Monday, March 1, 2010

"ငှက်တွေမှာလည်း အတောင်ပံနဲ့ . . အိမ်တွေမှာလည်း အမိုးတွေနဲ့ . ."



ရွှေတံဂုံဘုရားရင်ပြင်တော်ပေါ်မှာထိုင်ရင်း ရွှေရောင်တွေ ၀င်းပနေတဲ့ စေတီ တော်ကြီးကို ဘယ်လောက်တောင် အကြာကြီး ကြည်ညိုနေမိသည်မသိ . . . သတိရချိန်မှာ ကျောက်ပြားရဲ့ အအေးဓါတ်က ကျွန်မကို ကူး စက်နေပြီ ဦးသုံကြိမ်ချ အပြီးမှာ ရင်ထဲမှာ ပို၍လှိုက်တက်ဝမ်းနည်းလာသလိုခံစားလိုက်ရတယ် . . . ကျွန်မဘာကို ဆုတောင်းရမလဲ ဆုတောင်းခွင့်ရှိမလဲ ထိန်းသိမ်းထားတဲ့ မျက်ရည် တွေက တာကျိုးချင်သလို လှိုက်တက်ဝမ်းနည်းလာတယ်။ ရင်ထဲက ခံစားချက် တွေကို အမေများသိရင် ဘာပြော မလဲ။
တိုက်ခတ်လာတဲ့ လေညှင်းက နားကြားထဲက ဆံပင်တွေကို တိုးဝှေ့ပြီး ပါးပြင်ပေါ် လာရောက်ရိုက်ခတ်နေတယ်။ ဒုတိယအကြိမ် ရွှေတိဂုံ စေတီတော်ကြီးကို ထပ်မံဦးချမိပြန်တယ်။ ဘာကိုမှ ရေရေရာရာ ဆိုတောင်း မိသည်မရှိ သေချာတာက ရင်ထဲက တင်းကျပ်နေတဲ့တစ်စုံတစ်ရာကတော့ ဘုရားအရိပ်အောက်မှာ အနည်းငယ် တော့ လျော့ပါးသွားတယ် ထင်တယ်။
ကျလုလု မျက်ရည်တစ်စကို ပုတ်ခတ်သိမ်းဆည်းရင်း အားတင်းပြီး သက်ပြင်း ရှည်တစ်ချက်ကို ချမိတယ်။ ကျွန်မ မျက်ရည်မကျချင်ပါ။ မျက်ရည်တစ်စဟာ ဘ၀အတွက် အားမဖြစ်စေတဲ့ ရှုံးနိမ့်ခြင်းတွေဘက် ဦးတည် နေမှာကို ကြောက်ရွံ့ မိတယ်။ ဘ၀မှာအကြောက်ဆုံးက ဘာလဲလို့မေးရင်း ကိုယ့်စိတ်ကို ကိုယ် အကြောက်ဆုံးလို့ ဖြေရမှာဖြစ်ပြီး . . . ဘာအလိုချင်ဆုံး လဲ ဆန္ဒအရှိဆုံးလဲလို့မေးရင် ခုချိန်ထိ ကျွန်မအိပ်မက်တွေကို အကောင် အထည်မဖေါ်နိုင်သေးတဲ့ အရာတစ်ခုလို့ ဖြေရမည်ပင်။ ဘယ်တော့လဲ ဘယ်နေ့လဲဆိုတဲ့ အချိန်ကိုစောင့်ရင် ရုန်းကန်ခဲ့ရတာ ရင်မောလှပြီပေါ့။ ခုရော ကျွန်မဘ၀ရဲ့ လှေကားတစ်တွေကို စနင်းမယ်ကြံကာ ရှိသေးတယ်။ ခြေချော် ဖို့ မခိုင်ခန့်တဲ့လှေကားတွေပေါ် အမှားမှား အယွင်းယွင်းနဲ့ နင်းမိပြီလားလို့ တွေးမိစဉ်မှာ ကိုယ်တိုင်နောင်တ မရမိစေဖို့ သတိပြန်ပေးနေရတယ်။ နောက် ဆုံးတော့ ကိုယ့်စိတ်တွေကို ဖြေလျော့စေဖို့ ရှိပါစေတော့ . . . ထားပါတော့ ဆိုတဲ့ စကားလုံးလေးကဘဲ ထွက်ပေါက်တစ်ခုကို တံခါးဖွင့်ပေးနိုင်လိမ့်မယ်။ တန်ပြန်သက်ရောက်မှုဆိုတာ နေရာတိုင်းမှာ မှန်လိုဘဲ ရှိနေတတ်တာမို့ ကျွန်မ နောက်ပြန်လှည့်ဖို့နဲ့ ဟန်ဆောင်မျက်လုံး လုပ်ကြံဖန်တီးမှုတွေဆီ သွားဖို့ရာ စိတ်ကူး မရှိပါ။ ဒီဝဲကယက်ထဲမှာ ကျွန်မရဲ့ စေတနာနဲ့ ကြိုးစားမှု တွေဟာ တစ်ချက်တည်းနဲ့ နစ်မြုပ်သွားလိုက်တာ မလှမပဘဲ . . . သိသိကြီးကနေ ဘက်လိုက်ဟန်ဆောင်ပြီး မြေနိမ့်ရာ လှံစိုက်ချင်ကြတဲ့ လူ့အတ္တတွေကြား . . . အစက အစွမ်း ကုန်ကြိုးစားမယ်ဆိုတဲ့ စိတ်နဲ့ဝင်ရောက်ခဲ့တာဘဲ ဒီနေရာမှာ ကိုယ်ကမှန်ပေမယ့် ကြိုးစားသူတွေအတွက် နေရာရှိတယ်ဆိုတာတွေဟာ ကျွန်မကြမှ တက်တက်စင် လွဲမှား နေခဲ့ တယ် . . .။
ကျွန်မ ခေါင်းတွေခါယမ်းလိုက်တယ် . . .ဆက် မတွေးချင်တော့ စိတ်တွေ နောက်ထွေးလာတယ်။ လှေကားကနေ ဆင်းအလာ အသံတစ်သံကို ကြားလိုက် ရတယ်. . .
"အစ်မ မယူတော့ဘူးလား"
အသံလာရာကို ရုတ်တရက်ကြည့်မိတော့ ကိုယ့်ကိုကိုယ် အပစ် ရှိသလို ခံစားမိတယ်။ ဆိုင်ရှေ့မှာ ရပ်နေတဲ့ ဂျစ်တူးကို မမြင်နိုင်အောင် စိတ်တွေက အတော် ပျံ့လွင့်နေခဲ့တယ်။
"အစ်မ ဆိုင်ရှေ့က ဖြတ်တာ ကျွန်မကို မမြင်ဘူး။ အစ်မနေမကောင်းဘူး လားဟင်"
"ဆောရီးဘဲ ဂျစ်တူးရေ။ အစ်မ ခေါင်းနည်းနည်းကိုက်နေလို့ အိမ်တွေ ရှိသေးလား"
"ဟုတ် အစ်မ။ အဲဒါပြောမလို့ စာကလေးအိမ်လေးတွေ အသစ် ထပ်ရောက် တယ်။ ဒီမှာ အစ်မ အစိမ်း အ၀ါ အပြာ သုံးရောင်ရှိတယ် ဘာရောင် ယူမလဲ"
"နှစ်ခုပေး အစိမ်းနဲ့ အပြာ၊ ဘယ်လောက်လဲ"
"နှစ်ထောင်ဘဲပေးပါတစ်မ၊ သူများဆို တစ်ထောင့်သုံးရာ ရောင်းတယ်"
"ဟုတ်ပါပြီ၊ ရောင်းကောင်းလား"
"မဆိုးပါဘူးအစ်မ"
"ရော့ နှစ်ထောင်"
"ကျေးဇူးဘဲနော် အစ်မ။ ခုမှ ဈေးဦးပေါက်တာ အစ်မကြည့်ရတာ နေမကောင်း သလိုဘဲ ခေါင်းကိုက်ရင်အိမ်မှာ ၀င်နားပြီး ဆေးသောက်ပြီးမှ ပြန်ပါ့လား"
"ရပါတယ် ဂျစ်တူးရယ်"
"အိမ်ဆိုလို့လေ. . . ဟိုတစ်ပါတ်ကဘဲ အစ်ကိုက ပိုက်ဆံပို့ပေးလို့ အိမ် ၀ယ်လိုက်တယ်။ အိမ်လေးကကျဉ်းပေမယ့် ကိုယ့်အိမ်ပိုင်လေးဆို တော့ နေရတာ ကျေနပ်တာပေါ့အစ်မရယ်။ ဒီနားလေးတင်ဘဲ တစ်သက်လုံးအိမ်ငှား အစုတ်ပလုပ် လေးနဲ့ နေလာရတာလေ"
"အိမ်"
ကျွန်မ ဂျစ်တူးကိုကြည့်ရင်း အိမ်လို့တောင် အသံထွက် ရေရွတ်မိတယ်။ ဂျစ်တူး ဘယ်လောက်ပီတိဖြစ်နေသလဲဆိုတာ သူ့စကားကို နားထောင်ရုံနဲ့တင် သိလာရတယ်။ ဂျစ်တူးကံကောင်းပါတယ်။
"၀မ်းသာပါတယ် ဂျစ်တူးရယ်။ ကဲ အစ်မ သွားမယ်နော်"
"ဟုတ်ကဲ့ အစ်မ"
အသက်နှစ်ဆယ်ဝန်းကျင် ဂျစ်တူးနဲ့ ကျွန်မ ခင်မင်ခဲ့ကြတာ ကြာလှပြီပေါ့။ ကျွန်မက သူ့ဆီမှာ အမြဲအားပေးနေတဲ့ ဖေါက်သည်ပေါ့။ စာကလေး အိမ်လေး တွေအားလုံး ဂျစ်တူးဆီကဘဲ ၀ယ်ခဲ့တာဖြစ်ပြီး ကျွန်မရဲ့ ဘော်ဒါဆောင်အခန်း ခပ်ကျဉ်းကျဉ်းလေးထဲမှာ နေရာအပြည့်ယူထားတာပေါ့။ အခန်းဖေါ်တစ်ချို့ရဲ့ စူးစမ်းတဲ့ မျက်လုံး ဘ၀င်မကျတဲ့ လေသံတွေကို ကြားနေသိနေပေမယ့် လူဆိုတာ ကိုယ့် အတွေးနဲ့ ကိုယ် ကိုယ့်လမ်းကြောင်းနဲ့ ကိုယ်လေ ကိုယ့်ရဲ့ အတွေးတွေထဲ သူတို့ ၀င်ရောက်စွက်ဖက်ခွင့် မရှိဘူး။ စာကလေး အိမ်လေးတွေဟာ သူတို့အတွက် လုံးဝ အဓိပ္ပါယ်မရှိနိုင်ပေမယ့် ကျွန်မအတွက်က အဓိပ္ပါယ်များစွာရှိတယ်လေ. . . ဒါကို သူတို့ သိအောင် ရှင်းပြဖို့ မလိုအပ်ဘူးလို့ထင်တယ်။
ဂျစ်တူးကတော့ တစ်ခွန်း တစ်စ မေးချင်ပေမယ့် မမေးရဲ . . ကျွန်မက ရန်ကုန်မှာ နယ်ကနေ စွန့်စားပြီး လာအလုပ်လုပ်။ ကုမ္ပဏီကနေ တစ်ခါတလေ ယူနီဖေါင်းနဲ့ ဘုရားရောက်လာ။ လက်ထဲမှာလည်း ဖိုင်က အမြဲပါနေပြီး ကျွန်မကို ဂျစ်တူးက အားကျနေခဲ့တယ်။ မနေ့က အချိန်ထိပေါ့။ ဒီနေ့တော့ ဂျစ်တူးကို ကျွန်မက လုံးဝအားကျသွားပြီ။ ဒါကို ဂျစ်တူးသိနိုင်မလား ဒီနေ့ဟာ ကျွန်မ အလုပ်ကနေ အပြီးထွက်လာခဲ့ပြီ။ ဂျစ်တူး အားကျခဲ့တဲ့ ယူနီဖေါင်းနဲ့ ဖိုင်တွေ စမတ်ကျမှုတွေ ကျွန်မဆီမှာ မြင်တွေ့ ရတော့မှာ မဟုတ် ပါဘူး။
ဂျစ်တူးမှာလဲ အမေတစ်ယေက်ဘဲရှိတယ်။ အစ်မမှာလည်း အမေ တစ်ယောက်။ မွေးချင်းထဲက အစ်မတစ်ယောက်ဘဲရှိတယ်။ ဂျစ်တူး အမေက ဂျစ်တူးနားမှာ . . . နောက်ပြီး ပိုပြည့်စုံတာက အမေရှိနေတဲ့ အမိုး အောက်မှာလေ . . . ကဲ ဘယ်လောက်များ လုံခြုံမှုရှိနေမလဲ။ ကျွန်မကတော့ အမိုးတော့ရှိပါရဲ့ အမေရှိမနေတဲ့ အမိုးအောက်မှာလေ . . . ကျွန်မ ဘာဘဲ ဖြစ်လာလာ၊ ဘာတွေဘဲ ခံစားလာရ၊ ကျွန်မနေတဲ့ အမိုးအောက်မှာ ဖြေသိမ့်ပေးနိုင်မယ့်သူ မျှဝေခံစား ပေးနိုင်မယ့်သူ မရှိဘူးလေ။ အဲဒီတော့ တစ်ယောက်တည်း ကြိတ်ခံစားရင်း ဖြေသိမ့်ရင်းပေါ့။
အိမ်တိုင်းမှာ အမိုးရှိပေမယ့် ကာရံထားတဲ့ အမိုးချင်းမတူပါဘူး။ ဂျစ်တူးရေ မင်းအိမ်ကိုလိုက်လာရင် မင်းအမေကို တွေ့ရင်ကိုယ်ပိုပြီး ၀မ်းနည်းမိမှာ သေချာတယ်။ ဈေးဆိုင်ခန်းမှာတောင်တွေ့ရင် ဖေါ်ရွေတဲ့ ဂျစ်တူး အမေဟာ ကျွန်မ အမေနဲ့ လည်းခပ်ဆင်ဆင်၊ ခပ်ပါးပါးလေးဘဲ။
အဆောင်ပြန်ရောက်တော့ မိုးလေးတွေခပ်ဖွဲဖွဲ ကျလာပြီ။ စာကလေး အိမ်လေးနှစ်လုံးကို ဘယ်နေရာချိတ်ရမှန်း မသိဖြစ်နေတယ်။ နောက်ဆုံးခေါင်းရင်းက သံတမ်းလေးမှာ ကပ်ချီလိုက်တယ်။ ကုတင်အောက်မှာလဲ အလုံးဟောင်းလေး တွေရှိသလို စားပွဲပေါ်မှာလဲ ဒီအတိုင်း တင်ထားတာရှိနေသေးတယ်။ အခန်းဖေါ်က တော့ မျက်စိ ရှုပ်တယ်လို့ ခပ်သော့သော့ပြောတယ်။ မတတ်နိုင်ဘူး သူ့နေရာထား တာမှ မဟုတ်တာ။
လူဆိုတာ စိတ်သဏ္ဍန်အသွင်အမျိုးမျိုးတွေနဲ့ တည်ဆောက်ထားကြတာ ကိုယ့်ကို နားလည်ပေးဖို့ မမျော်လင့်ပါဘူး လူတိုင်းကို နားလည်ပေးနိုင်ဖို့ လွယ်ကူ တဲ့ကိစ္စမှမဟုတ်တာ။ ဒါပေမယ့် စားပွဲတွေမှာ ထိုင်နေကြသလိုဘဲ သူ့ဘက်၊ ကိုယ့်ဘက်တော့ တရားမျှတစွာ စဉ်းစားပေးနိုင်ဖို့တော့ လိုအပ်ပါတယ်။ ခုတော့ ကျွန်မဟာ အပြင်မှာ ရူးကြောင်ကြောင်၊ ဂေါက်တောက်တောက် လိုဖြစ်နေပြီ။ သူတို့တွေကို ပွင့်လင်းစွာ မဆက်ဆံ မပေါင်းသင်းတာနဲ့ဘဲ။ ကျွန်မဟာ ဒီလိုအဖြစ် မျိုးရောက်နေခဲ့သလား။ တစ်ယောက် အကြောင်း တစ်ယောက် အတွင်းသိ၊ အစင်းသိတွေဖြစ်ပြီး၊ ပြောမနာ ဆိုမနာတွေဖြစ်မှ အပေါင်းအသင်းကောင်း တွေလို့သတ်မှတ်ကြမှာလား။
အဲဒီလိုလူတွေ ကွယ်ရာမှာကျ တစ်ယောက်အတင်း တစ်ယောက် ပယ်ပယ် နယ်နယ်ချပြီး မနာလို မရှုစိမ့်ဖြစ်နေကြတာတွေ အတိုင်းသား မြင်နေကြရတာပဲ။ ကျွန်မရဲ့ သီးသန့် ဖြစ်နေတဲ့ စတိုင်ကို မလိုလားသလို ထဲထဲဝင်ဝင်သိချင်နေကြတဲ့ သူတို့အတွက် ကျွန်မဟာ တစ်ဦးတည်းသော စိတ်ဝင်စားစရာ သတ္တ၀ါတစ်ကောင်လို ဖြစ်နေခဲ့တယ်။
ထားပါလေ ရှိခဲ့တော့ရော ခုလိုကြေကွဲ ၀မ်းနည်းမှုတွေဖြစ် နေချိန်မှာ သူတို့ကျွန်မအပေါ်ဘယ်လောက်ကူညီခံစား ပေးနိုင်မှာမို့လို့လဲ. . . သူငယ်ချင်း တစ်ယောက်နဲ့ ဆက်ဆံရေးထက် အပြင်ဆက်ဆံရေးတွေ ငွေကြေးဆက်ဆံရေးတွေ၊ ပေါ် ပြူလာဆက်ဆံရေးတွေကို ဦးစားပေးနေတဲ့ သူတို့ကို ပြုံးပြရုံ၊ နှုတ်ဆက်ရုံလောက်ကလွဲရင် ရှေ့မတိုးချင်ပါ။ ခင်မင်ရင်းစွဲကနေ အားနာပြီး လက်ခံ စကားပြောရမဲ့ အနေအထား အဲဒီကနေစပ်စု နောက် မလိုအပ်တာ တွေဖြစ်မလာဖို့အတွက် အခုလိုနေခြင်းက မှန်ကန်တယ်လို့ဘဲ ယူဆမိတယ်။
ကျွန်မရဲ့ ညစာကိုတော့ခေါက်ဆွဲ တစ်ထုပ်နဲ့ပြီးလိုက်ပြီး စိတ်လွတ်လပ်စွာ အိပ်ပစ်လိုက်မယ်လို့ စိတ်ကူးလိုက်ပေးမယ့် အိပ်မပျော်နိုင်။ မနက်က အဖြစ်အပျက် တွေက ရင်ထဲကို ထိထိရှရှ နာကျင် စေတယ်။
ကျွန်မရဲ့ အိပ်မက်တွေကို အကောင်အထည်ဖေါ်နိုင်ဖို့ ရန်ကုန်မြို့ကို တစ်ယောက်တည်း ခြေချလာခဲ့ရတာ ဘယ်သူများသိနိုင်မှာတဲ့လဲ။
ဒီမတိုင်ခင်နှစ်များစွာကအိမ်ရှင် အဒေါ်ကြီးရဲ့ မျက်နှာနဲ့ လေသံက နားထဲစွဲနေဆဲ။
"ဟဲ့ ကောင်မလေး နင့်အမေကို ပြောလိုက်အိမ်လခ ဒီနေ့မပေးနိုင်ရင် မနက်ဖြန်အိမ်ပေါ်ကဆင်းတော့"
မာကြော ပြတ်သားနေတဲ့ အိမ်ရှင်အဒေါ်ကြီးရဲ့ စကားကို အမေ့ကို ပြန် ပြောပြတော့။ အမေမျက်ရည်ဝဲတယ်။ ကျွန်မမှတ်မိတာ အိမ်တစ်အိမ်ကို ဘယ်တော့မှ ကြာကြာမနေရဘူး။ ခဏခဏပြောင်း ရတယ်။ ပြောင်းရတိုင်းလဲ အိမ်ရှင်အသံတွေက အလွတ်ကျက်ထားတဲ့ အတိုင်းတပုံစံတည်း။ အိမ်ရှင်တွေရဲ့ မျက်နှာကို ကြောက်နေမိတယ်။ မကြာခဏ ပြောင်းနေရတဲ့ အိမ်လေးတွေက ယိုင်ရွဲ့ ရွဲ့ သစ်သားအိမ် ကလေးများသာ။ လမ်းက အိမ်တွေ၊ တိုက်တွေ၊ ခြံတွေကို ငေးမောခဲ့ ရ၊ ကိုယ်ပိုင်အိမ်လေး တစ်လုံးရနိုင်ဖို့ စိတ်ကူးခဲ့ရ။ နောက်ဆုံးတော့ အမေ့ကို ကိုယ်ပိုင်အိမ်အမိုးလေးအောက်မှာ ထားပေးချင်ခဲ့တာ ကြာလှ ပြီပေါ့။
အမေကတော့ ကျွန်မတို့ ငယ်စဉ်ကထဲက ဆုံးပါးသွားခဲ့တယ်။ အမေရယ်၊ အစ်မရယ်၊ ကျွန်မရယ်ကို အဖေကစိတ်ချစွာ ထားသွားခဲ့တယ်။ အဖေရှာထားတဲ့ ငွေလေးတွေနဲ့ အိမ်စပေါ်တင်။ ရှေ့မှာ ဈေးဆိုင်လေးအစ်မကဖွင့်ပေါ့။ အစ်မက အေးလွန်းတော့ အမေ့နား မှာဘဲပြုစုနေထိုင် ခဆိုင်ဖွင့်တယ်။ ကျွန်မကတော့ နယ်မှာ တိုးတက် မှုကိုရှာ မရနိုင်တဲ့အတူတူ၊ ရန်ကုန်ကိုဆင်း ဆွေးမျိုးတစ်ချို့ရဲ့ ထောက်ပံ့မှုနဲ့ ရရှိထားတဲ့ငွေနဲ့ လောကကိုရင်ဆိုင်ဖို့ အသင့်ပြင်ရတော့တယ်။ အရင်က ဈေးရောင်း စက်ချုပ်ဆိုင်မှာ ၀င်အလုပ်လုပ်လုပ်လို့ရတဲ့ ပိုက်ဆံနဲ့ သင်တန်းတစ်ချို့တက်၊ နယ်ခဏပြန်၊ ငွေပြန်စု၊ ရန်ကုန်မှာ အလုပ် ပြန်ရှာလိုက်နဲ့ လည်ပတ်ရင်း ပထမ ကုမ္ပဏီတစ်ခုမှာ မြေုနအငညါ အလုပ်လုပ်၊ နောက်အကျိုးဆောင်ကုမ္ပဏီမှာ Office ပိုင်းလုပ်၊ အဲဒီ အလုပ်လုပ်ရင်း စားရင်းကိုင်သင်တန်းတက်၊ နောက်လစာပိုရပြီ စုနိုင်မဲ့ Export ကုမ္ပဏီကြီးတစ်ခုရဲ့ စက်ရုံမှာအလုပ်ရခဲ့တယ်။ အဲဒီမှာတော့ စာရင်းကိုင် လုပ်ရတယ်။ နဂိုကထဲက စာရင်းကိုင်ရတာကို ၀ါသနာပါတဲ့ ကျွန်မအတွက် စာရင်းတစ်ခုရဲ့ အမှားနဲ့ အဖြေကို လွယ်ကူစွာရှာဖွေနိုင်ခဲ့တယ်။ စာရင်း အမှား ကို အမှန်ဖြစ်အောင် ရှာဖွေနိုင်တာကိုက ကျွန်မအတွက် ကစားပွဲတစ်ခုခုကို ကစား နေရသလိုဘဲ။
အဲဒီကုမ္ပဏီမှာ ရောက်ပြီး သိပ်မကြာမီမှာဘဲ စာရင်းအမှားတွေ အမှန်ဖြစ် သွားတာ မြုပ်နေတဲ့ စာရင်းတွေကိုဖေါ်ထုတ်နိုင်တာ၊ ဒါတွေကို ကျွန်မက အားတက် သရော ကုမ္ပဏီပိုင်ရှင်အတွက် မနစ်နာသင့်တာ မနစ်နာရအောင် လုပ်ပေးခဲ့တယ်။ မျက်နှာလိုအားရလုပ်တာ တစ်ခုမပါဝင်ခဲ့ဘူး။ အချိန်တွေကို ကိုယ့်အလုပ်ထဲမှာ နစ်မြှုပ်ကုန်ဆုံးရင်း ဘေးပတ်ဝန်းကျင်ကို သတိမထားနိုင်အောင်ဖြစ်သွားခဲ့တယ်။ ကျွန်မကို စောင့်ကြည့်ပြီး ထိုးနှက်ဖို့ စောင့်နေတဲ့ ဓားစိမ်းတစ်လက်ကို လုံးဝသတိ မထားခဲ့မိဘူး။
ကုမ္ပဏီပိုင်ရှင် ဘော့စ်ရဲ့ ဘေးမှာ အကြံပေးလိုလို၊ အတွင်းရေးမှူးလိုလို အမြဲရှိနေတဲ့ အမျိုးသမီးက ကျွန်မလုပ်နေတာတွေဟာ သူ့ကို ထိခိုက်မှန်း မသိဖြစ်လာတယ်။ အစက ကျွန်မ မရောက်ခင်က သူ့လက်ထဲ ရှိသလိုတင်ပြနေတဲ့ စာရင်းတွေရဲ့ ငွေကြေးကွာဟချက်ဟာ မထင်မှတ်လောက်အောင် များပြားပြီး မျက်လုံးပြူးသွားစေခဲ့တယ်။ အဆင်ပြေရင် ပြေသလိုလုပ်နေတဲ့ အပိုင်းတွေကို သိလာတော့ ပိုင်ရှင်ဟာလည်း ဒီကိစ္စကို မသိမှာ မဟုတ်လို့တော့ထင်တယ်။ ဒါပေမယ့် ဘာဖြစ်လို့ မြွေပွေး ခါးပိုက်ပိုက်ထားသလဲ၊ ဘာဖြစ်လို့ ဘာမှ မပြောတာလဲဆိုတာတော့ နားမလည်နိုင် . . .
ကျွန်မနဲ့ ဘော့စ်ကြားမှာ ကာဆီးနေတဲ့ သူ့ကိုကျော်လွှားပြီး ပြောဖို့ကလည်း အခွင့်အရေးက အတော်နည်းပြန်တယ်။ နောက်ဆုံး ကျွန်မသိ ထားတဲ့ ကိစ္စ တစ်ခုဟာ ဘော့စ်ကို မပြောလို့မဖြစ်၊ နိုင်ငံခြား Export တွေကို ပိုတင်ပြီး တကယ့်စာရင်းမှာတော့ လျော့ပြထားတယ်။ ၀င်လာတဲ့ ငွေကြေးကိုတော့ ဖြတ်အုပ်မယ့်သဘော ကျွန်မမရောက်ခင်ကလည်း ဒီလိုပဲ လုပ်နေမယ်ထင်တယ်။ ဒီကိစ္စကို သေချာစာရင်းဖော်ထားပြီး နောက်နေ့ ဘော့စ် ဆီစာတင်မယ်လို့ ကြံစည် ထားခဲ့တယ်။ အဲဒီနေ့က အဲဒီစာရင်းတွေကို အပြီး လုပ်နေတာမို့ အိမ်ပြန် နောက်ကျသွားတယ်။ သူ ကျွန်မအနားကို နှစ်ခေါက် လာစကား ပြောတာတော့ သတိထားမိတယ်။
နောက်တစ်နေ့ မနက် ကုမ္ပဏီရောက်တော့ ကွန်ပျူတာအဖွင့်မှာ မနေ့က လုပ်ထားတဲ့စာရင်းတွေ ဘယ်လိုမှ ရှာမတွေ့ကြောင်းသိလိုက်ရတယ်။ ကျွန်မတော့ လုပ်ကြံခံလိုက်ရပြီဆိုတာ သိလိုက်တယ်။ တစ်ပတ်လောက်လုပ်လာရတဲ့ စာရင်း တွေပျောက်မှုကို အံကြိတ်ရင်း ဆက်လုပ်ဖို့ စိတ်ကူးပေမယ့် ကျွန်မအတွက် အခွင့်အရေးမရနိုင်တဲ့ နောက်ထပ်ပြဿနာတစ်ခု ထပ်မံ ပေါ် ပေါက်လာခဲ့တယ်။
အလုပ်ရုံနဲ့ ကုမ္ပဏီကူးနေရတဲ့ ကျွန်မအတွက် လုပ်ကြံသူအတွက် အကွက် ကောင်းရသွားခဲ့တယ်။ ဘော့စ်ရဲ့ ပိုက်ဆံပျောက်မှု၊ လုပ်ငန်းသုံး ပိုက်ဆံ လျော့နည်း မှုက ကျွန်မခေါင်းကို ဦးတည်လာခဲ့တယ်။ မီးခံသေတ္တာ သော့ကို Cashierတွေပါ တွဲပေးထားတဲ့ ကျွန်မအတွက် မကိုင်မဖြစ်ကိုင်ရတယ်။ စွတ်စွဲချက်က လုပ်ငန်းသုံးငွေအလွဲသုံးစားလုပ်မှုတဲ့ ဘာဖြစ်လို့ လျော့နေသလဲဆိုတာ စဉ်းစားလို့မရ သူ့အချိန်နဲ့ သူကွက်တိလုပ်ထားတဲ့ သူ့မှာ ကျွန်မစကားတွေအရာမ၀င်စေဖို့ တားမြစ်ထားတယ်။ နောက် ဘော့စ်ရဲ့ ပိုက်ဆံသုံးရွက်ကို ကျွန်မစားပွဲခုံ အောက်တွေ့တယ်ဆိုတဲ့ လုပ်ကြံဇာတ်လမ်း တွေအောက်မှာဘော့စ်ကိုယ်တိုင် ကျွန်မကို အယုံအကြည်ကင်းမဲ့အောင်လုပ် ပစ်လိုက်တယ်။
ရှစ်နှစ်လောက် သူ့အနားမှာ သူခိုးမှန်းမသိအောင်နေသူတစ်ယောက်နဲ့ နှစ်လဘဲရှိသေးတဲ့ ကျွန်မကို ဘယ်သူ့ဘက်ပါမလဲ။ မှန်သည် ဖြစ်စေ၊ မှားသည် ဘဲဖြစ်စေ၊ ရှိစေတော့ ကျွန်မပြေပြစ်ချင်တယ်။ ကုမ္ပဏီကြီး တစ်ခုလုံးကို ၀ါးမြို သွားပြီးမှ သိနိုင်မဲ့သူမျိုးတွေ စဉ်းစားတတ်မဲ့သူမျိုးတွေ၊ ကားနဲ့ လာရုံးတက် နေတဲ့သူ့ဘေးကလူကိုတော့ တစ်စက်မှ သံသယရှိပုံမပေါ် ဒါမှမဟုတ် ဘယ်လို အကြောင်းတွေကြောင့် သိသိချည်းနဲ့ လက်ခံထားရသလဲ မစဉ်းစားနိုင် နောက်ဆုံးတော့ ကျွန်မကိုယ်တိုင်တွက်ကြောင်း ပြောခဲ့ပါ တယ်။ နောက်ဆုံးတော့ ဘော့(စ်) မျက်နှာကို စေ့စေ့ကြည့်ရင်း . . .
"မြွေပွေး အကြီးစားကို ခါးပိုက်ပိုက်မိသလိုမဖြစ်ပါစေနဲ့"လို့ ပြောရင်း လှည့်ထွက်ခဲ့တယ်။ အားလုံးရဲ့ အကြည့်အောက်မှ ကျွန်မဟာ ယုန်သူငယ် တစ်ကောင်လို ဖြစ်ချစ်ဖြစ်နေလိမ့်မယ်။ ဒါပေမယ့် ကျွန်မကိုယ့်လိပ်ပြာ ကိုယ်လုံ တယ်။ တခြားအလုပ်ကိုလဲ လျောက်ရဲတယ်။ ဘော့(စ်)ရဲ့ မျက်နှာ ဘယ်လိုပုံစံမျိုးနဲ့ ကျန်ခဲ့လဲတော့မသိ ကျွန်မအတွက် အပင်ပန်းခံပြီး စာရင်းတွေကို လုပ်စရာ မလိုတော့ပါ။ အသိဥာဏ်မရှိပြီး အထက်က အလုပ်လုပ်နေ သူအောက်က ကိုယ်လွတ်ရုန်းထွက်ခဲ့ရတာ ပိုသက်သာမယ်ထင်တယ်။ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိ ပေမယ့် မြွေပွေးရဲ့စကားတွေက ဘယ်လောက် တောင်ပေါက်ရောက်နေခဲ့သလဲ ဆိုတော့ နောက်ထပ်အလုပ်သုံးခုထပ်ရှာခဲ့သည်အထိ အဆင်မပြေခဲ့။ နောက်ဆုံး တော့ ဘယ်အထိ အငြိုးကြီးသည်မသိ ကျွန်မဟာ အင်တာဗျူး အဆင့်မှာကို မပါဝင်ခဲ့တော့။
စိတ်ဓါတ်တွေ လဲပြိုချင်လာပြီ ခံပြင်းစိတ်နဲ့ ကြိုးစားချင်ပေမဲ့ အခွင့်အရေး မရခဲ့။ လူသိများပြီး အပြင်ပန်းဟန် အရမ်းကောင်းတဲ့ ထိုအမျိုးသမီးရဲ့ လက်ထဲမှာ အလုပ်တစ်ခုကို ရအောင်မရှာနိုင်တော့တဲ့ အဖြစ်ဝမ်း နည်းလာရတယ်။ အမေနဲ့ အစ်မကိုလည်းမပြောရဲ။


(၃)
ဘုရားရှေ့မှာ တစ်ယောက်တည်းကြိတ် ၀မ်းနည်းခဲ့ရ ထိုင်တွေးခဲ့ရနဲ့ ထွက်ပေါက်မဲ့သလိုဖြစ်လာတဲ့ တစ်ကိုယ်တည်းခံစားချက်ကြီးကို ရင်ဖွင့်မိတာ အဆောင်ပိုင်ရှင်အန်တီကြီး၊ အန်တီကြီးက ကျွန်မကို သနားစိတ်နဲ့ မခံမရပ်နိုင်ဖြစ်ပြီး အလုပ်တစ်ခု ရအောင်ဆက်သွယ်ပေးမယ်တဲ့။ အန်တီကြီးက သိပ်မကြာခင်မှာဘဲ သူ့အဆက်အသွယ်နဲ့ ကျွန်မကို စင်္ကာပူမှာ အလုပ်လုပ်မလားတဲ့ ဘာအလုပ်လဲ ဆိုတောံ့HomeMaid"တဲ့ . . . ဒီမှာလဲ အလုပ် မရတဲ့အတူတူ စဉ်းစားချိန်အကြာကြီး မပေးတော့ဘဲ ခေါင်းငြိမ့်လိုက်တယ်။ ဒေါ်လာ ၃၂၀ ရမယ်။ ဒါပေမယ့် ပွဲစားခ တစ်လ ၃၀၀ ကို ခုနှစ်လစာပေးရမယ်။ နှစ်ဆယ်ဘဲ ကိုယ်ယူရမဲ့ သဘော။
ကဲ ဘာဘဲဖြစ်ဖြစ် အပြောင်းအလဲတစ်ခုကို စတင်ခြေလှမ်း လှမ်း ရတော့မှာမို့ သတ္တိတွေ အပြည့်ထည့်ထားရတယ်။ အမေနဲ့ အစ်မမျက်နှာ လည်းမြင်ရောင်မိတယ်။ သူတို့နေတဲ့အိမ်လေးက နာဂစ် မုန်တိုင်းဒဏ် ကြောင့် ပြိုလုလု အမေ့ကို အိမ်လေးနဲ့ ထားနိုင်ဖို့ တွန်းအားတွေက ကြီးစိုးလွန်း လှတယ်။ ဒါကြောင့် ရထားသမျှ ဘွဲ့တွေကို ခေါက်သိမ်းရင်း အထုပ်အပိုး ပြင်ဆင်ရတော့တာပေါ့ အန်တီကြီးက လိုအပ်သမျှ ကူညီပေးတယ်။ အစ်မေ နဲ့ အစ်မကိုတော့ ဖုန်းဆက်ပြောလိုက်တယ်။ ကျွန်မကို ချစ်တဲ့ ဦးလေးက မုန့်ဖိုးပေးတယ်။ အစ်မေ့ကို ဂရုစိုက်ဖို့ မှာရင်း အမေနဲ့ ဝေးရာဆီ တစ်ခါမှ မရောက်ဘူးတဲ့ စိတ်ကူးအဖြစ်တောင်မယဉ်ဘူးတဲ့ စင်္ကာပူနိုင်ငံကို ရောက် ခဲ့တယ်။
ဟိုရောက်တော့ ကျွန်မ နေရတဲ့အိမ်က ဗီယက်နမ် တရုတ်စပ် လင်မယားအိမ် ကလေးနှစ်ယောက်ရှိတယ်။ မိန်းကလေးပစ္စည်းအသုံး အဆောင်တွေကို နေ့စဉ် လာထုတ်ပိုးပေးတဲ့ ထိုင်းဒေါ်ကြီးတစ်ဦး ဒါဘဲ ရှိတယ်။
ကျွန်မကတော့ မနက်စောစောကနေ ညမိုးချုပ်ထိ အိမ်အလုပ် ထရစပ်။ ကလေး နှစ်ယောက်ကိစ္စ၊ အိမ်ထဲက အိမ်ပြင်လုံးဝထွက်ခွင့် မပေးဘူး။ ဖုန်း ဆက်ခွင့်မပေးဘူး။ သနပ်ခါးလိမ်းခွင့် သီချင်းဆိုခွင့်မပေးဘူး။
လူတစ်ယောက်ကို ဟာကွက်မရှိအောင် ခိုင်းတတ်ပြီး နွေးထွေးမှုနည်းတဲ့ ဒီ Family ထဲရောက်လာတာကိုက ကျွန်မကံဆိုးသွားပြီ။ ဒီလူ တွေနဲ့ တစ်ပါတ်လဲ မရင်းနှီး နှစ်ပါတ်လဲ မရင်းနှီး ရင်းနှီးအောင်လဲ လုပ်ခွင့်မရှိ၊ နေခွင့်မရှိ အိမ်ရှင်အမျိုးသမီးက ကျွန်မထက် တစ်နှစ်ဘဲကြီးတယ်။ သူက နှစ်ဆယ့်ရှစ်၊ ကျွန်မက နှစ်ဆယ်ခွန် စကားပြောရင်တော့ အိမ်စေတစ် ယောက်ထက်မပိုဘူး အပြင် ထွက်ရလို့ မြန်မာ တစ်ယောက်လို့ ထင်ရသူကို ရင်းနှီးနွေးထွေးစွာ ခေါ်ချင်မိတယ်။ နှုတ်ဆက်မိတယ်။ စကားပြောချင်တယ်။ တစ်နေ့လုံး နေလို့မှ စကားပြောဖေါ်မရှိ တဲ့ဘ၀ လှောင်အိမ်ထဲက ငှက် တစ်ကောင်လိုဘဲ။
Woodland ဆိုတဲ့ နေရာရဲ့ နာမည်ကလွဲလို့ ဘာတစ်ခုမှမသိ အထပ် ဆယ့်တစ်ထပ်မြောက် အခန်းထဲမှာ ဘွဲ့ရ၊ ပညာတတ် မိန်းမတစ်ဦးရဲ့ အိမ်စေ ဘ၀ဟာဘယ်လောက်ခါးသီးနာကျင်ဖို့ကောင်းလဲ။ နောက်ထပ် ခြောက်လစာကို အလကားလုပ်ပေးရဦးမည်။ အိတ်ထဲမှာ ရှိနေတဲ့ အမေ့ ပုံလေးကို ထုတ်ကြည့်မိ တိုင်း အတူတွဲပါနေတဲ့ ဘွဲ့လက်မှတ်တွေ သင်တန်းက အောင်လက်မှတ်တွေက လှောင်ပြောင်နေသလိုခံစားလာရတယ်။
အိမ်ကို လာအလုပ်လုပ်တဲ့ ထိုင်း ဒေါ် ကြီးကို ကူညီလုပ်ကိုင်ပေးရင်း သူနဲ့ ခင်မင်လာတယ်။ စကားပြောဖြစ်ကြတယ်။ သူက မြန်မာ နဲ့ အတူ အလုပ်တွဲ လုပ်ဖူးတာကြောင့် မြန်မာလိုနည်းနည်း တတ်တယ်။ ဒီ ဒေါ်ကြီးက ကျွန်မရဲ့ အဖေါ် ဖြစ်လာတယ်။ ကျွန်မ အမေနဲ့ ဖုန်းပြောဖို့၊ ဖုန်း ဆက်ဖို့၊ ဖုန်းကဒ်ကို အဒေါ် ကြီး ၀ယ်ခိုင်းရတယ်။ ကျွန်မ အကူအညီတောင်းရင် ဒေါ် ကြီးက ကူညီပေးလေ့ရှိတယ်။ သူနာမည်ကို ကျွန်မ ခေါ်သလို Daw Gyi ဆိုပြီး စာရွက်ထဲချရေးလေ့ရှိတယ်။ သူက ထိုင်း အင်ဒိုနီးရှားစပ်၊ အသား နည်းနည်းမဲပေမယ့် သဘောကောင်းတယ်။ ကျွန်မ အိပ်ပိုင်ရှင်က အသား ဖြူပြီး အပေါက်ဆိုးတယ်။ ပညာတတ်ပြီး စရိုက်ကြမ်းတယ်။ အိမ်ရှင်အမျိုး သားက ညတိုင်း အရက်သောက်ပြီး ခိုင်းချင်ရာခိုင်းတယ်။ အမြင် မတော်တဲ့ နေထိုင်မှုပုံစံတွေကြောင့် စိတ်ညစ်ရတယ်။ စူးစူးရဲရဲ အကြည့်တွေ အောက်က ခပ်နှိမ်နှိမ်အပြောအဆိုတွေက ကျွန်မအသားတွေ တဆက်ဆက်တုန်လာ စေတယ်။ ဒီလိုနဲ့ သီးခံရင်း နေလာခဲ့ရတဲ့အချိန်တွေ အကျည်းတန်လွန်းပါ တယ်။
_ _ _ _ _ _
ဒေါ် ကြီးဟာ ကျွန်မအတွက် အဖေါ်ကောင်းဖြစ်သလို ကံကောင်း ခြင်းကို ယူဆောင်လာသူဖြစ်တယ်။ ကျွန်မရဲ့ ခြောက်လမြောက်လဟာ အိပ်မက်တွေကို ရှင်သန်စေတယ်။
ဖုန်းကဒ်လေးတွေ ခိုးခိုးဝယ်ပေးတဲ့ ဒေါ်ကြီးက သူ့ဖုန်းထဲမှာဘဲ ထည့်ပြီး ဆက်ခိုင်းတယ်။ အမေ့ဆီ ပိုက်ဆံ မပို့နိုင်သေလို့ စိတ်မကောင်း ဖြစ်ကြောင်း သတိရကြောင်း၊ မာကြောင်းတွေ တော်တော်ကြာပြောဖြစ်တယ်။ အမေ့အသံဟာ သူ့သမီးအတွက် မျှော်လင့်ချက်တွေရှိနေတယ်။ ကျွန်မ တကယ်ဘာလုပ် နေရတယ်ဆိုတာ မသိတဲ့အမေ့အတွက် မဖြစ်နိုင်သေးတဲ့ စကားတစ်ခွန်းကို ကျွန်မ ပြောမိတယ်။
အမေ့ အတွက် ကိုယ်ပိုင်အိမ်လေးတစ်လုံးဝယ်ပေးနိုင်ဖို့ သမီး ကြိုးစားနေ တယ်ဆိုတာပေါ့။ အမေ့ တုန့်ပြန်သံက ၀မ်းသာဝမ်းနည်းနဲ့ . . . တစ်ကယ်တမ်း ပြောက်လိုက်ပေမယ့် ကျွန်မလက်ထဲ ဘာမှမရှိသေး။ ကျွန်မ အစ်မေ့ကို လွမ်းတယ်။ အရာအားလုံးကိုလွမ်းပါတယ်။

(၄)
ဒေါ်ကြီးက ဒုတိယမြောက်ဖုန်းကဒ် ၁၈၁၈ ကို အခြားနေရာမှာ ဒေါ်လာ ၁၀ ပေးရလို့၊ peninsula plaza ကနေ ၈ ကျပ်နဲ့ ၀ယ်ခဲ့ပြီး ပိုတဲ့ ၂ ကျပ် ကို စင်္ကာပူထီထိုး လာခဲ့တယ်။ ကျွန်မလက်ထဲကိုပေးပြီး ၂.၅ မီလီလျှံ ၂ သန်းခွဲ ပေါက်ရင်ရ မယ်လို့ပြောသွားတယ်။
ဒီမှာ ခေတ်စားတဲ့ တရားဝင်ထီတွေထဲက တစ်ခုပေါ့၊ ပေါက်ပါစေလို့ ဆုတောင်းပြီး ပြန်သွားတယ်။
အဒေါ်ကြီးဟာ ကျွန်မ အိပ်မက်တွေကို အမှန်တကယ်ဘဲ သယ်ဆောင်လာသူပါ။ ကျွန်မမေ့နေတဲ့ ထီလက်မှတ်လေးအတွက် အံ့သြ၀မ်းသာစွာနဲ့ ကံထူးရှင်းဖြစ်ခဲ့တဲ့ ကျွန်မ၊ အိမ်ရှင်တွေ မရှိတုန်း အဲဒီတိုက်ခန်းထဲမှာ တစ်ဦးနဲ့ တစ်ဦးဖတ်ရင်း မျက်ရည်ကျခဲ့ရတယ်။ ၀မ်းသာလွန်းလို့ တုန်လှုပ် နေတယ်။ ကျွန်မရဲ့ အိမ်ဖေါ်သက်တမ်း ခုနှစ်လပြည့်တဲ့နေ့မှာ မှတ်မှတ်ရရဆိုသလို ပင်ပန်းမှု တွေလွင့်စင်ပျောက်သွားတယ်။
ကျွန်မဟာ နိုင်ငံသား ခံယူရင်အပြည့်ရမှာဖြစ်ပြီး မခံယူရင်တော့ တစ်ဝက်ဘဲရ မှာဖြစ်တယ်။ ကျွန်မ မြန်မာနိုင်ငံကို ပြန်မှာပေါ့ ကျွန်မရဲ့ စိတ်ကူးကိုသိတဲ့ အဒေါ် ကြီးက ၀မ်းသာစွာနဲ့ ဂုဏ်ယူပြီး သူက အကုန်လိုက်လုပ် ပေးတယ်။
အိမ်ရှင် လင်မယားကိုလည်း ပြောလိုက်ပြီး အလုပ်ထွက်ခဲ့တယ်။ ကျွန်မနဲ့ ဒေါ် ကြီး မာလိုင်းရင်းဘေးက မြစ်ကမ်းခြေမှာ လေတစ်ဝရှူကြတယ်။ လှလိုက်တာ ကျွန်မ ဒီမှာ ခုနှစ်လကြာခဲ့တာ အပြင်ကို လွတ်လပ်စွာ တစ်ခါ မှမရောက်ဖူးခဲ့။ ဒေါ် ကြီးက Sentosa ကိုတောင် မပြန်ခင်လိုက်ပို့လိုက်သေးတယ်။ သူ ဖုန်းကဒ်လေးဝယ်လာတဲ့ peninsula plaza
ကို လိုက်ပို့ပြီး မင်းတို့ မြန်မာတွေ ဆိုင်တွေအများကြီးဖွင့်ထားတဲ့ နေရာတဲ့ ကျွန်မကိုလဲ ဖွင့်ချင်ရင် ကူညီမယ်ပြောတယ်။
ကျေးဇူးတင်ပေမယ့် ကျွန်မ မြန်မာပြည်ကို ပြန်ရဦးမယ်။ အမေ အတွက် အမိုးလုံပြီး ခိုင်ခန့်တဲ့ အိမ်လေးကို ဆောက်ပေးချင်လှပြီ။ ကျွန်မ မျှော်လင့်တဲ့ တစ်နေ့မှာတော့ အိပ်မက်တွေကို အကောင်အထည်ဖေါ်နိုင်ပြီပေါ့ . . . စာကလေးအိမ်လေးတွေကို စာကလေးတွေအတွက် ၀ယ်လှုခဲ့တဲ့ ရလဒ်အတွက် ကျွန်မလဲ ကိုယ်ပိုင်အိမ်ကလေးတစ်လုံးတည်ဆောက်နိုင် ပြီပေါ့။
peninsula plazaကို ဒေါ်ကြီးက လိုက်ပို့တယ်။ ဒီနိုင်ငံမှာ တစ်ဦးတည်းသော ခင်တွယ်ရာ ကျေးဇူးရှင်ကို သတိရနေဦးမှာပါ။ ဒေါ်ကြီးအတွက် အမှတ်တရ ၀ယ်ပေးချင်တာကို အများကြီးလက်မခံဘဲ နောက်ဆုံး သူလိုချင်မက်မောတာလေးကို ကျွန်မလိုက်ဝယ်ပေးခဲ့ရတယ်။ ဒါဘာလဲဆိုရင် peninsula plaza မှာရှိတဲ့ သပြေနုဆိုတဲ့ မြန်မာ့လက်မှုပစ္စည်းဆိုင်က ကျွဲချိုလေးနှစ်ခု အလုပ်မှာချည်ထားတဲ့ ကြေးမောင်းလေး အဲဒါလေးကို သူသဘော ကျတယ်။ ကျန်တာ ဘာမှပေးလို့မရဘူး။
စင်္ကာပူညချမ်းမှာ နှုတ်ဆက်တဲ့အနေနဲ့ သူတိုက်တဲ့ ၀ိုင်တစ်ခွက် သောက်ရင်း စိတ်မကောင်းစွာနှုတ်ဆက်ခဲ့တယ်။ ပြန်ဆုံကြဖို့ သူက မျှော်လင့်ပါတယ်တဲ့ သူ့ရဲ့ အနမ်းက အမေတစ်ယောက်ရဲ့ အနမ်းလို နွေးထွေးစေတယ်။
လေယာဉ်ပေါ်ကနေ တိမ်တိုက်တွေကို ကြည့်ရင်း ပီတိဖြစ်မိတယ်။ ဂျစ်တူး ကိုလဲ သတိရမိတယ်။ အသွားတုန်းက နှုတ်ဆက်တော့ . . . ၀မ်းသာ လိုက်တာ အမရယ် အားကျလိုက်တာ ဂျစ်တူးလဲ အဲဒီလိုသွားလုပ်ချင် လိုက်တာတဲ့ . . .။
ဂျစ်တူးရဲ့ အိမ်လေးမှာ အမေရှိသလို အမအိမ်မှာလည်း အမေရှိနေတော့ မှာပါ။
ငှက်တွေမှာ အတောင်ပံရှိသလို
အိမ်တွေမှာ အမိုးတွေနဲ့လေ
ဒါပေမယ့် အမေနဲ့တူတဲ့ လုံခြုံစွာကာရံပေးနိုင်မယ့် အမိုးတွေကို
အမမျှော်လင့်မိတာ ဖန်တီးချင်မိတာပါ . . .။
တိမ်တိုက်တို့ဝေး၍ ကျန်ခဲ့ပြီ
လေယာဉ်ဘီးလုံးချလိုက်စဉ်မှာ သိမ့်ကနဲ့ လှုပ်ရှားမှုကြောင့် ရင်ဘတ်ကို အသာလက်နဲ့ ဖိကပ်ထားလိုက်ပါတယ်။
ရင်ခုန်မှု၊ အံ့သြမှု၊ ပျော်ရွှင်မှုတွေနဲ့အတူ
ကျွန်မရဲ့ ဘ၀သစ်အတွက် ခြေလှမ်းသစ်များက ကြိုဆိုနေလိမ့် မယ်လို့ မျှော်လင့်ရင်း . . .
ခြေလှမ်းတွေက သွက်လက်လို့ နေခဲ့ပြီ။

ချောအိမာန် (မန္တလေး)
၂၀၀၉ခုနှစ်၊ ဇွန်လ ၁၃ ရက်

1 comment:

Anonymous said...

မချောအိမာန်ကှို Singapore trip ကိုဘယ်သူများစပွန်စာပေးတာလည်းသိလို၇မလားခင်ဗျာစပ်စုတယ်လိုမထင်ပါနှဲ့.......