Thursday, December 16, 2010

သစ္စာဖွဲ့အနမ်း



တစ်ကယ်ပါဘဲ သုံးနှစ်ဆိုတာ အချိန်ကာလတစ်ခု အောက်မှာ ပြောင်းလဲခြင်း နိယာမရေ……
ပြတင်း အပြင်က ပါးလျတဲ့ ဆောင်းနှင်းငွေ့က အပင်တွေအောက်မှာဆိုင်း ဖွဲ့သီလို့ ..  သစ်ရွက်တွေက ဒေါသသံနဲ့ ဆူညံပေါက်ကွဲ…
ရှည်လျားလွန်းလှတဲ့ မနက်ဖြန်ဆိုတဲ့ နေ့များစွာဟာ အခုတော့ ချုံ့ယူဝါးစားထားပြီ……..
ကျွန်တော့်ရဲ့ အငမ်းမရခုတ်ယူစားသုံးခဲ့တဲ့ နေ့ရက်တစ်ချို့ရဲ့ ကျန်စာများလား… ယခင်ညို့အားပြင်း စက်ကွင်းနှစ်ခု ကင်းလွတ်သွားပြီး ရောင်စုံဘောလုံးတစ်လုံးလို အဝေးကို လိမ့်ချင်တိုင်း လိမ့်နေခဲ့……..
နွယ်ရဲ့ ချိရှရှ အသံလေး မောင်ကြားချင်တယ်…
အိပ်ရာထက်က နွယ်ခန္ဓာကိုယ်လေးက သတိထားမိတဲ့အချိန်မှာ တစ်ကယ်ကို ပါးလျနေခဲ့ပြီ.. အိပ်ရာဘေးမှာ မှန်ပြောင်းလေးတစ်လက်… ဒီမှန်ပြောင်းလေးက ကျွန်တော် ဘန်ကောက်က ပြန်လာတုန်းက နွယ့်ကို ဝယ်ပေးခဲ့တာ … နွယ်က မှန်ပြောင်းလေး တစ်လက်နဲ့ ကြယ်တွေကို ကြည့်ရတာ သဘောကျသူ……။
နေ့ညများစွာ မှန်ပြောင်းတစ်လက်နဲ့ အတူနေထိုင်ခြင်းဟာ ကြယ်ပွင့်များနဲ့ အိမ်ထောင်ကျနေခြင်း ဖြစ်တယ်လို့ ပြောတဲ့ နွယ်အသံကို ပြန်ကြားနေမိတယ်…
``မောင် နွယ်ဟာ တစ်ကယ်တော့ ကြယ်ပွင့်လေးတွေရဲ့ အိပ်ရှင်မဖြစ်နေတာပါ``
ဟုတ်တယ် နွယ်ဟာ မောင်မရှိတဲ့ အချိန်မှာ မှန်ပြောင်းတစ်လက်နဲ့ ကြယ်တွေကို နေ့စဉ်ကြည့်နေခဲ့တယ်။ ``နွယ်ဟာ မောင့်ရဲ့ ချစ်ခြင်းတွေနဲ့ တုတ်နှောင်ခံထားရသူပါ။ နွယ်ချစ်တဲ့ အချစ်တွေက မောင့်အပေါ် မလုံလောက်ခဲ့ဘူးလား ဟင်``
နွယ်ရဲ့ ရှုင်အုံဟာ အားယူပြီး ပြောချင်လွန်းတာကြောင့် တသိမ့်သိမ့် နိမ့်ချည်၊ မြင့်ချည် …… အပေါ်ကြယ်သီးလေး ပြုတ်နေတာမို့ ဝင်းဝါနေတဲ့ ရင်သားမျက်နှာပြင်ပေါ်မှာရှိတဲ့ ကြယ်သီးကို တက်ပေးလိုက်တယ်….
ကျွန်တော့်မျာက်နှာကို နွယ်မျက်နှာနဲ့ အနီးကပ်ဆုံးထားလိုက်ပြီး နွယ်နဖူးကိုညင်ညင်သာသာနမ်းရင်း ကျွန်တော့်ရင်တွေ စို့နစ်လာတယ်….
``မဟုတ်ဘူး နွယ်… မဟုတ်ဘူး.. မောင်နွယ်ကို သိပ်ချစ်တယ်… မောင်နွယ်ကို တမ်းတဆဲပါ မက်မောဆဲပါ.. ဘာမှ မစဉ်းစားပါနဲ့ နွယ်``…
``မောင့်ကို နွယ်သိပ်ချစ်ပါတယ်.. နွယ်တို့ မိသားစုအတွက် အရာအားလုံးထက် .. အဟွတ်… အဟွတ်… ``
``နွယ်``
နွယ်ရဲ့ လေသံတိုးတိုးလေးကို မနည်းနားထောင်ရင်း ကျွန်တော် ဇနီးသည်နွယ်ရဲ့ မျက်နှာလေးကို ကျွန်တော် လက်နှက်ဖက်နဲ့ မယူရင်း…
``မောင် နွယ့်အပေါ်မှာ မပြောင်းလဲဘူး အချစ်မလျော့ဘူး မောင့်ကို ခွင့်မလွှတ်ပါနဲ့… ဘယ်တော့မှ ခွင့်မလွှတ်ပါနဲ့ကွာ…``
ကျွန်တော် ပြောရင်း ဝမ်းနည်းလာတယ်.. ပြီး နွယ်ရင်ခွင်မှာ မျက်နှာအပ်ရင်း မျက်ရည်တစ်ချို့ နွယ် လည်ပင်းထက်ဆီ…
``မောင်  ခေါင်းမော့ပါ.. မငိုပါနဲ့ကွယ်… အဖြေမရှိတဲ့ ချောင်ထဲမှာ ပိတ်မိခံရတဲ့ဘဝမှ မဟုတ်တာ.. အဲဒီလိုဘဝထဲမှာ နွယ်နဲ့ မောင့်ကို ဘုရားက အကြာကြီး ထားမယ်မထင်ပါဘူး။ နွယ်သိတာတော့ သံယောဇဉ် ၊ ချစ်ခြင်း ၊ နွေးထွေးနာလည်တက်ခြင်း ဆိုတာ တွေ ကင်းမဲ့သွားရင် ရင်ထဲမှာ ရာသီမရွေး အက်ကွဲ ခြောက်သွေ့နေမယ်.. အခု.. ခု.. အဲဒါတွေကို ကျော်ဖြတ်ပြီးပြီ မဟုတ်လား မောင်ရယ်.. မောင်နဲ့ နွယ်ကြားမှာ တစ်စိမ်းဆန်တဲ့ ခွင့်လွှတ်ခြင်း၊ မလွှတ်ခြင်းတွေ မရှိပါဘူး…``
``ဟုတ်ပါတယ်.. နွယ် ဒါပေမဲ့…``
ကျွန်တော် ဘယ်လောက်ကြာကြာ ထိ `သဇင်ခိုင်နွယ်` ဆိုတဲ့ ကျွန်တော့်မိန်းမနဲ့ အတူတူရှိနေနိုင်မလဲ..
`` နွယ် တစ်ကယ့်ကို ယုံယုံကြည်ကြည်နဲ့ ပြောနေတာလားဟင်``
နွယ်က မျက်လုံးလေးကို မှိတ်.. ခေါင်းလေးကို ငြိမ့်တယ်။
ကြေကွဲဝမ်းနည်းမှု့ အပူမီးတွေကို အေးချမ်းတဲ့ စမ်းရေ အိုင်လေးထဲမှာ ငြိမ်းသက်ဖို့ကြိုးစားခဲ့ရတဲ့ … အချိန်ပါးပါးလေးမှာ… ပိုမို ရှည်လျားလေးလံတဲ့ ဖိစီးမှုတွေက ကိုင်းညွတ်အိကျနေပြီ…
အဲဒီည.. က
နွယ့်ခန္ဓာကိုယ်လေးကို ကျွန်တော်တစ်ချိန်လုံးဖက်ထားပြီး အိပ်ခဲ့တယ်…
ကျွန်တော့်ရင်ခွင်ထဲက နွယ့်ခေါင်းပေါ်က ဆံဆ.. ကျွန်တော်ချစ်ခဲ့ဖူးတဲ့ နွယ့်နှုတ်ခမ်း၊ဖြောင့်စင်းစင်း နွယ့်နှာတံ၊ ရှည်ရှည်သွယ်သွယ်လက်တောင်းတံလေး ၊ လက်ချောင်းလေးတွေ လက်သကြွယ်မှာ ခပ်ချောင်ချောင်နဲ့ လည်ထွက်နေတဲ့ မင်္ဂလာလက်စွပ်၊ နွယ်ရဲ့ ခန္ဓာကိုယ်မှာ အလှဆုံးဖြစ်ခဲ့တဲ့ ခါးသေးသေးလေး ခုတော့ ပိုသေးလို့ နေခဲ့ပြီ.. ..
``ကျွန်တော်မအိပ်ဖြစ်ပါ.. တစ်ချက်တစ်ချက် နွယ်ညည်းသံလေး… နွယ် ကျွန်တော့်ရင်ခွင်မှာ စိတ်ချ၊ လက်ချ အိပ်ပျော်သွားတယ်လို့တော့ ထင်တယ်.. နာရီသံတစ်ချက်ချက်က စက္ကန့်နဲ့အမျှ ညဥ့်ယံ အမှောင်ထုကို ပေါက်ထွက်…
နွယ်ရဲ့ ဝမ်းခေါင်း အပိန်၊ အဖေါင်း၊ အသက်ရှုသံမျှင်းမျှင်း…
မိုးရေလို အေးမြခြင်းမရှိတဲ့ မျက်ရည်စက်…
သေချာပြီ အပြင်မှာ မိုးရွာနေခဲ့ပြီ..
မိုးရေစက် တို့က သည်းသည်း မည်းမည်း..
ကျွန်တော်ရင်ထဲက မီးတောက်တစ်ညွန့်ကိုတော့ ကောင်းကင်ကြီးလဲသိ မိုးရေစက်လည်းမသိ… နောက်ပြီး ``အိမ်`` လဲ သိလိမ့်မည်မဟုတ်….``

(၂)

အရာရာကို လိုချင်စိတ်နဲ့ ကြည့်တဲ့မျက်ဝန်းကို မုန်းတယ်..
ဒါကြောင့် ကျွန်တော့ကို ကျွန်တော် မုန်းတယ်..
အလျံညီးညီး ပတ္တမြား အသွေးရောင်အောက်မှာ တောက်လောင်နေခဲ့တာ ခန္ဓာကိုယ်မှာ အသားလုံးလုံးပင် မရှိတော့ လောက်အောင်ဘဲ….
နွယ်တစ်ယောက်ကိုဘဲ တစ်သက်လုံး ချစ်ခင်စွဲလန်းနေလိမ့်မယ်လို့…
ထင်တာ မဟုတ်ပါဘူး.. အမှန်တကယ်ပါ.. နွယ်တစ်ဦးသားဘဲ ဘဝရဲ့ အချစ် လက်တွဲဖော်အဖြစ် အခြားတစ်စုံတစ်ဦးပေါ်မှ သက်ရောက်ခြင်းမရှိဘဲ လက်ထပ်ဖြစ်ခဲကြတာဘဲ…
နွယ်ရော ကျွန်တော်ရော တည်ကြည်ငြိမ်သက်တဲ့ ခံစားချက်အဖြစ် နှစ်သက်စွာပြောင်းလဲခဲ့ကြတယ်…
နွယ်က နံမည်လေးအတိုင်းဘဲ မဟာဆန်တယ်.. နွယ်က လက်ထပ်လိုက်တာကို ဘာနဲ့ တူသလဲလို့ ကျွန်တော့်ကို မေးတော့… ကျွန်တော်ဘယ်လိုဖြေရင်ကောင်းမလဲ စဉ်စားခဲ့တယ်.. ဒါက နွယ့်ကို တန်ဖိုးထားလို့ ၊ လေးစားလို့ ဘဲ…
``ဘဝတစ်ခုကို တည်ဆောက်ဖို့ အစပြုလိုက်တာလေ… အနာဂါတ်အတွက် လျှောက်လှမ်းရမဲ့လမ်းစကို မောင်တို့ နှစ်ဦးအတူတူ ဆိုးတူကောင်းဖက် ကျော်ဖြတ်ပါ့မယ်လို့ လူအများရှေ့မှာ ကတိသစ္စာပြုလိုက်တဲ့သဘောပေါ့နွယ် … မဟုတ်ဘူးလား…``
``မငြင်းပါဘူးမောင်… နွယ်ပြောမယ် နွယ်ရဲ့ ကိုယ်ပိုင်စကားတော့ မဟုတ်ပါဘူး… လက်ထပ်တာဟာ ဘာနဲ့  တူသလဲ ဆိုရင်… မုန်တိုင်းထန်တဲ့ပင်လယ်ပြင်မှာ လှေရွက်ကြီးကို နှစ်ဆလောက်ဖြန့်ကားလာအောင်ဖြန့်လိုက်တာနဲ့ တူတယ်.. အဲဒီလို ဖြန့်လိုက်တာနဲ့ လူလောက မုန်တိုင်းတွေထဲမှာ ဒီရွက်ဟာ ကျစ်ကျစ်လျစ်လျစ် လိမ်ထားတာ ထက်ပိုပြီး အန္တရယ်များလာတော့တာပဲလို့ ပြောတယ်.. ``
``ဟုတ်တော့ဟုတ်ပါတယ် နွယ် ဒါပေမဲ့ စိတ်ကူးယဉ်ဘဝတွေကနေ လက်တွေ့ဘဝထဲ ခုန်ဆင်းပြီး အဆုံးသတ်လိုက်တာတော့ မဟုတ်ဘူးနော်.. ရည်းစားဘဝက ချိန်းတွေ့ကြတဲ့ ရင်ခုန်မှု စွန့်စားမှု့ တွေကို စွန့်လွှတ်လိုက်ကြတာတော့ နှမြောစရာပဲနော်… ``
ကျွန်တော့်စကားကြောင့် နွယ်က အသံတိုးတိုးနဲ့ ရယ်တယ်…
ကျွန်တော်နဲ့ နွယ်ဟာ ဘယ်လို ပြဿနာမျိုးဘဲဖြစ်ဖြစ် ရယ်မောမေ့ပျောက် နိုင်တဲ့ သဘောထားမျိုးတွေရှိခဲ့ကြလို့ ကိုယ့်အကြိုက်တွေ စွန့်လွှတ်ရတာကို အလွယ်တကူပါဘဲ.. ဒါတွေက ကိုယ်ချစ်တဲ့သူအတွက်လေ.. ကျွန်တော် ဆေးလိပ်သောက်ခြင်းကို စွန့်လွတ်နိုင်သလို နွယ်က ကျွန်တော် မကြိုက်တဲ့ ကတိတွေကို တောင်းလေ့ မရှိသလို ကျွန်တော် နွယ်မကြိုက်တဲ့ သံသယနဲ့ သဝန်တိုမှု့ မရှိဘူး။ ကျွန်တော်တို့ နှစ်ယောက်ကြားမှာ ကတိမလိုဘူးလို့ သတ်မှတ်ထားခဲ့တယ်…။
``ပျော်ရွှင် ချမ်းမြေ့တဲ့ အိမ်ထောင်တစ်ခု ဖြစ်ဖို့ ရုပ်ရည်ဆွဲဆောင်မှု့ ရှိရုံ၊ စိတ်သဘောဆွဲဆောင်မှု ရှိရုံနဲ့ မလုံလောက်ဘူး… နှစ်ဦးစလုံးမှာ လက်ထပ်ပေါင်းသင်းပြီးရင် သေတပန် ၊ သက်တစ်ဆုံး ပေါင်းသင်းဖို့ ရိုးသားတဲ့ ဆန္ဒဟာ ဒီဘဝတင်မဟုတ်ဘူး ဘဝပေါင်းများစွာအထိ`` ဒီလို ကျွန်တော် နွယ့်ကို ပြောခဲ့ဘူးပါတယ်.. ရင်ထဲက လှိုက်လှိုက်လှလှဲပါ။
အချစ်ရဲ့ ရမ္မက်ဆိုတာ စည်းဝိုင်းလေးအပြင်နဲ့ အထဲလို…
ကျွန်တော်ဟာ အံ့သြဖွယ်ရာကောင်းတဲ့ ချိုမြိန် ဆန်းသစ်တဲ့ အရာတစ်ခုထပ်မံ တိုးလာခြင်းပါဘဲ….
နွယ်အပေါ်မှာတော့ ကျွန်တော်မလျော့ခဲ့ပါ….
ကျွန်တော် လမ်းတစ်လမ်းထဲ .. လောကမှာ ပြောလေ့ရှိတဲ့ ရုတ်တရက် အက်စီးဒင့်တွေဟာ မထင်မှတ်ဘဲ… ညွတ်တိမ်းမိပြီးတဲ့နောက်…..


(၃)

``အိမ်`` ဆိုတဲ့ မိန်းကလေး တစ်ယောက်ရဲ့ နုဖက်ဖက် အလှ….
ငွေစက္ကူ အထပ်လိုက်တွေ ဝတ်ပြုကိုးကွယ်နေတဲ့ ခေတ်ကြီးထဲမှာ  သူမဟာ ကျွန်တော့်လက်ထဲက ငွေတွေထက် ကျွန်တော့် နှလုံးသားကို တွယ်တာ လွန်းသူ …
သူမ ဟာ မဖြားယောင် .. မဖြူဆွယ်ခဲ့ပါဘူး..
ကျွန်တော် ဆေးလဲ မမိခဲ့ပါဘူး…
ဖြူစင်နုနယ်တဲ့ သူမဘဝကို စာနာသနားစိတ်နဲ့ ကူညီခဲ့တာ.. ဒါကဘဲ ကျွန်တော့်ဘဝအတွက် ပိုးပင့်ကူမျှင်တွေ ယှက်သန်း အိမ်ဖွဲ့စေခဲ့တာလား..
ပြန်လှည့်ထွက်ခဲ့တိုင်း အမှားတစ်ခုနဲ့ အတူ ယစ်မူးပျော်ပိုက်ခဲ့မိတာ…
ခန္ဓာကိုယ် တစ်ခုလုံး တောက်လောင်နေခဲ့တာကို ကျေနပ်နေခဲ့တယ်…
``အိမ်`` ဆိုတဲ့ သူမရဲ့ အပေါ်ဆုံးထပ် တိုက်ခန်းကျဉ်းကျဉ်းလေး….
သူမကို တွဲကူတက်ခဲ့ဖူးတဲ့ လှေကားတစ်အုတ်တိုက် ခပ်မှိန်မှိန် မီးရောင်အောက်မှာ.. ကျွန်တော် ဘယ်လိုဖြစ်သွားမှန်း မသိတဲ့ စိတ်တွေနဲ့ … ရုတ်တရက် .. ရုတ်တရက်ပေါ့… အနမ်းမိုးတွေ.. ခြွေချစဉ်မှာလဲ… အပြင်မှာ မိုးတွေသဲသဲ မည်းမည်း ရွာနေခဲ့တယ်….
နောက်… သူမရဲ့ လက်တွေက ကျွန်တော့်လက်မောင်းတွေဆီအားကိုး .. မှီတွယ်လာတယ်…
လှည့်ပြန်ထွက်လို့ရပေမဲ့…. စေခိုင်း အမိန့်ကျထားသလို ခြေလှမ်းတွေက ``အိမ်``ရဲ့ တိုက်ခန်းအိုလေးဆီသို့..
အိမ်ဟာ ကျွန်တော့်ဆရာရဲ့ သမီးလေးပါ။ နောက်ပြီး နှလုံးရောဂါသည်လေး…
ဆရာလည်း ပန်းနာရင်ကျပ်နဲ့ ဆေးရုံပေါ်မှာ ကျွန်တော်ရှေ့တင်ဘဲ ကွယ်လွန်ခဲ့…
ဆရာ့သမီးလေး.. ဆရာသိပ်ချစ်တဲ့ ``အိမ်``ဟာ ခိုလှုံရာရင်ခွင် ငိုဖို့ ရင်ခွင် မရှိလေတော့ ကျွန်တော့်ကိုဘဲ.. ရင်ဖွင့် ငိုရှုက်ရင်း သူ့ရောဂါကို ကျားကန် အံတုနေဆဲ..
ကျွန်တော် အိမ် ကို တက်နိုင်သလောက် ကူညီခဲ့တယ်.. ဖြည်းဆည်းခဲ့တယ်… တစ်စစ အိမ်ရဲ့ ကျွန်တော့် အပေါ်တွယ်တာလွန်းမှု့ ဂရုစိုက်မှု၊ ကြင်နာမှု၊ အရာအားလုံးတို့ဟာ.. နွေးနွေး ထွေးထွေး နဲ့ ရောင်ပြန်ဟတ်ခဲ့ကြ….
ကျွန်တော်ရှောင်တိမ်းဖို့စဉ်းစားတိုင်း ခြေလှမ်းတွေက ကန်ချက်ပြင်းပြင်းနဲ့ ကန်လိုက်တဲ့ ဘောလုံးတစ်လုံးလို အိမ် ရှိတဲ့ .. အိမ်လေး.. ဆီဘဲ…
ကျွန်တော့်မှာ ခိုင်မာတဲ့ မိသားစုရှိတယ်.. အိမ် သိတယ်.. ချစ်တဲ့ ဇနီးနဲ့ သားလေးရှိတယ်… အိမ် သိတယ်…
ကျွန်တော်တို့ ဘာကို မသိခဲ့ကြတာလဲ..
``အိမ်``က ကျွန်တော့်ကို ကို လို့ ခေါ်တယ်..
အိမ်ပြောပြောနေတဲ့စကား…
``အရွယ်မတိုင်ခင် မအိုချင်ဘူး ကို… အဲဒီလိုဘဲ အရွယ်မတိုင်ခင်  မသေချင်ဘူး…```
``အချစ်ဆိုတာ အချစ်နဲ့ စတယ်… အနက်ရှိုင်းဆုံး အစစ်မှန်ဆုံး အချစ်တွေဟာ အမြဲလိုလိုရုတ်တရက် ပေါက်ဖွားလာတယ်တဲ့… ဟုတ်လား … ကို ``
``အင်း …. ဟုတ်တာပေါ့``
``ကို့ ကို ဘယ်လိမှန်းမသိဘူး အိမ်ချစ်တယ်… ရုတ်တရက် ကိုချစ်သွားတယ်.. အိမ်ကိုရော``
``အတူတူဘဲပေါ့ `အိမ်`  ကိုယ့်အတွက်ကလဲ မထင်မှတ်ဘဲ ရုတ်တရက်တွေပါဘဲ``
ကျွန်တော် အဲဒီလို ဖြေခဲ့တယ်..
``ခုလို အချိန်တွေမှာ အိမ်နားမှာ ရှိနေပေးတဲ့ ကို့ကို ကျေးဇူးတင်လိုက်တာ… ကို့ရဲ့ဇနီးက အရမ်းချစ်မှာဘဲနော်… ကိုက သဘောထား ပြည့်ဝတယ်.. စိတ်ထားကောင်းတယ်.. ကို့ကို အိမ်လေးစားတယ်.. ဘာဖြစ်လို့လဲ သိလားကို… . အိမ်.. အပေါ်မှာ လိုအပ်တာထက်မပို… အခွင့်အရေးရလျှက်သားနဲ့ ကို စောင့်ထိန်းခဲ့တဲ့ကျင့်ဝတ်ကို အိမ် လက်ခံမိတိုင်း ကို့ကို သံယောဇဉ် ပိုလေပါဘဲ… ``
ကျွန်တော် ဖျားချင်နေပြီ… `အိမ်` ရင်ထဲက ဒီစကားတွေကြားရတာ.. ကျွန်တော့်ရဲ့ စပ်ဖျင်းဖျင်း ဖြစ်နေတဲ့ ခန္ဓာကိုယ် ချုပ်တီးမှု.. ၊ ပေါက်ကွဲမတက် စိတ်တွေ…
ကျွန်တော်တို့ နှစ်ယောက် `အိမ်` အခန်းလေးထဲမှာ ကော်ဖီသောက်ခဲ့ကြ၊ စာအုပ်တွေဖတ်ကြ၊ အိမ်ချက်တဲ့ ထမင်းအတူစားခဲ့ကြ၊ `အိမ်` ရယ်သံ.. ရေချိုးပြီးစ အိမ် ထံက ဆပ်ပြာရနံ့၊ ဆံနွယ်တွေက ရှန်ပူရနံ့၊ ခန္ဓာကိုယ်ရနံ့ ခပ်သင်းသင်းလေး၊ ကိုယ်တိုင်ခြောက်သွေ့အောင်လုပ်ပေးခဲ့တဲ့ ဆံဆတွေ၊ ကြားမှာ ကျွန်တော် ဘယ်အထိများ အိပ်မောကျနိုင်ခဲ့မှာလဲ…
ကျွန်တော့်ရဲ့ နောက်ထပ် အချစ်တစ်ခုဟာ ရုတ်တရက်… ကျွန်တော့်ကြောင့် `အိမ်` လန်းဆန်းလာသလို .. ဆေးခန်းပုံမှန်ပြသနေရတဲ့ နာတာရှည်လူမမာလေး.. ဘဝက လွတ်မြောက်ရတာကို ကျေနပ်ခဲ့တယ်…
ဆရာဟာ ကျွန်တော်များ အိမ်ထောင်မရှိခဲ့ရင်.. အိမ်နဲ့ လက်ထပ်ပေးမှာအသေအချာ……

(၄)

အိမ်က နေလဲကောင်းလာတော့ ခရီးလေး တစ်ခုကို သွားဖို့ ပူစာတယ်..
ကျွန်တော် လိုက်ပို့ချင်ပါတယ်.. အားရက်တစ်ချို့ကိုဖဲ့ပြီး ရှမ်းပြည်ဘက်သွားဖို့ စီစဉ်ခဲ့တယ်… နွယ်ကတော့ သိပ်မသွားစေချင်.. အလုပ်အကြောင်းပြလိုက်တယ်..
``မောင်.. အဲဒီခရီးကို မသွားပါနဲ့လား``
``မောင့်အလုပ်က မသွားလို့ မရဘူးလေ.. နွယ်က ဘာလို့ မောင့်ကို မသွားစေချင်တာလဲ``
``ဟင့်အင်.. သွားမှဖြစ်မှာဆိုလဲ သွားပါ..``
နွယ်ရဲ့ စကားထက်.. ဆက်ဆက်သွားမယ်နော်.. ဆိုတဲ့ `အိမ်`စကားက ပိုခိုင်ခန့်နေတယ်…
နွယ်စကားလုံးတွေ ခပ်ပါးပါး ဖြစ်နေသလို … နွယ့် ခန္ဓာကိုယ်လေး ခပ်ပါးပါး ဖြစ်နေတာကို.. ကျွန်တော် သတိမထားခဲ့.....
ဆယ်ရက်တာခရီးမှာ ကျွန်တော် အိမ် ကျန်းမာရေးကို အဓိက ဦးစားပေး ဂရုစိုက်ခဲ့တယ်.. ဒီခရီးကို ထွက်ပေးတာကလဲ.. သူ့ ကျန်းမာရေး ပိုကောင်းမွန်အောင် လုပ်ပေးခဲ့တာ… ဘာမှလိုအပ်တာမရှိစေရ.. အိမ်  စိတ်ကြိုက် ဖန်တီးပေးခဲ့တယ်.. အရင်က သေစကားနဲ့ အားငယ်အရှုံးပေးတဲ့စကားတွေကို ကျွန်တော် လက်မခံခဲ့ဘူး..။ ဘဝအတွက် အားဖြစ်စေမဲ့ စာအုပ်တွေ ဖတ်ပြခဲ့တယ်.. နေ့ရက်အသစ်တွေကို ရင်ဆိုင်ဖြတ်သန်းဖို့ အားတွေ စိတ်ဓာတ်တွေ မြှင့်တင်ပေးခဲ့တယ်.. တောင်ပေါ်အလှတွေနဲ့ ဓာတ်ပုံတွေရိုက် ပေးခဲ့တယ်..။ `အိမ်` ပျော်သလောက်နေခဲ့တယ်…။
ကျွန်တော် နွယ့်ဆီကို ရှမ်းပြည်ရောက်ပြီဆိုတာ ဖုန်းတစ်ခါဘဲ ဆက်ဖြစ်ခဲ့တယ်..။ ကျွန်တော့် နွယ့်ကို အရာရာ စိတ်ချနေခဲ့တယ်… ။
မပြည့်စုံခြင်းနဲ့ မကျန်းမာခြင်း ဆိုတဲ့မည်းမှောင်တဲ့ ဒုက္ခနှစ်ခုကို ရင်ဆိုင်နေရတဲ့ `အိမ်` ကို သနားခဲ့တယ်.. ဘယ်လောက်ဘဲ ဒုက္ခတွေ့တွေ့တည်ငြိမ်စွာ ရင်ဆိုင်နိုင်ဖို့ သတ္တိရှိဖို့ ကျွန်တော်ပြောခဲ့တယ်.. နားသွင်းပေးတယ်…
အိမ် ဟာ တစ်ကယ့်ကို ပေါ့ပါးလန်းဆန်းလာတယ်.. ရည်ရွယ် ချက်ရှိလာတယ်.. ဒါဟာ အလွန်ကောင်းတဲ့လက္ခဏာတွေဘဲ .. အရာရာ စိုးရိမ်လွန်းခဲ့တဲ့ အိမ်ရဲ့ ဝေဒနာ တော်တော်သက်သာ သွားခဲ့တယ်…။
ကျွန်တော်ပြန်လာတော့ ထင်မှတ်မထားတဲ့ ဖြစ်စဉ်တွေက အင်တိုက်အားတိုက်ကြိုဆိုလို့.. နွယ် .. ကျွန်တော့်ရဲ့ နွယ်ဟာ.. အခန်းထဲက ကုတင်ပေါ်မှာ ပက်လက်…
နွယ်ဟာ.. မျိုသိပ် ခဲ့ရတာ တွေများလွန်းလို့၊ အံကြိတ်ခံရတာတွေများလွန်းလို့ ၊ နှုတ်ခမ်းလေးတွေပင် သွေးစို့နေပြီလား..
နွယ်ဘာဖြစ်လဲ.. ကျွန်တော်မသိ .. ဆရာဝန်နဲ့ သားရဲ့စကားမှာ ကျွန်တော် ခြောက်ခြားတုံလှုပ်သွားတယ်…
ဖြစ်ရလေ.. နွယ်ရယ်….
ကြောက်စရာ ကောင်းတဲ့ ကင်ဆာဆဲလ်.. တွေက နွယ်ကိုယ် အနှံ့မှာ ပျံ့နေပြီတဲ့..
``ဖေဖေ .. မေမေ အရမ်းငိုတယ်.. အရမ်းနာတယ်ထင်တယ်.. မေမေ သေသွားမှာလားဟင်.. ဖေဖေ မရှိတုန်း.. မေမေ မိုးရွာထဲက ပြန်လာတယ်.. ငိုတယ်.. မေမေရောဂါရှိတာ.. ဖေဖေကို အသိမပေးဖို့ ဆရာဝန်ကို တောင်းပန်ပြောခဲ့တယ်..တဲ့။
ဇနီးသည်ရဲ့ အထီးကျန်နေ့ရက်၊ ရောဂါနဲ့ ခြောက်ခြားဖွယ် ဖြတ်သန်းနေရစဉ်မှာ  …
ကျွန်တော်ကတော့….
ခရီး မသွားစေချင်တာ.. ဒါကြောင့်လား… နွယ်…
ရုတ်တရက်ဆိုတဲ့ စကားကို မောင်သိပ်ကြောက်နေပြီ.. နွယ်.. မောင်ပြန်လာတော့ နွယ်ကိစ္စကို ရုတ်တရက် သိလိုက်၇တာပါဘဲ… ပိုဆိုးတာက မောင့်ရဲ့ မမျှတမှု့၊ ဥပေက္ခာပြုသလို… နွယ်အပေါ်တာဝန်မကျေမှု့ တွေက မောင်ရင်ကို မီးစနဲ့ထိုးနေခဲ့ပြီ..။
နွယ်ရဲ့ ခန္ဓာကိုယ်၊ မျက်နှာပြောင်းလဲမှု့လေးတွေကို သတိတစ်ချက်လေးရှိခဲ့ပေမဲ့ သာမန်လေးလို့ ထင်ခဲ့မိတယ်.. မောင်ဟာ လူတိုင်းအပေါ် ကောင်းချင်ခဲ့ပါတယ်.. ဒါပေမဲ့ အနီးဆုံး ဖြစ်တဲ့ နွယ့်အပေါ်မှာ…
နွယ်.. အချိန်တွေ ဘယ်လောက်များ.. ကျန်သေးလဲ.. နွယ်..
မောင် အားတဲ့ရက် နွယ်တို့ မိသားစု ခရီးထွက်ရအောင်လို့ ပြောတာကို ထွက်တာပေါ့လို့ ပြောရင်း.. မောင်မစီစဉ်နိုင်ခဲ့ဘူး……။
******
နေရောင်တို့က မျက်နှာကျက်ဆီမှ တဆင့် မျက်နှာပေါ် ကျရောက်လာခဲ့ပြီ.. ကျွန်တော် မနက်ရောက်မှ တစ်ချက်လေးဘဲ အိပ်ပျော်သွားမိတယ်.. ထင်တယ်…။ ချက်ချင်းဘဲ နွယ်ခန္ဓာကိုယ်နဲ့ နီးနီးကပ်ကပ် ထိတွေ့နေမှု့က နွေးထွေးနေတယ်…
နွယ်နဲ့ ကျွန်တော် မျက်နှာချင်းဆိုင်ဖို့ ကျွန်တော်အားယူမိတယ်…
ကျွန်တော့်ရင်ခွင်ထဲမှာ ကျောလေးပေးထားတဲ့ နွယ်က တစ်ဖက်ကို စောင်းအိပ်နေတယ်..
စားပွဲတင်နာရီလေးကို အကြည့်.. ဆယ်နာရီထိုး………
ဒါဆို နွယ် ဗိုက်ဆာနေရာပေါ့..
ကျွန်တော် နွယ့်လက်လေးတွေကို အသာစမ်းကြည့်.. ခပ်.. နွေးနွေးလေးပေမဲ့…
ကျွန်တော်နဲ့ ပခုံးချင်းယှဉ်နေတဲ့ နွယ့်ပခုံးလေး အနိမ့် အမြင့် အသက်ရှုသံ..
နွယ်ခြေချောင်းလေးတွေ….
ဆံနွယ်.. နှုတ်ခမ်း.. မျက်လုံး.. ရှည်ကော့ကော့ မျက်တောင်…
ဘာဆိုဘာမှ……
ဟာ………
အသက်ရှုရပ်သွားတော့မလောက် ကြောက့်လန့် တုံလှုပ်သွားတယ်…
နွယ် မျာက်နှာလေး ကို တည့်လိုက်တယ်…
နွယ်ဘာမှ မသိတော့ မျက်လုံးတွေ ဖြူ.. နှုတ်ခမ်းတွေ ဖြူနေပြီ..
နွယ့် အသွေးအသား.. အားလုံးဟာ ပကတိ အတိုင်းပေမဲ့ နွယ်ကတော့..
ကျွန်တော့် ခန္ဓာကိုယ် တစ်ခုလုံးရှိ အသွေးအသားတွေ စုတ်ယူခံလိုက်ရသလို ခံစားလိုက်ရတယ်…
သားလေးက ငိုကြွေး…..
ကျွန်တော့် ရင်ခွင်ထဲမှာ နွယ်ရှိတယ်… နွယ်အသက်ကို နှုတ်ယူသွားတာ.. မောင်လား.. နွယ်..
နွယ် မောင့်ကို စောင့်နေခဲ့တာလား…
မောင် နွယ့်ကို သိပ်ချစ်တယ်…
နွယ်ဟာ ရုတ်တရက် မောင့်ကို စွန့်ခွာသွားတာမဟုတ်ပါဘူး…
နွယ် အရမ်းခံစားပြီးမှ နာနာကျင်ကျင်နဲ့ မောင့်ကို စွန့်ခွာသွားတာ… မဟုတ်လား…
မောင်သစ္စာနဲ့ အနမ်းတစ်ခု ပေးအပ်ပါရစေ… နွယ်မြင်ရင်.. မောင့်ကို လှောင်ပြုံး ပြုံးမလား..
သစ္စာတွေနဲ့ဘဲ.. အထီးကျန်စွာ ဖြတ်သန်းရဦးမှာပေါ့…
ကျွန်တော် နောက်ဆုံးအနေနဲ့ နွယ်ပါးပေါ် အနမ်းတစ်ခု ခြွေချခဲ့ပါတယ်…
သစ္စာပြုတဲ့ အနမ်း… သစ္စာဖွဲ့ အနမ်း…တွေဘဲပေါ့…။

Perfect Magazine (October2010)
ချောအိမာန်(မန္တလေး)
13.9.2010

Monday, October 25, 2010

ဝေးလွန်းတဲ့လရိပ်

          မောင်လေး မျက်ဝန်းက တဖြေးဖြေးနဲ့ မျက်ရည်စများ ပြည့်လျှံတတ်လာတယ်… နောက် မျက်တောင်တစ်ချက်ပုတ်ခတ်လိုက်စဉ်မှာ မယုံနိုင်စရာကောင်းလောက်အောင် မျက်ရည်များ တစ်ပေါက်ပေါက်ကျဆင်းလာတယ်… ရင်ထဲက ကြေကွဲမှုအပြည့်နဲ့ အပြင်ကို ပြည့်လျှံကျလာတဲ့ မျက်ရည်တွေကို ဘယ်သူမှမတားဆီးနိုင်ခဲ့ဘူး… သူ့ရဲ့မျက်ဝန်းလေးက အသနားခံနေသလို… သူ့ရဲ့နှုတ်ခမ်းလေးက ဆာလောင်မွတ်သိပ်မှုတစ်ခုကို တောင်းဆိုနေသလိုဘဲ…
            သူရဲ့ဘေးမှာ ကျွန်မ တစ်ဦးတည်းသော အစ်မက မျက်ရည်မကျအောင် အားတင်းရင်း… မောင်ငယ်လေးကိုပွေ့ဖက်ထားတယ်… ဆရာဝန် သူနာပြုအသီးသီး ထွက်ခွာသွားချိန်မှာ… ဆယ့်သုံးနှစ်သာသာရှိသေးတဲ့ ကျွန်မက မျက်ရည်ကိုလက်နဲ့ပွတ်သပ်သုပ်လိုက်တယ်… ခုနှစ်နှစ်သာသာလောက်ရှိမဲ့ မောင်ငယ်လေးကို တတ်နိုင်သလောက်အားပေးနေတဲ့ ကျွန်မတို့ မောင်နှမ နှစ်ယောက်ကိုကြည့်ရင်း ဘေးကုတင်ကလူတွေပါ မျက်ရည်တလည်လည်နဲ့…
            ဒီကမ္ဘာလောကကြီးမှာ အားကိုး မှီတွယ်စရာဆိုလို့ ဒီမောင်နှမလေးနှစ်ယောက်ပဲ ချန်ထားခဲ့တာကို ကံကြမ္မာကိုဘဲ အပြစ်တင်ရမလား… သွားလေသူမိဘနှစ်ပါးကိုဘဲ အပြစ်တင်ရမလား… တကယ်တော့ ကျွန်မတို့နှစ်ဦးအတွက် လောကကြီးကတရားမမျှတခဲ့ပါဘူး …
            ဆေးရုံကိုတောင် ဘာမဆိုင်၊ ညာမဆိုင်နဲ့ ကိုယ်ချင်းစာနာထောက်ထားသူတစ်ယောက်က လာပို့လို့ရောက်လာတာ… မောင်လေးက တော်တော်ရောဂါသည်းနေပြီ… ကူညီရာမဲ့တဲ့ဘဝမှာဖြစ်သလိုနေ… ဖြစ်သလိုဆေးတွေကုပေးကြရင်း၊ အနာတခြား၊ ဆေးတခြားနဲ့ နာလန်မထူတော့ဘူး… သူတို့ပတ်ဝန်းကျင်ကလဲ ဗဟုသုတမရှိ၊ နားမလည်၊ ဟိုလူတမျိုး၊ ဒီလူတမျိုးနဲ့ ကုထုံးတွေကလဲစုံနေပြီ… နောက်ဆုံး ရလာဒ်ကတော့ လူနာပိုခံစားရတာပေါ့…
            ဆရာဝန်က သက်ပြင်းချရင်း… မောင်လေးရဲ့ အနာဂါတ်အတွက် စိုးရိမ်နေပုံဘဲ… ဆေးရုံမှာ ခုနှစ်ရက်ကုသပြီး ကလေးကိုပြုစုစောင့်ရှောက်မဲ့ဂေဟာကို လမ်းညွန်ပေးလိုက်တယ်… လမ်းညွှန်ပေမဲ့ ဘယ်သူကမှ တာဝန်ယူပို့ပေးမဲ့သူမရှိဘူး၊ ပိန်ညှောင်ညှောင်ခန္ဓာကိုယ်လေးပေမဲ့ မောင်လေးမျက်ဝန်းတွေက မျှော်လင့်ချက်တွေရှိနေသေးသလိုဘဲ… ကျွန်မက မစားဘဲ အငတ်ခံပြီး မောင်ငယ်လေးကိုကျွေးတယ်… တခါတလေဝမ်းတွေ အိပ်ရာပေါ်သွားပြစ်လိုက်တာမို့… စိတ်ရှည်ရှည် မောင်းလေးကိုလဲ ပြုစုပေးတယ်…
            မနေနိုင်တဲ့ ဘေးကုတင်လူတွေက မုန့်ဖိုးပေးတယ်… ဆန်ပြုတ်တွေ ဝယ်တိုက်ကြတယ်… အဲဒီအခါဆို ကျွန်မက မောင်လေးအတွက် ကျေးဇူးတင်တဲ့အနေနဲ့ မုန့်ပေးတဲ့သူ… ဆန်ပြုတ်ဝယ်တိုက်တဲ့သူတွေကို ထိုင်ကန်တော့တယ်…
            ကြာတော့ အခန်းထဲက လူနာတွေက ကျွန်မတို့မောင်နှမနှစ်ယောက်ကို သံယောဇဉ်ဖြစ်နေကြတယ်… တစ်နေ့က သူတို့အခန်းထဲကို ကလေးလူနာတစ်ယောက်ရောက်လာတယ်… သွေးလွန်တုပ်ကွေးဆိုလား… ငှက်ဖျားဆိုလားဘဲ… ကလေးက သတိတောင်သိပ်မရဘူး…ညကြီးရောက်လာတာ… သွေးကအရေးပေါ်လိုပါလေရော… ဆရာဝန်တွေလဲ ပျာယာခတ်နေတာပေါ့… ကလေးအဖေနဲ့အမေကလဲ ပြည့်စုံပေါ်မပေါက်ဘူး… နှစ်ယောက်စလုံး ပိန်ချီချီလေးတွေနဲ့လိုတဲ့သွေးက အိုသွေးတဲ့…
            အဖေနဲ့ အမေကလဲ သွေးယူရအောင် ကျန်းမာရေးက မပြည့်စုံ ၊ မကောင်းမွန်ဘူး… အချိန်နဲနဲကြာသွားတယ်… ကျွန်မက ဆရာဝန်ကိုသွားပြောတယ် ကျွန်မသွေးကိုယူပါ… အိုသွေးပါပဲလို့… ဆရာဝန်က မျက်လုံးပြူးသွားတယ်… ကလေးဆီက သွေးယူလို့ဘယ်ဖြစ်မလဲကွယ်လို့ ဆရာဝန်က စိတ်မကောင်းတဲ့မျက်နှာနဲ့ပြောရင်း ထွက်သွားတယ်… ညဉ့်နက်လောက်မှာသွေးရပြီး… အဲဒီကလေးကို အဆက်မပြတ်သွေးသွင်းနိုင်ခဲ့တယ်… ကံကောင်းစွာဘဲ၊ အဲဒီကလေး…. စိုးရိမ်တွင်းထဲကနေ သီသီလေး လွတ်မြောက်သွားခဲ့တယ်…
            အခန်းထဲက အဲဒီမိန်းကလေးရဲ့စိတ်ဓာတ်ကို ချီးကျူးရင်း… တစ်နေ့ထက်တစ်နေ့ ဆိုးလာတဲ့သူ့မောင်လေးအတွက်တော့ စိတ်ထိခိုက်… ကြေကွဲစွာခံစားရတယ်…
                                                                        ( ၂ )
            “ မမ … မောင်လေး ဆေးရုံတတ်ရတာလဲကြာပြီ… အိမ်မပြန်ရသေးဘူးလား “
            “ ပြန်ရမှာပေါ့မောင်လေးရယ်… ခုဟာက မမတို့အိမ်ထက်ကောင်းတဲ့နေရာ တစ်ခုကိုသွားရမှာ “
            “ ဘယ်လဲဟင်… ပျော်စရာကြီးလား “
            “ ပျော်စရာကြီးပေါ့… အဲဒီမှာ မောင်လေးလို အဖော်ကလေးတွေအများကြီးရှိတယ် အတူတူကစားရမှာ “
            “ ဟုတ်လား… မမရောနေမှာလား “
            “ မမက ခဏခဏ မောင်လေးကို လာကြည့်မှာ… “
            “ မောင်လေးနဲ့ အတူမနေဘူးလား “
            “ အိမ်ကို ဒီအတိုင်းထားခဲ့လို့ မဖြစ်သေးဘူး မောင်လေးရဲ့… အဲဒီမှာဆိုရင် မောင်လေးနဲ့အတူတူ ဆော့ချင်တဲ့သူတွေအများကြီးဘဲ… ဒီမှာလို ဘယ်သူမှမောင်းမထုတ်ဘူးနော် မောင်လေး “
            “ ဟင့်အင်း … မမလဲလိုက်ရမှာ “
            “ လိုက်မှာပါ… အဲဒီမှာကျ မောင်လေးကို ကြည့်ရှုပေးမဲ့ ဆရာမ ချောချောတွေလဲရှိတယ်… မောင်လေးဆွဲချင်တဲ့ ပန်းချီပုံတွေဆွဲရမယ်… စာတွေကို ရုပ်ပုံတွေနဲ့လဲ သင်ပေးဦးမှာ… ဘယ်လောက်ကောင်းလဲ… အော်… မောင်လေးကြည့်ချင်တဲ့ တီဗွီကြော်ငြာတွေလဲကြည့်ရအုံးမှာ… မောင်လေး နံမည်ပေးထားတဲ့ မင်းသားနံမည် ဘယ်သူ…
            “ မင်းမော်ကွန်း “
            “ ဟုတ်ပြီ… ဟုတ်ပြီ မင်းမော်ကွန်း… အဲဒီမှာ လွင်မိုး၊ ကျော်ဟိန်းတို့ ခိုင်သင်းကြည် ထက်ထက်မိုးဦးတို့ဆိုတဲ့ မောင်လေးအရွယ်ကလေးတွေလဲရှိတယ်…မောင်လေးပျော်မှာပါ… မမက မောင်လေးကို အိမ်မှာတစ်ယောက်တည်းထားခဲ့ရမှာ စိတ်မချဘူး… မောင်လေးကျန်းမာရေးအတွက်လဲ မမကနားမလည်ဘူး… အဲဒီအတွက်လဲပိုစိတ်ချရတယ်… နော် မောင်လေး ဘယ်တော့မှမငိုရဘူးနော်… ငိုရင်ယောက်ျားလေးမဟုတ်ဘူး… မိန်းမဖြစ်သွားလိမ့်မယ်… မိန်းမဖြစ်ချင်လား “
                        လူငယ်လေးကခေါင်းရမ်းပါတယ်..
            “ အဲဒါဆို မမပြောတာ နားထောင်နော် “
            လူငယ်လေးက သူ့အစ်မကိုကြည့်ရင်း ခေါင်းငြိမ့်လိုက်ပါတယ်…
ဘေးကုတင်က လူတွေရော သူနာပြုတွေပါ… စိတ်မကောင်းဖြစ်နေကြတယ်။ သူတို့ နှစ်ယောက်ရဲ့ အနာဂါတ်အတွက် ဘယ်သူမှ ပြုပြင်ဖန်တီးမပေးနိုင်တာမို့… ပိုပြီး စိတ်မကောင်းဖြစ်နေကြတယ်….
``ရပါတယ်… အဒေါ်ရယ် … ကျွန်မတို့ မောင်နှမနှစ်ယောက်ကို ဒီဆေးရုံပေါ်မှာ ကြည့်ရှု့ခဲ့တာကို ကျေးဇူးတင်ပါတယ်.. ကျွန်မအဒေါ်ကို ကန်တော့ပါတယ်.. မောင်လေးကုတင်ပေါ်ကနေ လက်လုပ်ချီကန်တော့``
``နေ.. နေ.. အဒေါ်တို့က အဒေါ့်သားလေးနဲ့အတူတူ ကိုယ်ချင်းစာလို့ပါ ။ ဆေးရုံက ဆင်းသွားပြီးရင်လဲ ဂ၇ုစိုက်နော်… ကိုယ်ကိုတိုင်လဲဂရုစိုက်အုံး.. ကောင်းသွားမှာပါ.. သိပ်စိတ်မပူနဲ့ … ဒါနဲ့အေ.. နာမည်ပြောခဲ့ပါဦး။ နံမည်မသိသေးဘူးဖြစ်နေတယ်``
``မောင်လေးနာမည်က သုတ.. ကျွန်မနာမည်က မသုခပါ``
``အော်…``
နာမည်နဲ့ မလိုက်ဖက်တဲ့… ကျွန်မတို့နှစ်ယောက်ကိုကြည့်ရင်း အဒေါ်ကြီးလဲ ကြေကွဲသွားပုံရပါတယ်.. သူက ဆေးရုံခန်းထဲက အခြားလူနာရှင်တွေကိုပါ စည်းရုံးရေးဆင်းရင်း …. ပိုက်ဆံစုပြီး ကျွန်မလက်ထဲထည့်ပေးလိုက်တယ်…
``ယူပါမသုခရယ်… အဒေါ်တို့က ကူညီချိန်တန်လို့  ကူညီရတာပါ.. ဒီထက်ပိုပြီး စိတ်ထဲမှာ ရှိပါတယ်.. သိပ်မများပေမဲ့.. မောင်လေးအတွက် အာဟာရဖြစ်တဲ့ အစာတော့ ဝယ်ကျွေးနိုင်တာပေါ့``
``ဟုတ်ကဲ့ပါအဒေါ်.. အဒေါ်ကိုမြင်ရတာ.. ကျွန်မမေမေကို အရမ်းသတိရတာဘဲ ကျွန်မဖေဖေနဲ့ မေမေဟာလဲ ရောဂါဆိုးနဲ့ဆုံးခဲ့တာ.. ခုမောင်လေးလဲ…
ကောင်မလေးက ပြောရင်း မျက်ရည်တွေကျလာတယ်…
``မောင်လေးမှာ HIV ရောဂါကူးစက်ခံနေရပြီတဲ့.. ဒီနေ့ ဆရာဝန်ကြီးက ပြောပြတယ်.. ကျွန်မနဲနဲမှ မရိပ်မိခဲ့ဘူး.. ဒါ့ကြောင့်မို့ထင်ပါတယ်.. ကျွန်မတို့ကို ရပ်ကွက်ထဲက လူတွေကလဲ အပေါင်းအသင်းမလုပ်ကြဘူး.. နှိမ်ကြတယ်.. မောင်လေးနဲ့ဆို ဘယ်သူမှ မကစားချင်ကြဘူး.. မောင်လေးကို ကျွန်မသနားတးယ်.. သူ့မှာ ငယ်ငယ်ရွယ်ရွယ်နဲ့ ဘာမှ မသိရှာဘူး..
``ကျွန်မလဲ တချိန်မှာ ဒီရောဂါရှိချင်ရှိလာမှာဘဲ.. ကျွန်မအတွက် မစိုးရိမ်ပါဘူး.. မောင်လေး ခုလိုခံစားနေရတာကို ရင်ထဲမှာ မချိဖြစ်နေပြီ… ```
ကျွန်မက ရင်ထဲကစကားတွေကို ပြောပြီး မောင်လေးအိပ်နေတဲ့ကုတင်ဆီသွားရင်းရှိစုမဲ့စု.. ပစ္စည်းလေးတွေကို ခြင်းတောင်းထဲ ကောက်သိမ်းမိတယ်…
မနက်ဖြန်မနက်ဆိုရင် ကျွန်မတို့ မောင်နှမနှစ်ယောက်ကို ဒီကုတင်လေးမှာတွေ့ရတော့ မှာမဟုတ်လို့ အခြား ကုတင်ကလူတွေ လာပြီး နှုတ်ဆက်အားပေးနေကြတယ် …..
(၃)
မောင်လေးကို ကျွန်မသွားကြည့်တိုင်း.. ဂေဟာမှာပျော်နေတာကိုတွေ့ရရင် စိတ်ချမ်းသာတယ်.. တခါတလေမှာတော့ ရောဂါဖောက်နေတာမို့ သနားရပြန်တယ်.. ရောဂါသည်အချင်းချင်း ကလေးတွေကူညီဖေးမနေတာဟာ.. လူသားချင်း စာနာတဲ့စိတ်ဓါတ်လေးတွေပါဘဲ.. မောင်လေးက ကျွန်မလာရင် ပျော်ပြီး .. ပြန်သွားတိုင်း.. လွမ်းလွမ်းဆွေးဆွေးကြည့်ရင်း ကျန်နေရစ်ခဲ့တယ်..
ပန်းချီဆွဲဝါသနာပါသူမို့ မောင်လေးဆွဲတဲ့ ပန်းချီတွေဟာ ရင်ခုန်လှုပ်ရှားစရာ ကောင်းတယ်.. လူမိသားစုပုံ.. ကြက်မိသားစု အစာစားနေတဲ့ပုံ.. ကလေးတွေ ကစားနေပုံ.. သူဆွဲတဲ့ပုံတွေကို ထုတ်ပြတက်တယ်…
သူအဲဒီဂေဟာလေးမှာ နေသားကျသလိုရှိလာတယ်.. ဒါပေဲ့ သေမင်းရဲ့ အမိန့်ပါလာပြီးသူ တစ်ယောက်အတွက် ဘယ်လောက်ကြာကြာ နေသားကျနိုင်မှာလဲ.. ဒီကမ္ဘာကြီးမှာ သွေးတော်တဲ့တစ်ဦးတည်းသာရှိတဲ့ မောင်လေးအတွက် .. ကျွန်မရဲ့ မျှော်လင့်ချက်ရောင်ခြည်တွေဟာ မှေးမှိန်နေတယ်.. သူ့ရဲ့နောက်ဆုံးအချိန်လေးမှာ နာကျင်စရာတွေ ဝမ်းနည်းစရာတွေပါမသွားစေချင်ဘူး.. ကျွန်မတို့ ပတ်ဝန်းကျင်မှာဆို သူသိမ်ငယ်နေရမှာ…
ခုချိန်မှာတော့ ကျွန်မမောင်လေး ခန္ဓာကိုယ်မှာ ဘယ်လောက်ပဲ ပြင်းထန်တဲ့ ရောဂါထိုးနှက်ချက်တွေရှိပါစေ.. အားလုံးရဲ့ပြုစုစောင့်ရှောက်မှုအောက်မှာ.. မောင်လေး ဘဝ နေပျော်ပါတယ်.. မောင်လေးရဲ့နောက်ဆုံးအချိန်တွေမှာ မမတက်နိုင်တာဆိုလို့… ဒါပါဘဲ.. နေ့တိုင်းဘဲ မောင်လေးအကြောင်းစဉ်းစားမိရင.. ရင်နာတယ်.. နောက်ဆိုရင် ကျွန်မလဲ အထီးကျန်ဆန်စွာ တစ်ယောက်ထည်း ဖြစ်သန်းရအုံးမယ်.. ဘယ်အချိန်တွေထိလဲ .. ဘယ်လောက်ထိလဲ.. ကျွန်မလဲ မသိနိုင်ခဲ့ဘူး…
ဒီလိုနဲ့ဘဲ တဖြေးဖြေး ရိပါးလာတဲ့အနာဂါတ်တွေကို ရင်ဆိုင်ကျော်ဖြတ်ရင်း ကျွန်မဆီမှာ နောက်ဆုံးကျန်ရှိခဲ့တာ မောင်လေးရေးထားတဲ့ ပန်းချီအပိုင်းအစလေးပေါ့.. သစ်ပင်.. တောအုပ်စိမ်းစိမ်းတွေထဲမှာ လက်ချင်းတွဲပြီးပြေးနေကြတယ်.. ကျွန်မနဲ့ မောင်လေးဘဲဖြစ်ပါလိမ့်မယ်..
အောက်ကနေ စာလေးတစ်ကြောင်းရေးထားတယ်…
မောင်လေး မမကို ချစ်တယ်တဲ့…
ကျွန်မမျက်ရည်တွေဟာ တာကျိုးသွားတဲ့အတိုင်းဘဲ.. ရင်ထဲမှာလဲ .. စို့နစ်ကြေကွဲမိတယ်.. ဘဝရဲ့အားမာန်တွေကို နောက်ဆုံးအချိန်တွေထိ ယူဆောင်သွားတဲ့ မောင်လေးကိုလဲ မမချစ်တယ်.. အချစ်ဆုံးပါဘဲ.. ဒီရောဂါကြီးဟာ ဘယ်လိုအကြောင်းနဲ့ဘဲကူးစက်လာခဲ့.. လာခဲ့.. နောက်ဆုံးမှာတော့ ကြေကွဲရိပ်တွေနဲ့ဘဲ အဆုံးသတ်ရတယ်.. အဲဒီလိုနဲ့ ကျွန်မမောင်လေးရဲ့ အသက်ကို နှမျောစွာနဲ့ စတေးလိုက်ရတယ်…
ကျွန်မခန္ဓာကိုယ်မှာ .. ကိုယ်တိုင်မျှော်လင့်ထားပေမဲ့ ကျွန်မအသက်နှစ်ဆယ်ရောက်သည်ထိ ဆေးစစ်ရာမှာ HIV Positive ဆိုတာ မတွေ့ခဲ့ရဘူး.. ကျွန်မခုချိန်မှာ ကံကောင်းသေးတယ်လို့ ဆိုရမှာပေါ့.. ကျွန်မခုဆိုရင် … ဒီရောဂါဖြစ်နေသူတွေကို အားပေးကူညီ ရန်ပုံငွေကူရှာပေးနဲ့ ဘဝကို  ပျော်ပျော်ကြီး နေထိုင်သွားတော့မယ်လို့ ဆုံးဖြတ်လိုက်တယ်…
လရဲ့အရိပ်ဟာ ဝေးလွန်းပေမဲ့ ညအခါတွေမှာဆို အဖိုးတန်မှန်းလူတိုင်းသိကြပါတယ်.. အဲဒီလိုဘဲ… ကျွန်မရဲ့ ဆန္ဒ ဖြစ်ချင်တဲ့အတိုင်းအတာ တွေဟာဝေးလွန်းပေမဲ့ လိုအပ်တဲ့အခါမှာတော့ .. ဝေးလွန်းတဲ့ လရိပ်ကို တမ်းတမိသလို……. ဆန္ဒရှိကြတယ်ဆိုရင် ကျွန်မကျေနပ်မိမှာ အမှန်ပါ……..။

ပိတောက်မြေမဂ္ဂဇင်း
၃၁.၁၀.၀၆
ချောအိမာန်(မန္တလေး)

Wednesday, September 29, 2010

ရိုးတံနဲ့ ပန်းပွင့်





ဒီနေ့ ကျွန်မရဲ့ ဧည့်ခန်းထဲမှာ စိုပြည်လျက်ရှိနေတယ်။ ဧည့်ခန်းရဲ့ စားပွဲပေါ်မှာ စားစရာတွေ အပြည့်ရှိနေသလို ရယ်မောပြောဆိုနေသံမှာ ပြန်စဉ်းစားရင် လွန်ခဲ့သော နှစ်များဆီက အတိုင်းပါပဲ။
ကျွန်မက ဧည့်ခန်းထဲက ဧည့်သည် မမများအတွက် အအေး၊ ကော်ဖီတွေဖျော်နေတယ်၊ကြိုက်ကလည်း
တယောက်တမျိုး…၊ ကျောင်းကတည်းက သူငယ်ချင်းတွေမို့ အတွင်းသိ၊ ကျွန်မတို့ ခုလို ပြန်ဆုံနိုင်ဖို့
တော်တော်ကြိုးစားထားရတာ၊ ကျောင်းပြီးတော့ အလျှိုလျှို အိမ်ထောင်ကျကုန်ကြတယ်၊ အဲဒီကတည်းက လေးယောက်လုံး တခါမှ မဆုံခဲ့၊ ဒီကြားထဲ သူ့အလုပ် ကိုယ့်အလုပ်နဲ့ မအားတာနဲ့ပဲ… ပြောင်းတဲ့လူက ပြောင်းနဲ့ မတွေ့ကြတော့ဘူး၊ အရင်က တယောက်အကြောင်း တယောက် သိကြ ပေမဲ့ ခုချိန်မှာ ပြောင်းလဲမှုတွေများစွာနဲ့ ဝေးနေကြရတယ်၊ ဒီနေ့တော့ ကျွန်မရဲ့ မှတ်မှတ်ရရ မွေးနေ့လည်း ဖြစ်တာမို့ မဖြစ် ဖြစ်အောင် ဆုံဖို့ တစ်လလောက် ကြိုချိန်းခဲ့ရတယ်၊ ကျွန်မတို့ အားလုံး ပျော်ရွှင်နေကြတယ်၊ ဒီအရသာကို လွတ်လပ်စွာ ပြန်ခံစားခွင့်ကို မျှော်လင့်နေခဲ့တာ ကျွန်မတို့ လေးယောက်လုံးပဲ၊ အားလုံး ဝေးကွာနေရာက ခုလို ပြန်ဆုံတော့ ခံစားမှု အသစ်လေး ရသလို ကျွန်မတို့ အားလုံး အိမ်ထောင်သည်တွေနဲ့မတူပဲ အပျိုတွေနဲ့ တူနေတယ်။
ကျွန်မတို့ တွေ့ဆုံမိကြရင် ကိုယ့်မှာ ဖြစ်နေတဲ့ ပြဿနာ၊ မပြေလည်မှု၊ ပြေလည်မှုတွေ အားလုံးပြောဖို့၊
ရင်ဖွင့်ဖို့ဟာလည်း တာစူထားကြတယ်၊ အသီးသီး အိမ်ထောင်ကျ သွားပေမယ့် အဲဒီအိမ်ထောင်ရေးရဲ့
အခြေအနေကို မသိကြသေးတာမို့ တယောက်အကြောင်း တယောက် စိတ်ဝင်စားနေကြတယ်။
ကျွန်မတို့ ဘယ်လောက် စိတ်ကူးယဉ်ကြသလဲ ဆိုရင် ရင်ဖွင့်ဖို့ကို မဲလိပ်နှိုက်ပြီး အမှတ်စဉ် တပ်ကြတယ်၊
အမှတ်စဉ် နံပါတ်(၁)ကို ကျသွားသူက “ယမင်းတင်အောင်” တဲ့ အမင်းရဲ့ မျက်နှာလေးက အရင်အတိုင်း ချောဆဲ။ နှုတ်ခမ်းက ပြုံးစစ ဖြစ်သွားပြီး သူ့ အကျင့်အတိုင်း ဆံပင်ကို တချက်ခါလိုက်ရင်း….
“ ငါ အရင်ကျသွားတော့ သိပ်မကောင်းဘူး၊ ဒါပေမယ့် ငါ အရမ်းပြောချင်နေတယ်၊ အဓိကက
ငါ့ဘ၀မှာ မထင်မှတ်တာတွေ တွေ့လာရတာပဲ၊ နင်တို့ သိတဲ့အတိုင်း အိမ်ထောင်မကျခင်ကတည်းက အိမ်ရဲ့ စီးပွားရေးလည်း ငါပဲ ဦးဆောင်လုပ်ခဲ့ရတာ၊ ပွဲရုံလုပ်ငန်းဆိုတော ရှုပ်တော့ ရှုပ်နေတာပေါ့၊ ငါက ငယ်ငယ်ကတည်းက ဦးဆောင်လာရတော့ အကျင့်ဖြစ်နေပြီ၊ ငါ့စိတ်က မြန်တော့ ငါလုပ်သမျှပြီးလွယ်ပြီး
အောင်မြင်တာများတယ်၊ ဒါကတော့ ငါ ငယ်ငယ်ကတည်းက ပွဲရုံနဲ့ ရင်းနှီးနေလို့ပဲ ထားပါတော့…”

“ ငါ `ကိုမျိုးဆက်`ကို ဖြစ်စေချင်တာက ငါ့စီးပွားရေးလည်း သူ့စီးပွားရေးပဲ ငါ့မိဘပိုင်တယ် ဆိုတဲ့ အသိကသူ့ခေါင်းထဲကို ရောက်နေတယ်၊ အဲဒီလုပ်ငန်းတွေမှာ စိတ်ပါစွာ ၀င်လုပ်စေချင်တယ်၊ သူ့အတွေးက သူက ငါ့လောက် မလုပ်နိုင်တော့ အလိုလို feel ဖြစ်တယ်၊ ငါ့မိဘကလည်း သူ့ကို မနှိမ်ပါဘူး၊ သူလုပ်တဲ့ကား၊ ဆိုင်ကယ် ပွဲစားအလုပ်က ရတလှည့် မရတလှည့် သိတဲ့ အတိုင်းပဲ၊ သူသာ ဦးစီးနိုင်မယ်ဆိုရင် ငါ ကတဖက်က ဆိုင်တခုခု ဖွင့်လို့ ရတယ်၊ စီးပွားရေးကို ဘယ်လိုလုပ်ရမယ် ဆိုတာ ငါ့လောက် သူနားမလည်ဘူး…”
 “ကုန်သည်တွေကလည်း ကြာတော့ ငါ့ပဲ သိတာပေါ့၊ ဟိုနေရာဆိုလည်း ငါ ဒီနေရာဆိုလည်း ငါပဲ၊ ဒီကိစ္စတွေ ငါ လုပ်ရလို့ ပြောတာ မဟုတ်ပါဘူး၊ သူ့ကိုဖြစ်စေချင်တာပေါ့ ကြာတော့ ငါ့မိဘက ဘာမှ
မပြောပေမဲ့ သူ့ဟာသူ ရှောင်ဖယ်လာတယ်၊ နောက်ဆုံး စိတ်အလိုမကျမှုတွေက ငါ့အပေါ် စုပုံလာပြီး မကြာခဏစကားများကြတာပေါ့၊ အရင်က ငါ သူ့ကို အဲဒီိလို စိတ်ဓါတ် ရှိလိမ့်မယ်လို့ လုံးဝ မထင်ခဲ့ဘူး၊ အဲဒါကငါ့ရဲ့ Main ပြဿနာပဲ ”
“ဟုတ်ပြီ အမင်းရဲ့ ပြဿနာကို သိရပြီ၊ ဘယ်လို ဖြေရှင်းရမလဲ ဆိုတာကို နောက်မှ အဖြေထုတ်ကြတာပေါ့၊ ခု ဒုတိယ တယောက်ရဲ့ ရင်ဖွင့်တေးသံသာကို နားဆင်ရအောင်”
ဒုတိယ အလှည့်က “အသော်”…။
အသော်က ဘာပြောရမလဲ စဉ်းစားနေပုံနဲ့ နှုတ်ခမ်းကို ကိုက်လိုက်သေးတယ်၊
“ငါကတော့ မိဘတွေရဲ့ ဆန္ဒကို မလွန်ဆန်နိုင်တဲ့သူ ဆိုတော့ ကိုနိုင်နဲ့ လမ်းခွဲပြီး မိဘတွေ
ပေးစားတဲ့ ကိုဘုန်းကို လက်ထပ်လိုက်ရတာ ဒီအထိ ရှင်တို့ သိပါတယ်၊ ငါဟာ ကိုနိုင့်ကို လမ်းခွဲပြီး
အိမ်ထောင်တခု အပေါ်မှာ အမြဲ သစ္စာရှိခဲ့ပါတယ်၊ ကိုဘုန်းက အရင်က ရည်းစား မရှိခဲ့ဘူး၊ ကိုနိုင့်ကိစ္စနဲ့
ပတ်သတ်ပြီး သူက သ၀န်တိုတယ်၊ ကိုနိုင်နဲ့က စီးပွားရေးအရ တခါတလေ ဆက်ဆံရတာလည်း ရှိတာပေါ့..”
“သူက အမြဲတမ်း သံသယ မျက်လုံးနဲ့ ကြည့်တတ်တယ်၊ တကယ်တော့ မိန်းမအားလုံးဟာ မျက်နှာ
မများချင် ကြတဲ့ လူချည်းပဲ၊ ဒီတယောက်ထဲ ချစ်ပြီး အိမ်ထောင်ဖက် ကိုလည်း ဒီတယောက်ပဲ ဖြစ်ချင်တာပဲ၊ ဒါပေမဲ့ စိတ်ကူးနဲ့ လက်တွေ့ဟာ ထပ်တူကျချင်မှ ကျတတ်တာပဲ၊ သူကတော့ ငါ့တယောက်ကိုပဲ ကြိုက်ပြီး လက်ထပ်နိုင်ခဲ့တာ ဆိုတော့ ကံကောင်းတာပေါ့၊ ငါနဲ့ ကိုနိုင်ကြားက ဆက်ဆံရေးဟာ သန့်ရှင်းတယ်၊ ဒါကို သူ့မှာ သံသယ အပူတွေနဲ့ နေရတာ သူ့အတွက် မငြိမ်းချမ်းဘူး၊ သူ့ ကြည့်လိုက်ရင် မြုံစိစိနဲ့၊ သေသေချာချာ တော့ ငါ့ကို မပြောဘူးဟ၊ ငါတို့ နှစ်ယောက်ကြားမှာ အဲဒီလိုချည်း မဖြစ်ချင်ဘူး၊ ပွင့်ပွင့်လင်းလင်းပေါ့၊ ဒီလို ကိစ္စတွေက ကြာလာရင် သူ့ဘက်က ပေါက်ကွဲလာမှာ စိုးရိမ်တယ်၊ ငါ့ပြဿနာကတော့ ဒါပဲ၊ ဘာမှ မဟုတ်ပဲ.. “
ကိစ္စတွေက ကြာလာရင် သူ့ဘက်က ပေါက်ကွဲလာမှာ စိုးရိမ်တယ်၊ ငါ့ပြဿနာကတော့ ဒါပဲ၊ှ
လင်မယား ခဏခဏ စကားများနေရရင် ကြာရှည်ကျ မကောင်းဘူးလေ၊ တကယ်တော့ လပ်ထပ်ခြင်း ဆိုတာ သူတို့က ပိုင်ဆိုင်ပြီး ငါတို့က ပိုင်ဆိုင်ခံလိုက်ရတဲ့ သားကောင်တွေလိုပဲ၊ အိမ်ထောင်ရေးမှာ
နားလည်မှု နဲ့ အပေးအယူ တည့်မှ ဖြစ်မယ်၊ ရည်းစားတုန်းက နားလည်ခဲ့တဲ့ အချစ်နဲ့ အိမ်ထောင်ရေးမှာ တည်ရှိတဲ့ အချစ်နဲ့ တခြားစီပဲလို့ ထင်တာပဲ…”
“ အသော်ပြောတာ ဟုတ်တယ် ”
ဇင်မင်းခင်က ထောက်ခံတယ်………

“ကဲ..ကဲ…ဒီတခါ ဒေါက်တာဇင်မင်းခင်ရဲ့ အလှည့်ပါ ”
 “အဇင်.. ရှင်ကတော့ ကျောင်းတုန်းက ပြောဖူးတဲ့ အတိုင်း ရှင် လိုချင်တဲ့ အိမ်ထောင်ရေးတခု
တည်ထောင်နိုင် တယ်လို့ အမင်း ထင်တယ်..”
“အမယ်လေး.. ဒေါ်ယမင်းတင်အောင်.. ကိုယ် အခုချိန်မှာ စီးပွားရေးလောကထဲကိုတောင် ပြေးဝင်လိုက်ချင် သေးတယ်၊ ရှင်တို့ကို ကြည့်ရတာ ဘာပဲဖြစ်ဖြစ် ကိုယ့်ထက်တော့ လွပ်လပ်နေတယ်လို့ ထင်တာပဲ၊ ကိုယ့်ဘ၀ အကြောင်းကို ပြောရရင်တော့ "What is the meaning of my life" လို့ မေးရမလို ဖြစ်နေပြီ၊ အများအမြင် မှာတော့ ကိုယ့်ဘ၀ဟာ အားကျစရာကောင်းပါတယ်…၊ ယောကျာ်းက ဆရာဝန်၊ ယောက္ခမ နှစ်ယောက်လုံးက ဆရာဝန်၊ ကိုယ်က ဆရာဝန်၊ ဒီကြားထဲ ကိုယ့်အဖေက ဆရာဝန်၊ တအိမ်လုံး မိသားစုဝင်တွေ ဆရာဝန် ဖြစ်နေတဲ့အခါ တခြား အကြောင်းအရာ ပြောဖို့ အခွင့်အရေး နည်းပါးလာကြတယ်..”
“ကိုယ်တော့ နေ့တိုင်း liver တွေ၊ lung တွေ၊ Arteries တွေ မြင်နေရတာက တမျိုး၊ အိမ်ရောက်ရင်လည်း ကြားရတဲ့ စကားက ဒီထဲက မထွက်ဘူး၊ တပတ် တခါလောက် လူစုံတဲ့ ထမင်းစားပွဲမှာလည်း ဒီအကြောင်း တွေပဲဖြစ်နေတယ်၊ တခါတလေ တူညီတာတွေ များလွန်းတော့ မတူညီတာလေးတွေကို တောင့်တမိတယ်၊ တခါတလေ ထမင်းချက် အဒေါ်ကြီးပြောတဲ့ဈေးထဲက အကြောင်း၊ လမ်းမှာရန်ဖြစ်ကြတဲ့ အကြောင်း၊ သူတို့ ရွာက အကြောင်းတွေကို ကိုယ့်မှာ မက်မောစွာ နားထောင်နေမိတယ်..”
“ဒီဆရာဝန် ဘ၀ကို အမှန်အတိုင်းပြောရရင် ကိုယ်ကိုယ်တိုင် ရွေးချယ်ခဲ့တာ မဟုတ်ဘူးလေ၊ မိဘတွေ
ရွေးချယ်ခဲ့တာ ဆိုတော့..၊ ကိုယ် ၀ါသနာပါရာမှာ နှစ်မြှပ်နေခွင့်ရတာဆိုရင်တော့ ငါဒီလောက်တော့ ခံစားရမှာ မဟုတ်ဘူး၊ တခါတလေ Uterus ရောဂါတွေ ကြည့်ပြီး ကိုယ်က Maiden ဘ၀ကို နှမြောနေမိတယ်၊ ကိုယ် ပြောတာတွေဟာ ခုချိန်မှာ ရယ်စရာကောင်းနေလိမ့်မယ်၊ ကိုယ့်မှာ body တွေကို မြင်တွေ့နေရတော့ တကယ်တော့ လူဟာ ဘာမှ မဟုတ်ပါလား ဆိုတဲ့ အသိတရားရနေပြီ၊ အလုပ်ပြန်ချိန်တွေကလည်း သူနဲ့ ကိုယ်နဲ့ ဘယ်တော့မှ မတူဘူး၊ သူက မနက်ဆေးခန်းဝင်ရတော့ ကိုယ် မနိုးခင်သွားနှင့်ပြီ၊ ညကလည်း သူက စောရင်စောတယ်၊ ကိုယ်ကလည်း နောက်ကျတတ်တယ်၊ လင်မယားနှစ်ယောက် အတူတူ ထမင်း မစားဖြစ်တာ ကြာပြီ ၊ အေးအေးဆေးဆေးလည်း စကားမပြောဖြစ်ဘူး၊ အဓိက ကတော့ ကိုယ်တို့ဟာ  Life တခုထဲမှာ နစ်မြုပ်နေတယ်လို့ထင်တယ်၊ အဲဒီအတွက် ငြီးငွေ့မှု တအားဖြစ်တယ်၊ သူလည်း အရမ်းပင်ပန်းတယ်၊ `ကိုနေပိုင်`ကို  မိဘသဘောတူတယ် ဆိုပေမဲ့ ငါတို့လည်း မေတ္တာရှိတော့ တခြား  

ပြဿနာတော့ မရှိပါဘူး ”
အချိန်ပေးနှိုင်မှုနဲ့လည်း ဆိုင်မယ်လို့ ထင်တယ်၊ မဟုတ်ရင်တော့ ကိုယ်တို့ သွေးတွေက ကြာလေ
အေးလေ၊စိမ်းလေ ဖြစ်သွားလိမ့်မယ်… ဟား ဟား…”
အဇင်က စကားပြောရင်း သဘောကျစွာ ရယ်ပါသည်။
“အဇင် လိုအပ်နေတဲ့ အချိန်တွေကို အတိုးနဲ့ ချေးမယ်”

အသော်က ရယ်ပြုံးပြုံးနဲ့ဝင်ပြောတယ်“အဇင် life ကလည်း တမျိုးတော့ စိတ်ဝင်စားစရာ ကောင်းတယ်၊ ခရီးတခုခုကို ရက်ရှည် ထွက်ရင်လည်းတနည်းအားဖြင့် လန်းဆန်းမှုတော့ ဖြစ်သွားမယ် ထင်တယ်”
“အမယ် ပြောတာကို ကိုယ် စဉ်းစားဖူးတယ်၊ ကလေး မရခင် အပန်းဖြေတော့ ထွက်ဦးမယ်လို့၊ ကဲ…
အမယ့် အလှည့်၊ ပြော… စာရေးဆရာမ ဆိုတော့ ဇတ်လမ်းအတုတွေတော့ မပြောနဲ့နော်..”
 “စိတ်ချ၊ ကျွန်မကလည်း ရှင်တို့ကို ပြောချင်နေတာ ကြာလှပြီ၊ ကိုနေနဲ့ ကျွန်မက အနုပညာသမားချင်း
အိမ်ထောင်ကျကြတာပါပဲ၊ သူက ကွန်ပျူတာ ဒီဇိုင်နာ ဆိုတော့ အမြဲတမ်း ကွန်ပြူတာနဲ့  နပန်းလုံးနေတာပဲ၊ ခုဆိုရင် ကွန်ပျူတာ၊ အင်တာနက်၊ ပုဂံနက်နဲ့ စုံနေတာပဲ၊ တခါတလေ သူ့ကိုကြည့်ရတာ Robot(ရိုဘော့) စက်ရုပ်တရုပ်လိုပဲ၊ လူကနေ စက်ရုပ်ဖြစ်နေတဲ့ လူသားပဲ၊ ခုခေတ်ကြီးက အရမ်းတိုးတက်တော့ သူ့ဦးနှောက် တွေက အရမ်းအလုပ်လုပ်နေတယ်၊ တခါတလေ သူ ပြောတဲ့ အကြောင်းအရာတွေကို စိတ်မ၀င်စားသလို၊ ကျွန်မပြောတဲ့ အကြောင်းအရာကိုလည်း သူက စိတ်ဝင်စားတာ မဟုတ်ဘူး…”
“တခါတလေ ကျွန်မ ရင်ဖွင့်လိုတဲ့ အကြောင်းအရာတွေကို စိတ်ရှည်စွာ နားထောင်ပေးမယ့် သူ လိုသလို၊ အပြုံးနဲ့ နှစ်သိမ့်ပေးမယ့် သူလည်း လိုအပ်တယ်၊ လိုအပ်ချက်တွေကို အလိုက်တသိ
ဖြည့်ဆည်းပေးနိုင်မယ့် သူလည်း လိုတာပေါ့၊ အဲဒီလို အရာတွေကို အဆင်သင့်ရှိတတ်တဲ့ မိခင်က မရှိတော့ သူ့ကို မိခင်နေရာမှာ အစားထိုးကြည့်ပေမယ့် မရခဲ့ဘူး၊ ပုံသဏ္ဍာန် တူညီပြီး အထဲက အရသာ မတူညီတဲ့ ဘီစကစ်တခုကို စားရသလိုပဲ”
“ကျွန်မ စာတွေကိုပဲ ဖိရေးနေတဲ့ အချိန်တွေမှာ သူ့ကို မေ့သွားတတ်တယ်၊ သူ့မှ မဟုတ်ပါဘူး၊
အရာရာကို မေ့သွားတယ်၊ သူကလည်း ကွန်ပျူတာခုံပေါ် ရောက်ရင် အရာအားလုံး မေ့သွားတယ်၊ ကျွန်မတို့ နှစ်ယောက်ရဲ့ ဆက်ဆံရေးက ကြာလေ အေးစက်လေပဲ၊ သူ ကိုယ့်အပေါ် အစာမကျေတာ တခုရှိတယ်၊ ယောကျာ်းက ဒီဇိုင်နာ ဖြစ်လျက်နဲ့ ကျွန်မ ၀တ္တု မျက်နှာဖုံး(cover)တွေကို
သူ့ကို ဘယ်တော့မှ ဆွဲမခိုင်းဘူး၊ ကျွန်မ သဘောက ကျွန်မ လုပ်တဲ့ အလုပ်တခုကို နှစ်ယောက်ပေါင်းပြီး လုပ်တယ်လို့ မမြင်စေချင်လို့ပဲ၊ အဲဒါကို သူက တမျိုး မြင်တယ်၊
ကျွန်မ ကိစ္စတွေကို သူ ၀င်မပါသလို သူ့ ကိစ္စတွေထဲလည်း ကျွန်မ ၀င်မပါဘူး..”
 “ နောက်ပြီး ကျွန်မရဲ့ ရိုဘော့ စက်ရုပ်က စကားအရမ်းနည်းပြီး အေးတော့ သူ့ရင်ထဲမှာ
ဘာဖြစ်နေမှန်း တော်ရုံနဲ့ မသိရဘူး၊ တနေ့တုန်းကတော့ ကွန်ပျူတာကို အမှတ်တမဲ့ ဖွင့်ကြည့်ရင်း သူ့ခံစားချက်တွေ ရေးထားတာ တွေ့ရတယ်၊ ကျွန်မလည်း တော်တော် အံ့သြသွားတယ်၊ အဲဒီနေ့က စကားများထားတဲ့ နေ့ပေါ့..”
“ကျွန်တော့် မိန်းမ စာရေးဆရာမ `မယ်ဘုန်းခင်` ဟာ ကျွန်တော့်ကို အရမ်းအထင်သေးပါတယ်၊
ကျွန်တော့်ကို  ဥပက္ခောပြုထားပါတယ်၊ ကျွန်တော့် ခံစားချက်တွေ ပြည့်နှက်လာတိုင်း ကွန်ပျူတာနဲ့ပဲ အဖော်လုပ်ခဲ့ရပါတယ်..၊ သူ ကျွန်တော့် အပေါ် ကောင်းပါတယ်၊ ဒါပေမဲ့ မေ့ထားတဲ့ အချိန်တွေ များတယ်၊ ကျွန်တော်မပြောရက်ပါ၊ သူ စာရေးပျက်မှာ စိုးရိမ်ပါတယ်တဲ့..”

“ အလို… ရှင့်ရဲ့ စက်ရုပ်ကြီးက အလာကြီးပါလား၊ ရယ်ရတယ်”

“ အမယ်..အမှန်တော့ ရှင့်လစ်ဟင်းမှုတွေ များပြီလို့ ထင်တယ်..”
“အမင်းရယ်.. စာရေးတယ်ဆိုတဲ့ အလုပ်က ဇျဉ်ဝင်တဲ့ အချိန်မှ ရတာဆိုတော့..”
“ဒါတော့ ဒါပေါ့ဟာ၊ သူ့ ခံစားချက်လေးက ငါတောင် သနားလာပြီ..”
အသော်က အဇင့်ကို ထုရင်းပြောတယ်။
“ ငါတို့ အားလုံးရဲ့ တယောက်ချင်း ပြဿနာက ဘာမှ သိပ်မကြီးကျယ်ဘူးလို့ ထင်တယ်၊
ဘယ်လိုဆိုရင် ပိုပြီး အဆင်ပြေနိုင်မလဲ၊ စာရေးဆရာမ အမယ့်ကိုပဲ အကြံတောင်းရမှာပဲ ..”
အသော်က ခေါင်းတညိတ်ညိတ်နဲ့ ပြောတယ်။
အမယ်က မေးစေ့လေးကိုင်ရင်း တွေးတွေးစစနဲ့ပြောတယ်
“ ရှင်တို့ကို တခုပြောမယ်၊ ရိုးတံနဲ့ ပန်းပွင့်ကို ဘယ်လိုမြင်သလဲ၊ အဲဒီ ရိုးတံနဲ့
ပန်းပွင့်ရဲ့ ကြားထဲက ဆက်သွယ်မှုကို ဘယ်သူမှ မမြင်နိုင်ကြဘူး၊ ပန်းပွင့်ဟာ ခိုင်မာတဲ့ ရိုးတံ မရှိရင် မဖြစ်သလို၊ ပန်းပွင့် မရှိရင်လည်း ရိုးတံဘ၀ဟာ အဓိပ္ပာယ် ရှိလာနိုင်မှာ မဟုတ်ဘူး၊ မမြင်နိုင်တဲ့ ဆက်သွယ်မှုနဲ့ ရိုးတံနဲ့ ပန်းပွင့်ကို ချည်နှောင် ထားတယ်၊ တခုနဲ့ တခု ဒွန်တွဲနေတယ်၊ ကျွန်မတို့ရဲ့ ဘ၀ကလည်း အဲဒီသဘောတရားနဲ့ တူတယ်၊ ရိုးတံကို ပစ်ပယ်လို့လည်း မရဘူး”
 “ပန်းပွင့်တွေမှာတောင် သူတို့နဲ့ လိုက်ဖက်ညီတဲ့ ရိုးတံတွေ ဖွဲ့စည်းပေးထားတယ်၊ ကျွန်မတို့လည်း ဘ၀မှာ လိုချင်တဲ့ အရာကို ရွေးချယ်ပြီး ပြတ်သားတဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်ခဲ့ကြတယ်၊ ဘယ်သူကမှ
အဲဒီဆုံးဖြတ် ချက်ကို မမှားချင်ကြဘူး၊ အိမ်ထောင်ကွဲ ဘ၀ ကို ဘယ်သူမှ မရောက်ချင်ကြဘူး၊ ဘာကိုမှလည်း အဆုံးရှုံး မခံချင်ကြဘူး၊ အဲဒီ မဆုံးရှုံးချင်တဲ့ အရာကို ကာကွယ်ဖို့ နည်းတနည်းတော့ လိုအပ်တယ်၊ အဲဒါကတော့ ကိုယ်စီရဲ့ ရင်ထဲမှာ ကိန်းအောင်းနေတဲ့ အရာတွေကို ပွင့်လင်းစွာ တိုင်ပင်ဆွေးနွေးဖို့ပဲ..”
“အမယ်.. ပြောတာ လက်ခံတယ်၊ အသော်ကတော့ သူ့ကို အိမ်ထောင်ရေးမှာ သစ္စာမြဲမယ့်၊ လူ့ကျင့်ဝတ်နဲ့  ညီတဲ့ သူ ဖြစ်စေချင်တယ်..”
“အဇင်ကတော့ တခါတလေ တရေးနိုးရင် အားလုံးကို စွန့်ပြီး တရားအားထုတ်ချင်မိတယ်၊ တကယ်တမ်း ကျတော့ ပါရမီဆိုတာ မပါသေးတော့ လူ့လောက စစ်ပွဲထဲမှာ နေနေရဦးမှာပဲ”
“ဒီလူ့လောက စစ်ပွဲထဲမှာ နေသရွေ့ ကိုယ်ရွေးချယ်တဲ့ ဘ၀မှာ နေပျော်စရာ ဘ၀တခု ဖြစ်အောင်၊ ကျေနပ် နိုင်အောင် နေရမှာပဲ၊ သိပ်မကြီးထွားသေးတဲ့ ပြဿနာကို ပြေလည်အောင် ဖြေရှင်းရမှာပဲ၊ ကျွန်မတို့ ပန်းပွင့်တွေ လှပဖို့ ရိုးတံဟာ ခိုင်ခံ့ဖို့ လိုအပ်တယ် ..”
“ အမင်းကတော့ သူ မလုပ်ချင်တာ ဇွတ်မလုပ်ခိုင်းပါဘူး၊ ပြေလည်အောင် ညှိယူဖို့
စဉ်းစားထားတယ်..”
“ကျွန်မတော့ ၀တ္တုအတွက် plot တခုရပြီ ”
ထိုနေ့က ကျွန်မတို့ အားလုံး စကားဝိုင်းလေး ရုပ်သိမ်းပြီး ချိန်မှာ ထူးခြားစွား ပို၍
လွတ်လပ်ပေါ့ပါးနေပါသည်။ ညရောက်တော့ စာရေးစားပွဲမှာ မထိုင်ဖြစ်တော့ဘဲ ကွန်ပျူတာ အခန်းထဲက ရိုဘော့စက်ရုပ်နား သွားရင်း ကော်ဖီတခွက် ချပေးတော့ သူ အံ့သြသွားတယ်။ သူ့ ဘေးနား ထိုင်ရင်း သူ့ရဲ့ ဒီဇိုင်းတွေကို ကျွန်မ ဝေဖန် ပေးတယ်။ သူက ကျွန်မကို အခြားလုပ်ထားတဲ့ ဒီဇိုင်းတွေထုတ်ပြတယ်၊ သူ့ရဲ့ လှုပ်ရှားမှုနဲ့ စကားသံတွေက ပိုသွက်လက်လာတယ်။
“ကျွန်မ နောက်ထွက်မယ့် ၀တ္တု မျက်နှာဖုံးပုံကို ဆွဲပေးရမယ်နော် ” လို့ ပြောတော့ သူက
အံ့သြစွာ ခေါင်းစောင်း ကြည့်ပြီး ရယ်မောရင်း….
“ခုတော့.. ကိုယ့်မိန်းမ.. ကိုယ့်ကို အသုံးလိုအပ်လာပြီပေါ့…၊ အလှဆုံးဖြစ်အောင်
လုပ်ပေးရမှာပေါ့၊ ခေါင်းစဉ်ကဘာတဲ့လဲ..”
“ ရိုးတံနဲ့ ပန်းပွင့် ”
သူ့နှုတ်ခမ်းက “ ရိုးတံနဲ့ ပန်းပွင့် ” လို့ လိုက်ရေရွတ်လိုက်တယ်။
ကျွန်မကလည်း “ ရိုးတံနဲ့ ပန်းပွင့် ” လို့ ပြောရင်း ခပ်နွေးနွေး ရယ်မောလိုက်ပါတော့တယ်… ။

ချောအိမာန်(မန္တလေး)
            ကလျာမဂ္ဂဇင်း
           ၂၀၀၄၊ စက်တင်ဘာလ၊


2005 အိပ်မက်စစ်နှင့် အခြား ဝတ္ထုတိုများ
စိတ်ကူးချိုချို စာအုပ်တိုက်
2009 ဝတ္ထုတိုများ

Sunday, September 19, 2010

အောက်ဆီဂျင်မရှိတော့တဲ့ နှလုံးသား


ဒုံး…. ဒုံး… ဒုံး…
``ဟာ အခန်းထဲမှာ ဘာတွေဖြစ်ကုန်ပြီလဲ … သွားကြည့်လိုက်ပါအုံး..``
အခန်းထဲမှာ ကျော်မင်းလွင် ထင်တိုင်း သောင်းကျန်းနေပြီနေမှာ… သူက ဒီလိုဘဲ စိတ်ကြီးပြီး မထင်ရင် မထင်သလို လုပ်တက်တယ်.. တစ်ဆောင်တည်း တစ်ခန်းထဲ အတူတူ နေရတာဆိုတော့ သည်းခံရတာပါဘဲ.. ခုလဲ အပြင်မှာ ရေချိုးပြီး ရှိသေးတယ် အထဲမှာ တဒုံးဒုံးနဲ့ ဘာတွေဖြစ်နေလဲ မသိဘူး  မင်းသွင်က ရေချိုးလက်စနဲ့ လှမ်းအော်ပြီး ပြောတယ်.. သူ့ပစ္စည်းတွေ တစ်ခုခုဖြစ်မှာစိုးလို့ နေမှာ……. တခါတုန်းက မင်းသွင် ဂစ်တာကြီး ထုလိုက်တာ ကွဲရော..  ကျွန်တော် အခန်းတံခါးဖွင့်လိုက်တော့….
``ဟာ`` .. ဟေ့ကောင် ကျော်မင်းလွင် ဘာဖြစ်တာလဲ``
ကျော်မင်းလွင် လက်မှာ သွေးသံရဲရဲနဲ့ ဒါဏ်ရာကြောင့် လန့်သွားတယ်…  ကျော်မင်းလွင် က နံရံကို ဆက်ထိုးဖို့ ဟန်ပြင်လိုက်စဉ်မှာ လက်ကို နောက်ကဖမ်းဆွဲလိုက်တယ်..
``မင်း ဘာဖြစ်နေတာလဲ .. လက်မှာလဲ ဒဏ်ရာရနေပြီ.. ဘယ်သူနဲ့ ရန်ဖြစ်လာလို့လဲ`` ကျော်မင်းလွင် က ခေါင်းရမ်းပြီး နံရံကို ကျန်တဲ့ လက်တဖက်နဲ့ ထပ်ထိုးတယ်…
``ဟာ… မင်းကတော့ကွာ.. စိတ်ငြိမ်ငြိမ်ထားစမ်းပါ ဘာဖြစ်လာတာလဲ ပြော.. လာ .. ကုတင်ပေါ်ထိုင်… မင်းလက် ဆေးထည့်ပေးမယ်``
``ကျော်မင်းလွင်.. ဟာ ဘာဖြစ်တာလဲ`` မင်းသွင်ကရေချိုးပြီး ဝင်လာရင်းမေးတယ်..
``ဒီမှာ ကွာ.. မေးပါအုံး နံရံလက်သီးနဲ့ ထိုးထားတာ.. ဘဖြစ်မှန်းလဲ မသိဘူး``
``ဘာဖြစ်လို့လဲ.. မင်းအိမ်နဲ့ အဆင်မပြေခဲ့ပြန်ဘူးလား``
``မဟုတ်ဘူး… မဟုတ်ဘူးကွာ.. ငါ့ကို ဘာမှ မမေးကြပါနဲ့…``
``မင်းကလဲကွာ သူငယ်ချင်းအချင်းချင်းဘဲ ဘာအဆင်မပြေတာရှိလဲ ပြောရမှာပေါ့ ငါတို့တုန်းကလဲ မင်းကူညီခဲ့တာတွေရှိတာဘဲ``
``အခုဟာက အကူညီယူရမဲ့ ကိစ္စမဟုတ်ဘူးကွ.. တော်ပြီကွာ ငါမပြောပါရစေနဲ့… မင်းတို့လဲ ငါ့ကို ကြည့်မနေပါနဲ့..``
ဆေးထည့်ပေးတော့ စိတ်နဲ့လူ မကပ်သလို ငြိမ်နေပြီ… ကျော်မင်းလွင် မျက်လုံးတွေက တစ်နေရာတည်းစိုက်ကြည့်ပြီး ထွေထွေငေးငေး ဖြစ်နေတယ်.. သူ့မျက်လုံးတွေက ထူးဆန်းစွာ ဒေါသရိပ်မသန်းဘဲ တစ်မျိုး ဘာကြောင့် ဖြစ်နေတာလဲ .. ခါတိုင်း.. သူ့ သူငယ်ချင်းတွေနဲ့ ရန်ဖြစ်လာတာနဲ့ မတူ…….
မိဘတွေနဲ့ အတူမနေဘဲ စိတ်ထင်ရာ လွတ်လပ်ခွင့်ကို အသုံးချဖို့ အဆောင်လာနေတာမို့.. စရိုက်က ခပ်ဆိုးဆိုးပင်.. တစ်ချို့နေရာတွေမှာ စိတ်ကောင်းရှိပေမဲ့… တချို့ နေရာကျ ဂျစ်ကန်ကန် ငွေကိုတော့ တခါတခါ အိပ်ပြန်တောင်းပြီး နောက်ဆုံးနှစ်ကျောင်သား ဘဝကို ပျော်ပျော်နေနေသူ.. အိမ်နဲ့ကလဲ အဆင်ပြေလှတာမဟုတ်…
``ငါခရီးထွက်မယ်ကွာ``
``ဟ.. ဘယ်ဖြစ်မှာတုန်း.. စာမေးပွဲရှိသေးတယ်..``
``စာမေးပွဲ ပြီးမှ ငါတို့ အတူတူသွားမယ် လို့ ပြောထားတယ်လေ… မင်းခံစားနေရတာမဟုတ်သေးဘူး.. ဘာလဲ မင်း ကောင်မလေးနဲ့ အဆင်မပြေဘူးလား``
``မဟုတ်ပါဘူးကွာ.. ငါ အရမ်းစိတ်ညစ်တယ်``
``ငါတို့ ဘာလုပ်ပေးရမလဲ.. မင်းခုလို စိတ်ညစ်တဲ့ ပုံစံ တခါမှ မမြင်ဖူးဘူး..``
မင်းခုလိုဖြစ်နေတော့ ဘာမှန်းမမသိဘဲ .. မပျော်တော့ဘူး``
``ထားလိုက်ပါတော့ကွာ… ``
လောကမှာ ကျွန်တော့် လောက်မိုက်မဲတဲ့ ကောင်ရှိပါအုံး မလား…
ကျွန်တော့် အပြစ်ဒါဏ်ကြောင့် အခု မျက်ရည်ကျနေရပြီ.. ဘဝနဲ့ ချီပြီးပြောရရင် ဆယ်တန်းတုန်းက တစ်ခါဘဲ စာမေးပွဲကျလို့ မရိုက်ဖူးတဲ့ ဖေဖေက လက်သီးနဲ့ ထိုးလို့ မျက်ရည်တစ်ခါဘဲ ကျဘူးတယ်.. ငယ်ငယ်ကလဲ ဘယ်လောက်ရိုက်ရိုက် ပေခံပြီး မငိုခဲ့ဘူး.. ခုတော့ ရင်ထဲက တဆစ်ဆစ်နာကျင်မှုက အလိုလို မျက်ရည်တွေ ဝိုင်းလာစေတယ်.. ကိုယ့်ကိုယ်ကို ခွင့်လွှတ်နိုင်အောင် ဒေါသဖြစ်မိရင်း… ဘယ်လိုလုပ်ရမလဲဆိုတာ မသိနိုင်တော့… ငါဘယ်သူ့ကို ဖွင့်ပြောရမှာလဲ.. ငါဖွင့်ပြောရလောက်အောင် သတ္တိမရှိဘူး.. ငါ့ကိုယ်ငါတောင် ခွင့်မလွှတ်နိုင်တဲ့ကိစ္စ .. ခွင့်မလွှတ်ကြပါနဲ့ကွာ…
`` သုတ `` မင်း မျက်နှာကို ငါမကြည့် ပါရစေနဲ့….
ငါ့အတွေးတွေနဲ့ နေပါရစေ… အရာအားလုံးဟာ .. ကြီးမားတဲ့ ရိုက်ခက်သံတစ်ခုလို လောက မြေပြင်တစ်ခုလုံး တုန်လှုပ်သွားသလို ခံစား သွားရစေတယ်….
(၂)
``ဟေ့ကောင်.. ဒီနေ့ ဘယ်လိုလဲကွ .. အခြေအနေ တိုးတက်ရဲ့လား``
သုတ  က ခေါင်းခါတယ်
``မင်းကွာ .. အသုံးမကျလိုက်တာ.. ကိုယ့်ကောင်မလေးတောင် ကိုယ်မပီဘူး``
``ဟာ.. မင်းတို့ ပြောသလို မဖြစ်နိုင်ပါဘူး .. ငါ့ကိုစိတ်ဆိုးသွားရင် ဘယ်လိုလုပ်မလဲ``
``အဲဒါကြောင့် မင်းကို မိန်းကလေးတွေရဲ့ အထာမနပ်ဘူးလို့ ပြောတာပေါ့``
``မင်းကောင်မလေးကို အပိုင်းသိမ်းပိုက်ထားလိုက် .. စိတ်ဆိုးစရာမရှိဘူး.. ဒါမှ သူလဲ နောက်တစ်ယောက် မပြောင်းမှာ``
``သူက ငါ့ကို ချစ်ပါတယ် မပြောင်းပါဘူး``
``မင်းက အစိမ်းသက်သက်ကို ဒီတစ်ယောက်ထားပြီး .. ဒီတစ်ယောကို အရူးအမူးဖြစ်နေတာ.. မင်း ငါ့ကို မမြင်ဘူးလား .. နှစ်ယောက် တပြိုင်ထည်းထားတာတောင် ဘယ်သူက စိတ်ဆိုးလဲ .. သူတို့ကို အပီသိမ်းသွင်းထားလိုက်တာ ဟား.. ဟား..``
ကျော်မင်းလွင် က ရယ်ရင်း  သုတ ကို ခေါင်းအုံးနဲ့ လှမ်းပြစ်တယ်…
``မင်းအခြောက်ပုံစံ လုပ်မနေနဲ့ .. ကြာရင် ခြောက်သွား အုံးမယ်.. မင်းသွင်ကို ကြည့် ငါ့ရဲ့ လက်ချာတွေကို အပြည့်အဝ အသုံးချလိုက်တာ.. သူ့ကောင်မလေးဆို ခွာတောင် မခွာနိုင်တော့ဘူး``
``ဟုတ်တယ် သုတ  တခါတလေကျ မိန်းကလေးတွေက တစ်မျိုးဘဲ .. သူတို့ ရက်ရောစွာပေးတဲ့ သစ်သီးကိုစားရတာ သိပ်အရသာမရှိဘူး.. စေတနာမရှိတရှိလေးပေးမှ စားသုံးရတာ ပိုအရသာတွေ့တာကွ.. ပြီးတော့ ပိုပြီး ရင်းနှိးသွားသလို စိတ်ချင်းလည်း ပိုနားလည်သွားတယ်``
``ငါတို့က ရည်းစားဖြစ်တာ မကြာသေးတော့.. ``
``မင်းကလဲ သတ္တိမရှိလိုက်တာ လွန်နေတာဘဲ``
``မဟုတ်ပါဘူး.. ငါက ငါ့ကောင်မလေးကို ဘာမှ မလုပ်ရက်ဘူး.. နမ်းချင်ရင်တောင် တခါတလေလေးမှ…``
``ဟား… ဟား.. ဟား.. မင်းကွာ ရယ်ရတယ်.. ခြောက်တယ်ပြောတော့လဲ မခံနိုင်ဘူး .. အဲဒီလို သွားလုပ်နေရင် ဟိုက နောက်တစ်ယောက်နောက် ပါသွားလိမ့်မယ်.. ဒီခေတ်ကြီးထဲမှာ မင်းလို အရိုးစွဲနေတဲ့သူ ရှာမှရှားဘဲ… ခေတ်နဲ့ အမှီလိုက်နိုင်ဖို့ ငါ့ဆီမှာ ပညာယူလိုက်အုံး … မင်း အစမို့လို့ပါကွာ…
နောက်တစ်ပါတ်ကျ မင်းကောင်မလေး နဲ့ တွေ့မှာ ဟုတ်လား…
ငါ လက်ချာပေးမယ်``
``တော်ပါပြီ ကွာ``
``ခက်နေပါပြီ.. ဉာဏ်ပူဇော်ခ တပြားမှ မယူဘူး ဒီလိုဆရာမျိုး ရှာကြည့်အုံး အခြောက်ကလေးရဲ့``
သုတ က သူ့ကို အခြောက်လို့ ခေါ်ခံရတာကြောင့် မျက်နှာပျက်ပြီး မခံချင်စိတ်နဲ့…
``ငါ့ကို အခြောက်လို့ မခေါ်ပါနဲ့ .. ငါယောက်ျားပါကွ.. မင်းတို့ဆီမှာ ဒီတညတော့ တပည့်ခံလိုက်မယ်``
``ဟား… ဟား.. ဟား…. ဒီလိုမှပေါ့ကွ .. ကျော်မင်းလွင်ရဲ့ ဒုတိယ တပည့်ကျော်ပေါ့…
သုတ က ကျွန်တော့်တို့ထဲမှာ အရိုးသားဆုံး ယောကျာ်းလေးတစ်ယောက်ပါ၊ ဘယ်အရာမဆို စဉ်းစားချင့်ချိန်လွန်းစွာ လုပ်တက်တယ် .. ပြောလိုက်ရင်လည်း ဘာမှ မသိသလိုလိုနဲ့ သူ့ကိုယ်သူလဲ မိန်းကလေးတွေနဲ့  ကင်းရှင်းကြောင်း လေလုံးထွားတက်တာကြောင့်… ကျွန်တော်တို့ သူ့ကိုမြှောက်ပေးမိတယ်… နောက်ဆုံးတော့ မခံချင်စိတ်နဲ့ ယောက်ျား မာန တက်လာပြီး … ``ငါမင်းတို့ ထက် မညံ့စေရဘူး`` လို့ ဟစ်ကြွေးသွားတယ်.. အမြဲတမ်း အခန်းထဲ ဝင်လာတိုင်း ကျွန်တော်တို့ မေးလိုက်ရင် ကျဆုံးခန်း ဝင်လာတဲ့ သူက ကျွန်တော်တို့ စကားတွေကို မခံချင်စိတ်နဲ့ ခုခံလာချင်ပုံရတယ်.. အဲဒီလိုဖြစ်အောင်လဲ သူ့စိတ်ကို အပြတ် နှိုးဆွပေးလိုက်တယ်….
သူ့ကောင်မလေး နဲ့ ပတ်သတ်ရင် အဖြစ်သည်းပြီး အချစ်ကြီးလွန်းတယ် .. မိတ်ဆက်ပေးဖို့ကိုလည်း သဝန်တိုတက်တယ်.. ကောင်မလေးပါးလေးနမ်းဖို့ကိုတောင် .. ပါးရိုက်ခံရမှာကြောက်တဲ့ကောင် .. ကျွန်တော်တို့ ပြောတော့ လက်ထပ်မယ်လို့ အတည်ရည်စူးထားတာမို့ .. သူ့ကောင်မလေး စိတ်ဆိုးသွားမှာကို သေမလာက်ကြောက်တဲ့သူ.. ဒါပေမဲ့ ကျွန်တော်တို့ရဲ့ စကားလုံးတွေကို သူကြာရှည်မခံနိုင်တော့ဘူး… အဓိက ကတော့ သူ့ကို အခြောက်လို့ ပြောရင် အရမ်းစိတ်ဆိုးတယ်… သူ့အားနည်းချက်တွေကို သိထားတဲ့ ကျွန်တော်တို့က .. သူ့စိတ်ကို ပိုပြီး မခံချင်အောင် မြှောက်ပေးမိတယ်…
အဲဒီညက .. လကြီး ထိန်ထိန်သာ နေပါတယ်.. မှတ်မှတ်ရရ ကျွန်တော်တို့ ညဥ့်နက်မှ အိပ်ဖြစ်တယ်….
………
ဒီနေ့ မင်းသွင်နဲ့ ကျွန်တော် သုတ အစား ရင်ခုန်နေမိတယ်… သူ့ကောင်မလေး နဲ့ တွေ့ဖို့ သွားတယ်… ကျွန်တော်တို့ကိုလည်း ကတိပေးသွားလေရဲ့ … တံခါးခေါက်သံအကြားမှာ ကျွန်တော် မင်းသွင်ကို မျက်စပစ်ပြလိုက်တယ်… မင်းသွင်က တံခါး ဂျက်ကို သွားဖွင့်ပေးတယ်.. သုတ  က အခန်းထဲဝင်လာပြီး အိတ်ကို အိပ်ရာပေါ်ပစ်ချရင်း . ကျွန်တော်တို့ မမေးခင်မှာဘဲ လက်မထောင်ပြတယ်..
``ဟား … ဟား… တော်တယ်ကွာ ဒါမှ ငါ့တပည့် … လုံးဝ အိုကေတယ်မဟုတ်လား``
``မင်းတို့ ငါ့ကို အခြောက်လို့ မခေါ်ရတော့ဘူး``
``အေးပါကွာ … မခေါ်တော့ပါဘူး .. ကောင်မလေး စိတ်ဆိုးလား``
``ငါ့ကို အရမ်းချစ်တော့ မဆိုးပါဘူး``
``ငါမပြောဘူးလား.. မဆိုးပါဘူးလို့ .. ဝမ်းသာတယ် သူငယ်ချင်း ကဲ ဒီနေ့ညနေ မီးမီး နဲ့ ချိန်းထားလို့  ရေသွားချိုးလိုက်အုံးမယ်.. အိုကေ .. သူငယ်ချင်း``
ကျွန်တော်ည ပြန်လာတော့ အိပ်မပျော်ဘဲ ရှိနေသေးတဲ့ သုတ ကို တွေ့ရတယ်..
``ဟေ့ကောင် မအိပ်သေးဘူးလား.. ဘာလဲ .. သတိရနေတာလား``
``ငါ ပြန်တွေးရင်း .. ငါ့ကိုယ်ငါ ဒေါသဖြစ်နေမိသလိုဘဲ … မှားပြီးလားလို့ လဲ တွေးမိတယ်…``
``ဟာ … မင်းကလဲ အတွေးလွန်ပြန်ပြီ .. ပြီးသွားတာကို ပြန်တွေးမနေနဲ့ ဘာမှ မမှားဘူး .. အိပ်ကြစို့```
တကယ်တော့ သူ အိပ်ရာဝင်ပေမဲ့ အိပ်မပျော်ခဲ့မှန်း ကျွန်တော် သိတယ် ကျွန်တော် သူ့ကို ကြည့်ပြီး ကျိတ်ပြုံးပြုံးမိနေသေးတယ်.. သူ့ကောင်မလေး ကို သူခေါ်တဲ့ ``ဂျူးဂျူး`` ကလွဲပြီး ကျွန်တော်တို့ ဘာမှမသိ .. သူ့ကောင်လေး လောက် အိနြေ္ဒ သိက္ခာကြီးတာ မရှိတဲ့ အကြောင်း မကြာခဏ ပြောတက်လွန်းတာကြောင့် ကျွန်တော်နဲ့ မင်းသွင် သုတ ကိုမြှောက်ပေးခဲ့တာ… ကဲခုတော့ နှစ်ယောက်စလုံး ဘာတက်နိုင်သေးလဲ နောက်ဆိုရင် သူ့ဆီက အဲဒီစကားတွေ ကြားရတော့မှာ မဟုတ်… နောက်ဆုံး.. အချစ်ဆိုတာ ဘာမှ မဟုတ်ပါဘူး.. လို့ တွေးရင်း ကျွန်တော် သဘောကျစွာ ပြုံးမိသေးတယ်……
(၃)
ဒီနေ့ ပိုက်ဆံ အသုံးပြတ်သွားလို့ … အိမ်ပြန်ခဲ့တယ်… အိမ်မှာ ဘယ်သူမှ မရှိဘူး… အလှူသွားကြတယ်တဲ့.. ခိုင်းတဲ့ ကောင်မလေးသာ ကျန်ခဲ့တာမို့ .. ပိုက်ဆံစုတက်တဲ့ ညီမလေး ``နေရီသွင်`` အခန်းထဲဘဲဝင်ခဲ့တယ်… ခါတိုင်းလဲ အံဆွဲထဲက ညီမလေး ပိုက်ဆံအိတ်ကို နှိုက်ပြီး စာရေးထားနေကျမို့ အံဆွဲကိုဖွင်တော့ ပိုက်ဆံအိတ် မတွေ့ဘူး…. တခြားနေရာမှာလဲ မတွေ့… ဒါနဲ့ စားပွဲပေါ်က စာအုပ်တွေကြားထဲများ ညှပ်ထားမလားလို့ ရှာကြည့်သေးတယ်… ပိုက်ဆံတော့ တွေ့ဘူး … စာအုပ်တစ်အုပ်ကြားထဲက ဓါတ်ပုံ တစ်ပုံထွက်ကျလာတယ်…..
ကျွန်တော့် မျက်လုံးတွေ ဓါတ်ပုံကိုကြည့်ရင်း ပြူးကျယ်ဝိုင်းစက်သွားတယ်… ရင်တွေလည်း တဒိန်းဒိန်း ခုန်လာတယ်….
ဓါတ်ပုံက သုတ ရဲ့ ဓါတ်ပုံဘဲ …. ဓါတ်ပုံရဲ့ နောက်ကျောမှာ.. ချစ်ဆုံး ဂျူးဂျူး အတွက် အမှတ်တရ သုတ လို့ ရေးထားတဲ့စာက ကျွန်တော့်ကို ပိုပြီး သွေးပျက်သွားစေခဲ့တယ်… ညီမလေးနဲ့ သုတဟာ ချစ်သူတွေဖြစ်နေတယ်လို့ လုံးဝ မသိခဲပေ…… သုတ ကလဲ လျှို့ဝှက်လွန်းသူမို့ ဘာမှမသိခဲ့ရ .. ခုတော့ … သွားပြီ … ကျွန်တော့်ခေါင်းကို ကိုယ့်လက်နဲ့ရိုက်ရင်း ယူကျုံးမရ ဖြစ်မိတယ် … ခုတော့ ညီမလေးဟာ … ကျွန်တော့်ကြောင့် ဒုက္ခရောက်ပြီ … နှမချင်း မစာနာဘဲ မြှောက်ပေးမိတဲ့ ကိုယ့်အပြစ်ကြောင့် ခု ကိုယ့်ညီမဖြစ်နေပြီ……
အားလုံး ငါ့အပြစ်တွေပါ… ရိုးသားတဲ့ သုတ ရဲ့ စိတ်ဓါတ်ကို ချိုးနှိမ်ခဲ့တာ ငါ့အပြစ်ပါ .. သုတ မင်းမှာ အပြစ်မရှိပါဘူး… ငါဘယ်လို လုပ်ရမလဲ… မင်းကို  ငါဘယ်လို ရင်ဆိုင်ရလဲ … မင်းတို့နှစ်ယောက်ရဲ့ ဖြူစင်ခြင်းကို ငါ…. အရောင်ဆိုးခဲ့တာ…. မင်းရော ညီမလေးရော … ငါ့ကို မခွင့်လွှတ်ကြပါနဲ့….
ခု ငါ့ရင်ထဲမှာ …. ဒီအစိုင်အခဲကြီး တစ်ခုက ဝင်ရောက်ပြီး အချိန်ပြည့် စိုးမိုးနေတယ် … ငါအရမ်းခံစားရတယ် .. မင်းရဲ့ မေးခွန်းတွေကို ငါဘယ်လို ဖြေရမလဲ … တစ်ချိန်ကျရင် ငါနဲ့ နေရီ  မောင်နှမဆိုတာ မင်းသိလာမှာဘဲ … မင်းဘယ်လိုရင်ဆိုင်မလဲ … အတွေးတွေနဲ့ ရှုပ်လိုက်တာ… ဒီအပြစ်တွေကို ငါ…. ဘယ်မျက်နှာနဲ့ မင်းကို ပြောပြနိုင်မှာလဲ … ငါတို့တွေ ဝေးသွားကြရင် ကောင်းမယ် …
…………..
တံခါးဖွင့် … ဟေ့ … တံခါးဖွင့်အုံး …
``ဟာ …. သုတ  … မင်း နောက်ကျလှချည်လား ကွာ…``
``ဟင် … သုတ အရက်တွေ သောက်လာတယ်``
``ဟုတ်တယ်……``
``ထူးဆန်းလိုက်တာ …. ငါတို့လဲ မပါဘဲနဲ့ … ခါတိုင်း တိုက်ရင်တောင် သောက်တာ မဟုတ်ဘူး ဘာဖြစ်လာတာလဲ ``
``ဘာဖြစ်လာတာလဲ … ဟား… အရက် သောက်တယ်ကွာ … စိတ်ညစ်လို့ … ညစ်ယုံတင်မကဘူး … သေပစ်လိုက်ချင်တယ်… လောကကြီးရေ … ဒီကောင့်ကို သေခွင့်ပေးပါအေ့….``
``သိပ်မအော်နဲ့ …. ဘာဖြစ်လို့လဲ …``
``မင်းတို့လေ… မင်းတို့ … သုတ ဆိုတဲ့ ကောင်ရဲ့ သူငယ်ချင်းကောင်းကြီးတွေ ငါဆရာကိုးကွယ်မှားသွားပြီ… အေ့ … ဘဝမှာ ဂျူးသိပ်ကြိုက်လို့ ငါက ချစ်စနိုးနဲ့ ဂျူးဂျူး လို့ ခေါ်တာ… သူက ဒီနေ့ ငါ့ကို ဘာပြောတယ်မှတ်လဲ…. ငါ့တသက်မှာ… အကြောက်ဆုံး စကားတွေကို သူ့ပါးစပ်က ရက်ရက်စက်စက် ခြွေချရက်တယ်ကွာ…
``ရှင့်ကိုတခြား ယောက်ျားတွေနဲ့ မတူတဲ့ ယောက်ျားမျိုး မှတ်နေတာ… တဲ့ … ကျွန်မ ရှင့်ကို ပေးလိုက်တဲ့ အချစ်တွေဟာ အဆုံးစွန်ထိ ကုန်ဆုံးသွားပါပြီ… နောက်ဆိုရင် ကျွန်မနဲ့တွေ့ဖို့ ဘယ်တော့မှ မကြိုးစားပါနဲ့တော့တဲ့…
ကျွန်မ မုန်းတဲ့ ယောက်ျား အမျိုးအစားထဲမှာ ရှင်လည်း ပါသွားပါပြီ …. ကျွန်မ ရှင့်ကို မေ့လိုက်ပြီ … တဲ့ … ကွာ… ``
သု ကပြောရင်း … မျက်ရည်တွေနဲ့ ငိုပါတယ်…
ကျွန်တော်လဲ ဘာလုပ်ရမှန်း မသိအောင် ဖြစ်ပြီး သုတ ကျောကုန်းကိုဖက်ရင်း … မျက်ရည်ကျမိတယ် …
``သုတ … ငါ့ကို မခွင့်လွှတ်ပါနဲ့ကွာ … မင်းစိတ်ထဲမှာ ရှိသလောက် ဆွဲထိုးပစ်လိုက်စမ်းပါ … ငါခံပါ့မယ်… ငါလဲ ငါ့ကိုယ်ငါ မကျေနပ်ခဲ့တဲ့ ရက်တွေများပြီ … ငါမှားခဲ့ပါတယ်…. နောက်တလဲ ရတယ် …. ``
``မင်းတို့ အပြစ်ချည်းဘဲမဟုတ်ပါဘူး … ကိုယ့်ချစ်သူရဲ့ စိတ်အကြောင်းကို နားလည်နေတဲ့ ငါကိုယ်တိုင် အမှားကို ကျူးလွန်မိတာ .. ငါ့အပြစ်ပါ`` … ငါသိတယ် ဂျူးဂျူး ငါ့ကိုဘယ်တော့မှ ခွင့်လွှတ်တော့မှာမဟုတ်ဘူး … သေချာပါတယ်ကွာ … အေ့ .. ငါ့နှလုံးသား ကလည်း အောက်ဆီဂျင်မရှိတော့တဲ့ နှလုံးသားလို ကြာရင် ရပ်သွားမှာပါဘဲ … ကောင်းပါတယ်…``
ကုတင်ပေါ်ပစ်လဲကျသွားတဲ့ သုတကို ကြည့်ရင်း စိတ်ထဲမှာထိခိုက်ကြွေမွကုန်သလို ခံစားရတယ် … ကျွန်တော် ဝရံတာဘက် ထွက်လာခဲ့တယ် … လကြီး သာပေမဲ့ တစ်ခြမ်းပဲ့ နေတယ် … ဒီလို နက်ရှိုင်းတဲ့ ခံစားမှုမျိုး တခါမှ မခံစားဘူးတာမို့ … ဒီတစ်ခါတော့ ပြင်မရတဲ့ အမှားတွေဟာ ဘယ်အချိန်ထိ ဒါဏ်သင့် နေအုံးမလဲ .. တွေးရင်း … ကြောက်လာမိတယ် …
ဖွင့်ဟ ဝန်ခံခွင့် မရှိတဲ့ ငါ့အပြစ်တွေကို …… ငါကိုယ်တိုင် ခံစား ရင်းနဲ့ဘဲ ပြန်ပေးဆပ်ပါရစေတော့………  

ပိတောက်မြေ မဂ္ဂဇင်း
ချောအိမာန်(မန္တလေး)
11.10.05 : 10:00 P.M