၎။ အဆိပ်ချိုသစ်ပင်ပေါ်က ... ခပ်လိပ်လိပ်
အရွက်တစ်ရွက် ... ကြွေကျတာတောင်
ခံစားချက်နေ့ရက်နဲ့ ... တိုက်ဆိုင်မိတော့
အလိုလိုဝမ်းနည်းခဲ့မိတယ် ... ။
အလွမ်းတွေကို ပန်းကြဲပြီး
တအိအိ ပြိုဆင်းလာတဲ့
သက္ကရာဇ်တွေကို
ပြန်ကာ တွက်ကြည့်တော့
ငါတို့ ချစ်တာ ဒီဇင်ဘာ
ငါတို့ ချစ်တာ ဖေဖော်ဝါရီ
လတွေ အများကြီးရှိပေမဲ့
ရွေးချယ်ခဲ့ ကြတော့ ဘာဆန်းလဲ
ဒီဇင်ဘာကို ခဲဖျက်နဲ့ ဖျက်လို့မရ
ဖေဖော်ဝါရီကို တံခါးပိတ်ထားလို့ မရ
အနုပညာလို ဇာတ်ကောင်တွေနဲ့
လျော့တွက်ရင်း ... ဟန်ဆောင်နေကြရ
တကယ်တော့ လူမသိ ၊ သူမသိ
အဆိပ်ချို ချစ်ခြင်း တွေအောက်
ဒူးထောက် အရှုံးပေးနေကြရတာကို
ဘယ်သူတွေ သိကြမှာလဲ .... ။
``ပန်းသီးရည်နဲ့ လိမ်းကျံထားတဲ့ နှုတ်ခမ်း တစ်ခုရဲ့ ဒိုင်ယာရီ``
ချစ်သူများနေ့ ကဗျာ စာအုပ် ... မှ
14.2.07
ချောအိမာန် ( မန္တလေး )
No comments:
Post a Comment