Wednesday, June 30, 2010

လမ်း


(၁)
ကျွန်တော့်အလုပ်တွေကို အာရုံတွေထဲက ခဏထုတ်ပစ်ပြီး…. ကားနဲ့ အပြင်ကိုထွက်လာခဲ့မိတယ်… ကားဘီးသုံးလေးလိမ့်.. လိမ့်ရုံရှိသေးတယ် မိုးဖွဲတွေကကျလာပြီး… ဒီမိုးတွေက ကျွန်တော့်ရင်ကို ပိုဟာစေတယ်… လက်တွေက မသိမသာ ဘေးမှာချထားတဲ့ ဟန်းဖုန်းဆီရောက်သွားတယ်… ချစ်သူရဲ့ ဖုန်းခလုတ်တွေဆီ… လက်တွေက ပြေးလွှားသွားချင်နေမိတယ်… ဒါပေမယ့် လက်ပြန်ရုတ်လိုက်တယ်…။
လက်ကို ပြန်ရုတ်ရတာထက် နှလုံးသားကို ပြန်ရုတ်ရတာက ပိုခက်နေမိတယ်… ရင်ထဲမှာ ချစ်သူအသံကလွဲလို့ ဘာမှ မတောင့်တမိဘူး… မိုးစက်တွေက ကားပြတင်းပေါက်ကနေ ခုန်ပျံဝင်ရောက်လာတယ်…။ ဖြတ်သန်းမောင်းလာတဲ့ လမ်းဟာ ဦးတည်ရာမဲ့နေတယ်…။ အရင်က ဒီလမ်းတွေအားလုံးဟာ ချစ်သူနဲ့ အတူသွားဖူးတဲ့  နေရာတွေပေါ့… ချစ်သူက အအေးကြိုက်တယ်… တံခါးအပြင်ကနေ တဖွဲဖွဲကျနေတဲ့ မိုးစက်တွေကို ကြည့်နေတဲ့ ချစ်သူရဲ့ ဘေးတိုက်မျက်နှာလေးကို ကျွန်တော် မွတ်တိပ်စွာ နမ်းဖူးတယ်… ချစ်သူက ပြုံးပြီး လှည့်ကြည့်တယ်…။
ကျွန်တော်က အနက်ရောင်ဆံပင်တွေကိုကြိုက်ပေမယ့်… ချစ်သူက မဟော်ဂနီရောင် ခပ်ညိုညိုကို  ဆိုးပြီး… ကျွန်တော့်ကို အံ့သြစေပါတယ်..။ ကျွန်တော် မမှတ်မိနိုင်လောက်အောင် ပြင်ဆင်လာတဲ့ ချစ်သူဟာ ကလေးတစ်ယောက်လိုပါပဲ… ။
ကျွန်တော်က Angelina Jolie ကို ကြိုက်သလို.. ချစ်သူက Brad Pitt ကို အသည်းစွဲခဲ့တယ်.. ကျွန်တော်က Ph7 ကို ကြိုက်ပေမယ့်… ချစ်သူက Fresh fruits တွေကိုပဲ ပိုနှစ်သက်တယ်၊ ကျွန်တော်က Black more’s Night ရဲ့ The clock ticks on သီချင်းကို အရသာ ရှိရှိ နားထောင်နေချိန်မှာ ချစ်သူက Mp3 နဲ့ ၀ိုင်ဝိုင်းသီချင်းတွေကို အပြည့်အ၀ခံစားနေတယ်…။
ကျွန်တော့်ရဲ့ အချစ်ဆုံးသူကိုမေးရင် Motherလို့ မညာတမ်းဝန်ခံမိပြီး ချစ်သူကို ပြန်မေးရင်… ကိုယ့်ကိုအရမ်းချစ်ပြီး ဂရုစိုက်တဲ့သူလို့.. အတ္တကြီးကြီးလေး ပြန်ဖြေတက်တယ်….။
ချစ်သူက လူတိုင်းကို ပြုံးပြီး အမြဲဖော်ရွေတက်တယ်… ကျွန်တော့်အပြင် တခြားလူတွေကိုရော သူဒီလို ဆက်ဆံနေမှာကိုး.. ကျွန်တော့်စိတ်က လက်မခံချင်ဘူး… ဒါဟာ  ကျွန်တော့်ရဲ့ ပထမဦးဆုံးအတ္တပဲ… ။
ကျွန်တော့်နှလုံးသားရဲ့ အကန့်တိုင်းမှာ ချစ်သူရှိတယ်.. ချစ်သူရဲ့ နှလုံးသားအကန့်ထဲမှာတော့… ကျွန်တော်က ပါချင်တဲ့အချိန်မှပါတယ်(ကျွန်တော့အထင်ပြောတာပါ) အဓိက ကတော့ ကျွန်တော့်နှလုံးသားဘဏ်တိုက်ထဲက အရာအားလုံး ချစ်သူကို ပေးအပ်လိုက်ရခြင်းပါပဲ…။ ဒါကို အရှုံးပေးတယ်လို့ တချို့က ပြောလာကြရင်လည်း ကျွန်တော် ကျေနပ်စွာ ခံယူဖို့အသင့်ပါပဲ…။
သံယောဇဉ်ဆိုတာ မမြင်ရတဲ့…. သံမဏိကြိုးလား။ အပ်ချည်မျှင်လား၊ ကြိုးတစ်ချောင်းဖြစ်တာတော့ သေချာပါတယ်…။ ချည်နှောင်ဖို့ မြဲမြံ့ခြင်းသဘော… ထုံးဖွဲ့ခြင်းသဘော… ဒီကြိုးကို အသုံးမပြုဖူးသူမရှိပါဘူး…။ ချည်သူလား၊ ဖြေသူလား မကွဲပြားခဲ့…. ကြိုးတစ်ချောင်းရဲ့ အနက်အဓိပ္ပာယ်တို့နဲ့ ပြည့်စုံတဲ့ ကြိုးတစ်ချောင်းဖြစ်တာကတော့ သေချာပါတယ်… အဲဒီကြိုးက ချစ်သူနဲ့ ကျွန်တော့်ကြား လှပစွာ သွယ်တန်းထားခဲ့တယ်…။
ကျွန်တော့်စိတ်ထဲမှာ မြတ်နိုးမှုနဲ့ ရှင်သန်နေခဲ့တဲ့ အချိန်တွေဟာ အဓိပ္ပာယ်အပြည့်အ၀ရှိနေတယ်… ။ ထိုစဉ်တုန်းက ကျွန်တော့်တစ်ယောက်ထည်း တန်ဖိုးထားနေဖို့ပဲ ရည်ရွယ်ခဲ့ဖူးတယ်…။ ကြာလာတော့ တစ်ဖက်သတ် ဝေဒနာတွေကို မခံစားနိုင်တော့ မယုံနိုင်လွန်းစွာပဲ… အထိန်းအချုပ်တွေ ကင်းမဲ့သွားတယ် လှုပ်လှုပ်ရှားရှား ဖြစ်နေတဲ့ နှလုံးသာကို ကုစားဖို့ Lateral Thinking ကို အသုံးချကြည့်တယ်.. အချည်းအနှီးပဲ… ကျွန်တော် နောက်ကျသွားပြီ… ရင်ထဲမှာ ကျရောက်သွားတဲ့ မျိုးစေ့က ဖွံ့ဖြိုးခြင်းတရားနဲ့ ရှင်သန်နေခဲ့ပြီ…။ အကိုင်းအခက်တွေနဲ့ ဝေဆာလာမယ့် အချစ်သစ်ပင်တစ်ပင်ကို စိုက်ပျိုးမိခဲ့ပြီ… အဲဒီသစ်ပင်ရဲ့ အရိပ်အောက်မှာ ချစ်သူနဲ့ ကျွန်တော်ပျော်ရွှင်စွာနေထိုင်သွားဖို့ အသက်တမျှ အရေးကြီးတယ်လို့ .ယူဆမိတယ်…။
ကျွန်တော့်နှလုံးသားကို တိုက်ရိုက်မြင်တွေ့သွားတာဟာ.. ဘာနဲ့တူသလဲဆိုရင် နံနက်ခင်း… နေရောင်ခြည်တန်းက စိမ်းမြရွက်ကြိုကြားက  ဖောက်ထွက် ဖြာကျသွားသလိုပဲ… ရင်ထဲကို ရသတစ်ခုစီးဝင်မျောသွားသလို ခံစားရစေတယ်…။ အရင်က ကျွန်တော့် ညတိုင်းမှာ Black Coffee + စာအုပ်+ဘ၀တိုးတက်ရေးများပဲ ပါဝင်ခဲ့တယ်… ။ ခုတော့.. ချစ်သူ+black coffee+စာအုပ်+ဘ၀တိုးတက်ရေးများပင် ဖြစ်နေတော့တယ်..။ ချစ်သူကိုပြောရင်… ကျွန်မဟာ black caffee နဲ့မြည်းရမယ့် snak မဟုတ်ဘူးလို့ .. နှုတ်ခမ်းစူပြီး ပြောဦးမလား မတွေးတက်ဘူး…
ကျွန်တော် နံနက်မိုးလင်းလာတိုင်း ချစ်သူကို အနမ်းနဲ့ပဲ သတိရနေချင်တယ်…။ အလွမ်းနဲ့ သတိမရချင်ဘူး… ချစ်သူရဲ့ နံနက်စောစောအိပ်ချင်မူးတူးနဲ့ ဖုန်းထဲက အသံဟာ ကျွန်တော့်အတွက် အားဆေးတစ်ခွက်ပဲ..ကျွန်တော့်ရင်ဘ၀ထဲမှာ ချစ်သူနဲ့အတူ ပျော်ရွှင်ကြည်နူးဆွတ်ပျံ့ဖွယ်ရာ ကမ္ဘာတစ်ခုကို တည်ဆောက်ကြည့်ချင်တယ်…. ချစ်သူနဲ့ ကျွန်တော့်ကြား… empty space ဖြစ်ချင်တယ်။ နည်းနည်းလေး… ဖြတ်သန်းသွားမယ့် လေဟာနယ်ကိုတောင် ဖမ်းဆုပ်လွှင့်ပြစ်ချင်တယ်..။ အဲဒီလောက်ထိ .. ချစ်သူကို ကျွန်တော်မြတ်နိုးတယ်.. အသက်ရှူသွင်းဖို့အောက်ဆီဂျင်တွေလိုအပ်သလို… ကျွန်တော့်ဘ၀အတွက် သူ့ကို လိုအပ်တယ်…။
အဲဒီလိုအပ်မှုအတွက် ချစ်သူက… ချစ်တယ်ဆိုတဲ့ စကားတစ်ခွန်းဟာ သူ့ရင်ထဲက ဖြောင့်ချက်တဲ့… ချစ်သူပြောတဲ့ စကားတွေ အရမ်းလှလွန်းလို့ ရင်ထဲမှာ သိမ်းဆည်းထားမိတယ်…။ ``အနက်ရောင် ကတ္တီပါစပေါ်မှာ စိန်ပွင့်လေးတွေ ကြဲဖြန့်ထားတဲ့ ညမျိုးမှာတောင်… ယစ်မူးစွာပျော်ဝင်ရင်း… နှလုံးသားကို ပြန်ဆန်းစစ်ရင်တောင်… နောက်ပိုင်းခံစားမှု အသစ်ဆိုတာဘယ်မှာရှိလာနိုင်တော့မှာလဲတဲ့``… အဲဒီနေ့ည ကျွန်တော့်ရင်ခုန်သံတွေ ပြိုကျသွားခဲ့တယ်။
ချစ်သူရဲ့ လက်ကလေးကို တန်ဖိုးရှိစွာ နွေးထွေးစွာဆုပ်ကိုင်ရင်း.. သိပ်ကို ကျေးဇူးတင်မိတယ်… အနာဂတ်မနက်ဖြန်တွေဟာ ကျွန်တော့်အတွက် သူမတူအောင် လှပနေခဲ့တယ်.. ချစ်သူက သိမ့်မွေ့တဲ့ချစ်ခြင်းတွေကို လက်ဆောင်ပေးတယ်… ကျွန်တော့်ကြောင့် ချစ်သူတန်ဖိုးဘယ်တော့မှ မညစ်နွမ်းစေရဘူး… သူအမြဲတမ်း စိတ်လက်ချမ်းသာနေဖို့သာ အဓိကအရေးကြီးကြောင်း… ကျွန်တော့်ဦးနှောက်နဲ့ နှလုံးသားထဲ မှတ်သွင်းထားမိတယ်…။

(၂)
ကျွန်တော့်ကားလေးက ဦးတည်ချက်မဲ့စွာနဲ့… တစ်နေရာမှာ ရပ်တန့်သွားတယ်…။ ရှေ့မှာ လယ်ကွင်း စိမ်းစိမ်းနဲ့ တောင်တန်းပြာပြာတွေဆီက ဖြတ်သန်းလာတဲ့လေနုအေးက ရင်ဝကို တည့်တည့်ပဲ… ငှက်ကလေးတွေ မမြင်ရပေမယ့် သူတို့ သီချင်းဆိုသံ… စကားပြောသံကို ကြားရတယ်…။ ဟိုး ဝေးဝေးက စေတီဖြူဖြူလေးကို မှန်းပြီး ဦးခိုက်မိတယ်.. ချစ်သူအတွက်ပေါ့… ချစ်သူနဲ့ အတူကြည့်ခဲ့တဲ့ ရှု့ခင်းတွေကို မိတ္တူကူးမိတယ်…။
ငါးမျှားချိတ် ကိုယ်ဆီကိုင်ပြီး ထွက်လာတဲ့ ကလေးနှစ်ယောက်က ကျွန်တော့်ကို ကြည့်ပြီး ``အကိုကြီး ငါးဝယ်ဦးမလားတဲ့`` ကျွန်တော် ခေါင်းရမ်းလိုက်တယ်…။ သူတို့က မှတ်မိပုံရတယ်… တစ်ခါတုန်းက ချစ်သူက ပူစာတာ ကြောင့် သူတို့ဆီက ငါးတစ်ကောင်ဝယ်ခဲ့ပြီး အိမ်မှာ ကျွန်တော်ကိုယ်တိုင် ကင်ကျွေးခဲ့ရတယ်..။
ဟူး… လေပူတွေကို မှုတ်ထုတ်ရင်း.. ခါးခါးသီးသီး… အသံထွက်အောင် ရယ်မောလိုက်တယ်…။ ကိုယ့်ရယ်သံကို အသေအကြေ လွမ်းမိနေတော့တယ်… ဘာကြောင့်ပဲလွမ်းလွမ်း လွမ်းတယ်ဆိုတဲ့ ခံစားချက်ကြီးက ဘယ်လိုမှ နေလို့ထိုင်လို့ မကောင်းဘူး။ ကြည့်မိရာ နေရာတိုင်း… အရင်က သစ်ရွက်ကြွေတာတောင် အဓိပ္ပာယ်ရှိနေသလို ခံစားရတယ်… ခုချိန်မှာတော့ သစ်ရွက်ကြွေတာဟာ.. ရင်ထဲ ဗုံးတစ်လုံး ၀င်ရောက်သွားသလို ထိရှကွဲကြေနေတယ်..။
ကျွန်တော် တိတ်တိတ်လေး ငိုကြွေးဖို့ ဒီနေရာကို ရောက်လာခဲ့တာပါ… တစ်ချိန်တုန်းက ချစ်သူက ဒီနေရာမှာ လှပတဲ့လက်ဆောင်တစ်ခု ပေးခဲ့တယ်။ ချစ်သူရဲ့ နှလုံးသားကို အပိုင်မှရပါ့မလားလို့ စိုးရိမ်စိတ်နဲ့ တွေးမိသေးတယ်…။ ထင်တဲ့အတိုင်းပဲ… ချစ်သူရဲ့ နှုတ်ခမ်းက… ခြွေရက်တဲ့ စကားလုံးတစ်ခွန်း ကြွေကျလာတယ်…။ ကျွန်တော်စိုက်ပျိုးခဲ့တဲ့ အချစ်သစ်ပင်တွေကို ပြန်ရိတ်သိမ်းပေးရမယ်တဲ့… နှုတ်ခမ်းလှုပ်တယ် ဆိုရုံလေး ပြောပေမယ့်…. နှလုံးသားက ဒီရေတက်နေတယ်… အကြောင်းမဲ့ ဆံနွယ်တွေကို သပ်တင်နေတယ်… ခပ်လဲ့လဲ့ မျက်လုံးအကြည့်ကို တစ်နေရာစီပို့လွှတ်ထားတယ်… ထုံးစံအတိုင်း အဲဒီနေ့က စလင်းဘက်အိတ်အဖြူလေးနဲ့ သူခေါင်းရမ်းလိုက်တိုင်း ကျွန်တော်ကြိုက်တဲ့ နားဆွဲအဖြူလေးက လှုပ်ခါရမ်းသွားတယ်… ။
ဘယ်လိုလဲ.. ချစ်သူ… ၀င်ရိုးစွန်းဘက်မှာရော.. ကမ္ဘာမြေကြီးတွေ ပူနွေးလာသလို.. ပြောင်းလဲမှုတွေ အင်တိုက်အားတိုက်ပါပဲလား… ကျွန်တော့်ရင်ထဲမှာ ဒီရေတောတွေ ပြုန်းတီးသွားသလို အကာကွယ်မဲ့သွားတယ်လို့ ခံစားရတယ်… တကယ်ဆိုရင် ကျွန်တော်ဟာ.. သူ့အတွက်ဆို ခိုင်ခန့်တဲ့ နံရံတစ်ချက်ပါ… ချစ်သူမမြင်ချင်နေပါ… ကျွန်တော့်ရဲ့ နံရံတွေကိုတော့ ချိုးခြေမပစ်ပါနဲ..။ ချစ်သူက ကျွန်တော့်ရဲ့ နံရံဟာ ၀ါးနဲ့ လုပ်ထားတဲ့ နံရံလို့ မြင်နေခဲ့တယ်…။
ကျွန်တော်ကတော့ အုတ်တွေနဲ့ ဟန်ကျပန်ကျတည်ဆောက်ထားတဲ့ နံရံတွေကို ပြေးထိုးချင်တယ်…။ အပြင်မှာတော့  ဆေးအရောင်လေးတွေ ခြယ်မှုန်းထားတာချောလို့… အတွင်းကို အမှန်တကယ် မြင်တက်ဖို့လိုနေပြီ… ကျွန်တော့်ရဲ့ ၀ါးဟာ… ကောင်းကောင်းအရွယ်အစားတစ်ခုရဖို့ သက်တမ်းနှစ်နှစ်လောက် စောင့်ရပါတယ်… အဲဒီအတွက် ကျွန်တော့်တ်စကိုယ်တည်း မြတ်နိုးတဲ့ချစ်သူအတွက် တန်ဖိုးရှိတဲ့ ၀ါးလေးနဲ့သာ ကာရံမိပါတယ်..။
ဒါကို ချစ်သူက မခိုင်ခန့်ဘူးဆိုလည်းသဘောပါ… ကျွန်တော်လည်း ဆက်လက်ကာရံထားဖို့ ဆန္ဒမရှိတော့ပါဘူး… ကျွန်တော့်ကြောင့် ၀ါးတွေ မပြုန်းတီးစေချင်ဘူး…။
အရောင်တွေနဲ့ ရွေးချယ်ခွဲခြားပြီးကြိုက်တဲ့ ချစ်သူနဲ့ ချစ်သူရဲ့ အသိုင်းအ၀ိုင်းကို… ကျွန်တော် မအံ့သြတော့ပါဘူး။  ကျွန်တော့်စိတ်ထဲမှာ အရှိန်ပြင်းပြင်းနဲ့ စီဆင်းလာတဲ့ ချောင်းကြီးမှာ… အမှိုက်တွေနဲ့ ရေစီးရေလာတွေ ပိတ်ဆို့သွားသလို… တစ်ဆို့ကြီးဖြစ်နေတယ်…။
ကျွန်တော့်လက်ထဲက ဖိတ်စာအ၀ါရောင်လေးဟာ… စွန့်ပစ်ပစ္စည်းမဖြစ်သင့်တဲ့ ကြွတ်ကြွတ်အိတ်တွေနဲ့ အတူ ရောထွေးပြီး… ကျွန်တော်ကိုယ်တိုင်.. လမ်းေးတစ်နေရာကို လုံးခြေ လွှတ်ပစ်လိုက်တယ်…။ အဲဒီနေရာက လည်း ကျွန်တော့်ရင်ထဲမှာရှိနေတဲ့ အမှိုက်ပုံကြီးလို  တောင်ပုံယာပုံ ညစ်ထေးနေတယ်… ဟိုတစ်စ၊ ဒီတစ်စ လွင့်ပြန့်နေတဲ့ ကြွတ်ကြွတ်အိတ် ရောင်စုံတွေကို ကြည့်ရင်း… ကျွန်တော့်တို့ ချစ်သူသက်တမ်းဟာ သူတို့လောက်  မကြာပါလားလို့ တွေးမိတယ်… ။ ဘယ်လိုမှ  မြေဆွေးမဖြစ်နိုင်ပေမယ့် ကြွတ်ကြွတ်အိတ်ဘ၀ကို ဘယ်လို အဆုံးသတ်မလဲလို့ လျှောက်တွေးနေမိတယ်…။
ကျွန်တော့်ကားလေးက လက်ထဲမှာ လိုသလို လျှောက်လိမ့်နေတယ်… ကျွန်တော့်ခေါင်းထဲ အမေ့ပုံရိပ်ဝင်ရောက်လာတယ်… ``သားရယ်… ရွာကို ပြန်လာပါဦးကွယ်… အမေတို့ရွာကကျောင်းလေး ရေမြုတ်သွားလို့ သားသညီလေး ကျောင်းထွက်ထားရတယ်… ယာတွေလည်း မိုးနဲ့လေနဲ့ မဖြစ်ပါဘူးကွယ်… ဖြစ်နိုင်ရင် သားညီလေးကို မြို့မှာထားချင်တယ်… သားအဖေစိုက်ခင်းတွေကလည်း သိတဲ့အတိုင်းပဲ.. လုပ်ချင်တိုင်းလည်း မလုပ်ရပါဘူးကွယ်… စီးပွားရေးက ကျပ်သထက် ကျပ်တည်းလာပြီ လူတွေလည်း အပူအပေါ် အပူဆင့်ကုန်ပြီ သားကိုပဲ အပူကပ်ရတော့ အားနာလှပြီ…..``
အမေရဲ့ ညည်းတွားတွား အသံလေးကို ကျွန်တော် သနားတယ်… စာသင်ချင်ရှာတဲ့ ညီလေးကို ခေါ်ဖို့ ခေါင်းထဲမှာ စဉ်းစားမိတယ်.. ဘ၀ပေးအရဖြစ်ချင်တာ ဖြစ်ခွင့်မရတော့လည်း… ဖြစ်လာတာကိုပဲ…  ကိုယ်ဖြစ်ချင်တာ ဖြစ်အောင် အစားထိုးယူရတော့မှာပဲ…။
ချစ်သူ.. မင်းလည်း… စိတ်ချမ်းသာစွာနေရစ်ပါတော့.. .ကျွန်တော့်ရဲ့ ကြေကွဲမှုတွေကိုတော့ ဒီနေရာမှာ အဆုံးသတ်ရပါတော့မယ်.. ဒီအချိန်ဆို.. ချစ်သူရဲ့ မင်္ဂလာပွဲဟာ လှပစွာ ခမ်းနားစွာ ပြီးဆုံးလောက်ပြီပေါ့…။
ကျွန်တော့်ကားကို ချက်ချင်းမောင်းကွေ့လိုက်တယ်… ကားကူရှင်ပေါ်က ဖုန်းလေးထဲ Message တစ်ခုဝင်နေတယ်.. ဆိုတာ ကျွန်တော်မသိဘူး။ အိမရောက်တော့  Toki ခွေးလေးက ထွက်ကြိုနေတယ်… မနက်ဖြန် ရွာပြန်ဖို့ အင်္ကျီတွေ အိတ်တွေ လိုအပ်တဲ့ ပစ္စည်းတွေကို ကောက်သိမ်းလိုက်တယ်…။
မနက်ရောက်တော့ ကိုယ်တိုင်ပဲ မောင်းပြီး ခပ်စောစောထွက်ခဲ့တယ်..။ လမ်းမှာ လက်ဖက်ရည်ဆိုင်ဝင်သောက်ရင်း ဖုန်းကို ကြည့်လိုက်တဲ့ အချိန်မှာ one message Receive တဲ့ ဖွင့်ကြည့်လိုက်တော့… ကျွန်တော် မျက်လုံးပြူးသွားတယ်… ကျွန်တော် ဘာလုပ်ရမလဲတွေးရင်း… အချိန်ကြာလာတော့ ရှေ့မှာ လာချတဲ့ လက်ဖက်ရည်တစ်ခွက် အေးစက်သွားပြီ…။
လာလမ်းကို ပြန်ကွေ့ရမှာလား၊ ရှေ့ဆက်သွားရမှာလား…
ဘာလို့ဒီလို ဖြစ်ရသလဲ  ကျွန်တော်မတွေးချင်တော့…
အကြာကြီး ခေါင်းကိုက်ခံအောင် စဉ်းစားပြီးမှ ကျွန်တော့်ကားကို ဖြည်းဆေးစွာ မောင်းထွက်လာခဲ့တယ်… ကျွန်တော့်အကြိုက်ဆုံးဖြစ်တဲ့ The clock ticks on သီချင်းကို အကျယ်ကြီး ဖွင့်ထားလိုက်တယ်…
ကျွန်တော် ပစ္စည်းတစ်ခုကို တရားဝင်ပဲ ယူချင်ပါတယ်… ခိုးယူပြီးမှ မသုံးစွဲချင်ပါဘူး…  ဒါကလည်း ချစ်သူကို တန်ဖိုးထားလို့ပါ… ချစ်သူရွေးချယ်ခဲ့ပြီးပြီဖြစ်တဲ့လမ်းကို.. ဆုံးဖြတ်ချက်ချ ပြီးဖြစ်အောင် လျှောက်လိုက်ပါတော့… ကျွန်တော် လမ်းတစ်ခုကိုပဲ ရွေးချယ်ရမယ်လေ….။
ကျွန်တော်ကတော့ ကြေကွဲခြင်းတွေကို ခဏမေ့ထားပြီး အားငယ်နေတဲ့ အမေ့ဆီကို လျှောက်လှမ်းဖို့ ခြေလှမ်းတွေ အသင့်ပြင်ထားလိုက်ပြီ… ချစ်သူ… ရွှင်လန်းချမ်းမြေ့ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်…  ကျွန်တော့်ကားကလေးကတော့ ချစ်သူနဲ့ ဝေးတဲ့ အရပ်ဒေသဆီ ဝေးသထက်ဝေးလျက်……………..

ချောအိမာန် (မန္တလေး)
ကလျာ-  ဇွန် 2009

1 comment:

Anonymous said...

အရမ်းကောင်းပါတယ်။ဆရာမရဲ့ဝတ္ထုတွေကိုအရမ်းကြိုက်ပါတယ်။အားပေးနေတယ်နော်။ရွှေအမြုတေမှာကတည်းက
ကြိုက်ပါတယ်။