Tuesday, February 16, 2010

ပင်ချစ်သူ

12

အကြောထနေတဲ့ လက်ချောင်းများနဲ့ မြေနီကြမ်းများကို ဆုပ်ကိုင်လိုက်တယ် … မြေသားတွေဟာ အရင်လို အဆီအနှစ်နဲ့ ကျစ်လစ်မှု မရှိတော သလို လက်ထဲမှာ ပွပြီး အစိတ်စိတ်အမွှာမွှာ ခြေလို့ရနေပြီ…

တစ်ချိန်တုန်းက သည်မြေသားတွေပေါ်မှာ …

အပင်ပေါင်းများစွာ စိုက်ပျိုးခဲ့သူ ….

အသီးပေါင်းများစွာကို သီးစေခဲ့သူ …

အပွင့်ပေါင်းများစွာကို ပွင့်စေခဲ့သူ …

ကိုယ့်ရဲ့စိတ်တွေကို လှစေခဲ့သူ …

ကိုယ့်ပတ်ဝန်းကျင်ကို လှစေခဲ့သူ …

ကမ္ဘာသိအောင်ထိ လှစေချင်ခဲ့သူလေ …စွယ်တော်

ကိုယ့်ခြံကထွက်တဲ့ အသီးတွေကို ဘယ်ခြံတွေနဲ့ပြိုင်ပြိုင် အရည်အသွေးက တမူထူးခြားစေခဲ့တယ်၊ ဒီလိုပဲ ကိုယ့်ခြံထဲက ပန်းတွေရော ရောင်းတန်း မှာ ဈေးအလှဆုံး ဖြစ်ခဲ့တာမဟုတ်လား ..... ၊ ကိုယ့်ရဲ့ ဒီခြံ ဒီမြေ နဲ့ ဆယ်နှစ်ကျော် ကွဲကွာပြီးတဲ့နောက်ပိုင်းမှာ ခု ကိုယ်ပြန်တွေ့ရတာ တွေနဲ့ တစ်ခြားစီပါလား လို့ စသိလိုက်ရတဲ့ နေ့က ရင်ထဲ အတော် ၀မ်းနည်းသွားခဲ့တယ်။

ကိုယ်နဲ့ အပင်တွေ မခွဲခွာမီက စိုက်ပျိုးခဲ့တဲ့ စွယ်တော်ပင်တစ်တန်းကြီး နေရာမှာ နှစ်ထပ်တိုက် အဆောက်အဦး ခပ်ကြီးကြီး တစ်ခုက အစားထိုးဝင်ရောက်နေတယ်။

ဒီအိမ်ဟာ သားကြီးရဲ့ အိမ် မယုံနိုင်စရာ ကောင်းလိုက်တာ … ကိုယ်ပိုင်ဆိုင်တဲ့ ကိုယ့်မြေယာပေါ်မှာ လွမ်းစရာကောင်းလှတဲ့ ရှမ်းရိုးမကြီးနဲ့အတူ ကိုယ် သူတို့တွေရဲ့ အဖေကို တမ်းတမိတယ်။

သူဟာ  ကိုယ့်အတွက်လင်ယောက်ျားပေမယ့် တိုးတိုးဖော် သူငယ်ချင်းတစ်ယောက်လိုလည်း ဆက်ဆံခဲ့တယ် ။ သူ့အပေါ်မှာ တစ်စုံတစ်ရာ အပြစ်လုပ်ခဲ့ရင်တောင် အပြစ်မယူတက်တဲ့ အပြစ်မမြင်တက်တဲ့ ကိုယ့်ရဲ့ သူငယ်ချင်းကောင်းလို တိုင်ပင်ဖော် တိုင်ပင်ဖက်လည်း ဖြစ်ခဲ့တယ်။

1

ချယ်ရီတွေကို သူ အင်မတန်မြတ်နိုးတယ်။

သူဟာ ပန်းများကို ပွင့်စေခဲ့သူပါ … ဒီမြို့လေးမှာ အရင်ကဆို ၀င်လာလိုက်ရင် ချယ်ရီပင်တန်းအပြည့်၊ ချယ်ရီပွင့်ချိန်ဆိုရင် အစည်းတွေ စည်းပြီး အောက်ဆင်းရောင်းကြရတယ်၊ ခုတော့ … မြို့လေးအ၀င်မှာ ချယ်ရီပင်တွေ ရှားသွားသလို ကိုယ့်ခြံထဲမှာ သူနဲ့အတူစိုက်ခဲ့တဲ့ ချယ်ရီပင်တွေ တစ်ပင်မှ မရှိတော့ဘူးဆိုတာ သူသိခဲ့ရင် ဘယ်လောက်များ စိတ်ထိခိုက်လေမလဲ အပင်ကသေသွားတာမဟုတ်၊ တကယ်တော့ ကိုယ့်တို့နှစ်ယောက်လုံးရဲ့ သွေးစက်တွေမပါတဲ့ … သားတွေရဲ့ အတ္တနဲ့ လောဘတွေကြောင့် ကိုယ်တို့ရဲ့ အပင်တွေ ပျောက်ဆုံးခဲ့ရပြီ ….

တကယ်တော့ ဒီအပင်တွေကြောင့် နွေရသီဆိုရင်မပူပဲ လေအေးတွေနဲ့  နေလို့ကောင်းတဲ့ ရာသီဥတုလေးကို ပိုင်ဆိုင်နေရတာ ကိုယ့်ခြံမှာ ၀င်ရောက်လာသူတိုင်း ပြန်မထွက်သွားချင်အောင် စည်းရုံးနိုင်ခဲ့တာ … ဂန္ဒာမာနဲ့  တောပန်း ၀ါဝါလေးတွေကြား ၊ မယ်ဇလီနဲ့ ဘောစကိုင်းပင်တွေကြား ၊ စွယ်တော်ပွင့် ပန်းရောင်တွေကြား ဖြတ်သန်းလာတဲ့ လေ တွေကို ကိုယ်တို့က မနက်တိုင်း တခုတ်တရ ရှုကြရတယ်၊ ခုတော့ ဒီနေရာ ဒီလေတွေအစား ကိုယ်ရှူနေရတာ သားငယ်ရဲ့ စက်ရုံ တစ်ခုထဲက ထွက်လာတဲ့ အနံ့ အနောက်ဖက်မှ ကြည်လင်နေတဲ့ တောင်ကျချောင်းရေ မြောင်း ပေါက်လေးရှိတယ် ……။

ကိုယ်အဲဒီနေရာလေးကို ရောက်တော့ အလွန်ဘဲ အံ့သြသွားတယ်။ ကိုယ်မြင်နေကျ ကြည်လင်နေတဲ့ ရေတွေအစား သားငယ်ရဲ့ စက်ရုံကထွက်လာတဲ့ ရေနီတွေဟာ ဒီချောင်းလေးထဲကို တဝေါဝေါ စီဆင်းနေပြီး ဘာအနံ့မှန်း မသိတဲ့ အနံ့တွေရနေတယ်….

ဒီရေနီတွေက အောက်ဘက်ကို စီဆင်းပြီး ဒီရေကို အသုံးပြုနေတဲ့ လူတွေအတွက် အကျိုးများစွာထိခိုက်နေပြီ၊ ဒီရေနဲ့ သစ်ပင်လောင်းရင် မကောင်းတာတွေများလာမယ်၊ ဒီရေကို မသိလို့ သောက်သုံးမိသူဆိုရင် … အို ….

အန္တရာယ် အကြီးကြီးပါလား … တွေးရင်း ခေါင်းတွေတောင်ကြီးသွားခဲ့တယ် …

နောက်ဆုံး အညစ်ကြေးရေတွေစွန့်ပစ်ရာ ရေနီမြောင်းကြီးလိုဖြစ်သွားတော့မယ် … ဒီကိစ္စ သားငယ်ကို သေချာပြောဖို့ ဆုံးဖြတ်လိုက်တယ် …

ကိုယ်ခုရပ်နေတဲ့ နေရာလေးကနေ တောင်ဘက်ကို ကြည့်လိုက်တော့ ကြည့်စမ်းပါဦး  မီးခိုးခေါင်းတိုင်ရှည်ကြီးတစ်ခု မီးခိုးတွေထွက်လို့ … ကျောက်ခွဲစက်ကထွက်လာတဲ့ အမှုန့်တွေ ၊ အသံတွေ ၊ နောက် … ကြေးကြိုတဲ့နေရာ ပုံစံခွက်တွေနဲ့ ကြေးပစ္စည်းတွေ သွန်းလုပ်တဲ့နေရာ … ဒါတွေကို ဦးစီးနေတာ ကိုယ့်သားကြီး ၊ အဆောက်အဦးတွေများစွာ ဆောက်ထားသလို … ကိုယ့်မြေယာတွေကို ပေါင်မုန့်လှီးသလို နှစ်ခြမ်းခွဲ အလိုရှိသလို စီမံပြီး ချနေကြတာ … ကိုယ် ဆယ်နှစ်ခရီးသွားခိုက်ပေါ့ …

ကိုယ့်မှာတော့ အပင်တွေကို လွမ်းရ ဘယ်လောက်ကြီးပြီလဲ တွေးရနဲ့ ဂရုစိုက်မယ့်သူရှိပါ့မလား စဉ်းစားရနဲ့ …

ဆယ်နှစ်စာ ခရီးရဲ့ ဒီဘက်မှာ မမျှော်လင့်တာ တွေကို တွေ့လိုက်ရတော့ ကိုယ့်မှာ အံ့သြမှင်သက်လို့ မဆုံးနိုင်ဘူး … လောဘဇောတက်နေကြတဲ့ ညီအစ်ကို နှစ်ယောက် မိသားစုရဲ့ ကြားမှာ ကိုယ့်မြေဟာ အပိုင်းပိုင်းလှီးဖြတ်ခံရတယ် .. ပြီးတော့ ဒီညီအစ်ကို နှစ်ယောက် မိသားစုဟာ  စကားမပြောကြဘူးတဲ့ ။

ကိုယ့်ရဲ့ ချယ်ရီပင်ပန်းတွေ ပါသွားတဲ့ သားကြီးရဲ့ မြေမှာ …

မေးကြည့်တော့ ---

``အမေ ချယ်ရီပင်တွေက ပွင့်ချိန်လောက်လှတာဘဲ မြင်ကြတာ၊ ခူကြိုက်တယ် တစ်ပင်လုံးရော၊ အပင်အောက်မှာရော ခူတွေချည်းဘဲ၊ အဲဒီအပင်အောက်ဖြတ်တောင် မဖြတ်ရဲဘူး …  လေတိုက်တိုင်း ခူတွေကပြုတ်ကျနေတာ၊ အန္တရာယ်များတယ်၊ ကျွန်တော့်ကလေး အမေ့မြေးတွေက အဆော့ချည်းဘဲ အဲဒီအပင်တွေအောက်ဘဲ သွားနေကြတာ ၊ အိမ်ကကောင်မလေးတစ်ယောက် သူ့ရွာမှာ ခူကိုက်တုန်းက ပြည်တည်နာ အကြီးကြီး ဖြစ်လာပြီး ခူမွှေးတွေကို ခွဲတောင်ထုတ်ယူရတယ် ဆိုတော့ ကျွန်တော် တော်တော်လန့်သွားတယ်၊ ကလေးတွေ အသားက နုနုလေးရယ် ခူမွှေးတွေက စိုက်မိရင် မလွယ်ဘူး၊ အမေ့လို ဒီအပင်တွေကို ဘယ်သူမှ ဂရုမစိုက်နိုင်ဘူး၊ ကိုယ့်စီးပွားနဲ့ကိုယ် လုံးလည်ရိုက်နေတာ ဒါကြောင့် ခုတ်လိုက်တာ၊ ခုတော့ အမေ့မြေးတွေလည်း လွတ်လွတ်လပ်လပ် စိတ်ချလက်ချ ဆော့လို့ရသွားတာပေါ့ ။

သားကြီးရဲ့ အဖြေမှာ အမေ့မြေးတွေ ၊ အမေ့မြေးတွေ ဆိုတဲ့ စကားလုံး လှလှလေးက ပါနေတော့ ကိုယ့်ဟာခေါင်းငြိမ့်ပြီးတော့ ဘာမှ ပြန်မပြောနိုင်အောင် ဖြစ်သွားရတယ်။

ကိုယ်မြင်နေကြ စိမ်းစိုစို အပင်တွေကို မတွေ့ရတော့ ရာသီဥတုနဲ့ ပတ်ဝန်းကျင်တောင် ပြောင်းလဲသွားသလို ခံစားရတယ်၊ တစ်ကယ်တော့ အပင် ဆိုတာ လေစစ်ကြီးတစ်ခုပါ ၊ …. အရင်ကဆိုရင် ရှူရှိုက်လိုက်တိုင်း သန့်ရှင်းလတ်ဆတ်နေတယ်၊ ခုတော့ မင်းတို့ရဲ့ အလုပ်က ထွက်လာတဲ့ ဘာဘာညာညာ အနံ့တွေကြောင့် လေထုဟာ ညစ်ညမ်းနေပြီး ၊ စစ်ထုတ်ပေးမယ့် လေစစ်တွေ ပါးကုန်ပြီ ၊ ခြံတောင့်မှာ စွယ်တော်ပင်လေးတစ်ပင် ငုတ်တုတ်ကျန်ရစ်နေတယ် …

ကိုယ်နေခဲ့တဲ့မြို့လေးမှာ ထ၀ရ ဒီအတိုင်း စိမ်းစိမ်းစိုစိုလေး မြင်ရမယ်လို့ ထင်ခဲ့မိတာ ကိုယ့်အမှားဘဲ ၊ အမေ့လက်နဲ့ စိုက်ပျိုးခဲ့တဲ့ ဒီအပင်၊ ဒီမြေတွေကို ဆက်လတ်ထိန်သိမ်းဖို့ မကျိုးစားဘဲ မင်းတို့ကိုယ်တိုင် ရိတ်သိမ်းခြင်းခံလိုက်ရတာကို အမေ့ရင်ဘတ်နာပါတယ်၊ ဧကများစွာ ကျယ်ဝန်းတဲ့ ဒီမြေမှာ နေခွင့်ရဖို့ ၊ လုပ်ချင်တာ လုပ်ခွင့်ရဖို့ ညီအစ်ကို နှစ်ယောက် သေမတက် စကားတွေများကြ ၊ အမှု့လုပ်ကြနဲ့ ၊ နောက်ဆုံးတော့ အမေ့ကိုတောင် တစ်ခွန်း မဟ ခဲ့တဲ့ ဒီမြေမှာ ခွဲဝေမှုတွေ ပြုပြီး လုပ်ချင်တိုင်းလုပ်ခဲ့တာ ။

ဟိုဘက်ကလဲဘဲ လမ်းကြီးဖောက်မယ်ဆိုတော့ သားကြီးဘက်က မြေ သုံးပုံ တစ်ပုံ ပါသွားခဲ့တယ်တဲ့ … ဒါကို သားငယ်က ကျိတ်သဘောကျလို့ တဲ့ အချင်းချင်းဖြစ်နေကြတာ ၊ ကြားမကောင်းစရာ ၊ ဒါတောင် ကြားလူမပါသေးဘူး၊ မိန်းမအချင်းချင်းကလည်း မတည့်နဲ့ သူတို့ချင်း မတည့်တော့ ကလေးတွေကို ခွဲခြားထားတယ်။

သားကြီးက ယောက်ျားတစ်ယောက် မိန်းကလေး နှစ်ယောက်၊ သားငယ်က မိန်းကလေးတစ်ယောက် ယောကျာ်းလေးတစ်ယောက် …

ကိုယ်ဟာ ချစ်စရာကောင်းတဲ့ မြေးငါးယောက်ကို ပိုင်ဆိုင်ထားတာပါ၊ နောက်ဆုံး တော့ ကိုယ်လဲအသက်ကြီးပါပြီ ဘာမှ လိုအင်တပ်မက်စိတ်လဲ မရှိတော့ပါဘူး ၊ ဒါပေမယ့် မင်းတို့ နှစ်ယောက်ကိုတော့ ပြေလည်စေချင်တယ်။

နေ့ရှိသရွေ့ စီးပွားပြိုင်ဘက်တွေလို သဘောထားနေကြတာ၊ ပတ်ဝန်းကျင်မှာတောင် ကြားမကောင်းဘူး ၊ သားအကြီးကောင်ဘက်က လမ်းဖေါက်တော့  အဆောက်အဦးတစ်ချို့ ဖျက်ပေးရတယ်၊ သိပ်မကြာခင်မှာပဲ သားအငယ် မြေဘက်ပါ လှုပ်လှုပ်အသံကြားလာတော့ ခံနိုင်ရည်မရှိတဲ့ သူ့မိန်းမက အိပ်ရာထဲ ဘုန်းဘုန်းလဲပါရောလား … ။

ဘယ်အရာမဆို အသေဖက်တွယ်လို့ ရလိမ့်မယ်လို့ ထင်ထားတာကိုး …၊ ဒါတောင် သူတို့တွေ ပိုက်ဆံ တစ်ပြား ပေးထားရတာ မဟုတ်ဘူး ၊ အမေ့မြေကို အလကားယူထားတာ ၊ ကိုယ့်ဥစ္စာလျော့ပါးမယ်ဆိုရင်တော့ မျောက်မီးခဲထိုင်မိသလို ဖြစ်နေတဲ့ သားငယ်ရဲ့ မိန်းမက နေ့တိုင်းငြူစူနေတော့တာ၊ ဒီတော့ အိမ်က ဘယ်သာနိုင်တော့မလဲ ၊ သားကြီးဘက်က အနည်ထိုင်သွားပြီလေ … ။

ဘယ်အရာမှ မတည်မြဲဘူးဆိုတာ သူတို့ သိဖို့ ကောင်းတယ် … သားငယ်က သူ့အဆောက်အဦးတွေကို မြေကွက်နဲ့ ကွက်တိ ဆောက်ထားတာ ဆိုတော့ ဖျက်ရရင်မလွယ်ဘူး၊ အကုန်အကျနဲ့ ဆုံးရှုံးမှုက အတော်များမယ်၊ ဒါကို သူတို့ နေ့ရှိသရွေ့ ခံစားနေရတယ်၊ သားငယ်မြေမှာ ကိုယ်စိုက်ထားတဲ့ ခြံထောင့်က ထောပတ်သီး ငါးပင်ကလွဲလို့ ဘာအပင်မှ မရှိတော့ဘူး ၊ ထောပတ်ပင်ကိုတော့ သူတို့က မခုတ်ပစ်ဘူး၊ သူကြိုက်တာကိုး။ သီးလိုက် အောင်လိုက်တာလဲ မပြောပါနဲ့၊ ဈေးလည်းရတယ်လေ၊ထောပတ်ပင်မှာတော့ ခုထက်ထိ မျစ်ချဉ်ထုပ်တွေ သုံးထုပ်စီ ချိတ်ဆွဲထားတာ တွေ့ရတုန်း၊ အရင်က ကိုယ်ချိတ်တာ ကို သူမြင်ဘူးတယ်လေ၊ ထောပတ်ပင်ကိုလည်း ခူကောင်တွေက သိပ်ကြိုက်တာ၊ အ၀ါအနက်ကြား ခူကောင်ကြီးတွေက လှပေမယ့် ကိုက်ခံရရင်လည်း မလွယ်ဘူး၊ ဒါကြောင့် ခူကြောက်တဲ့ မျစ်ချဉ်ထုပ်တွှေ ချိတ်ဆွဲထားတာ၊ မျစ်ချဉ်နံ့ကိုတော့ ခူကြောက်တယ်၊ ခူရောက်ပေမယ့် နည်းသွားတာပေါ့၊ မဟုတ်ရင် အပင်နဲ့ ခူတွေအရောင်က ရောနေတာ။

တစ်ကယ်တမ်းဆိုရင် ဆေးဖျန်းပြီး ကျကျနန ဂရုစိုက်မယ်ဆိုလဲ ဖြစ်ပါတယ်၊ သဘာဝတရားကြီထဲက အကြောင်းပြချက် ဖဲတစ်ချပ်လိုဘဲ မြင်မိတယ်၊ ကိုယ်ဟာ သိပ်ကိုထက်မြတ်တဲ့ မိန်းကလေးတစ်ယောက် ဖြစ်ခဲ့လို့လားမသိ၊ ရိုးသားတဲ့ မင်းတို့အဖေကို ချစ်ခဲ့တယ်၊ ကိုယ့်ပတ်ဝန်းကျင်မှာ မရိုးသား မှုနဲ့ တပ်မက်မှုတွေများလာတိုင်း ရိုးသားတယ်ဆိုတဲ့ဂုဏ်ရဲ့ တန်ဖိုးကို အရမ်းတပ်မက်ခဲ့တယ်၊ ကိုယ်ဟာ ငွေကြေးဥစ္စာ မမက်ဘူး၊ ကိုယ့်မှာ အဲ့ဒီအရာတွေ အားလုံးရှိနေလို့ ကိုယ်တို့က အဖိုးအဖွားလက်ထက်ဘ၀ထဲက မြေပိုင်တွေ ခြံတွေရှိပြီး ချမ်းသာကြတယ်ဆိုပါတော့  မင်းတို့အဖေက ရိုးသားတယ်၊ ခြံစိုက်တာ အပင်စိုက်တာကို ၀ါသနာပါတယ်၊ သူ့ဘ၀မှာ သူ့အသက်ထက် သုံးလေးဆမကများပြားတဲ့ အပင်တွေကို စိုက်ပျိုးခဲ့တယ်၊ ကိုယ်လဲ စိုက်ပျိုးရေးအကြောင်း အပင်တွေအကြောင်း ပိုသိလာခဲ့တယ်၊ မင်းတို့အဖေနဲ့ လမ်းကြောင်းချင်းတူစွာ လျှောက်လှမ်းနေတုန်းမှာဘဲ သူဟာ မင်းတို့ နှစ်ယောက်နဲ့အတူ ဒီမြို့လေးမှာ ကိုယ်တို့ကို ထားပြစ်ခဲ့တယ် …  ၊ ကိုယ် ၀မ်းနည်းကြေကွဲခဲ့ရတယ် … ။

သူစိုက်ပျိုးခဲ့တဲ့အပင်တွေအောက်မှာ အဖော်မဲ့စွာ ၊ လိပ်ပြာငယ်စွာ၊ ပုန်းခိုခဲ့ရတယ်၊ သူ့အစား သူစိုက်ခဲ့တဲ့ အပင်တွေပေါ် ပို သံယောဇဉ်တွယ်လာခဲ့တယ် … ၊ ပိုမြတ်နိုးလာတယ် ..၊ လူရယ်လို့ ဖြစ်လာရင် အထီးတည်းမနေနိုင်ပါဘူး၊ နေနိုင်သည့်တိုင်တော့ ကိုယ့်ပတ်ဝန်းကျင်ကိုတော့ ထိတွေနေရဦးမှာ ဘဲ … ကိုယ့်ရဲ့ပတ်ဝန်းကျင်ဆက်ဆံရေးကတော့ သူစိုက်ပျိုးခဲ့တဲ့အပင်တွေပေါ့၊

အခုတော့ အပင်တွေအစား တလင်းပြင်မှာ အဆောက်အဦးတွေသာ လွှမ်းမိုးနေတယ်၊ ကိုယ်စဉ်းစားမိတာ တစ်ခုဘဲ ရှိတယ်၊ ငြိမ်းချမ်းစွာအတူတစ်ကွနေထိုင်နိုင်ဖို့အတွက် ကိုယ့်ဘက်က ကြမ်းတမ်းစွာ တုံ့ပြန်ခြင်းနဲ့ မက်မောစွာ တမ်းတခြင်းတွေကို ဆင်ခြင်ရတော့မယ်။

ကိုယ့်ဘ၀မှာ တွေးချင်လို့ စာဖတ်ခဲ့တယ်၊  ပိုတွေးလို့ ကောင်းအောင်လို့ သစ်ပင်စိုက်ခဲ့တယ်၊ အဲဒီထဲမှာ ကိုယ်နဲ့တူတဲ့သား ၊ သူနဲ့ သူတဲ့သား၊ ဘာဖြစ်လို့ မပါခဲ့ရတာပါလိမ့် … စာဆိုတာကတော့ ရေးနေရင် ဘယ်တော့မှ မသေဘူး၊ ထပ်ပြန်တလဲလဲ ရှင်သန်လို့ရတယ်၊ အပင်တွေကတော့ သေသွားပြီးရင် ပြန်ရှင်ဖို့ မလွယ်သလို ထပ်ပြန်တလဲလဲ ရှင်သန်ဖို့လဲ မလွယ်ဘူး ၊ ……….. .. ထဲကလို အပင်လေးတစ်ပင်က အရွက်လေးတစ်ရွက်ကြောင့် ဘ၀သေခြင်းထဲကနေ ရှင်သန်ခွင်ရခဲ့တယ် … ၊ ကိုယ့်ဘ၀ ခေတ္တ သေဆုံးသွားခြင်းကို ဘယ်သူများ သိမှာလဲ … ။

3

အခန်း (၂)

တောင်တန်းတွေက မှုန်ဝါးဝါး မှိုင်းညိုညို မိုးပုဝါပါးစလေးအုပ်ထားသလို .. ကိုယ်ဟာ လှေငယ်လေးတစ်စင်ပေါ်မှာ … ဦးတည်ချက်တိတိကျကျ မရှိ သွားနေပါလား၊ ကိုယ်မရွေးချယ်ထားတဲ့ အခြေအနေနဲ့ ဒီလမ်းလေးကို ရင်ဆိုင်တွေ့လိုက်ရချိန်မှာ …

ဖြစ်လာသမျှကို စဥ်းစားမိတယ် ….။ ရှေ့ကို တရွေ့ရွေ့ တိုးလာရင်း လှေကလေးက လွင်မျော သယ်ဆောင်သွားတယ် …

ဟော …….. ဟိုရှေ့က ကမ်းမှာ သူ … သူ ပါလား ။

ကလေးတွေ အဖေ သူကိုယ့်ကို စောင့်နေတာလား  … ၊ ကြည့်စမ်းပါဦး သူနဲ့ ကိုယ်နဲ့ ကွဲကွာသွားတာ နှစ် နှစ်ဆယ်ရှိပြီ ၊

သူဟာ အရင်အတိုင်းပါလား ၊ နုပျိုဆဲဘဲ ကိုယ့်ကို လက်ကမ်းပေးပြီး ပြုံးပြတယ်၊ ကိုယ့်ရင်တွေ ပူနွေး ခုန်လှိုက်လာတယ် … ၊

ဒီအချိန်မှာ သီချင်း အပိုင်းအစလေးက ကိုယ့်နားနား ဘယ်လိုဝင်ရောက်လာခဲ့တယ်မသိ ၊ သူဆိုနေကျ သံစဉ် တစ်ခု ပါဘဲ ၊ အရင်တုန်းက ဆိုခဲ့ဖူးတဲ့ သံစဉ် စာသားတွေပါ၊

အို … ဒီ … ဒီ … ဒါ … ဒီ …

ကိုယ်ပါလိုက်ပြီး ရေရွတ်မိသွားတယ် …

သီချင်းသံလေးတွေ ပျံ့လွင်နေတယ် …

ကိုယ်တို့ နှစ်ယောက် အပင်စိမ်းစိမ်းအုံအုံတွေထဲ ပြေးဝင်ပြီး ဘယ်အရသာနဲ့မှ မတူဘဲ လွတ်လပ်ပေါ့ပါးနေတယ် …။

``မထင်ဘူး … ဒီနေ့မနက်ကဘဲ အမေ ဆုံးသွားခဲ့တာ … အမေစိုက်ခဲ့တဲ့ စွယ်တော်ပင်အောက်မှာ … အမေ့မှာ နှလုံးရောဂါ ရှိခဲ့တယ် ဆိုတာ တောင်းပန်ပါတယ် အမေ … သားတို့ကို ခွင့်လွှတ်ပါ … ။ အမေစိုက်ပျိုးခဲ့တဲ့ အပင်တွေကိုမှ ဒီလက်တွေနဲ့ ကိုယ်တိုင်ရုတ်သိမ်းမိခဲ့တယ် ၊ အဲဒီနေ့က အမေ့ မျက်ရည်စတွေကို သား တွေ့လိုက်ရပါတယ် … ။

အမေ … အမေဟာ တစ်ကယ်တော့ အပင်တွေကို ကျွန်တော်တို့နဲ့တန်းတူ ချစ်ခဲ့တဲ့ သူပါ၊

ငိုရှိုက်သံများကို ပါးလွင့်စွာ ကြာ်းနေရတယ် …။

နောက်တော့ ဟိုအဝေးကြီးမှာ ကျန်ခဲ့သလိုပဲ …

အမေပျော်ပါတယ် …

အပင်တွေကို ချစ်တဲ့ သူနဲ့ ကိုယ်ဟာ ဘယ်လောက်ပဲ ဝေးဝေး နွေးနေကြတုန်းပါဘဲ …………။

ချောအိမာန် (မန္တလေး)

၃၀.၁၁.၂၀၀၉

3 comments:

ချော said...

ကောင်းလိုက်တာ အစ်မရယ်..
ရင်ထဲမှာ နင့်နင့်နဲနဲကို ခံစားလိုက်ရပါတယ်..
သဘာဝပတ်ဝန်းကျင်ကို ချစ်မြတ်နိုးသူ၊ ကိုယ့်မြေကိုယ့်ဒေသကို ခင်တွယ်သူတစ်ယောက်ရဲ့
ပြင်းပြတဲ့ သံယောဇဉ်ကို လေးလေးနက်နက်
ကိုယ်ချင်းစာမိပါတယ်...
သူ့ရင်မှာ ဘယ်လောက်တောင် နာကျင်နေမှာပါလိမ့်လို့................

မြသွေးနီ said...

ဒီပို့စ်လေးဖတ်ပြီး အများကြီးကို ဖြန့်ကျက်တွေးရင်း အတွေးတွေ ပွားနေမိတယ်။
စာရေးသူရဲ့ ဒီထက်မက ပေးချင်တဲ့ message ကို ရလိုက်သလိုပါဘဲ။
စဉ်းစားနေမိတယ်....။
စဉ်းစားနေမိတယ်....။
စဉ်းစားနေမိတယ်....။

ချစ်ကြည်အေး said...

သက်ရှိတွေ အပေါ်ထက် သက်မဲ့အပေါ် ချစ်မက်စွဲလမ်းစိတ်က ပိုဆိုးတယ်နော်...ကျမ ခံစားမိတာလေးပါ ချောအိရေ...:)