Wednesday, February 10, 2010

မီသလောက် မန္တလေး

မြန်မာသက္ကရာဇ် ၁၇၃၁-နှစ်ဆိုရင်
မန္တလေးအနှစ် ၁၅၀-ဒင်ဒင်ပြည့်ပြီပေါ့။
အနှစ် ၁၅၀-ဆိုတာ ဘာမှမကြာပါလားရယ်လို့
အဆွေတော် ကဗျာဆရာမောင်ကြည်သာက ပြောကြားပေမယ့်
မန္တလေးမဟုတ်တဲ့ အကျွနုပ်အဖို့
မင်းတုန်းမင်းတရားလည်း မဖူးခဲ့ဖူးပါဘူး။
သီပေါမင်းတရားထံလည်း မခစားခဲ့ဖူးပါဘူး။
စုဖုရားလတ်နဲ့လည်း မငြင်းခုန်ခဲ့ဖူးပါဘူး။
ကနောင် တိုင်းတား ကင်းဝန် တို့နဲ့လည်း
တိုင်းရေးပြည်ရေး မဆွေးနွေးခဲ့ဖူးပါဘူး။
စလေဦးပုည၊ လှိုင်ထိပ်ထားတို့နဲ့လည်း
Any Way၊ ယူနီစန်ကဖေး မထိုင်ခဲ့ဖူးပါဘူး။
သူတို့အကြောင်းတွေကိုတော့ စာထဲမှာသာဖတ်ရ
ဇာတ် အငြိမ့်တွေမှာသာ နောက်ပိုင်း အော်ပရာအနေနဲ့သာ
ရာဇဝင်အူပေါက် ကပြတတ်တာလောက်ပဲ သိခဲ့ရတာပါ။
ကျွန်ုပ်သိခဲ့တာက ၁၉၈၀-နောက်ပိုင်း
မန္တလေးရဲ့သမိုင်းပါ။
ဒုတိယ မြနန်းစံကျော်ရွှေနန်းတော်ကြီးလည်း
ပေါ်ပေါက်လာပြီ။
မြေကျုံးက အုတ်ကျုံးဖြစ်သွားပြီ။
၁၂-ရုံးဈေးချိုတော်က
၅-ထပ် ၆-ထပ် အဆင့်မြင့်ဈေးချိုဖြစ်သွားပြီ။
၂-ထပ်တဲ့ မပိုတဲ့ တိုက်တွေအကြား
၇-ထပ် ၈-ထပ် ၉-ထပ် မိုးမျှော်တိုက်တွေပေါ်လာပြီး
ကွက်လပ်တွေအစား
ပန်းခြံတွေ၊ ကစားကွင်းတွေ၊ တိရိစ္ဆာန်ရုံနဲ့ တိုက်တာတွေပေါ်လာပြီး
တစ်လမ်းမောင်း၊ နှစ်လမ်းမောင်းတွေပေါ်မှာ
နောက်ဆုံးပေါ်ကားတွေ၊ ဆိုင်ကယ်တွေ၊ မတလတွေ
စက်ဘီးတွေ၊ ဆိုက္ကားတွေ၊ ချယ်ကာလီတွေ
စူပါမားကတ်ဈေးတွေပေါ်မှာ
ဈေးဝယ်နေကြတာက ဘောင်းဘီတိုဝတ်တွေ
စကတ်ဝတ်တွေ၊ သရီးစကွဲယားဝတ်တွေ
မန္တလေးမြို့ကြီးဟာ တစ်နေ့ထက်တစ်နေ့စည်ကား
တစ်နှစ်ထက်တစ်နှစ် တိုးတက်
နောင် အနှစ် ၅၀ မှ အနှစ်......၂၀၀ပြည့်ခဲ့ရင်
ဟုတ်ကဲ့........အကျွန်ုပ်သားကပဲ
မန္တလေးအကြောင်း ဆက်ရေးပါလိမ့်မယ်။
မင်းတင်ထွဏ်း(မန္တလေးမြို့နှစ်၁၅၀ပြည့်အထိမ်းအမှတ်ကဗျာစာအုပ်မှ)


ချောအိမာန် (မန္တလေး)

No comments: