Wednesday, February 10, 2010

အစိမ်းရောင်နေ့သစ်များ ၂

(၂)
“မာမီ ယောက်ျားတစ်ယောက်ရဲ့ အချစ်ကို ဘယ်လို ယုံရမလဲ။ ချို့ကို လူတစ်ဦးက ချစ်ခွင့်တောင်းဆိုနေ ပြီ အဲဒီလူကို ချိုမမြင်ဘူးဖူး”
သူမ အမေးကို မာမီက ရင်ဘတ်ဖိရင်းဗုဒ္ဓေါ ဘုရားရေလို့ တလိုက်တယ်။
“ငါ့သမီးက မမြင်ဘူးဘဲ ဘယ်လိုများဆုံကြတာလဲ”
“ချို့သူငယ်ချင်းတစ်ယောက်ကနေ သိပြီး ဖုန်းဆက် လာတယ်။ ဖုန်းနဲ့စကားပြောကြတယ်။ နောက် ချို ကို သံယောဇဉ်ဖြစ်ပြီး သဘောကျကြောင်းပြောတယ်။ သူက အခု နိုင်ငံခြားကုမ္ပဏီတစ်ခုမှာ ကွန်ပျူတာSectionပိုင်းမှာ အလုပ်လုပ်နေပါတယ်။ ချိုနဲ့သူ စကားတွေတော်တော်များများပြောဖြစ်ကြတယ်။ မာမီ ချို ခုချိန်ထိ ခန့်မှန်းရသလောက် သူဟာ လူ ကောင်းတစ်ယောက်ဖြစ်သလို လူတော်လည်းဖြစ် လိမ့်မယ်ထင်တယ်”
မာမီက သူမကိုကြည့်ပြီး ပြုံးတယ်။
“မာမီ ဘာပြုံးတာလဲ”
“သမီး သူ့ကို စိတ်ဝင်စားနေပြီ”
“ဟာ မဟုတ်သေးပါဘူး မာမီကလဲ”
“မမြင်ဘူးသေးတဲ့ သူတစ်ယောက်အကြောင်း ဒီလောက်သိပြီဆိုရင် လုံလောက်တဲ့ အခြေခံအချက် ရှိလို့ပဲချို သမီးဦးနှောက်နဲ့ ဆုံးဖြတ်ခိုင်းထားပြီးသားပဲ နှလုံးသားအစစ်ကိုရအောင်ရှာ၊ ပြီးရင် ကိုယ့်ဟာ ကိုယ် ဆင်ခြင်သုံးသပ်။ကိုယ်ရွေးချယ်လိုက်ပြီဆိုရင် တော့ မှားမှား၊ မှန်မှန် သမီးဘ၀ကို တည့်မတ်အောင် တော့ လျှောက်လှမ်းနိုင်ရမယ်။ ဘ၀လက်တွဲဖော်ဆို တာ သွားတဲ့လမ်းကြောင်းချင်း၊ အတွေးချင်းကတော့ တူညီနိုင်မှ အကောင်းဆုံးပဲ လူကို ယုံကြည်လို့ရ သွားရင်တော့ သူ့အချစ်ကို ယုံကြည်လို့ ရနိုင်ပါ တယ်”

မာမီကပြောပြီး မီးဖိုထဲဝင်သွားတယ်။ သူမကို အတွေးတွေ ဆက်တွေးစေဖို့ ထားခဲ့တယ်။ သူမ ဘက်မှာ သူ့ကို ယုံကြည်စေဖို့ခွန်အားတွေက သူ့ အပေါ်မှာပဲ မူတည်နေတယ်လို့ထင်တယ်။ သူနဲ့ စကားပြောရင်တော့ မသိမသာ သူမရင်တွေ လှပ် ကနဲ ဖြစ်သွားတတ်တာတော့ သိတယ်။ စကားပြော ရင် မကြာခဏ သူမကို ရယ်မောပျော်ရွှင်စေတတ် သလို သူကိုယ်တိုင်လည်း လွတ်လပ်စွာစကားပြော ခွင့်ကို ခုံမင်နေပုံရတယ်။
“ချို မင်းဟာ အူတူတူလေးပေမယ့် တကယ် တော့ ထက်မြက်တဲ့မိန်းကလေး တစ်ယောက်ပါ။ ကိုယ်က မင်းရိုးသားတာနဲ့ ပွင့်လင်းတာကို သဘော ကျတယ်။ သူများအပေါ် စီးပိုးပြီး စကားပြောတာ မဟုတ်ပေမယ့် မင်းက မဟုတ်မခံပုံစံဆိုတာ ကိုယ် သိတယ်။ အားနာတတ်သလို အကောင်းမြင်စိတ်ရှိ တယ်။ မိသားစုကိုချစ်တယ်။ ဂရုစိုက်တယ်။ အား နည်းသူကို ကူညီချင်တယ်။ အလုပ်လုပ်တယ်။ ဘ၀ မျှော်လင့်ချက်ရှိတယ်။ နောက် စာရေးသူလည်း ဖြစ် တယ်.။ ဒါတွေဟာ ကိုယ်မင်းကို ချစ်သွားစေဖို့ အဓိ က အခြေခံအကြောင်းအရင်းတွေပဲ ချို။ အတွေးတူ သလို သွားချင်တဲ့လမ်းကြောင်းချင်းလဲ တူတယ် လေ။ ချို့ကို နားလည်ပေးဖို့ ကြိုးစားထားသလို အပြန် အလှန်နားလည်ရင်း ဘ၀ကို အတူလက်တွဲလျှောက် ချင်တယ်။ မင်းကို မြတ်နိုးတန်ဖိုးထားစွာချစ်ပါတယ်”
သူ့အသံကို နားထဲမှာ ကြားယောင်ရင်း သူမ ရင်ထဲလဲ တစ်မျိုးခံစားနေရတာကို သိခဲ့တယ်။ သူမ တို့နှစ်ယောက်ကြားမှာ တစ်ယောက်နဲ့တစ်ယောက် ရုပ်ရည်ကို မြင်ဘူးချင်ပေမယ့် ဓာတ်ပုံပို့ဖို့ကို မပြော မိအောင် ထိန်းချုပ်ထားသလိုပဲ။ သူက သူမ အကြောင်းကိုသာ သိပြီး လုံးဝမမြင်ဘူးကြောင်း ၀န် ခံထားတယ်။ သူမကလည်း သူ့ပုံကို တောင်းဖို့ စိတ် ကူးမရှိ။ သူကလည်း ဒီကနေ့ တိုးတက်နေတဲ့ ခေတ် ကြီးမှာ ကွန်ပျူတာ အီးမေးလ်နဲ့ပို့ပြီး စာရေးဖို့၊ ဓာတ် ပုံပို့ဖို့ လုံးဝစိတ်ကူးမရှိပဲ ဖုန်းကိုသာ ဘယ်လောက် ကုန်ကုန် နားတွေပူလာအောင်ထိ ပြောနေခဲ့တယ်။
အချစ်ဟာ ဘယ်လောက် အံ့သြဆန်းကြယ် စရာကောင်းသလဲဆိုရင် အသံနဲ့တင် မသိစိတ်တွေ မှာ ပျော်ဝင်နေကြပြီ။ ဒါကို မာမီပြောတဲ့ နှလုံးသားနဲ့ ခံစားလို့ရတဲ့ ရင်ခုန်မှုကို ခေါ်မလား။ သူမတို့ ခုလို ခံစားလို့ရနိုင်တာကို အချစ်စစ်လို့ နာမည်တတ်လို့ ရပြီလား။
သူမ သူ့ကို တိကျတဲ့အဖြေမပေးနိုင်သေးပါ။ တကယ်တမ်းတွေ့လိုက်ရမှ မျှော်မှန်းတာနဲ့ လုံးဝ တခြားစီ ကွဲလွဲနေပြီဆိုရင် ဘယ်လိုလုပ်ရမလဲ။ သူမ ရဲ့ ညစဉ်အတွေးတွေထဲမှာ ပုံရိပ်တွေတစ်ခုပြီးတစ်ခု ၀င်ရောက်လာတယ်။ သူဓာတ်ပုံမပို့တာက သေချာ ပေါက်အားနည်းချက် တစ်ခုခုရှိလို့လားဆိုတဲ့ အတွေးတွေ ၀င်ရောက်လာတော့ သူမရဲ့ အိပ်ပျော် မယ့် အချိန်တွေအကန့်အသတ်မဲ့သွားခဲ့တယ်။

ချောအိမာန် (မန္တလေး)

No comments: