Wednesday, July 7, 2010

စိမ့်မိုးများ






( ၁ )
            ကလေးလေး မွေးပြီ…
            ကလေးလေးမွေးသွားပြီတဲ့… ပြီးတော့ မိန်းကလေးတဲ့
            ကလေးလေးက ဘယ်သူနဲ့များတူသလဲ…
            သူ့အဖေက မိန်းကလေး ဆိုတာသာသိရင် ဘယ်လောက်ဝမ်းသာ လိုက်မလဲ။ သူမ ကြားကြားချင်တောင် ရင်ထဲမှာ ဘာမှန်းမသိ ဘယ်လိုခံစားချက်မှန်းမသိတဲ့ လှိုင်းတစ်ခုဖြတ်သွားသလိုဘဲ…
            သူမ… ကလေးလေးကို ကြည့်ချင်ပါတယ်…
            ဖုန်းထဲက အသံရှင်သူမကို ချက်ချင်းလှမ်း အကြောင်းကြားတဲ့ ကလေးလေးရဲ့အဖေ့အသံဟာတုန်လှုပ်မှုတွေနဲ့ အကြောင်းကြားခဲ့တာ…
            သူမ နံရံမှာ ချိတ်ထားတဲ့ ဓါတ်ပုံတွေဆီ အကြည့်ရောက်တော့ သွားလေးတွေ အစွမ်းကုန်ပေါ်အောင်ရယ်မော နေကြတဲ့ သားနှစ်ယောက်။ သားနှစ်ယောက်ရဲ့တဖက်စီမှာ တော့ သူမနဲ့ခင်ပွန်း… ကလေးတွေအဖေပေါ့
            သူမ ကိုယ်ဝန်ကို အင်မတန် ဂရုစိုက်ပြီး သားကြီး ကိုမွေးပြီဆိုတာ သိလိုက်တော့။
            သူ လက်သီး လက်မောင်းတန်းပြီး မွေးခန်းအပြင် ဘက်မှာ အော်မိတာ အကြိမ်ကြိမ်တဲ့…
            “ ဒါမှ ငါ့သားကွ “ ဆိုတဲ့ မာန်အပြည့်နဲ့သူ့အဖေကို ဆေးရုံက ဆရာမတွေက သဘောကျလွန်းလို့ တခစ်ခစ်ရယ် ကြတယ်… သူကတော့ မရှက်ဘူး… သားကို လက်ပေါ်ကမချ။ နှာတံ၊ မျက်ခုံးတွေက သူနဲ့တူပြီး နှုတ်ခမ်းလေးနဲ့ မျက်နှာကျက သူမနဲ့တူတယ်တဲ့…. အသားအရည်ကတော့ ဖြူနုနေတာဘဲ… အံမယ် ရယ်လိုက်တော့မှဘဲ ညာဘက် ပါးမှာ ပါးချိုင့်ကြီးက ထင်လို့… သားမျက်နှာကို မွှေးကြူမဆုံး၊ နမ်းလို့လဲ အားမရ၊ အနှီးတွေကို ကိုယ်တိုင်လျှော်၊ ဖြစ်နိုင်ရင် သူက နို့တောင်သူတိုက်ချင်တာ။ အဲဒီလောက် သဲခဲ့တဲ့ သားတို့ရဲ့အဖေနော်။
            ပြည်ပန်းညိုဟင်းရည် သောက်ရတယ်။ ကလေးအတွက် နို့ထွက်ကောင်းတယ်… မိန်းမ ဘာမှမလုပ်နဲ့ သား ကိစ္စကိုယ်ပဲလုပ်မယ်။ ဟောသားငိုနေပြီ ရှူးရွှဲနေတာ… နေ နေ အိပ် မိန်းမ ကိုယ်လုပ်ပေးလိုက်မယ်…
            သားက ဗိုက်နာလို့လား မသိဘူး၊ အီနေတယ်။ ကိုယ်ချော့လိုက်မယ်။ အိပ် မိန်းမ အိပ်ရေးဝအောင်အိပ်။ ခုတလော မိန်းမကြည့်ရတာ နည်းနည်းပိန်နေသလိုပဲ။ အားရှိတာစားချင်တာစား၊ ဘာမှ လုပ်မနေနဲ့။
            သားကို မြန်မြန်ကြီးစေချင်လှပြီကွာ၊ ဆရာဝန်ဖြစ်မလား၊ အင်ဂျင်နီယာ ဖြစ်မလား၊ စီးပွားရေးလုပ်ငန်းရှင်ကြီး ဖြစ်မလား။
            သား အဖေ အသံတွေ… နောက်မှာ အတိတ်မှာ ကျန်ခဲ့ပြီ။ ခုရော… သူမအပေါ်မှာ ဂရုစိုက်ခဲ့သလို ဂရုစိုက်နေမှာဘဲလား… ဒီလိုဆိုလဲ ကောင်းတာပေါ့၊ မိန်းမသား တွေဆိုတာ ဒီအချိန်မှာ လင်သားရဲ့ မျက်နှာဟာ အားဆေးလိုပဲ…
            သူမ တကယ့်ကို ပကတိအတိုင်း စိတ်ထဲမှာ ဘာရှိသလဲဆိုတာ ပြန်ကြည့်တော့ သူမအမှန်တကယ် ၀မ်းသာ တာဖြစ်သလို၊ ရင်ထဲမှာ အမျိုးအမည်ဖော်မရတဲ့ ခံစားချက်ပါ ဒွန်တွဲပါလာခဲ့တယ်။ အဲဒါကို ဘယ်လို ထုတ်ဖော်ပြောရမလဲ ဆိုတာ သူမကိုယ်တိုင်လဲ အတိအကျမသိပါ။ မျက်ရည်ဝေ့တတ်လာသည်အထိ သူ့အသံကို ဖုန်းလိုင်းထဲကနေ ကြားရစဉ် ပြန်မပြောနိုင်အောင်ခေတ္တဆွံ့အသွားခဲ့တယ်…
            အရင်တုန်းကတော့ ဝေဒနာ အထုပ်အပိုးကြီးကို ထမ်းထားရတာ ခါးသီးစရာကောင်းသလို မလွတ်လပ်လိုက်တာ။ ပေါက်ကွဲမှုတွေ အကြိမ်ကြိမ် ပိုးကိုက်ရာဗလပွနဲ့အနားသတ်တွေက စုတ်ပြတ်နေခဲ့တယ်။ ကိုယ်ချင်းစာတရားဆိုတာ သူမရင်ထဲ တကယ်ပင်ကိန်းဝပ်နိုင်ပြီးလားလို့ စဉ်းစားမိတဲ့ တခဏ ခြောက်ခြားသွေးပျက်ခဲ့တယ်။ ဘယ်လို ရင်ဆိုင်ရမလဲဆိုတဲ့ အခန်းကို တစ်ခန်းချင်း စဉ်းစားတိုင်း သူမက စိတ်ရိုင်းတွေဝင်နေတဲ့ လူရိုင်းမကြီး ဖြစ်လို့နေတယ်။
            ရယ်စရာကောင်းသလို၊ ငိုချင်စရာတွေနဲ့ပြည့်နှက် နေတယ်၊ သား နှစ်ယောက်များ သိခဲ့ရင် ဘယ်လောက်တောင် သူ့အဖေအတွက် နောက်ပြီးသူမအတွက် ၀မ်းနည်းဒေါသဖြစ်လိုက်မလဲလို့ တွေးမိတယ်။
            သူမရဲ့ ခန္ဓာကိုယ်တစ်ခုလုံး အားအင်တွေ ယုတ်လျော့သလို ခံစားရပြီး ကြမ်းပြင်ပေါ်ပစ်လဲကျသွားဖူးတယ်၊ ငိုထားတဲ့ အရှိန်နဲ့ မျက်လုံးတွေ ဖူးရောင်မှုက ဖွင့်လို့မရအောင်ကို ပိတ်နေခဲ့တယ်။ သူမရဲ့ လက်သီးဆုပ်တွေဟာ သူ့ရဲ့ရင်ဝနဲ့ ပခုံးထက်ဆီကို ဦးတည်ခဲ့တာ အချက်ငါးဆယ်မက … သူကတော့ သူမကို ဆွဲပွေ့ဖက်ပြီး နီရဲတဲ့ မျက်ဝန်းတွေကြားက တောင်ပန်ဖို့ ကြိုးစားတယ်။
            ဟင့်အင်း မတောင်းပန်ပါနဲ့ အဲဒီစကားသံကြားရင် ဒီထက်ဆိုးတဲ့ အပြုအမှုကို သူမလုပ်မိလိမ့်မယ်။ သူနှစ်သက် လှပါတယ်ဆိုတဲ့ စာအုပ်တွေကို စင်ကနေယူပြီး အကုန်လွင့်ပစ်လိုက်တယ်။ ရင်နာပေမယ့် သူလဲ ဒီအတိုင်းကြည့်နေတယ် သူမြတ်နိုးတဲ့ ပစ္စည်းတွေဟာ တဒင်္ဂအတွက်လား၊ သူမကရော တဒင်္ဂ ဖန်တီးရှင်တော့ မဖြစ်ထိုက်တာ သေချာပါတယ်။
            သူမ ဟားတိုက်ရယ်မောလိုက်တယ်။ ကြောင်စီစီ မျက်လုံးတွေကို သူကြောက်ပုံရတယ်။ သူမ ပုခုံးကို ကိုင်ပြီး ခေါ်တယ်။ အသိနဲ့ သတိ ပြန်ဝင်လာအောင် ပုတ်နိုးလိုက်သလိုဘဲ။ နောက်သူမရင်ထဲ ၀မ်းနည်းမှုနဲ့ အတူ ငိုမိတယ်။ သူက သူ့ရင်ခွင်ထဲကို သူမအား ဆွဲသွင်းပွေ့ဖက်ပြီး သူမရဲ့ မျက်ရည်တွေသုတ်ပေးရင်း တရှိုက်မက်မက် နမ်းတယ်။ သူမ မရုန်းကန် မိတော့သည်တိုင် အရုပ်ကျိုးပြတ်ဖြစ်သွားခဲ့တယ်။
            ရှင်ဘာဖြစ်လို့ ကျွန်မကို နမ်းနေသေးလဲ…
            သူမ မမေးဖြစ်တော့ပါဘူး။
            မောပန်းနွမ်းလျတဲ့ စီးဆင်းမှုနဲ့အတူ သူမတို့နှစ်ယောက် တကုတင်ထဲမှာ အတူအိပ်စက်ခဲ့ကြသေးတယ်။ သူမ ဘာကို လိုချင်တာလဲ သူဘာတွေဖြစ်ချင်တာလဲ… ဆိုတာတွေမသိနိုင်… အိပ်မက်တွေပျက်စီးပြီလားမသိနိုင် ဘာမှမသိနိုင်တဲ့ နေ့တွေကို အဓိပ္ပာယ်မဲ့ ကျော်ဖြတ်ရဦးမှာပါလားလို့ မှန်းဆရင်း… သူမဟာ နေ့သစ်တွေကို ရင်ဆိုင်ဖို့အသင့်ပြင်ခဲ့တယ်…
( ၂ )
            စားပွဲပေါ်ကို ပက်ကနဲ ကျသွားတဲ့ အဖြူရောင် စာရွတ်ကို ကြည့်ရင်း သူ့မျက်ဝန်းတွေ အရောင်ပြောင်းလဲသွားတယ်။ ဒါကြိုတင် သိသင့်တဲ့ကိစ္စဘဲ သူမက ဘက်မှတ် ထိုးပြီးပြီ။ သူက စာရွတ်ကိုကိုင်ရင်း ဒါမလိုအပ်ဘူးတဲ့။    
            သူမအတွက် လိုအပ်တယ်လေ…
            သူ ရှင်းပြတာကို နားထောင်ပါတဲ့…
            ဒါကမှ တကယ်မလိုအပ်တဲ့ ကိစ္စဘဲ…
            အချစ်နဲ့ နှလုံးသားရေးရာကိစ္စမှာ ပေတံမရှိပါဘူး။
            လမ်းဟောင်းကြီးအတိုင်း ပြီးဆုံးလို့… ဘာကိုမှ စွဲမက်လို့မရနိုင်ပါဘူး။ သူမ အဖြေကိုမရှာချင်ဘူး။ သေဆုံးသွားပါစေ။ နေပါစေတော့။
            ဘာမှ မသိတဲ့ အဝေးက သားနှစ်ယောက် မျက်နှာ မြင်မိတော့ သူတို့ကို ခံစားမှုတွေ မပေးချင်ဘူး။ ပိုစိတ်ထိခိုက်မှုက ကြီးစိုးလာတယ်။
            သူလဲ တဒင်္ဂစိတ်ရဲ့ အဖြစ်အပျက်ကို တွေးနေပုံရတယ်။ သူ့အကြောင်းကို သူမသိတာပေါ့။ ဘာကြောင့်များဆိုတဲ့  နောက်ကွယ်မှာ အဖြစ်အပျက်တွေက ပြီးခဲ့ပြီ။ ရှိနေတဲ့ အဖြစ်ကတော့ ပြန်ပြင်လို့ရမှာ မဟုတ်။ သားတွေရဲ့ အဖေ အဖြစ်သူ့ကို ဂုဏ်သိက္ခာရှိစွာ လေးစားနေစေချင်သေးတယ်။ အဖေကို အထင်သေးတဲ့၊ မလေးစားတဲ့၊ အပြုအမူမျိုးကို သားတွေမှာမရှိစေချင် ငရဲမရစေချင်။ ဒီလိုနဲ့ သူမ ဒေါသတွေ  မီးတွေကို ချိုးနှိမ်ပစ်ခဲ့တာ ဘယ်လောက်အံသြစရာ ကောင်းသလဲ။ ကိုယ်ပိုင်တဲ့ စိတ်ချမ်းမြေ့မှုလေးကို ကိုယ်မှ ရအောင် မဖန်တီးနိုင်ရင် သူမဟာ ခံနိုင်ရည်ဆိုတာရှိပါဦးမလား။တကယ်တော့ ခံနိုင်ရည်ဆိုတာ မျိုးရိုးဗီဇအရ ပါလာတာမဟုတ်ပါဘူး။ ကြိုတင် ပြီးတော့ လေ့ကျင့်တည်ဆောက်ထားခဲ့တာလည်း မဟုတ်ပါဘူး။ ဘယ်မိန်းမကမှ ဒီလို အဖြစ်မျိုးကို လက်ပိုက်ပြီး ခံနိုင်ရည် ရှိနိုင်မှာတဲ့လဲ။ သူမလည်း ပုထုဇဉ်လူသားတစ်ယောက်ပဲလေ။ သေချာတာတစ်ခုကက သူများနဲ့မတူတဲ့ ခံယူချက် အစိတ်အပိုင်းတစ်ခုက သူမမှာ ရှိနေပြန်တယ်။ ဒါဟာ ဗုဒ္ဓတရားတော်နဲ့ ဆက်နွယ်နေတဲ့ မေတ္တာတရားပဲ။ အခြားအရာတွေကို ဥပေက္ခာမပြုနိုင်ခဲ့ဘူး။ အဲဒီမပြုနိုင်ခြင်းကပဲ သူ့အပေါ်မှာတင်ကျန်နေတဲ့ သူမရဲ့အကြွေးပဲဆိုပါတော့။ ဒီတစ်သက်တော့ ကုန်အောင်ဆပ်သွားမယ်။ သူ ဒါကိုမသိလို့မှမဟုတ်ဘဲ။
            “ သူငယ်ချင်းရယ် မင်းကို အရမ်းချီးကျူးတယ် ဘယ်လိုစိတ်နဲ့များ ဒီလိုနေနိုင်တာလဲ။ ငါသာဆိုရင် ဘာဖြစ် ဖြစ်ကွဲ ပစ်မှာ “
            သူငယ်ချင်းစကားကို ခေါင်းငြိမ့်မိတယ်။ သူမ ကြိုးစားခဲ့တယ်လေ။ တဖက်သတ်ဘဲမမြင်တဲ့ စိတ်က သူမရဲ့ဒေါသကို တားဆီးထားစေတယ်။ မှားခြင်းဆိုတဲ့ အထဲမှာ သူမ ပိုင်ဆိုင်ခဲ့တယ်လို့ထင်ခဲ့တဲ့ သူမခင်ပွန်းက တစ်ဝက်တိတိမှားနေခဲ့ပြီလေ… အဲဒီအမှားအတွက် သူတပါး အပေါ်မှာဘဲ အပြစ်ပုံချတာလဲ မလိုချင်… သူမ ကိုယ်တိုင်တဖက်ပေါ်ဝင်ခံစားမိတော့ တဖြေးဖြေးကိုယ်ချင်းစာ နားလည် လာမိတယ်။
            သူမရဲ့ ခြေဖ၀ါးမှာ မျက်ရည်တွေ စွန်းပေကျန်ခဲ့သည်အထိ ဒူးထောက် ကန်တော့တောင်းပန်နေတဲ့ ကောင်မလေးက ငယ်ငယ်ရွယ်ရွယ် သူမ သားအကြီးလေးနဲ့မှ မတိမ်း မယိမ်းဖြစ်မလားဘဲ။ ဒီဝဲဂယက်ထဲကို မင်းဘယ်လိုများကရောက်ခဲ့တာလဲ… သူမက “ မင်းအကို့ကို တကယ်ချစ်ခဲ့သလားဆိုတော့ “… ဘာမှ မဖြေနိုင်ဘဲငိုနေတယ်။ သူမ စိတ်ပူတာက ဒီကောင်မလေးမှာ ရည်ရွယ်ထားတဲ့ ချစ်သူရှိ နေမှာကိုပါ။ နောက်တော့ မရှိမှန်းသိရတယ်။ မိန်းကလေးရဲ့ အဖြေမှာတော့ နှစ်နှစ်ကာကာ ချစ်ခဲ့လို့မဟုတ်ဘဲ တဒင်္ဂရဲ့သာယာမှုက ဖမ်းစားလိုက်တာဘဲ။
            နံရံပေါ်က စာသားလေးဆီ အကြည့်ရောက်သွားမိ ပြန်တယ်…
            “ ကမ္ဘာကြီးအတွက် အမှန်တကယ်
            လိုအပ်နေတာက မေတ္တာတရားပါ
            ကိုယ်ချင်းစာစိတ်နဲ့ ဂရုဏာတရားပါ
            လူသားအချင်းချင်း နားလည်သည်းခံမှုနဲ့
            ချစ်ခင်လေးစားမှုပါ။ ကိုယ်ကျိုးစွန့်အနစ်နာခံပြီ
            အများအကျိုး ဆောင်သယ်ပိုးတဲ့ ပရဟိတစိတ်ဓါတ်ပါ။
            မဂ္ဂဇင်းစာအုပ်ထဲက ဆရာမကြီးလူထုဒေါ်အမာ ပြောခဲ့တဲ့ စကားကို ကပ်ထားတာ။ ကမ္ဘာကြီးမှာ ဆာလောင်မွတ်သိပ်မှုတွေ အများကြီး။
            ဒီအထဲမှာ သူမဟာ အတ္တတွေနဲ့ ဆာလောင်နေတဲ့ သူမဖြစ်ချင်ဘူး။ ဒီနောက်ပိုင်းမှာ သူမ လူသားအချင်းချင်း စာနာ နားလည်မှုကို ဘယ်လောက်ရခဲ့သလဲဆိုတဲ့ အရည်အချင်းကို စစ်တဲ့စားမေးပွဲကို ဖြေခဲ့ရသလိုဘဲ။ အဲဒီအတွက် သူမ အသိုင်းအ၀ိုင်းက ပတ်ဝန်းကျင်က အပြစ်တင်ချင်တင်ကြလိမ့်မယ်။ သူမရဲ့ စိတ်တွေ ဖြေလျော့ဖို့ တစ်ခုတည်းသောအားက စိတ်ဓါက်ပင်။ ဒါပေမဲ့ ဟန်ဆောင်နေတဲ့ စိတ်တော့မဟုတ်၊ ပင်မစိတ်ကိုက ကောင်မလေးကို ကိုယ်ချင်းစာသနားလာခဲ့တယ်။ ဒုက္ခရောက်နေရတဲ့ ကြားထဲ သူမရဲ့ မျက်နှာတောင်မကြည့်ဝံ့တဲ့ ကောင်မလေးကို ပိုးဆိုးပတ်စက်ပြောဖို့ စိတ်ဆင်းရဲအောင် လုပ်ဖို့အခွင့်အရေးတွေက သူမလက်ထဲမှာ သူမ ခင်ပွန်းအပေါ်မှာလည်း စိတ်အနှောင့်အယှက်ဖြစ်အောင် လုပ်လို့ရနိုင်သေးတာဘဲ…
            ဆုံးရှုံးခြင်းကို မှားယွင်းခြင်းလို့ မထင်ချင်ပါဆိုတဲ့ သီချင်းစာသားလေးအတိုင်း ဒါကို အမှားအယွင်းကြီး တစ်ခုလို့မထင်ချင်တော့ပါဘူး။ ပင်ပန်းလွန်းလှတယ်။ ဒီအချိန်မှာ ၀န်ခံခိုင်းလည်း တစ်ခုဘဲရှိတော့တယ်။ ကိုယ်တစ်ယောက်တည်း ဘ၀ကို ရင်ဆိုင်ဖို့အသင့်ပြင်ထားပြီးပြီလေ…
( ၃ )
            ဒီကိစ္စကို သားနှစ်ယောက်သာ သိသွားရင် သူတို့လေးတွေကို ခံစားရမှာစိုးတဲ့ စိုးရိမ်စိတ်တွေက နေ့စဉ်နှင့်အမျှ ကြီးစိုးနေခဲ့တယ်။ တကယ်တမ်းသိသွားတဲ့ အချိန်မှာ သားတွေလည်း ဘူမကို ခံစားရလိမ့်မယ်ထင်တယ်။ ဒါပေမဲ့ ဘယ်လောက်အံ့သြစရာကောင်းသလဲဆိုရင် သူတို့က သူမကို အင်မတန် နှစ်သိမ့်တတ်ပြီး သူ့အဖေအပေါ် အထင်သေးခြင်းမရှိဘဲ တစ်ဖက်မိန်းကလေးကိုတော့ စာနာတယ်တဲ့။ သူမကိုတော့ အတတ်နိုင်ဆုံး သားနှစ်ယောက်က မျှော်လင့်ချက်မဲ့မသွားစေခဲ့ဘူး။ အံ့သြစရာ သားတွေကပဲ သူမနဲ့တူနေခဲ့သလား။ သူမ မဖြစ်စေချင်တဲ့ တုန့်ပြန်မှုမဟုတ်လို့ ရင်ထဲမှာ ၀မ်းသာမိတယ်။ သူမကိုလဲ…
            “ အမေ အဖေနဲ့ မကွဲပါနဲ့ ကွဲစရာမလိုပါဘူး “ တဲ့ သားရဲ့ ကတိအထပ်ထပ်တောင်းဆိုမှုမှာ ကောင်းပါပြီဆိုပြီး ကတိပေးလိုက်ရတယ်။
            “ အဖေက အမေ့အပေါ်မှာ အနိုင်ယူနေသလား “ တဲ့ သားငယ်ကမေးတယ်။
            ဟင့်အင်း သူဘာမှ အနိုင်ယူလို့မရတဲ့အပြင် အခြားအရာတွေကိုတောင် လိုက်လျောပေးနေရသေးတယ်။
            “ သားတို့နဲ့ အဖေတူ အမေကွဲ ကလေးတစ်ယောက် ရောက်လာတော့မယ် “ ဆိုတော့ …
            “ ဟင် ဟုတ်လား အမေ။ ညီမလေးဖြစ်ရင် သိပ်ကောင်းမှာဘဲ “
            “ သားက ချစ်မှာလား “ ဆိုတော့
            “ ချစ်မှာပေါ့ အဖေသွေးဘဲ “ လို့ မဆိုင်းမတွဖြေတယ်။
            တက်ကြွတဲ့လေသံတောင် ပါနေတဲ့ သားအသံက သူမအတွက် ခါးသီးစရာမဟုတ်ခဲ့တာတော့ သေချာပါတယ်။ အရင်က သူတို့ပြောဘူးတယ်။ အမေ ညီမလေးတစ်ယောက်လောက် မွေးပေးစမ်းပါတဲ့။ သူမ မမွေးတော့ဘူးဆိုတာ ကိုယ်တိုင်ပဲသိတာမို့… ပြုံးရုံသာပြုံးနေလိုက်တယ်။ သူတို့မျှော်လင့်နေတာကိုတော့ ဒီအတိုင်းလေးဘဲ ရှိစေချင်တယ်။
            သူမဟာ မိန်းကလေးတစ်ယောက်ကို သားအဖေနဲ့သားတို့အတွက် မမွေးပေးနိုင်တာသေချာတယ်။ အဲဒီအတွက်တော့ ၀မ်းနည်းသလိုခံစားရတယ်။ တကယ်တမ်း ဒီနေ့လိုနေ့မျိုးမှာ တိတ်ဆိတ်မှုက ပိုကြီးစိုးနေသလို ခံစားလာရတယ်။ အိမ်မှာ သူမတစ်ယောက်တည်း…
            ဒီနေ့ သားတို့ရဲ့အဖေဆီက ဖုန်းရပြီး တိုက်တိုက်ဆိုင်ဆိုင် သိပ်မကြာခင်မှာ သားဆီက ဖုန်းဝင်လာလို့ ပြောပြလိုက်တယ်။ သားကြီးက
            “ အမေ အခုဘာလုပ်နေလဲ
             ဘယ်လိုခံစားနေရလဲ
            သားနားလည်ပါတယ် အမေ “ တဲ့။
            သားကြီး အမေးကို မဖြေနိုင်ခဲ့ဘူး။
            တကယ်တမ်း သူမဘာလုပ်နေခဲ့သလဲ ဆိုတာတောင် မသိ ထိုင်ပြီး အတွေးတွေထဲ သံသရာလည်နေတယ်လို့ ထင်တယ်။ ထိုင်ပြီးတွေးနေခဲ့တာ အတော်တောင်ကြာသွားပြီ။ သူမရဲ့ ညာလက်ထဲမှာ မေ့ပြီးဖုန်းကိုတောင် ကိုင်ထားတာ ဘယ်လောက် အချိန်တွေကြာသွားခဲ့ပြီလဲ။
            သူမ အ၀တ်အစားလဲပြီး အိတ်တစ်ခုကို အဆင်သင့်ပြင်ဆင်လိုက်တယ်။ အဲဒီ အိတ်ထဲမှာ သားတို့တုန်းက အသုံးပြုတဲ့ မဟောင်းသေးတဲ့ အနှီးတွေနဲ့ … သားငယ်လေးရဲ့ အကျီင်္တစ်ချို့ကိုထည့်လိုက်တယ်။ သားတို့နဲ့ပတ်သက်သမျှကို အကုန်ထိန်းသိမ်းထားခဲ့တယ်။ အနှီးလေးရဲ့ အောက်ခြေမှာ နာမည်လေးတွေထိုးထားသေးတယ်။
            ဆေးရုံ ဓာတ်လှေကားနဲ့မတတ်ဘဲ လှေကားထစ်တွေအတိုင်း တတ်ခဲ့တယ်။ ခြေလှမ်းတွေက ရင်ခုန်သံတွေနဲ့အတူ အကိုပြောထားတဲ့ အခန်းနံပါတ်ရှေ့အရောက် သူမလှေကားတတ်လာတဲ့အရှိန် ပိုမောနေခဲ့ပြီ။ တံခါးလက်ကိုင်အဖုလေးကို အဖွင့် တစ်ဖက်ကလဲ အဖွင့်မို့ သူမနည်းနည်း လန့်ပြီးတော့တောင် တုန်သွားတယ်။
            အစ်ကို…
            သူ မအိပ်ရဘူးထင်တယ်။ မျက်ဝန်းတွေတောင်ချောင်လို့။ ဟုတ်မှာပါ သူမ မွေးတုန်းကလည်း သားတွေကို မအိပ်ပဲ ပြုစုနေခဲ့တာ အကြောင်းမကြားဘဲ ရောက်လာတော့ သူကလည်း ရုတ်တရက် အံ့သြသွားဟန် အထင်သားမျက်နှာမှာ မြင်လိုက်ရတယ်။ အစ်ကို့ မျက်နှာက တစ်မျိုးဘဲ… သူမ လာတာကို မကြိုက်တာလား မဖြစ်နိုင်ပါ… အခန်းထဲရောက်တော့ ကုတင်ပေါ်မှာ ဖျော့တော့စွာ အိပ်နေတဲ့ မိန်းကလေး ။ သူမ ပတ်ဝန်းကျင်မှာ ကလေးလေးကို ရှာနေမိတယ် မတွေ့။ မိခင်နဲ့အတူ ရှိနေရမဲ့ ကလေးလေးက ဘယ်မှာလဲ။ အစ်ကို့ မျက်နှာကို ကြည့်တော့ သေချာပေါက် မျက်နှာပျက်နေတယ်။ အစ်ကို ဘာဖြစ်တာလဲ
            “ ကလေးရော ဟင် “
            အစ်ကိုက သူမလက်ကိုဆွဲတယ်။ အခန်းထောင့်လေးထဲမှာ သူမနဲ့ အနီးဆုံး မျက်နှာနားထိုးကပ်လာပြီ
            “ သမီးလေးက… ကုလို့မရတဲ့ မွေးရာပါ နှလုံးရောဂါပါလာတယ် ပေါင်ချိန်လဲမပြည့်ဘူး။ လွန်ခဲ့တဲ့ တစ်နာရီလောက်က အရေးပေါ်အခန်းထဲမှာဘဲ အသက်မရှိတော့ဘူး “
            “ အို “
            သူမ ကြားကြားချင်း အံ့သြသွားတယ်။
            “ အို ဘယ်လိုများဖြစ်ရတာလဲ “
            “ သူ့အမေကလည်း မွေးအားသိပ်မရှိဘူး အခုသူအိပ်ပျော်နေတာ နှစ်နာရီလောက်ရှိပြီ။ ကိုယ်ဘယ်လိုပြောရမလဲ မသိဘူး။ ကိုယ့်သမီးလေးကို အရမ်းနှမြောတာဘဲ … နောက်ပြီးလေ ကိုယ်တစ်ချိန်လုံးထိုင်စဉ်းစားနေမိတယ်။ “ မိုး “ ဆီက ရတဲ့ နားလည်မှုတွေအားလုံး အတွက်ရော ကျေးဇူးလည်းတင် ၀မ်းလည်းသာခဲ့မိတယ်။ အစ်ကို့ကို မိုး မေတ္တာတွေဆူးပြီး ဘုရားက ဒဏ်ခတ်လိုက်သလား လို့တောင်ထင်မိတယ် “
            အစ်ကို့ရဲ့ လက်တွေကို သူမ ဆုပ်ကိုင်လိုက်တယ်။        
            “ မဟုတ်ဘူး အစ်ကို လုံးဝမဟုတ်ပါဘူး။ လူဆိုတာ သူ့ဘ၀ သူ့အကြောင်းနဲ့ လာကြတာ။ အဲဒီလို မယူဆပါနဲ့ မိုး စိတ်မကောင်းဘူး။ ကလေးအမေကိုတော့ မဖြစ်မနေ အသိ ပေးရမယ် “
            သူမလက်ထဲက အထုပ်လေးကိုထားပြီး ကလေးလေးကို ကြည့်ဖို့ အစ်ကိုနဲ့ ထွက် လာခဲ့တယ်။ သားတွေနဲ့ ပြောဖြစ်တဲ့ အကြောင်းကိုတော့ သူ့ကို မပြောဖြစ်တော့။
            အခန်းထဲမှာ သီးသန့်လေးရှိနေတဲ့ ကလေးလေးက ခုပဲ လူ့လောကထဲရောက်၊ ခုဘဲ ဘာမှမသိလိုက်ခင်မှာ လူ့ လောကထဲက ထွက်ခွာသွားရတယ်။ အသားလေးက ဖြူနေတယ်။ နှာတံနဲ့မျက်ခုံး၊ မေးစေ့လေးက အစ အစ်ကိုနဲ့ချွတ်စွတ်ဘဲ။ ကလေးလေးရဲ့ လက်လေးကို ကိုင်ကြည့်ရင်း ရင်ထဲမှာ စိတ်မကောင်းဖြစ်လိုက်တာ မပြောပါနဲ့တော့။ လူ့ဘ၀ထဲကို လာခွင့်မရသေးတဲ့ သူလေးအတွက်အစ်ကိုနဲ့ သူမ အကောင်းဆုံး လုပ်ပေးဖို့ မျှော်လင့်တယ်။
            “ ချစ်ရမှာပေါ့ အဖေ့သွေးဘဲ…
            ညီမလေးတဲ့လား…
            ခွင့်ရရင်ပြန်လာမယ်၊ အဲဒီအချိန်လောက်ဆို ညီမလေးလည်း ကြီးနေလောက်ရောပေါ့…
            သူကြီးလာရင် သားတို့ တာဝန်ယူတယ် ပညာသင်ပေးမယ်…
            ဘယ်လိုပဲဖြစ်ဖြစ်ပါ အမေ အဖေ့ သွေးဖြစ်နေတဲ့အတွက် လက်ကမ်းကြိုဆိုလိုက်ပါ… “
            သားရေ အမေကြိုဆိုခဲ့ပါတယ်နော်…
            သားတွေရဲ့ စကားသံကို ပြန်ကြားနေမိတယ်။ အစ်ကိုက သူ့သမီးပါးလေးကို တစ်ချက်ငုံ့နမ်းရှိုက် လိုက်တယ်။ အပြင်မှာ မိုးတွေတစ်ဖွဲဖွဲ ကနေ တစိမ့်စိမ့်ရွာလာတယ်။
            အစ်ကိုရော သူမရင်ထဲမှာ တစ်စိမ့်စိမ့်ရွာနေတယ်။ အပြင်မှာရွာတဲ့ မိုးတွေက ရင်ထဲ အတွင်းမှာ ရွာနေတဲ့ စိမ့်မိုတွေလောက် မသည်းထန်နိုင်လောက်ဘူး ထင်ပါရဲ့။
            စကားသံတွေ တိတ်ဆိတ်လို့…
            အခန်းရှေ့အရောက်…
            ခြေလှမ်းတွေ ရုတ်တရက် ပြိုင်ရပ်သွားတယ်… 
            သူရော သူမရော မတိုင်ပင်ရပဲ…       
            ပြိုင်တူ လမ်းခုလတ်မှာ အကြည့်ချင်းဆုံသွားတယ်။


Mandalay Icon Magazine
ချောအိမာန် (မန္တလေး )

No comments: