Monday, March 22, 2010

ကိုရင်ငပိန်


ဒီနေ့ မိုးတွေက မှိုင်းနေတာ နေတောင် မပွင့်ဘူး။ရာသီဥတုကလည်း ဒီနောက်ပိုင်းဆို ပိုအေး လာတော့မယ်။ ဗီရိုထဲမှာ အခင်းတွေ ရှိသလို ခြုံထည် စောင်တွေရှိသေးတယ်။ ထုတ်ထားဦးမှ။ ဒီညတော့ ဒီအတိုင်းကျိန်းလို့ မဖြစ်ဘူး။ ဟိုတစ်နေ့ကတောင်စောင်မခြုံမိလို့ လက်ဖျံ တစ်ခုလုံး အေးစက်နေတာ။ တွေးရင်းပဲမနှစ်ကမယ်တော်ကြီးလှူထားတဲ့ တဘက်ချည်စောင်ကြီးကိုထုတ်ဖို့သတိရမိတယ်။


"ဆရာတော်၊ ဆရာတော်"


"ကိုယ်တော် အမောတကောနဲ့ ဘာလဲ"


"ဟို ကိုရင် ငပိန်လေ၊ ပြောစကား နားမထောင်ပြန်ဘူး ဘုရား"


"ဟေ ဘာဖြစ်ပြန်ပြီတုံး"


"တစ်ခါတုန်းက တီဗီ ခိုးကြည့်တယ်၊ အခု ထမင်းတွေ ခိုးထားတာ တွေ့တယ်"


"ဟေ ဟုတ်လား၊ ဘယ်လို တွေ့တာတုန်း"


"ကြွပ်ကြွပ်အိတ်နဲ့ အထပ်ထပ် ထုတ်ပြီး ကျောင်းအောက်က ၀ါးလုံးတန်းတွေထိုးထားတဲ့ အထဲမှာ ညှပ်ထားတာ ဘုရား။တပည့်တော် မသင်္ကာလို့ လိုက်ကြည့်တော့ တွေ့တာပဲ။ ဆရာတော် မဟုတ်ရင် တပည့်တော် တို့ကို မကြောက်ဘူး ဘုရား"


"ဒီ ကိုရင် ငပိန်နဲ့တော့ ခက်ပါတယ်"


"ဒီ ကိုရင်ကြောင့် အခြား စာလာသင်ယူနေကြတဲ့ ကိုရင်တွေပါ ပျက်စီးတော့မှာပဲ"


"ဟုတ်တာပေါ့လေ။ ကဲ ကိုယ်တော်၊ ကိုရင်ငပိန် လွှတ်လိုက်၊ ဆရာတော် ခေါ်နေတယ်လို့"


"တင်ပါ့ ဘုရား။ တပည့်တော် သွားပါဦးမယ်"


"အေး ... အေး"


ငပိန်၊ ငပိန်။ ဒီအမည် နာမကလည်း သူတို့ ကိုရင် အချင်းချင်း ပေးလိုက်ကြတာနဲ့ကိုယ်တော် ကိုယ်တိုင် ငပိန်လို့ပဲ ခေါ်မိနေတဲ့ အဖြစ်။ နာမည် အရင်း က တော့ပြောတော့ ပြောသွားပါရဲ့။ မမှတ်မိတော့ဘူး။ကျောင်းရောက်ခါစ မြင်ကွင်းကို မှတ်မိနေသေးတယ်။ မည်းညစ်နေတဲ့ စွပ်ကျယ် ချိုင်းပြတ် ခပ်ရွဲရွဲ ခပ်ပြဲပြဲကြားက မည်းပိန် ညစ်နေတဲ့ လက်ဖျံလေးတွေဟာကျူရိုးလေးလား အောက်မေ့ရတယ်။ ပုဆိုးက ၀တ်ထားတဲ့ နေရာမှာ လုံးပြီး ကြီးနေ သေ။ မနိုင်တနိုင့်။ ပုဆိုးတောင် ကျွတ်ကျ လိုက်သေးတယ်။ လူက ငယ်ငယ်။ အင်း .... ခုနစ်နှစ် ၀န်းကျင်းပဲ ရှိသေးတယ်။ ဆံပင်တွေ ဆိုတာ ရွှံ့ခဲတွေ တောင် ကပ်နေသေးတယ်။ ရွာမှာ ကျွဲကျောင်းတာဆိုပဲ။ ကျွဲနဲ့ အပြိုင် ရွှံ့လူး နေခဲ့ပုံရတယ်။ အသားအရေကလည်း မည်းပိန်ခြောက်ကပ်နေတာ။ ရွာမှာ အဖေက အရက်သမား စစ်စစ်။ ရေမရောဘူး။တွေ့ကရာ ထိုးအိပ် နေတာ။ အမေက နောက်အိမ်ထောင် ပြုသွားတော့ ဒီငပိန်ကိုဘယ်သူမှ ကြည့် ရှု စောင့်ရှောက်မယ့်သူ မရှိဘူး။ သူတို့ရွာက မိန်းမကြီး ဒေါ်မြတဲ့။ သူ လိုက်ပို့တာ။ ဒီကျောင်းရောက်တဲ့ကလေးတွေ အားလုံး အကုန် ကိုရင်ဝတ်၊ သင်္ကန်း ဆီး ပေးတယ်။ စာသင်ပေးတယ်။ ငပိန်က ဘယ်ဝတ်ချင်လိမ့်မလဲ။ဒါပေမယ့် ထမင်းစားစရာ နေရာ ဆိုလို့ သူ့အတွက် ဒီနေရာပဲ ရှိတယ်။ ဒါကြောင့်သူ ကိုရင် ၀တ်ရတယ်။ ကိုရင်ဝတ်မှ ထမင်းစားရမယ်လို့ ငပိန် နားလည်ထားတယ်။သူက ပြဿနာလေးတွေတော့ အမျိုးမျိုး ရှာလာ တတ် တယ်။  ရောက်စကတော့ကုပ်ချောင်း ကုပ်ချောင်းနဲ့။ အခုကျောင်းကို ရောက်တာ သုံးနှစ်ကျော်ပြီ ဆိုတော့ကျောင်းပါး ၀လာတယ် ခေါ်မလား။ ကျုပ်က လွဲရင် ဘယ်သူ့ကိုမှ သိပ်မကြောက်ဘူး။သူတို့တွေကို ကိုယ်ချင်းစာစိတ်နဲ့ ငဲ့ညှာတာကို ကမ်းတက်ချင် လာတာလား။  ဟင်း ...။


"ဆရာတော် တပည့်တော် ရောက်ပါပြီ ဘုရား"


"ကိုရင် ငပိန် အပြစ် သိတယ်နော်"


"တင်ပါ့"


မနက်ဖြန် မနက် ကိုရင်တွေ အားလုံးရှေ့မှာ မတ်တတ်ရပ်ပြီး အော်ရမယ်။ ကြားလား။ပြီးရင်နားရွက်ဆွဲ ထိုင်ထ ငါးဆယ် လုပ်ရမယ်"


"တင်ပါ့ဘုရား။ ကြားပါတယ်"


"လိုက်မှတ်"


"တင်ပါ့ ဘုရား"


"ကိုရင်ငပိန် ဆွမ်းခိုးပြီး ကျောင်းအောက်တွင် ၀ှက်ထား မိပါတယ်။ နားရွက်ဆွဲ ထိုင်ထ အခါငါးဆယ်လုပ်ရမယ်"


"မှတ်မိလား။ ပြန်ဆို"


"တင်ပါ့။ ကိုရင်ငပိန် ဆွမ်းများကို ခိုးပြီး ကျောင်းအောက်တွင် ၀ှက်ထားမိပါတယ်။ ထိုင်ထအခါ ငါးဆယ် လုပ်ရပါမယ်"


"နားရွက်ဆွဲ ကျန်သေးတယ်"


"တင်ပါ့ဘုရား"


"အခုတစ်ခါတော့ နောက်ဆုံး အကြိမ် ဒီလောက်နဲ့ သက်ညှာပေးလိုက်မယ်။ သွားတော့"


ကိုရင်ငပိန် ထွက်သွားတော့မှ မယ်တော်ကြီး စောင်ကိုထုတ်ရင်း သတိရမိတဲ့အကြောင်းအရာ ပေါ်လာတယ်။


ကိုရင်ငပိန်တို့လို ဆယ်နှစ်ကျော်အရွယ်တွေ မဆိုထားနဲ့။ ကျုပ် ဆယ့်ခုနစ်နှစ်သားမှာကျောင်းမှာစာချကိုယ်တော်တောင် ဖြစ်နေပြီ။ အဲဒီအချိန်တုန်းက ဗိုက်က သိပ်ဆာတတ်တာ။ ဗိုက်ဆာလာရင်ဘာမှလုပ်လို့ ကိုင်လို့ မရတော့ဘူး။ ကျောင်းမှာ ကိုယ်တော်လေးပါးလောက် ရှိတယ်။ ကျုပ်အရွယ်ပေါ့။ ဒီတုန်းကလည်း ဆရာတော်ကို တုန်နေအောင် ကြောက်ရတာပဲ။ အခုလိုအမှားတစ်ခုခု လုပ်မိရင် ကျောင်းပေါ်စာသင်ကိုရင်တွေရှေ့ မှောက်ပြီး အပြစ်
ခံရတယ်။အရှက်ကွဲတာတော့ ပြောမနေနဲ့။ ကိုယ့် ထက်ငယ်တဲ့ ကိုရင်တွေရှေ့ကိုး။ နောက်ပြီးထင်းခွဲ ရတယ်။ ရေခပ်ရတယ်။ အများထက်ပို အလုပ် လုပ် ရတယ်။ ကျုပ်တို့တုန်းကပဲခြမ်းကြော်ထုပ် လေးတွေကို ၀ယ်ပြီး သင်္ကန်းဝတ်တဲ့ထဲ လိမ်နေအောင်ကျစ်ထုပ်ထားတယ်။ အပြင်မှာဆိုရင် မမြင် အောင်၊ အသံမမြည်အောင် တစ်စေ့ချင်းအံနဲ့ကြိတ်ပြီးခိုးစားကြတယ်။


နေ့လယ် ဆွမ်းစားချိန်မှာ သပိတ်ထဲ ဆွမ်းတွေ ပိုထည့်လာပြီး ကြွပ်ကြွပ်အိတ်လေးနဲ့အသာထုပ်ထည့်ထားတယ်။ နောက်မှ အဲဒီ အထုပ်လေးကို လစ် သလိုယူပြီး ကျောင်းနောက်က မြေကျင်းလေးတူးထားတဲ့ အထဲမှာ သွားမြှုပ်ထားလိုက်ပြီး အပေါ်ကသစ်သားသုံးပြားလောက် မမြင်ရအောင် အုပ် ထားတယ်။ကျောင်းပတ်ဝန်းကျင်ကနေ အမှိုက်လှည်း သလိုလိုနဲ့ ကြည့်နေသေးတယ်။ ကိုယ့်ဆွမ်းထုပ်ကို ကြွက်များဆွဲသွားမလားလို့။ ညနေ မှောင် ရီရီမှာ ဆရာတော်လစ်ပြီဆိုရင် ကိုယ်တော်တစ်ပါးကို ကျောင်းနောက်ပေါက် ၀င်းထရံတွေ ပျက်နေတဲ့နားကနေထိုးထွက်ပြီး သိပ် မဝေးလှတဲ့ မပြာ အိမ် က ငံပြာရည်နဲ့ ငရုတ်သီးမှုန့်တစ်ကျပ်ဖိုး သွားဝယ်ခိုင်းရတယ်။ တစ်ခါတလေ ငံပြာရည်မရရင် ဆားနဲ့ ပွဲပြီးသွားတတ်တယ်။ ငံပြာရည်နဲ့ ငရုတ် သီးကို သင်္ကန်းနဲ့ ၀ှက်ပြီး မသိမသာ ယူလာတဲ့ ကိုယ်တော်ကအချက်ပေးတယ်။ကျုပ်တို့ ကိုယ်တော်နှစ်ပါးက ကျောင်းအောက် မသိမသာ ဆင်းပြီး နေ့ခင်းက၀ှက်ထားတဲ့ထမင်း ထုပ်ကိုမြေကြီးတွင်းထဲက ပြန်ထုတ်ကြတယ်။ အဲဒီ ကျင်းကလည်း ပြောရရင်အိမ်သာနဲ့ သိပ်မဝေးဘူး။ ဒါပေမယ့် မတတ်နိုင်ဘူး။ အဲနောက် တော့ ခပ်မှောင်မှောင်ပဲ ငံပြာရည်နဲ့ ငရုတ်သီးမှုန့်ကို ထမင်းအိတ်ထဲလောင်းချပြီးနယ်ဖတ်စားကြတော့တာပဲ။


အဲဒီလို နေ့စဉ်မဟုတ်ပေမယ့် လစ်ရင်လစ်သလို ခိုးစားနေကျဖြစ်နေတယ်။ဆရာတော်လည်းမရိပ်မိဘူး။သိသွားလို့ကတော့ ဘယ်ချောင်မလဲ။ ဆရာ တော်ကသိပ်စည်းကမ်း ကြီးသလို အားလုံးကို ပညာတတ်ဖြစ်စေချင်တယ်။ အဲဒီလိုဆရာတော်ကို ကြောက်တဲ့ကြားကပဲ တစ်နေ့မှာ...။


ဒီတစ်ခါ ငံပြာရည်နဲ့ ငရုတ်သီးမှုန့် ၀ယ်ရမှာ ကျုပ်အလှည့်။ ပိုက်ဆံ တစ်ကျပ်တန်ကို လက်ထဲမှာ ကျစ်ကျစ်ပါအောင်ဆုပ်ရင်း မပြားအိမ်ကို ၀င်းထ ရံကြားကနေ တိုးထွက်ခဲ့တယ်။ မပြားက အဲဒီနေ့က စေတနာတွေပိုပြီးပုဇွန်ခြောက်မှုန့်နည်းနည်းတောင် ငံပြာရည်ထဲ ထည့်ပေးလိုက်သေးတယ်။ ဆရာတော်ကိုပြန်မတိုင်ဖို့ နှုတ်ပိတ်ခဲ့ရသေးတယ်။ ဆရာတော်သိလို့ ကတော့ ခြေသလုံးနဲ့ကြိမ်လုံး မိတ်ဆက်ခံရဦးမှာ။မပြား အိမ်ကပြန်လာတော့ တိုက် တိုက်ဆိုင်ဆိုင်ဆရာတော်က ကိုယ်လာတဲ့ လမ်းကနေ မျက်နှာချင်းဆိုင် တည့်တည့်ကြီး လာနေတာ။ ဒုက္ခပဲ။ ဇောချွေးတွေ ပြန်လာရင်း လက်ထဲကိုင်လာတဲ့ ငံပြာရည် ထုပ်ကို ၀င်းထရံဘက် ထိုးချိတ်လိုက်တယ်။ တော်သေးတယ်။ ဆရာတော်က အဲဒီကိစ္စပြီးမှ ကျုပ်ကိုမြင်သွားတာ။ ကိုယ်တော်ဒီဘက် ဘာလာ လုပ်တာလဲမေးတော့ ကျုပ် မသိမသာ တုန်သွားတယ်။ ဒီနားခဏ လမ်းလျှောက် ထွက်တာပါဘုရားလို့ ကျုပ် ဖြေလိုက် တယ်။  ဆရာတော်က ဘာမှထပ် မပြောပေမယ့် မျက်နှာက သိပ်ကြိုက်ပုံ မရဘူး။ ကျုပ်လည်း ခပ်ကုပ်ကုပ်နဲ့ထွက်လာတာပေါ့။ ကျုပ်ကိုစောင့်နေတဲ့ ကိုယ်တော်တွေကထမင်းထုပ် အဆင်သင့်နဲ့ ဗိုက်ဆာပြီး စောင့်နေကြတယ်။ ကျုပ်ပြောပြ တော့ သက်ပြင်းချရင်း ဘယ်လို လုပ်မလဲတဲ့။ ခဏနေတော့ ဆရာတော်ပြန်လာပြီး ကျောင်းပေါ် တက်သွားတာတွေ့ရတယ်။


ကျုပ်ကလည်း ထပ်မသွားချင်တော့တာနဲ့ ကျုပ် တို့ထဲက နည်းနည်းငယ်တဲ့ကိုယ်တော်ကို ၀င်းထရံမှာ ချိတ်ခဲ့တဲ့ ငံပြာရည်ထုပ်ကို သွားယူ ခိုင်းလိုက် တယ်။ခပ်မှောင်မှောင်မှာ ကိုယ်တော်က မှောင်ရိပ်ထဲ ပျောက်သွားတယ်။ ကျုပ်ကလည်းဆရာတော်ကို ချောင်းနေရတယ်။ ခဏနေတော့ ကိုယ် တော်က အထုပ်ကလေးဆွဲပြီး ကျုပ်တို့ဆီ သုတ်ခြေတင်လာတယ်။ ထမင်းထုပ်ကို ခါတိုင်းလိုပဲ မြေတွင်းထဲ က ဖွက်ယူခဲ့ပြီး ခုနကယူလာတဲ့ ကိုယ် တော်ကငံပြာရည်ထုပ်ကို ဖြေရင်း ထမင်းထုပ်ထဲ လောင်းထည့် လိုက်တယ်။ ကျုပ်တို့ကိုယ်တော်သုံးပါးပေါ့ လက်ဆေးချိန်တောင်မရဘူး။ တစ်လုတ်၊ နှစ်လုတ်...


"ဟ ကိုယ်တော် ကိုယ့်တော့် ငံပြာရည်နံ့က တစ်မျိုးကြီးပဲ"


"ဟုတ်တယ် ပုစွန်ခြောက်မှုန့်တွေများ ဖြူးလိုက်လို့လား"


"မဟုတ်ဘူး။ အနံ့ကိုက ငံ့ပြာရည်နံ့ မဟုတ်သလိုပဲ"


"ဟင်... ဒါ... ဒါ ကွမ်းနံ့ရသလိုပဲ"


"ဟာ ဟုတ်တယ်။ ဒါ ကိုယ်တော် ဘယ်ထရံက ဖြုတ်ခဲ့တာလဲ"


"ဟို မြောက်ဘက်ထရံ ကလေ"


"ဟာ ကိုယ်တော်ချိတ်ခဲ့တာ တောင်ဘက်ဝင်းထရံ ဟ။ ဒါဆို သွားပြီ။ ဒါကြီးကငံပြာရည်ထုပ် မဟုတ်ဘူး။ ကွမ်းနံ့ရနေတော့ ကွမ်းတံတွေးရည်တွေပေါ့။ အမလေး"


"ဝေါ့... အော့... ဝေါ့"


"ဒါကြောင့် ပါးစပ်ထဲ ချွဲပျစ်ပျစ် ဖြစ်နေပါတယ် အောက်မေ့တယ်"


"တော်ပါတော့"


ကျုပ်လည်း အန်ချင် လိုက်တာ ပြောမနေပါနဲ့တော့။ ဆာနေတဲ့ ဗိုက်တောင်ဘယ်ရောက်သွားမှန်း မသိဘူး။ အဲဒီအဖြစ်ပျက်ကြောင့် ငံပြာရည်နဲ့ထမင်း
ခိုးမစား ဖြစ်တာ ကြာသွားခဲ့တယ်။


အဲဒီတုန်းက ကျုပ်တို့တွေ ဆယ့်ခြောက်၊ ဆယ့်ခုနစ်နှစ်တွေ။ စာချပုဂ္ဂိုလ်တွေဖြစ်နေပြီ။ မရရအောင်ခိုးစားခဲ့ကြတဲ့အကျင့်တွေကို သိနေတာမို့ ခုလို ငပိန်လုပ်တာလောက်တော့ ဘာဟုတ်သေးလို့လဲ။ကျုပ်တို့တုန်းက ဆရာတော်ကြီး မမိသွားလို့၊ မိသွားရင် ခုလို ငပိန်ကို လုပ်ခိုင်းသလိုမျိုး နောက်မ လုပ်ရဲအောင် ဒဏ်ခတ်ခံရမှာ။


ကျုပ်တို့ ထမင်းကို ကွမ်းတံတွေးရည်နဲ့ မှားစားမိတဲ့ အဖြစ်ကို ပြန်တွေးမိလိုက်ရင် အခုချိန်ထိ ဆွမ်းစား ပျက်တယ်။ ကျုပ်နဲ့ အတူစားခဲ့ကြတဲ့ ကိုယ် တော် တွေလည်း အခု နေရာ အသီးသီးမှာ ဆရာတော်တွေ ဖြစ်နေပါပြီ။ ကျုပ်တို့တုန်းကစာပေကို လိုက်စားကြတော့ ၀ါသနာလည်းပါ၊ စိတ်လည်း ၀င်စားတော့တော်ကြတယ်။ စာတတ် ပုဂ္ဂိုလ်တွေ ဖြစ်ကြတယ်။ အခုဟာက ငပိန်တို့လို ကလေးတွေကျောင်းမှာ အများကြီးပဲ။ စောင့်ထိန်း အုပ် ချုပ်မယ့် သူမရှိတဲ့ ကလေးတွေကို ကျုပ်ကျောင်းမှာ စာတတ်လေးတွေ ဖြစ်သွားစေချင်တယ်။ နောင် သူတို့ဘ၀ရပ်တည်ဖို့ပေါ့။ ကလေးတွေကတော့ ဘာမှမသိဘူး။ သိတဲ့ကလေးက သိတယ်။အရွယ်စုံကိုး။ ဥာဏ်ရည်မြင့်မားတဲ့ ကလေးပါသလို၊ မမီတဲ့ ကလေးလည်း ပါမှာပေါ့။


ငပိန့်လိုကလေးကျ သွန်သင် ရတာ နည်းနည်း ခက်တယ်။ သူလုပ်ချင်ရာကိုလုပ်တယ်။ ခဏခဏ တိုင်ခံရတယ်။ စာလည်း စိတ်မ၀င်စားဘူး။ဟို တစ် လော က လည်း ကလေးတွေ စာလာသင်ပြတဲ့ ဆရာမရဲ့ ခြင်းတောင်းထဲဖားပြုပ်ကြီး ထည့်ထားလို့ ဆရာမမှာ တက်မတတ် ငယ်သံပါအောင် အော်တော့တာပဲ။ ငပိန်ကို ကြိမ်လုံးနဲ့ သုံးချက်ချပြီး အပြစ်ပေးတယ်။ ဒီလိုအပြစ် ပေးခံရတိုင်းစိတ်ညစ် စိတ်ပျက်ပြီး ရှက်ရကောင်းမှန်း လည်း မသိဘူး။ ဒီတစ်ခါတော့ မရတော့ဘူး။ ငပိန့်ကို ဘယ်လို လုပ်မှ ရှက်မလဲ ဆိုတာကို စဉ်းစားမိပြီးသူ့ထက်ငယ်တဲ့ ကိုရင်တွေရှေ့ ထိုင်ထ လုပ်လို့ အော်ခိုင်းလိုက်တယ်။ မှတ်ကရော။


"ကိုရင်ငပိန် ဆွမ်းများကို ခိုးပြီး ကျောင်းအောက် ၀ှက်ထား မိပါတယ်။ နားရွက် ဆွဲ၊ ထိုင်ထ အခါ ငါးဆယ် လုပ်ရပါမယ်"


"တစ်..."


စာသင်ကျောင်းပေါ်က ငပိန့်အသံပါလား။ ကိုရင်တွေက တစ်၊ နှစ်၊ သုံး လုပ်ပေး နေတယ်။ ဒီလိုတော့လည်း ဟုတ်သား။ ဒါမှ မှတ်မှာ။ ခိုးခိုးခစ်ခစ် ရယ်သံ တွေလည်း ကြားရတယ်။ မနေ့က စာချကိုယ်တော်တစ်ပါးကို ခေါ်ပြောထားလို့ သူက ဘေးကနေ ကြီးကြပ်ပေးနေတယ်။ ကျုပ်ကတော့
ကျုပ် ကျောင်းပေါ်ကနေ လှမ်းကြည့်ပြီး နားထောင်နေမိတယ်။ ငပိန့်အသံက ပထမတော့ အားနဲ့မာန်နဲ့။ နောက်တော့ တဖြည်းဖြည်း အသံ ပျော့လာတယ်။


"လုပ်... လုပ်။ အသံက အော်လေ"


ဘေးက စာချကိုယ်တော်က အော်တယ်။


"လေးဆယ်၊ လေးဆယ့်တစ်၊ လေးဆယ့်နှစ်.."


တံခါးပေါက် နားကနေ ခွာရင်း မနက်ဖြန် ခရီးထွက် ရမှာမို့ ပြင်ဆင်မိတယ်။ရှမ်းပြည်နယ်ဘက်ကို သုံးလေးရက်လောက် သွားရမယ်။ မရောက်တာ
ကြာပြီမို့တစ်ကြောင်း၊ ကျုပ်နဲ့ထမင်း အတူတူ ခိုးစားခဲ့တဲ့ ကိုယ်တော်ကကြွဖြစ်အောင် ဆက်ဆက်ကြွပေးပါ ဆိုတာကြောင့် ကျုပ် သွားဖို့ ဆုံးဖြတ်
ခဲ့တယ်။ ကျောင်းကို ကိုယ်တော် နှစ်ပါးဆီမှာ သေချာအပ်ခဲ့တယ်။ ကိုရင်ငပိန် ကိုလည်း သေချာ ကြည့်ထားဖို့ ထပ်ဆင့်မှာရတယ်။ တော်နေကိုယ် သွားတုန်း တစ်ခုခုဖြစ်သွားစိုးလို့။


ရှမ်းပြည်နယ်ဘက် ခရီး ထွက်ရတာ ကောင်းလှတယ်။ ပြင်ဦးလွင်မှာမိုးသိပ်မရွာသေးဘူး။ ရှမ်းပြည်နယ် ဘက်တက်ရင် မိုးရွာနေမှာပဲ လို့ထင်ပေမယ့်
ကျုပ်သွားတဲ့ ရက်မှာမိုးမရွာဘူး ဆိုတော့ ပိုကောင်းသွားတယ်။ ကွတ်ခိုင်အ၀င် အောင်ချမ်းသာမှာ ကားရပ်တယ်။ ကားပေါ်က ဒကာတစ်ယောက်က
ရှမ်း ထမင်း ကပ်တယ်။


ပူပူနွေးနွေး ရှမ်းထမင်းက စားချင့် စဖွယ်။ ခေါင်းထဲမှာ ဖျတ်ခနဲ ကိုရင်ငပိန်ကို သတိရမိတယ်။ ဒီ ရှမ်းထမင်းနဲ့ငပိန်ကို ကျွေးချင်စိတ် ပေါ်လာမိတယ်။ ဆွမ်းစားပြီး မြေပြင် ခင်းရောင်းနေကြတဲ့ သစ်သီး သီးနှံအစုံကို လျှောက်ကြည့်နေမိတယ်။ လမ်းတစ်လျှောက် ရာသီဥတုက သာယာတယ်။ ကွတ်ခိုင် ထဲမှာပဲ သိပ်မကြာခင်မှာ ကျုပ်မိတ်ဆွေ ကိုယ်တော့်ကျောင်းကိုရောက်ခဲ့တယ်။တစ်ခါမှမရောက်ဖူးတော့ နေရာစိမ်းတစ်ခုမှာ ကြည့်စရာ တွေကလည်း အများကြီး။ ကိုယ်တော့် ကျောင်းကလည်း အလှူရှင်တွေ မဆိုးသလို စာသင်သားလည်းများတယ်။ နောက်နေ့ ကိုယ်တော်က ကျုပ်ကို မန်လွယ်မှာ ရှိတဲ့ ဓာတ်တော်ရှင် ကျိုက်ထီးရိုးစေတီတော်ကိုတောင် လိုက်ပို့သေးတယ်။ သဘာဝအရ ပေါ်ထွန်းနေတာဆိုတော့ကြည်ညိုစရာ ကောင်းလိုက်တာ။ အဲဒီနားက နမ့်ဖက်ကာ၊နမ့်ဖက်လွန်းတို့ ခိုမုန်း၊ဆွမ်းလုံ ဆိုတဲ့ ရွာနာမည်တွေကလည်း လှမှလှပဲ။ လမ်းတစ်လျှောက်မှာတော့တောင်ယာတွေ၊ တောင် စောင်းတွေ အများကြီးပဲ။ အပြင်ထွက်ခဲတဲ့ ကျုပ်ကိုခေါ်ခဲ့တဲ့ ကိုယ်တော့်ကိုလည်း ကျေးဇူးတင်မိတယ်။ ညပိုင်းတွေ မကျိန်းခင်မှာ စကားပြောရတာ၊ ရေနွေးကြမ်း သောက်ရတာ သိပ်အရသာ ရှိတာပဲ။ မှတ်မှတ်ရရ ကိုယ်တော်က စကားစပေးလို့ ထမင်းခိုးစားတဲ့ အကြောင်း ပြောပြီး အားရပါး ရရယ် မောခဲ့ကြတယ်။


တကယ်တော့ ဒီလို အဖြစ်အပျက်တွေက ဘယ်လောက် အသက်တွေ၊၀ါတွေကြီးလာပေမယ့် ဘယ်လိုမှမေ့ လို့ရမှာ မဟုတ်ပါဘူး။ အဲဒီလိုပဲ၊ ကျုပ်ဘ၀ မှာမေ့လို့မရနိုင်မယ့် အဖြစ်အပျက် တစ်ခု ထပ်ဖြစ်လာ ခဲ့တယ်။ ကျုပ် ကျောင်းကိုပြန်ရောက်လာတဲ့ နေ့မှာပဲ ကိုယ်တော်က ကျုပ်ကို ဆီးပြောတယ်။ ကိုရင်ငပိန်ကိုဆေးရုံတင် ထားတယ်တဲ့။ ကျုပ် မျက်လုံး ပြူးသွားတယ်။ မနေ့ကမှ တင်လိုက်တာတဲ့။ ကျုပ် ရှမ်းပြည်နယ် ထွက်သွားတဲ့ညက ကိုရင် ငပိန် ပျောက်သွားတယ်။ ဘယ်မှလည်း ရှာမရကြဘူးတဲ့။ မိုးတွေကလည်း တအားရွာတယ်။ မနေ့ကမှ ချောင်းအစပ်မှာ သတိလစ်ပြီးလဲနေတာ တွေ့ခဲ့တယ်။ မိုးရေတွေကရွှဲ၊ တစ်ကိုယ်လုံး အေးစက် တောင့်တင်းနေတာပဲ။ ဒါနဲ့ ဆေးရုံ အမြန် တင်လိုက်ရတယ်တဲ့။


ဘုရားဘုရား... ။ ဒီ ကလေး ဘာဖြစ် သွားတာပါလိမ့်လို့ အတွေးစိတ်ဝင်ရင်းဆေးရုံကို ကိုယ်တော်နှစ်ပါးနဲ့ အတူ ချက်ချင်းပဲ လိုက်လာခဲ့တယ်။ ဆေးရုံ
ခုတင်ပေါ်မှာ ငပိန်ကို ပုလင်းချိတ်လျက် ဖြူဖျော့နေတာကို တွေ့ရတယ်။ကိုရင်ငပိန်လက်လေးကို ကျုပ်အသာ လှမ်းကိုင်လိုက်တယ်။ နွေးတော့နွေးမ နေ ဘူး။ ဒါပေမယ့် အေးလည်း အေးမနေဘူး။ မိုးထဲမှာ ဘယ်လောက်များ ကြာကြာနေခဲ့ပါလိမ့်။ အခုထိ သတိမရသေးဘူး။


ဆရာဝန်ကြီးနဲ့တွေ့တော့ အဆုတ်ကို တော်တော် အအေးပတ်သွားတယ်။နောက် သူ့မှာ ငှက်ဖျား ဓာတ်ခံ ရှိနေတယ်တဲ့။ ငှက်ဖျားလည်း ဖြစ်နေတယ်


လို့ ဆရာဝန်ကြီးက ပြောသွားတယ်။ကျုပ် တော်တော် စိတ်မကောင်းဘူး။သူ ဘာဖြစ်လို့ ကျောင်းပြန်မလာဘဲ မိုးရေထဲမှာ နေခဲ့ရတာလဲ။ ကျုပ်အ ပြစ်ပေးတာ လွန်သွားပြီလား။ ကိုရင်ငပိန်ကို အရှက် မရှိ၊ မရှက်တတ်တဲ့ ကလေးလို့ယူဆထားတာ မှားများ မှားသွားပြီလား။ အရမ်းများ ရှက်သွား လို့လား။ ကျုပ်ကိုစိတ်ဆိုးသွားလို့လား။ အိုး အတွေးတွေ မွန်းကျပ်လာတယ်။ငပိန် ကျန်းမာပြီး အမြန် သတိရလာဖို့ ဆုတောင်းမိတယ်။ ဒါပေ မယ့်  ကျုပ်ဆုတောင်း မပြည့်ခဲ့ဘူး။ နောက် တစ်နေ့သတိလည်း လည်မလာသလို ကျုပ်လက်ပေါ်မှာတင် ဆုံးပါးသွားခဲ့တယ်။ သူ့ကိစ္စကို အကြောင်း ကြားခဲ့ပေမယ့် ဘယ်သူမှ မလာခဲ့ကြဘူး။ ကျုပ်လည်းတစ်ခါတလေ ပုထုဇဉ် လူသားဆို တော့ ခံစားမိတယ်။ ကျုပ် စိတ်ထဲမှာရှမ်းပြည်နယ်မှာလည်း ငပိန့်ကို သတိရနေမိတာ။ ငပိန် ကိစ္စလေးကို သေသေချာချာလုပ်ပေးခဲ့တယ်။ ဘုရားရှေ့မှာ အမျှဝေတိုင်း ကိုရင်ငပိန်ဟာ ဘုရားတပည့်တော် အပေါ် စိတ်တစ်ခုခုဖြစ်သွားတာ ဆိုရင် အားလုံးကျေအေးခွင့်လွှတ်ဖို့ တောင်းဆိုမိတယ်။ တစ်နေ့တော့ ကိုရင်ငပိန်ထက် ငယ်တဲ့ ရှစ်နှစ်စာသင်သား ကိုရင် ပေါက်စ လေးကကျောင်းပေါ် တက်လာတယ်။ သူ့ပုံစံလေးကတုန်တုန်ရီရီနဲ့။


"ကိုရင်လေး"


သူ့ကို အငယ်ဆုံးလေးမို့ ကျုပ်က ကိုရင်လေးလို့ပဲ ခေါ်တယ်။


"ကိုရင်လေး ဘာဖြစ်လာတာလဲ။ တုန်လို့ နေမကောင်းဘူးလား"


"မဟုတ်ပါဘူးဘုရား။ တပည့်တော် ဗိုက်အရမ်း ဆာလို့ပါ"


"သြော်..."


"ကဲ ကိုရင်လေး ဟို ကြောင်အိမ်ထဲမှာ ငှက်ပျော်သီးတွေ ရှိတယ်။
စား၊ ဆွမ်းစားချင်တယ် ဆိုလည်း စား"


ကိုရင်လေးကိုသနားတာနဲ့ ကျွေးလိုက်မိတယ်။ အစာအိမ်တွေဘာတွေ ရှိပြီးဖြစ်ရင် ခက်မယ်။ ကလေးတွေကိုး။ ကိုရင်လေးက ငှက်ပျောခိုင်က သုံးလုံး
ဖြုတ်ပြီး တစ်ခါတည်း စားပစ်လိုက်တယ်။ ဆွမ်းတော့ မစားဘူးတဲ့။ အရင်ကဒီလို တစ်ခါမှ လာပြီး မလျှောက်ဖူးပါဘူး။


"ကိုရင်လေး အရင်က ဒီလို တစ်ခါမှ မဖြစ်ဖူးပါဘူး။ အခု ဗိုက်ဆာတဲ့ဒဏ်ကို သည်းမခံနိုင်တော့ဘူးလား"


"တင်ပါ့ဘုရား။ အရင်က တပည့်တော်ကို ကိုရင် ငပိန်က ညနေပိုင်းရောက်ရင်ထမင်းခိုးခိုး ကျွေးပါတယ်။ အခု သူမရှိတော့ ဗိုက်အရမ်းဆာတာ မအောင့်နိုင်လို့ပါ"


"ဟေ...။ ငပိန်က ထမင်းခိုး ကျွေးတယ်"


"သူမဆုံးခင် အပြစ်ပေး ခံရတုန်းက ဆွမ်းတွေခိုးတာ တပည့်တော် အတွက်ပါ။ သူ လုံးဝ မစားပါဘူး။ တပည့်တော်ကို သနားလို့ သူ့ထဲက ဆွမ်းကို ချန်ထားပြီးညနေစာ စားရအောင် ထုပ်ပြီး ကျောင်းအောက် သိမ်းတာကို သိသွားတာဘုရား"


"ဟေ... ဟုတ်လား။ ဒါနဲ့ ကိုရင်လေး သူမဆုံးခင် အကြောင်းသိရင်ပြောပြပါဦး"


"သူ အပြစ်ပေးခံရတော့ ရှက်သွားတယ် ထင်ပါ့ဘုရား။ တပည့်တော်ကိုကောင်း ကောင်းနေခဲ့လို့ မှာပြီး အဲဒီနေ့ည မတွေ့ရတော့တာပဲ။ တပည့်တော် အတွက် သူ လုပ်တာပါဘုရား"


"အေးကွယ် နောင်ခါ ဆာရင်လည်း ပြော။ ခိုးပြီးတော့ မလုပ်နဲ့"


"တင်ပါ့ဘုရား။ တပည့်တော် သွားပါဦးမယ်"


"အေးအေး"


ကိုရင်လေး ကျောင်းအောက် ဆင်းသွားပြီး ပျောက်ကွယ်သွားတဲ့တိုင် အချိန် အကြာကြီး ကျုပ် အသိစိတ် ကင်းလွတ် သွားခဲ့တယ်။ မိုးတွေ သည်း သည်း မည်းမည်း ရွာနေတယ်။ ဒီလို မိုးတွေရွာတဲ့ နေ့ဆိုကိုရင် ငပိန်ကို ပိုသတိရနေမိတယ်။


သြော်... တစ်ချိန်တစ်ခါက ကျုပ်တို့ ဆွမ်းခိုးစားတဲ့ အဖြစ်ဟာ ရယ်စရာဇာတ်လမ်းတစ်ပုဒ် ဖြစ်ခဲ့ပေမယ့် အခု ကိုရင်ငပိန် ဆွမ်းခိုးတဲ့ အဖြစ်ကတော့
တကယ်ကို ကြေကွဲစရာ ကောင်းနေပါပေါ့လား။


တွေးရင်းနဲ့ မိုးစက်တွေ နဲ့အတူ ကျုပ်မျက်ဝန်းမှာ၊ ကျုပ်နားထဲမှာစာသင်ကျောင်းပေါ်ဆီက ထွက်လာတဲ့ အသံတစ်ခု...။


"ကိုရင်ငပိန် ဆွမ်းခိုးပြီး ကျောင်းအောက် ၀ှက်ထားမိပါတယ်။ နားရွက်ဆွဲ ထိုင်ထ အခါငါးဆယ် လုပ်ရပါမယ်..."


"ကိုရင်ငပိန်..."




ချောအိမာန်၊မန္တလေး၊
၂၀၀၉ခုနှစ်မတ်လထုတ်ရွှေအမြုတေမဂ္ဂဇင်းရွှေဝတ္ထုကဏ္ဍမှ

3 comments:

thatoe said...

ဒီ ၀တ္ထုလေးကြိုက်လှတယ်။
အခြားဝတ္ထုတွေလည်း ဖတ်သွားပါသေးတယ်။

ချမ်းမြေ့ရွှင်လန်းပါစေ.....
သတိုး

ချော(အစိမ်းရောင်လွင်ပြင်) said...

ဖတ်ရတာ စိတ်မကောင်းစရာလေး
ကွမ်းရည်ကို ထမင်းနဲ့နှယ်စားတာမှာဖတ်ပြီး
ကိုယ်တိုင် ရင်ထဲက ပျို့တက်လာမိတယ်..
မချောအိရေ..
ဘလော့လေး ပြန်အဆင်ပြေသွားတာ
အတိုင်းမသိ ၀မ်းမြောက်ရပါတယ်ရှင်..

ပေါ့ဆိမ့် said...

သြော် ကိုရင် ငပိန်..
ကောင်းပါတယ်ဗျာ.. မျှဝေပေးတာလည်း ကျေးဇူးပါ
ခင်မင်လျက်
ပေါ့ဆိမ့်