခွင့်လွှတ်ပါ။ သားကို ရင်အုပ်မခွာ စောင့်ရှောက်မယ်။ ဖေ့သားဟာ အဖေ့ထက် အများကြီး ထူးချွန်ထက်မြက်စေရမယ်။ အမေ ကျွန်တော့်ကို နားလည်ခွင့်လွှတ်ပေးပါ။ ကျွန်တော်ကန့်တော့ပါတယ်။ ကျွန်တော်တို့ ထပ်ဝေးဖို့ဆိုတာ မဖြစ်နိုင်တော့ပါဘူး….”“ နားလည်ပေးရမှာပါကွယ် ..အဲဒီထဲမှာ အန်တီ့သမီးကို အန်တီနားအလည်ဆုံးပဲ။ မင်းကိုချစ်လွန်းလို့ ကလေးတစ်ယောက်ကို လွယ်မွေးရဲတဲ့ သတ္တိ၊မင်းရဲ့ ကိုယ်ပွားလေးကို ရယူလိုချင်တဲ့ ဆန္ဒ၊အရာအားလုံးကို အန်တီလိုက်လျော ပေးခဲ့ရတော့တယ်။ အန်တီ… မြိုနဲ့ ဝေးကွာတဲ့ ဒီနေရာလေးမှာ ရောက်ရှိလာတာလည်း သမီးဆန္ဒပေါ့ကွယ်”“ ကျွန်တော် ချောအပေါ်မှာ သစ္စာမဖောက်ခဲ့ပါဘူး။ ကျွန်တော် ချောကို ပိုလေးစားပြီး အရမ်းသနားမိတယ်….”ကိုက သားလေးကို ကြည့်မ၀နိုင်အောင်ဖြစ်နေတယ်။ မေမေက ခေါင်းငြိမ့်ရင်း အိမ်ပေါ်တက်သွားတယ်။ သားလေကးက သူ့အဖေမျက်နှာကို မမြင်ဘူးသလို စိုက်ကြည့်နေတယ်။ ကိုက သားလေးကိုချီထားရင်း…ကျွန်မရဲ့ နဖူးကဆံစတွေကို လက်နဲ့ဖယ်ရှားရင်း ငုံ့နမ်းလိုက်တယ်။ ရင်ထဲနွေးထွေးသွားမှုနဲ့အတူ….ကောင်းကင်တစ်ခုလုံ တိမ်ကင်းစင်ပြီး ပြာလွင်လှပနေပါတယ်။ကို..ပေးတဲ့ အနမ်းတစ်ပွင့်ဟာ….ကောင်းကင်ကြီးကပေးတဲ့ အနမ်းတစ်ပွင့်လို အလွန်တရာ ကြီးမားနက် ရှိုင်းကြောင်း ကျွန်မ သိလိုက်ပါတော့တယ်။


ချောအိမာန်(မန္တလေး)

ချော(အစိမ်းရောင်လွင်ပြင်) said...

ရိုးတံနဲ့ ပန်းပွင့်ရော ကော်မန့်ထဲက ၀တ္ထုတိုလေးတွေပါ ဖတ်သွားပါတယ်.
တစ်ပြိုင်တည်း အများကြီးဖတ်လိုက်ရတာပေါ့
ပျော်စရာ....
ဝတ္ထုအားလုံး သိပ်ကောင်းပါတယ်.. ပေးချင်တဲ့ မက်ဆေ့လေးတွေက ထိထိမိမိရှိပါတယ်
အားပေးလျှက်ပါ။