Tuesday, July 13, 2010

မယ်ဇယ်ပင်တန်းအောက်က အတွေးများ


( ၁ )
            လုံခြုံမှုမရှိနေသလို … ခန္ဓာကိုယ်တစ်ခုလုံး ဆောက်တည်ရာမဲ့ လွင့်မျှောနေတယ် … ကြွေလိုက်စမ်းပါ ကြယ်တွေ
တက်လာလိုက်စမ်းပါ ဒီရေတွေ .. ပျံသန်းသွားကြပါငှက်တွေ ……. ဒီအချိန်မှာ ဒီသဘာဝတရားတွေကို ကြည့်ပြီး ခံစားနိုင်တဲ့အင်အား ကျွန်တော့မှာ မရှိတော့ပူး ….. ဒီမယ်ဇယ်ပင်တန်းအောက်က ထိုင်ခုံတွေ ဦးပိန်တံတားရဲ့ ခြေထောက်တွေ …… မုန့်နံ့ ၊အကြော်နံ့ တသင်းသင်းရနေတဲ့ ဆိုင်အခင်းအကျင်းတွေ … ကင်မရာကို ဘယ်လှည့်ညာလှည့်နဲ့ ခရီးသွားဧည့်သည်တွေ ……တံတားပေါ်က…..လှောင်အိမ်ထဲက မျက်လုံးပြူး ဇီးကွက်လေးတွေ …. ငှက်တွေ ….. အဝေရာပုတီးဆွဲကြိုးလေးတွေ ကိုင်ပြီး နိုင်ငံခြားဧည့်သည်တွေကို No expensive လို့ ထပ်ခါထပ်ခါ လိုက်ပြောနေတဲ့ ထမိန်တိုတို တောသူလေးတွေ …….လက်ချင်းချိတ်ပြီး ငှက်စီးနေကြတဲ့ စုံတွဲလေးတွေ ….. နေ၀င်ချိန် Sunset ကို အမိအရ နောက်ခံထား ဓါတ်ပုံရိုက်နေတဲ့ မိန်းကလေးတွေ မိသားစုတွေ ….. ဒါတွေအားလုံး ကျွန်တော့အာရုံမှာ  ဖမ်းထားတဲ့ ပုံရိပ်တွေပါပဲ ……….
            ခုတော့ ကျွန်တော် မယ်ဇယ်ပင်တန်း အောက်က ခုံတစ်ခုမှာ ထိုင်နေပါတယ် ….. ဒါပေမဲ့ အတွေးပုံရိပ်တွေကတော့ အရင်နဲ့မတူ …. ကျွန်တော့ရှေ့က အကြော်တစ်ပွဲက အေးစက်နေပြီ လက်ဖက်ရည်ကြမ်းကလည်း ထိုနည်းတူစွာ ……..ကျွန်တော်ကဗျာတွေမရေးနိုင်ပါ … ၀တ္ထုတွေ မတွေးနိုင်ပါ  ……အလုပ်လည်း မလုပ်နိုင်ပါ … ဘာလုပ်သင့်သလဲအဖြေကို အထပ်ထပ် အခါခါ စဉ်းစားတယ် … ပေါ်မလာ …. နောက်ဆုံး ဒီနေရာမှာပဲ လာထိုင်နေမိတော့တယ် …..
            ကျွန်တော်……ပေါက်ကွဲသင့်ပြီလား ….စဉ်းစားမိတယ် …. တစ်ကယ်ဆို ကျွန်တော့စိတ်က ပေါက်ကွဲချင်နေပြီ ..
ကျွန်တော် မေမေ့ကို တောင်းပန်ချင်တယ် … မေမေ ဘာဖြစ်လို့….လဲ! ဘာဖြစ်လို့လဲလို့ ….အကြိမ်ကြိမ် ရင်ထဲမှာ အော်ဟစ်ခဲ့ပြီးပြီ…. ကျွန်တော်တို့ကို အသက်ရှူကျပ်တဲ့နည်းနဲ့ ရှင်သန်ခွင့်မပေးပါနဲ့ …… မေမေ့ကို မှားနေတယ်လို့ လက်ညှိုးမထိုးချင်ပေမယ့် … မေမေ ရွေးချယ်ခဲ့တဲ့ လမ်းတွေက  မမှန်ခဲ့ဘူး ….ကျွန်တော်တို့ကြောင့်လို့မပြောပါနဲ့မေမေ …ကျွန်တော် တောင်းပန်ပါတယ် .. သူများအပြောတွေအောက် ကိုယ်လွတ်ရုန်းထွက်နိုင်အောင် …. အင်အားမရှိနိုင်တော့ဘူး  မေမေ ….. အဲဒါကို ကျွန်တော် ၀မ်းအနည်းဆုံးပဲ …ကျွန်တော် မေမေ့လုပ်ရပ်တွေကို ဘယ်လို ဥပေကာပြုရမလဲ … ကျွန်တော့်ကို မေမေ မယုံကြည်သလို …မေမေ့ကိုလည်း ကျွန်တော် မယုံကြည်တော့ဘူး ….
            ဂဏန်းနီနီရဲရဲတွေ အကြော်ခံပြီး ဘန်းထဲမှာ နေပူလှန်းခံထားရသလို ရင်ထဲမှာ ကြွတ်ကြွတ်ရွနေတယ် ….
ရုရှိုက်ရတဲ့ ရနံ့ဟာ ……လေကိုဖြတ်လာပေမဲ့ မသန့်စင်ဘူး …. ဖုန်မှုန့်တွေ ပါလာသလို နှာခေါင်းဝမှာ ယားကျိကျိနိုင်လှတယ် … ဒီကြားထဲ စားပွဲပေါ်က အချဉ်ရည်ခွက်ထဲ ဘတ်ကနဲပြုတ်ကျလာတဲ့ ငှက်ချီလာတဲ့ အသီးခြောက်တစ်ခုကြောင့် … ကျွန်တော့ အကျီင်္ဖြူလေးမှာ …… အစက်နှစ်စက်လောက်စင်သွားတယ် …ရှိစေတော့……….ကျွန်တော်မသုတ်တော့ဘူး ….ကျွန်တော့ရင်ဘတ်ထဲမှာ ဒီထက်ညစ်ပတ်နေတဲ့ သမိုင်းတွေ ရှိနေခဲ့ပြီပဲ ဒါကို သုတ်လိုက်လို့ သန့်စင်သွားမှာမှ မဟုတ်တာ …မဟုတ်ဘူးလား မေမေ………….
            မေမေ ကျွန်တော်တို့ ရင့်ကျက်မှုကို ဥပေကာပြုထားတယ်…..ငယ်ငယ်တုန်းးကတော့ သားဒီမုန့်ကောင်းတယ် စားဆို …ကျွန်တော်စားမယ် ……သား ဒီလမ်းမသွားနဲ့ဆို ကျွန်တော်မသွားဘူး ……..မေမေက မကြိုက်ဘူးဆိုရင် …ကျွန်တော်မစူးစမ်းဘူး …. သိဖို့မကြိုးစားဘူး …မေမေ ကျွန်တော်တို့ မောင်နှမ နှစ်ယောက်ကို ဘာတွေသင်ပေးခဲ့လဲ …. ကျောင်းစာကိုကျောင်းမှာသင်ခဲ့ရပေမဲ့ ……….. ကျွန်တော့ ဖေဖေတော့ … မေမေ သိပ်ကိုမုန်းတဲ့ လူဆိုးကြီးတစ်ယောက်ပေါ့ …… ..မေမေပြောတဲ့ ရက်စက်တယ် ၊ ကြမ်းကြုတ်တယ် ၊ ကြင်နာမှု့ခေါင်းပါးတယ်၊အတ္တကြီးတယ် ၊လောဘကြီးတယ် ………မေမေ သင်ခန်းစာတွေထဲမှာ ဖေဖေကို မုန်းတီးခြင်း သင်္ကေတ သင်ခန်းစာတွေ ပြည့်နှက်နေတယ်……..ကျွန်တော်ထင်တယ် ဖေဖေရဲ့ စိတ် တစ်ထောင့်တစ်နေရာမှာတော့  ကျွန်တော်တို့ ရှိနေလိမ့်မယ်လို့ …..ဖေဖေဟာ မေမေပြောသလောက် ဆိုးမှာမဟုတ်ပါဘူးလို့ တွေးမိတယ် ………. ဖေဖေကရော မေမေ့ ကို ဘယ်လိုထင်မလဲ ………..
            ဖေဖေနဲ့ မေမေဟာ မရေရာခြင်းတွေနဲ့ ……….. အတွင်းပိုင်းတွေ လှိုက်စားလောင်မြိုက်နေခဲ့တာ …..ကျွန်တော်မသိခဲ့ဘူး  .. ကျွန်တော်တို့ ငယ်စဉ်မှာဘဲ …. လမ်းခွဲခဲ့ကြတယ် ….. မေမေက ကလေးတွေ မျက်နှာမကြည့်သလို …ဖေဖေကလည်း ကျွန်တော်တို့ကို မငဲ့ကွက်ခဲ့ဘူး………. ဘယ်သူများလဲလို့ မဝေဖန်နိုင်ပေမဲ့ … သိသာစွာ ချို့တဲ့သွားတာကတော့ ကျွန်တော်တို့ပါ ………ကျွန်တော်တို့ နားခို နေတဲ့အရိပ်တစ်ခု ချက်ခြင်း ပျောက်သွားတော့………….. နေရဲ့အပူဟာ  ပိုသိသာလာပါတယ် … ညီမလေးကဆို ပိုဆိုးတယ် ဖေချစ်ကိုး………..
            မေမေက ကျွန်တော်တို့ကို ကျောင်းပြီးရင် အလုပ်လုပ် ကိုယ့်အားကိုယ်ကိုးဖို့ပြောတယ် … ကျွန်တော်ကျောင်းပြီးသွားပေမဲ့ မရေရာခြင်း လမ်းစမှာဘဲ လမ်းပျောက်နေတယ် ……….ကျွန်တော် ရတဲ့ဘွဲ့နဲ့ လုပ်ချင်တဲ့အလုပ်တွေကလည်း တခြားစီ…… ကွန်ပျူတာမှာ ညပိုင်း ဆရာလုပ်ဖြစ်တယ်……. ကျန်အားတဲ့အချိန် ၀ါသနာပါတဲ့ စာရေးတယ် …… စာအုပ်အငှားဆိုင်တွေအတွက် စာအုပ်ချုပ်ပေးတယ်…..လိုအပ်ရင်ဝယ်ပေးတယ် ကိုယ်လည်းဖတ်ရတယ်…..ညီမလေးက ဆယ်တန်းနှစ်ခါကျပြီးမှ အောင်တယ် …. သူ့ကိုအနီးကပ် ကြည့်ရှု့ရတာ ကျွန်တော် …..မေမေနဲ့ ကျွန်တော်လည်းမနီးစပ်ဘူး …….. မေမေ ရဲ့ခြေလှမ်းတွေကို စောစောပိုင်းကတည်းက သိပေမယ့် ကျွန်တော် မပြောရက်သေးဘူး …….
            မေမေက Super Market Centre တစ်ခုမှာ ……. ဆိုင်ခန်းငှားပြီး ဆံညှပ် ၊ အလှပြင်ဆိုင်ဖွင့်တယ် ….. အမျိုးသား၊အမျိုးသမီး လက်ခံတယ် …. ဒါပေမယ့် မေမေ့ဆိုင်မှာ အမျိုးသားများတယ်လို့ ပြောကြတယ် ….ကျွန်တော် ဆိုင်ကိုတစ်ခေါက်မှ မသွားဘူး … ပတ်ဝန်းကျင်ကတော့ ဆိုင်ခန်း က အရမ်ေးဈေးကြီးတာတဲ့ …… မေမေ ဘယ်ကငွေနဲ့ ငှားထားလည်း ကျွန်တော်မသိခဲ့ဘူး……… နောက်ပိုင်းမှာတော့ ပြောလွန်းမက ပြောလာတော့ ကျွန်တော့နား အခါခါ ရောက်လာတယ် ………..
            နင့်အမေ ဘော့စ်တစ်ယောက်နဲ့တွဲနေတယ် ….. ခုဆိုင်တောင် အဲဒီသူဌေးက ၀ယ်ပေးထားတာ …. နင်တို့ မသိဘူးလား …. ပြန်လာရင် အဲဒီသူဌေးက လမ်းထိပ်ထိလိုက်ပို့တာ … လက်ထပ်ထားတယ်ဆို…….အဲဒီလူက လူပျိုကြီးလား …………. တစ်ချို့ က အိမ်ထောင်ရှိတယ်ဆို ….စတဲ့ အမျိုးမျိုး ဝေဖန်ခြင်းတွေအပေါ် ကျွန်တော် မယုံတတ်ဘဲ ရှိနေခဲ့သေးတယ် ……သေချာတဲ့မေမေ့ရဲ့ပြောင်းလဲမှုက တစ်ကိုယ်ရည် ပြင်ဆင်မှုမှာ ပတ်ဝန်းကျင် သတိထားမိလာအောင် ဖြစ်လာတယ် ….. အလှပြင်ဆိုင်ဖြစ်ပေမယ့် မေမေရဲ့ အ၀တ်အစားတွေ ပစ္စည်းတွေက မယုံသင်္ကာစရာဖြစ်လာပြီ …. မေမေ ကျေနပ်ပီတိတွေဖြစ်ပေမယ့် …….ကျွန်တော်ကတော့ တော်တော်ခါးသက်လာပြီ……….အချိန်ကြာကြာ မပေးလိုက်ရပါဘူး …. ပတ်ဝန်းကျင်ရဲ့ ပြောစကားတွေ တစ်ခုမမှားဘူး…………. ကျွန်တော်ရှက်တယ် ……အဲဒီ အပြင်အဆင်တွေနဲ့ မေမေ့ကို မတွေ့ချင်ဘူး ……ဘာမှလဲ ထပ်မသိချင်တော့ဘူး………
            ဟူး……………ကျွန်တော် စိတ်ညစ်ညစ်နဲ့ ခုံအောက်ဝင်ပြီး ခေါင်းထိုးအိပ်နေတဲ့ ခွေးကို ခြေထောက်နဲ့ကန်လိုက်မိတယ်…..နေလုံးကအနောက်ဘက်ဆီကနေတဖြည်းဖြည်း ၀င်ရောက်ပျောက်ကွယ်လုနီးနေပြီ……. ပြန်မယ်လို့ဆုံးဖြတ်လိုက်စဉ်မှာဘဲ….. အသံတစ်ခုကြောင့် တစ်ဖက်ဆိုင်ကို ကြည့်လိုက်မိတယ်… မိန်းကလေးသုံးယောက် ကျောပေးထိုင်နေတာ ကျွန်တော့်ညီမ မိုးဖြူသဲ ……. ဘယ်လိုလုပ် ဒီရောက်နေပါလိမ့်… တက္ကသိုလ်ကျောင်းကနေ အိမ်မပြန်သေးတာဘဲ ဖြစ်ရမယ်…. ကျွန်တော်နေရာမှာ အသာပြန်ထိုင်လိုက်တယ်… သူတို့ သုံးယောက်ထဲက တစ်ယောက်က အိတ်ထဲကနေ ဘီယာပုလင်းကို ထုတ်လိုက်တယ်… ကျွန်တော့်မျက်လုံးတွေ ပြူးသွားတယ်… ကျွန်တော်တောင် မသောက်တာ သူတို့က…
            အကြော်တစ်ပွဲ လှမ်းမှာတယ်… မကြာစေနဲ့ မြန်မြန်လေးလို့ ကျွန်တော့်ညီမက ဖြည့်စွက်အော်ပြောတယ်… အကြမ်းပန်းကန်ထဲ ဘီယာတွေထည့်တယ်… ဟိုးဘက်ဆိုင်က သောက်မကောင်းလို့ ဒီဘက်ဆိုင်ကို ပြောင်းလာတာလို့ သူတို့ထဲက တစ်ယောက်က စားပွဲထိုးလေးကို ပြောတယ်… ရုပ်လေးတွေကြည့်တော့ စာကြမ်းပိုးရုပ်… ရပ်ကွက်ထဲမှာဆို ဗိုင်းကောင်းကျောက်ဖိပုံစံ… ခုတော့ လူမြင်ကွင်း မိန်းကလေးကျောင်းသူဖြစ်ပြီး ဘီယာ လာသောက်နေတယ်… ကျွန်တော်ဆိုင်က စားပွဲထိုးကိုလှမ်းခေါ်ပြီး အဲဒီလို မိန်းကလေးတွေ လာသောက်တတ်လားမေးတော့… လာတတ်တယ်တဲ့… တစ်ခါတုန်းက ကောင်မလေး နှစ်ယောက်မူးပြီး ဆံပင်ဆွဲ ရန်ဖြစ်ကြတာ… ကောင်လေးတွေက ဖြေပေးရတယ်…. တဲ့…
            ကျွန်တော်ခေါင်းတွေ ပိုကိုက်လာတယ်… လက်သီးတွေ ကျစ်ကျစ်ပါအောင်ဆုပ်ပြီး… ခြေလှမ်းတွေက ထိန်းလို့မရအောင် မြန်ဆန်လာတယ်…
            “ မိမိုး “
            ကျွန်တော့် အော်သံကြောင့် သူတို့သုံးယောက်လုံး ပျာယာခတ်သွားတယ်… မိမိုးရှေ့က ခွက်ကို ပစ်ပေါက်ပစ်လိုက်တယ်…. လက်ဆွဲခေါ်လာချိန်မှာ မိမိုးကငိုနေပြီ… နင့်ကိုငါ သတ်တောင်ပစ်ချင်နေပြီ… အိမ်ရောက်တော့ ကျွန်တော့်ရင်ထဲက အခံဒေါသတွေနဲ့ပေါင်းပြီး… မိမိုးကို ရိုက်ပစ်လိုက်တယ်… မေမေပြန်လာတော့ အံ့သြရင်း… ကျွန်တော့်ကိုဆူတယ် ….. သူ့သမီးကို ဒီလောက်ရိုက်ထားလို့တဲ့…. “ မေမေ့မှာ တွေးတောဆင်ခြေမှုဆိုတာ ရှိသေးရဲ့လား… ဒီလိုမှ မဆုံးမရင်… ပျက်စီးသွားမယ် အဲဒါကို မေမေ လက်ခံနိုင်လား…. သူများတွေပြောကြမှာကို မေမေ မရှက်ဘူးလား … ကျွန်တော်တို့ကို မေမေ ဘယ်လိုပုံစံနဲ့ အုပ်ချုပ်လာခဲ့ ထိန်းသိမ်းလာခဲ့သလဲ… ပြန်တွေးကြည့်ပါအုံး… ကျွန်တော့်မှာ ကိုယ်ပိုင် အသိစိတ်လေးရှိလို့ ခံသာနေတာ… မိမိုးတို့လို လူငယ်တွေက ပျက်စီးမှာပဲ… အဲဒီလိုဖြစ်ရင် သူ့အဲဒီလိုဖြစ်ရင် သူ့အပြစ်မဟုတ်ဘူး… မေမေ့ကြောင့်… ကိုယ့်အိမ်ကို အပေါ်က အုပ်မိုးထားတဲ့ ခေါင်တစ်ခုလုံး မလုံမှတော့… ဧည့်ခန်းလည်း ပျက်စီးမှာပဲ… မီးဖိုချောင်လည်း ပျက်စီးမှာပဲ…ကျွန်တော်တို့ အမိုးက မလုံတော့ဘူး…. မေမေအပေါက်ကြီးကို မြင်နေရပေမယ့်… ဒီလောက်ဆိုးမယ်လို့ မထင်ခဲ့ဘူး… ကျွန်တော်က ယောက်ျားလေး… မိမိုးကမိန်းကလေးပါ… ဒီလိုပုံနဲ့… လူပြော…သူပြောခံရတဲ့ ဘ၀မှာ ခေါင်းမဖော်ဘဲ နေရတော့မှာလား…
            မေမေ… ကျွန်တော်တို့ကို အားကိုးလို့ရပါတယ်… ကျွန်တော်ကတော့ မေမေ့ကို ယုံကြည်ချင်တာ… မေမေ့ရဲ့ မူတွေကို ပြင်ပါတော့…ါခါတိုင်းဆို ကျွန်တော်တို့ ငရဲခံသလို ခံစားနေရပြီ… ကိုယ့်ရဲ့တစ်ကိုယ်အတွက်ပဲ မကြည့်ပါနဲ့… အခုဟာ မေမေ ကောင်းကောင်စား ကောင်းကောင်းဝတ်ရဖို့… အခြားလူတွေကိုတော့ မျက်ကွယ်ပြုထားတယ်….ကျွန်တော်တို့ကို ဘာဖြစ်နေတယ် ဘယ်လိုခံစားနေရတယ်ဆိုတာကို… မသိဟန်များဆောင်နေတာလား… အခြားသူတွေ ပြောဆိုကဲ့ရဲ့နေတာကိုသိရက်နဲ့ ကိုယ်မှန်တယ်ထင်ပြီး ဆက်လုပ်နေတာ ရှက်ဖို့ကောင်းပါတယ်… လိပ်ပြာလည်း မသန့်ဘူး… ကျွန်တော်တို့ ရှေ့လျှောက်ဆက်ကောင်းဖို့ ရည်ရွယ်သေးတယ်ဆိုရင်… မေမေရဲ့ ပေါက်နေတဲ့ ခေါင်ကိုပြင်ဖို့ကြိုးစားပါ… “
            ကျွန်တော်ရဲ့ စကားအဆုံးမှာ မေမေ ဘာတစ်ခွန်းမှ ပြန်မပြောနိုင်တော့ဘဲ အရုပ်ကြိုးပြတ်ဖြစ်သလို ပုံကျသွားတယ်… ကျွန်တော်က အဲဒီနေ့ကစပြီး မေမေနဲ့ ဝေးသထက် ဝေးသွားတယ်… ကျွန်တော်… ပြင်ဦးလွင်… လားရှိုး… ကွတ်ခိုင်ဘက်အထိ ခရီးထွက်ပစ်လိုက်တယ်… သတင်းမှန်သမျှကို နားပိတ်ထားခဲ့တယ်….             
            ကျွန်တော်ခရီးထွက်ပြီး အားလုံးကိုမေ့ထားလိုက်တယ် စာကောင်းကောင်းရေးဖြစ်တယ်… ပြင်ဦးလွင်ကိုပြန် ရောက်လာတော့ ကျွန်တော့်လက်ထဲ လူကြုံနဲ့စာရောက်လာတယ်… မေမေနေမကောင်းဘူး… အမြန်ပြန်လာပါတဲ့…. ကျွန်တော်ခရီးထွက်တာ ငါးလလောက်ကြာသွားပြီ….မန္တလေးကိုပြန်ဆင်းလာတယ်…..မေမေ့ကို အပြင်အထူးကုဆေးခန်း
မှာတင်ထားတယ်တဲ့……….
            ကျွန်တော်ရောက်သွားတော့ မယုံနိုင်အောင် ဆေးရုံကုတင်ပေါ်မှာ……မေမေကအရင်ပုံစံနဲ့ တခြားစီ အသားရေ
ခြောက်ကပ်ကပ်……..ပိန်ပိန်လေး ဖြစ်နေတယ်…. ညီမကလဲ ဘာမှမေးလို့မရဘူး ငိုချည်းနေတယ်…ဆရာဝန်ကြီးတွေလာ
တာစောင့်ပြီးမေးတော့ မေမေ ရင်သားကင်ဆာတဲ့………လည်ချောင်းထိတောင် ပျံ့နှံ့နေပြီတဲ့ သိတာ  တော်တော်နောက်
ကျတယ်တဲ့……………..
            ကျွန်တော့ခေါင်းတွေ ချက်ခြင်း မူးမိုက်သွားတယ်…သံသယပင်တစ်စက်မှ မရှိခဲ့ဘူးတဲ့ မေမေ ခံစားနေရတာ
ကင်ဆာတဲ့……… ကင်ဆာရောဂါသည်တစ်ရောက်ရဲ့ သက်တမ်းဟာ….အိုး..ဘာမှမတွေးရဲတော့ဘူး …. ခွင့်လွတ်ပါ..
မေမေ…….နောက်မှ ကျွန်တော်သိရတာ မေမေက ကင်ဆာမှန်းသိပေမယ့် မကုခဲ့ဘူး……သူ့ဘ၀ကို ပျော်သလိုနှစ်နေရင်း
ဦးနေကျော် ဆိုသူနဲ့တွေ့တယ် …….ဦးနေကျော်န့ လူရင်းလိုဖြစ်ရင်း တွဲခဲ့ရင်းက ဦးနေကျော်က မေမေ့ခံစားချက်ကိုသိပြီး
ဆေးကုခိုင်းခဲ့တယ်…..အားလုံး တာဝန်ယူပေးမှာကို ငြင်းခဲ့တယ်……ဦးနေကျော်က မေမေ့ဘ၀ကို သနားခဲ့တယ်…………
ခုတော့ ရောဂါက ပြင်းထန်လာပြီး … နောက်ဆုံး အချိန်ရောက်မှ ဆေးရုံကို ခေါ်ခဲ့နိုင်တယ်တဲ့…….
            “ သားကို မင်းမေမေ သိပ်ချစ်ပါတယ်……သူဖွင့်နေတဲ့ ဆိုင်ခန်းဟာ ဦးပေးထားတယ်ဆိုတာ မှန်ပေမယ့် …..သူ
အလကားမယူပါဘူး………မင်းတို့အတွက် ဘဏ်ထဲမှာ ပိုက်ဆံစုထားပေးတယ်…..”
            ကျွန်တော့မျက်စိတွေ မှိတ်လိုက်စဉ်မှာ မျက်ရည်ပူတွေ ကျဆင်းလာတယ်….မေမေ့ လက်ဖျားတွေကို ဆုပ်ကိုင်စဉ်မှာ…..နွေးထွေးတဲ့ဓါတ်လေးတစ်ခုတော……….စီးဆင်းနေတယ်……..ကျွန်တော့ကို ခွင့်လွတ်ပါမေမေ……….
မေမေ့အပြုံးတွေကို ကျွန်တော် မြင်ချင်သေးတယ်……..  
            မေမေ့မျက်လုံးလေးတွေ ဖြည်းညင်းစွာ ဖွင့်လာချိန်မှာ …….. ပါးစပ်လှူပ်တယ်ဆိုရုံလေး “ သား “ လို့ခေါ်တယ်….
မေမေ့မျက်ဝန်းက မျက်ရည်တွေ လိမ့်ဆင်းလာတယ်……..
            မငိုပါနဲ့ မေမေ…….
            ကျွန်တော့ရင်တွေ ခါထွက်ကုန်ပြီ…….
            မေမေက ကျွန်တော့ကို အားယူပြီး စကားတစ်ခွန်းပြောတယ်………
“ မေမေ့ရဲ့ ခေါင် ကိုပြင်ထားလိုက်ပါပြီ…တစ်ကယ်လို့ အပေါက်ဖြစ်နေတယ် ဆိုရင်လည်း သားတို့ အဲဒီအောက်မှာ မနေစေရဘူး…အဲဒီအပေါက်အောက်မှာ မိုးရွာရွာ နေပူပူ မေမေပဲနေပါ့မယ်”………..တဲ့
ကျွန်တော် မေမေ့စကားတွေအတွက် ဒီထက်ကြေကွဲဖို့ ဒီထက်ဆို့နစ်ဖို့ မရှိတော့ဘူး…ကြိုက်သလိုသာ
အပြစ်ပေးပါတော………….
မေမေနဲ ကျွန်တော်ထိတွေ့ခွင့်ရလိုက်တဲ့ ရက်တွေဟာ နည်းနည်းလေးရယ်….မေမေ ကျွန်တော်တို့ကို စိမ်းစိမ်းကားကား ဖြတ်တောက်သွားခဲ့ပြီ……………ကျွန်တော် မေမေ့ကို အရင် အမြဲပြောခဲ့တယ်………..ကျွန်တော် အောင်မြင်ဖို့အတွက် မေမေ့ရဲ့ လှေကားတစ်တွေကို မလိုချင်ခဲ့ဘူး…….ကျွန်တော် ရှုံးနိမ့်ရင်တော့ မေမေ့လက်တစ်ဖက်ကို ဆုပ်ကိုင်ထားချင်တယ်လို့……..ကျွန်တော်ခု သေသေချာချာကြီး ရှုံးနိမ့်ခဲ့ပြီ မေမေ……….မေမေ့လက်တစ်ဖက် ကျွန်တော့်ကို ပေးပါ။
ဦးပိန်တံတါးရဲ့ မယ်ဇယ်ပင်တန်းအောက် ခုံတစ်ခုံပေါ်မှာ ကျွန်တော်တစ်ယောက်တည်း နေရာတစ်ခုတည်းမှာပဲ ပျော်ရွှင်စုရာတွေ တွေးဖြစ်သလို ၀မ်းနည်းကြေကွဲစရာတွေကိုလည်း တွေးခဲ့တယ်……စိတ်တို ဒေါသဖြစ်စရာတွေလဲ…ကြုံခဲ့တယ်..၀မ်းသာလွန်းလို့လဲ အော်ဟစ်ရယ်မောခဲ့ဘူးတယ်………..ခုတော့ ကျွန်တော် တစ်ခုခုကိုတော့ တွေးနေဆဲပဲ………..နော်ကလဲ ဆက်တွေးအုံးမှာပဲ……အချိန်ဆိုတာ အဆုံးမသတ်သရွေ့ပေါ့။
            မိမိုးတို့လို ငယ်ရွယ်တဲ့ ကျောင်းသူ မိန်းကလေးတွေ မပျက်စီးဖို့ ကျွန်တော့မှာ တာဝန်ရှိသလို ခံစားရတယ်….အကျင့်စရိုက်ဆိုတာ သဘာဝက ပေးအပ်လာတဲ့ အမှန်တရားမဟုတ်လား…..ဒါကြောင့် ကျွန်တော်တို့ရဲ့ အနာဂတ်ကို စိုးရိမ်မကင်း ဖြစ်လာတယ်….တစ်ချို့ကလေးတွေကတော့ အသိစိတ်တွေ ကင်းမဲ့ပြီး အရိုးမှန်းသိရက်နဲ့ ဇွတ်မြိုချနေသူလေးတွေကို ယုံကြည်လွန်းသူတွေလို့ မှတ်ချက်ချချင်တယ်           …….ဆေးလိပ်လေးတွေ လက်ကြားညှပ်ပြီး ဘီယာအရက်ပုလင်းတွေ ကို စားပွဲရှေ့ချ ကိုးယိုးကားယား နေထိုင်မှုတွေကို ……….စနစ်သစ်ထဲ ထိုးထဲ့ဖို့ ကျွန်တော်ကတော့ အတော်ဝန်လေးနေမိတယ်……..
            ကျွန်တော် မေမေကတော့ ဘယ်လိုမျှော်လင့်ချက်တွေနဲ့ တစ်နေရာကနေ လက်ပိုက်ကြည့်နေမလဲ မသိဘူး…အားမပြည့်သလို ချိနဲ့နေတယ်……ဖြစ်ချိန်တန်လို့ ဖြစ်သွားတာဘဲလေ……ကံစီမံရာပေါ့ဆိုတဲ့……..အဆုံးသတ် ဝေါဟာရနဲ့ ငယ်ပေါင်းကြီးဖော် မဖြစ်ခဲ့တော့ ကျွန်တော်အသက်ရှင်သရွေ့ပဲ ဖြစ်မှာပါ………….
ညနေ နေလည်း ၀င်နေပြီမို့ ကျွန်တော် အတွေးတွေ ပြန်ရုပ်သိမ်းလိုက်တယ်……..နောက်နေ့တွေမှာ ဒီမယ်ဇယ်ပင်တန်းအောက် ကဗျာတစ်ပုဒ် ဒါမှမဟုတ်ရင် ၀တ္တုတစ်ပုဒ် ရေးဖြစ်ချင်ရေးဖြစ်မယ်……… မရေးဖြစ်လဲ…ခုလိုပဲထိုင်ပြီး တစ်ခုခု တွေးဖြစ်ချင် တွေးဖြစ်မယ်…….ဘာမှ မသေချာသေးဘူး….သေချာတာကတော့  ကျွန်တော်ပြန်သွားလို့ ခဏနေကြာရင် ဆိုင်က ကောင်လေးတွေ ထိုင်ခုံသိမ်းပြီး ဆိုင်ပိတ်ကြတော့မယ်…….
ဒါကြောင့် ကျွန်တော် မယ်ဇယ်ပင်တန်းအောက်က အတွေးတွေကို လက်စသတ်ခဲ့တယ်။


                                                                                                         ချယ်ရီမဂ္ဂဇင်း                                                                                                                                    ချောအိမာန်(မန္တလေး)
                                                                                                       

2 comments:

ချော(အစိမ်းရောင်လွင်ပြင်) said...

မိမိုးတို့လို ကျောင်းသူလေးတွေ ဘယ်လောက်များနေပြီလဲ..
စိတ်ပူမိတယ်..
မိဘနဲ့သားသမီးကြားက လွဲမှားနေကြတဲ့ နားလည်မှုတွေ
အသိတရားပြန်ရတဲ့အချိန်မှာ နောင်တတွေနဲ့ ပူဆွေးမှုတွေ..
ခံစားချက်တွေ တနင့်တပိုးပေးတဲ့ ၀တ္ထုတိုလေးပါ...

Anonymous said...

ချော
သိပ်ကိုသေချာတာပေါ့ ။မြန်မာပြည်မှာအများကြီးဘဲလေ...
cem (mandalay)