Saturday, July 10, 2010

ဘယ်လိုလျှောက်ကြမလဲ


သူငယ်ချင်းတစ်ယောက်ပြန်လို့ ဘူတာလိုက်ပို့ဖြစ်တယ်… ပြောထား၊ ရေးထားတဲ့ အချိန်ကိုတော့ လေးစားစွာနဲ့ ကိုယ့်ဘက်က နောက်မကျအောင်လာခဲ့တာ ဆယ်မိနစ်လောက်တောင် စောနေသေးတယ်…ဘူတာမှာလဲ…ခရီးသွားမဲ့ သူတွေက ရပ်စောင့်၊ အိပ်စောင့် ထိုင်စောင့်နဲ့ အပြည့်ပါ… ထိုင်စရာနေရာကတော့ ခုံလေးတွေလုပ်ထားပေမဲ့ရှာမတွေ့ဘူး.. မနီးမဝေးက ခုံတစ်ခုံမှာတော့ ဘုန်းကြီးတစ်ပါးသင်္ကန်းခြုံပြီး လဲလျောင်းစွာနဲ့ ခုံသုံးခုံအပြည့်အိပ်လို့… တစ်ချို့ကတော့ ဘူတာစင်္ကြလမ်းကို ကိုယ့်အိမ်က အိပ်ရာအလား အခင်းမပါနဲ့ ခြင်းတောင်း ခေါင်းခုအိပ်နေကြတာ စွင့်လို့… ကလေးတွေ ကတော့… သူတို့ပါလာတဲ့ သံသေတ္တာပေါ် ဘောင်းဘီတစ်ဝက်ကျွတ်နဲ့ အိပ်မက်ပင်မက်နေမလား မသိ ဘယ်တော့ထွက်မဲ့ ရထားကို အိပ်မောကျစွာစောင့်နေလဲမသိ.. မိသားစုတွေအပုံအပင်…
            ကျွန်မတို့ကတော့ပါတဲ့အထုပ်တွေကိုချရင်း ဟိုကြည့်ဒီကြည့်ပေါ့… ခဏနေတော့ ရန်ကုန်ကထွက်လာမဲ့ ရထားဆိုက်ရောက်တော့မှာဖြစ်ကြောင်း… အသံကို မပီတပီေ၀၀ါးစွာကြားရတယ်… နားကကျင့်သားရနေပြီမို့… ဒါကြော်ငြာပေးတာဆိုတာ သူ့အလိုလိုသိနေပြီ…
            ရန်ကုန် ရထားဆိုက်ပြီးတော့… ကျွန်မသူငယ်ချင်းစီးမယ့်… ပုဂံညောင်ဦးရထားက တော်တော်နဲ့ဆိုက်မလာသေးဘူး… ခြင်တွေကလဲကိုက်လှပြီ… သိပ်မဟုတ်လှဘူးထင်တာနဲ့… မေးကြည့်လိုက်တော့… တွဲချော်လို့ နံနက်ငါးနာရီလောက်မှ ရောက်မှာတဲ့၊ မြတ်စွာဘုရား… ကျွန်မသူငယ်ချင်း  စိတ်အတော်ညစ်သွားတယ်… ဒါဆိုရင်တစ်ရက်ပုတ်ပြီ… အိမ်က တစ်ခေါက်ပြန်ရအုံးမယ် အဝေးကြီး… ကျွန်မတို့ စိတ်ဓါတ်ကျပြီး၊ အိမ်ကနေပဲ မသေချာသေးတဲ့ ငါးနာရီးကို ဖုန်းပြန်ဆက်ရတော့မယ်…
            အိပ်လို့ကောင်းကောင်းမပျော်ဘဲ စိတ်စောပြီး ဖုန်းဆက်ဖြစ်နေတယ်… နောက်ဆုံးကျ ဘယ်လိုမှ ဆက်မရတာမို့ မနက်လေးနာရီကို နံနက်စာ စားပြီး၊ ဘူတာကို လစ်ခဲ့ရတယ်… ရထားဆိုက်မလာသေးဘူး… မျက်လုံးကလဲ အိပ်ရေးမ၀တော့ ကျိန်းစပ်စပ်တွေဖြစ်လို့… ငါးနာရီ ဆယ်မိနစ်လောက်မှာရောက်လာတဲ့ ပုဂံရထားကိုလဲတွေ့ရော ထီပေါက်သလို ၀မ်းသာသွားတယ်… သူငယ်ချင်းကလဲ ကျွန်မကိုအားနာပြီး၊ ပြန်တာ့လို့ဘဲဇွတ်ပြောနေတယ်… သူ့ကိုတွဲပေါ်မှာမီးမရှိလို့ ဂရုစိုက်ဖို့… ပစ္စည်းတွေသေချာစစ်ဖို့ မှာရသေးတယ်… လက်ထဲပါလာတဲ့ ဓါတ်မီးကို သူပဲတွဲပေါ်မှာ သုံးဖို့ ပေးလိုက်ရတယ်… သူ့ကိုပို့ပြီးမှ စိတ်ချလက်ချနဲ့ အိမ်ပြန်လာရတယ်…
            အိမ်ရောက်တော့ မျက်လုံးက ပြန်မအိပ်ချင်တော့ဘူး… သားနဲ့သမီးကတော့ ခြင်ထောင်ထဲမှာ အိပ်ကောင်းတုန်း အမျိုးသားက ခရီးသွားနေလေရဲ့ စိတ်မချပေမဲ့လဲ ဒီလိုထားခဲ့ရတာပါဘဲ… အိမ်မှာကူဖော် တစ်ယောက်လိုချင်တာကို… စိတ်တိုင်းမကျတာနဲ့ အဆင်မပြေလှဘူး… အဓိကတော့ သားနဲ့သမီးအတွက်ပဲ ခေါင်းထဲထည့်ထားနိုင်တယ်… သူတို့တွေကို ပညာတတ်လေးတွေဖြစ်စေချင်တယ်… ဘ၀ကြီးက ကျွန်မတို့ကို ဖြစ်သလိုပေးပေမဲ့ ကျွန်မတို့က ဖြစ်သလိုနေလို့မဖြစ်ဘူး… သူတို့လေးတွေမြန်မြန်ကြီးမှပါပဲ။
            တွေးမိရင်းပဲ ဘေးအိမ်က ဆူညံဆူညံကြားရပြီး၊ စောစောစီးစီး အိပ်ချင်မူးတူးရုပ်လေးတွေနဲ့ ကလေးသုံးယောက် တရုတ်ကျူရှင်သွားကြတော့မယ်… ပြီးရင် ဗမာကျောင်း ပြီးရင် အင်္ဂလိပ်လိုသင်တဲ့ကျောင်း… စုံနေတာပဲ… ဒီကြားထဲ အိမ်ခေါ်သင်တဲ့စပီကင်၊ အိမ်မှာအားရင် စိတ်တိုင်းကျနှိပ်လို့ရနေတဲ့ ကွန်ပျူတာဂိမ်း၊ ကျန်းမာရေးအတွက်လေ့ကျင့်ခန်း ပုံမှန်လုပ်ရအောင် စက်ကရိယာပစ္စည်းတွေ… ဒါတွေကို တွေးမိရင်း၊ ကျွန်မသားနဲ့သမီးအတွက် မျက်နှာငယ်စရာပါ…
            ကလေးချင်းက မတိမ်းမယိမ်းတွေ… ဦးနှောက်က ကျွန်မကလေးတွေကပိုသာပေမဲ့… အတွေ့အကြုံနဲ့ အခွင့်လမ်းတွေက ပိုက်ဆံရှိသားသမီးမှာ ပိုများနေတယ်… ကျွန်မသားလေး ဂိမ်းမဆော့တတ်သလို… သမီးလေးက ကွန်ပျူတာဆို ကိုင်ပင်ကြည့်ဖူးတာမဟုတ်…
            သူတို့သားသမီးတွေငယ်ငယ်လေးနဲ့ ဘိုလိုကျင်လည်အောင်ပြောတတ်နေချိန်မှာ… သားနဲ့သမီးက… အခြေခံကိုလေ့လာသင်ယူတုန်း… ဒါကလဲ ကျောင်းက သင်တဲ့သင်ခန်းစာထဲက ရယူရတာပါပဲ… သူတို့ကလေးတွေက ကာတွန်းဆိုရင်တောင် အင်္ဂလိပ်စာပါတဲ့ကာတွန်းမှ ဖတ်တတ်တာ… ဗမာကာတွန်းဆိုရင် ဖတ်ရတာ ခက်လွန်းလို့ဆိုတဲ့ သူတို့မေမေပြောသံကို မကြာခဏကြားရတယ်…
            သူတို့လေးတွေရဲ့ အဖေနဲ့အမေက ပညာမတတ်ပေမဲ့ သူတို့သားသမီးတွေကို လူတန်းစိမက ထားနိုင်တယ်… ကျွန်မနဲ့ အမျိုးသားက ဘွဲ့ရပညာတတ်တွေဖြစ်ပေမဲ့… ကျွန်မတို့ကလေးတွေကို လူတန်းစိရုံလေးသာထားနိုင်တယ်… သူတို့ကလေးတွေကြီးလာရင် အားလုံး နိုင်ငံခြားပို့ပြီး… ဟိုမှာ အလုပ်လုပ်ကြမယ်… ကျွန်မကလေးတွေရော ကြီးလာရင် ဒီမှာ ဘာတွေဖြစ်လာနိုင်လဲ…
            ကျွန်မတို့ကို သဘာဝတရားကြီးက ဖဲချပ်တွေကို အတူတူဝေပေးလိုက်တာဘဲ… ကံတရားအရ ကံကောင်းသူတွေမှာ… အခွင့်အရေးနဲ့အခွင့်အလမ်းဆိုတဲ့ လမ်းကြောင်းတွေရှိတဲ့… ဖဲချပ်လေးတွေပါသွားကြတယ်… ကျွန်မတို့မှာ အဲဒီဖဲချပ်တွေမပါတော့ ကိုယ့်အားကိုယ်ကိုးပြီး… ဥာဏ်ကူရတယ်… ဒီကစားနည်းလိုဘဲ… ဥာဏ်မကူဘဲ၊ ကံတရားအရ ကိုယ့်ဆီကို ရောက်လာမဲ့ ဖဲချပ်ကိုစောင့်နေရင်… မိုးချုပ်သွားမယ်… အဲဒီတော့ဖြတ်ထိုးဥာဏ်သုံး… ကစားနည်းကို ပုံမှန်ကြီးကိုင်မထားပဲ တမျိုးပြောင်းချင်ပြောင်းရမှာပေါ့ ကျွန်မရဲ့ သားသမီးတွေမှာ သူတို့ကို အခွင့်အလမ်းတွေမပါတော့… ကျွန်မတို့ မိဘတွေတတ်စွမ်းသမျှပေါ့…
            သေချာတာတစ်ခုက ကျွန်မသားသမီးတွေကို လူညံ့တော့မဖြစ်စေရဘူး… တစ်ဆယ်ကနေ ကိုးဖြစ်သွားတာနဲ့… ရှစ်ကနေကိုးဖြစ်သွားတာ… ကိုးချင်းအတူတူပေမဲ့ ကျွန်မက ရှစ်ကနေ ကိုးဖြစ်မှုကိုပဲ လိုလားတယ်… တခါတလေ ကျွန်မကလေးတွေ မျက်နှာငယ်သလိုခံစားရတယ်… ဒါကြောင့် သူတို့အတွက် ကျွန်မ မရောင့်ရဲနိုင်သေးဘူး…
            ကျွန်မက လူကြီးတွေအတွက်ရော ကလေးတွေအတွက်ပါ စာကြည့်ခုံရှေ့မှာ စာတန်းတစ်ခုကပ်ပေးထားတယ်…
            Life is a challenge --------- meet it
ဘ၀ဆိုတာ စိန်ခေါ်ခြင်းဆိုရင်လဲ… ရင်ဆိုင်လိုက်ပါ… တဲ့
အမျိုးသားက ကျွန်မနဲ့ အိမ်ထောင်ပြုလိုက်လို့ အိမ်ပေါ်က ဆင်းလာခဲ့ရတယ်…. ကျွန်မတို့နှစ်ယောက် အတူလက်တွဲပြီး ဘ၀ရဲ့စိန်ခေါ်ခြင်းတွေကို နည်းအမျိုးမျိုးနဲ့ ကျော်လွှားဖြတ်သန်းခဲ့ရတယ်…. လူအမျိုးမျိုး၊ စရိုက်မျိုးစုံရဲ့ ကဲ့ရဲ့မှုကိုလဲ ခံခဲ့ရတယ်… အဲဒီစာတန်းလေးက  ကျွန်မတို့ကို အားဖြစ်စေခဲ့တယ်… အမျိုးသားဘက်က ခုချိန်ထိ လှည့်မကြည့်ခဲ့ပါဘူး… သားကို အချစ်ဆုံးလို့သာ ပြောတာ မျက်ကွယ်ပြုနိုင်သားပဲ ကျွန်မကတော့ ကိုယ့်မိဘလို သဘောထားပေမဲ့… စရိုက်မတူတာကြောင့် အမြင်စောင်းမှုတွေက အမျိုးမျိုးပါပဲ…
သူတို့သား ကျွန်မနဲ့လက်ထပ်ဖို့ ဆုံးဖြတ်ရဲတာကို ဇွတ်တရွတ်ဆန်တယ်တဲ့… တခါတလေ… ချင့်ချိန်စဉ်းစားတာကို…. သရဲဘော… ကြောင်တယ်တဲ့… ကျွန်မကဆင်းရဲသူတွေ မရှိသူတွေကိုပေးကမ်းတာကို… လက်ဖွာတယ်တဲ့… စည်းကမ်းနဲ့ပေးတော့လဲ ကပ်စေးနဲတယ်ဖြစ်ပြန်ရော…
အမျိုးသား ညီမ တွေထက်စာရင် ကျွန်မက အရာရာ ဦးဆောင်နိုင်တာကို… နေရာယူတယ်တဲ့… ကျွန်မရဲ့ ကျွမ်းကျင်မှုကိုကျ… လည်လွန်းတယ်လို့ခေါင်းစဉ်တပ်ကြပြန်ရော…
အဲဒီတော့ ဘယ်မှာလဲနေစရာ… အိမ်သပ်သပ်ဆီမို့လို့ပဲတော်သေး… ကျွန်မကတော့ လာမပါတ်သက်လေ ကြိုက်လေဘဲ… သားနဲ့သမီးကိုတော့ တတ်သိနားလည်အောင်သင်ပေးထားတယ်… ကျွန်မနိုင်သလောက်… ဖြည့်ဆည်းပေးနိုင်သလောက် ဖြည့်ဆည်းပေးမယ်…
ဘေးအိမ်က ကလေးတွေရဲ့ အနာဂါတ်ကကောင်းပါရဲ့… ဒါပေမဲ့ ဆုံးမပဲ့ပြင်မှုမရှိ၊ အလိုလိုက်ထားတော့ ပုံစံလေးတွေက… လူကြီးကို လူကြီးမှန်း မသိတဲ့ပုံလေးတွေဖြစ်နေပြီး ငယ်တုန်းကတော့ ထမင်းကို ၀ါးပြီး ခွံ့ခဲ့တာ ကောင်းတယ်ထင်ပေမဲ့… ကြီးလာတော့ အံဖတ်တွေလို့ ထင်နေတတ်ပြီ…
ခက်တာက သူတို့လုပ်တာတွေပဲ အကောင်းထင်နေတတ်တယ်… အမှန်တော့ ကိုယ်က ကြိုက်လို့ကောင်း၊… ကောင်းတာမို့လို့ ကြိုက်တာဆိုရင် အကောင်းဆုံးကိုပိုရနိုင်တာပေါ့ သူတို့သားသမီးတွေက… မိဘတွေပြည့်စုံလွန်းတော့ ယုံကြည်မှုနဲ့ မျက်စိမှိတ်ပြီး… အားကိုးချင်ကြတယ်…
ကျွန်မကလေးတွေကိုတော့ ယုံကြည်မှု… စိတ်ဓါတ်တွေသေချာခိုင်မာအောင်… တတ်စွမ်းသမျှပြုစုပျိုးထောင်ရတယ်…ကော်ပါတ်ရုပ်ကို လူအစစ်ထင်ပြီး ပျော်တတ်တဲ့ကလေးမျိုး ဖြစ်သွားမှာကို ကျွန်မကြောက်တယ်… သူတို့စိတ်ထဲမှာ အမှားအမှန် အတုအစစ်ခွဲခြား ဆန်းစစ်နိုင်ဖို့စွမ်းရည်တွေရှိလိမ့်မယ်လို့… ယုံကြည်တယ်…
သူတို့ကလေးတွေ စူပါမားကတ်တွေသွား Ready made တစ်ထည် သုံးလေးသောင်း ၀ယ်ပေးနိုင်ချိန်မှာ… ကျွန်မကိုယ်တိုင်ချုပ်ထားတဲ့ တရုတ်ချည်သား အကျီင်္လေးက သားကိုယ်ပေါ်မှာ အရောင်တောက်ပနေပါတယ်… သူတို့တွေ ကောင်းလှတဲ့ ကျူရှင်တွေ၊ သင်တန်းတွေထားပေးနိုင်ချိန်မှာ… ကျွန်မသားသမီးအတွက်… အဲဒီပညာထက်မလျော့တဲ့… လောကရဲ့အသိအမြင် ဗဟုသုတတွေ… လူမှုဆက်ဆံရေးတွေ… ကျွန်မသင်ပေးနေနိုင်ပါတယ်… သူတို့သားသမီးတွေ ဘွဲ့ယူနေတဲ့အချိန်မှာ… ကျွန်မသားနဲ့သမီးလဲဘွဲ့ရနေနိုင်ပါပြီ… ကံကောင်းရင် ဘွဲ့နှစ်ခုတောင်ဖြစ်ချင်ဖြစ်အုံးမှာ…
သားသမီးနဲ့ပါတ်သက်ရင် လူတိုင်းမှာတော့ အတ္တရှိကြတာပဲ… ကျွန်မ သားနဲ့သမီး အတွက် ဘယ်လိုရှေ့ဆက်လျှောက်မလဲ… ပိုက်ဆံရှိသူနဲ့ မရှိသူကြားမှာ အရမ်းကွာခြားသွားမဲ့ လူနေမှုစနစ်ရဲ့ဒါဏ်ကို… ကျွန်မကလေးတွေမခံစားစေချင်ဘူး…
သူတို့တွေကြီးကျယ်ခန်းနားထဲ့ စူပါမားကတ်တွေသွားတတ်ရင်… ကျွန်မကလေးတွေလဲ သွားရဲရမယ်… သွားတတ်ရမယ်… ပြိုင်ဆိုင်လိုတဲ့စိတ်မရှိပေမဲ့ နည်းနည်းလေးကနေ အရာရာနှောင့်နှေးပြီး ကျန်ခဲ့မဲ့အဖြစ်ကို ကျွန်မ မလိုလားဘူး… သူတို့တစ်ခုသိရင်၊ ကိုယ့်ကလေးလည်းသိနေနိုင်ရမယ်… ဖြစ်ချင်တာတွေများပြီးကလေးတွေကို မနိုင်ဝန်ထမ်းခိုင်းတာမျိုးတော့မဟုတ်ပါဘူး… ဒီတော့ ကလေးတွေ ဘယ်လိုဆက်လျှောက်မလဲဆိုတာ ကျွန်မစိတ်ဝင်စားတယ်… ရှေ့က လူက နည်းမှန်၊ လမ်းမှန်ဖြစ်ဖို့ အရေးကြီးတယ်။
ကိုယ့်မှာ နဂိုမူလကတဲက လက်ထဲမှာရှိနေတဲ့ ဖဲချပ်လေးတွေိကို တတ်လာမဲ့အခွင့်အလမ်း ဖဲချပ်လေးတွေနဲ့တွဲပြီး၊ အကျိုးရှိစေဖို့ ကိုယ်တိုင်တာဝန်ယူရမှာဘဲ… ကိုယ့်ဆီမှာရှိတဲ့ မူရင်းတွေကိုအသုံးမချ… ပါတ်ဝန်းကျင်ကို မလေ့လာဘဲနဲ့လဲ ကံတရားဖဲချပ်ကို အသေစောင့်ပြီး၊ မျှော်ကိုးနေလို့လဲမရဘူး… တိုးတတ်ခြင်းရဲ့လမ်းစကိုရဖို့အတွက်… လူငယ်တွေ ခုချိန်ကတဲက ဘယ်လိုလျှော်ကြမလဲ….
သားနဲ့ သမီးအတွက် အမြဲတွေးပူနေတဲ့ ကျွန်မကို အမျိုးသားက ပြောတယ်… နောက်ကျရင်ဖြစ်သွားမှာပါကွာ…တဲ့… အဲဒီနောက်ကျရင် ဆိုတဲ့စကားလုံးကို ကျွန်မက မကြိုက်ဘူး… နောက်ကျရင် နောက်ကျသွားရင် ဘယ်လိုလုပ်မလဲ…
ပိုက်ဆံရှိချမ်းသာကြတဲ့… အသိုင်းအ၀ိုင်းတစ်ခုထဲကွက်ပြီး… တိုးတတ်နေတာကို တကယ်တိုးတတ်တယ်လို့ မခေါ်နိုင်ပါဘူး… ဒါပေမဲ့… သူတို့သားသမီးတွေကတော့ လှေကားအဆင်သင့်ပေါ့လေ… လှေကားဆိုရင်တောင်တတ်ရတာ မောပန်းနေအုံးမယ်... ဓါတ်လှေကား ဓါတ်လှေကားပေါ့……
ကျွန်မသားသမီးတွေအတွက်ကတော့… တတ်ရမဲ့လမ်းတွေက မချောမွေ့ဘူး… ကျောက်သား၊ ကျောက်ဆိုင်တွေပေါမယ်… စူးခလုပ်တွေရှိမယ်… ပင်ပန်းမယ်… အဲဒီအတွက် စိတ်ဓါတ်ကျဖို့မလိုပါဘူး… ကိုယ့်လမ်းကိုယ်ဘယ်လိုလျှောက်မလဲပဲသိဖို့လိုအပ်တယ်… အမြင့်ကိုအတူတူရောက်ခဲ့ရင်တောင် မင်းတို့မှာ အတွေ့အကြုံ တွေရဲ့အင်အား… ပင်ပန်းခဲ့ရတဲ့ ခံနိုင်ရည်သတ္တိ… ဆိုတဲ့စွမ်းရည်တွေပိုသာနေပါလိမ့်မယ်… ကျွန်မအာမခံနိုင်ပါတယ်…
ကော်ဖီဖျော်ရင်းတန်းလန်း သားနဲ့သမီး နိုးလာပြီမို့ ကျွန်မအတွေးတွေ အဝေးကို ရောက်သွားသည်… နံနက်စာစားပြီး… ထမင်းချိုင့်ကိုယ်စိယူပြီးချိန်မှာ… အမေလုပ်သူကို နမ်းသွားရင်း ကျောင်းကို ခြေလျင်ချီတတ်သွားကြပြီ…
သူတို့လေးတွေရဲ့ခြေလှမ်းတွေဟာ… နောင်နှစ်ပေါင်းများစွာကြာတဲ့အချိန်မှာ… ဘယ်လိုခြေလှမ်းတွေနဲ့ လျှောက်လှမ်းနေပြီလဲ…. ကျွန်မ သိချင်လိုက်တာ……………..။

ရုပ်ရှင်အမြုတေမဂ္ဂဇင်း (၂၀၀၆)
ချောအိမာန် (မန္တလေး)

No comments: