Wednesday, February 10, 2010

၂၀၀၉ - မန္တလေး



မိုးထိအဆောက်အဦတွေက တိမ်ကိုနမ်းရှိုက်
နာရီစင် တဖြည်းဖြည်းပုဝင်သွား
မြေကြီးထဲ ကျွံကျ


ကောင်မလေးတွေ ပိုလှလာတယ်
မာကျူရီညတွေပိုပြီး သုခဘုံဆန်လာတယ်။


ပုလင်းသံ
ဖန်ခွက်သံ
ဇွန်းသံ၊ ခရင်းသံ
နှုတ်ခမ်းနီ
ပေါင်ဖြူဖြူ ဂါဝန်စကပ်
ဒေါက်ဖိနပ်ရောင်စုံ အကပြိုင်
ငွေနဲ့ဝယ်ယူလို့ရတဲ့ ပျော်ရွှင်မှုတွေ
ငွေနဲ့ဝယ်ယူလို့ရတဲ့ အချစ်တွေ
ငွေနဲ့ဝယ်ယူလို့ရတဲ့ ကိုယ်ကျင့်တရားတွေ
ငွေနဲ့ဝယ်ယူလို့ရတဲ့ လူ့ဂုဏ်သိက္ခာတွေ။
မာနမကြီးစမ်းပါနဲ့
အနုပညာဆိုတာကလည်း ငွေနဲ့လုပ်မှအဆင်ပြေတာ
ငွေနဲ့လုပ်တဲ့ အနုပညာမှလည်း
တန်ဖိုးထား အထင်ကြီးချင်ကြတာ။
အဲဒီအနုပညာဆိုတာကိုလည်း
လူကုံထန်တွေကပဲ နှစ်သက်ခံစားနိုင်ကြတာ။


လူတွေက ရိုဘော့စ်ဖြစ်
ရိုဘော့စ်တွေက လူဖြစ်
ဂလိုဘယ်လ် ကမ္ဘာခေတ်ကြီးထဲမှာ
ကဗျာရေးတဲ့ မြို့သစ်သားကဗျာဆရာတွေခမျာမတော့


အင်တာနက်၊ ဆိုက်ဘာ၊ အီးမေးလ်
ကာလပေါ် စကားလုံးတွေ စီးချင်းထိုးရင်း
အိမ်ရှင်မရဲ့ မျက်စောင်းဒဏ်
မရှုမလှခံနေကြရတယ်။
မောင်သင်းဝေ(မန္တလေးမြို့နှစ်၁၅၀ပြည့်အထိမ်းအမှတ်ကဗျာစာအုပ်မှ)

ချောအိမာန် (မန္တလေး)

No comments: